← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

ပြိုင်ဘက်ကင်း အင်ပါယာ

စာစဉ် (၁၃) ၊ အတွဲ (၁) ၊ အပိုင်း (၁၂၁)

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

(Ongoing အထိ ဆက်တိုက်ဝယ်ယူ အားပေးနေတဲ့ စာဖတ်သူများကို ကျေးဇူးတင်တဲ့အနေဖြင့် အခမဲ့ ၃ ရက် ပြောင်းထားပါတယ်ဗျ။ မဖတ်သေးဘူးဆိုရင်တောင် Down ထားကြနော်)

ရှေးဟောင်းအမွေအနှစ်နယ်မြေ တည်ရှိရာ ကမ္ဘာငယ်လေးအတွင်းရှိ အလွန်မတ်စောက်လှသော တောင်ကမ်းပါးယံတစ်ခုထက်၌ လူငယ်တစ်ယောက်က အနောက်သို့ ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်၏။ "လွတ်သွားတယ်ပေါ့..."

ခပ်တိုတိုညှပ်ထားသော ထိုလူငယ်၏ ဆံပင်များသည် သံမဏိအပ်များကဲ့သို့ ထောင်မတ်နေ၏။ သူဝတ်ဆင်ထားသည့် အဝတ်အစားများမှာလည်း အရောင်အသွေးစုံလင်လှကာ သိုင်းဝိညာဉ်သားရဲအမျိုးမျိုး၏ သားရေများဖြင့် စပ်ချုပ်ထားခြင်းဖြစ်သည်။ သူ၏ နဖူးပြင်ထက်၌မူ မည်သည့် သိုင်းဝိညာဉ်သားရဲဆီကမှန်း မသိရသည့် လတ်လတ်ဆတ်ဆတ် သွေးများက ပေကျံနေသေး၏။

သူသည်မှာ ရှီဖုန်း... ယခုတစ်ခေါက် ခရီးစဉ်အတွင်း သားရဲသခင်ဂိုဏ်း၏ အစွမ်းအထက်ဆုံးသူပင်။

သူ၏ ရှေ့တည့်တည့်၌ ရပ်နေသူမှာ ပိန်လှီသော မျက်နှာရှိပြီး ဆံပင်ရှည်များကို စုစည်းချည်နှောင်ထားသူဖြစ်သည်။ အထူးခြားဆုံးမှာ ထိုသူ၏ မျက်လုံးများပင်။ သရဲတစ္ဆေတစ်ကောင်အလား စိမ်းဖန်ဖန် အရောင်များ တောက်နေ၏။

စိမ်းဖန်ဖန်မျက်လုံးပိုင်ရှင် ဂူနောင်ရီက ပြန်ဖြေလိုက်သည်။ "အင်း... ဟုတ်တယ်။ ငါ့ရဲ့ မြွေတစ်ရာ ခြုံခိုတိုက်ခိုက်မှုနဲ့ဆိုရင် အဲဒီကောင်မလေးသုံးယောက်လုံး သေသွားလိမ့်မယ်လို့ တွက်ထားတာ...။ ယီစင်းတစ်ယောက်တည်း လွတ်သွားရင်တောင်မှ သူ့ရဲ့ စီနီယာအစ်မနှစ်ယောက်ကတော့ အလောင်းပဲ ကျန်ခဲ့ရမှာ...။ ဒါပေမဲ့ မထင်မှတ်ထားတာက... ငါ ခဏလေး ထွက်သွားတဲ့အချိန်လေးအတွင်းမှာပဲ တစ်ယောက်ယောက်က သူတို့ကို ဝင်ကယ်သွားတယ်လေ...။"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှီဖုန်းတစ်ယောက် မျက်နှာ ချက်ချင်းပင် မဲမှောင်သွားတော့၏။ သူ တောင်ကမ်းပါးစွန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး အောက်ဘက်ရှိ ထူထပ်လှသော သစ်တောအုပ်ကြီးကို အေးစက်စွာ ငေးကြည့်ရင်း အတွေးများနေလေတော့သည်။

**--**--**--**--**--**--**--**

တစ်ဖက်၌မူ လင်းချန်နှင့် သူ၏ အဖွဲ့သားများတို့သည် နေရာတစ်ခု၌ စုရုံးရောက်ရှိနေကြပြီး အနားယူရန် ပြင်ဆင်နေကြ၏။

လင်းချန်က မျက်လုံးမှိတ်ကာ ဒဏ်ရာကုသနေသည့် ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘေးနားတွင် ဝင်ထိုင်လိုက်သော ရှင်းရှင်းဘက်သို့ လှည့်ကာ မေးလိုက်၏။ "မိန်း... ဘာတွေဖြစ်ခဲ့တာလဲ..."

သူမ၏ စီနီယာအစ်မများသည် ပါလာသော ဆေးလုံးများကို သောက်သုံးထားပြီးဖြစ်ရာ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ မရှိတော့ချေ။ ထို့ကြောင့် ရှင်းရှင်းလည်း စိတ်အနည်းငယ် အေးသွားရတော့သည်။

ရှင်းရှင်းက အလွန်ရွံရှာမုန်းတီးသည့် မျက်လုံးများဖြင့် နာမည်ထုတ်ပြောလိုက်သည်။ "မိန်းတို့က သားရဲသခင်ဂိုဏ်းရဲ့ ခြုံခိုတိုက်ခိုက်တာ ခံလိုက်ရတာ...။ အလစ်ဝင်တိုက်တာ ဂူနောင်ရီပဲ..."

တင်းကျစ်ရုံက မျက်မှောင်ကြုတ်ကာ မနှစ်မြို့သော လေသံဖြင့် ဝင်ပြောလိုက်၏။ "ဂူနောင်ရီ... အဲဒီ မြွေတွေနဲ့ ကစားတဲ့ကောင်က မရီးတို့ကို တိုက်ခိုက်တာကိုး...။ အဲဒီကောင်ရဲ့ နည်းလမ်းတွေက တော်တော်လေး ယုတ်မာတယ်။ သူ့အစွမ်းက သားရဲသခင်ဂိုဏ်းမှာ ရှီဖုန်းပြီးရင် ဒုတိယ အကောင်းဆုံးပဲ..."

