← Chapters

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အခန်း (၁၂၁-၁၂၃)

Vol. 9 Ch. 121-123

အပိုင်း ( 121 )

မင်းဒါကို ကိုင်ချင်လား

လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိ၏။

လုချန်ရှန်း၏ စကားလုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ သူသည် မောက်မာမှုကို မခံစားခဲ့ရဘဲ၊ အံ့ဩရုံသာ အံ့ဩသွားခဲ့သည်။

သူသည် လူတစ်ဦးက ထိုကဲ့သို့သော စကားလုံးများကို ဤမျှဖြူစင်သော ရိုးသားသော အမူအရာမျိုးဖြင့် ပြောလာသည်ကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။

“ မလိုပါဘူးကွာ “ ဟု သက်လတ်ပိုင်းလူမှ တုံ့ပြန်လာခဲ့၏၊ သို့သော် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားသည့်အလား စကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ …… “

“ ဘာလဲ၊ နောင်တရသွားပြီလား “

” မဟုတ်ပါဘူး၊ တကယ်လို့ မင်းက ဂိုဏ်းကြီးတွေကို အမှန်တကယ် ရှင်းထုတ်ပစ်ချင်တယ်ဆိုရင်၊ တိုက်ပွဲအလံကို ဘာလို့တိုက်ရိုက်မသိမ်းလိုက်ရတာလဲဆိုတာကို ပြောချင်ရုံတင်ပါ။ တိုက်ပွဲအလံသာ မင်းဆီမှာ ရှိနေသရွေ့၊ အဲ့တာက ဒီအလွှာရဲ့ ဝိညာဥ်အရင်းအမြစ် ဆယ်ပုံတစ်ပုံကို စုစည်းနိုင်တယ် “ ထိုလူမှ ပေါ့ပေါ့ပါးပါး ပြောပြလာခဲ့၏။

သို့သော် လုချန်ရှန်းသည် နားထောင်နေရင်းဖြင့် စိတ်ဝင်စားမှုများ မြင့်တက်သွား၏။

“ ဒီနေရာမှာ အဲ့ဒီတိုက်ပွဲအလံဆိုတာ ဘယ်နှခုရှိလဲ “

“ ကိုးခု “

“ ဆိုတော့၊ ကျုပ်က အဲ့ဒီအလံကိုးခုကို သိမ်းလိုက်ပြီဆိုရင်၊ ဒီနေရာက ဝိညာဥ် အရင်းအမြစ်ရဲ့ ၉၀%ကို တစ်ယောက်တည်း သိမ်းပိုက်လို့ရပြီပေါ့ “

“ အမ် …… သီအိုရီအရဆိုရင် ဟုတ်တယ် “

လုချန်မှ ထပ်မံ၍ မေးမြန်းလာခဲ့၏ “ အဲ့တာက ဘယ်နေရာမှာလဲ “

သက်လတ်ပိုင်းလူသည် ဘာပြောရမှန်းမသိ ဖြစ်သွားကာ၊ အရပ်မျက်နှာတစ်ဖက်သို့ ညွှန်ပြလိုက်သည်၊ သို့သော် သူသည် လုချန်ရှန်းကို ကြည့်နေရင်းဖြင့်၊ စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။ နုံအကာ ချစ်စဖွယ်ကောင်းသည်အထိ မောက်မာသည့်၊ ဤကဲ့သို့သော လူငယ်မျိုးမှာ အမှန်ပင် ရှားပါးနေခဲ့သည်။

သူသည် ဤလူငယ်လေးက အရိုက်ခံလိုက်ရပြီးသည့်နောက်တွင်၊ မည်ကဲ့သို့ ဖြစ်လာမလဲဆိုသည်ကိုပင် အနည်းငယ် သိချင်သွား၏။

“ ဦးလေး၊ ဒါဆိုရင်လည်း ကျွန်တော်တို့ ထပ်တွေ့ကြတာပေါ့ “

လုချန်ရှန်းသည် အပြုံးဖြင့် ပြန်ပြောလိုက်ပြီး၊ ကောင်းကင်ထက်သို့ ယုံကြည်မှုရှိရှိ ပြေးတက်သွားတော့၏။

ထွက်သွားသည့် အချိန်တွင်၊ သူသည် သက်လတ်ပိုင်းလူကို ပြန်လှည့်ရန် မမေ့လျော့ခဲ့ပေ။

“ ဟူး၊ ဒီနေ့ခေတ် လူငယ်တွေက ပိုပိုပြီးတော့ ချစ်ဖို့ကောင်းတာပဲကွ၊ ဟားဟား ……. “ ထိုလူသည် ရယ်ရယ်မောမောဖြင့်၊ ထွက်သွားခဲ့သည်။ သူသည် ဤကဲ့သို့ စိတ်ဝင်စားဖွယ်ကောင်းသည့် ဖြစ်ရပ်မျိုးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့နောက်တွင် လုချန်ရှန်းသည် သက်လတ်ပိုင်းလူ ညွှန်ပြခဲ့သည့် အရပ်မျက်နှာဘက်သို့ ထွက်ခွာသွားလေ၏၊ သို့သော အကွာအဝေးတစ်ခုအထိ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏ရုပ်ခန္ဓာဆီသို့ အရင်ဦးဆုံး ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဒုတိယအကြိမ်မြောက် ဝင်ရောက်ခြင်းမှာ အချိန်များစွာယူရမည် မဟုတ်ပေ။ ထိုကဲ့သို့ ပြုလုပ်ရသည့် အဓိကအကြောင်းအရင်းကမူ သက်လတ်ပိုင်းလူက သူ့ကို လိမ်/မလိမ်ဆိုသည်ကို အတည်ပြုလိုသောကြောင့်ပင် ဖြစ်၏။

ရလဒ်ကိုမူ ရှောင်ဟေးက ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်သည်။

“ မှတ်တမ်းတွေထဲမှာ ငါတွေ့ခဲ့ဖူးတယ်၊ နယ်မြေတစ်ခုချင်းစီတိုင်းမှာ အလံကိုးခုစီရှိတယ်။ သူပြောခဲ့တာတွေ အကုန်လုံးက အမှန်တွေချည်းပဲ၊ သူမင်းကို မလိမ်ခဲ့ဘူး “

“ ဒီနေ့ခေတ်မှာ လူကောင်းသူကောင်းတွေ ရှိနေသေးတာပဲ “ လုချန်ရှန်းသည် အံ့အားသင့်သွားခဲ့၏။

သူသည် စိတ်ထဲတွင် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ ထိုနယ်ပယ်တွင် ထိုကဲ့သို့သော လူတစ်ဦးနှင့် ဆုံတွေ့ရန်မှာ အမှန်ပင် လွယ်ကူမနေခဲ့ပေ၊ ထို့အပြင် ထိုလူသည် သူ့ကို ဤကဲ့သို့သော ကိစ္စကောင်းများကိုပင် ပြောပြခဲ့သည်၊ ထိုလူမှာ အတော်လေး စိတ်ထားကောင်းမွန်နေပုံရသည်။

သို့ရာတွင် ရှောင်ဟေးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး၊ စကားထပ်ပြောလာခဲ့၏ “ ဒါပင်မဲ့ တိုက်ပွဲအလံကို ရဖို့အတွက်၊ မင်းက ……. ဟမ်။ သူဘယ်ရောက်သွားတာလဲ “

သူသည် ထိုအကောင် ပျောက်ကွယ်သွားပြီဆိုသည်ကို နားလည်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် ယွမ်နယ်မြေဆီသို့ ထပ်မံ၍ ရောက်ရှိလာပြီး၊ တိုက်ပွဲအလံများ ရှိရာဘက်သို့ မရပ်မနား ပြေးလွှားနေတော့၏။

ယခုလက်ရှိ သူပိုင်ဆိုင်ထားသည့် အချက်အလက်များအရ၊ တိုက်ပွဲအလံကိုးခုသည် မတူညီသော အရပ်များတွင် ရှိနေခဲ့သည်။

တောင်ထိပ်တစ်ခုအနားသို့ သူချဥ်းကပ်သွားသည့် အချိန်မှာပင်၊ သူသည် အဝေးတွင် လွှင့်ထူထားကာ၊ လူတစ်ဦးထပ် ပိုမိုမြင့်မားသည့်၊ ကြက်သွေးရောင် အလံတစ်ခုကို မြင်တွေ့သွား၏။

