← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၉

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

လင်းချန်တစ်ယောက် အကောင်းပကတိ မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသောအခါ ကျူးရှောင်ကျားမှာ နောက်သို့ဆုတ်သွားရင်း မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်ရသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။ နင် စိတ်ဝိညာဉ်ထုံဆေး မိထားတာ သေချာတယ်လေ…။ ဘယ်လိုလုပ် မတ်တတ်ရပ်နိုင်သေးတာလဲ…”

လင်းချန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ကျူးရှောင်ကျားဘက်သို့ လှည့်ကာ တုံ့ပြန်လိုက်၏။

“တကယ်လို့ ငါက အဆိပ်မျိုးစုံကို ပြီးတဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ်ဆိုရင်ကော…။”

“အဆိပ်မျိုးစုံကို ပြီးတယ်…”

လင်းချန်၏ စကားကြောင့် ကျူးရှောင်ကျား၏ မျက်နှာမှာ ပျက်ယွင်းသွားရသည်။ ဤလောကထဲ၌ ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုး ရှိလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

“ဟားဟားဟား… ရယ်ရတယ်ကွာ…”

ထိုအချိန်၌ ဖူဟန်က လှောင်ရယ်လိုက်လေသည်။

“မင်း အဆိပ်မမိဘူးဆိုရင်ကော ဘာလုပ်နိုင်မှာလဲ…။ ငါတို့လေးယောက်ကို မင်းတစ်ယောက်တည်း ယှဉ်နိုင်မယ် ထင်နေလား…”

ဖူဟန်၏ စကားကြောင့် ယီစင်းမှာ အသိပြန်ဝင်လာပြီး သူမ၌ ကျန်ရှိနေသေးသော နောက်ဆုံးအားအင်ကို ညှစ်ထုတ်ကာ လင်းချန်အား သတိပေးလိုက်၏။

“ချန်လေး… ငါတို့ကို ဂရုမစိုက်နဲ့တော့… မြန်မြန် ထွက်ပြေးတော့…”

ဖူဟန်၏ အဘွားသည် ဓားနတ်ဘုရားဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သလို ယီစင်း၏ ဆရာဖြစ်သူ၏ အစ်မလည်း ဖြစ်သည်။ ထိုကဲ့သို့ ကျောထောက်နောက်ခံ ရှိနေသည့်အပြင် ဖူဟန်ကိုယ်တိုင်၏ ပါရမီနှင့် စွမ်းအားကလည်း အလွန်ပင် မြင့်မားလှ၏။

ယီစင်းသည် ဖူဟန်ထက် ပါရမီပိုကောင်းသော်ငြား သူမမှာ နိဗ္ဗာန်နယ်ပယ်သို့ ယခုမှ ရောက်ရှိကာစဖြစ်ရာ ဖူဟန်၏ အဆင့်ကို မမီသေးပေ။ ယခုတစ်ခေါက် ဓားနတ်ဘုရားဂိုဏ်းမှ စေလွှတ်လိုက်သော တပည့်ခြောက်ယောက်အနက် ဖူဟန်သည် အသန်မာဆုံးဖြစ်ပြီး ရှန်ထျန်ဂိုဏ်းမှ ပါရမီရှင်ခြောက်ယောက်နှင့်ပင် တန်းတူယှဉ်နိုင်သူ ဖြစ်သည်။

ထို့အပြင် ဂိုဏ်းအတွင်းစည်း၏ ထိပ်သီးတပည့်ဖြစ်သော ကျူးရှောင်ကျားလည်း ရှိနေသေးသလို ဖူဟန်၏ နောက်လိုက်နှစ်ယောက်ဖြစ်သည့် မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့လည်း ရှိနေသေးသည်။ လင်းချန်တစ်ယောက်တည်းနှင့် လူလေးယောက်ကို မည်သို့လုပ်၍ ယှဉ်နိုင်မည်နည်း။

ယီစင်း၏ အော်ဟစ်သံကြောင့် ဖူဟန်၏ အနောက်မှ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့သည် လင်းချန် ထွက်ပြေးမည်စိုး၍ သတိအနေအထားဖြင့် စောင့်ကြည့်နေကြ၏။

“ခွေးမ။ နင့်ရဲ့ စောက်ကျက်သရေမရှိတဲ့ ပါးစပ်ကို ပိတ်စမ်း…”

ကျူးရှောင်ကျားက ယီစင်းအား ကြည့်ပြီး ရက်စက်သော အပြုံးဖြင့် ပြုံးလိုက်ကာ လင်းချန်ဘက်သို့ လှည့်၍ ကြိမ်းဝါးလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ်… ဒီနေ့ နင်တို့အကုန်လုံး သေရမှာပဲ… ဟားဟားဟား…”

လင်းချန်၏ ရင်ခွင်ထဲ၌ မှီနေသည့် ယီစင်းကလည်း အလျင်အမြန်ပင် ထပ်မံတိုက်တွန်းလိုက်သည်။

“ချန်လေး… ပြေးပါဆိုနေ…။ ငါ့ကို စိတ်မပူနဲ့တော့…”

လင်းချန်ကမူ ယီစင်းကို ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ချပေးလိုက်ပြီး တည်ငြိမ်သော အသံဖြင့် နှစ်သိမ့်လိုက်၏။

“မိန်း… စိတ်မပူပါနဲ့။ သူတို့က ငါ့အတွက် ဘာမှမဟုတ်ပါဘူး…”

လင်းချန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ယီစင်း၏ ရှေ့မှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားပြီး အဆောက်အအုံထဲ၌ ရွှေနီရောင် လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကိုသာ တွေ့လိုက်ကြရ၏။

နောက်တစ်ခဏ၌ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များအား လွှမ်းခြုံထားသည့် လင်းချန်သည် ကျူးရှောင်ကျား၏ ရှေ့တည့်တည့်သို့ ရောက်နေလေပြီ။

လင်းချန် ရုတ်တရက် ရောက်ရှိလာသဖြင့် ကျူးရှောင်ကျား လန့်ဖျပ်သွားရပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များကို အလျင်အမြန် စုစည်းလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူမသည် ဓားနတ်ဘုရားဂိုဏ်း၏ ထိပ်သီးတပည့်တစ်ယောက် ဖြစ်သောကြောင့် တုံ့ပြန်မှု မြန်ဆန်လှသည်။ သူမ၏ ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်အား သံမဏိဒိုင်းသဖွယ် ကာကွယ်လိုက်၏။

ကျူးရှောင်ကျား စိတ်သက်သာရာရကာ သက်ပြင်းချလိုက်နိုင်စဥ်မှာပင် သူမရှေ့ရှိ လင်းချန်၏ မျက်နှာထက်၌ အထင်တသေး အပြုံးတစ်ပွင့် ပေါ်လာပြီး မျက်လုံးအိမ်ထဲတို့၌ လျှပ်စီးကြောင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

“မင်းက သိပ်အားနည်းလွန်းတယ်…”

လင်းချန်က ဆိုလိုက်ပြီး သူ၏ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ပစ်သွင်းလိုက်တော့၏။

“ဂျိမ်းးး”

မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ လင်းချန်၏ လက်သီးသည် ကျူးရှောင်ကျား၏ အကာအကွယ် စိတ်ဝိညာဉ်စွမ်းအင်များကို စက္ကူစုတ်သဖွယ် အလွယ်တကူ ထိုးဖောက်သွားတော့၏။

“ဘန်းးး”

ပြင်းထန်လှသည့် ရိုက်ခတ်မှုကြောင့် ကျူးရှောင်ကျား၏ ခန္ဓာကိုယ်မှာ နောက်သို့ အရှိန်ပြင်းစွာ လွင့်စင်ထွက်သွားကာ နံရံနှင့် ဝင်ဆောင့်မိပြီး သွေးတစ်ပွက်အန်လျက် ကြမ်းပြင်ပေါ်သို့ လျောကျသွားတော့သည်။

သူမ၏ ရင်ဘတ်ကို ဖိထားရင်း ကျူးရှောင်ကျားက လင်းချန်အား ကြောက်လန့်တကြား မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးအိမ်တို့မှာ ကျဉ်းမြောင်းသွားရပြီး သရဲသဘက်ကို မြင်လိုက်ရသည့်အလား ကြမ်းပြင်ပေါ်၌ ကြောင်အအ ဖြစ်သွားရတော့၏။

“မဖြစ်နိုင်ဘူး… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

အဘယ်ကြောင့်ဆိုသော် သူမရှေ့ရှိ လင်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရွှေနီရောင် မိုးကြိုးစွမ်းအင်အလင်းတန်းများသည် ၁၂ သွယ်တိုင်အောင် ရှိနေသောကြောင့်ပင်။

စွမ်းအင်အလင်းတန်း အရေအတွက်သည် သိုင်းဝိညာဉ်ပညာရှင်တစ်ဦး နိဗ္ဗာန်နယ်ပယ်သို့ မတက်ရောက်မီ ပြီးမြောက်ခဲ့သည့် နိဗ္ဗာန်စက်ဝန်း အရေအတွက်ကို ကိုယ်စားပြုလေ၏။

ကျူးရှောင်ကျား၏ နားလည်ထားမှုအရ နိဗ္ဗာန်စက်ဝန်း ကိုးသွယ်ပြီးမြောက်သူသည်ပင် ကမ်းရိုးတန်းပြည်နယ်၏ ထိပ်တန်းပါရမီရှင် ကောင်းကင်ဘုံ၏ သားတော်အဖြစ် သတ်မှတ်ခံကြရသည်။

သို့သော် သူမရှေ့မှ လင်းချန်၌ စွမ်းအင်အလင်းတန်း ၁၂ ခု ရှိနေ၏။ ဆိုလိုသည်မှာ သူသည် နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်ကို ဖြတ်ကျော်ပြီးမှသာ နိဗ္ဗာန်နယ်ပယ်သို့ တက်ရောက်လာခဲ့ခြင်းပင်။

ဘေးနားမှ ဖူဟန်သည်လည်း ထိတ်လန့်တကြား ရေရွတ်လိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… နိဗ္ဗာန်စက်ဝန်း ကိုးသွယ်ကိုကျော်သွားရင် စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်းလို့ မရတော့ဘူးလေ…။ မင်းက ဘယ်လိုလုပ် ဆယ့်နှစ်သွယ်အထိ ရောက်နေရတာလဲ…”

ဖူဟန်၏ အနောက်မှ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့သည်လည်း ပါးစပ်အဟောင်းသားဖြင့် ကြောင်အ နေကြပြီး စကားပင် မပြောနိုင်ကြတော့ပေ။

“ချန်လေး… နင်…”

ကြမ်းပြင်ပေါ်၌ လဲနေသော ယီစင်းသည်လည်း အံ့ဩမှုများဖြင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လင်းချန်အား မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ လင်းချန်အနေဖြင့် ဤမျှ မဖြစ်နိုင်ဟု ထင်ရသော ကိစ္စကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိချေ။

“ခွမ်း…”

ထိုအခိုက် ကွဲအက်သံတစ်ခု ထွက်ပေါ်လာသဖြင့် ဖူဟန်နှင့် အခြားသူများ၏ မျက်နှာထား ပြောင်းလဲသွားရ၏။

လေချန်နှင့် အခြားသူများက ကြည်လင်သော ဖန်ပုလင်းငယ်များကို ချိုးဖောက်ဖွင့်လှစ်ကာ အထဲမှ မဲတဲတဲ ဆေးရည်များကို မော့သောက်လိုက်ပြီးနောက် အားလုံး မတ်တတ်ရပ်လိုက်ကြသည်ကို မြင်လိုက်ရသောကြောင့်ပင်။

လင်းချန်သည်လည်း ယီစင်းအနားသို့ ပြန်သွားကာ ဒူးထောက်ထိုင်ချလိုက်ပြီး ဖန်ပုလင်းတစ်လုံးကို ထုတ်ကာ ယီစင်းအား မဲတဲတဲ ဆေးရည်များ တိုက်ကျွေးလိုက်၏။

ထိုဆေးရည်ကို သောက်ပြီးသည်နှင့် တစ်ပြိုင်နက် ယီစင်းသည် သူမ၏ ထုံကျဉ်နေသည့် စိတ်ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ပြန်လည်သက်ဝင်လာပြီး အားနည်းနေခဲ့သည့် ခြေလက်များ ပုံမှန်ပြန်ဖြစ်လာသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။

ဖန်ပုလင်းထဲမှ ဆေးရည်တို့သည် အဆင့်နိမ့် အဆိပ်ဖြေဆေးရည်များပင်။ အဆင့်နိမ့်သည် ဆိုသော်ငြား ဤကဲ့သို့သော အဆိပ်မျိုးကိုမူ အလွယ်တကူ ဖြေရှင်းပေးနိုင်စွမ်း ရှိ၏။

လေချန်တို့ဆီ၌လည်း လင်းချန်ပေးထားသော အဆင့်နိမ့် ဆေးရည်များ ရှိနေသည်။ လင်းချန်အတွက်တော့ ဤပစ္စည်းများက အမှိုက်လောက်သာ တန်ဖိုးရှိသော်လည်း သူတို့ကို ပေးထားလိုက်ခြင်းက အကျိုးယုတ်စရာ မရှိပေ။

ဖူဟန်၏ မျက်နှာမှာ မဲမှောင်သွားရပြီး ရင်ထဲ၌ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့သည်။ သူ့ရှေ့မှ လင်းချန်သည် နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်ကို ဖြတ်ကျော်လာသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ ကြောက်မခန်းလိလိ ပါရမီရှင်တစ်ယောက် ဖြစ်နေ၏။

ထို့အပြင် စိတ်ဝိညာဉ်ထုံဆေး၏ အဆိပ်ကို ဖြေရန်ဆိုလျှင် တတိယအဆင့် အထက်တန်းစား အဆိပ်ဖြေဆေးလုံး လိုအပ်ပြီး ထိုဆေးလုံးမှာ အတော်လေး တန်ဖိုးကြီးမားလှသည်။ လင်းချန်တို့ဆီ၌ ရှိနေစရာ အကြောင်းမရှိပေ။

သို့သော် သူတို့က ထူးဆန်းသော ဆေးရည်တစ်မျိုးကို သောက်ပြီး အဆိပ်ကို ဖြေလိုက်နိုင်ကြ၏။ အခြေအနေက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားလေတော့၏။

ဖူဟန်က အံကြိတ်လိုက်ပြီး သူ့ရှေ့မှ လင်းချန်ကို စူးစိုက်ကြည့်နေလေ၏။

‘အဘွား ကျွန်တော့်ကို ဂျင်းထည့်သွားပြီ…။ လင်းချန်က အမှိုက်မဟုတ်ဘူးဗျ…။ လူအသွင်ယူထားတဲ့ နတ်နဂါးကြီး…’

ပြန်ကောင်းလာသည့် ယီစင်း၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်သွားပြီး သူမတစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသည့် အငွေ့အသက်တို့က ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။ လင်းချန်က လက်ကို ဆန့်ထုတ်လိုက်ပြီး သူမအား တားလိုက်သည်။

“မိန်း… ပြီးတော့ လေချန်… မင်းတို့က ဟိုသုံးကောင်ကို ကြည့်ထားလိုက်…။ ဖူဟန်ကို ငါ့အတွက် ချန်ထားပေး…”

လင်းချန်က ဖူဟန်ကို ကြည့်ပြီး မျက်နှာသေဖြင့် စိန်ခေါ်လိုက်၏။ သူ၏ အကြည့်တို့သည် နှစ်တစ်ထောင်ရေခဲသမျှ အေးစက်​​​နေလေသည်။

“ငါ့ရဲ့ ဇနီးလောင်းနဲ့ ပျော်ပါးတာကို ငါ့ကို ကြည့်ခိုင်းမယ် ဟုတ်လား…”

လင်းချန် ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်မှ ဖိအားများ ရုတ်တရက် လျော့ကျသွားပြီး စွမ်းအင်အလင်းတန်းများသည်လည်း တဖြည်းဖြည်း လျော့နည်းသွားကာ ၆ ခုသာ ကျန်ရှိတော့၏။

လင်းချန် သူ၏ အစွမ်းကို ဖိနှိပ်လိုက်မှန်း လူတိုင်း နားလည်လိုက်ကြသည်။ လင်းချန်က ရုတ်တရက် အစွမ်းကို လျှော့ချလိုက်သည်ကို မြင်သောအခါ ယီစင်းမှာ နားမလည်နိုင်စွာ မေးခွန်းထုတ်လိုက်၏။

“ချန်လေး… နင် ဘာလုပ်တာလဲ…”

လေချန်အပါအဝင် ကျန်အဖွဲ့သားများတို့သည်တော့ တစ်စုံတစ်ခုကို သဘောပေါက်သွားကြပြီး ဖူဟန်ကို သနားသလို ကြည့်ကာ မှတ်ချက်ချလိုက်ကြ၏။

“ခေါင်းဆောင်က အခု စွမ်းအင်အလင်းတန်း ၆ ခုအဆင့်အထိ လျှော့ချလိုက်တယ်ဆိုတော့ ဒီဖူဟန်ဆိုတဲ့ကောင်ကို လူလို့တောင် မသတ်မှတ်တော့ဘူးပဲ…”

လင်းချန်က ယီစင်းအား စိတ်အေးအေးထားရန် ပြုံးပြလိုက်ပြီးနောက် ကြောင်အနေသည့် ဖူဟန်ဘက်လှည့်ကာ ဆိုလိုက်၏။

“မင်း ဒီကပ်ဘေးကနေ လွတ်ချင်ရင် ငါနဲ့ တစ်ယောက်ချင်း တိုက်…။ မင်းနိုင်ရင် ငါ မင်းကို လွှတ်ပေးမယ်… ငါက မင်းကို အနိုင်ကျင့်တယ်လို့ မဖြစ်ရအောင် အခု မင်းမြင်တဲ့အတိုင်း ငါ့အစွမ်းကို ဖိနှိပ်ထားပေးမယ်…”

လင်းချန်က သူ၏ ရင်ဘတ်ကို ပုတ်ပြီး ပြတ်ပြတ်သားသားပင် ကတိပေးလိုက်သည်။

“ငါ့ရဲ့အစွမ်း အကုန်ထုတ်မသုံးဘူးလို့ ကတိပေးတယ်ကွာ…”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၂၉ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၀

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

ထိုအချိန်၌ ဖူဟန်၏ မျက်နှာထားမှာ ကြည့်ရအလွန်ဆိုးရွားနေလေပြီ။

လင်းချန်၏ အပြုအမူနှင့် စကားလုံးတို့သည် သူအား ဖိနပ်ဖြင့် ပါးရိုက်လိုက်သကဲ့သို့ စော်ကားလွန်းလှသည်။ သူ၏ ရင်ဘတ်ထဲသို့ ဓားတစ်ချောင်းဖြင့် ထိုးစိုက်မွှေနှောက်လိုက်သကဲ့သို့ ဖူဟန် ခံစားလိုက်ရ၏။

“လင်းချန်... မင်း ငါ့ကို မစော်ကားနဲ့ကွ...”

လင်းချန်၏ စော်ကားမှုကြောင့် ဖူဟန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး နီရဲလာပြီး အသိစိတ်လွတ်လုနီးပါး ဖြစ်သွားရတော့၏။

ဖူဟန်၏ အော်ဟစ်သံနှင့်အတူ သွေးရောင်လွှမ်းနေသည့် စိတ်ဝိညာဉ်စွမ်းအင်တို့သည် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး မျက်နှာထားမှာလည်း ကြောက်မက်ဖွယ်ကောင်းအောင်ကို.တွန့်လိမ်ရှုံ့တွသွားလေတော့သည်။

ထူထဲလှသည့် ယွင်စွမ်းအင် အငွေ့အသက်များ ပါဝင်နေသည့် သွေးရောင်စိတ်ဝိညာဉ်စွမ်းအင်တို့သည် ဖူဟန်၏ ဘေးပတ်လည်၌ လှည့်ပတ်စီးဆင်းနေပြီး သွေးရောင် သရဲဦးခေါင်းများအဖြစ် ပြောင်းလဲသွားကြသည်။

တစ်ချိန်တည်း၌မှာပင် စိတ်ဝိညာဉ်လက်နက် နှလုံးသားနှင့် စိတ်ဝိညာဉ်အစိတ်အပိုင်း ကိုးခုစလုံး ပေါ်ထွက်လာပြီး ဖူဟန်၏ သွေးရောင်စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်သွားကြလေ၏။

“သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း...”

နောက်တစ်ခဏ၌ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း ပြီးဆုံးသွားသည့် ဖူဟန်၏ လက်ထဲသို့ သွေးရောင်ဓားရှည်တစ်လက် ရောက်ရှိလာ၏။ သူ၏ မျက်လုံးတို့သည်လည်း သွေးရောင်လွှမ်းနေပြီး အရှိန်အဝါက ယခင်ကနှင့် လုံးဝ မတူတော့ပေ။

လက်ရှိအချိန်၌ ဖူဟန်မှာ သွေးပင်လယ်ထဲမှ တက်လာသည့် မိစ္ဆာတစ်ကောင်နှင့် တူနေပြီး လင်းချန်အား သူ၏ သားကောင်အဖြစ် သတ်မှတ်လိုက်တော့၏။

ယီစင်းက ဖူဟန်၏ အခြေအနေကို မြင်သောအခါ ဘေးနားမှနေ၍ အလျင်အမြန် သတိပေးလာသည်။ “ဖူဟန်ရဲ့ နိဗ္ဗာန်စွမ်းရည်က သတ်ဖြတ်ခြင်းပဲ။ ဒါကြောင့် သူက အရမ်းကို ရန်လိုနေတာ။ သူ့ရဲ့ နိဗ္ဗာန်စွမ်းရည်က တတိယအဆင့် အထက်တန်းစား သတ်ဖြတ်ခြင်းအမျိုးအစားလေ။ သူ့ရဲ့ တိုက်ခိုက်စွမ်းအား ၊ အမြန်နှုန်းနဲ့ စိတ်ဝိညာဉ်စွမ်းအားတို့က ၁၀ ရာခိုင်နှုန်းလောက် တိုးလာလိမ့်မယ်...”

လင်းချန်ကမူ ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပြီး စိုးရိမ်သည့်ပုံစံ လုံးဝ မပြချေ။

“၁၀ ရာခိုင်နှုန်း တိုးတယ်ဟုတ်လား...။ ဆယ်ပုံတစ်ပုံတည်းပဲပေါ့။ သိပ်လည်း မမိုက်ပါဘူးကွာ...”

ယီစင်းမှာတော့ လင်းချန်၏ ပေါ့ပေါ့တန်တန်ပုံစံကို ကြည့်ပြီး စိတ်ပူစွာဖြင့် ပြောလိုက်သည်။ “ချန်လေး... သူ့ကို လျှော့မတွက်နဲ့လေ...”

လင်းချန် ထုတ်ပြလိုက်သည့် စွမ်းအားသည် သူမထင်ထားသည်ထက် ပိုများနေပြီး အဆိပ်ဖြေပြီးသည့်နောက်တွင် အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားပြီ ဆိုသော်ငြားလည်း လင်းချန် ပေါ့ဆပြီး အလစ်အငိုက် မိသွားမည်ကို သူမ စိုးရိမ်နေမိဆဲပင်။

“၁၀ ရာခိုင်နှုန်း တိုးတယ်တဲ့လား...”

အဝေးမှ လှမ်းကြားလိုက်သည့် လေချန်မှာတော့ ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းခါလိုက်မိ၏။ လင်းချန်၏ နိဗ္ဗာန်စွမ်းရည် အကြောင်းကို သူသိသည်။ ထိုအရာက ခန္ဓာကိုယ်စွမ်းအားကို ၅ ဆ ပင် တိုးစေသည်မဟုတ်ပါလော။

“ရွှပ်...”

ဖူဟန်က သွေးရောင်ဓားရှည်ဖြင့် လင်းချန်အား ချိန်ရွယ်လိုက်သည်။

“အစွမ်းကုန်ထုတ်မသုံးဘူး ဟုတ်လား...။ မင်းပြောခဲ့တဲ့ စကားအတွက် နောင်တရစေရမယ်...”

ဖူဟန်၏ အမြင်၌ သူ အစွမ်းကုန် ထုတ်သုံးလိုက်ပြီးနောက် သူ့ရှေ့၌ လင်းချန် အံ့ဩထိတ်လန့်သွားပြီး ခုနက ကြွားခဲ့မိသည့်အတွက် နောင်တရသွားလိမ့်မည်ဟု ထင်မှတ်နေခြင်းပင်။

သို့သော် ဖူဟန် ပြောပြီးသည်နှင့် တစ်ပြိုင်နက် လင်းချန်က လက်ညှိုးထောင်ကာ ယမ်းပြလိုက်၏။

“အိုး... နိုး... နိုး... မင်းရဲ့ အစွမ်းကုန်ဆိုတာကြီးကို မြင်ပြီးတဲ့နောက်မှာတော့ သိုင်းဝိညာဉ်အသွင်ပြောင်းဖို့တောင် မလိုတော့ဘူးလို့ ထင်သွားပြီကွာ...။ ငါက ဘာကို နောင်တရရမှာလဲ...”

“နိုး နိုးက ဘာလဲ။ လူနာမည်လား” လေချန်က ကပ်တိုးလေး ရေရွတ်လိုက်၏။

တစ်ချိန်တည်း၌မှာပင် လင်းချန်၏ စကားကြောင့် ဖူဟန်၏ နဖူးမှ သွေးကြောများ ထောင်တက်လာပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာတော့သည်။

လင်းချန်က ပြုံးလိုက်သည်။ “ဘာဖြစ်လို့လဲ... စလိုက်တာလေးကို အဲ့လောက်တောင် ခံစားသွားရတာလား...။ ကောင်လေး... မင်းက သိပ်ပြီး စိတ်ဓာတ်ပျော့ညံ့တာပဲ...”

လင်းချန်က အေးအေးဆေးဆေး ပြောနေသော်ငြား ဖူဟန်ကမူ ဒေါသအထွတ်အထိပ်သို့ ရောက်နေလေပြီ။ သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စိတ်ဝိညာဉ်စွမ်းအင်တို့သည် သွေးပင်လယ်ကြီးသဖွယ် ဆူပွက်နေတော့၏။

လင်းချန်၏ စကားဖြင့် တိုက်ခိုက်မှုများအား ဖူဟန်တစ်ယောက် ဆက်၍ သည်းမခံနိုင်တော့ပေ။

ဖူဟန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လင်းချန်ထံသို့ ပြေးဝင်လာလေ၏။ “လင်းချန်... ငါ မင်းကို သတ်မယ်ကွ...”

အစွမ်းကုန် ထုတ်သုံးထားသည့် ဖူဟန်မှာ အမှန်တကယ်ပင် သာမန်မဟုတ်ချေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် လင်းချန်၏ ရှေ့သို့ ရောက်ရှိလာပြီး သွေးရောင်ဓားရှည်ဖြင့် လင်းချန်၏ နဖူးတည့်တည့်ဆီသို့ ထိုးစိုက်လိုက်တော့သည်။

သွေးရောင်ဓားဖျားသည် လင်းချန်၏ နဖူးနားသို့ နီးကပ်လာသည်နှင့်အမျှ သွေးရောင်စိတ်ဝိညာဉ်စွမ်းအင်များက သရဲခေါင်းများအသွင် ပြောင်းလဲသွားပြီး အော်ဟစ်သံများနှင့်အတူ လင်းချန်အား ဝါးမျိုရန် ပြေးဝင်လာကြ၏။

ဓားဖျားနှင့် နဖူးအကြား လက်တစ်လုံးခြားလောက်သာ လိုတော့သည့်အချိန်၌ လင်းချန်က ရုတ်တရက် ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သွေးရောင်ဓားသွားအား ဖမ်းဆုပ်လိုက်သည်။

လင်းချန်၏ ညာလက်မှာ သိုင်းဝိညာဉ်အသွင်ပြောင်းထားပြီး သတ်ဖြတ်ခြင်းဆန္ဒများ ပြည့်နှက်နေသော မူလလက်နက် ဓားသွားကြောင့် အနည်းငယ်မျှပင် ပွန်းပဲ့ခြစ်မိခြင်း မရှိပေ။

ဖူဟန်၏ ထိုးစိုက်လိုက်သည့် ဓားချက်သည်လည်း ရုတ်တရက် ရပ်တန့်သွားရ၏။ လင်းချန်၏ ညာလက်သည် သံနှောင်ကြိုးကဲ့သို့ သွေးရောင်ဓားအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ရှေ့ဆက်တိုးမရအောင် တားဆီးထားနေလေသည်။

ထိုအခြေအနေကို မြင်သောအခါ ဖူဟန်မှာ လန့်ဖျပ်သွားရပြီး စိတ်ဝိညာဉ်စွမ်းအင်များကို အတင်းတိုးမြှင့်ကာ လင်းချန်၏ နဖူးအား ထိုးဖောက်နိုင်ရန် အားကုန်သုံး၍ တွန်းထိုးလိုက်လေ၏။

တစ်ချိန်တည်းမှာပင် ဖူဟန်က ဓားသွားပေါ်မှ သွေးရောင်ဓားအလင်းတန်းများဖြင့် လင်းချန်၏ ညာလက်အား ရစ်ပတ်လှီးဖြတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ယခင်က ပြိုင်ဘက်ကင်းခဲ့သည့် ဓားအလင်းတန်းမှာ လင်းချန်၏ လက်ပေါ်၌မူ အစင်းရာအဖြူလေးများလောက်သာ ထင်ကျန်ရစ်ခဲ့ပြီး မည်သည့်ဒဏ်ရာမျှ မရသည်ကို ဖူဟန် တွေ့လိုက်ရ၏။

ထိုအချိန်ကျမှသာ ဓားနတ်ဘုရားဂိုဏ်း၏ လူငယ်ဧကရာဇ်သည် နေယွမ်နယ်ပယ်၌ ရှိနေစဉ်ကတည်းက နိဗ္ဗာန်နယ်ပယ်အဆင့် ပညာရှင်များနှင့်ပင် ယှဉ်ပြိုင်နိုင်လောက်သာ်အထိ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိသည်ဟူသော ကောလာဟလအား ဖူဟန် သတိရသွားလေတော့သည်။

‘အခု သူက နိဗ္ဗာန်နယ်ပယ်ရောက်နေပြီဆိုတော့ သူ့ခန္ဓာကိုယ်က ဒီလောက်ထိ မာလာတာလား...။ ဒီကောင်က မကောင်းဆိုးဝါးများလား...’

ဖူဟန် စိတ်ထဲမှ အော်ဟစ်လိုက်ပြီး ဓားကို ပြန်ဆွဲထုတ်ရန် ကြိုးစားလိုက်သော်ငြား ဓားမှာ လုံးဝ လှုပ်မလာချေ။

သူ ခေါင်းမော့၍ လင်းချန်အား ကြည့်လိုက်သောအခါ လင်းချန်တစ်ယောက် အထင်သေးသော မျက်နှာထားဖြင့် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းနေသည်ကို တွေ့လိုက်ရ၏။

ဖူဟန်က ဓားကို ပြန်ဆွဲယူချင်နေမှန်း သိသောအခါ လင်းချန်က ပြုံးလိုက်ပြီး လက်ကို လွှတ်ပေးရင်း ပြောလိုက်သည်။ “ပြန်လိုချင်လို့လား...။ ရော့... ယူလိုက်...”

လင်းချန်က ရုတ်တရက် လွှတ်ပေးလိုက်သဖြင့် ဖူဟန်မှာ အရှိန်မထိန်းနိုင်တော့ဘဲ နောက်သို့ ခြေလှမ်းအတော်များများ ယိုင်နဲ့နဲ့ ဆုတ်သွားရတော့၏။

ထိုအခိုက်အတန့်၌ လင်းချန်က အလိုက်သင့် လိုက်ပါသွားပြီး ဖူဟန်၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ဆောင့်ကန်ထည့်လိုက်သည်။

“ဝုန်းးး”

အရှိန်ပြင်းပြင်းဖြင့် ဆောင့်အကန်ခံလိုက်ရသည့် ဖူဟန်သည် ပါးစပ်မှ အစာဟောင်းများ အန်ထွက်လာပြီး အိမ်တံခါးပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လွင့်စင်ထွက်သွားတော့၏။

လင်းချန်က အသက်မပါသည့် အသံဖြင့် ရယ်မောလိုက်ပြီး အနောက်မှ လိုက်သွားလိုက်သည်။

ဖူဟန် အကန်ခံရပြီး လွင့်ထွက်သွားသည်ကို မြင်သောအခါ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့မှာ ပြာပြာသလဲဖြင့် အော်ဟစ်ကာ အပြင်သို့ ပြေးထွက်ရန် ပြင်လိုက်ကြ၏။ “အစ်ကိုကြီး...”

“ရွှပ်... ရွှပ်...”

လေတိုးသံနှစ်ချက် ထွက်ပေါ်လာပြီး သူတို့ ဘာမှမလုပ်နိုင်ခင်မှာပင် ကြမ်းပြင်ပေါ်သို့ အကန်ခံလိုက်ရကာ လဲကျသွားကြတော့သည်။

သူတို့ မော့ကြည့်လိုက်သောအခါ မျက်နှာသေနှင့် တင်းကျစ်ရုံနှင့် ပျင်းရိပျင်းတွဲ မျက်နှာထားဖြင့် ကျောက်ဟိုင်မင်းတို့ကို တွေ့လိုက်ရ၏။

တင်းကျစ်ရုံက ကြမ်းပြင်ပေါ်မှ နှစ်ယောက်အား အေးစက်စက်ဖြင့် လှမ်းပြောလာ၏။ “တစ်ယောက်ခြင်း တိုက်ပွဲကို ဝင်မရှုပ်သင့်ဘူးလေ...”

ကျောက်ဟိုင်မင်းကလည်း ဝင်ပြော၏။ “လူကိုကန်ရတာ တော်တော် အရသာရှိသားပဲကွ...။ ဒါကြောင့် ခေါင်းဆောင်က လူကန်ရတာ ကြိုက်တာကိုး...”

မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့မှာမူ ကြမ်းပြင်ပေါ်၌ ထိုင်လျက်သားဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ မှင်သက်နေကြရသည်။

တင်းကျစ်ရုံနှင့် ကျောက်ဟိုင်မင်းတို့၏ အမြန်နှုန်းကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်မှန်း သိသာနေ၏။ သို့မဟုတ်လျှင် သူတို့ ဘာမှမလုပ်နိုင်ခင် အကန်ခံလိုက်ရစရာ အကြောင်းမရှိပေ။

လေချန်က မာရှောက်ယွမ်နှင့် ရှီဆန်းမေ့ကို လက်ညှိုးထိုးပြရင်း အမိန့်ပေးလိုက်သည်။ “ဒီနှစ်ယောက်ကို ကြည့်ထားလိုက်ကြ... ထွက်မပြေးစေနဲ့...။ ဟို ကျူးရှောင်ကျားကိုတော့...”

“ဖူးးး”

လေချန် စကားမဆုံးခင်မှာပင် အခန်းထဲရှိ လူတိုင်းသည် အသံကြားရာဘက်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ကြ၏။

လင်းချန်၏ လက်သီးချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရထားသည့် ကျူးရှောင်ကျားမှာ မျက်လုံးပြူးကြီးများဖြင့် ယီစင်းအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ကြရသည်။

သူမ၏ နှလုံးသားနေရာ၌မူ ယီစင်း၏ ကြယ်တာရာဓားက ထိုးဖောက်ဝင်ရောက်နေလေပြီ။

ယီစင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ကျူးရှောင်ကျားအား အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ အံကြိတ်၍ ရေရွတ်လိုက်၏။ “နင် သေသင့်တယ်...”

ယီစင်း နောက်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျူးရှောင်ကျား၏ ရင်ဘတ်မှ ကြယ်တာရာဓားအလင်းတန်းက ပျောက်ကွယ်သွားသော်ငြား သွေးများကမူ ပန်းထွက်လာတော့သည်။ သူမက ဒဏ်ရာကို လက်ဖြင့် အတင်းဖိပိတ်ရန် ကြိုးစားရှာသော်လည်း အချည်းနှီးသာ ဖြစ်၏။

ယီစင်းက ကျူးရှောင်ကျားအား လှည့်မကြည့်တော့ဘဲ လျူယွဲ့ချန်၏ အလောင်းကို သိုလှောင်အိတ်ထဲ ထည့်ကာ အခန်းထဲမှ ထွက်ခွာသွားတော့သည်။

လေချန်ကမူ သွေးအိုင်ထဲ၌ အသက်ရှူရပ်လုနီးပါး ဖြစ်နေသည့် ကျူးရှောင်ကျားကို ကြည့်ပြီး နှုတ်ခမ်းမဲ့ကာ အိမ်ထဲမှ ထွက်သွားလိုက်၏။

တင်းကျစ်ရုံနှင့် ကျန်လူများကလည်း မာရှောက်ယွမ်နှင့် ရှီဆန်းမေ့အား တစ်ချက်ကြည့်ပြီး အိမ်ထဲမှ ထွက်ခွာသွားကြသည်။

သို့သော် အိမ်အပြင်ဘက်သို့ ရောက်ပြီး လင်းချန်နှင့် ဖူဟန်တို့၏ တိုက်ပွဲကို မြင်လိုက်ရသောအခါ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြင့် ကြောင်အသွားကြရတော့၏။

မာရှောက်ယွမ်က လေချန်ဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။ “မင်းတို့ ဓားနတ်ဘုရားဂိုဏ်းက လင်းချန်ဆိုတဲ့ကောင်က... လူယောင်ဆောင်ထားတဲ့ မိစ္ဆာကြီးလား...”

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၃ ၊ အတွဲ ၁ ၊ အပိုင်း ၁၃၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor – Author Chang’e 🌕

True Immortal Team

All Chapters