လင်းချန်၏ မျက်နှာထား တည်တင်းသွားပြီး ဖြစ်ပျက်သမျှ အလုံးစုံကို ပြောပြရန် ရှင်းရှင်းအား တောင်းဆိုလိုက်သည်။ ရှင်းရှင်းက ခေါင်းတစ်ချက်ညိတ်ပြပြီး လင်းချန်ကို အသံတိုးတိုးဖြင့် အစအဆုံး ပြန်ရှင်းပြလိုက်တော့၏။

အမှန်တကယ် ဖြစ်စဉ်မှာ ရှင်းရှင်းတို့၏ ဂိုဏ်းအဆောင်ပစ္စည်းများသည် အချင်းချင်း ချိတ်ဆက်မှုရှိနေကြပြီး သူမ၏ စီနီယာအစ်မနှစ်ယောက်ကို အာရုံခံနိုင်ခြင်းကြောင့် ဖြစ်သည်။ ရင်ပြင်ရှိ ဝင်ပေါက်မှတစ်ဆင့် ရှေးဟောင်းအမွေအနှစ်နယ်မြေသို့ ရောက်ရှိလာချိန်၌ သူမတို့သည် တစ်ယောက်နှင့်တစ်ယောက် သိပ်မဝေးကွာလှသော နေရာများ၌ ရှိနေကြကြောင်း အာရုံခံမိလိုက်ကြ၏။

အထူးသဖြင့် ရှင်းရှင်း၏ စီနီယာအစ်မနှစ်ယောက်မှာ ပိုမိုနီးကပ်စွာ ကျရောက်နေသဖြင့် သူတို့နှစ်ဦး အရင်တွေ့ဆုံသွားကြပြီး ရှင်းရှင်းရှိရာသို့ အပြေးအလွှား လာကြခြင်းဖြစ်သည်။ သို့သော် ရှင်းရှင်းက သူတို့နှင့် သွားရောက်ပူးပေါင်းရန် ပြင်ဆင်နေစဉ်မှာပင် သူမဆီသို့ ဦးတည်လာနေသော အစ်မနှစ်ယောက်၏ လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားကြောင်း သတိထားမိလိုက်သည်။

ရှင်းရှင်း စိုးရိမ်တကြီးဖြင့် ထိုနေရာသို့ ရောက်သွားသောအခါ သူမ၏ စီနီယာအစ်မနှစ်ယောက်မှာ မြေကြီးပေါ်၌ သတိလစ်မေ့မြောနေကြပြီ ဖြစ်၏။ ရှင်းရှင်း အလွန်အမင်း စိတ်ပူသွားကာ အခြေအနေကို စစ်ဆေးရန် အနားသို့ ကပ်သွားလိုက်ချိန်တွင် ရုတ်တရက် ပတ်ဝန်းကျင်မှ သိုင်းဝိညာဉ်သားရဲ မြွေဆိုးအကောင်ပေါင်း ရာနှင့်ချီ၍ ခုန်ထွက်လာကြသည်။

ထိုမြွေဆိုးများ၏ ကျင့်ကြံခြင်းအဆင့်မှာ နိဗ္ဗာန်နယ်ပယ်၌ ရှိနေကြ၏။ တိုက်ခိုက်နိုင်စွမ်းက အားမကောင်းလှသော်လည်း ထိုမြွေဆိုးများထံ၌ ပြင်းထန်လွန်းလှသော အဆိပ်များ ရှိနေသည်။ မြွေအုပ်ကြီး ဝိုင်းရံလာသည်နှင့် တစ်ပြိုင်နက် ရှင်းရှင်းရှိရာသို့ အဆိပ်ငွေ့များ မှုတ်ထုတ်တိုက်ခိုက်ကြတော့၏။

သတိလစ်နေသော စီနီယာအစ်မနှစ်ယောက်ကို ကာကွယ်ရန်အတွက် ရှင်းရှင်းသည် ထိုမြွေဆိုးတစ်ရာအား ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ဘဲ ခံစစ်အနေအထားဖြင့်သာ ခုခံနေခဲ့ရသည်။

ကံကောင်းလှသည်မှာ လင်းချန် လက်ဆောင်ပေးထားသည့် ငွေကြယ်ရောင် ဂါဝန်ဖြူ ရှိနေခြင်းပင်။ ထိုဂါဝန်ဖြူမှ မျက်စိကျိန်းမတတ် ကြယ်တာရာအလင်းတန်းများ ထွက်ပေါ်လာပြီး အဆိပ်ငွေ့များကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့သည်။

စီနီယာအစ်မနှစ်ယောက် ပြန်လည်သတိရလာချိန်၌ သူတို့မှာ ဒဏ်ရာအပြင်းအထန် ရထားပြီးဖြစ်ကာ တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့သည့်အပြင် လှုပ်ပင် မလှုပ်နိုင်ကြတော့ချေ။ ရလဒ်အနေဖြင့် ရှင်းရှင်းတစ်ယောက် အကျပ်ရိုက်သွားရလေတော့၏။ ကြယ်တာရာအလင်းတန်း အကာအကွယ်ကို မနည်းကြိတ်မှိတ် ထိန်းထားရပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားများသည်လည်း တဖြည်းဖြည်း ခမ်းခြောက်လာရသည်။

ထိုအချိန်၌ပင် လေဟုန်စစ်သည်များ ရုတ်တရက် ရောက်ရှိလာကာ မြွေဆိုးတစ်ရာအား သတ်ဖြတ်ရှင်းလင်းပြီး သူတို့ကို ကယ်တင်ခေါ်ထုတ်လာခြင်းပင် ဖြစ်သည်။ အကယ်၍သာ လင်းချန်လွှတ်လိုက်သော လေဟုန်စစ်သည်များ အချိန်မီ ရောက်မလာပါက သူမတို့ အသက်ဘေးမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။

