အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၃
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
စစ်သည် ၅၀၀ ခန့်အား ကျောက်လုံ၏ ရှေ့မှောက်၌ သေသပ်စွာ တန်းစီလိုက်သည့်အချိန်၌ပင် ကောင်းကင်ထက်မှ ဆွဲငင်အားလှိုင်းတစ်ခု ကျဆင်းလာကာ သူတို့အားလုံးကို ရစ်ပတ်လွှမ်းခြုံသွားတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်လုံနှင့် လှံကိုင်စစ်သည် ၅၀၀ တို့သည် သစ်တောအုပ်တစ်ခုထဲသို့ ရောက်ရှိသွားကြသည်။ မြေကြီးထက်၌မူ လင်းချန်နှင့်အဖွဲ့ ဖြတ်သန်းသွားခဲ့သည့် ခြေရာများကို ထင်ရှားစွာ တွေ့မြင်နေရ၏။
“ရွှပ်…”
လေခွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် အနက်ရောင် သံချပ်ကာအပျော့စား ဝတ်ဆင်ထားသော လေဟုန်စစ်သည်များသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာကြကာ ကျောက်လုံ၏ ရှေ့မှောက်၌ ဒူးထောက်အရိုအသေပေးလိုက်ကြသည်။
“သခင်ကြီးကျောက်…”
လေဟုန်စစ်သည်များကို မြင်သောအခါ ကျောက်လုံက တွေဝေခြင်းမရှိဘဲ အမိန့်ပေးလိုက်၏။
“ကျီချင်းက လောလောဆယ် အင်ပါယာကနေ ထွက်လာလို့ မရသေးဘူး။ ဒါကြောင့် မင်းတို့အားလုံး ငါ့အမိန့်ကို ခဏ နာခံရမယ်။ အရင်ဆုံး အနောက်ဘက်ခြမ်းကို သွားပြီး ကင်းထောက်ကြ။ စစ်သည်တွေနဲ့အတူ နောက်ကနေ ငါ လိုက်ခဲ့မယ်…”
“အမိန့်တော်အတိုင်းပါ…”
ကျောက်လုံ၏ အမိန့်ကို ရသည်နှင့် လေဟုန်စစ်သည်များတို့က ချက်ချင်း လှည့်ထွက်ကာ အနောက်ဘက်သို့ ဦးတည်သွားကြတော့၏။
ခဏအကြာ၌ ကျောက်လုံသည်လည်း သူ၏ လှံကိုင်စစ်သည် ၅၀၀ အား ဦးဆောင်ကာ အနောက်ဘက်သို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်သွားလေတော့သည်။
**--**--**--**--**--**--**--**
တစ်ဖက်၌မူ အရှေ့ဘက်သို့ ချီတက်နေသော လင်းချန်သည် ကျောက်လုံတို့ ရောက်ရှိလာမှုကို အာရုံခံမိသွားပုံရကာ ကျေနပ်စွာဖြင့် ပြုံးလိုက်၏။
ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် အင်ပါယာမှလူများကို ဆင့်ခေါ်ရာ၌ သူ၏ဘေးနားသို့ တိုက်ရိုက်ရောက်လာရန် မလိုဘဲ သတ်မှတ်ထားသော ဧရိယာတစ်ခုအတွင်း၌ပါ ဆင့်ခေါ်နိုင်စွမ်းရှိလေသည်။
သူတို့၏ အဓိကတာဝန်မှာ အရှေ့ဘက်ကို စူးစမ်းရန်ဖြစ်သော်လည်း လင်းချန်အနေဖြင့် အနောက်ဘက်ခြမ်းကိုလည်း လျစ်လျူမရှုလိုချေ။ ထို့ကြောင့် ဟွာရှာအင်ပါယာမှ ကျောက်လုံနှင့် စစ်သည်များကို ဆင့်ခေါ်ကာ အနောက်ဘက်သို့ သွားရောက်ကင်းထောက်ခိုင်းလိုက်ခြင်း ဖြစ်၏။
“ဝေါင်း…”
သစ်တောတစ်ခုလုံးကိုပင် တုန်ခါသွားစေသည့် ကျားဟိန်းသံကြီးတစ်ချက် ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် မီးလျှံကျားကြီးတစ်ကောင်က လူအုပ်၏ရှေ့သို့ ခုန်ထွက်လာကာ လမ်းမအလယ်၌ ပိတ်ရပ်လိုက်သည်။
“ဒါက မီးလျှံကျားပဲ။ နိဗ္ဗာန်နယ်ပယ်အဆင့်ကိုးနဲ့ ညီမျှတဲ့ သိုင်းဝိညာဉ်သားရဲ။ သူ့ခန္ဓာကိုယ်က အရမ်းမာရုံတင်မကဘူး… သူ့ကိုယ်ကို လွှမ်းခြုံထားတဲ့ မီးတောက်တွေက အဆင့်နိမ့် မူလလက်နက်တွေနဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေကိုတောင် အရည်ပျော်သွားစေနိုင်တဲ့ စွမ်းရည် ရှိတယ်…”
သူတို့ရှေ့ရှိ မီးတောက်များ ဖုံးလွှမ်းနေသော ကျားကြီးကို မြင်သောအခါ ကျူးရှောင်ကျားက အသံနှိမ့်ကာ လှမ်းသတိပေးလိုက်၏။
လျူယွဲ့ချန်သည်လည်း လန့်သွားရသည်။ သိုင်းဝိညာဉ်သားရဲများသည် အဆင့်တူညီသော်လည်း စွမ်းရည်မှာ ကွာခြားတတ်ကြသည်။
အချို့သော သိုင်းဝိညာဉ်သားရဲများသည် နိဗ္ဗာန်အဆင့်ကိုး ဖြစ်သော်လည်း လူသားသိုင်းပညာရှင်များထဲမှ ပါရမီရှင်များကဲ့သို့ပင် အကန့်အသတ်ကို ကျော်လွန်ကာ သာမန်ထက်ထူးကဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားတတ်ကြ၏။
သူတို့ရှေ့မှ မီးလျှံကျားသည်လည်း ထိုကဲ့သို့သော သားရဲမျိုးဖြစ်ကြောင်း ထင်ရှားသည်။ ကမ်းရိုးတန်းပြည်နယ်၌ဆိုလျှင် ဤမျှစွမ်းအားကြီးသော သားရဲမျိုးကို တွေ့ရခဲလှပေ၏။
အကယ်၍ လူတစ်ယောက်စ နှစ်ယောက်စသာ ဤသားရဲနှင့် တွေ့ခဲ့လျှင် သေချာပေါက် ဒုက္ခရောက်မည်ဖြစ်ပြီး အထူးသတိမထားပါက သူ၏ လက်သည်းအောက်၌ပင် အသက်ပျောက်သွားလိမ့်ပေမည်။
“ဘာတွေ လာအော်နေတာလဲ… ဘေးဖယ်စမ်း…”
လင်းချန် မျက်မှောင်ကြုတ်လိုက်၏။ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များ တောက်ပလာပြီးနောက် မီးလျှံကျား၏ ခေါင်းတည့်တည့်ဆီသို့ လက်သီးတစ်ချက် လှမ်း၍ ပစ်သွင်းလိုက်သည်။
“ဘန်းးး”
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းချန်၏ လက်သီးချက် ထိမှန်သွားသော မီးလျှံကျားကြီးမှာ တစ်စစီ ပေါက်ကွဲထွက်သွားပြီး သွေးသားအစအနများက အနောက်ဘက်သို့ လွင့်စဉ်ထွက်သွားတော့၏။
ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် မြေပြင်ပေါ်၌ ပူလောင်နေသညွ သွေးများ ပေကျံကာ ရဲရဲနီသွားပြီး ပြန့်ကျဲသွားသော အသားစများဆီမှလည်း မီးခိုးများ တထောင်းထောင်း ထွက်နေဆဲပင်။
လင်းချန်က သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်သိမ်းလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုပင် ရှေ့ဆက်လျှောက်သွားလိုက်ရာ လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့မှာ ပါးစပ်အဟောင်းသားဖြင့် ကျောက်ရုပ်များသဖွယ် ကျန်ရစ်ခဲ့ကြတော့၏။
လင်းချန်ဘေးမှ လိုက်လာသည့် ယီစင်းပင်လျှင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သွေးသံရဲရဲ အသားစများကို ကြည့်ကာ ယုံရခက်သလို ခံစားလိုက်ရသည်။
မီးလျှံကျားနှင့် စတွေ့စဉ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ရဦးမည်ဟု သူမ ထင်မှတ်ထားခဲ့မိ၏။ သို့ပေမဲ့ လင်းချန်က လက်သီးတစ်ချက်တည်းနှင့် ရှင်းပစ်လိုက်သည်လော။
“နင်တို့က… နည်းနည်းလေးတောင် အံ့ဩတဲ့ပုံ မပေါ်ပါလား…”
လေချန်နှင့် အခြားသူများ၏ မျက်နှာ၌ မည်သည့်ခံစားချက်မှ မရှိဘဲ အေးဆေးတည်ငြိမ်နေကြသည်ကို တွေ့ရသဖြင့် ကျူးရှောင်ကျားက အံ့ဩတကြီး မေးလိုက်၏။
“သူတို့ထက် အားနည်းတဲ့ လဲ့ထျန်နဲ့ ငါတောင်မှ မီးလျှံကျားကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်သေးတာပဲဟာ။ ခေါင်းဆောင်လို လူမဆန်တဲ့ ဘီလူးကောင်ဆိုရင်တော့ ပြောမနေနဲ့တော့…”
ဝမ်လန်ရှင်းက ပြုံးကာ ဝင်ပြောလိုက်သည်။
“ကျွန်တော်တို့ ခေါင်းဆောင်ကို သာမန်အသိနဲ့ တိုင်းတာလို့မရဘူးဗျ။ ကျင့်သားရအောင်သာ နေကြပါ…”
လေချန်က ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်၏။
ခရီးဆက်လာသည်နှင့်အမျှ ယီစင်းနှင့် သူမ၏ စီနီယာအစ်မနှစ်ယောက်သည် လင်းချန်နှင့် အဖွဲ့သားများ၏ ကောင်းကင်ကို အန်တုနိုင်သော စွမ်းရည်များကို မျက်ဝါးထင်ထင် တွေ့မြင်လာရလေတော့သည်။
လမ်းခရီး၌ တွေ့သမျှ နိဗ္ဗာန်နယ်ပယ်အဆင့် သိုင်းဝိညာဉ်သားရဲ မှန်သမျှကို တစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်ကြ၏။
သူတို့အဖွဲ့ထဲ၌ အားအနည်းဆုံးဟု ဝန်ခံထားသော လီလဲ့ထျန်နှင့် ဝမ်လန်ရှင်းတို့ပင်လျှင် ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့ နားလည်လိုက်သည်မှာ သူတို့အနေဖြင့် ထိုသားရဲများကို နိုင်အောင်တိုက်နိုင်သော်လည်း နတ်ဓားဂိုဏ်းမှ ဤလူစုလိုတော့ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည် မဟုတ်ချေ။
ဤသည်ကား တစ်ချက်တည်းဖြင့် အပြတ်ရှင်းခြင်းမျိုး ဖြစ်၏။
ယီစင်း လုပ်နိုင်သည်မှာတော့… သူမက မည်သူနည်း။ ဓားနတ်ဘုရားဂိုဏ်း၏ မျိုးဆက်သစ် ဓားသူတော်စင်မလေးပင် ဖြစ်သည်။ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းမှ ရှန်ထျန်ဂိုဏ်းနှင့် မဟာလှံတံဂိုဏ်းတို့က နည်းမျိုးစုံသုံးကာ ဖျက်ဆီးပစ်ချင်နေကြသည့် ပါရမီရှင်တစ်ယောက် မဟုတ်ပါလော။
ရင်ပြင်ပေါ်၌ ရှိစဉ်ကဆိုလျှင် ရှန်ထျန်ဂိုဏ်းချုပ် ကိုယ်တိုင်ပင် သူမကို သတ်ရန် အကြောင်းပြချက် ရှာခဲ့သေး၏။
သို့ပေမဲ့ ယခုအခါ လင်းချန်နှင့် သူ၏ လူများအားလုံးသည် ယီစင်းနှင့် တန်းတူအဆင့် ရှိနေကြသည်လော။ တကယ်ကို ယုံနိုင်စရာ မရှိချေ။
“ဟေး… ဟိုမှာ အစိမ်းရောင် ဝံပုလွေသားရဲတွေပါလား။ ကြည့်ရတာ ကောင်းကင်နယ်ပယ်အဆင့် ရှိတဲ့ပုံပဲနော်…”
“ဒီတစ်ခေါက်တော့ အကောင်ရေ တစ်ဒါဇင်လောက်ပဲ ရှိတယ်။ ငါတို့ ပထမဆုံး စတွေ့တုန်းကဆို အကောင်တစ်ရာကျော် ရှိတယ်မလား…”
“ဟုတ်တယ်လေ။ ဒါပေမဲ့ ကံဆိုးတာက ခေါင်းဆောင်လွှတ်လိုက်တဲ့ စစ်ကူတွေ လက်ချက်နဲ့ အကုန်သေသွားကြတယ်…”
လေချန် ၊ တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့သည် ထိုဝံပုလွေများကို အတူတကွ ဝင်ရောက်တိုက်ခိုက်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြ၏။
အဝေးမှ လှမ်းကြည့်နေသော လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့မှာ ဆွံ့အ ကြက်သေသေလျက် ရှိကြတော့သည်။
အဘယ်ကြောင့်များ ဤနတ်ဓားဂိုဏ်းမှ လူစုသည် ရှန်ထျန်ဂိုဏ်းမှ လူများထက်ပင် ပို၍ လူမဆန်အောင် စွမ်းဆောင်နိုင်နေကြရသည်နည်း။
“ရောက်ပြီ…”
နောက်ထပ် တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် လင်းချန် ရပ်လိုက်ပြီး ပြောလိုက်၏။ သူ့စကားကို ကြားသည်နှင့် လူတိုင်း ခေါင်းမော့ကာ ရှေ့သို့ ကြည့်လိုက်ကြသည်။
သိပ်သည်းထူထပ်လှသော အဖြူရောင်မြူထုကြီးတစ်ခုက သူတို့ရှေ့၌ ပိတ်ဆို့ထားပြီး ထိုမြူထုကြားမှတစ်ဆင့် မှတ်တမ်းထဲ၌ ပါရှိသည့် သစ်ပင်ခြောက်တောအုပ်ကြီးကိုပါ ဝေဝါးဝါး လှမ်းမြင်နေကြရသည်။
ဖြူဖွေးနေသည့် မြူထုကြီးသည် မမြင်မရသည့် အရာတစ်ခုက တားဆီးထားသည့်အလား အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေ၏။ လင်းချန်တို့ ရပ်နေသော စိမ်းလန်းစိုပြေသည့် တောအုပ်နှင့် ယှဉ်လိုက်လျှင် အလွန်သိသာစွာ ကွဲပြားခြားနားနေတော့သည်။
ထိုမြူထုကြားထဲမှ တိုးညှင်းသော ညည်းတွားသံများနှင့် လေတိုးသံလိုလို အသံများကို ကြားနေရပြီး တစ်စုံတစ်ယောက်က နားအနီးသို့ကပ်ကာ တရှုံ့ရှုံ့ ငိုကြွေးနေသကဲ့သို့ပင် ကျောချမ်းဖွယ် ကောင်းလှ၏။
“ကျွန်မ… ကျွန်မတို့ ပြန်လှည့်ကြမလားဟင်…”
ဝမ်လန်ရှင်းက လီလဲ့ထျန်၏ အင်္ကျီလက်စကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၃ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၄
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team
ဝမ်လန်ရှင်း၏ မျက်နှာထားကို မြင်သောအခါ လီလဲ့ထျန်က ရယ်မောလျက် ပြောလိုက်၏။
“ဒီအထိ တကူးတက ရောက်လာမှတော့လည်း ဝင်ကြည့်ရမှာပေါ့…”
ယီစင်းကမူ သေမင်းနယ်မြေ၏ အစပ်၌ ရပ်တန့်နေပြီး သူမ၏ ရှေ့မှောက်ရှိ ဖြူဖွေးထူထပ်နေသော မြူခိုးများကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ဆိုလိုက်၏။
“ချန်လေး… မိန်းရဲ့ စိတ်ထဲ တစ်မျိုးကြီးပဲ…။ ရှေ့မှာ တစ်ခုခု မှားနေသလို ခံစားရတယ်…။ မိန်းတို့ တကယ် ဝင်သင့်ရဲ့လား…”
လင်းချန်က ယီစင်း၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း နှစ်သိမ့်ပေးလိုက်၏။
“မကြောက်ပါနဲ့ မိန်း… ကို ရှိနေသရွေ့ ဘာမှမဖြစ်စေရဘူး…”
လင်းချန်က သူမ၏ လက်ကို ဆုပ်ကိုင်ထားပေးသဖြင့် ယီစင်းမှာ စိတ်အေးသွားရပြီး သူ့အနားသို့ ပို၍ တိုးကပ်သွားလိုက်သည်။ ထို့နောက် လင်းချန်က တိုက်တွန်းလိုက်၏။
“သွားကြစို့… ဒီသေမင်းနယ်မြေမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာ ကြည့်ကြတာပေါ့…”
ထိုသို့ ဆိုပြီးသည်နှင့် ယီစင်းအား ခေါ်ဆောင်ကာ ခိုင်မာသော ခြေလှမ်းများဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်သွားလိုက်တော့သည်။ လင်းချန်နှင့် ယီစင်းတို့ နှစ်ဦး မြူထုကြီးထဲသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ ကျန်ရှိနေသည့် လူများသည်လည်း အံကြိတ်လျက် နောက်မှ လိုက်ပါလာကြ၏။
သေမင်းနယ်မြေထဲသို့ လိုက်ပါမည်ဟု ကတိပေးထားပြီးမှ ယခုမှ ပြန်လှည့်မည်ဆိုပါက အလွန်ပင် ရှက်ဖွယ်ကောင်းနေမည် မဟုတ်ပါလော။
သေမင်းနယ်မြေအတွင်းသို့ ခြေချမိသည်နှင့် ဖြူဖွေးနေသည့် မြူထုကြီးက သူတို့၏ မြင်ကွင်းတစ်လောကလုံးကို ဝါးမျိုသွားတော့၏။ ပတ်ဝန်းကျင် ဆယ်ပေပတ်လည်ခန့်ကိုသာ သဲသဲကွဲကွဲ မြင်တွေ့နိုင်စွမ်း ရှိတော့သည်။
အဝေးသို့ လှမ်းကြည့်လိုက်ပါက မည်သည့်အရာကိုမျှ မမြင်ရဘဲ ဖြူဖွေးနေသော မြူခိုးများကိုသာ တွေ့မြင်နေရသည်။ သေမင်းနယ်မြေရှိ မြူများကြောင့် မြင်ကွင်းပိတ်ဆို့နေမှုသည် လင်းချန်၏ အမြင်အာရုံကိုပင် အတော်လေး ကန့်သတ်ထားလေ၏။
သို့တိုင်အောင် လင်းချန်ကမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေဟုန်စစ်သည်များက စောစောစီးစီး ဝင်ရောက်ကာ ကင်းထောက်ထားနှင့်ပြီးဖြစ်သောကြောင့်ပင်။ လင်းချန်၏ မျက်လုံးအစုံ၌ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားပြီးနောက် နည်းဗျူဟာ မှန်ပြင် တစ်ခုနှင့်အတူ လမ်းညွှန်မြေပုံတစ်ခုတို့ ထွက်ပေါ်လာ၏
ထိုမြေပုံထက်၌ တောက်ပနေသည့် အဝါရောင်အစက်လေးအား အစိမ်းရောင်အစက်လေးများက ဝန်းရံလျက် ရွေ့လျားနေကြ၏။ ထိုအဝါရောင်အစက်လေးမှာ လင်းချန်ကိုယ်တိုင်ဖြစ်ပြီး သူ့အား ဝန်းရံကာကွယ်ပေးထားသော အစိမ်းရောင်အစက်လေးများမှာမူ လေဟုန်စစ်သည်များ ဖြစ်ကြသည်။
ဟွာရှာအင်ပါယာ၏ ဧကရာဇ်တစ်ပါးအနေဖြင့် လင်းချန်တစ်ယောက် သူ၏ စစ်သည်များ မည်သည့်နေရာ၌ ရှိနေသည်ကို တိကျစွာ အာရုံခံနိုင်စွမ်း ရှိသည်မှာ မထူးဆန်းပေ။
ဤလမ်းညွှန်မြေပုံ၌ လင်းချန်နှင့် ဟွာရှာအင်ပါယာမှ လူများ၏ တည်နေရာကိုသာ ပြသပေးထား၏။ အခြားသူများကိုမူ ပြသနိုင်ခြင်း မရှိသလို ၊ အခြားသူများကလည်း ဤမြေပုံကို မြင်တွေ့နိုင်မည် မဟုတ်ချေ။
သေမင်းနယ်မြေထဲသို့ ရောက်ရှိသည်နှင့် လင်းချန်က အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်၏။
“အားလုံး… ဒီကို ခဏလာကြဦး…”
လင်းချန်၏ အသံကို ကြားလိုက်ရသောအခါ လူစုကွဲလုနီးပါး ဖြစ်နေသော လူအုပ်ကြီးသည် သူ၏ အနားသို့ စပ်စုလိုစိတ်ဖြင့် စုရုံးရောက်ရှိလာကြ၏။
လူစုံသွားသောအခါ လင်းချန်က ရုတ်တရက် အနီရောင်ကြိုးလေးများ တပ်ဆင်ထားသည့် သတ္တုတံဆိပ်ပြားများကို ထုတ်ယူလိုက်လေ၏။ ထိုတံဆိပ်ပြားများထက်၌ ‘ဟွာ’ ဟူသည့် စာလုံးတစ်လုံးကို ထွင်းထုထားလျက် ရှိနေသည်။
လင်းချန် ရှင်းပြလိုက်ပြီး အားလုံးကို တစ်ယောက်တစ်ခုစီ ဝေငှပေးလိုက်သည်။
“ဒီသေမင်းနယ်မြေရဲ့ မြူတွေက ထူလွန်းတယ်…။ ငါတို့ လူချင်းကွဲမသွားရအောင် ဒီတံဆိပ်ပြားကို ဆောင်ထားကြ…။ ဒါရှိရင် မင်းတို့ ဘယ်ရောက်နေလဲဆိုတာကို ငါ အတိအကျ သိနိုင်တယ်…”
လူတိုင်းမှာ အံ့ဩသွားကြကာ တံဆိပ်ပြားများကို အသီးသီး ယူဆောင်လိုက်ကြ၏။ ယီစင်းက သတ္တုတံဆိပ်ပြားအား လည်ပင်းတွင် ဆွဲလိုက်ပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ မေးလိုက်၏။
“ဒါမျိုး ရှိမှန်းသိရင် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ မဝင်ခင်ကတည်းက ပေးထားပါလား…။ ဒါဆို ချန်လေး မိန်းတို့ကို ရှာရတာ ပိုလွယ်မှာပေါ့…”
လင်းချန်က ရယ်မောလျက် ပြန်ဖြေလိုက်၏။
“အဲ့ဒီတုန်းက ဒီပစ္စည်းမှ မလုပ်ရသေးတာ…”
လင်းချန်က ယီစင်း၏ နားမလည်နိုင်သော မျက်နှာလေးကို ကြည့်ကာ ပြုံးလျက် ခေါင်းခါပြလိုက်၏။ အမှန်တကယ်၌ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ မဝင်ရောက်မီကပင် လင်းချန်ကိုယ်တိုင် သူတို့၏ ကိုယ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအင် အမှတ်အသားတစ်ခုစီ ချန်ရစ်ထားခဲ့ပြီးသား ဖြစ်သည်။
ထို့ကြောင့်ပင် လေဟုန်စစ်သည်များက သူတို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။ ထိုအချိန်က ဤကဲ့သို့သော တံဆိပ်ပြားမျိုး မရှိသေးချေ။
သေမင်းနယ်မြေထဲသို့ ဝင်ရောက်မည်ဟု ဆုံးဖြတ်လိုက်ပြီး မြူများထူထပ်လွန်းကြောင်း သိလိုက်ရမှသာ လင်းချန်တစ်ယောက် ကျူးကော့မင်ထံသို့ အလျင်အမြန် ဆက်သွယ်ကာ လမ်းညွှန်မြေပုံပေါ်၌ သူတို့၏ တည်နေရာကို ပြသပေးနိုင်မည့် ပစ္စည်းတစ်ခုအား ဖန်တီးခိုင်းလိုက်ခြင်း ဖြစ်သည်။
ယခုမှသာ ကျူးကော့မင်တစ်ယောက် လင်းချန် လိုချင်သည့် ပစ္စည်းကို အောင်မြင်စွာ ဖန်တီးပေးနိုင်ခဲ့ခြင်းပင်။
ထို့နောက် လင်းချန်က ရှေ့မှဦးဆောင်ရန် ပြင်လိုက်၏။
“ကဲ… ဆက်သွားကြစို့…”
လင်းချန်ပေးသည့် တံဆိပ်ပြားကို ဝတ်ဆင်လိုက်ပြီးသည်နှင့် လူတိုင်းမှာ စိတ်အေးသွားကြပြီး လမ်းပျောက်မည်ကို ပူပန်ရန် မလိုတော့ချေ။ လင်းချန်၏ ဦးဆောင်မှုအောက်၌ သူတို့ သေမင်းနယ်မြေ၏ အတွင်းပိုင်းဆီသို့ ဆက်လက်၍ ချီတက်သွားကြလေတော့၏။
**--**--**--**--**--**--**--**
သေမင်းနယ်မြေအတွင်း၌ လျှောက်လှမ်းနေစဉ် လင်းချန်နှင့် အပေါင်းပါများသည် အထူးသတိထားနေကြပြီး ပတ်ဝန်းကျင်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ မည်သို့ပင်ဆိုစေကာမူ ‘သတိမမူ ဂူမမြင်’ ဆိုသည့် စကားမျိုးလည်း ရှိသေးသည် မဟုတ်ပါလော။
သေမင်းနယ်မြေရှိ မြေကြီးသည် ခြောက်သွေ့လျက်ရှိနေပြီး လိပ်ခွံကဲ့သို့ အက်ကွဲကြောင်းများ အထပ်ထပ် ဖြစ်ပေါ်နေသည်။ ထို့အပြင် မြေပြင်ကြီးမှာ ထူးဆန်းစွာ မဲနက်နေပြီး ထိုနေရာမှ မမြင်ရသော ဖိအားတစ်ခုက ရင်ဘတ်ထဲသို့ လာရောက်ဖိစီးနေသကဲ့သို့ ခံစားနေကြရသည်။
ရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်းရှိ အခြားနေရာများနှင့် မတူဘဲ ဤနေရာမှ ရှေးဟောင်းသစ်ပင်ကြီးများသည် အရွက်တစ်ရွက်မျှ မရှိဘဲ လုံးဝဥဿုံ ခြောက်သွေ့သေဆုံးနေကြ၏။
ဖြူဖွေးထူထပ်နေသည့် မြူထုကြီး၏ အတွင်းပိုင်းဆီမှ ယူကျုံးမရ ငိုကြွေးသံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာနေပြီး အမျိုးသမီးတစ်ဦး၏ ငိုရှိုက်သံလိုလို ၊ ကလေးငယ်တစ်ယောက်၏ အော်ငိုသံလိုလို အသံများကို နားအနီးမှ ကပ်ကြားနေရသကဲ့သို့ ရှိနေသည်။
ထိုအသံများသည် သာမန် လေတိုးသံများသာ ဖြစ်နိုင်သော်လည်း အလွန်ထူးဆန်းလွန်းနေပြီး လင်းချန်တို့ပါး ကျောချမ်းသွားစေကြ၏။
အခြားသူများမှာ မရေရာသော ကြောက်ရွံ့မှုများဖြင့် ဘေးဘီဝဲယာသို့ ကြည့်ရှုနေကြပြီး မျက်မှောင်ကြုတ်ထားကြ၏။
လင်းချန်ကမူ စိတ်ဝင်တစားဖြင့် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေလျက်ရှိသည်။ ယီစင်းသည်လည်း တည်ငြိမ်စွာဖြင့်ပင် လင်းချန်၏ လက်ကို တွဲချိတ်ထားရင်း ပတ်ဝန်းကျင်ကို စောင့်ကြည့်နေ၏။
ထိုအခိုက်မှာပင် လေချန်က မျက်မှောင်ကြုတ်လျက် အထူးသတိထားကာ မေးမြန်းလာသည်။
“ခေါင်းဆောင်… ဒီနေရာကြီးက ဘာလို့ ဒီလောက် ချောက်ချားဖို့ ကောင်းနေရတာလဲ…”
လေချန်၏ စကားကြောင့် လင်းချန်မှာ ရယ်ချင်သွားရပြီး နောက်ပြောင်လိုက်၏။
“မင်းက အရင်လို မဟုတ်တော့ပါဘူးကွာ… ဘာကြောက်စရာ ရှိလို့လဲ…”
တစ်ချိန်တည်း၌ပင် အနောက်မှ လိုက်ပါလာသော လျူယွဲ့ချန်သည် ရုတ်တရက် သူမ၏ ကျောပြင်အား တစ်စုံတစ်ယောက်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် အာမေဍိတ်သံ ထွက်ပေါ်သွား၏။
“ဟမ်…”
ထို့နောက် ချက်ချင်းပင် လှည့်ကြည့်လိုက်၏။ လှည့်ကြည့်လိုက်သည်နှင့် လျူယွဲ့ချန်မှာ အလွန်အမင်း ထိတ်လန့်သွားရတော့၏။ သစ်ပင်ခြောက်ကြီး တစ်ပင်၏ ဘေး၌ သုံးနှစ်သားအရွယ် ကလေးငယ်တစ်ယောက် ရပ်တန့်နေပြီး ထိုကလေး၏ မျက်နှာမှာ သွေးဆုတ်နေသကဲ့သို့ ဖြူဆွတ်နေကာ မျက်လုံးအိမ်အတွင်း၌ မျက်ဖြူလွှာ လုံးဝမရှိဘဲ မဲနက်နေလျက် သူမကို ခြောက်ခြားဖွယ် စိုက်ကြည့်နေလေသည်။
ထိုကလေးမှာ ခြေဗလာဖြင့် ရပ်နေခြင်းဖြစ်ပြီး သစ်ပင်၏ ပင်စည်ကို ကိုင်တွယ်ကာ သူတို့ရှိရာဘက်သို့ လှမ်းကြည့်နေ၏။
လျူယွဲ့ချန် လှည့်ကြည့်လာသည်ကို မြင်သောအခါ ထိုကလေးက ပါးစပ်ကို နားရွက်တက်ချိတ်မတတ် ပြဲလန်အောင် ဖြဲကားကာ ပြုံးပြလိုက်သည်။ သူ၏ သွားများကြား၌မူ သွေးများ ရွှဲရွှဲစို ပေကျံနေဆဲပင်။
လျူယွဲ့ချန်တစ်ယောက် စူးစူးဝါးဝါး အော်ဟစ်လိုက်မိတော့သည်။
“အားးးးး”
ထို့နောက် ရှေ့တွင်ရှိနေသော လင်းချန်တို့ဆီသို့ အတင်း ပြေးလာလိုက်၏။ သို့သော် သူမအား ပို၍ ကြောက်လန့်သွားစေသည်မှာ လင်းချန်နှင့် အခြားသူများသည်လည်း ရုတ်တရက် အရှိန်မြှင့်လိုက်သကဲ့သို့ ဖြစ်သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြခြင်းပင် ဖြစ်သည်။
ထိုအခြေအနေကြောင့် လျူယွဲ့ချန်မှာ ပို၍ ထိတ်လန့်သွားရပြီး ခုနက သရဲကလေး မည်သည့်နေရာသို့ ရောက်သွားပြီလဲဆိုသည်ကို သိချင်သဖြင့် အနောက်သို့ ပြန်လှည့်ကြည့်လိုက်၏။
သူမ ခေါင်းလှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖြူဆွတ်နေသည့် ကလေးမျက်နှာက သူမ၏ မျက်နှာရှေ့ တည့်တည့်ဆီသို့ ရောက်ရှိနေလေပြီ။ လက်တစ်ကမ်းစာ အကွာအဝေးခန့်သာ ကွာဝေးတော့၏။
ထိုကလေးက သူမအား မဲနက်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြုံးနေဆဲပင်။
လျူယွဲ့ချန်မှာ ကြောက်လွန်းလှသဖြင့် ထပ်မံ အော်ဟစ်လိုက်ပြီး လင်းချန်တို့ ပျောက်ကွယ်သွားသည့်ဘက်ဆီသို့ ယိုင်နဲ့နဲ့ဖြင့် ပြေးလွှားလိုက်၏။ ထိုစဉ် ရုတ်တရက် ဖြူဆွတ်နေသည့် လက်သေးသေးလေးတစ်ခုက သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်၏။
လျူယွဲ့ချန်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။
“လွှတ်စမ်း…”
ထိုသို့အော်ဟစ်ရင်း ဖမ်းဆွဲလာသော လက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ထိုအချိန်မှာပင် ဘေးနားဆီမှ လက်တစ်ဖက် ရောက်ရှိလာကာ သူမ ရိုက်ချလိုက်သော လက်ကောက်ဝတ်အား ဖမ်းချုပ်လိုက်ပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှသော အသံကြီးကို သူမ ကြားလိုက်ရ၏။
“သတိထားစမ်း…”
ထိုအသံကြောင့် လျူယွဲ့ချန်မှာ ချက်ချင်း အသိစိတ် ပြန်လည်ဝင်လာသည်။ ထိုအခါမှသာ သူမ၏ အနောက်၌ ရှိနေသူမှာ သရဲကလေး မဟုတ်ဘဲ ရှေ့တွင် ပျောက်သွားပြီဟု ထင်မှတ်ထားသော လင်းချန်နှင့် ယီစင်းတို့ ဖြစ်နေကြောင်းကို သတိပြုမိလိုက်တော့၏။
ကျူးရှောင်ကျားသည်လည်း ပြေးလာပြီး လျူယွဲ့ချန်၏ ဘေးသို့ ရပ်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်၏။
“ယွဲ့ချန်… နင်ဘာဖြစ်တာလဲ…။ ရုတ်တရက်ကြီး ဘာလို့ ရူးသွားရတာလဲ…”
လျူယွဲ့ချန်မှာ ကျောချမ်းသွားရပြီး ခြေထောက်များပင် မခိုင်တော့ဘဲ မြေကြီးထက်သို့ ဒူးထောက်ကျသွားကာ ရေရွတ်လိုက်မိ၏။
“ဘာ… ဘာတွေ ဖြစ်ကုန်တာလဲ…”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၄ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor – Author Chang’e 🌕
True Immortal Team