လုချန်ရှန်း အတွေးနက်သွားခဲ့သည်။ သူသည် တိုက်ပွဲအလံတစ်ခုကို စမ်းသပ်မှုတစ်ခုကို ကျော်ဖြတ်ခြင်း(သို့) စစ်ဆေးမှုတစ်ခုခုကို ခံယူရခြင်း၊ စသည်ဖြင့် အမျိုးမျိုးသော အခြေအနေများဖြင့်၊ ရရှိနိုင်သည်ဆိုသည်ကို သိနေခဲ့သည်။ အတိုချုံ့ပြောရမည်ဆိုပါက၊ ၎င်းကို အလွယ်တကူ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့သာ ၎င်းကို တစ်ခြားလူတစ်ဦးဦးက ရရှိသွားသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်၏။

လုချန်ရှန်းသည် ထိုနေရာတွင် မတ်တပ်ရပ်ကာ၊ စူးစမ်းလေ့လာနေလျက်ရှိ၏၊ သူ့ဘေးနားတွင် ရှိနေသည့် တစ်ခြားလူတစ်ဦးမှာလည်း ငေးမောကြည့်ရှုနေခဲ့သည်။

၎င်းမှာ သူ့ထပ်စောရောက်သည့် အသက်နှစ်ဆယ့်ရှစ်(သို့) နှစ်ဆယ့်ကိုးအရွယ် လူငယ်တစ်ဦးပင် ဖြစ်သည်။

“ မင်းကရော တိုက်ပွဲအလံကို ယူဖို့ရောက်လာခဲ့တာလား “ ဟု လုချန်ရှန်းမှ စကားလှမ်းပြောလိုက်၏။ သူသည် ဓလေ့ထုံးတမ်းများကို လေးစားလိုက်နေခဲ့သည်၊ အရင်ရောက်သူကို ဦးစားပေးရမည် ဖြစ်သည်။ အကယ်၍ အလုပ်မဖြစ်ဘူးဆိုပါက၊ သူသည် တစ်ခြားခြား တစ်နေရာရာသို့ ထပ်ရောက်သွားလိမ့်မည် ဖြစ်သည်။ လူတစ်ဦး ပိုလာခြင်း(သို့) လူတစ်ဦး လျော့သွားခြင်းက မည်သို့မျှ ကွာခြားသွားလိမ့်မည် မဟုတ်ပေ။

လူငယ်သည် သူ့ကို ငေးကြည့်ကာ၊ တုံ့ပြန်လာခဲ့၏ “ ငါက စူးစမ်းလေ့လာဖို့အတွက်ပဲ ရောက်လာတာ။ တကယ်တော့ တစ်နေ့မှာ ငါအောင်မြင်သွားမှာပဲ “

“ ဘာကိစ္စ တစ်နေ့နေ့အထိ စောင့်နေရတာလဲ။ အခုသွားစမ်းကြည့်လိုက်လေ “

“ အခုလက်ရှိငါက ဒီအလံကို တောင့်မခံနိုင်ဘူး။ အချိန်တစ်ချို့ ကြာခဲ့ပြီးရင်တော့ အခွင့်အရေးတစ်ခု ရလာလိမ့်မယ် “

ထိုကဲ့သို့ ပြောလာခဲ့သော်လည်း၊ ထိုလူငယ်၏ မျက်လုံးများသည် သူက ဤနေရာကို သူ၏ပန်းတိုင်တစ်ခုအဖြစ် သတ်မှတ်ထားသကဲ့သို့၊ ယုံကြည်မှုတို့ဖြင့် တောက်ပနေလျက်ရှိ၏။

သို့ရာတွင် လုချန်ရှန်းကမူ မည်သို့မျှ နားမလည်နိုင်ဖြစ်သွားခဲ့သည်။ အလုပ်ဖြစ်ရင်ဖြစ်တယ်၊ မဖြစ်ရင်မဖြစ်ဘူးပေါ့၊ ဘာကိစ္စ စောင့်နေရတာတုန်းဟ

သို့သော် သူသည် တွေးတောစဥ်းစားရန် ပျင်းရိလွန်းနေခဲ့ကာ၊ တည့်တိုးပြန်ပြောလိုက်သည် “ မင်းမသွားဘူးဆိုမှတော့၊ ငါသွားလိုက်မယ် “

“ မင်းကလား “ ထိုလူသည် အံ့ဩမှင်သက်သွားကာ၊ အလိုလို မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ဟုတ်တယ် “

“ ဟက် “

“ မင်းက ဘာကိုရယ်နေတာလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်သည်။

လူငယ်မှ တုံ့ပြန်လာခဲ့သည် “ ဘာမှမဟုတ်ပါဘူး။ ဆက်လုပ်လေ၊ တိုက်ပွဲအလံကို အမှောက်သိပ်တာကို ငါ့ကို တွေ့ပေးလိုက် “

“ ကောင်းပြီလေ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။

သို့သော် ထိုစကားကို ကြားလိုက်ရသောအချိန်၌၊ လူငယ်၏ မျက်လုံးများအတွင်းတွင် ရှိနေသည့် အထင်တသေးဖြစ်နေမှုတို့မှာ ပိုမိုထင်ရှားလာခဲ့ပြီး၊ အရူးတစ်ဦးကို မြင်တွေ့နေရသကဲ့သို့ ငေးကြည့်နေတော့၏။

သို့ရာတွင် သူ၏ စိတ်သဘောထားကမူ အစောများအချိန်များအတွင်းက၊ သက်လတ်ပိုင်းလူနှင့် များများစားစား ကွာခြားမနေခဲ့ပေ။

လုချန်ရှန်းမှာလည်း ဤလုပ်ငန်းစဥ်က လွယ်ကူမည် မဟုတ်ဘူးဆိုသည်ကို သိနေခဲ့ကာ၊ အဆိုပါ ယုံကြည်ချက်ကို အမြဲဆုပ်ကိုင်ထားခဲ့သည်။ မည်သည့်အရာကိုမှ မမြင်ရသေးသော်လည်း၊ သူသည် ၎င်းကို အလေးအနက်ထားနေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ သူသည် လေထုအတွင်းသို့ ခုန်တက်ကာ၊ တောင်ထိပ်ပေါ်သို့ ဦးတည်သွားပြီး၊ သူ၏ခွန်အားကို အကုန်အစင် ထုတ်သုံးကာ၊ ၎င်းကို ဆုပ်ကိုင်လိုက်၏။

“ ဟားဟားဟား “

ထိုအချိန်တွင် လူငယ်မှာ ရယ်မောနေခဲ့ပြီးလေ၏။ သူသည်လည်း ယခင်က ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်၊ အလံကို ယူတာက ဘယ်လိုလုပ် ရိုးရှင်းနေမှာလဲ

သို့ရာ၌ လုချန်ရှန်းက ငယ်ရွယ်နေသေးသည်ကို တွေးမိသွားသောအခါတွင်၊ သူသည် မည်သည့်စကားမှ ထုတ်မပြောလာခဲ့ပေ။ သူသည် စိတ်စေတနာကောင်းဖြင့် လုချန်ရှန်း ကျရှုံးခဲ့ပြီးသည့်နောက်တွင်၊ နှိစ်သိမ့်ပေးရန် စီစဥ်နေခဲ့လေ၏။

ငယ်ငယ်ရွယ်ရွယ်ဖြင့်၊ အူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိခြင်းမှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ထိုလူမှာ ဂိုဏ်းကြီးတစ်ခုခုမှ ပါရမီရှင်တစ်ဦးဖြစ်နိုင်ပြီး၊ သူနှင့် မိတ်ဖွဲ့ရခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုဖြစ်သည်။

သို့ရာ၌ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ လူငယ်၏ မျက်ဝန်းများ ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး၊ သူ၏လက်များကပင် အလိုအလျောက် တုန်ရင်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာလေ၏။

ဘုမ်းးး

သူ၏အမြင်အာရုံတွင် လုချန်ရှန်းသည် တောင်ထိပ်အပေါ်သို့ ကျရောက်သွားပြီး၊ ထိုအခိုက်အတန့်တွင် တောင်၏ ၅၀%မှာ တိုက်ရိုက်ပြိုကျသွားခဲ့သည်။

ထည်ဝါသော တောင်ကြီး ပြိုကျသွားသောကြောင့်၊ အဆုံးမဲ့ ဟိန်းဟောက်သံများ ပေါ်ထွက်လာခဲ့ပြီး၊ ဖုန်မှုန့်နှင့် ကျောက်တုံးကြီးများ လိမ့်ဆင်းလာခဲ့ကာ၊ မြေပြင်ကို ရိုက်ခတ်၍၊ အရာအားလုံးကို တုန်ခါသွားစေခဲ့သည်။

အချိန်တိုအတွင်းမှာပင် မီတာ သုံးရာကျော်အထိ ဖုန်မှုန့်တို့ဖြင့် ဖုံးလွှမ်းသွားခဲ့၏။

“ ဒီလောက်တောင် ကျိုးပဲ့လွယ်တာလား “ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုလူငယ်မှာလည်း အဆိုပါမှတ်ချက်ကို ရှင်းရှင်းလင်းလင်း ကြားသွားခဲ့သည်။ ဒီတောင်က ဘယ်လောက်တောင် ခိုင်ခံ့လိုက်သလဲဟ။ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ကတောင် အဲ့တာကို လှုပ်ရမ်းသွားစေဖို့အတွက် တော်တော်လေးကို အားစိုက်ရမှာ

မင်းက ခုန်ချလိုက်ပြီးတော့ တောင်တစ်ဝက်ကို တိုက်ရိုက် ပြိုကွဲသွားစေခဲ့တယ်ပေါ့၊ ကျန်ခဲ့တဲ့ တစ်ဝက်ကလည်း ယိုင်နဲ့နဲ့ ဖြစ်နေတယ်

လူငယ်သည် ၎င်းတို့ကို စောင့်ကြည့်နေရင်းဖြင့်၊ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။ သို့သော် နောက်ထပ်ဖြစ်ပေါ်လာသည့် မြင်ကွင်းကမူ သူ့ကို လုံးဝအံ့အားသင့်သွားစေခဲ့၏။

လုချန်ရှန်းကမူ သူ့ထပ် ခေါင်းတစ်လုံးပိုမြင့်သည့် တိုက်ပွဲအလံကို ကြည့်နေခဲ့ပြီး၊ အလံတိုင်ကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်သည်။ သူ၏ ချီအားလုံးကို လည်ပတ်စေကာ၊ အင်အားကို အကုန်အစင် ထုတ်သုံး၍၊ ၎င်းကို ဆွဲထုတ်ရန် ကြံရွယ်လိုက်၏။

သို့သော် လုချန်ရှန်းသည် ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ နောက်ပြန်လဲကျသွားခဲ့သည်။

ကျန်ရှိနေသည့် တောင်တစ်ဝက်သည် သူ့ကြောင့် လုံးဝပြိုကျပျက်စီးသွားခဲ့သည်။

တဝုန်းဝုန်း အော်မြည်သံများ အကြားမှာပင်၊ သူသည် မျက်မှောင်ကြုတ်ကာ၊ ခုန်ထွက်လာ၏။

သူသည် ဤအလုပ် အလွန်တရာ ခက်ခဲနေလိမ့်မည်ဟု မျှော်လင့်ထားခဲ့သောကြောင့်၊ သူ၏ခွန်အားကိုပင် အကုန်အစင် ထုတ်သုံးခဲ့သည်။ သို့ရာတွင် အလံတိုင်သည် အလွယ်တကူ ဆွဲထုတ်ခံလိုက်ရပြီး၊ အားအသုံးလွန်သွားသဖြင့်၊ သူကိုယ်တိုင်ကပင် နောက်ပြန်လဲကျကာ၊ တောင်ကို ဖျက်စီးမိသွားခဲ့သည်။

“ အဲ့လောက်ကြီးလည်း မခက်တဲ့ပုံပဲ “

လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ သူ၏မူလနေရာဆီသို့ ခုန်ကူးလာခဲ့သည်။

သူသည် လူငယ်ကို ငေးကြည့်ကာ၊ အကြံပေးလိုက်သည် “ နောက်တစ်ခါ တောင်တက်တဲ့ အချိန်ကျရင်၊ ငြင်ငြင်သာသာလေး လုပ်နော်။ ဒီတောင်တွေက ခမ်းနားထည်ဝါနေပုံပေါက်ပင်မဲ့၊ အရည်အသွေးက တော်တော်ကြီးကို ဆိုးနေတယ်။ ခုန်ဆင်းလိုက်ရုံနဲ့တင် ပြိုကျသွားတယ် “

လူငယ်ကမူ နေရာမှာတင် မျက်လုံးအပြူးသား ဖြစ်နေလျက်ရှိသည်။ သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး၊ တစ်ခဏအကြာအထိ သတိလွတ်သွားကာ၊ အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့်၊ လုချန်ရှန်းကို ငေးကြည့်နေခဲ့မိ၏။

တောင်တွေရဲ့ အရည်အသွေးက မကောင်းဘူးလို့ ပြောလိုက်တာလား။ အဲ့တာက လူစကားရော ဟုတ်ရဲ့လားဟ

သူ၏စိတ်အတွင်းတွင် အံ့ဩတုန်လှုပ်မှုကသာ စိုးမိုးနေခဲ့သည်။ သူသည် သူ၏ ပါးစပ်ကို အချိန်အတော်ကြာ ဖွင့်ဟထားခဲ့သော်လည်း၊ ဘာပြောရမှန်းမသိ ဖြစ်နေလျက်ရှိ၏။

“ မင်း၊ မင်းး ……. “

“ ဘာဖြစ်လို့လဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လာခဲ့၏၊ ထို့နောက်တွင် သူသည် သူ့လက်အတွင်းတွင် ရှိနေသည့် အလံတိုင်ကို အလိုအလျောက် ငေးကြည့်မိသွားခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ လူငယ်ကိုကြည့်လာခဲ့ကာ၊ တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ တိုက်ပွဲ အလံတိုင်ကို ကမ်းပေးလိုက်လေ၏။

“ ဒါကို ကိုင်ချင်လား “

…………………………………………………………………………………………………………………………………

အပိုင်း ( 122 )

အဲ့တာက ခက်တာလား။ လက်တွေရှိနေရုံနဲ့ လုံလောက်တယ် မဟုတ်ဘူးလား

ကြက်သွေးရောင် တိုက်ပွဲအလံသည် လုချန်ရှန်း၏ လက်အတွင်းတွင် လှုပ်ခါနေကာ၊ ၎င်းထံမျ တာအိုစည်းချက်တစ်ခု စီးဆင်းလာလျက်ရှိ၏။

လူငယ်သည် နေရာမှာပင် မတ်တပ်ရပ်ကာ၊ တိုက်ပွဲအလံကို ငေးကြည့်နေလျက်ရှိပြီး၊ ထို့နောက်တွင် မယုံကြည်နိုင်ဖြစ်နေသော အမူအရာနှင့် လုချန်ရှန်းကို ငေးကြည့်မိနေတော့၏။

သူသည် အဆင့်ထိုးဖောက်ရန်အတွက် စဥ်ဆက်မပြတ် တွန်းအားပေးကာ၊ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ဖူးသည်၊ ၎င်းတို့အားလုံးမှာ သူ့ကိုယ်သူ သက်သေပြရန်နှင့်၊ အဆိုပါ တိုက်ပွဲအလံကို ဆွဲထုတ်ရန်အတွက် ဖြစ်ပြီး၊ သူသည် ကိုယ့်ကိုကိုယ် အဆက်မပြတ် စိတ်ဓာတ်ခွန်အားပေးရန် ၎င်းကို အသုံးပြုခဲ့သည်။

ရလဒ်အနေဖြင့် လူငယ်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာကာ၊ တောင်ထိပ်ပေါ်သို့ ခုန်တက်သွားပြီး၊ တိုက်ပွဲအလံကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်ကာ၊ သူ၏ ယုံကြည်ချက်များကို ရိုက်ချိုးသွားခဲ့သည်။

လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိပြီး၊ လုချန်ရှန်းသည် ထိုလူငယ်က အတော်လေး ထူးဆန်းသည်ဟု ထင်နေခဲ့သည်။

“ တကယ်လို့ မင်းမကိုင်ဘူးဆိုရင်၊ ငါသွားတော့မယ်။ နောက်ဟာတွေကို ဆက်ပြီးတော့ ဆွဲထုတ်ရဦးမယ် “

လူငယ် : “ … “

တစ်ဖက်လူက မလှုပ်ရှားလာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းသည် ဤနေရာမှ ချက်ချင်းထွက်သွားတော့လေပြီ။

သူသည် မြေပြင်ကို ကျော်ဖြတ်သွားပြီး၊ နောက်ထပ်တည်နေရာတစ်ခုဆီသို့ ဦးတည်နေကာ၊ အနည်းငယ် စိတ်လှုပ်ရှားနေလျက်ရှိ၏။ အကယ်၍ သူ၏ နတ်ဝိညာဥ်ကသာ ကြီးထွားလာမည်ဆိုပါက၊ သူသည် အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည့် ဓားတာအိုကို အမှန်တကယ် လှုပ်ခါနိုင်မည် ဖြစ်သည်။

လုချန်ရှန်း ထွက်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှသာလျှင်၊ လူငယ်က သတိပြန်ဝင်လာခဲ့၏။

“ သူက ဘယ်သူလဲ။ အဲ့ပါရမီရှင်က ဘယ်ဂိုဏ်းကနေ ရောက်လာတာလဲ။ သူ့အကြောင်းကို အရင်က ဘာလို့တစ်ခါမှ မကြားဖူးခဲ့ရတာလဲ “

ယခုလေးတွင် ဖြစ်ပျက်ခဲ့သည့် အရာများက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ထိုအတွေးနှင့်အတူ၊ သူသည် လုချန်ရှန်းထွက်သွားသည့်ဘက်သို့ ချက်ချင်းပြေးလိုက်သွားတော့၏။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် နောက်ထပ်တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် လိမ္မော်‌ရောင် တိုက်ပွဲအလံတစ်ခု လွှင့်ထူထားပြီး၊ ၎င်းသည် သူ့လက်အတွင်းတွင် ရှိနေသည့် ကြက်သွေးရောင်/အနီရောင် အလံနှင့် ကွဲပြားနေကာ၊ ထူးခြားသော တာအိုစည်းချက်တစ်ခု စီးဆင်းနေလျက်ရှိ၏။

သို့ရာတွင် လုပ်ငန်းစဥ်က သူမျှော်လင့်ထားသည်ထပ် ပိုမိုလွယ်ကူနေပြီး၊ အလံတိုင်မှာ တစ်ကြိမ်မျှ ဆွဲထုတ်လိုက်ရုံဖြင့်၊ ကျွတ်ထွက်လာခဲ့သောကြောင့်၊ သူအံ့အားသင့်သွားခဲ့ရ၏။

“ အဲ့လောက်ကြီးလည်း ခက်မနေပါဘူး။ ဘာလို့ ဒီနေရာမှာ ဘယ်သူမှ ရှိမနေရတာလဲ။ ငါဆွဲထုတ်လိုက်တဲ့ဟာက အတုကြီးများလား “

လုချန်ရှန်းသည် အလံကြီးနှစ်ခုကို သယ်ဆောင်ထားပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ ထပ်မံ၍ ထွက်ခွာတော့သည်။

ထိုစဥ်၊ ပထမအလွှာ၏ အလယ်ပိုင်းဒေသတွင် လူတော်တော်များများ စုဝေးနေကာ၊ တစ်ဦးကိုတစ်ဦး ကြည့်နေလျက်ရှိ၏။ သူတို့သည် အလွန်တရာ ရင်းနှီးကြပုံရပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေရင်းဖြင့်၊ စကားပြောဆိုနေကြသည်။ အဆိုပါ လူများ၏ အရှိန်အဝါများနှင့် အသွင်အပြင်များသည် သူတို့က သာမန်လူများ မဟုတ်ဘူးဆိုသည်ကို သက်သေပြုနေခဲ့သည်။

ဘေးတစ်ဖက်တွင် ရှိနေသည့် သက်လတ်ပိုင်းလူသည် ယခင်က လုချန်ရှန်းကို အကြံဉာဏ်ပေးခဲ့သည့် လူပင် ဖြစ်သည်။

သူသည် ထိုနေရာတွင် အေးအေးတည်ငြိမ်စွာ၊ မတ်တပ်ရပ်နေလျက်ရှိ၏။

သူတို့အားလုံးမှာ အမျိုးမျိုးသော ဂိုဏ်းများထံမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ထိုအခိုက်အတန်တွင်၊ ဆံပင်နှင့် မုတ်ဆိတ်မွေး ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးမှ စကားပြောလာခဲ့သည် “ အစ်ကိုယန်မင်၊ မင်းတို့ရဲ့ဂိုဏ်းက ဓားတာအို ပါရမီရှင်တစ်ယောက် ရခဲ့တယ်လို့ ငါကြားခဲ့ရတယ်။ သူ့ရဲ့ စွမ်းရည်က တော်တော်လေးကို ထူးချွန်ပြီးတော့၊ အားကျစရာကောင်းတယ်လို့ ကောလဟာလတွေ ထွက်နေတယ် “

ယန်မင်မှာ ထိုလူပင် ဖြစ်သည်။

သူသည် အရှေ့သို့ ငေးကြည့်ကာ၊ တုံ့ပြန်လာခဲ့သည် “ သူက မဆိုးပါဘူး၊ ဒါပင်မဲ့ မင်းတို့ရဲ့ တပည့်တွေနဲ့တော့ မယှဥ်နိုင်ပါဘူး “

“ အစ်ကိုယန်မင်က တော်တော်ကြီးကို နှိမ့်ချနေတာပဲ “

“ ဒါပင်မဲ့၊ ကောင်းကင်တံခါးဂိုဏ်းရဲ့ ပိုင်နန်က ကြက်သွေးရောင် တိုက်ပွဲအလံကို စိန်ခေါ်နေတယ်လို့ ငါကြားခဲ့ရတယ်။ နောက်ဆုံးတစ်ခေါက်တုန်းက သူက အဲ့တာကို လှုပ်ခါနိုင်လုနီးပါး ဖြစ်ခဲ့တယ်လေ “

“ ကလေးကွက်တွေပါကွာ၊ သူက ဒေါင်းမျိုးနွယ်စုရဲ့ ကုန်းဖန်ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “

“ ဘာမှမဟုတ်တာတွေကွာ၊ သူက ရွှေတောင်ပံ ပန်ဘုရင်လေးကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ “

“ … “

လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး မြှောက်ပင့်ပြောဆိုနေကြသည်။

လူတိုင်း စကားပြောနေသည့် အချိန်မှာပင်၊ ကောင်းကင်ထက်သို့ အလင်းတန်းတစ်ခု ရုတ်တရက် ထောင်တက်လာခဲ့ပြီး၊ ကောင်းကင်ယံအထိ မြင့်တက်သွားသော အလင်းတိုင်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ကြက်သွေးရောင် ရောင်ခြည်တစ်ခု ပျံ့လွင့်လာခဲ့ကာ၊ ကောင်းကင်ပြင်ကို အနီရောင်တို့ဖြင့် စွန်းထင်းသွားစေခဲ့သည်။

ရယ်ရယ်မောမောဖြင့်၊ စကားပြောဆိုနေကြသည့် လူအုပ်ကြီး၏ အမူအရာများမှာ ရုတ်တရက် အေးခဲတောင့်တင်းသွား၏။

“ အဲ့တာက …… “

“ တိုက်ပွဲအလံ ဆွဲထုတ်ခံလိုက်ရပြီ “

“ ငါမထင်ထားခဲ့မိဘူး။ ယွမ်နယ်မြေ ပြန်ပွင့်လာခဲ့ပြီးတော့၊ ရက်ပိုင်းပဲ ရှိသေးတယ်၊ တိုက်ပွဲအလံကို တစ်စုံတစ်ယောက်က ဆွဲထုတ်သွားခဲ့ပြီ။ တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ် “

“ အံ့ဩစရာမရှိပါဘူး၊ အဲ့တာက ကောင်းကင်တံခါးဂိုဏ်းရဲ့ ပိုင်နန်ဖြစ်နိုင်တယ် “

ကောင်းကင်တံခါးဂိုဏ်းမှ အဘိုးအိုတစ်ဦးသည် ထိုစကားကို ကြားကာ၊ ပြုံးမိသွားခဲ့သည်။

သို့ရာတွင် သူသည် သူ၏ဦးခေါင်းကို ခါရမ်းပြကာ၊ တုံ့ပြန်လာခဲ့၏ “ သူက အခေါက်ခေါက် အခါခါ ကျရှုံးနေခဲ့တာလေ။ တကယ်တော့ တစ်ခြားလူတစ်ယောက် ဖြစ်နေနိုင်တယ် “

တစ်ခြားလူများက မတုံ့ပြန်ရသေးခင် အချိန်မှာပင်၊ ကောင်းကင်ထက်သို့ လိမ္မော်ရောင် အလင်းတန်းတစ်ခု ထပ်မံ၍ ပစ်ခွင်းလာခဲ့သည်။

ဤတစ်ကြိမ်တွင် လူတိုင်း မှင်သက်သွားကြသည်။

“ နောက်အလံတစ်ခု ဆွဲထုတ်ခံလိုက်ရပြန်ပြီ “

“ ဒီတစ်ခါရော ဘယ်သူများလဲ “

ယန်မင်သည် အဆိုပါ မြင်ကွင်းကို ငေးကြည့်ကာ၊ အလွန်တရာ အံ့ဩသွား၏။

သို့သော် တတိယမြောက် အလင်းတန်းပေါ်ထွက်လာသည့် အချိန်တွင်မူ၊ မည်သူကမှ မတည်ငြိမ်နိုင်ကြတော့ပေ။

ထို့နောက်တွင် စတုတ္ထမြောက်နှင့် ပဥ္စမမြောက် အလင်းတန်းများ၊ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်ပြင်တစ်ခုလုံးကို အလင်းတန်းတို့ဖြင့် လင်းထိန်သွားစေကာ၊ လူတိုင်းကို နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။

“ ခြောက်ခုမြောက် “

“ ဘုရားရေ၊ ဒီတစ်ခေါက်မှာ ပါရမီရှင်တွေ ဘယ်လောက်တောင် ပေါ်ထွက်လာခဲ့တာလဲ “

“ အချိန်တိုအတွင်းမှာပဲ တိုက်ပွဲအလံ ခြောက်ခုတောင် ဆွဲထုတ်ခံလိုက်ရပြီ “

ရုတ်တရက်ဆိုသလိုပင် မည်သူကမှ ဂဏာမငြိမ်ကြတော့ပေ။ သူတို့အားလုံးသည် အဆိုပါ ပါရမီရှင်များက မည်သူလဲဆိုသည်ကို သိချင်သွားကာ၊ သူတို့အလိုရှိသည့် အရပ်မျက်နှာများဆီသို့၊ ထွက်ခွာသွားကြ၏။

ယန်မင်သည်လည်း စုစည်းနေသည့် အလင်းတန်းခြောက်ခုကို ကြည့်ကာ၊ စိတ်မတည်မငြိမ် ဖြစ်သွားခဲ့သည်။

“ သူများလား “

သူသည် အစောပိုင်း အချိန်များအတွင်းက၊ သူမြင်တွေ့ခဲ့ရသည့် လူငယ်လေးကို အမှတ်ရသွားခဲ့သည်၊ သို့သော် ၎င်းကို တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်၊ သူသည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။

ငယ်ငယ်ရွယ်ရွယ်ဖြင့်၊ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခြင်းက အမှန်ပင် အံ့ဖွယ်ကောင်းသော်လည်း၊ ဤမျှလောက်အထိ ဟုတ်မနေခဲ့ပေ။

တိုက်ပွဲအလံတစ်ခုကို ဆွဲထုတ်နိုင်ခဲ့ခြင်းကပင် အံ့ဖွယ်ကောင်းနေပြီ ဖြစ်သည်။

တိုက်ပွဲအလံတစ်ခုချင်းစီတိုင်းက အထွတ်အထိပ် အခြေအနေတစ်ခုကို ကိုယ်စားပြုနေလျက်ရှိ၏၊ အထွတ်အထိပ် အခြေအနေတစ်ခုသို့ အရောက်သွားနိုင်ခြင်းကပင် ရွယ်တူများအကြားတွင်၊ ဦးဆောင်သူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အထွတ်အထိပ် အခြေအနေနှစ်ခုသို့ တစ်ပြိုင်နက် ရောက်ရှိခဲ့သည့် လူများလည်း ရှိခဲ့ဖူး၏။

သို့သော် ထိုကဲ့သို့သော လူများမှာ ရှားပါးနေလျက်ရှိပြီး၊ လူတစ်သန်းတွင် တစ်ကြိမ်မျှသာ ပေါ်ထွက်လာလေ့ရှိ၏။

ထို့နောက်တွင် ယန်မင်သည် သတိပြန်ဝင်လာခဲ့ပြီး၊ အဝေးသို့ ပြေးထွက်သွားတော့၏။ သူသည်လည်း အဆိုပါ ပါရမီရှင်က မည်သူလဲဆိုသည်ကို သိချင်နေခဲ့သည်။

သူတဟုန်ထိုး ပြေးလွှားနေသည့် အချိန်မှာပင်၊ ပုံရိပ်တစ်ခုမှာ အဝေးမှ ချဥ်းကပ်လာခဲ့သည်၊ ၎င်းမှာ လုချန်ရှန်းပင် ဖြစ်သည်။

လုချန်ရှန်းမှာလည်း ယန်မင်ကို သတိပြုမိသွားပြီး၊ ဦးတည်ချက်ကို ပြောင်းလဲကာ၊ ထိုလူ့ထံသို့ လျှောက်လှမ်းသွား၏။

“ သူပဲ “

ယန်မင်မှာလည်း သူ့ကို မြင်တွေ့သွားကာ၊ ပြုံးနေတော့သည်။ သူသည် သိလိုစိတ်တို့ဖြင့် ချဥ်းကပ်သွားကာ၊ နှုတ်ဆက်ရန် ပြင်လိုက်သည်၊ သို့သော် သူသည် နေရာမှာပင် အေးခဲတောင့်တင်းသွား၏။

သူ၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်သွားသည့် စိတ်ခံစားချက်လှိုင်းလုံးတစ်ခု လှိုက်တက်လာခဲ့ပြီး၊ သူ့အနားသို့ ချဥ်းကပ်လာသည့် လူငယ်လေးကို မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် စိုက်ကြည့်နေမိတော့သည်။

သူသည် ထိုလူငယ်၏ပခုံးများပေါ်တွင် အရောင်မတူသော အလံခြောက်ခုရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

အလံများသည် လေတိုက်တိုင်း ယိမ်းနွဲ့နေပြီး၊ အတူတကွ ချည်နှောင်ခံထားရသည်။ သူသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်၊ ကြားရခြင်းထပ် မြင်တွေ့ရခြင်းက ပိုကောင်းသည်ဆိုသည့် စကားမှာ အမှန်ပင် မှန်ကန်နေခဲ့သည်။

“ ဦးလေး၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ၊ ကျွန်တော်တို့က မြန်မြန်ဆန်ဆန်ကြီး ထပ်တွေ့ကြပြန်ပြီ “ လုချန်ရှန်းမှ အပြုံးဖြင့် နှုတ်ဆက်လာခဲ့၏။

သို့သော် ယန်မင်ကမူ တိုက်ပွဲအလံများကို ကြည့်ကာ၊ မျက်လုံးအပြူးသား ဖြစ်နေလျက်ရှိ၏။

“ မင်း၊ မင်း ……… “

လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ ပြန်ပြောလိုက်သည် “ ဘာလို့ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေရတာလဲ။ သရဲကို မြင်နေရလို့လား “

“ ငါ ……. “ ယန်မင် ဆွံ့အသွားခဲ့သည်။

လုချန်ရှန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ စကားထပ်ပြောလိုက်သည် “ ဒါနဲ့ ဦးလေး၊ ကျွန်တော် မေးချင်တာ တစ်ခုရှိတယ် “

“ ဘာလဲ “

ယန်မင်သည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်သွားစေရန် ကြိုးပမ်းနေလျက်ရှိ၏။

လုချန်ရှန်းမှ ထပ်မံ၍ မေးမြန်းလာခဲ့၏ “ အရင်တုန်းက အလံကိုးခုရှိနေတယ်လို့ ပြောခဲ့တယ်၊ လိုက်ရှာနေခဲ့ပင်မဲ့ ကျန်တဲ့သုံးခုကို မတွေ့ခဲ့ဘူး။ ထပ်ပြီးတော့ လမ်းညွှန်ပေးလို့ရမလား “

ထိုအခိုက်အတန့်တွင် ယန်မင်မှာ ပါးစပ်အဟောင်းသားဖြင့်၊ မှင်သက်သွားခဲ့သည်။

ယခုလေးတင် ဖြစ်ပေါ်လာခဲ့သော တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည့် လှုပ်ခတ်မှုက၊ သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကြောင့်ဆိုသည်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။

အချိန်တစ်ချို့ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်မှာပင်၊ သူ၏ စိတ်အတွင်းတွင် ရှိနေသည့် တုန်လှုပ်မှုက မည်သို့မျှ မငြိမ်သက်သွားခဲ့ပေ။

တိုက်ပွဲအလံ ခြောက်ခုကို အချိန်တိုအတွင်းတွင် ယူဆောင်သွားသူမှာ လူတစ်ဦးတည်းသာလျှင် ဖြစ်နေခဲ့သည်။

ယန်မင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ၊ တုံ့ပြန်လာနိုင်ခဲ့သည် “ လူငယ်လေး၊ မင်းက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ။ လူတစ်ယောက်တည်းက အလံခြောက်ခုကို ဆွဲထုတ်နိုင်ခဲ့တယ်ပေါ့ “

အဆိုပါ မေးခွန်းကို ကြားလိုက်ရသော အခါတွင်၊ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့၏။

အဲ့တာက ဘယ်လိုမေးခွန်းမျိုးကြီးလဲ

သူသည် အလံတိုင်များကို ဆွဲထုတ်ခဲ့သည့် ဖြစ်စဥ်များကို ပြန်လည်တွေးတောစဥ်းစားပြီး၊ ဂရုတစိုက် ဆင်ခြင်သုံးသပ်၍၊ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့၏။

သူအလေးအနက် တွေးတောစဥ်းစားနေသည်ကို မြင်လိုက်ရစေသာအခါတွင်၊ ယန်မင်မှာလည်း သူ၏အဖြေကို မျှော်လင့်မိနေတော့၏။

သို့ရာတွင် လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ၊ ဖြူစင်သော အမူအရာဖြင့် ပြောပြလာခဲ့သည် “ အဲ့တာက လက်တွေရှိရုံနဲ့ လုပ်လို့ရတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလား။ အဲ့လောက်ကြီး ခက်လို့လားဗျ “

…………………………………………………………………………………………………………………………………..

အပိုင်း ( 123 )

တစ္ဆေကို မြင်တွေ့လိုက်ရသော လူတစ်စု

ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ယန်မင် အတွေးနက်သွားတော့၏။

လက်တွေရှိရုံနဲ့ လုပ်လို့ရတယ်ဆိုတာက ဘာစကားကြီးလဲ။ သူသည် မနေနိုင်တော့ဘဲ၊ သူ၏ကိုယ်ပိုင်လက်နှစ်ဖက်ကို ငေးကြည့်မိသွားကာ၊ တွေးတောစဥ်းစားနေတော့သည် “ လူတိုင်းမှာ လက်တွေရှိတယ်လေ၊ အဲ့တာက ဘယ်လိုအထောက်အကူ ဖြစ်စေလို့လဲ “

လုချန်ရှန်းသည် ၎င်းကို စောင့်ကြည့်နေခဲ့သည်၊ ထို့နောက်၌ သူ့ပခုံးများ အပေါ်တွင်ရှိနေသည့် အလံခြောက်ခုစလုံး ရုတ်တရက် ကျဆင်းလာခဲ့ပြီး၊ ကောင်းကင်၊ ကမ္ဘာမြေတို့နှင့် တစ်သားတည်း ဖြစ်နေသည့်၊ ဤကမ္ဘာကြီးနှင့် ပဲ့တင်ထပ်နေသော၊ ခမ်းနားထည်ဝါသည့် အရှိန်အဝါတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့၏။

ယန်မင်၏ စိတ်ထဲတွင် အတွေးပေါင်းသောင်းခြောက်ထောင် ဖြစ်တည်နေခဲ့ပြီး၊ သူ့ထံတွင် သူမေးမြန်းလိုသည့် မေးခွန်းများ ရှိနေသော်လည်း၊ ဘာမေးရမှန်းမသိ ဖြစ်နေလျက်ရှိ၏။

ထို့နောက်တွင် လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့သည် “ ဦးလေး၊ ကျန်နေတဲ့ အလံတွေက ဘယ်မှာရှိလဲဆိုတာကို မပြောပြရသေးဘူးနော် “

ယန်မင်သည် အရပ်မျက်နှာတစ်ဖက်သို့ မသိစိတ်အရ၊ ညွှန်ပြလိုက်မိသည်၊ သူစကားပြောရန် ပြင်လိုက်သည့် အချိန်တွင်၊ အသံတစ်သံမှာ သူ၏နားများအတွင်းသို့ ဝင်လာခဲ့ပြီး ဖြစ်၏။

“ ကျေးဇူးတင်ပါတယ် “

လုချန်ရှန်း ပျောက်ကွယ်သွားခဲ့သည်။

သူသည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ပြီး၊ သူ့နောက်သို့ အလောတကြီး လိုက်သွားတော့သည်။ ၎င်းတို့အားလုံးက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ကာ၊ ၎င်းက လူတစ်ဦးက ပြုလုပ်နိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူကိုယ်တိုင်ကလည်း ၎င်းတို့အားလုံးက စစ်မှန်လားဆိုသည်ကို သိချင်နေလျက်ရှိ၏၊ ၎င်းက အံ့ဩတုန်လှုပ်ဖွယ်ကောင်းသောကြောင့်၊ သူသည် ထိုကဲ့သို့သော အရာမျိုးကို အိမ်မက်ထဲပင် ထည့်မမက်ရဲချေ။

သို့ရာတွင် သူရပ်တန့်သွားသည့် အချိန်မှာပင်၊ သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းတစ်ခုက သူ့ကို လုံးဝအံ့ဩတုန်လှုပ်သွားစေခဲ့သည်။

သူ၏မျက်လုံးများအရှေ့မှာပင်၊ လုချန်ရှန်းက လက်ဆန့်တန်းလိုက်ကာ၊ တစ်စုံတစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်ပြီး၊ ၎င်းကို သူ၏လက်အတွင်းတွင် ကိုင်ဆောင်ထားကာ၊ ၎င်းကို အပေါ်အောက် စုံချည်ဆန်ချည် ကြည့်ရှုစစ်ဆေးနေလျက်ရှိ၏။

“ ဒီပစ္စည်းကိုရဖို့က ဒီလောက်တောင် လွယ်တာလား၊ ဒီဟာက တကယ်ရော အသုံးဝင်ရဲ့လား “

ယခုလက်ရှိ အချိန်အထိပင်၊ သူ့ထံတွင် သံသယများ ရှိနေစဲဖြစ်ပြီး၊ ပစ္စည်း၏ စစ်မှန်မှုကို မေးခွန်းထုတ်နေခဲ့သည်။

ထိုစကားသည် ယန်မင်ကို ပါးစပ်အပြည့် သွေးတစ်လုပ် အန်ရစေလုနီးပါး ဖြစ်သွားစေခဲ့သည်။

ထို့အပြင်၊ သူသည် ဖြစ်စဥ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရပြီး၊ ၎င်းက အမှန်တကယ်ပင် လက်များရှိရုံဖြင့်၊ အလွယ်တကူ လုပ်ဆောင်နိုင်သော ကိစ္စတစ်ခု ဖြစ်နေလျက်ရှိ၏။

ယန်မင်သည် စိတ်တည်ငြိမ်အောင် မပြုလုပ်နိုင်ခဲ့ပေ။

ချက်ချင်းဆိုသလိုပင်၊ ထို့နောက်တွင် လုချန်ရှန်းသည် ထပ်မံ၍ ထွက်ခွာသွားကာ၊ နောက်ထပ် တည်နေရာတစ်ခုဆီသို့ ဦးတည်သွားတော့သည်။

တိုက်ပွဲအလံများကို ဆက်တိုက်ဖယ်ရှားခြင်းမှာ လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

ယွမ်နယ်မြေ ပြန်ပွင့်ခါစသာရှိသေးသော်လည်း၊ ပါရမီရှင်ခုနစ်ဦး ဆက်တိုက်ပေါ်ထွက်လာခဲ့ခြင်းမှာ ကြားဖူးနားဝမရှိသော ကိစ္စတစ်ခုဖြစ်သည်။

ယန်မင်သည် အံ့ဩတုန်လှုပ်နေစဲဖြစ်ပြီး၊ လမ်းတစ်လျှောက်လုံး နောက်မှလိုက်နေခဲ့ကာ၊ လုချန်ရှန်းက တိုက်ပွဲအလံအားလုံး ယူဆောင်နေသည်ကို စောင့်ကြည့်နေခဲ့၏။

“ ဒါက ဘယ်လိုပါရမီရှင်မျိုးလဲ “ ယန်မင်သည် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။ ဤသတင်းသာ ပြန့်သွားမည်ဆိုပါက၊ ယွမ်နယ်မြေတစ်ခုလုံး အုံ့အောသောင်းနင်း ဖြစ်သွားလိမ့်မည် ဖြစ်သည်။

သူသည် ထိုကလေးနောက်သို့ တစ်လမ်းလုံး လိုက်သွားခဲ့ပြီး၊ လူတစ်ဦးက တိုက်ပွဲအလံ ကိုးခုကို သယ်ဆောင်ထားပြီး၊ ကိုးရောင်ခြယ် ရောင်ခြည်တစ်ခုက သူ့ကို လည်ပတ်နေကာ၊ တာအိုစည်းချက်တစ်ခုက အဆက်မပြတ် စီးဆင်းနေသည်ကို စောင့်ကြည့်နေခဲ့သည်။ အဆိုပါ ခံစားချက်မှာ တုန်လှုပ်ဖွယ်ကောင်းလွန်းနေခဲ့ပြီး၊ ၎င်းက အစစ်အမှန်မဟုတ်ဘူးဟုပင် ခံစားသွားရစေခဲ့သည်။

သူမည်မျှပင် မယုံကြည်နိုင်ဖြစ်နေပါစေ(သို့) မည်မျှပင် အံ့ဩတုန်လှုပ်နေခဲ့ပါစေ၊ သူလုပ်နိုင်သော အရာမရှိပေ၊ သူသည် ၎င်းတို့ကို သူ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ထားခဲ့လေ၏။

တိုက်ပွဲအလံတစ်ခုကို ဆွဲထုတ်နိုင်သည့် လူတစ်ဦးကို မြင်တွေ့ရခြင်းကပင် ရှားပါးနေခဲ့ပြီး ဖြစ်သည်။ တောင်ပိုင်းဒေသတစ်ခုလုံးမှာပင်၊ ထိုကဲ့သို့သော လူမျိုးက ရာစုနှစ်တစ်ခုလျှင် တစ်ယောက်သာ ရှိမည်ဟု ပြောဆိုမည်ဆိုလျှင်တောင်မှ၊ ၎င်းက ချဲ့ကားပြောဆိုရာကျလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သော လူတစ်ဦးသည် နှစ်ပေါင်းများစွာ အကြာတွင် တစ်ကြိမ်သာ ပေါ်ထွက်လာလေ့ရှိသည်။

“ ကွေ့ဝူချန် နောက်တစ်ယောက်များလား “ ယန်မင်သည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။

ဤအချိန်၌ ကောင်းကင်ယံတွင် ရှိနေသည့် ရောင်ခြည် ပျောက်ကွယ်သွားခဲ့သည်။ လူငယ်လေး၏ တောက်ပမှုမှာ သူမျှော်မှန်းထားသည်ထပ်ပင် ကျော်လွန်နေခဲ့သည်၊ သူသည် သိပ်မဝေးလှတော့သည့် အနာဂတ်တွင်၊ အံ့ဖွယ်ကောင်းသည့် နောက်ထပ်ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု၊ ကြိုတင်သိရှိသွားခဲ့သည်။

သူသတိပြန်ဝင်လာသည့် အချိန်တွင်၊ လုချန်ရှန်းက ပျောက်ကွယ်နေခဲ့ပြီး ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူသည် နောက်သို့လှည့်ကာ၊ ဤနေရာမှ ထွက်သွားရန် ကြံရွယ်လိုက်သည်။

တစ်ခဏ အကြာတွင် လုချန်ရှန်းသည် တိတ်ဆိတ်သော တောင်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။ သူသည် သူ၏ပခုံးပေါ်တွင် ရှိနေသည့်၊ ကိုးရောင်စုံ တိုက်ပွဲအလံများကို ကြည့်ကာ၊ စိတ်လှုပ်ရှားတကြီး ဖြစ်သွားခဲ့သည်။ သူသည် တိုက်ပွဲအလံကိုးခုကို ရုတ်တရက် ပစ်လွှတ်လိုက်ရာ၊ ၎င်းတို့မှာ တောင်ထိပ်အပေါ်သို့ ကျရောက်သွားခဲ့၏။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ နက်ရှိုင်းသော စွမ်းအားတစ်ခု အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။

လုချန်ရှန်းသည် တောင်ပေါ်သို့ စိတ်အားထက်သန်စွာဖြင့် ခုန်ဆင်းလာခဲ့ပြီး၊ တင်ပျဥ်ခွေထိုင်ကာ၊ လက်ဟန်များ ပြုလုပ်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် သူသည် ကြွယ်ဝသော ဝိညာဥ်ချီကို ခံစားလာရလေ၏။

“ တကယ်ကြီး အလုပ်ဖြစ်တာပဲဟ “

လုချန်ရှန်းသည် အံ့အားသင့်ကာ၊ စိတ်ကျေနပ်သွားခဲ့ပြီး၊ မည်သို့မျှ သံသယဝင်မနေတော့ပေ။ တိုက်ပွဲအလံများ လွှင့်ထူထားမှုနှင့်အတူ၊ ဝိညာဥ်ချီများ အဆက်မပြတ် စုဝေးလာခဲ့ပြီး၊ တစ်ခဏအတွင်းမှာပင်၊ တောင်ထိပ်တစ်ခုလုံးကို ထူထဲသိပ်သည်းသော စွမ်းအင်တစ်ခုက အုပ်မိုးလာခဲ့သည်။

“ ဟားဟားဟား “

သူသည် မအောင့်ထားနိုင်တော့ဘဲ၊ ကျယ်ကျယ်လောင်လောင် အော်ရယ်မိသွားခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏စိတ်ကို တည်ငြိမ်သွားစေကာ၊ အဆက်မပြတ် စုပ်ယူနေခဲ့ပြီး၊ သူ၏စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်ကာ၊ နက်နဲသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

သို့ရာ၌ သူပျော်ရွှင်နေသည့် အချိန်မှာပင်၊ သူသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ၊ မျက်လုံးများ ပြန်ဖွင့်လာခဲ့ပြီး၊ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ မဟုတ်သေးပါဘူး၊ ဘာလို့ ဒီကောင်တွေကို သန့်စင်လို့မရတာလဲ၊ ငါ့ရဲ့ ဝိညာဥ်စွမ်းအားက ဘာလို့မတိုးပွားလာရတာလဲ “

၎င်းကို တွေးမိသွားသောအခါတွင်၊ လုချန်ရှန်းသည် ထပ်မံ၍ ကြိုးစားကြည့်လိုက်သည်၊ သို့သော် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပေ။

“ အနက်လေးက ငါ့ကို လိမ်ခဲ့တာများလား “

သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး၊ တိုက်ပွဲအလံများကို ချိန်ညှိကာ၊ ဆက်လက်၍ ကျင့်ကြံနေတော့၏။

တစ်ပြိုင်နက်ဆိုသလိုပင်၊ ယွမ်နယ်မြေ၏ ပထမအလွှာအတွင်းရှိ၊ လူတိုင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိသွားသည်၊ အထူးသဖြင့် အလယ်ပိုင်း ဒေသတွင် ရှိနေသည့် လူများဖြစ်ပြီး၊ သူတို့သည် ကျင့်ကြံရာမှ ပြန်လည်နိုးထလာကြ၏။

“ ဘာတွေ ဖြစ်နေတာလဲ။ ဝိညာဥ်ချီတွေက ဘာလို့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတာလဲ “

“ ဟုတ်တယ်၊ ခဏလေးပဲ ရှိသေးတယ်၊ အများကြီး ဆုံးရှုံးသွားပြီလို့ ခံစားနေခဲ့ရတယ်၊ အခုလည်း ဆက်ပြီးတော့ လျော့နည်းနေတုန်းပဲ “

“ … “

လူတိုင်း ဆွေးနွေးပြောဆိုနေကြသည်၊ သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ၊ ဝိညာဥ်ချီက ပို၍ကျဲပါးလာလေလေ ဖြစ်နေခဲ့သည်။

“ တစ်ယောက်ယောက်က တိုက်ပွဲအလံတွေကို ရသွားပြီ “ အဆုံးတွင် တစ်စုံတစ်ဦးမှ သတင်းများ ယူဆောင်လာခဲ့သည်။

သူတို့၏ မျက်လုံးများ အတွင်းတွင် အံ့အားသင့်ခြင်းနှင့် လေးစားမှုတို့ စွန်းထင်းလာခဲ့သည်၊ တိုက်ပွဲအလံများက မည်သည့်အရာကို ကိုယ်စားပြုလဲဆိုသည်ကို လူတိုင်းသိနေခဲ့ကြသည်။

သို့သော် မကြာခင် အချိန်မှာပင် လူတစ်ဦးသည် တစ်စုံတစ်ခုကို သတိပြုမိသွားကာ၊ စကားဝင်ပြေလာခဲ့သည် “ မဟုတ်ဘူး၊ ဝိညာဥ်ချီက တော်တော်ကြီးကို လျော့သွားပြီ၊ ဆယ်ပုံတစ်ပုံတောင် မကျန်တော့ဘူး။ တကယ်လို့ တစ်ယောက်ယောက်က တိုက်ပွဲအလံတွေကို ရသွားမယ်ဆိုရင်တောင်မှ၊ အခုလို မဖြစ်သင့်ဘူးလေ “

“ တိုက်ပွဲအလံကိုးခုစလုံးကို အထုတ်ယူခံလိုက်ရပြီ “

“ ဘာကြီး “

မယုံကြည်နိုင်ဖြစ်သွားသည့် အာမေဋိတ်သံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဘာတွေဖြစ်နေတာလဲဟ “

လူငယ်မျိုးဆက်များသာလျှင်မဟုတ်ဘဲ၊ သက်ကြီးပိုင်းမျိုးဆက်များကပင် စိတ်မတည်ငြိမ်နိုင်တော့ပေ။ တစ်ချို့လူများသည် ယွမ်နယ်မြေ ပြန်ပွင့်လာခြင်းကို ငါးနှစ်တိတိ စောင့်ဆိုင်းနေခဲ့ရသည်၊ သို့သော် ၎င်းပြန်ပွင့်လာသည်နှင့်တစ်ပြိုင်နက်၊ သူတို့က ဖင်ပူအောင် မထိုင်ရသေးခင် အချိန်မှာပင်၊ တိုက်ပွဲအလံ ကိုးခုစလုံး သိမ်းယူခံလိုက်ရသည်။

တိုက်ပွဲအလံ ကိုးခုစလုံး သိမ်းပိုက်ခံလိုက်ကာ၊ ဝိညာဥ်ချီ ၉၀% ထုတ်ယူခံလိုက်ရသောကြောင့်၊ သူတို့က မည်ကဲ့သို့ ကျင့်ကြံရတော့မည်နည်း။

အဆိုပါ ကိစ္စသည် အင်အားစု အသီးအသီး၏ အာရုံများကို ဆွဲဆောင်သွားခဲ့ပြီး၊ အဆိုပါ ဂိုဏ်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ချို့သည် စုံစမ်းစစ်ဆေးရန်အတွက်၊ ပထမအလွှာသို့ ရောက်သွားကြပြီ ဖြစ်၏။

လူတိုင်း အတူတကွ မတ်တပ်ရပ်နေကာ၊ တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိ၏။

နတ်ကောင်းကင်ဂိုဏ်းဘက်တွင်မူ၊ ကျောက်ကုန်းမင် ရောက်ရှိလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

သူတို့သည် သူတို့၏ တပည့်များကို ဝိညာဥ်ချီများ ပိုမိုရရှိသွားစေရန်အလို့ငှာ၊ အလယ်ပိုင်း ဒေသကို သိမ်းပိုက်ခဲ့ပြီး၊ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် အတော်ပင် ကြိုးစားအားထုတ်ခဲ့ကြရသည်။

သို့သော် ယခုတွင်ကား၊ တစ်စုံတစ်ဦးက တိုက်ပွဲအလံကိုးခုကို သိမ်းပိုက်ကာ၊ အရာအားလုံးကို ယူဆောင်ခဲ့သောကြောင့်၊ ဤနေရာမှာလည်း တစ်ခြားသော နေရာများနှင့် မည်သို့မျှ ကွာခြားမနေတော့ပေ။

“ အားလုံးပဲ၊ ငါတို့က ဘာလုပ်ကြမလဲ “ ဟု အဘိုးအိုတစ်ဦးမှ မေးမြန်းလာခဲ့၏။

နောက်လူတစ်ဦးမှ တုံ့ပြန်လာခဲ့သည် “ ငါတို့က ဘာလုပ်နိုင်ကြလို့လဲ “

“ ပစ္စည်းတွေကို တစ်ခါတည်းယူသွားတဲ့ လူကိုးယောက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာလဲ။ အဲ့လူတွေထဲမှာ မင်းတို့ရဲ့ မျိုးဆက်တွေ မရှိကြဘူးလား “

“ မရှိဘူး “

သူတို့သည် တစ်ဦးပြီးတစ်ဦး၊ ချက်ချင်းငြင်းပယ်လာခဲ့ကြသည်။

ကောင်းကင်တံခါးဂိုဏ်းမှ အဘိုးအိုကပင် သူ၏ဦးခေါင်းကို ခါရမ်းနေလျက်ရှိ၏။ ဤကိစ္စမတိုင်ခင် အချိန်အထိ၊ ပိုင်နန်သည် တိုက်ပွဲအလံများကို လှုပ်ခါသွားစေရန်၊ အလားအလာ အကောင်းဆုံး လူတစ်ဦး ဖြစ်ခဲ့သည်။

မည်သူကမှ ဝန်မခံလာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင်၊ ကျောက်ကုန်းမင်မှာလည်း စကားဝင်ပြောလာခဲ့သည် “ တကယ်လို့ သူတို့က အင်အားစု အသီးသီးက လူတွေ မဟုတ်ဘူးဆိုရင်၊ အဲ့လူကိုးယောက်က ဘယ်သူတွေလဲ။ သူတို့က ဘယ်ကရောက်လာကြတာလဲ “

သို့ရာ၌ ထိုအချိန်တွင်၊ အဘွားအိုတစ်ဦးသည် စိုးရိမ်တကြီး ဖြစ်နေသော အမူအရာဖြင့်၊ အဝေးမှ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ သူမသည် သူမ၏လမ်းလျှောက်တုတ်ကိုပင် အမှီသဟဲ မပြုဘဲ၊ လမ်းတစ်လျှောက်လုံး တရွတ်တိုက်ဆွဲလာခဲ့၏။

လူအုပ်ကြီးသည် ၎င်းကို ကြည့်ကာ၊ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော် အဘွားအို၏ တစ်ခွန်းမှာ သူတို့၏ တည်ငြိမ်မှုများကို ပျက်ပြားသွားစေခဲ့၏။

“ ကိုးယောက်မဟုတ်ဘူး၊ တစ်ယောက်တည်း “

“ ဘာကိုဆိုလိုတာလဲ “

ထိုအချိန်တွင် အဘွားအို၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်နေခဲ့ကာ၊ စကားထပ်ပြောလာခဲ့သည် “ တိုက်ပွဲအလံကို ရသွားတာက လူကိုးယောက် မဟုတ်ဘူး၊ လူတစ်ယောက်တည်းက ရသွားတာ “

“ ဘာဖြစ်တယ် “

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။

သူတို့၏ မျက်လုံးများသည် အံ့ဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား၊ ပြူးကျယ်သွားခဲ့သည်၊ ဤနေရာတစ်ခုလုံးမှာ ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သူတို့၏ စိတ်နှလုံးသားများ ဂဏာမငြိမ် ဖြစ်နေလျက်ရှိ၏။

ခံစားချက်ကမူ လမ်းလျှောက်ထွက်နေသည့် လူတစ်စုက တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေခဲ့သည်။

…………………………………………………………………………………………………………………………………………..

All Chapters