ရှင်းရှင်းက ရှင်းပြ၏။ "သားရဲသခင်ဂိုဏ်းက လူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက တခြားအဖွဲ့တွေလောက် မကောင်းပေမဲ့... သူတို့ဆီမှာ သိုင်းဝိညာဉ်သားရဲတွေကို ထိန်းချုပ်ခိုင်းစေနိုင်တဲ့ အထူးစိတ်ဝိညာဉ်စွမ်းရည်တွေ ရှိကြတယ်...။ ဆရာပြောပြချက်အရဆိုရင် အခု မိန်းတို့ရောက်နေတဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ ပထမဧရိယာထဲမှာ သိုင်းဝိညာဉ်သားရဲတွေ အရမ်းပေါတယ်။ သားရဲသခင်ဂိုဏ်းအတွက်တော့ ရေတွေ့တဲ့ငါးလိုပဲ...။ မိန်းတို့ ပိုပြီး သတိထားမှ ရမယ်...။"

ရှင်းရှင်းက လင်းချန်ကို စိုက်ကြည့်လိုက်ပြီး သူမ၏ နူးညံ့ဖြူဖွေးသော လက်ကလေးများဖြင့် လင်းချန်၏ အင်္ကျီကို သေသပ်သွားအောင် ပြင်ပေးရင်း သတိပေးလိုက်သည်။ "ချန်လေး... နင်ရထားတဲ့ အမွေအနှစ်စွမ်းအားက လူအများကြီးကို ဆင့်ခေါ်ပြီး ကူညီခိုင်းလို့ရတယ်ဆိုပေမဲ့ တန်ဖိုးတစ်ခုခုတော့ ပြန်ပေးဆပ်ရမယ်လို့ ငါထင်တယ်...။ အဲဒါက ကြီးမားတဲ့ ပေးဆပ်မှုမျိုးတောင် ဖြစ်နိုင်တယ်...။ ဒါကြောင့် သတိထားပြီးတော့မှ သုံးသင့်တယ်။ ပေါ့ပေါ့တန်တန် မသုံးနဲ့နော်...။"

ရှင်းရှင်း၏ စကားကြောင့် ဘေးနားရှိ လေချန်နှင့် အခြားသူများကလည်း လေးနက်စွာ ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။ သူတို့၏ အမြင်​၌ လင်းချန်အနေဖြင့် ဤမျှ အစွမ်းထက်သော တပ်မတော်ကြီးတစ်ခုကို လေထဲမှနေ၍ အလွယ်တကူ ဆင့်ခေါ်နိုင်သည်ဆိုခြင်းမှာ နောက်ကွယ်၌ အလွန်ကြီးမားသော တန်ဖိုးတစ်ခုခုကို ပေးဆပ်ထားရမည်ဟု တွေးထင်ထားကြခြင်းဖြစ်သည်။

လင်းချန်သည်တော့ ရယ်လိုက်ပြီး ဘာမှမတတ်နိုင်သည့်အလား ခေါင်းသာ ညိတ်ပြလိုက်၏။

အမှန်တကယ်၌မူ ဟွာရှာအင်ပါယာမှ စစ်သည်များကို ဆင့်ခေါ်ရာ၌ သူအနေဖြင့် မည်သည့်တန်ဖိုးကိုမျှ ပေးဆပ်ရန် မလိုအပ်ချေ။ စိတ်တစ်ချက် ကူးလိုက်ရုံဖြင့်ပင် အလွယ်တကူ ခေါ်ယူနိုင်လေသည်။ သို့သော် ရှင်းရှင်းတို့ အထင်လွဲနေကြသည်ကို​ မြင်သောအခါ လင်းချန် ရှင်းပြရန် မကြိုးစားတော့ပေ။

အကယ်၍သာ သူသည် မည်သည့်တန်ဖိုးမျှ ပေးဆပ်စရာမလိုဘဲ ပြိုင်ဘက်ကင်း တပ်မတော်ကြီးကို ဆင့်ခေါ်နိုင်စွမ်းရှိသည်ဟု သူတို့ သိသွားပါက ဤရှေးဟောင်းအမွေအနှစ်နယ်မြေ ခရီးစဉ်ကြီးသည် အလွန်လွယ်ကူလွန်းသွားပြီး ပျင်းစရာကောင်းသွားပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် ဤအရာက မည်သည့်စမ်းသပ်မှု ဖြစ်တော့မည်နည်း။ ထိုသို့ပြုလုပ်ခြင်းက သူတို့ကို ကူညီရာမရောက်ဘဲ ဒုက္ခပေးသကဲ့သို့သာ ဖြစ်သွားလိမ့်ပေမည်။

ထို့ကြောင့် ဤအထင်လွဲမှုကို အလိုက်သင့်ထားလိုက်ပြီး တပ်မတော်ကို ဆင့်ခေါ်ခြင်းသည် ပေးဆပ်မှုကြီးမားသည်ဟု သူတို့ကို ထင်မှတ်စေလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်၏။ ထိုသို့ဆိုလျှင် ဟွာရှာအင်ပါယာ တပ်မတော်ကို ဆင့်ခေါ်ခြင်းသည် အရေးပေါ်အခြေအနေမှသာ နောက်ဆုံးထုတ်သုံးရမည့် ဝှက်ဖဲဖြစ်သွားလိမ့်ပေမည်။ ထိုမတိုင်ခင်အချိန်အထိ လူတိုင်းသည် ဖိအားအနည်းငယ် ရှိနေကြမည်ဖြစ်ပြီး အခက်အခဲများကို ကိုယ်ပိုင်အရည်အချင်းများဖြင့်သာ ရင်ဆိုင်ဖြေရှင်းကြရပေလိမ့်မည်။

လင်းချန်က ဘေးဘီကို ဝေ့ကြည့်ရင်း မေးလိုက်၏။ "အခု ငါတို့ ဘာလုပ်ကြမလဲ...။ ဒီအတိုင်းပဲ ထိုင်နေကြတော့မလား..."

လင်းချန်၏ စကားကို ကြားသောအခါ ရှင်းရှင်းတစ်ယောက် အောင့်မထားနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။ "ဖူး... ချန်လေး... နင်က ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ ပထမဧရိယာက စမ်းသပ်မှုအကြောင်းကို တကယ်မသိတာလား..."

လင်းချန်၏ မျက်နှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ရယ်မော၍ ပြန်ဖြေလိုက်သည်။ "ဟဟ... ဘာမို့လို့လဲ..."

လွန်ခဲ့သည့်ရက်များအတွင်း လင်းချန်သည် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် လေချန်အပါအဝင် လေးယောက်ကို အထူးလေ့ကျင့်ပေးခြင်းတို့၌သာ အာရုံအပြည့်အဝ စိုက်ထားသဖြင့် အချက်အလက်များကို လေ့လာရန် မေ့လျော့လာခဲ့သည်။

လေချန်နှင့် အခြားသူများမှာ ကြောင်အသွားကြ၏။ လင်းချန်ကဲ့သို့ လူမျိုးက ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ စမ်းသပ်မှုအကြောင်းကို ဘာတစ်ခုမျှ မသိထားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားကြချေ။

ရှင်းရှင်းက သက်ပြင်းချကာ ရှင်းပြ၏။ "ရှေးဟောင်းအမွေအနှစ်နယ်မြေ တည်ရှိတဲ့ ဒီကမ္ဘာငယ်လေးကို ဧရိယာအများကြီး ခွဲခြားထားတယ်။ အခု မိန်းတို့ရောက်နေတာက ပထမဧရိယာပဲ...။ ပထမဧရိယာ တစ်ခုလုံးက ထူထပ်တဲ့ သစ်တောတွေနဲ့ တောင်တန်းတွေပဲ ရှိတယ်။ သိုင်းဝိညာဉ်သားရဲတွေလည်း အများကြီး နေထိုင်ကြတယ်...။ မိန်းတို့ ဝင်လာတုန်းက အပြင်ဘက်ဆုံး အပိုင်းကို ရောက်လာတာ...။ အတွင်းပိုင်းကို နက်နက်ဝင်လေလေ သိုင်းဝိညာဉ်သားရဲတွေက ပိုသန်မာလေလေပဲ...။"

"စည်းကမ်းကတော့ မိန်းတို့ ဒီနယ်မြေထဲ ဝင်လာပြီး ၅ ရက်အတွင်းမှာ ဒုတိယဧရိယာကို သွားနိုင်ဖို့အတွက် အတွင်းဘက် အနက်ဆုံးအပိုင်းကို ရောက်အောင်သွားရမယ်။ ၅ ရက်အတွင်း ဒုတိယဧရိယာကို မရောက်ဘူးဆိုရင်... မိန်းတို့ ပထမဧရိယာကနေ မောင်းထုတ်ခံရလိမ့်မယ်...။ ဒါပေမဲ့ မိန်းတို့က ရှေ့တည့်တည့်ကိုပဲ သွားလို့ရမယ်။ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို လုံးဝ မသွားရဘူး...။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေက အရမ်းကို ကြောက်စရာကောင်းလို့ပဲ..."

ထိုစကားကို ကြားသောအခါ လင်းချန်၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး ရှင်းရှင်းကို သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ "မိန်း... အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နေရာမို့လို့လဲ...။ ကိုတို့ သွားကြည့်ကြမလား..."

လင်းချန်၏ အကြံပြုချက်ကို ကြားသည်နှင့် ရှင်းရှင်းက ခေါင်းကိုခါကာ ငြင်းဆန်လိုက်၏။ "လုံးဝ မဖြစ်ဘူး...။ အဲဒီနေရာမှာက သေလွန်သူတွေ လှုပ်ရှားသွားလာနေကြတာ..."

လင်းချန်က အံ့ဩတကြီး ရေရွတ်လိုက်သည်။ "မသေမျိုးတွေ... ဟုတ်လား..."

ရှင်းရှင်း ပြောလိုက်သည့်စကားကို ကြားသောအခါ လင်းချန်မှာ ကြောက်ရွံ့သွားခြင်း အလျဉ်းမရှိဘဲ ပို၍ပင် စိတ်ဝင်စားသွားကာ ထပ်မေးလိုက်၏။ "ဘာကိုဆိုလိုတာလဲ...။ အဲဒီနေရာက တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား..."

ရှင်းရှင်းက ခေါင်းတစ်ချက်ညိတ်ကာ လင်းချန်ကို ရှင်းပြလိုက်သည်။ "မိန်းတို့ ဒီထဲကို မဝင်ခင်တုန်းက ဆရာက သေသေချာချာ မှာလိုက်တယ်။ ရှေ့တည့်တည့်ကိုပဲ သွားရမယ်... အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို ဘယ်တော့မှ ခြေဦးမလှည့်နဲ့တဲ့...။"

လင်းချန်က ပြန်မေးလိုက်သည်။ "မိန်းရဲ့ ဆရာကလား..."

ထိုစကားကို ကြားသောအခါ လင်းချန် အလေးအနက် တွေးတောလိုက်မိ၏။ ရှင်းရှင်း၏ ဆရာဖြစ်သည့် ဓားနတ်ဘုရားဂိုဏ်းမှ နာမည်ကျော် ဓားသူတော်စင်မယ်က ထိုကဲ့သို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဆိုမှတော့ ခိုင်လုံသော အကြောင်းပြချက် ရှိကိုရှိရပေမည်။ ထိုအရပ်မျက်နှာနှစ်ခုရှိ နေရာများသည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းနေလောက်၏။

စဉ်းစားပြီးနောက် လင်းချန်က ထပ်မံ မေးလိုက်ပြန်သည်။ "မိန်းရဲ့ဆရာက အဲဒီနေရာနှစ်ခုနဲ့ ပတ်သက်ပြီး ဘာကိစ္စလဲဆိုတာ အတိအကျ ပြောပြသေးလား..."

ရှင်းရှင်းက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ပြန်ဖြေသည်။ "မပြောပြဘူး...။ ဆရာက အဲဒီဘက်ကို လုံးဝခြေမချဖို့ပဲ အလေးအနက် သတိပေးလိုက်တာ..."

လီလဲ့ထျန်၏ ဘေးနားရှိ ဝမ်လန်ရှင်းက ရုတ်တရက် ဝင်ပြောလိုက်၏။ "ရှေးဟောင်းအမွေအနှစ်နယ်မြေရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို သေမင်းနယ်မြေလို့ ခေါ်ကြတယ်..."

ဝမ်လန်ရှင်း၏ စကားကြောင့် ရှိသမျှလူအကုန်လုံး သူမဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လူတိုင်းက သိချင်စိတ်အပြည့်ဖြင့် ဝိုင်းကြည့်နေကြသည်ကို မြင်သောအခါ ဝမ်လန်ရှင်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ဆက်ပြော၏။ "တစ်ခါတလေကျရင် ငါက မှတ်တမ်းဟောင်းတွေကို ဖတ်ရတာ သဘောကျတယ်လေ...။ နတ်ဓားဂိုဏ်းက စီနီယာတစ်ယောက် ရေးသားထားတဲ့ မှတ်တမ်းတစ်ခုကို ငါဖတ်ဖူးတယ်။ သူက ဒီရှေးဟောင်းအမွေအနှစ်နယ်မြေထဲကို ဝင်ဖူးတယ်။ အဲဒီ သေမင်းနယ်မြေဆိုတာ သာမန်နေရာမျိုး မဟုတ်ဘူးတဲ့..."

လင်းချန်က စိတ်ဝင်စားသွားပြီး ဝမ်လန်ရှင်းကို လှမ်းကြည့်ကာ မေးလိုက်သည်။ "သာမန်နေရာ မဟုတ်ဘူး... ဟုတ်လား...။ ဘာတွေများ ထူးခြားနေလို့လဲ... လုပ်စမ်းပါဦး... စီနီယာက ဘာတွေမှတ်တမ်းတင်ထားလဲ ပြောပြပါဦး..."

ရှင်းရှင်းပင်လျှင် သိချင်စိတ် ပြင်းပြလာတော့၏။ သူမ၏ ဆရာက အရှေ့ဘက်နှင့် အနောက်ဘက်ကို မသွားရန် အထပ်ထပ် မှာကြားသော်လည်း အကြောင်းပြချက်ကိုတော့ ပြောပြခြင်း မရှိချေ။ ထို့ကြောင့် သူမလည်း အကြောင်းရင်းကို သိချင်နေမိသည်။

ဝမ်လန်ရှင်းက ရှင်းပြ၏။ "စီနီယာရဲ့ မှတ်တမ်းအရဆိုရင် အရှေ့ဘက်နဲ့ အနောက်ဘက်က သေမင်းနယ်မြေရဲ့ မြေမျက်နှာသွင်ပြင်က အခု ငါတို့ မြင်နေရတာနဲ့ လုံးဝကို ကွဲပြားခြားနားနေတာတဲ့...။ အဲဒီသစ်တောတွေထဲမှာ နေ့တိုင်းလိုလို ထူထပ်တဲ့ မြူတွေအုပ်ဆိုင်းနေပြီး မဲမှောင်နေလို့ ဘာမှကို သေသေချာချာ မမြင်ရဘူးတဲ့...။ ဒါပေမဲ့ ထူးဆန်းတာက... ဒီကမ္ဘာငယ်လေးထဲမှာ ညရောက်ပြီး မှောင်သွားတာနဲ့ သေမင်းနယ်မြေထဲက မြူထူကြီးတွေ ပျောက်ကွယ်သွားပြီး လရောင်အောက်မှာ အဲဒီသစ်တောကြီးရဲ့ ပုံစံအမှန်က ပေါ်လာရောတဲ့...။"

"သစ်ပင်ခြောက်တွေက တောင်တန်းတွေပေါ်မှာ ဖုံးလွှမ်းနေပြီး မြေကြီးကလည်း မွဲခြောက်ခြောက်နဲ့ အက်ကွဲနေတာတဲ့...။ အဲဒီ မြေကွဲကြောင်းတွေထဲကနေ အေးစက်စက် အငွေ့အသက်တွေ စိမ့်ထွက်နေတတ်တယ်တဲ့...။"

"သေမင်းနယ်မြေ သစ်တောထဲမှာ ပုံစံအမျိုးမျိုးရှိတဲ့ အဆောက်အအုံတွေ ဟိုနားတစ်လုံး ဒီနားတစ်လုံးနဲ့ ပြန့်ကျဲနေပြီး အကုန်လုံးက ပျက်စီးယိုယွင်းနေတာတဲ့...။ စီနီယာရဲ့ မှတ်တမ်းအရဆိုရင် အဲဒီအဆောက်အအုံတွေက လူနေအိမ်ပုံစံတွေရယ် ၊ စာကြည့်တိုက်တို့ ဆေးလုံးသိုလှောင်တဲ့နေရာတို့လို အဆောက်အအုံမျိုးတွေ ရှိတယ်တဲ့...။"

ပြိုင်ဘက်ကင်း အင်ပါယာ

စာစဉ် (၁၃) ၊ အတွဲ (၁) ၊ အပိုင်း (၁၂၁) ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၂

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ဝမ်လန်ရှင်း၏ စကားကို ကြားလိုက်ရသောအခါ လင်းချန်နှင့် အခြားသူများ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားကြ၏။

ကြည့်ရသည်မှာ ထိုအဆောက်အအုံများသည် ဤရှေးဟောင်းအမွေအနှစ်နယ်မြေကို ပိုင်ဆိုင်ခဲ့ဖူးသော ရှေးဟောင်းဂိုဏ်းကြီး၏ အမွေအနှစ်များ ဖြစ်ဟန်တူ၏။

"ရှေးစကားတစ်ခု ရှိတာကို ငါမှတ်မိသေးတယ်...။ ရှေးဟောင်းအမွေအနှစ်နယ်မြေ တည်ရှိတဲ့ ဒီကမ္ဘာငယ်လေးက နည်းနည်း ထူးခြားနေတယ်ဆိုပဲ..."

တင်းကျစ်ရုံ ရုတ်တရက် ဝင်ပြောလိုက်သဖြင့် လူတိုင်း၏ အာရုံက သူ့ထံသို့ ရောက်ရှိသွား၏။

"ဒီရှေးဟောင်းဂိုဏ်းကြီး ကပ်ဘေးသင့်ပြီး ပျက်စီးသွားတုန်းက သူတို့ရဲ့ ဂိုဏ်းပိုင်နက် နယ်မြေတချို့ ပြိုကျပြီး ဒီကမ္ဘာငယ်လေးထဲ ရောက်လာတယ်လို့ ဆိုကြတယ်...။ သေမင်းနယ်မြေဆိုတာက အဲဒီလို ပြိုကျလာတဲ့ အပိုင်းဖြစ်လောက်တယ်...။ ဒါကြောင့် တခြားနေရာတွေနဲ့ မတူဘဲ ကွဲပြားနေတာပေါ့..."

တင်းကျစ်ရုံ ပြောပြီးသည်နှင့် လင်းချန်က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်သည်။

"ဒါက ဖြစ်နိုင်ချေရှိတယ်...။ ဒီလိုကြည့်မယ်ဆိုရင် သေမင်းနယ်မြေထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိနေမှာသေချာတယ်..."

"ဒါပေမဲ့ ကောလာဟလတွေအရဆိုရင် သေမင်းနယ်မြေမှာ မသေမျိုးတွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်တဲ့..."

လင်းချန်တစ်ယောက် သွားချင်စိတ် ဖြစ်ပေါ်နေသည်ကို မြင်သောအခါ ရှင်းရှင်းက အလျင်အမြန် ဝင်ပြောလိုက်၏။

သူမ၏ ဘေးနားရှိ ဝမ်လန်ရှင်းကလည်း ခေါင်းတစ်ချက် ညိတ်ပြ၏။

"လူတော်တော်များများက ဒီအကြောင်းကို သိကြတယ်...။ မှတ်တမ်းထဲမှာတော့ ပိုပြီး အသေးစိတ် ရေးထားသေးတယ်..."

"သေမင်းနယ်မြေမှာ ညရောက်တာနဲ့ အလောင်းကောင်တွေက ထပြီး လှုပ်ရှားသွားလာကြတာတဲ့...။ အဲဒီအလောင်းကောင်တွေက စွမ်းအားကြီးရုံတင်မကဘူး... သေမင်းကိုတောင် အန်တုနိုင်သလိုပဲတဲ့...။ ခေါင်းဖြတ်ခံရရင်တောင် ဆက်ပြီး လှုပ်ရှားနိုင်ကြသေးတယ်တဲ့..."

ထိုစကားကို ကြားလိုက်ရသောအခါ ရှိသမျှလူအကုန် ခေါင်းနားပန်းကြီးသွားကြပြီး ကြက်သီးမွေးညင်းများပင် ထသွားကြတော့၏။

စွမ်းအားကြီးမားသော အလောင်းကောင်များ လှုပ်ရှားသွားလာနေသည်မှာ အပထား သတ်၍မသေနိုင်ဆိုသည့် အချက်ကို မည်သို့လုပ်ပြီး ရင်ဆိုင်နိုင်မည်နည်း။

ဤရှေးဟောင်းအမွေအနှစ်နယ်မြေထဲ၌ သေမင်းနယ်မြေကဲ့သို့ ထူးဆန်းအံ့ဩဖွယ်ကောင်းသော နေရာမျိုး ရှိနေလိမ့်မည်ဟု လင်းချန် ထင်မှတ်မထားမိခဲ့ပေ။

"ခေါင်းဆောင်ကို ကြည့်ရတာ သေမင်းနယ်မြေဆီ သွားကြည့်ချင်နေတဲ့ပုံပဲ..."

လင်းချန်၏ အမူအရာကို ကြည့်ပြီး မလှမ်းမကမ်းမှ လေချန်က ရုတ်တရက် မေးလိုက်၏။

လင်းချန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...။ ငါ သေမင်းနယ်မြေကို သွားစူးစမ်းကြည့်ချင်တယ်..."

လင်းချန်၏ အမြင်၌ ဝမ်လန်ရှင်း ပြောပြသည့် အချက်အလက်များသာ မှန်ကန်ပါက သေမင်းနယ်မြေထဲ၌ သူတို့ အကျိုးအမြတ်များစွာ ရရှိနိုင်လိမ့်ပေမည်။

ထို့အပြင် သူတို့ရရှိမည့်အရာများသည် ရှေးဟောင်းဂိုဏ်းကြီး၏ အမွေအနှစ်များ ဖြစ်ကြ၏။ အကယ်၍သာ ထိုရှေးဟောင်းဂိုဏ်း၏ ပစ္စည်းများကို ရယူနိုင်ပြီး ကျူးကော့မင်အား သုတေသနလုပ်ခိုင်းလိုက်လျှင် အကျိုးရှိသော ပစ္စည်းများစွာ ထုတ်လုပ်နိုင်မည်ဖြစ်ကာ ဟွာရှာအင်ပါယာကိုလည်း များစွာ အထောက်အကူပြုနိုင်မည် မဟုတ်လော။

"ဒါပေမဲ့ ချန်လေး... အဲဒါက အရမ်း အန္တရာယ်များလွန်းမနေဘူးလား..."

လင်းချန်တစ်ယောက် သေမင်းနယ်မြေသို့ တကယ်သွားချင်နေကြောင်း သိလိုက်ရသဖြင့် ရှင်းရှင်းမှာ မျက်မှောင်ကြုတ်သွားရတော့၏။

တစ်ချိန်တည်းမှာပင် ဝမ်လန်ရှင်းကလည်း ဝင်ရောက်သတိပေးလိုက်သည်။

"သေမင်းနယ်မြေကို ရှာတွေ့ခဲ့တာက နတ်ဓားဂိုဏ်းက စီနီယာကြောင့်ပါ...။ အဲဒီတုန်းက သူနဲ့ ရှန်ထျန်ဂိုဏ်းက တပည့်တစ်ယောက်ပဲ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာ...။ ကျန်တဲ့လူတွေ အကုန်လုံး အထဲမှာတင် သေသွားကြတာနော်..."

လူတိုင်း တွန့်ဆုတ်နေကြသည်ကို မြင်သောအခါ လင်းချန်က ပြုံးကာ စကားစလိုက်၏။

"ဘာလဲ... မင်းတို့ကိုယ်မင်းတို့ မယုံကြည်ကြဘူးလား...။ အတိတ်ကလူတွေ ဒီမှာသေခဲ့တိုင်း ငါတို့လည်း လိုက်သေရမှာလား..."

လေချန်နှင့် အခြားသူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ခေတ္တမျှ စဉ်းစားနေကြသော်လည်း ဘာမှပြန်မပြောကြချေ။

သူတို့အနေဖြင့် သေမင်းနယ်မြေအကြောင်း အနည်းငယ် သိထားသော်လည်း ထိုနေရာက သူတို့အတွက် ပဟေဠိနယ်မြေတစ်ခု ဖြစ်နေဆဲပင်။

ပုံမှန်အခြေအနေဆိုလျှင် သူတို့သည် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ပထမဧရိယာအတိုင်း ရှေ့ဆက်သွားပြီး ၅ ရက်အတွင်း ဒုတိယဧရိယာသို့ ရောက်အောင် သွားသင့်၏။

လမ်းခရီး၌လည်း သိုင်းဝိညာဉ်သားရဲများကို သတ်ဖြတ်ရင်း လေ့ကျင့်နိုင်သေးသည်။ ထို့အပြင် သိုင်းဝိညာဉ်သားရဲများ၏ အသား ၊ အရေခွံ ၊ အကြောနှင့် အရိုးများကို ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းအတွက် ကုန်ကြမ်းအဖြစ် ရယူနိုင်သဖြင့် ထိုသည်ကလည်း ကြီးမားသော ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ၌ ရသမျှ ပစ္စည်းအားလုံးသည် တပည့်များ၏ ကိုယ်ပိုင်ပစ္စည်းများသာဖြစ်ပြီး ဂိုဏ်းက ပြန်လည်သိမ်းဆည်းမည် မဟုတ်ချေ။

သိုင်းဝိညာဉ်သားရဲများကို အန္တရာယ်ကင်းကင်းဖြင့် သတ်ဖြတ်ပြီး ပထမဧရိယာကို ဖြတ်ကျော်မည်လော။ သို့မဟုတ် လင်းချန်နောက်သို့လိုက်ပြီး အမည်မသိ သေမင်းနယ်မြေသို့ သွားကြမည်လော။

သေမင်းနယ်မြေသည် အမည်မသိဖြစ်ကာ အန္တရာယ်များနိုင်သော်လည်း ရှေးဟောင်းဂိုဏ်း၏ အမွေအနှစ် ရတနာများ ရှိနေနိုင်၏။

"ချန်လေး... နင်တကယ်ပဲ သေမင်းနယ်မြေကို သွားချင်တာလား..."

ရှင်းရှင်းက လင်းချန်ဘက်သို့ လှည့်ကာ လေးနက်သော အကြည့်ဖြင့် မေးလိုက်၏။

လင်းချန် ရှင်းရှင်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"အင်း..."

"ကောင်းပြီလေ... ဒါဆို မိန်းလည်း နင်နဲ့အတူ လိုက်ခဲ့မယ်..."

ခိုင်မာပြတ်သားသော အဖြေကို ရပြီးနောက် ရှင်းရှင်းက သက်ပြင်းချကာ သဘောတူလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီးမှ ရှင်းရှင်းကို ပြန်မေးလိုက်၏။

"ဒါပေမဲ့ မိန်းရဲ့ ဆရာက သေမင်းနယ်မြေကို မသွားဖို့ ပြောထားတယ်ဆို..."

"မိန်း နင်နဲ့အတူတူ ရှိနေချင်တယ်..."

လင်းချန် ပြုံးလိုက်ပြီး ရှင်းရှင်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။

"စိတ်မပူပါနဲ့... ကို ရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး..."

အလားတူပင် လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ စုံတွဲသည်လည်း ထိုမြင်ကွင်းကို ကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် အပြုံးဖြင့်ကြည့်ကာ လက်ချင်း ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ကြ၏။

လေချန်နှင့် တင်းကျစ်ရုံတို့နှစ်ယောက်မှာ မျက်ခုံးပင့်ကာ အချင်းချင်း ကြည့်လိုက်ကြ၏။ ထိုစဉ် ကျောက်ဟိုင်မင်းမှာ သူတို့အလယ်သို့ လျှောက်လာပြီး သူတို့နှစ်ယောက်၏ ပခုံးများကို ဖက်ကာ ပြုံးစိစိဖြင့် ဝင်နောက်လိုက်သည်။

"ငါတို့သုံးယောက်လည်း အတွဲလုပ်ကြမလား..."

"ဘုန်း..."

လေချန်နှင့် တင်းကျစ်ရုံတို့ ကျောက်ဟိုင်မင်း၏ ရင်ဘတ်အား တံတောင်ဖြင့် တွတ်ကာ ဆောင့်တွန်းလိုက်ပြီး ပြိုင်တူ အော်ဟစ်လိုက်ကြ၏။

"လစ်စမ်းကွာ..."

**--**--**--**--**--**--**--**

"ဘာ... နင်တို့က သေမင်းနယ်မြေကို သွားကြမလို့လား..."

ဒဏ်ရာများသက်သာလာပြီး အသိစိတ်ပြန်ကပ်လာသော ရှင်းရှင်း၏ စီနီယာအစ်မနှစ်ယောက်သည် လင်းချန်နှင့် အဖွဲ့သားများ၏ စကားကို ကြားသည်နှင့် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတော့၏။

"စီနီယာအစ်မလျူ ၊ စီနီယာအစ်မကျူး... အစ်မတို့ရော လိုက်ခဲ့ချင်လား..."

ရှင်းရှင်း ရှေ့တိုးသွားပြီး စီနီယာအစ်မများ၏ လက်များကို ဆုပ်ကိုင်ကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။

"တကယ်လို့ မလိုက်ချင်ကြဘူးဆိုရင်တော့ ညီမတို့ ဒီမှာတင် လမ်းခွဲရတော့မယ်..."

လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့မှာ ဓားနတ်ဘုရားဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ယောက်၏ နာမည်များပင် ဖြစ်ကြသည်။

ရှင်းရှင်း၏ စကားကို ကြားသောအခါ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး လေးနက်စွာ စဉ်းစားခန်း ဝင်သွားကြ၏။

သေမင်းနယ်မြေမှာ မည်မျှ ကြောက်စရာကောင်းသနည်းဆိုသည်ကို သူတို့ ကြားဖူးထားပြီးဖြစ်သည်။

ထိုနေရာကို စတင်ရှာဖွေတွေ့ရှိခဲ့သော အဖွဲ့ထဲမှ လူနှစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်ဆိုကတည်းက ထိုနေရာသည် အလွန်အမင်း အန္တရာယ်များကြောင်း အထူးတလည် ပြောနေရန်ပင် မလိုတော့ချေ။

သိုင်းဝိညာဉ်သားရဲများကို သတ်ပြီး ဒုတိယဧရိယာကို သွားမည်လော။ သို့မဟုတ် ဤလူစုနှင့်ပူးပေါင်းပြီး သေမင်းနယ်မြေသို့ လိုက်သွားမည်လော။

လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့၏ စိတ်ထဲ၌ အတွေးများ လွန်ဆွဲနေကာ ဆုံးဖြတ်ရခက်နေကြတော့၏။

အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်တော့ သူတို့နှစ်ယောက် ဆုံးဖြတ်ချက် ချလိုက်နိုင်ပုံရ၏။

"ငါတို့လည်း နင်တို့နဲ့ လိုက်ခဲ့မယ်..."

သူမတို့ သဘောတူလိုက်သည်ကို မြင်သောအခါ ရှင်းရှင်း ဝမ်းသာသွား၏။ "စီနီယာအစ်မတို့ပါ လိုက်ခဲ့မယ်ဆိုတော့ အရမ်းကောင်းသွားပြီ..."

"ဆုံးဖြတ်ပြီးပြီဆိုတော့လည်း အချိန်ဆွဲမနေတော့ဘူး...။ အခုပဲ သွားကြစို့..."

ရှင်းရှင်း၏ စီနီယာအစ်မနှစ်ယောက်ပါ လိုက်မည်ဆိုသဖြင့် လင်းချန်က အသိပေးလိုက်သည်။

"ငါတို့မှာ ၅ ရက်ပဲ အချိန်ရတာ...။ စောစောသွားလေ အချိန်ပိုသက်သာလေပဲ..."

လူတိုင်းက လင်းချန်၏စကားကို ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူတို့အားလုံး အရှေ့ဘက်သို့ ဦးတည်ကာ သန္နိဋ္ဌာန်ခိုင်မာစွာဖြင့် စတင်ထွက်ခွာလိုက်ကြတော့သည်။

**--**--**--**--**--**--**--**

ရွှမ်ဟွမ်ဂြိုဟ်... အတိတ်တုန်းက လင်းချန် အုပ်စိုးခဲ့သော အွန်လိုင်းဂိမ်းထဲမှ ဆာဗာတစ်ခုပင်။ ယခုအချိန်၌တွင် ဤဧရာမဂြိုဟ်ကြီးသည် ဟွာရှာအင်ပါယာ ဖြစ်လာလေပြီ။

လင်းချန်နှင့်အတူ ဤကမ္ဘာသို့ ပါလာသော ရွှမ်ဟွမ်ဂြိုဟ်သည် ဒေတာအချက်အလက်များနှင့် ပြုလုပ်ထားသော ဂိမ်းတစ်ခု မဟုတ်တော့ဘဲ သက်ရှိများ ရှင်သန်နေထိုင်ရာ ကမ္ဘာစစ်စစ်တစ်ခု ဖြစ်နေလေပြီ။

ပထမကုန်းမြေတိုက်ကြီးသည် ဟွာရှာအင်ပါယာ တည်ရှိရာနေရာဖြစ်ပြီး အင်ပါယာ၏ တပ်တော်ကြီး ခြောက်ရပ် အခြေစိုက်စခန်းချရာ နေရာလည်း ဖြစ်သည်။

တိုင်းပြည်၏ တောင်ဘက်အရပ်၌ ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းပြင်ကြီးနှင့် တပ်စခန်းတစ်ခုရှိပြီး ထိုနေရာ၌ ကျောက်လုံ ရှိနေ၏။ သူသည် အင်ပါယာ၏ အတော်ဆုံး လက်ရွေးစင်စစ်သည်များကို ဦးစီးကွပ်ကဲနေခြင်းဖြစ်သည်။

နဂါးပုံသဏ္ဍာန်များ ခတ်နှိပ်ထားသော လေးလံသည့် သံမဏိသံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြသည့် စစ်သည်များသည် သူတို့၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ကာ လှံရေးကစား လေ့ကျင့်နေကြ၏။

ကျောက်လုံ၏ ရှေ့မှောက်၌ ရှိနေသည့် နတ်လှံတပ်မတော်မှ စစ်သည်တစ်ယောက်လောက်သာ အပြင်သို့ထွက်လာပါက ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံးကို လက်ဖျောက်တစ်ချက်တီးရုံဖြင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။

ဤသည်မှာ ဟွာရှာအင်ပါယာ၏ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကျောက်လုံ ဦးစီးနေသည့် ဆဋ္ဌမမြောက် တပ်တော်... နတ်လှံတပ်မတော်ပင် ဖြစ်သည်။

"ဟမ်..."

စစ်သည်များကို လေ့ကျင့်ပေးနေသော ကျောက်လုံ ရုတ်တရက် အံ့အားသင့်သွားပြီး လင်းချန်ထံမှ အမိန့်တစ်ခုကို စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် လက်ခံရရှိလိုက်၏။

နောက်တစ်ခဏ၌ ကျောက်လုံသည် သူရှိနေသောနေရာမှ ပျောက်ကွယ်သွားပြီး ၁၈ ခုမြောက် ကုန်းမြေတိုက်ကြီးသို့ ရောက်ရှိသွားကာ ထိုနေရာမှ အလယ်အလတ်အဆင့် လှံကိုင်စစ်သည် ၅၀၀ အား ဆင့်ခေါ်လိုက်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၂ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters