← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၇

ဘာသာပြန် - Author Ko Yoohto

Editor - Author Chang'e 🌕

True Immortal Team

ရှေ့နားရှိ မြူများမှာ အတော်လေး ပါးသွားပြီဖြစ်၍ အရွယ်စုံ အဆောက်အအုံများကို သေသေချာချာ မြင်တွေ့နေရပြီ ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့ ရှေးဟောင်းဂိုဏ်း တည်ရှိရာ သေမင်းနယ်မြေ၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေ၏။

ရှေ့နားရှိ အဆောက်အအုံ အများအပြားကို ကြည့်ရင်း လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဘယ်ကနေ စရှာရမည်နည်း ဆိုသည်ကို မဝေခွဲတတ်ဖြစ်နေကြပုံရ၏။

“မြူတွေ အတော်လေး ပါးသွားပြီ...။ သစ်ပင်ခြောက်တွေလည်း မတွေ့ရတော့ပေမဲ့ လောလောဆယ် ငါတို့ လူစုမခွဲသေးတာ အကောင်းဆုံးပဲ...”

လင်းချန်တစ်ယောက် သူ၏ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အနီးဆုံး ခြံဝင်းတစ်ခုကို ညွှန်ပြကာ စကားစလိုက်သည်။

“ဟိုနေရာကို အရင်သွားကြည့်ရအောင်...”

လင်းချန်၏ စကားကို လူတိုင်း ခေါင်းညိတ်ထောက်ခံလိုက်ကြပြီး ထိုခြံဝင်းဆီသို့ လျှောက်သွားကြသည်။

အကြောင်းရင်းတစ်ခုခုကြောင့် ထိုခြံဝင်း၏ တံတိုင်းအများစုမှာ ပြိုကျပျက်စီးနေပြီး အတွင်းဘက်ရှိ အဆောက်အအုံများကို အတိုင်းသား မြင်နေရလေ၏။

ပြိုကျနေသည့် တံတိုင်းများကို ကျော်ဖြတ်ကာ ခြံဝင်းထဲသို့ ဝင်ရောက်လာပြီးနောက် ရှေ့ဆုံးမှ လင်းချန်သည် အိမ်တံခါးကို ဖွင့်ရန် လက်လှမ်းလိုက်၏။

သို့သော် လင်းချန် အားပင်မစိုက်လိုက်ရချေ။ တံခါးကို လက်ဖြင့် ထိလိုက်ရုံရှိသေးသည် တံခါးကြီးက ဝုန်းခနဲ ပြိုကျပျက်စီးသွားတော့၏။

ထိုမြင်ကွင်းကို ကြည့်ပြီး လင်းချန်တစ်ယောက် အချိန်ကာလ၏ တိုက်စားမှုကို မတွေးဘဲ မနေနိုင်တော့ပေ။

ဤတံခါးကို ပြုလုပ်ထားသည့် သစ်သားသည် နှစ်ထောင်ချီ မပျက်စီးနိုင်သော ထိပ်တန်း စိတ်ဝိညာဉ်သစ်သားများ ဖြစ်သော်လည်း အချိန်ကာလ၏ တိုက်စားမှုကိုတော့ ကြံ့ကြံ့မခံနိုင်ခဲ့ရှာချေ။

တံခါးကို ကျော်ဖြတ်ပြီးနောက် လင်းချန်နှင့် အဖွဲ့သားများသည် အိမ်ထဲသို့ စပ်စုချင်စိတ်ဖြင့် လိုက်ကြည့်ကြ၏။

မည်သို့ပင်ဖြစ်စေကာမူ ဤအဆောက်အအုံမှာ ရှေးဟောင်းဂိုဏ်းမှ တပည့်တစ်ယောက် နေထိုင်ခဲ့သည့် နေရာဖြစ်ရာ မေ့လျော့ကျန်ရစ်ခဲ့သော ပစ္စည်းကောင်းလေးများ ရှိကောင်းရှိနိုင်သည် မဟုတ်ပါလော။

အခန်းထဲ ရောက်သည်နှင့် သူတို့အဖွဲ့သည် လူစုခွဲလိုက်ကြပြီး အသုံးဝင်မည့် ပစ္စည်းများ ရှိမရှိ စူးစမ်းရှာဖွေလိုက်ကြသည်။

“ပြောရရင် ရှေးဟောင်းဂိုဏ်းက တပည့်တွေနေတဲ့ အိမ်တွေက တော်တော် အရည်အသွေးကောင်းတာပဲ...။ ဒီလောက် နှစ်တွေကြာတာတောင် မပြိုကျသေးဘူး...”

ယီစင်းက ဘေးဘီကို ကြည့်ရှုရင်း မှတ်ချက်ချလိုက်၏။

လင်းချန်သည်လည်း ခေါင်းညိတ်လိုက်ပြီး တောင့်တင်းခိုင်မာနေဆဲဖြစ်သော အဆောက်အအုံကို ကြည့်ကာ တုံ့ပြန်လိုက်၏။

“ဘယ်လိုပစ္စည်းတွေ သုံးပြီး ဆောက်ထားလဲတော့ မသိဘူး...။ တကယ် မိုက်ချက်ပဲ...”

အဆောက်အအုံက သိပ်မကြီးသဖြင့် ခဏကြာသောအခါ ရှာဖွေရေးပြီးဆုံးသွားပြီး လင်းချန်နားသို့ ပြန်ရောက်လာကြ၏။

“ထူးထူးခြားခြား ပစ္စည်းကောင်းတွေတော့ မတွေ့ဘူး...”

လေချန်က သူ၏ လက်ထဲမှ ဟောင်းနွမ်းစုတ်ပြတ်နေသော တရားထိုင်ဖျာတစ်ချပ်ကို ကိုင်ပြရင်း ညည်းညူလိုက်၏။

“ကြည့်ပါဦး... ရှာတွေ့တာဆိုလို့ ဒီဖျာစုတ်ကြီးပဲ ရှိတယ်...။ ဒါတောင် ပြဲနေသေး...”

လေချန်လက်ထဲမှ တရားထိုင်သည့် ဖျာသည် ရှားပါးပစ္စည်းမဟုတ်ဘဲ သာမန်ပစ္စည်းတစ်ခုသာ ဖြစ်သည်။

သိုင်းဝိညာဉ်ပညာရှင် အများစု ကျင့်ကြံကြသည့်အခါ ထိုကဲ့သို့သော ဖျာမျိုးကိုခင်းပြီး ကျင့်ကြံလေ့ရှိကြ၏။ ထိုဖျာများ၏ အဓိကရည်ရွယ်ချက်မှာ စိတ်ကို တည်ငြိမ်စေရန်နှင့် ကျင့်ကြံခြင်းအရှိန်ကို မြှင့်တင်ပေးရန်ဖြစ်ပြီး အာနိသင်ချင်းက သိပ်မကွာလှချေ။

အပြင်လောက၌ ထိုကဲ့သို့သော ဖျာမျိုးက ပေါမှပေါပင်။ ထို့အပြင် လေချန်လက်ထဲမှ ဖျာမှာ စုတ်ပင် ပြတ်နေသေး၏။ တခြားသူများကလည်း ခေါင်းခါပြလိုက်ကြသည်။ ဘာမှ ထူးထူးခြားခြား မတွေ့ကြရချေ။

ဝမ်လန်ရှင်းတစ်ယောက်သာလျှင် သိုင်းဝိညာဉ်ပညာရှင်များ၏ ကျင့်စဉ်များနှင့် စိတ်ဝိညာဉ်စွမ်းရည်များကို မှတ်တမ်းတင်ထားသော ကျမ်းစာအုပ်အချို့ကို ရှာတွေ့ခဲ့သည်။

ထိုကျမ်းစာအုပ်များကို သိုင်းဝိညာဉ်သားရဲများ၏ အရေခွံများဖြင့် ပြုလုပ်ထားပြီး လက်နက်သွန်းလုပ်ခြင်း နည်းပညာများဖြင့် အမှတ်အသားပြုလုပ်ထားသဖြင့် အချိန်ကြာမြင့်စွာ တည်တံ့နေနိုင်ကြသည်။

သို့သော် ထိုကျမ်းစာအုပ်များထဲ၌ ပါဝင်နေသည့် ကျင့်စဉ်များနှင့် စွမ်းရည်များသည် အလွန်အခြေခံကျလွန်းပြီး သူတို့လက်ရှိ ကျင့်ကြံနေသော ပညာရပ်များ၏ အဆင့်ကိုပင် မမီနေချေ။

“ဝမ်လန်ရှင်း... တကယ်လို့ မင်းအဲ့ဒီကျမ်းစာအုပ်တွေကို မလိုဘူးဆိုရင် ငါ့ကို ပေးပါလား...” ကျမ်းစာအုပ်များ၏ အဆင့်က အလွန်နိမ့်ကျနေသော်လည်းပဲ လင်းချန်က တောင်းလိုက်ဆဲပင်။

“ဟုတ်သားပဲ... ငါမေ့တော့မလို့...”

ပြောပြီးသည်နှင့် ဝမ်လန်ရှင်းက သူမတွေ့ရှိထားသည့် ကျမ်းစာအုပ်များကို လင်းချန်လက်ထဲ ထည့်ပေးလိုက်၏။ လင်းချန်ကမူ ထိုစာအုပ်များကို ကောင်းကင်လမ်းကြောင်းထဲသို့ သိမ်းဆည်းလိုက်သည်။

“အွန်း... အဲ့ဒီကျမ်းစာအုပ်ထဲက ပညာရပ်တွေက အရမ်းအခြေခံကျလွန်းတယ်...။ လင်းချန်... အဲ့ဒါတွေကို ဘာလုပ်မလို့လဲ...။ မောင်လေးအတွက် လိုမှမလိုတာ...” ဓားနတ်ဘုရားဂိုဏ်းမှ အမကြီး ကျူးရှောင်ကျားက နားမလည်နိုင်စွာ မေးမြန်းလာ၏။

ကျူးရှောင်ကျား သိချင်နေသည်ကို မြင်သောအခါ လီလဲ့ထျန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝင်ရောက် ရှင်းပြလိုက်သည်။

“ကျွန်တော်တို့ နတ်ဓားဂိုဏ်းရဲ့ လူငယ်ဧကရာဇ်က ပါရမီရှင်ဗျ...။ သူကျင့်ကြံတဲ့ ကျင့်စဥ်တွေကို သူ့ဘာသာ ကိုယ်တိုင်ဖန်တီးထားတာ...။ ဒါကြောင့် တခြားကျမ်းစာနဲ့ ကျင့်စဥ်တွေကို လေ့လာပြီး သုတေသနလုပ်လေ့ရှိတယ်လေ...”

လီလဲ့ထျန်၏ စကားကို ကြားသောအခါ လျူယွဲ့ချန်နှင့် ကျူးရှောင်ကျားတို့၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး လင်းချန်အား မယုံနိုင်သကဲ့သို့ ကြည့်လိုက်ကြမိသည်။

လင်းချန်ဘေးနားရှိ ယီစင်းသည်လည်း လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်ကာ ချီးကျူးလိုက်၏ယ

“ချန်လေး... နင်က ဒီလောက်ထိ တော်မှန်း ငါမသိခဲ့ဘူး...”

ကမ်းရိုးတန်းပြည်နယ်တစ်ခုလုံး၌မှာပင် ကိုယ်ပိုင်သိုင်းကိင့်စဥ်အား ဖန်တီးနိုင်သူဟူ၍ လက်ရှိအချိန်ထိ မကြားဖူးသေးပေ။

“ဟဟ... အဲလော​က်လည်း မဟုတ်ပါဘူး...” ယီစင်း၏ အကြည့်ကြောင့် လင်းချန်တစ်ယောက် ရှက်ကိုးရှက်ကန်း ပြုံးပြီး ပြန်ဖြေလိုက်၏။

လင်းချန်၏ လက်ရှိအဆင့်ဖြင့် ကိုယ်ပိုင်သိုင်းကျင့်စဥ်အား ဖန်တီးရန်မှာ မဖြစ်နိုင်သေးချေ။

သူအားကိုးနေရသည်မှာ အင်ပါယာအတွင်းရှိ ကျူးကော့မင် ဦးဆောင်သည့် ပညာရှင်အဖွဲ့ကြီး ၊ ဟွာရှာအင်ပါယာ၏ ကောင်းကင်လက်မှုပညာဌာနပင်။ ကျမ်းစာအုပ်များကိုလည်း ကောင်းကင်လက်မှုပညာဌာနအတွက် လင်းချန် တောင်းယူခဲ့ခြင်း ဖြစ်၏။

ကျူးကော့မင်မှာ ဤကမ္ဘာကြီးနှင့် ပတ်သက်သော အချက်အလက်များ များများရလေ ပိုကောင်းလေဟု ဆိုထားသည်။ ထိုအတွက်ကြောင့် လင်းချန်သည်လည်း လက်လှမ်းမှီသမျှ ကျမ်းစာများနှင့် ကျင့်စဥ်များကို စုဆောင်းနေခြင်းပင်။

လင်းချန်အနေဖြင့် သူ့နောက်ကွယ်၌ ဉာဏ်ကြီးရှင် ပညာရှင်အဖွဲ့ကြီး ရှိနေကြောင်း ထုတ်ပြော၍ မရသဖြင့် သူလေ့လာရန်အတွက်ဟုသာ ဆင်ခြေပေးလေ့ ရှိ၏။

“ဒီမှာ ဘာမှမတွေ့တော့ဘူးဆိုရင် တခြားအိမ်တွေကို သွားကြည့်ရအောင်...”

အိမ်ကို နောက်ဆုံးအ​ကြိမ် တစ်ချက်ဝေ့ကြည့်ပြီး လင်းချန်က အကြံပြုလိုက်သည်။

“နောက်အိမ်တွေကျရင် ပိုကောင်းတာတွေ တွေ့ကောင်းတွေ့နိုင်တာပဲ...”

မည်သည်မှမရှိသည့် အိမ်ပျက်ထဲ၌ ဆက်နေခြင်းက အကျိုးမရှိသဖြင့် လူတိုင်း ခေါင်းညိတ်လိုက်ကြပြီး မျက်နှာချင်းဆိုင် အိမ်ဘက်သို့ ထွက်လာလိုက်ကြသည်။

မထင်မှတ်ထားသည်မှာ လင်းချန်၏ ခန့်မှန်းချက် မှန်ကန်သွားခြင်းပင်။ အဆိုပါ အိမ်၏ အခန်းထဲတွင် ပစ္စည်းကောင်းများ ရှာတွေ့၏။

စုစုပေါင်း အဆင့်မြင့်ကျင့်စဉ်နှင့် စွမ်းရည်များ ပါဝင်သည့် ကျမ်းစာအုပ် ခုနစ်အုပ်ကို တွေ့ရှိခဲ့ကြသည်။ သူတို့အတွက် အသုံးမဝင်လျှင်တောင် ဂိုဏ်းသို့ ပြန်ယူသွားပြီး ဂိုဏ်းအမှတ်များနှင့် လဲလှယ်နိုင်ကြ၏။

ကျမ်းစာအုပ်များသာမက ဆေးလုံးများ အများအပြား ပါဝင်သော ကျောက်စိမ်းပုလင်း ဆယ်ပုလင်းကိုလည်း ရှာတွေ့ခဲ့ကြသေး၏။

ကျောက်စိမ်းပုလင်းများသည် ဆေးအာနိသင်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပေးထားနိုင်သောကြောင့် သက်တမ်းကုန်ဆုံးသွားမည်ကို စိုးရိမ်းစရာ မလိုပေ။

ထိုဆေးလုံးများ၏ အဆင့်မှာ တတိယအဆင့် အထက်တန်းစားများ ဖြစ်ကြသည်။

ဆေးလုံး ၊ မူလလက်နက် ၊ စိတ်ဝိညာဉ်ပစ္စည်း ၊ အစီအရင် စသဖြင့် အသုံးအဆောင်ပစ္စည်းများကို သူတော်စင်အဆင့်နှင့် ပ ၊ ဒု ၊ တ ၊ စ အဆင့်ဟူ၍ ခွဲခြားထား၏။

ထိုအထဲ၌ သူတော်စင်အဆင့်သည် အမြင့်ဆုံးဖြစ်ပြီး အလွန်ရှားပါးကာ ကမ်းရိုးတန်းပြည်နယ်ကဲ့သို့ နေရာမျိုးတွင် ရှာတွေ့ရန် မဖြစ်နိုင်ချေ။

ပ ၊ ဒု ၊ တ ၊ စ အဆင့်များကို အထက် ၊ အလယ် ၊ အောက် ဟူ၍ သုံးဆင့် ထပ်ခွဲထားကြသည်။

နိဗ္ဗာန်နယ်ပယ်၌ရှိသည့် သူတို့ကဲ့သို့ ဂိုဏ်းအတွင်းစည်းတပည့်များ ပုံမှန်သုံးစွဲနိုင်သော ဆေးလုံးများသည် စတုတ္ထအဆင့် အထက်တန်းစားထက် မပိုကြချေ။

တစ်ခါတစ်ရံ ဂိုဏ်းတာဝန်များကို ထူးချွန်စွာ ထမ်းဆောင်နိုင်မှသာ ဆုကြေးအနေဖြင့် တတိယအဆင့် အထက်တန်းစား ဆေးလုံးများကို ရရှိတတ်ကြလေသည်။

ယခုအခါ တတိယအဆင့် အထက်တန်းစား ဆေးလုံး ဆယ်ပုလင်းတောင် ရရှိထားသဖြင့် ကိုယ်တိုင်သုံးမည်လော ၊ ဂိုဏ်းအမှတ်နှင့် လဲမည်လော။ ၂ ခုလုံးက တွက်ခြေကိုက်နေ၏။

ထိုပစ္စည်းများကို မည်သို့ခွဲဝေကြမည်နည်းဟု တိုင်ပင်နေကြစဉ်မှာပင် ရုတ်တရက် ကျူးရှောင်ကျား၏ မျက်နှာမှာ ဖြူလျော်သွားရလေပြီး ကြောက်လန့်တကြားဖြင့် တံခါးပေါက်သို့ လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။

“ဟိုကလေး... ဟိုကလေး လာပြန်ပြီ...”

“ဟမ်...”

ကျူးရှောင်ကျား၏ အသံကြောင့် လင်းချန်နှင့် လူတိုင်း တံခါးပေါက်ဘက်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ကြရသည်။

ထိုအချိန်၌ပင် ကျူးရှောင်ကျား၏ မျက်နှာထက်၌ ကောက်ကျစ်စဉ်းလဲသည့် အပြုံးတစ်ပွင့် ပေါ်လာပြီး ရုတ်တရက် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ ကြမ်းပြင်ပေါ်သို့ အားကုန်လွှဲ၍ ရိုက်ခွဲလိုက်လေတော့၏။

“ခွမ်းးး”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၇ ပြီး။

ဘာသာပြန် - Author Ko Yoohto

Editor - Author Chang'e 🌕

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၈

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

ကျူးရှောင်ကျားမှာ ကျောက်စိမ်းပုလင်းအား ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် တံခါးပေါက်ဆီသို့ အတင်းပြေးထွက်သွားလိုက်သည်။ ထိုအချိန်၌ လျူယွဲ့ချန်မှာ တံခါးပေါက်တွင် ပိတ်ရပ်နေလျက်သား ရှိနေ၏။

“ဟွန့်...”

ကျူးရှောင်ကျားက နှာခေါင်းရှုံ့လိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းထားသည့် လက်ဝါးစောင်းဖြင့် လျူယွဲ့ချန်၏ ရင်ဘတ်အား ပြင်းထန်စွာ ရိုက်ချလိုက်သည်။

“ဖူး...”

ကျူးရှောင်ကျား၏ ရုတ်တရက် တိုက်ခိုက်မှုက လူတိုင်းကို အလစ်အငိုက် မိသွားစေသည်။ လျူယွဲ့ချန်မှာ လုံးဝ အကာအကွယ်မဲ့နေခဲ့ရာ ရင်ဘတ်တည့်တည့်ကို အပြင်းအထန် အရိုက်ခံလိုက်ရပြီး သွေးတစ်ပွက်အန်ကာ ဘေးသို့ လဲကျသွားရတော့၏။

ထိုအခိုက်အတန့်လေး၌ပင် ကျူးရှောင်ကျားသည် တံခါးပေါက်မှတစ်ဆင့် အပြင်သို့ ပြေးထွက်သွားတော့သည်။

“စီနီယာအစ်မ...”

ယီစင်းက လန့်ဖျပ်သွားပြီး အော်ဟစ်လိုက်ကာ လဲကျနေသည့် လျူယွဲ့ချန်အား တွဲထူရန် အပြေးသွားလိုက်သည်။

ထိုအချိန်၌ပင် လေချန်နှင့် အခြားသူများတို့သည်လည်း အသိပြန်ဝင်လာပြီး လိုက်ဖမ်းရန် ပြင်လိုက်ကြ၏။ သို့သော် ရုတ်တရက်ဆိုသလိုပင် သူတို့၏ ခန္ဓာကိုယ်များမှာ ပျော့ခွေသွားကြရပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားကြရတော့၏။

ထိုအခါမှသာ အစောက ကျူးရှောင်ကျား ရိုက်ခွဲလိုက်သည့် ပုလင်းထဲမှ ထူးဆန်းသည့် အဖြူရောင်အငွေ့များ ထွက်ပေါ်နေကြောင်းကို သူတို့ သတိထားမိလိုက်ကြသည်။

သူတို့အားလုံး ထိုအငွေ့များကို ရှူရှိုက်မိသွားကြလေပြီ။

လင်းချန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။ အဆိပ်အများစုသည် သူ့အပေါ် မသက်ရောက်သည်မို့ ပုံမှန်အတိုင်းပင် ရှိနေ၏။

သို့သော် သူသည် တခြားသူများနည်းတူ အဆိပ်မိချင်ယောင်ဆောင်ကာ ဒူးထောက်ချလိုက်ပြီး မည်သည်တို့ ဆက်ဖြစ်မည်နည်း ဆိုသည်ကို ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်တော့သည်။

တံခါးပေါက်ဝသို့ ရောက်နေပြီဖြစ်သော ကျူးရှောင်ကျားသည် အထဲမှ အခြေအနေကို မြင်သောအခါ ဆက်မပြေးတော့ဘဲ လှည့်ကြည့်လာကာ အောင်နိုင်သူတစ်ယောက်၏.အပြုံးမျိုးကို ပြုံးလိုက်သည်။

“စီနီယာအစ်မ... အားတင်းထားပါဦး...”

ယီစင်းမှာလည အနည်းငယ် အားနည်းလာပြီဖြစ်သော်လည်း သူမဝတ်ဆင်ထားသည့် ဂါဝန်ဖြူမှ ကြယ်ရောင်များ ထွက်ပေါ်လာကာ သူမအား တခြားသူများထက် အနည်းငယ် ပို၍ သက်သာနေစေရန် ထိန်းထားပေးပုံရသည်။

ယီစင်းက ကုသရေးဆေးလုံး အမျိုးမျိုးကို ထုတ်ယူလိုက်ပြီး သူမရင်ခွင်ထဲရှိ လျူယွဲ့ချန်၏ ပါးစပ်ထဲသို့ အတင်း ခွံ့ကျွေးလိုက်သည်။

“ရှင်းရှင်း... မရတော့ဘူး...။ အစ်မရဲ့ နှလုံးကို သူ ရိုက်လိုက်တာ...”

လျူယွဲ့ချန်က ယီစင်း၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြလိုက်သည်။

“ဒီဆေးတွေကို အစ်မအတွက် အလဟဿ မဖြုန်းပါနဲ့တော့...”

လျူယွဲ့ချန်မှာ စကားကို ပီပီသသ ပြောနိုင်နေသေးသော်ငြား ထိုသို့ပြောနိုင်ခြင်းမှာ သူမသည် နိဗ္ဗာန်နယ်ပယ် သိုင်းဝိညာဉ်ပညာရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ သူမ၏ စွမ်းအားဖြင့်သာ နောက်ဆုံးထွက်သက်ကို မနည်းဆွဲဆန့်ထားရခြင်းဖြစ်ကြောင်း ယီစင်း သိသည်။

“မြန်မြန်... ထွက်ပြေးတော့...”

ထိုနောက်ဆုံးစကားကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် လျူယွဲ့ချန်၏ မျက်လုံးများ မှိတ်ကျသွားကာ ခေါင်းငိုက်စိုက်ကျသွားပြီး သေဆုံးသွားတော့၏။

“စီနီယာအစ်မ...”

ယီစင်းမှာတော့ လျူယွဲ့ချန်၏ အလောင်းကို ဖက်ထားရင်း နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်တော့သည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များမှာလည်း တားမရဆီးမရ စီးကျလာတော့၏။

ဓားနတ်ဘုရားဂိုဏ်းသို့ ရောက်ရှိလာကတည်းက လျူယွဲ့ချန်မှာ သူမအား အမြဲတမ်း စောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။ နှစ်ကာလများ ကြာလာသည်နှင့်အမျှ ယီစင်းသည်လည်း သူမအား အစ်မအရင်းတစ်ယောက်ပမာ ချစ်ခင်တွယ်တာခဲ့ရတော့၏။

“ဘာလို့လဲ...”

ယီစင်း ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျူးရှောင်ကျားကို စိုက်ကြည့်လိုက်သည်။ သူမ၏ အကြည့်တို့သည် ကျူးရှောင်ကျားအား အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေသည့်အလား ကြမ်းကြုတ်စူးရဲနေ၏။

“ဘာလို့လဲ ဟုတ်လား...။ နင့်ကြောင့်လေ... ကောင်မစုတ်လေးရဲ့။ ဓားသူတော်စင်မယ်ရဲ့ တပည့်အရင်းဖြစ်ခွင့်ကို နင်က ဘာလို့များ ရသွားရတာလဲ...။ နင့်မှာ ဘာအစွမ်းအစ ရှိလို့လဲ...။ ဂိုဏ်းကသာ နင့်အပေါ် အရင်းအမြစ်တွေ ပုံအောမပေးရင် နင်က ဒီလောက်မြန်မြန်နဲ့ နိဗ္ဗာန်နယ်ပယ်ကို ရောက်လာပါ့မလား...”

“ပြီးတော့ ဟို လျူဆိုတဲ့ကောင်မကလည်း အကျိုးအမြတ်လိုချင်လို့ နင့်ကို အမြဲတမ်း ဖားယားနေတာလေ။ ငါ သူ့ကို ကြည့်မရတာ ကြာပြီမလို့ အခု အခွင့်ကောင်းကြုံတုန်း အပြတ်ရှင်းပစ်လိုက်တာပဲ...”

ကျူးရှောင်ကျားမှာ အောင်နိုင်သူလေသံဖြင့် ပြောလာသည်။ ဘေးနားရှိ လင်းချန်သည်လည်း သူမ၏ မျက်လုံးများထဲမှ မနာလိုဝန်တိုမှုများနှင့် အမုန်းတရားများကို အထင်းသား မြင်တွေ့နေရ၏။

“ဒီအဆိပ်ငွေ့ပုလင်း တစ်ပုလင်းတည်းနဲ့တော့ ငါတို့အားလုံးကို တစ်ပြိုင်နက်တည်း လှဲလို့ မရနိုင်ဘူး။ မင်း ဘယ်လိုလုပ်ခဲ့တာလဲ...”

လင်းချန်က ရုတ်တရက် ဝင်ပြောလိုက်ပြီး ကျူးရှောင်ကျားကို ကြည့်လိုက်၏။

“သစ်ပင်ခြောက်တောအုပ်ထဲမှာတုန်းက နင်တို့ကို ငါ မသိမသာ ရှူရှိုက်မိအောင် လုပ်ခဲ့တာလေ...။ အဲ့ဒီမှာက မြူတွေ ထူနေတော့ ငါလွှတ်လိုက်တဲ့ အဖြူရောင်အငွေ့ နည်းနည်းလေးကို နင်တို့ သတိမထားမိကြဘူးလေ...”

“စိတ်ဝိညာဉ်ထုံဆေး...”

လေချန်က လေးနက်သော အသံဖြင့် ဝင်ပြောလိုက်လေသည်။

“ဒီအဆိပ်ငွေ့က စိတ်ဝိညာဉ်စွမ်းအင်ကို ထုံကျဉ်သွားစေပြီး စုစည်းလို့ မရအောင် တားဆီးနိုင်တယ်။ ခြေလက်တွေကိုလည်း အားမရှိအောင် ဖြစ်စေတယ်...”

“ပြီးတော့ ဒီအဆိပ်က နှစ်ဆင့်ရှိတယ်...။ ထုံဆေးနဲ့ ပျော့ဆေးဆိုပြီးတော့လေ...။ တစ်မျိုးတည်း ရှူမိရင် ဘာမှမဖြစ်ပေမဲ့ နှစ်မျိုးလုံးကို ရှေ့ဆင့်နောက်ဆင့် ရှူမိလိုက်ရင်တော့ အခုလိုမျိုး စိတ်ဝိညာဉ်စွမ်းအင်တွေ ပျက်စီးပြီး ခန္ဓာကိုယ် ပျော့ခွေသွားရော...”

“ဖြောင်း... ဖြောင်း... ဖြောင်း...”

လေချန် စကားပြောပြီးသည်နှင့် တံခါးအပြင်ဘက်မှ လက်ခုပ်သံများ ထွက်ပေါ်လာပြီး လူရိပ်သုံးခု ဝင်ရောက်လာကြသည်။

“မဆိုးဘူး...။ စိတ်ဝိညာဉ်ထုံဆေးဆိုတဲ့ တော်ရုံလူ မသိနိုင်တဲ့ ရှားပါးအဆိပ်မျိုးကို မင်းက သိနေတာပဲ...”

ခေါင်းဆောင်ဖြစ်သူက ချီးကျူးလိုက်၏။

“ဖူဟန်... ဒါ နင်လုပ်တာပေါ့...”

ဝင်လာသူကို မြင်လိုက်ရသည်နှင့် ယီစင်းမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်လိုက်ရသည်။ ဝင်ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ဓားနတ်ဘုရားဂိုဏ်းမှ ဖူဟန်ပင် ဖြစ်နေ၏။

ဖူဟန်က ယီစင်းအား လှောင်ပြုံးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

“ဟုတ်တယ်... ငါလုပ်တာ...။ ပြောရရင် မင်းတို့ကလည်း တော်တော်စွမ်းတာပဲ...။ သစ်ပင်ခြောက်တောအုပ်ထဲမှာ လမ်းမပျောက်ဘဲ ဒီအထိ ရောက်အောင် လာနိုင်တယ်ဆိုတော့လေ...”

ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ၌ သေစေနိုင်သော နေရာများရှိကြောင်းကို ဖူဟန်လည်း သိထားသည်။

မြူများထူထပ်နေသည့် သစ်ပင်ခြောက်တောအုပ်မှာ လမ်းပျောက်လွယ်ပြီး ပုံရိပ်ယောင်များကြောင့် ထွက်ပေါက်ရှာမတွေ့ဘဲ ဖြစ်တတ်ကြ၏။ ထို့အပြင် သစ်ပင်ခြောက်တောအုပ်အတွင်း၌ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်တတ်သော အန္တရာယ်များလည်း ရှိနေသေးသည်။

သို့သော် လင်းချန်နှင့် အဖွဲ့သားများမှာမူ မည်သည်မှ မဖြစ်ခဲ့သလိုပင် အပျက်အစီးများရှိရာ အတွင်းပိုင်းသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့ကြ၏။

အကယ်၍ ကျူးရှောင်ကျားသာ လမ်းပြအမှတ်အသားများ မလုပ်ပေးခဲ့လျှင် ဖူဟန်တို့အဖွဲ့သည်လည်း နောက်မှ လိုက်လာရဲမည် မဟုတ်ပေ။

သူတို့မသိသည်မှာ လင်းချန်က သူ၏ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မြူများကို ဖယ်ရှားကာ ပုံရိပ်ယောင်များကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေခြင်းကိုပင်။

ထို့အပြင် လမ်းကြောင်းရှာဖွေသည့် နေရာ၌လည်း ဟွာရှာအင်ပါယာ၏ လေဟုန်စစ်သည်များမှာ ကျွမ်းကျင်ပညာရှင်အဆင့်ရှိ ကင်းထောက်များနှင့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ကြသည်။

သူတို့သည် တစ်ပိုင်းတစ်စ အသက်ရှိသည့် အစားထိုးရုပ်သေးများဖြစ်ကြပြီး လင်းချန်အပေါ် လုံးဝသစ္စာရှိသူများ ဖြစ်ကြ၏။

ထို့ကြောင့် သူတို့သည် စိတ်ခံစားချက်မရှိသလို ပုံရိပ်ယောင်များ၏ လွှမ်းမိုးမှုကိုလည်း မခံရပေ။

“ဖူဟန်... နင် ဘာလုပ်ချင်တာလဲ...”

ယီစင်းက လျူယွဲ့ချန်၏ အလောင်းကို ဖက်ထားရင်း အေးစက်စွာ မေးလိုက်၏။

ဖူဟန်က ပြုံးလိုက်ပြီးနောက် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ကာ ယီစင်းဘက်သို့ လှမ်း၍ လှုပ်ပြလိုက်လေသည်။

“ဘာလုပ်ရမှာလဲ ဟုတ်လား...။ နင့်ကို ကျွန်ပြုဆေးလုံးတိုက်ပြီး ကျန်တဲ့လူတွေကို နှုတ်ပိတ်ပစ်ရမှာပေါ့...”

ကျွန်ပြုဆေးလုံး...

ထိုစကားလုံးကို ကြားသောအခါ ယီစင်း၏ မျက်နှာမှာ ဖြူဆွတ်သွားရပြီး လင်းချန်၏ မျက်နှာထက်၌လည်း ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

ကျွန်ပြုဆေးလုံးဆိုသည်မှာ သောက်သုံးလိုက်သူ၏ ဝိညာဉ်ကို ထိခိုက်စေပြီး ဆေးလုံးပိုင်ရှင်၏ အမှတ်အသား ရိုက်နှိပ်ခြင်းကို ခံရကာ တစ်ဘဝလုံး ကျွန်အဖြစ် ခိုင်းစေသမျှကို လုပ်ရမည့် အဆိပ်ဆေးလုံးမျိုးပင်။

“ဘာဖြစ်လို့လဲ... မင်းက အရမ်း ဒေါသထွက်နေပုံပဲ...”

လင်းချန်၏ ဒေါသထွက်နေသော မျက်နှာကို သတိပြုမိသွားသဖြင့် ဖူဟန်သည် မေးစေ့ကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။

“ငါက ယီစင်းလို ပုံစံမျိုးကို သိပ်မကြိုက်ပေမဲ့ တစ်ခါတလေကျရင် အရသာပြောင်းပြီး မြည်းစမ်းကြည့်တာလည်း မဆိုးပါဘူးလေ...။ ပြီးတော့ မင်းကို မသတ်ဘဲထားပြီး မင်းရဲ့ ဇနီးလောင်း တခြားယောက်ျားတစ်ယောက်နဲ့ ပျော်ပါးနေတာကို ထိုင်ကြည့်ခိုင်းရင် ကောင်းမလားလို့... ဟားဟားဟား...”

ဖူဟန်၏ ရိုင်းစိုင်းယုတ်မာသော ရယ်မောသံကို ကြားလိုက်ရသောအခါ ယီစင်း၏ မျက်နှာထားမှာ မဲမှောင်သွားရတော့သည်။

သူမက ကြမ်းပြင်ပေါ်၌ ကျနေသည့် အုတ်ခဲကျိုးတစ်စကို ကောက်ယူလိုက်ပြီး ကိုယ်တွင်း၌ ကျန်ရှိနေသေးသော စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကိုသုံးကာ သူမ၏ လည်ပင်းကို ထိုးစိုက်ရန် ပြင်လိုက်သည်။

သို့သော် ကျူးရှောင်ကျားက ထိုအကွက်ကို ကြိုမြင်နေသကဲ့သို့ ယီစင်း၏ လက်ကောက်ဝတ်အား ချက်ချင်း ဖမ်းချုပ်လိုက်ပြီး အုတ်ခဲကျိုးကို လုယူလိုက်၏။ ထို့နောက် ယီစင်း၏ မျက်နှာကို ရိုက်ရန် လက်ရွယ်လိုက်သည်။

“ခွေးမ... သေချင်တိုင်း သေလို့ရမလား...။ အိပ်မက်မက်နေလိုက်...”

လက်ဝါးချက် ကျရောက်လာချိန်၌ ယီစင်းမှာ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘဲ ကျူးရှောင်ကျားကိုသာ အမုန်းတရားများဖြင့် စူးစိုက်ကြည့်နေရသည်။

သို့သော် ကျူးရှောင်ကျား၏ လက်ဝါးသည် ယီစင်း၏ မျက်နှာပေါ်သို့ ကျရောက်မလာပေ။ တစ်စုံတစ်ယောက်က သူမ၏ လက်ကို ဖမ်းချုပ်လိုက်၏။

ကျူးရှောင်ကျားက သူမ၏ လက်ကို ဖမ်းချုပ်ထားသူအား အံ့ဩတကြီး လှည့်ကြည့်လိုက်ရာ အလွန်အေးစက်နေသည့် မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံသွားသည်။

လင်းချန်...

“အားးး”

ကျူးရှောင်ကျား ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး နောက်သို့ ခုန်ဆုတ်လိုက်မိသည်။

သူမသည် လွတ်လပ်စွာ လှုပ်ရှားနိုင်နေပြီး အဆိပ်မိထားသည့် လက္ခဏာ တစ်စုံတစ်ရာမှမရှိဘဲ ယီစင်းအား ကြမ်းပြင်ပေါ်မှ တွဲထူပေးနေသည့် လင်းချန်ကို မယုံကြည်နိုင်စွာ ကြည့်နေမိတော့သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၈ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters