← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၅

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ယီစင်းက ကြောက်လန့်တကြားဖြင့် မြေပေါ်တွင် ဖင်ထိုင်လျက် လဲကျနေသော လျူယွဲ့ချန်အား တွဲထူပေးရင်း မေးလိုက်၏။

"စီနီယာအစ်မ... ခုနက ဘာဖြစ်သွားတာလဲ...။ ဘာလို့ ရုတ်တရက်ကြီး အော်ပြီး ထပြေးတာလဲ..."

"တကယ်လို့သာ ချန်လေးပေးထားတဲ့ တံဆိပ်ပြားသာ မရှိရင် အစ်မတော့ ဒီမြူတွေကြားထဲ လမ်းပျောက်နေလောက်ပြီ..."

လင်းချန်သည်လည်း သိချင်နေမိသဖြင့် လျူယွဲ့ချန်ကို ကြည့်ကာ ရှင်းပြချက်ကို စောင့်နေလေ၏။

ခုနလေးတင် သူတို့ ကောင်းကောင်းမွန်မွန် လျှောက်လာနေရင်း ရုတ်တရက် လျူယွဲ့ချန်က အနောက်မှနေ၍ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်ကာ ဓားကိုဝှေ့ယမ်း၍ မြူထူများကြားထဲသို့ ရူးသွပ်သွားသူတစ်ယောက်နှယ် ပြေးဝင်သွားခဲ့၏။

အကယ်၍သာ လမ်းညွှန်မြေပုံပေါ်၌ တံဆိပ်ပြားမှတစ်ဆင့် သူမ၏ တည်နေရာကို ရှာမတွေ့ပါလျှင် ဤသေမင်းနယ်မြေထဲတွင် လျူယွဲ့ချန်တစ်ယောက် လမ်းပျောက်သွားလိမ့်ပေမည်။

သေမင်းနယ်မြေရှိ မြူများသည် အမြင်အာရုံကို ကွယ်စေရုံသာမက နိဗ္ဗာန်နယ်ပယ်သို့ရောက်ရှိထားသည့် စိတ်ဝိညာဉ်အာရုံဖြင့်ပင် ၃ ပေ ၊ ၄ ပေခန့်ကိုသာ အာရုံခံနိုင်ပြီး ထိုထက်ပို၍ ဝေးပါက မသိနိုင်တော့ချေ။

လမ်းညွှန်မြေပုံသာ မရှိလျှင် လျူယွဲ့ချန်ကို ပြန်ရှာဖို့ဆိုသည်မှာ သမုဒ္ဒရာထဲ အပ်ရှာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

လျူယွဲ့ချန်က တုန်ယင်နေသောအသံဖြင့် ထိုအကြောင်းကို ပြန်ပြောပြလိုက်၏။

"ငါ... ငါ့အနောက်ကနေ တစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားရလို့ လှည့်ကြည့်လိုက်တော့ သုံးနှစ်သားအရွယ် ကလေးတစ်ယောက် ငါ့ကို ပြုံးပြနေတာ တွေ့လိုက်ရတယ်..."

"ပြီးတော့ နင်တို့တွေ အဝေးကြီး ရောက်သွားတာ တွေ့လိုက်ရတယ်...။ ငါအမှီလိုက်မလို့ လုပ်တုန်းရှိသေးတယ်... နင်တို့က ရုတ်တရက် အရှိန်မြှင့်ပြီး ငါ့ကို ထားခဲ့ကြတာ..."

"ငါ နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ အဲ့ဒီကလေးက ငါ့အနောက် ကပ်ပါလာပြီး နင်တို့ကျတော့ အရှေ့မှာ ပျောက်သွားကြရော..."

လျူယွဲ့ချန်၏ စကားကြောင့် လူတိုင်း၏ မျက်နှာထက်၌ အရိပ်မည်းများ ဖုံးလွှမ်းသွားကြ၏။ ယီစင်း ၊ ဝမ်လန်ရှင်းနှင့် ကျူးရှောင်ကျားအစရှိသည့် မိန်းကလေးသုံးယောက်လုံး၏ မျက်နှာများမှာ ဖြူဆွတ်သွားကြရသည်။

လင်းချန်ကမူ မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။

"ကျွန်တော်တို့က စီနီယာအစ်မကို ဘယ်လိုလုပ် ထားခဲ့မှာလဲ...။ စီနီယာအစ်မ အော်ပြီးတာနဲ့ မြူတွေထဲ ပြေးဝင်သွားတာလေ...။ ကျွန်တော်ပေးထားတဲ့ တံဆိပ်ပြားကတစ်ဆင့် တည်နေရာရှာပြီး အစ်မနောက်ကို လိုက်လာကြတာ..."

လျူယွဲ့ချန်၏ မျက်နှာမှာ ပို၍ ဖြူရော်သွားပြီး မယုံနိုင်စွာဖြင့် ဆိုလာ၏။

"တကယ်ပဲလား...။ ခုနက နင်တို့ ငါ့ရှေ့မှာ ပျောက်သွားပြီး အခုကျမှ ငါ့အနောက်ကနေ ပြန်ပေါ်လာတာလေ...။ ဒါဆို... ခုနက ငါမြင်ရတာက နင်တို့အစစ် မဟုတ်ဘူးပေါ့..."

လင်းချန်က ပတ်ဝန်းကျင်မှ မြူထူများကို ကြည့်ရင်း အေးစက်စက် ပြုံးလိုက်၏။

"ကြည့်ရတာ ဒီမြူထူတွေထဲက တစ်စုံတစ်ခုက ခြောက်လှန့်နေတဲ့ပုံပဲ..."

အကြောင်းရင်းမည်မည်ရရ မသိရလိုက်ဘဲ သူတို့ပတ်ဝန်းကျင်မှ တိတ်ဆိတ်မှုက လူတိုင်း၏ ရင်ထဲသို့ အမှောင်ရိပ်တစ်ခု လာရောက်ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

သို့သော် လင်းချန်တစ်ယောက်တည်းသာ တည်ငြိမ်နေဆဲဖြစ်ပြီး ကြောက်ရွံ့သည့်ပုံစံ လုံးဝ မရှိနေချေ။

မိုးကြိုးလျှပ်စီးဓားမှ ထွက်ပေါ်လာသည့် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်သည် မကောင်းဆိုးဝါးများနှင့် စိတ်ဝိညာဉ်ဆိုးများကို နှိမ်နင်းနိုင်စွမ်းရှိသည့် ပင်ကိုစွမ်းရည် ရှိလေ၏။

ထို့အပြင် နိဗ္ဗာန်နယ်ပယ်အဆင့်၌ နိုးထလာသည့် စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်အားကောင်းလွန်းသဖြင့် မည်သည့် မကောင်းဆိုးဝါးမျှ ကျူးကျော်ဝင်ရောက်နိုင်စွမ်း မရှိတော့ပေ။

လင်းချန်တစ်ယောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရင်း လျူယွဲ့ချန်အား ရှင်းပြလိုက်၏။

"ကျွန်တော့်အထင်တော့ နေ့ဘက်မှာ မသေမျိုးတွေရဲ့ လှုပ်ရှားမှု မရှိဘူးဆိုပေမဲ့ ကျွန်တော်တို့စိတ်ကို ခြောက်ခြားအောင်လုပ်တဲ့ စိတ်ဝိညာဉ်ဆိုးတွေ ရှိနေနိုင်တယ်...။ ခုနက စီနီယာအစ်မ ကြုံတွေ့ရတာက အဲ့ဒီ စိတ်ဝိညာဉ်ဆိုးတွေ ဖန်တီးလိုက်တဲ့ ပုံရိပ်ယောင် ဖြစ်လောက်တယ်..."

ယီစင်းက လင်းချန်အား စိုးရိမ်တကြီး ကြည့်လိုက်၏။

"ချန်လေး... မိန်းတို့ ဘယ်လိုလုပ်ကြမလဲ...။ ဒီတစ်ခါတော့ အချိန်မီ သတိထားမိလို့ တော်သေးတာပေါ့...။ တကယ်လို့သာ မိန်းတို့ အကြာကြီး လမ်းမှားသွားရင် ဘယ်လိုလုပ်မလဲ..."

လင်းချန် ခေါင်းညိတ်လိုက်၏။ ဤသည်မှာ တကယ်ကို ပြဿနာတစ်ခုပင် ဖြစ်သည်။ အတန်ကြာ စဉ်းစားပြီးနောက် သူက အကြံပြုလိုက်၏။

"ဒီလိုလုပ်မယ်... ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ အားလုံးကို လွှမ်းခြုံထားပေးမယ်...။ ကျွန်တော့်ရဲ့ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်နဲ့ဆိုရင် နောက်တစ်ခါ ဒီလို ထပ်မဖြစ်အောင် ကာကွယ်နိုင်လောက်တယ်..."

လင်းချန်၏ အကြံပြုချက်ကို ကြားသောအခါ ယီစင်းက ရှေ့သို့ တိုးလာပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်၏။

"ဒါပေမဲ့ အဲ့ဒီလိုလုပ်ရင် ချန်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အများကြီး ကုန်သွားမှာပေါ့...။ ချန်လေး ခံနိုင်ရည်ရှိပါ့မလား..."

လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင် ကုန်သွားမည်ကို စိုးရိမ်နေသည့် ယီစင်းအား ကြည့်ရင်း လေချန်က ရယ်မောလျက် ဝင်ပြောလာသည်။

"မရီး... အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ဗျာ..."

ယီစင်းက သိချင်စိတ်ဖြင့် လေချန်၏ဘက်သို့ လှည့်ကြည့်လိုက်၏။

"တကယ်လား...။ ချန်လေးမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ အဲ့လောက်တောင် အများကြီး ရှိတာလား..."

လေချန်သည်တော ရယ်မောလိုက်ပြီး သူ့အနောက်၌ ရှိနေသော တင်းကျစ်ရုံနှင့် အခြားလေးယောက်ကို ညွှန်ပြကာ ဆိုလေ၏။

"ဒီကို မလာခင်တုန်းက နေ့တိုင်း ကျွန်တော်တို့ငါးယောက်ပေါင်းပြီး ခေါင်းဆောင်ကို မနက်မိုးလင်းကနေ မိုးချုပ်တဲ့အထိ ဝိုင်းတိုက်ခဲ့ကြတာလေ...။ ဒါပေမဲ့ ခေါင်းဆောင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်က တစ်ခါမှ မကုန်သွားခဲ့ဘူးဗျ..."

ထိုစကားကို ကြားလိုက်ရသောအခါ ယီစင်းမှာ အံ့ဩတကြီးဖြင့် လင်းချန်ကို ကြည့်နေမိတော့၏။ လင်းချန်ကမူ ဘာမှမသိသကဲ့သို့ ပခုံးတွန့်ပြလိုက်သည်။

လင်းချန်၏ ခန္ဓာကိုယ်ထဲ၌ ဟွာရှာအင်ပါယာ ရှိနေပြီး ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် သဘာဝစွမ်းအင်များကို အဆက်မပြတ် စုပ်ယူကာ သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်၏။

ဟွာရှာအင်ပါယာ တည်ရှိနေသရွေ့ လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားမည်ကို ပူပန်ရန် မလိုချေ။

ထို့နောက် လင်းချန်က ရှေ့ဆုံး၌ ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ရွှေနီရောင် မိုးကြိုးလျှပ်စီးများကို ထုတ်ဖော်လိုက်တော့သည်။

ထိုရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များသည် လင်းချန်ထံမှ ထွက်ပေါ်လာပြီးနောက် အမိုးအကာတစ်ခုသဖွယ် ပုံသဏ္ဍာန်ဖြစ်ပေါ်လာကာ ပတ်ဝန်းကျင် ဆယ်ပေပတ်လည်ခန့်ကို လွှမ်းခြုံသွားတော့သည်။

ဤသို့ဖြင့် လင်းချန် ဖန်တီးပေးထားသည့် မိုးကြိုးအကာအကွယ်အောက်၌ သူတို့အဖွဲ့သည် သေမင်းနယ်မြေ၏ အတွင်းပိုင်းဆီသို့ ဆက်လက်ချီတက်သွားကြတော့၏။

အချိန်အတော်ကြာသည့်တိုင်အောင် လင်းချန်၏ မိုးကြိုးအကာအကွယ်ကြောင့် ယခင်ကဲ့သို့သော ဖြစ်ရပ်မျိုး ထပ်မံ ဖြစ်မလာတော့ချေ။

ထိုအခါမှသာ ကြောက်လန့်နေသည့် လျူယွဲ့ချန်သည်လည်း စိတ်အေးသွားရပြီး သက်ပြင်းချနိုင်တော့၏။

သူမသည် သရဲကြောက်တတ်လွန်း၍တော့ မဟုတ်ချေ။ ခုနက ကြုံတွေ့လိုက်ရသည့် အဖြစ်အပျက်ကြီးက တွေးကြည့်၍ပင် မရနိုင်လောက်အောင် ထူးဆန်းလွန်းနေသောကြောင့်ပင် ဖြစ်၏။

ရုတ်တရက် လင်းချန်၏ မျက်နှာထား ပြောင်းလဲသွားပြီး အာမေဍိတ်သံပြုလိုက်သည်။ "ဟမ်..." ထို့နောက် တစ်နေရာသို့ အလျင်အမြန် ပြေးသွားလိုက်၏။

လူတိုင်းသည် လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအင် လွှမ်းခြုံမှုအောက်၌ ရှိနေကြသဖြင့် ဘာဖြစ်မှန်း မသိကြသော်လည်း လင်းချန်၏ နောက်သို့ အမှီလိုက်ပါသွားကြသည်။

လင်းချန်၏ မျက်နှာထား ပျက်ယွင်းနေသည်ကို မြင်သောအခါ ယီစင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ချန်လေး... ဘာဖြစ်လို့လဲ..."

သို့သော် ယီစင်း မေးပြီးသည်နှင့် လင်းချန် ပြန်မဖြေရသေးခင်မှာပင် သူမ အဖြေကို သိလိုက်ရတော့သည်။

လင်းချန် ရပ်တန့်လိုက်သည့် နေရာရှိ အက်ကွဲနေသော မြေကြီးမည်းပေါ်၌ လေဟုန်စစ်သည်တစ်ဦး လဲကျနေလျက်ရှိသည်။

ထိုလေဟုန်စစ်သည်၏ ရင်ဘတ်မှာ တစ်စုံတစ်ရာ၏ ထိုးဖောက်ခြင်းကို ခံထားရပြီး ဒဏ်ရာမှ သွေးများ စီးကျကာ မြေကြီးမည်းထဲသို့ စိမ့်ဝင်သွားလေနေ၏။

လဲကျနေသော လေဟုန်စစ်သည်ကို မြင်သောအခါ လင်းချန်မှလွဲ၍ ကျန်လူအားလုံးမှာ အံ့ဩသွားကြ၏။

ထို့နောက် မြေကြီးပေါ်၌ လဲကျနေသည့် လေဟုန်စစ်သည်၏ အလောင်းသည် ရုတ်တရက် မီးထတောက်လာပြီး ဝတ်ဆင်ထားသော သံချပ်ကာအင်္ကျီနှင့် ဘေးနား၌ ကျနေသော ဓားမြှောင်နှစ်ချောင်းပါမကျန် လောင်ကျွမ်းသွားတော့သည်။

နောက်ဆုံး၌ လေဟုန်စစ်သည်၏ ခန္ဓာကိုယ် ၊ သံချပ်ကာနှင့် လက်နက်များ အားလုံးသည် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားလေတော့၏။

အခြားသူများက မည်သည်တို့ ဖြစ်သွားမှန်း နားမလည်ကြသော်လည်း လင်းချန်ကမူ ကောင်းကောင်း နားလည်ထား၏။

သူ၏ ဟွာရှာအင်ပါယာမှ စစ်သည်များသည် တစ်ပိုင်းတစ်စ အသက်ရှိသော သက်ရှိများသာ ဖြစ်ကြပြီး ဉာဏ်ရည်တုဖြင့် ထိန်းချုပ်ထားသည့် စစ်သည်ရုပ်သေးများသာ ဖြစ်ကြ၏။

ထိုစစ်သည်များသည် လူသားကဲ့သို့ ဉာဏ်ရည်ရှိကြသော်လည်း စစ်မှန်သော အသားနှင့် သွေးများ မဟုတ်ကြချေ။ သေဆုံးသွားသည့်အခါ သူတို့၏ ပစ္စည်းများနှင့်အတူ ပြာအဖြစ်သို့ ပြောင်းလဲသွားကြရသည်။

ဤသည်မှာ သူ အရင်ဘဝက ကစားခဲ့ဖူးသော ဂိမ်းထဲကအတိုင်းပင် ဖြစ်၏။

ထို့ကြောင့် စစ်သည်တစ်ယောက် သေဆုံးသွားခြင်းက ဝမ်းနည်းစရာ ကိစ္စမဟုတ်ချေ။ ဟွာရှာအင်ပါယာကြီး သူနှင့်အတူ ပါလာပြီးနောက်ပိုင်း ဂိမ်းထဲကအတိုင်းပင် စစ်တန်းလျားများရှိ အရင်းအမြစ်များကို အသုံးပြုကာ စစ်သည်များကို တိုက်ရိုက် ဖန်တီးနိုင်နေပြီ ဖြစ်၏။

လင်းချန်ကိုယ်တိုင်လည်း ဖန်တီးပုံအဆင့်ဆင့်ကို မြင်တွေ့ဖူးလေ၏။

ဧရာမစစ်တန်းလျားကြီးထဲ၌ မီးဖိုကြီးတစ်ခု ရှိနေပြီး အရင်းအမြစ်များကို ထိုမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်နှင့် စစ်သည်များသည် စစ်တန်းလျားတံခါးပေါက်မှ လမ်းလျှောက်ထွက်လာကြ၏။ အရင်ဘဝက ဂိမ်းထဲကအတိုင်း တစ်ပုံစံတည်းပင်။

အကယ်၍သာ ယီစင်းနှင့် အခြားသူများသည် လင်းချန်ကွပ်ကဲနေသည့် နိဗ္ဗာန်နယ်ပယ်အဆင့်ကိုး ရှိသည့် စစ်သည်များကို ထိုနည်းလမ်းဖြင့် ဖန်တီးထားကြောင်းကိုသာ သိသွားကြပါက မည်သို့ တွေးထင်သွားကြမည်နည်း။

ယီစင်းက မြေကြီးပေါ်ရှိ ပြာပုံအား နားမလည်နိုင်စွာ ကြည့်ရင်း လေးနက်သောအသံဖြင့် မေးခွန်းထုတ်လိုက်၏။

"နေ့ဘက်မှာ မသေမျိုးတွေရဲ့ လှုပ်ရှားမှု မရှိဘူးဆို... ချန်လေး... နင့်လူက ဘာလို့..."

လင်းချန်ကမူ ပြာပုံကို စိုက်ကြည့်နေရင်း အတန်ကြာပြီးနောက် အေးစက်စက် အသံဖြင့် ဆိုလိုက်သည်။

"ဘယ်သူသတ်လဲဆိုတာ ငါသိပြီ...။ တကယ်ကို မထင်ထားဘူး..."

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၅ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၆

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

"တရားခံလား..."

လူတိုင်းက လင်းချန်အား နားမလည်နိုင်သော အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။ သူတို့သည် ယခုလေးတင်မှ ရောက်လာကြခြင်း ဖြစ်၏။ လင်းချန်က တရားခံ မည်သူနည်း ဆိုသည်ကို မည်သို့လုပ်၍ သိနိုင်မည်နည်း။

ထိုသို့ပြောပြီးသည်နှင့် လင်းချန်တစ်ယောက် ရုတ်တရက် အနောက်သို့လှည့်လိုက်ကာ လေဟုန်စစ်သည် ပြာကျသွားသည့်နေရာနားရှိ သစ်ပင်ခြောက်ကြီးအား လက်သီးဖြင့် လှမ်းထိုးလိုက်တော့၏။

"ဝုန်းးး"

မိုးကြိုးသံကြီး ဟိန်းထွက်လာပြီး ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များသည် လက်သီးကြီးတစ်လုံးအသွင် ပြောင်းလဲသွားကာ သစ်ပင်ခြောက်ကြီးဆီသို့ တိုးဝင်သွားတော့သည်။

လက်သီးချက်ဖြင့် ထိခါနီး၌ပင် ငြိမ်သက်နေသော သစ်ပင်ခြောက်ကြီးသည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာလေ၏။

ဓားသွားများကဲ့သို့ ထက်ရှနေသည့် အနက်ရောင်သစ်ကိုင်းခြောက်များသည် သွေးရောင်အငွေ့အသက်များ ထုတ်လွှတ်ကာ လင်းချန်၏ လက်သီးချက်ကို ထိုးစိုက်လိုက်ကြသည်။

"ဘန်းးး"

ကျိုးပဲ့လွယ်မည်ဟု ထင်ရသော်လည်း ထိုသစ်ကိုင်းခြောက်များသည် မယုံနိုင်လောက်အောင်ပင် မာကျောနေကြပြီး ထက်ရှနေကြလေ၏။

သွေးရောင်လွှမ်းနေသည့် သစ်ကိုင်းများသည် လင်းချန်၏ မိုးကြိုးလက်သီးချက်ကို အလွယ်တကူပင် ထိုးဖောက်ဝင်သွားကြသည်။

သစ်ကိုင်းခြောက်များက စိတ်ဝိညာဉ်လက်သီးချက်ကို ထိုးဖောက်လိုက်သည်နှင့် သွေးရောင်အငွေ့အသက်များမှာ ပိုမိုပြင်းထန်လာတော့၏။ ထိုသစ်ကိုင်းများက ထိုးဖောက်ပြီးသည်နှင့် ရပ်တန့်မနေဘဲ နောက်ဆုတ်သွားပြီးနောက် တစ်ဖန် ပြန်လည်ထိုးစိုက်လာပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်နှင့် သွေးရောင်အရိပ်များ ရောထွေးသွားပြီး လင်းချန်၏ မိုးကြိုးလက်သီးချက်ကို အစတုံးဖျက်ဆီးပစ်လိုက်ကြ၏။

ယီစင်း၏ မျက်နှာမှာ ပျက်ယွင်းသွားရသည်။ သူမက အံကြိတ်ပြီး လက်ညှိုး တစ်ချက်တောက်လိုက်ကာ စူးရှ တောက်ပနေသည့် ကြယ်တာရာဓားချက်တစ်ခုကို ထုတ်ဖော်ပြီး သစ်ပင်ခြောက်ကြီးအား ခုတ်ပိုင်းချလိုက်၏။

လင်းချန်ကို ခုခံသကဲ့သို့ပင် သစ်ပင်ခြောက်ကြီးသည် ယီစင်း၏ ဓားချက်ကိုလည်း သစ်ကိုင်းခြောက်များဖြင့် ခုခံလိုက်ပြန်သည်။

မယုံနိုင်စရာကောင်းသည်မှာ ယီစင်း၏ ကြယ်တာရာဓားချက်သည်လည်း သစ်ကိုင်းများနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ကြယ်မှုန်များအဖြစ် ကွဲကြေပျက်စီးသွားရခြင်းပင်။

သစ်ကိုင်းများထက်၌မူ အဖြူရောင် ခြစ်ရာလေးတစ်ခုခန့်သာ ထင်ကျန်ရစ်ခဲ့၏။

လင်းချန်၏ မျက်နှာထားမှာ အေးစက်သွားပြီး ယီစင်းသည်လည်း မျက်နှာပျက်သွားရသည်။ သူတို့နှစ်ယောက် ယှဉ်ရပ်လိုက်ကြပြီး သစ်ပင်ခြောက်ကြီးကို သတိထားကာ စောင့်ကြည့်နေလိုက်ကြ၏။

သူတို့နှစ်ယောက်သာမက အနောက်ဘက်၌ ရှိနေသော လေချန်တို့တစ်သိုက်ပါ လန့်ဖျပ်သွားကြရသည်။

လင်းချန် မည်မျှသန်မာသည်နည်းကို ကောင်းကောင်းသိထားသည့် လေချန်တို့သည် ခုနက လင်းချန်ထုတ်ဖော်လိုက်သည့် လက်သီးချက်မှာ မည်မျှပြင်းထန်ကြောင်းကို သိထားကြ၏။

သို့သော် ထိုသစ်ပင်ခြောက်ကြီးက လင်းချန်၏ လက်သီးချက်ကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်လော။

ဓားနတ်ဘုရားဂိုဏ်းမှ လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့သည်လည်း သူတို့ဂျူနီယာညီမလေး၏ ဓားချက် မည်မျှ အားကောင်းသည်နည်းကို သိထားကြ၏။ ထိုဓားချက်ထဲ၌ ကြယ်တာရာစွမ်းအင်များ ပါဝင်နေ​လျက်ရှိသည်။

သို့သော် သစ်ကိုင်းခြောက်များက ခြစ်ရာလေးတစ်ခုခန့်သာ ထိခိုက်သွားပြီး ကာကွယ်လိုက်နိုင်ခြင်းမှာ တကယ်ကို အံ့ဩစရာပင်။

အထူးသဖြင့် လျူယွဲ့ချန်ပင် ဖြစ်၏။ ခုနက သူမ ပုံရိပ်ယောင်များကို မြင်ပြီး ကယောင်ကတမ်းဖြင့် ပြေးစဥ်က သစ်ပင်ခြောက်များအကြား ဖြတ်ပြေးခဲ့ရသည်ကို ပြန်သတိရသွားတော့သည်။

ထိုစဥ်တုန်းက သိပ်မသိသာခဲ့သော်လည်း အခုသေချာပြန်တွေးကြည့်သောအခါ လျူယွဲ့ချန်တစ်ယောက် ကျောချမ်းသွားရတော့၏။

အကယ်၍သာ လင်းချန်သာ သူမကို အချိန်မီ ရှာမတွေ့ခဲ့ပါက ဤသစ်ကိုင်းခြောက်များ၏ လက်ချက်ဖြင့် သူမ အသတ်ခံလိုက်လောက်လေပြီ။

"အရင်တုန်းက ဒီနေရာကို လာရှာတဲ့အဖွဲ့မှာ ဘာလို့ နှစ်ယောက်ပဲ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်ခဲ့တာလဲဆိုတာ ငါ သဘောပေါက်ပြီ..." လေချန်က သစ်ပင်ခြောက်ကြီးကို ကြည့်ရင်း ရေရွတ်လိုက်၏။

တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့သည်လည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ဤသေမင်းနယ်မြေတစ်ခုလုံး၌ သစ်ပင်ခြောက်များမှာ နေရာအနှံ့ ရှိနေလေ၏။

ယခင်တုန်းက ဝင်ရောက်လာခဲ့သည့် ဂိုဏ်းပေါင်းစုံမှ လူများ၌ လင်းချန်ကဲ့သို့ လူရှာဖွေသည့် နည်းလမ်းများ မရှိသလို ၊ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်ဖြင့် အမြဲတမ်း ကာကွယ်ပေးထားနိုင်ခြင်းမျိုးလည်း မရှိခဲ့ပေ။

ထို့ကြောင့် ထိုအချိန်က ဂိုဏ်းတပည့်များမှာ အကြီးအကျယ် အထိနာခဲ့ကြရခြင်း ဖြစ်ပေလိမ့်မည်။

ပုံရိပ်ယောင်များနှင့် မြူများကြောင့် လူချင်းကွဲသွားကြပြီးနောက် အသက်ရှိမှန်း မသိသာသည့် ဤသစ်ပင်ခြောက်များ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်ရပေမည်။

ပုံမှန်ဆိုလျှင် ဤသစ်ပင်များသည် သစ်ပင်သေများကဲ့သို့ ငြိမ်သက်နေတတ်ကြ၏။ သစ်ပင်များက အသက်ဝင်နေကြောင်းကို လင်းချန် သိလိုက်ရသည်မှာလည်း သေဆုံးသွားသည့် လေဟုန်စစ်သည်ကြောင့်ပင် ဖြစ်၏။

မသေဆုံးမီလေး၌ လေဟုန်စစ်သည်က သူ၏ နောက်ဆုံး အမြင်အာရုံများနှင့် အချက်အလက်များကို ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနဆီသို့ ပို့ပေးခဲ့သည်။

လင်းချန် ခဏတာ တိတ်ဆိတ်နေခဲ့ခြင်းမှာ ကျူးကော့မင် ပို့ပေးလိုက်သည့် ထိုမှတ်တမ်းများကို ကြည့်နေသောကြောင့်ပင် ဖြစ်လေ၏။

ထိုမှတ်တမ်းများကို ကြည့်ပြီးမှသာ လေဟုန်စစ်သည်ကို သတ်လိုက်သည်မှာ သစ်ပင်ခြောက်ဖြစ်ကြောင်း လင်းချန် သိလိုက်ရခြင်း ဖြစ်သည်။

ယီစင်းကမူ နည်းဗျူဟာမှန်ပြင်ကို မမြင်ရသဖြင့် လင်းချန် မည်သည်တို့ကို လုပ်နေမှန်း နားမလည်ရှာချေ။

အတန်ကြာသောအခါ ယီစင်းက သစ်ပင်ခြောက်အား ကြည့်ရင်း သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်သိမ်းကာ အကြံပြုလာ၏။

"ဒီသစ်ပင်တွေကို တိုက်ခိုက်နေဖို့ မလိုပါဘူး...။ မိန်းတို့ သတိထားပြီး ရှောင်သွားကြရင် ရလောက်ပါတယ်..."

လင်းချန်သည်လည်း ခေါင်းညိတ်ထောက်ခံလိုက်၏။ "ဟုတ်တယ်...။ လမ်းခရီးမှာ ပိုသတိထားတာ အကောင်းဆုံးပဲ..."

ထို့နောက် လင်းချန်တို့တစ်သိုက်သည် လမ်းကြောင်း ပြန်ချိန်လိုက်ပြီး ရှေ့သို့ ဆက်ထွက်လာကြသည်။ နောက်ပိုင်းခရီးစဉ်၌ လင်းချန်နှင့် အဖွဲ့သားများသည် ယခင်ကထက် ပတ်ဝန်းကျင်ကို ပိုမိုသတိထား စောင့်ကြည့်နေကြမိ၏။

သစ်ပင်ခြောက်များ အသက်ရှိသကဲ့သို့ လှုပ်ရှားတိုက်ခိုက်နိုင်ကြောင်းကို သိသွားပြီဖြစ်၍ လူတိုင်းက အသင့်ပြင်ထားကြသည်။

သစ်ပင်ခြောက်များမှာ အလွန်မြင့်မားပြီး သစ်ကိုင်းများကလည်း ရှည်လျားလေ၏။ ဝေးဝေးကနေ ရှောင်ကွင်းသွားလျှင်ပင် လှမ်းရိုက်၍ မီနိုင်သေးသည်။

ထို့အပြင် လင်းချန်၏ မိုးကြိုးအကာအကွယ်ကိုပင် ထိုးဖောက်နိုင်စွမ်းရှိနေသေး၏။ ထို့ကြောင့် လင်းချန်တစ်ယောက်တည်းကိုသာ အားကိုးနေ၍ မရနိုင်တော့ချေ။

လင်းချန်၏ အစွမ်းမှာ ဤမျှလောက်သာ မဟုတ်ကြောင်းနှင့် သူ၏ မိုးကြိုးအကာအကွယ်ကို ပိုမိုစွမ်းအားမြှင့်တင်နိုင်ကြောင်းကို လေချန်တို့ သိထားကြ၏။

သို့သော် လင်းချန်က ထိုသို့ မလုပ်လာချေ။ သူတို့အား ကိုယ့်အားကိုယ်ကိုးစေချင်၍ ဖြစ်မည်ဟုသာ လေချန်တို့ မှတ်ယူလိုက်ကြ၏။

အချိန်ကြာလာသည်နှင့်အမျှ သေမင်းနယ်မြေ၏ ထူးခြားမှုကြောင့် လင်းချန်တို့အဖွဲ့မှာ ဖြည်းဖြည်းချင်းသာ သွားလာနေကြရသည်။

အတွင်းပိုင်းသို့ ရောက်လေလေ သစ်ပင်ခြောက်များက ပိုမိုသောင်းကျန်းလာလေလေပင် ဖြစ်တော့၏။

တစ်ခါတစ်ရံ မြူထူများကြားထဲမှ အနက်ရောင် သစ်ကိုင်းခြောက်များသည် လှံတံများကဲ့သို့ သူတို့ထံသို့ ထိုးစိုက်လာတတ်ကြ၏။

ကံကောင်းသည်မှာ သူတို့ကိုးယောက်လုံးမှာ အထူးသတိရှိနေကြသဖြင့် မည်မျှပင် မြန်ဆန်ကြမ်းတမ်းစွာ တိုက်ခိုက်လာပါစေ သူတို့ ကာကွယ်နိုင်ကြသည်။

"ဟိုကို ကြည့်ဦး..."

ရုတ်တရက် လေချန်က အော်ပြောလိုက်ပြီး လက်ညှိုးထိုးပြလိုက်၏။.လင်းချန်တို့ ကြည့်လိုက်သောအခါ မြူများကြားထဲ၌ ကြီးမားသော အရိပ်မည်းကြီးတစ်ခုကို လှမ်းမြင်လိုက်ကြရသည်။

ထိုအရိပ်မည်းကြီးကို မြင်လိုက်ရသောအခါ လင်းချန်တို့၏ မျက်လုံးများ အရောင်တောက်သွားကြပြီး ခြေလှမ်းကျဲကာ အရှိန်မြှင့်လိုက်ကြတော့၏။

အရှေ့သို့ ရောက်လေလေ မြူများပါးလာလေလေ ဖြစ်လာ၏။ နောက်ဆုံး၌ ပျက်စီးယိုယွင်းနေသည့် ကျောက်ပြားခင်းလမ်းများ ပေါ်လာပြီး ပြိုပျက်နေသော အဆောက်အအုံများနှင့် ခြံဝင်းများကို လင်းချန်တို့ တွေ့လိုက်ရကြသည်။

အဆောက်အအုံများ၏ ပုံစံမှာ လင်းချန်တို့နှင့် ရင်းနှီးသလိုလို ရှိသော်လည်း ကွဲပြားခြားနားနေ၏။ ရှေးဟောင်းဂိုဏ်းတပည့်များ နေထိုင်ခဲ့သည့် နေရာထိုင်ခင်းပုံစံမျိုးပင်။

"ရောက်ပြီ...။ ဒါက ရှေးဟောင်းဂိုဏ်းက တပည့်တွေ နေခဲ့တဲ့နေရာ ဖြစ်လောက်တယ်..."

လင်းချန်က ဘေးဘီကို ကြည့်ရင်း ဖြည်းညင်းစွာ ကောက်ချက်ချလိုက်ကြ၏။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၆ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters