← Chapters

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အခန်း (၇၆၃) - ကြမ်းတမ်းသော စွမ်းအား

~ဖုန်းဝူချန်သည် စူးလီကို ကောင်းကောင်းကြီး ယှဉ်ပြိုင်နိုင်စွမ်း

ရှိကြောင်း သက်သေပြလိုက်တော့၏။

ဖုန်းဝူချန်၏ အေးဆေး သက်သာသော ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် သူ၏ စွမ်းအားမှာ စူးလီထက် လျော့နည်းမနေဘဲ ပို၍ပင် သာလွန်နေကြောင်း ထင်ရှားလှပေသည်။

“မောက်မာတဲ့ ကောင်လေး”

စူးလီ၏ မျက်နှာပေါ်တွင် အလွန်တရာ ရက်စက်သော အမူအရာများ ပေါ်လွင်နေပြီး အံကို ကြိတ်ကာ ကြိမ်းမောင်းလိုက်၏။ သူ၏ အသွင်အပြင်မှာ ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေသည့်အလား ပိုမို ကြမ်းတမ်းလာတော့၏။

ကြိမ်းမောင်းသံ ဆုံးသည်နှင့် စူးလီသည် သူ၏ ခြေထောက်ကို လေထဲတွင် အပြင်းအထန် ဝှေ့ယမ်းကာ ကန်ချလိုက်လေရာ လေထုထဲတွင် အပြာရောင် စက်ဝန်းခြမ်းတစ်ခု ပေါ်ထွက်လာသည်။ သူ၏ တိုက်စစ်မှာ အလွန်တရာ ထက်မြက်လှပေသည်။

ဖုန်းဝူချန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တိုက်ကွက်ကို ရှောင်တိမ်းရန် နောက်သို့ ဆုတ်လိုက်၏။

ထိုအခိုက်အတန့်၌ စူးလီ၏ ဒုတိယမြောက် ကန်ချက်သည် ပထမ ကန်ချက်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာတော့သည်။ ဖုန်းဝူချန်၏ ရင်ဘတ်ဆီသို့ ရက်စက်စွာ ဦးတည်လာ၏။

ဖုန်းဝူချန်သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားများကို စုစည်းကာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ရှေ့သို့ ထိုးနှက်လိုက်လေတော့သည်။

“ဝုန်း...”

“ဝီ... ဝီ...”

သူတို့၏ လက်သီးနှင့် ခြေထောက်သည် အပြင်းအထန် ရိုက်ခတ်သွားပြီး မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက လေပြင်းမုန်တိုင်းတစ်ခုပမာ တိုက်ခတ်သွားပြီး ဖုန်းဝူချန်၏ အလွန်တရာ လွှမ်းမိုးနိုင်သော စွမ်းအားများကြောင့် စူးလီမှာ နေရာမှာတင် လွင့်ထွက်သွားရလေတော့၏။

စူးလီ၏ ကြမ်းတမ်းသော တိုက်စစ်မှာ ဖုန်းဝူချန်၏ လက်သီးတစ်ချက်တည်းဖြင့် အကြွင်းမဲ့ ချေမှုန်းခံလိုက်ရတော့သည်။

“ဒီလောက် လွှမ်းမိုးနိုင်တဲ့ စွမ်းအား... မဟုတ်သေးဘူး၊ သူ့ရဲ့ ခန္ဓာကိုယ်က ကြောက်စရာကောင်းလောက်အောင် သန်မာနေတာပဲ”

စူးလီ၏ နှလုံးသားမှာ တုန်လှုပ်သွားရ၏။ သူ၏ ခြေထောက်မှ ပြင်းထန်သော နာကျင်မှုသည် တစ်ကိုယ်လုံးသို့ စိမ့်တက်သွားပြီး အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

ယနေ့ ဖုန်းဝူချန် ပြသလိုက်သော ကြောက်မက်ဖွယ် စွမ်းအားများမှာ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ်နှင့် များစွာ သက်ဆိုင်နေပေသည်။

“ဒီကောင်လေးရဲ့ စွမ်းအားက ဂိုဏ်းချုပ်ထက်တောင် သာနေပါလား”

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော ဒုတိယ အကြီးအကဲမှာ အံ့အားသင့်လွန်း၍ မျက်လုံးများပင် ကျွတ်ထွက်မတတ် ဖြစ်သွားရ၏။

ချင်းယွင်မြို့မှ လူများမှာလည်း မျက်လုံးအဝိုင်းသားဖြင့် မှင်သက်နေကြတော့သည်။

မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် စူးလီနှင့် ရင်းနှီးကျွမ်းဝင်သော အစွမ်းထက် ပညာရှင်များမှာ ယခုအခါ ဖုန်းဝူချန်ရှေ့တွင် သူ၏ အစွမ်းအစများ ဖိနှိပ်ခံထားရသည်ကို မယုံကြည်နိုင်စွာ စောင့်ကြည့်နေကြရ၏။ ဖုန်းဝူချန်ကဲ့သို့ ကြောက်မက်ဖွယ် ပြိုင်ဘက်မှာ ထျန်းကျီဘုံ အဆင့် (၅) မျှသာ ရှိသော လူငယ်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။

“နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်က တစ်နေ့ထက် တစ်နေ့ ပိုပြီး ကြောက်စရာကောင်းလာတာပဲ၊ တို့တွေရော အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဒုတိယအဆင့်ကို ဘယ်တော့လောက်များ ရောက်နိုင်မလဲ မသိဘူး”

ပေတိုယန်က အားကျသော လေသံဖြင့် ရေရွတ်လိုက်၏။

ထိုအခါ၊ ယဲ့ထျန်းဝေကလည်း ဝင်ပြောလာသည်။

“နန်းတော်သခင်ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် နတ်ဘုရားအသွင်ပြောင်းဘုံအောက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ လုံးဝ မရှိတော့ဘူး”

“ဟုတ်တယ်... စူးလီကတော့ သေချာပေါက် ရှုံးပြီပဲ”

ယီထျန်းချင်းကလည်း သေချာပေါက် ခေါင်းညိတ် ထောက်ခံလိုက်၏။

ဖုန်းဝူချန်၏ စွမ်းအားကို အခြား မည်သူတွေထက်မဆို ဤရင်းနှီးသော မိတ်ဆွေများက ပို၍ ရှင်းလင်းစွာ သိရှိထားကြသည်လေ။

“နတ်ဘုရား အရိပ် နဂါး”

လက်သီးတစ်ချက်ဖြင့် စူးလီအား လွှင့်ပစ်လိုက်ပြီးနောက် ဖုန်းဝူချန်သည် သူ၏ ကိုယ်ဖော့ပညာကို ချက်ချင်း အသက်သွင်းလိုက်လေရာ သူ၏ လူရိပ်မှာ ဆက်တိုက် တလက်လက် တောက်ပသွားပြီး မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားလေတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

“ဝီ... ဝီ...”

ဖုန်းဝူချန်သည် ပြင်းထန်သော တိုက်စစ်များကို အဆက်မပြတ် ဖိအားပေး တိုက်ခိုက်လေရာ စူးလီမှာ အံကို ကြိတ်ကာ အပြင်းအထန် ခုခံနေရတော့၏။ ချင်းယွင်မြို့အထက် ကောင်းကင်ယံတွင် နားကွဲမတတ် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက ပေသောင်းချီ ကျယ်ဝန်းသော ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

သူတို့၏ တိုက်ခိုက်မှု အမြန်နှုန်းမှာ လျှပ်စီးတန်းများပမာ မြန်ဆန်လွန်းလှသည်။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများမှာ သူတို့၏ လှုပ်ရှားမှုကိုပင် မမြင်နိုင်ကြဘဲ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကိုသာ ခံစားနေကြရ၏။

ဤမျှ ပြင်းထန်သော တိုက်ပွဲကြီးကြောင့် ချင်းယွင်မြို့မှ အစွမ်းထက် ပညာရှင်များမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြရပြီး မိသားစု အသီးသီးမှ အဆင့်မြင့် ခေါင်းဆောင်များမှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။

“ဒါ... ဒါ မယုံနိုင်စရာပဲ”

ဒုတိယ အကြီးအကဲနှင့် အခြားသူများမှာ သစ်သားရုပ်များပမာ မှင်သက်နေကြသည်။

“အဲဒီကောင်လေးက တကယ့် မိစ္ဆာကောင်ပဲ”

တတိယ အကြီးအကဲမှာ လွန်စွာ ကြောက်လန့်သွားပြီး သူ၏ ဝိညာဉ်ပင် လွင့်ထွက်သွားသကဲ့သို့ ခံစားနေရတော့၏။

တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ စူးလီမှာ တဖြည်းဖြည်း အရေးနိမ့်လာသည်။

ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားများနှင့် သန်မာလှသော ခန္ဓာကိုယ်ကို ရင်ဆိုင်ရရာတွင် စူးလီသည် လက်သီးတစ်ချက်၊ ခြေတစ်ချက် အထိခံရတိုင်း အလွန်အမင်း နာကျင်မှုကို ခံစားနေရ၏။ သူ၏ နှလုံးသားထဲတွင် နာကြည်းမှု၊ စိတ်ပျက်မှုနှင့်အတူ ကူကယ်ရာမဲ့သော ခံစားချက်များ ပြည့်နှက်လာကာ ရူးသွပ်လုမတတ် ဖြစ်လာတော့သည်။

စူးလီမှာ အဆက်မပြတ် ဆုတ်ခွာနေရပြီး ဖုန်းဝူချန်၏ ပြင်းထန်သော ထိုးနှက်ချက်များကို ခံရကာ နောက်ဆုံးတွင် ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ချေ။

ထိုအခိုက်အတန့်တွင် စူးလီ အရေးနိမ့်နေပြီ ဖြစ်ကြောင်း လူတိုင်း ရှင်းလင်းစွာ သိမြင်လိုက်ကြ၏။

သို့သော် ထိုအချက်က ချင်းယွင်မြို့သူမြို့သားများကို ပိုမို၍ပင် အံ့အားသင့် ထိတ်လန့်သွားစေသည်။

စူးလီ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ဖုန်းဝူချန်သည် မျက်တောင်တစ်ခတ်အတွင်း စူးလီ၏ အထက်သို့ ရောက်ရှိသွား၏။

အထက်မှနေ၍ ကန်ချလိုက်သော ကန်ချက် တစ်ခု... ဖုန်းဝူချန်၏ ခြေထောက်မှ ထွက်ပေါ်လာသော စွမ်းအားများမှာ အလွန်တရာ ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိလှပေသည်။

“သေစမ်း”

စူးလီက မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်ပြီး အံကို ကြိတ်ကာ သူ၏ လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက်ကာကွယ်လိုက်၏။

တစ်ကိုယ်လုံး ပြန့်နှံ့နေသော စူးရှသည့် နာကျင်မှုများကြောင့် စူးလီသည် ထိပ်တိုက် မရင်ဆိုင်ရဲတော့ဘဲ ခုခံကာကွယ်ရုံသာ တတ်နိုင်တော့၏။

“ဝုန်း...”

“ဝီ... ဝီ...”

ဖုန်းဝူချန်၏ ခြေထောက် အောက်သို့ ကျဆင်းလာပြီး မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီးနှင့်အတူ သူ၏ ကြမ်းတမ်းသော စွမ်းအားက စူးလီ၏ ကာကွယ်မှုကို လျှပ်တစ်ပြက် ဖောက်ထွင်းသွားကာ စူးလီအား အမည်းရောင် မျဉ်းတန်းတစ်ခုအဖြစ် အောကိုယဲ ပြုတ်ကျသွားစေတော့သည်။

“ဘာ...”

စူးလီ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အစွမ်းကုန် ထုတ်သုံးကာ ခုခံခဲ့သော်လည်း ဖုန်းဝူချန်၏ စွမ်းအားကို မတားဆီးနိုင်ခဲ့ချေ။

ရိုက်ခတ်သွားသော အခိုက်အတန့်တွင် စူးလီသည် သူ၏ လက်ရိုးများ ကြေမွသွားတော့မည်ဟု ခံစားလိုက်ရပြီး နာကျင်မှုမှာလည်း အရိုးကွဲမတတ် ပြင်းထန်လှပေသည်။

“ဝှစ်...”

“ဝုန်း...”

အမည်းရောင် မျဉ်းတန်းတစ်ခု ကောင်းကင်မှ ပြုတ်ကျလာပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ချင်းယွင်မြို့ အပြင်ဘက် သိပ်မဝေးလှသော တောအုပ်အတွင်းသို့ ကျရောက်သွားရာ မီတာပေါင်းများစွာ မြင့်သော ဖုန်တမွတ်များ ထောင်းခနဲ ထသွားပြီး တောအုပ်အတွင်း ဧရာမ တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားလေတော့သည်။

“ဂိုဏ်းချုပ်”

ဒုတိယ အကြီးအကဲနှင့် အခြားသူများမှာ အတိုင်းမသိ အံ့အားသင့် ထိတ်လန့်သွားကြ၏။

“ဟယ်...”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ချင်းယွင်မြို့သူမြို့သားများမှာ ကြောက်လန့်တကြား အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ပြင်းထန်သော ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။

ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်သော စွမ်းအားမှာ လူတိုင်း၏ စိတ်ကူးယဉ် တွေးတောနိုင်စွမ်းကို လုံးဝ ကျော်လွန်နေပေသည်။

ရွှမ်ယင်းဂိုဏ်းချုပ်ကြီးက ဒီလောက် လွယ်လွယ်လေး ရှုံးသွားတာလား။

စူးလီ၏ စွမ်းအားက အားနည်းနေခြင်း မဟုတ်ဘဲ ဖုန်းဝူချန်က ပို၍ အစွမ်းထက်နေခြင်းသာ ဖြစ်ပေသည်။

“ဝုန်း...”

တောအုပ်အတွင်း၌ ရုတ်တရက် မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော သစ်ပင်အပိုင်းအစများ လွင့်စင်သွားကာ တွင်းကြီးထဲမှ အမည်းရောင် လူရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်လာ၏။

ထိုအမည်းရောင် လူရိပ်မှာ အခြားသူ မဟုတ်၊ စူးလီပင် ဖြစ်၏။

စူးလီသည် ဒဏ်ရာရထားခြင်း မရှိသော်လည်း အလွန်တရာ စုတ်ပြတ်သတ်နေပြီး သူ၏ ရက်စက်သော အကြည့်များက ဖုန်းဝူချန်ကို စိုက်ကြည့်နေ၏။

“ဝီ... ဝီ...”

ကြောက်မက်ဖွယ် စွမ်းအားများ အရူးအမူး ပေါက်ကွဲထွက်လာပြီး စူးလီက လေထဲသို့ လှမ်းဆွဲလိုက်ရာ ဧရာမ အမည်းရောင် ပုဆိန်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုပုဆိန်ကြီး၏ စွမ်းအားမှာ အထွတ်အထိပ် အရှိန်အဝါကိုပင် ကျော်လွန်၍ အရူးအမူး တိုးတက်လာတော့၏။

“ခွေးမသားလေး”

စူးလီ၏ မျက်နှာကြွက်သားများ ပြင်းထန်စွာ တုန်ရီနေ၏။

သူက လက်တစ်ဖက်ဖြင့် လက်ကွက်ဖော်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းလိုက်ပြီးနောက် ကြိမ်းမောင်းလိုက်သည်။

“မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက်... အသူရာ ကျိန်စာ”

စူးလီ၏ ဟစ်ကြွေးသံ ထွက်ပေါ်လာသည်နှင့် ဖုန်းဝူချန်၏ ခြေအောက်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများ ရုတ်တရက် ပေါ်လာပြီး ဝက်အူရစ်ပုံစံ တက်လာကာ ဖုန်းဝူချန်အား ရစ်ပတ်ဖမ်းချုပ်ထားလိုက်၏။

“ငါ့စွမ်းအားတွေကို ဖိနှိပ်ထားတာပေါ့လေ”

ဖုန်းဝူချန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ ဖမ်းချုပ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ စွမ်းအားများ ဖိနှိပ်ခံလိုက်ရကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

စူးလီကို အေးစက်စွာ စိုက်ကြည့်ရင်း ဖုန်းဝူချန်က မဲ့ပြုံး ပြုံးကာ ဆိုသည်။

“ဒီလို အရာမျိုးက ကျုပ်ကို ဖမ်းထားနိုင်မယ်လို့

ထင်နေတာလား”

“မြေကမ္ဘာအဆင့် အမြင့်ဆုံး သိုင်းကွက်... ကောင်းကင် တုန်လှုပ် ပုဆိန်”

စူးလီက ဖုန်းဝူချန်၏ စကားကို လုံးဝ ဂရုမစိုက်ဘဲ ဒေါသတကြီး ဟိန်း ဟောက်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားများ အားလုံးကို ဧရာမ ပုဆိန်ကြီးထဲသို့ စီးဆင်းစေလိုက်သည်။ ထို့နောက် ပုဆိန်ကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အပြင်းအထန် ခုတ်ချလိုက်လေတော့၏။

“ဝှစ်...”

“ဝီ... ဝီ...”

ကောင်းကင်ယံ အထက်တွင် ပေထောင်ချီ ကြီးမားသော အစိမ်းရောင် စွမ်းအင် ပုဆိန်ကြီးက လေထုကို ခွင်းဖြတ်လာလေရာ ၎င်း၏ အရှိန်အဝါမှာ လွှမ်းမိုးနိုင်လွန်းလှသဖြင့် ချင်းယွင်မြို့မှ လူတိုင်းကို ထိတ်လန့်သွားစေသည်။ ဟင်းလင်းပြင်တွင် ဧရာမ အမည်းရောင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာစေသည့် ထိုကြောက်မက်ဖွယ် စွမ်းအားအဆင့်ကို ကြည့်ပြီး အားလုံးမှာ ကြောက်ရွံ့တုန်ရီနေကြတော့၏။

“ပျက်စမ်း”

“ဝုန်း...”

ဖုန်းဝူချန်သည် ဖျက်ဆီးခြင်း စွမ်းအားကို အသက်သွင်းလိုက်ပြီး ပြင်းထန်စွာ ကြိမ်းမောင်းလိုက်လေရာ ကြမ်းတမ်းလှသော စွမ်းအားတစ်ခုသည် ပင်လယ်ထဲမှ ခုန်ထွက်လာသော နဂါးတစ်ကောင်ပမာ ပေါက်ကွဲထွက်လာတော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်းဝူချန်ကို ဖမ်းချုပ်ထားသော မှော်စာလုံးများမှာ လျှပ်တစ်ပြက်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

“ဒီလောက် အဆင့်ရှိတဲ့ သိုင်းကွက်က ကျုပ်ကို ဖမ်းထားနိုင်မယ်လို့ ခင်ဗျား တကယ် ထင်နေတာလား၊ အတော် အထင်သေးနေတာပဲ”

ဖုန်းဝူချန်က ယုံကြည်ချက် အပြည့်ဖြင့် မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။

'ဒီကောင်လေးက သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတုန်းပဲ’

စူးလီက စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်ပြီး သတိထားရမည့် ခံစားချက် တစ်ခု သူ့ရင်တွင်း၌ ပေါ်ပေါက်လာတော့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အသူရာ ကျိန်စာက စွမ်းအားတွေကို ဖိနှိပ်ထားရမှာလေ၊ သူက ဘယ်လိုလုပ် ဖျက်ဆီးပစ်နိုင်ရတာလဲ”

ဒုတိယ အကြီးအကဲမှာ အလွန်အမင်း အံ့အားသင့်သွားပြီး လွှတ်ခနဲ အော်လိုက်မိ၏။

ချင်းယွင်မြို့သူမြို့သားများမှာ ကျောက်ရုပ်များပမာ မင်သက်နေကြပြီး မြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။

“ဖျက်ဆီးခြင်း နဂါးနတ်ဘုရား လက်ဝါး”

အသူရာ ကျိန်စာကို ဖျက်ဆီးပြီးနောက် ဖုန်းဝူချန်က ပြင်းထန်စွာ မာန်သွင်းလိုက်၏။ အစွမ်းထက်လှသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဝိညာဉ်များကို ဖမ်းစားထားကာ သူ၏ လက်ဝါးထဲတွင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအင်များကို စုစည်းလိုက်လေတော့သည်။

“ဒါက... အင်မော်တယ် သိုင်းကွက်ပဲ”

ဖုန်းဝူချန်ထံမှ စွမ်းအားများကို ခံစားမိလိုက်သောအခါ စူးလီ၏ မျက်နှာမှာ သိသိသာသာ ဖြူရော်သွားပြီး ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေတော့၏။

အခန်း (၇၆၄) - တစ်ယောက်တည်းနှင့် လေးယောက်ကို ရင်ဆိုင်ခြင်း

~“အင်မော်တယ် သိုင်းကွက်”

ချင်းယွင်မြို့မှ အကြီးအကဲများနှင့် ရွှမ်ယင်းဂိုဏ်းမှ လူများမှာ အလွန်တရာ အံ့အားသင့် ထိတ်လန့်သွားကြပြီး သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လုမတတ် ဖြစ်သွားကြ၏။

မြင်ကွင်းကြီးတစ်ခုလုံးမှာ မျက်တောင်တစ်ခတ်အတွင်း အေးခဲသွားသကဲ့သို့ ဖြစ်သွားပြီး လူတိုင်းမှာ ကျောက်ရုပ်များပမာ မင်သက်နေကြကာ ပြင်းထန်သော ကြောက်ရွံ့မှုများဖြင့် လွှမ်းခြုံခံလိုက်ရလေတော့သည်

“ဝှစ်”

“ဝီ”

ဖုန်းဝူချန်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေရာ သူ၏ အရှိန်အဝါမှာ လွှမ်းမိုးဖိနှိပ်နိုင်လွန်းလှပြီး ဧရာမ သွေးရောင် လက်ဝါးရိပ်ကြီးတစ်ခုက ပေထောင်ချီ အကွာအဝေးသို့ အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။ တောက်ပသော သွေးရောင် အလင်းတန်းများက ဟင်းလင်းပြင် တစ်ခုလုံးကို သွေးစွန်းနေသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေ၏။ ပျံ့နှံ့လာသော စွမ်းအားများကြောင့် ဟင်းလင်းပြင်မှာ ဒေါသထွက်နေသော လှိုင်းလုံးကြီးများပမာ လှုပ်ခတ်သွားလေတော့သည်။

“ဝုန်း”

“ဖူး”

ကြောက်မက်ဖွယ် စွမ်းအင်နှစ်ခုသည် ဟင်းလင်းပြင်ကို ခွင်းဖြတ်လာကြပြီး မျက်တောင်တစ်ခတ်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရိုက်ခတ်သွားကြ၏။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာ လျှပ်တစ်ပြက်အတွင်း ဝေ့ဝဲထွက်ပေါ်လာပြီး စူးလီကို သွေးအန်သွားစေကာ သူ၏ မျက်နှာမှာလည်း ဖြူရော်သွားလေတော့သည်။

ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် စူးလီမှာ တွန်းလှည်းကို တားဆီးရန် ကြိုးစားနေသော ပုစဉ်းရင်ကွဲ တစ်ကောင်ပမာ ဖြစ်နေပြီး လုံးဝ ခုခံနိုင်စွမ်း မရှိတော့ချေ။

“ဒုတိယ အကြီးအကဲ၊ တတိယ အကြီးအကဲ မြန်မြန် လာကူကြပါဦး”

စူးလီက ပျာယာခတ်စွာ အော်ဟစ်လိုက်လေရာ သူ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေတော့၏။

သူ၏ အစွမ်းကုန် ထုတ်သုံးကာ နတ်ဘုရား ပုဆိန်ကို ကိုင်ဆောင်ထားသော်လည်း ဖုန်းဝူချန်ကို မယှဉ်နိုင်သေးကြောင်း စူးလီ သဘောပေါက်သွားသည်။

ချင်းယွင်မြို့မှ လူများမှာ ရင်တမမဖြင့် ကြည့်နေကြ၏။ သူတို့၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်ပေါက်နေကာ ဝိညာဉ်များပင် တုန်ရီနေကြလေတော့သည်။

ဒုတိယ အကြီးအကဲနှင့် တတိယ အကြီးအကဲတို့မှာ အချိန်မဆွဲရဲတော့ဘဲ အပြေးအလွှား ရောက်ရှိလာကြ၏။

“ဖုန်း ဖုန်း ဖုန်း”

“ဝီ”

ကျောချင်းကပ်လျက် သူတို့က လက်ဝါးရိုက်ချက်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ကြသည်။ သုံးယောက်သား သူတို့၏ စွမ်းအားအားလုံးကို စူးလီ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းစေလိုက်လေရာ စူးလီ၏ အရှိန်အဝါမှာ ဒုံးပျံတစ်စင်း စီးထားသည့်အလား တစ်ဟုန်ထိုး မြင့်တက်လာပြီး ဟင်းလင်းပြင်ကို ပြင်းထန်စွာ တုန်လှုပ်သွားစေတော့၏။

စူးလီက သက်ပြင်းတစ်ချက် ချလိုက်ပြီး အံကို ကြိတ်ကာ...

“ခွေးသားလေး.. မင်းကို ငါ တကယ်ပဲ အထင်သေးခဲ့မိတယ်၊ မင်းမှာ ဒီလောက် စွမ်းအားတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ဖုန်းဝူချန်က မဲ့ပြုံး ပြုံးလိုက်ပြီး...

“ခင်ဗျားက ကျုပ်ကို အမြဲတမ်း အထင်သေးနေခဲ့တာ မဟုတ်ဘူးလား”

“ဒီနေ့ .. ဒီဂိုဏ်းချုပ်နဲ့ ရင်ဆိုင်ရတာ မင်းရဲ့ ကံဆိုးမှုပဲ၊ သေစမ်း”

စူးလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်လေရာ သူ၏ ကြောက်မက်ဖွယ် စွမ်းအင် ပုဆိန်ကြီးမှာ သုံးယောက်သား၏ အကူအညီဖြင့် အဆပေါင်းများစွာ ကြီးထွားလာပြီး ဖုန်းဝူချန်၏ လက်ဝါးရိပ်ကို ချေမှုန်းရန် အသင့်ဖြစ်နေတော့သည်။

ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ စူးလီနှင့် အခြား သုံးယောက် ပေါင်းစပ်ထားသော စွမ်းအားမှာ သူ တစ်ယောက်တည်း ခုခံနိုင်သည့် အနေအထားကို ကျော်လွန်နေပြီ ဖြစ်ကြောင်း သေချာလှပေသည်။

“အရှက်မရှိတဲ့ လူတွေ”

မြောင်ချင်းချင်းက ကျိန်ဆဲလိုက်ပြီး ဖုန်းဝူချန်ကို ကူညီရန် နတ်ဝိညာဉ် စွမ်းအားကို အသက်သွင်းတော့မည် ပြု၏။

လျိုချင်းယန်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တစ်ယောက်ကို လေးယောက် ဝိုင်းတိုက်တာ ဘာစွမ်းရည် ရှိလို့လဲ၊ အစ်ကိုဖုန်းရေ.. ကျွန််တော်တို့ လာကူပြီ”

“ဝူမီးတောက်”

လျိုချင်းယန်နှင့် အခြားသူများ ဝင်ရောက် ကူညီတော့မည့် ဆဲဆဲတွင် ဖုန်းဝူချန်က ရုတ်တရက် အော်ဟစ်လိုက်သည်။ တဆက်တည်း၌၊ သူ၏ လက်ဖဝါးတွင် အမည်းရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး အလွန်တရာ အေးစက်ကာ စွမ်းအားပြင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေလေတော့၏။

ဝူမီးတောက်ကို မြင်လိုက်ရသောအခါ လျိုချင်းယန်နှင့် အခြားသူများမှာ ဖုန်းဝူချန်ကို ကူညီရန် အကြံအစည်ကို ချက်ချင်း လက်လွှတ်လိုက်ကြသည်။

ကြောက်မက်ဖွယ် အအေးဓာတ်က ပျံ့နှံ့သွားပြီး ၎င်း ဖြတ်သန်းသွားရာ ဟင်းလင်းပြင် တစ်ခုလုံးကို အေးခဲသွားစေတော့၏။

“အမည်းရောင် မီးတောက်တွေလား”

“မီးတောက်တွေက ဘယ်လိုလုပ် ဒီလောက် အေးစက်တဲ့ အရှိန်အဝါမျိုး ရှိနေရတာလဲ”

“ရေခဲတောင်မှ ဒီလောက် ကြောက်စရာကောင်းလောက်အောင် မအေးဘူး၊ ဒါက တကယ်ပဲ မီးတောက်တွေလား”

စူးလီနှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့်နေကြပြီး တကယ်ပဲ မီးတောက် ဟုတ်မဟုတ်ကို သေချာ မသိနိုင်အောင် ဖြစ်နေကြသည်။

ချင်းယွင်မြို့မှ လူများမှာလည်း ဤမျှ ထူးဆန်းသော မီးတောက်မျိုးကို တစ်ခါမှ မမြင်ဖူးကြသဖြင့် အလွန်အမင်း ဇဝေဇဝါ ဖြစ်နေကြလေတော့၏။

“ဝှစ်”

အားလုံး ဇဝေဇဝါ ဖြစ်နေကြစဉ် ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမည်းရောင် မီးတောက်များ ပေါက်ကွဲထွက်လာသည်။

ဧရာမ အမည်းရောင် ပိုက်ကွန်ကြီး တစ်ခုအဖြစ် လျှပ်တစ်ပြက် ကျယ်ပြန့်သွားကာ အမှောင်ထု နှုတ်ခမ်းကြီး တစ်ခုပမာ စူးလီ၏ စွမ်းအင် ပုဆိန်ကြီးကို တိုက်ရိုက် ဝါးမြိုပစ်လိုက်လေတော့သည်။

ဧရာမ အမည်းရောင် ပိုက်ကွန်ကြီးကို မြင်လိုက်ရသောအခါ စူးလီနှင့် အခြားသူများမှာ အမည်းရောင် မီးတောက်များမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိပြီး အလွန်အမင်း ထိတ်လန့်သွားကြလေတော့၏။

“သေစမ်း”

စူးလီမှာ ထိုကြောက်မက်ဖွယ် မီးတောက်များက ဘာမှန်း မသိသဖြင့် သူ၏ ရင်တွင်း၌ ကြီးမားသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာပြီး ဖုန်းဝူချန်ကို အရင်ဆုံး အစွမ်းမဲ့သွားအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် စူးလီ၏ အံ့အားသင့်မှုက အကောင်းဆုံး အခွင့်အရေးကို လက်လွတ်သွားစေခဲ့ပြီ ဖြစ်၏။

ဝူမီးတောက်က ဧရာမ စွမ်းအင် ပုဆိန်ကြီးကို ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိသော ဝါးမြိုခြင်း စွမ်းအားက အရာအားလုံးကို အရူးအမူး ဝါးမြိုပစ်လေတော့သည်။

စူးလီက ဧရာမ စွမ်းအင် ပုဆိန်ကြီးကို ထိန်းချုပ်ရန် ပြင်လိုက်စဉ် ၎င်း၏ စွမ်းအားများမှာ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားနေကြောင်း တွေ့လိုက်ရ၏။

“ဒါ စွမ်းအားတွေ ဝါးမြိုခံနေရတာလား”

စူးလီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လုံးဝ ဆွံ့အသွားလေတော့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဒုတိယ အကြီးအကဲနှင့် တတိယ အကြီးအကဲတို့၏ မျက်နှာများမှာလည်း သိသိသာသာ ပြောင်းလဲသွားကြသည်။

ချင်းယွင်မြို့မှ လူများမှာမူ မူလ အေးခဲနေသော မြင်ကွင်းထဲတွင်သာ ကျန်ရစ်နေကြပြီး သင်္ချိုင်းတစ်ခုပမာ တိတ်ဆိတ်နေကြလေတော့၏။

ခဏအကြာတွင် ဧရာမ စွမ်းအင် ပုဆိန်ကြီး၏ စွမ်းအားများသည် ဝူမီးတောက်၏ ဝါးမြိုခြင်းကို အပြည့်အဝ ခံလိုက်ရသည်။ မည်သည့် အတားအဆီးမျှ မရှိတော့ဘဲ ဖုန်းဝူချန်၏ အားယူပြင်ဆင်ထားသော သွေးရောင် လက်ဝါးရိပ်ကြီးက ဒုံးပျံတစ်စင်းပမာ ပေါက်ကွဲထွက်လာလေတော့သည်။

ကြောက်မက်ဖွယ် လက်ဝါးရိပ်ကြီးကို ရင်ဆိုင်ရရာတွင် စူးလီတို့ လေးယောက်၏ လူရိပ်များမှာ ပုရွက်ဆိတ်များပမာ သေးငယ်သွားသကဲ့သို့ ဖြစ်နေတော့၏။

“ဝုန်း”

“ဖူး”

ထိတ်လန့်အံ့အားသင့်နေသော ချင်းယွင်မြို့သူမြို့သားများ၏ အကြည့်များအောက်တွင် သွေးရောင် လက်ဝါးရိပ်ကြီးက စူးလီနှင့် သူ၏ အပေါင်းအပါများကို ရက်စက်စွာ ရိုက်ခတ်သွားလေရာ ပေါက်ကွဲသံများက ဟင်းလင်းပြင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။ ဆက်တိုက် ဖြစ်ပေါ်လာသော ပေါက်ကွဲမှု စွမ်းအင်လှိုင်းများက ကမ္ဘာပျက်မည့်အလား ရိုက်ခတ်သွားလေတော့၏။

ချင်းယွင်မြို့လေးမှာ ကမ္ဘာပျက်တော့မည့်အလား ခံစားနေရပြီး ကမ္ဘာ မပျက်သေးမှန်း သိသော်ငြားလည်း ထိုစွမ်းအားများက သူတို့ကို အလွန်အမင်း မျှော်လင့်ချက်မဲ့သွားစေသည်။

“ဝီ”

ချင်းယွင်မြို့လေးမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကောင်းကင်မှ ကျဆင်းလာသော စွမ်းအင်လှိုင်းများနှင့် လွှမ်းမိုးဖိနှိပ်နိုင်သော ချီစွမ်းအင်များက မြို့တစ်ခုလုံးကို ရက်စက်စွာ ရိုက်ခတ်သွားလေရာ မြို့တစ်ခုလုံးမှာ ကစဉ့်ကလျား ဖြစ်သွားရတော့၏။

ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများမှာ ထိတ်လန့်တကြားဖြင့် ထွက်ပြေးရန် ပျာယာခတ်နေကြသည်။

ဖုန်းဝူချန်သည် ပြိုင်ဘက် လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့သော်လည်း ရှုံးနိမ့်ခြင်း မရှိဘဲ ရပ်တည်နိုင်ခဲ့ရာ သူ၏ စွမ်းအားမှာ ငြင်းဆိုဖွယ်ရာ မရှိအောင် အစွမ်းထက်လှပြီး နတ်ဘုရားအသွင်ပြောင်းဘုံအောက်တွင် ယှဉ်နိုင်သူ မရှိတော့ချေ။

ဖျက်ဆီးခြင်း နဂါးနတ်ဘုရား လက်ဝါး၏ စွမ်းအားမှာ အလွန်တရာ အံ့မခန်း ဖြစ်လှပေသည်။ နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၁) ပညာရှင်ပင်လျှင် ၎င်း၏ စွမ်းအားကို သတိထားရပေလိမ့်မည်။

မိနစ် (၅) ခန့် ကြာပြီးနောက် ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများမှာ နောက်ဆုံးတွင် ငြိမ်သက်သွားပြီး မှောင်မိုက်နေသော ဟင်းလင်းပြင်မှာလည်း ပြန်လည် လင်းထိန်လာကာ ငြိမ်းချမ်းမှု ပြန်လည် ရရှိသွား၏။

ကောင်းကင်ယံ အထက်တွင် စူးလီနှင့် သူ၏ အပေါင်းအပါများ၏ လူရိပ်များက စောင့်ကြည့်နေသူများ၏ မြင်ကွင်းထဲသို့ ပြန်လည် ပေါ်ထွက်လာကြသည်။

စူးလီနှင့် သူ၏ အပေါင်းအပါများမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သူတို့၏ မျက်နှာများမှာ စက္ကူတစ်ရွက်ပမာ ဖြူရော်နေပြီး သွေးရောင် အလျဉ်း မရှိတော့ဘဲ သူတို့၏ ခန္ဓာကိုယ်များမှာလည်း သွေးများဖြင့် ရွှဲနစ်နေကာ အသက်ကို ပြင်းပြင်း ရှူနေကြရ၏။

စူးလီမှလွဲ၍ ဒုတိယ အကြီးအကဲ အပါအဝင် ကျန်သုံးယောက်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

ဖုန်းဝူချန်၏ စွမ်းအားက သူတို့ ထင်မှတ်ထားသည်ထက် များစွာ သာလွန်နေခဲ့တော့သည်။

ထျန်းကျီဘုံ အဆင့် (၅) နှင့် တစ်ယောက်တည်းက လေးယောက်ကို ရင်ဆိုင်ရသည့် အခြေအနေတွင်ပင် သူက စူးလီနှင့် သူ၏အဖွဲ့ကို ချေမှုန်းနိုင်ခဲ့၏။ မည်မျှ စွမ်းအားပြင်းသော စွမ်းအားမျိုး ဖြစ်နေမည်နည်း။

“ဂိုဏ်းချုပ် ..ကျွန်တော်တို့.. ကျွန်တော်တို့ သူ့ကို မယှဉ်နိုင်ဘူး”

ဒုတိယ အကြီးအကဲက အားယူကာ ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ ယိမ်းယိုင်နေပြီး အချိန်မရွေး လဲကျသွားတော့မည့် အလားပင်။

“ခွေးသားလေး”

ပြင်းထန်စွာ ဒဏ်ရာရထားသော စူးလီမှာ မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်နှာမှာ ဖြူရော်နေသော်လည်း ရက်စက်သော အသွင်ကို ဆောင်နေသည်။

အကြည့်များဖြင့်သာ သတ်၍ရမည်ဆိုလျှင် ဖုန်းဝူချန်မှာ အကြိမ်ပေါင်းများစွာ သေဆုံးခဲ့ပြီး ဖြစ်ပေလိမ့်မည်။

“ထပ်တိုက်ချင်သေးလား”

ဖုန်းဝူချန်က အလွယ်တကူ အနိုင်ယူနိုင်သော ပြိုင်ဘက်ကို လှောင်ပြောင်သကဲ့သို့ အေးစက်စွာ ရယ်ရင်း မေးလိုက်သည်။

“မင်း မှတ်ထားလိုက်”

စူးလီက အံကို ကြိတ်ကာ ရက်စက်စွာ ပြောလိုက်လေရာ သူ၏ သွားများပင် ကျိုးပဲ့သွားမတတ် ဖြစ်နေတော့၏။

စူးလီနှင့် သူ၏ အပေါင်းအပါများမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး တိုက်ခိုက်ရန် ခွန်အား မကျန်တော့ချေ။ ဆက်လက် တိုက်ခိုက်မည် ဆိုပါက သေချာပေါက် သေဆုံးရမည် ဖြစ်ပြီး ရွှမ်ယင်းဂိုဏ်း၏ ဂုဏ်သိက္ခာမှာလည်း ကျဆင်းနေပြီ ဖြစ်ရာ ယခု မထွက်ခွာလျှင် ဘယ်အချိန် ထွက်ခွာရမည်နည်း။

“အခုမှ ထွက်သွားဖို့ စဉ်းစားနေတာလား အချိန်နှောင်းသွားပြီလို့ မထင်ဘူးလား”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်၏။ ရန်သူဖြစ်နေပြီ ဖြစ်ရာ ကျားကို တောင်ပေါ်သို့ ပြန်လွှတ်ပေးလိုက်ရန် အကြောင်းမရှိချေ။

ထိုစကားကို ကြားသောအခါ စူးလီက ပြင်းထန်သော ဒဏ်ရာများကို ဖိနှိပ်ထားရင်း ဒေါသတကြီး ပြန်လည် ချေပလိုက်သည်။

“စမ်းကြည့်လိုက်လေ၊ မင်းတို့ထဲက တစ်ယောက်မှ အသက်ရှင်ရက် ပြန်မသွားရဘူးလို့ ငါ အာမခံတယ်”

ပြင်းထန်သော လူသတ်ချင်စိတ်များ ပျံ့နှံ့သွားပြီး ဖုန်းဝူချန်က သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်ကာ လက်ညှိုးဖြင့် စူးလီကို ချိန်ရွယ်လိုက်သည်။

“နတ်သတ် ဝိညာဉ် ဖြတ် လက်ညှိုး”

ဖုန်းဝူချန်က အေးစက်စွာ ကြိမ်းမောင်းလိုက်လေရာ ပြင်းထန်သည့် စွမ်းအားများက သူ့လက်ညှိုးထိပ်တွင် စုစည်းလာပြီး သွေးရောင် အလင်းတန်းများ အရူးအမူး တောက်ပလာတော့၏။

“ဝှစ်”

“ဝီ”

ဖုန်းဝူချန်က လှုပ်ရှားလိုက်ပြီး မည်သည့် သနားညှာတာမှုမျှ မရှိဘဲ လက်ညှိုးထိပ်မှ ကြောက်မက်ဖွယ် စွမ်းအင်များ ပစ်လွှတ်လိုက်တော့သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိသော အရှိန်အဝါဖြင့် စူးလီထံသို့ ပြေးဝင်သွားတော့ရာ ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှပေသည်။

“အဲဒီစကားတွေ ပြောနိုင်လောက်အောင် ခင်ဗျားကို ဘာက ယုံကြည်မှုတွေ ပေးထားလဲဆိုတာ ကျုပ် တကယ် သိချင်မိတယ်”

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်လေတော့၏။

အခန်း (၇၆၅) - ပြဿနာကြီးကို အသေးဖြစ်အောင် လုပ်ခြင်း

~“မောက်မာလိုက်တဲ့ ကောင်လေး”

စူးလီမှာ သူ၏ မျက်လုံးများ နီရဲလာသည်အထိ အလွန်အမင်း ဒေါသထွက်နေပြီး ဖုန်းဝူချန်၏ တိုက်စစ်များကို အပြင်းအထန် ခုခံနေရ၏။

“ဖြန်း...”

“ဝီ...”

စူးလီက လက်နှစ်ဖက်ကို ပူးယှက်ကာ သူ၏ စွမ်းအားများကို အတင်းအကြပ် အသက်သွင်းလိုက်လေရာ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်လှုပ်သွားသည်။ တဆက်တည်း၌၊ အမည်းရောင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပွင့်ဟလာတော့၏။

“ဒါ ဘာကြီးလဲ”

ထိုအမည်းရောင် အက်ကွဲကြောင်းကြီးကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“အစ်ကိုဖုန်း... သူက အစွမ်းထက်တဲ့ ကူညီမယ့်သူကို ခေါ်နေတာပဲ”

လျိုချင်းယန်က ရုတ်တရက် အော်ဟစ်လိုက်၏။

အမည်းရောင် အက်ကွဲကြောင်းကြီးထဲမှ အသက်ရှူကျပ်လောက်အောင် လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားတစ်ခု ရုန်းကြွလာတော့သည်။

“နတ်ဘုရားအသွင်ပြောင်းဘုံ ပါလား”

ပေတိုယန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။

“နန်းတော်သခင် သတိထား... အဲဒါ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ပဲ”

ယဲ့ထျန်းဝေကလည်း အော်ဟစ် သတိပေးလိုက်သည်။

“အစ်ကိုကြီး... ကျွန်တော့်ကို ကယ်ပါဦး”

စူးလီက အသံကုန်ဟစ်ကာ အကူအညီ တောင်းလိုက်၏။

ဤအသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေတွင် စူးလီသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ချေ။ အရှက်ကွဲရမည့် ကိစ္စကိုလည်း ထည့်မတွေးတော့ပေ။ အသက်ရှင်နေသရွေ့ သူ ပြန်လည် အင်အားစုစည်းနိုင်သည် မဟုတ်ပါလော။

“ဝုန်း...”

ဖုန်းဝူချန်က ဟင်းလင်းပြင်ကို အပြင်းအထန် နင်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သူ၏ လူရိပ်မှာ ဒုံးပျံတစ်စင်းပမာ တစ်ဟုန်ထိုး ထွက်ပေါ်သွား၏။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ ကိုယ်ဖော့ပညာကိုလည်း အသက်သွင်းလိုက်သည်။

ဖုန်းဝူချန်သည် ထိုနတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ထွက်မလာမီ စူးလီကို သတ်ပစ်ရန် ရည်ရွယ်ထား၏။

မျက်တောင်တစ်ခတ်အတွင်း ဖုန်းဝူချန် ရောက်ရှိလာပြီး သူ၏ လက်ဝါးတွင် ကြမ်းတမ်းလှသော စွမ်းအားများ စုစည်းကာ စူးလီထံသို့ ရက်စက်စွာ ရိုက်ချလိုက်လေတော့သည်။

“ဂိုဏ်းချုပ် သတိထား”

ဒုတိယ အကြီးအကဲမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေရာ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့၏။

ထိုကြောက်မက်ဖွယ် စွမ်းအားကြောင့် စူးလီမှာ ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်လန့်သွားပြီး ပျာယာခတ်စွာဖြင့်...

“အစ်ကိုကြီး... မြန်မြန် ကယ်ပါဦး” ဟု အော်ဟစ်လိုက်သည်။

ဤအလွန်တရာ အန္တရာယ်များလှသော အခိုက်အတန့်တွင် လျိုချင်းယန်နှင့် အခြားသူများ၊ ချင်းယွင်မြို့မှ လူများမှာလည်း အလွန်အမင်း တင်းမာနေကြ၏။

ဖုန်းဝူချန်က စူးလီကို အရင်ဆုံး သတ်နိုင်မည်လား။

အမည်းရောင် အက်ကွဲကြောင်းထဲမှ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်က ဖုန်းဝူချန် မလှုပ်ရှားမီ စူးလီကို ကယ်တင်နိုင်မည်လား။

“မလုပ်နဲ့... အစ်ကိုကြီး မြန်မြန် ကယ်ပါဦး”

ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ကြီး နီးကပ်လာသည်နှင့်အမျှ စူးလီမှာ မျှော်လင့်ချက်မဲ့သွားပြီး သေမင်း၏ အငွေ့အသက်ကို ပထမဆုံးအကြိမ် ဤမျှ ရှင်းလင်းစွာ ခံစားလိုက်ရ၏။ အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှပေသည်။

ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ကြီးသည် စူးလီ၏ မျက်လုံးထဲတွင် လျင်မြန်စွာ ကြီးထွားလာပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် မျှော်လင့်ချက်မဲ့ခြင်းများ အထင်းသား ပေါ်လွင်နေတော့၏။

“ဝုန်း...”

“ဝီ...”

ဖုန်းဝူချန်၏ လက်ဝါးသည် အပြင်းအထန် ရိုက်ချလိုက်ရာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားပြန်၏။

သို့သော် ဤရိုက်ချက်က ဖုန်းဝူချန်ကို သမုဒ္ဒရာထဲသို့ ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ အရိပ်အယောင်မျှပင် မကျန်တော့သလို ခံစားလိုက်ရစေသည်။

စူးလီထံမှ အော်ဟစ်သံလည်း မကြားရသလို သွေးအန်ထွက်လာသည်ကိုလည်း မတွေ့ရချေ။

အကြောင်းမူကား စူးလီ၏ ရှေ့တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ဖုန်းဝူချန်၏ လက်ဝါးရိုက်ချက်မှာ ထိုလူရိပ်၏ ရင်ဘတ်ကို ထိမှန်သွားသောကြောင့် ဖြစ်၏။

ဤလူရိပ်ကြောင့်ပင် ဖုန်းဝူချန်သည် သူ၏ စွမ်းအားများ သမုဒ္ဒရာထဲ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခြင်း ဖြစ်၏။

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်၏ လှုပ်ရှားမှုမှာ အလွန် လျှို့ဝှက်ဆန်းကြယ်လှပြီး လူတိုင်းကို လုံးဝ အငိုက်မိသွားစေသည်။

ဖုန်းဝူချန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ စူးလီကို သတ်ရန် အကောင်းဆုံး အခွင့်အရေးကို သူ လက်လွတ်သွားပြီ ဖြစ်ကြောင်း တွက်ဆလိုက်မိ၏။

“အစ်ကိုကြီး... အစ်ကိုကြီး နောက်ဆုံးတော့ ရောက်လာပြီပဲ”

သူ၏ ရှေ့ရှိ လူရိပ်ကို မြင်လိုက်ရသောအခါ စူးလီမှာ အလွန်အမင်း ဝမ်းသာသွားပြီး ငရဲပြည်မှ ပြန်လည် လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရ၏။

ဒုတိယ အကြီးအကဲနှင့် ကျန်နှစ်ဦးမှာလည်း သက်ပြင်းချလိုက်နိုင်ပြီး လုံးဝ စိတ်အေးသွားကြတော့သည်။

“နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ပါလား”

ထိုအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်များက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်ထံသို့ ကျရောက်သွားကြ၏။

ရောက်လာသူမှာ အသက် (၅၀) ကျော် အရွယ် အမျိုးသားတစ်ဦး။

မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ပခုံးပေါ်တွင် အဖြူနှင့် အမည်း ရောယှက်နေသော ဆံပင်များ ကျဆင်းနေပြီး အစွမ်းထက် ပညာရှင် တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူသည် စူးလီ၏ အစ်ကိုကြီး ဖန်ချင်းဖုန်း ဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၂) တွင် ရှိ၏။

ဖန်ချင်းဖုန်းသည် ဖုန်းဝူချန်၏ စွမ်းအားကို သူ၏ ခန္ဓာကိုယ် သက်သက်ဖြင့်သာ ခုခံဖျက်ဆီးပစ်နိုင်ခဲ့ရာ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦး၏ ကြောက်မက်ဖွယ် စွမ်းအားကို တွေ့မြင်နိုင်ပေသည်။

“မိတ်ဆွေလေး... မင်းရဲ့ စွမ်းအားတွေက တကယ့်ကို အံ့မခန်းပါပဲ၊ မင်းက သေချာပေါက် ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ရမယ်”

ဖန်ချင်းဖုန်းက ဖုန်းဝူချန်ကို အကဲခတ်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

“ငါ့ညီ အမှားလုပ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမယ့် မင်းလည်း အနိုင်ရသွားပြီပဲ၊ ငါ့ညီတွေကို ချမ်းသာပေးလိုက်ပါလား”

ဖန်ချင်းဖုန်းမှာ အလွန် ယဉ်ကျေးပျူငှာစွာ ပြောဆိုပြီး လူကြီးလူကောင်း တစ်ဦး၏ ဟန်ပန် အပြည့်ရှိ၏။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ရန်သူဆိုရင် သေရမယ်၊ ခင်ဗျားက အစ်ကိုကြီး တစ်ယောက်အနေနဲ့ ညီတွေ လုပ်ခဲ့တဲ့ အမှားတွေကို မျက်ကွယ်ပြုနေတာက သူတို့ကို အလိုလိုက် အကြိုက်ဆောင်နေတာပဲ”

“အစ်ကိုကြီး... သူနဲ့ စကားများမနေနဲ့တော့၊ သတ်ပစ်လိုက်”

စူးလီက ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

“ပါးစပ် ပိတ်ထားစမ်း”

ဖန်ချင်းဖုန်းက ရုတ်တရက် ကြိမ်းမောင်းလိုက်ပြီး စူးလီကို စိမ်းစိမ်းကြည့်လိုက်ရာ စူးလီမှာ ကပျာကယာ ပါးစပ် ပိတ်သွားတော့၏။

“မိတ်ဆွေလေး... ပြဿနာကြီးကို အသေးဖြစ်အောင် လုပ်လိုက်တာက အားလုံးအတွက် ပိုကောင်းပါတယ်၊ ဘယ်လို သဘောရလဲ”

ဖန်ချင်းဖုန်းက ခပ်ပြုံးပြုံးဖြင့် ဆက်ပြော၏။

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦးက ဖုန်းဝူချန်၏ သဘောထားကို တောင်းခံနေသည်တဲ့လား။

ချင်းယွင်မြို့မှ လူများမှာ ပို၍ပင် အံ့အားသင့်သွားကြရသည်။

“အစ်ကိုဖုန်း... ထားလိုက်ပါတော့၊ ကျွန်မတို့မှာ လုပ်စရာ အရေးကြီး ကိစ္စတွေ ရှိသေးတယ်လေ၊ ပြီးတော့ သူက နတ်ဘုရားအသွင်ပြောင်းဘုံကဆိုတော့ ညီမတို့ သူ့ကို မယှဉ်နိုင်ပါဘူး၊ အချိန်ကုန်ခံနေစရာ မလိုပါဘူး”

မြောင်ချင်းချင်းက အသံလွှင့်ကာ အကြံပြုလိုက်၏။

ထိုအခါ၊ ဖုန်းဝူချန်က သူ၏ အရှိန်အဝါကို ရုပ်သိမ်းလိုက်ပြီး ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား လက်အိတ်တို့ကို သူ၏ ခန္ဓာကိုယ်တွင်းသို့ သိမ်းဆည်းလိုက်ကာ လှည့်ထွက်ရန် ပြင်လိုက်၏။

မြောင်ချင်းချင်း ပြောသည်မှာ အဓိပ္ပာယ် ရှိပေသည်။ သူတို့ မြောက်ဘက် ဆန်းကြယ် နယ်မြေသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အချိန် စွမ်းအားကို ရှာဖွေရန်ဖြစ်ပြီး ပြဿနာ ရှာရန် မဟုတ်ပါချေ။

ဖန်ချင်းဖုန်းမှာ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် ဖြစ်သဖြင့် ရင်ဆိုင်ရန် လွယ်ကူမည် မဟုတ်ပေ။

“အစ်ကိုကြီး... ဘာဖြစ်လို့ သူတို့ကို လွှတ်ပေးလိုက်ရတာလဲ”

စူးလီက ဖုန်းဝူချန်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း မကျေမနပ်ဖြင့် မေးလိုက်လေရာ သူ၏ ရင်တွင်း၌ ဒေါသများ ဆူပွက်နေတော့၏။

“မိုက်မဲလိုက်တဲ့ ကောင်”

ဖန်ချင်းဖုန်းက ကြိမ်းမောင်းလိုက်သည်။

“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံခြင်းအဆင့် ရှိနေတာ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ပါရမီရှင် ကျောင်းသားတွေတောင် သူ့ကို ယှဉ်နိုင်ဖို့ မလွယ်ဘူး၊ သူတို့က မင်းတို့ ရွှမ်ယင်းဂိုဏ်းထက် နိမ့်ကျတဲ့ နောက်ခံ ရှိလိမ့်မယ်လို့ မင်း ထင်နေတာလား၊ ခေါင်းလေး ဘာလေး သုံးစမ်းပါကွာ”

ပြောပြီးသည်နှင့် ဖန်ချင်းဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အက်ကွဲကြောင်းထဲသို့ လျှပ်တစ်ပြက် ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

“ဂိုဏ်းချုပ်... တကယ်လို့ သူတို့မှာ အစွမ်းထက်တဲ့ နောက်ခံတွေ ရှိနေရင်ကော၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကလည်း သာမန်မှ မဟုတ်တာ”

တတိယ အကြီးအကဲက နောက်ဆုံးတော့ သဘောပေါက်သွား၏။

ထိုအခိုက်အတန့်တွင် စူးလီမှာ နောက်တစ်ဖန် ပျာယာခတ်သွားပြီး ချွေးသီးချွေးပေါက်များ ကျလာတော့၏။

သေချာ စဉ်းစားကြည့်သောအခါ ဤမျှ အစွမ်းထက်သော လူငယ်မျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ကြောင်း စူးလီ သတိပြုမိသွား၏။

“ဒီကောင်လေးရဲ့ စွမ်းအားက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ပါရမီရှင်တွေထက် လုံးဝ မလျော့ဘူး၊ သူကများ...”

စူးလီမှာ တွေးလေ ကြောက်လေ ဖြစ်လာပြီး ဘာတွေ ဆက်တွေးရမှန်းပင် မသိတော့ချေ။

“မြန်မြန်... သွားကြစို့”

စူးလီက ပျာယာခတ်စွာ ပြောလိုက်ပြီး ဖုန်းဝူချန် ပြန်လာမည်ကို စိုးရိမ်နေသည့်အလား တစ်စက္ကန့်မျှပင် ဆက်မနေရဲတော့ချေ။

ချင်းယွင်မြို့မှ လူများ၏ ထိတ်လန့်အံ့အားသင့်နေသော အကြည့်များအောက်တွင် စူးလီနှင့် အခြားသုံးဦးမှာ ကတိုက်ကရိုက် ထွက်ခွာသွားကြလေတော့သည်။

...

တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ချင်းယန်မြို့လေးမှ လူသတ်ပွဲကြီးကို တွေ့ရှိသွားကြပြီး သတင်းများ ပျံ့နှံ့သွားလေတော့သည်။

“ချင်းယန်မြို့လေးက လူတွေ အားလုံး အသတ်ခံလိုက်ရတယ်၊ တစ်ယောက်မှ အရှင် မထားဘူး”

“သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အမျိုးသမီးတွေ... အားလုံး သေကုန်ပြီ၊ ဘယ်သူ လုပ်သွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး”

“ကလေးတွေကိုတောင် ချမ်းသာမပေးဘူးတဲ့လား၊ ဘယ်တိရစ္ဆာန်ကများ ဒီလို လုပ်ရက်ရတာလဲ”

သတင်းများ ပျံ့နှံ့သွားမှုကြောင့် နေရာအနှံ့တွင် ဒေါသများ ပေါက်ကွဲထွက်လာ၏။

ကလေးငယ်များကိုပင် ချမ်းသာမပေးဘဲ သတ်ဖြတ်ခြင်းက မည်မျှ ရက်စက်ကြမ်းကြုတ်လိုက်သနည်း။

ကျင့်ကြံသူများစွာသည် ချင်းယန်မြို့လေးဆီသို့ သွားရောက်ကြည့်ရှုကြပြီး မြို့သူမြို့သားများ၏ ကြေကွဲဖွယ် သေဆုံးနေမှုများကို မြင်တွေ့ရသောအခါ လူတိုင်းမှာ ဝမ်းနည်းဒေါသထွက်ကြပြီး သေဆုံးနေသော ကလေးငယ်များကို ကြည့်ကာ ရင်ကွဲမတတ် ခံစားကြရ၏။

သတင်းမှာ ပိုမို ပျံ့နှံ့သွားပြီး ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာကာ လူတိုင်းက လူသတ်သမားကို ပြင်းပြင်းထန်ထန် ရှုတ်ချကြသည်။ ဤမျှ ဆင်းရဲနွမ်းပါးပြီး အားနည်းသော မြို့လေးကို မည်သူကများ ဤမျှ ရက်စက်စွာ ပြုမူရက်ပါသနည်း။

ချင်းယန်မြို့လေးမှ လူအားလုံး သေဆုံးသွားခဲ့ရပြီး ဤအဖြစ်အပျက်မှာ မျက်လှည့် တောင်တန်းတွင် ပြဿနာ ဖြစ်ပွားပြီးနောက်မှ ပေါ်ပေါက်လာခြင်း ဖြစ်ရာ လူအများစုက ရွှမ်ယင်းဂိုဏ်းကို သံသယ ဝင်လာကြ၏။

ရွှမ်ယင်းဂိုဏ်းမှလွဲ၍ အခြား မည်သူ၊ မည်သည့် အဖွဲ့အစည်းကမှ ဤကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု သူတို့ မတွေးတတ်ကြချေ။

“အစ်ကိုဖုန်း... ပြဿနာ တက်ပြီ”

“ဘာဖြစ်လို့လဲ”

လျိုချင်းယန်က ပြန်ဖြေလိုက်သည်။

“ချင်းယွင်မြို့ကနေ သတင်းတစ်ခု ရောက်လာတယ်၊ ချင်းယန်မြို့လေးက လူတွေ အားလုံး အသတ်ခံလိုက်ရပြီတဲ့”

“ဘာ...”

ဖုန်းဝူချန်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်နေလျက်...

“အားလုံး အသတ်ခံရတယ် ဟုတ်လား၊ ဘာတွေ ဖြစ်ခဲ့တာလဲ၊ ဘယ်သူ လုပ်တာလဲ”

“မသိဘူး... ဒါက မနေ့ကတည်းက ဖြစ်သွားတာတဲ့”

လျိုချင်းယန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ မျက်နှာမှာ အလွန်တရာ မှောင်မိုက်နေ၏။

ဖုန်းဝူချန်၏ မျက်နှာထားမှာ ရက်စက်စွာ ရှုံ့မဲ့သွားပြီး အေးစက်သော လေသံဖြင့် ပြောလိုက်၏။

“ချင်းယန်မြို့လေးကို အခုချက်ချင်း ပြန်သွားပြီး ကိုယ်တိုင် သွားကြည့်ကြတာပေါ့”

All Chapters