အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အပိုင်း ( 130 )
ခင်ဗျားတို့က ကိုယ့်လူကိုယ် ပြန်သတ်တဲ့အထိ၊ တော်တော်ကြီးကို ရက်စက်ကြတာပဲ
တစ်ခဏအတွင်းမှာပင် လူတိုင်း၏ ခန္ဓာကိုယ်များနှင့် စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
ဓားချီသည် ချူချန်ခုန်းအပေါ်သို့ ကျရောက်သွားပြီး၊ ပတ်ပတ်လည်ရှိ တောင်ထိပ်များကို ချက်ချင်း ခုတ်ပိုင်းကာ၊ တပြေးညီဖြစ်သွားစေခဲ့၏။
ဟင်းလင်းပြင် ဆုတ်ပြဲသံများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
သို့ရာတွင် အကြည့်အားလုံးက လုချန်ရှန်းထံတွင်သာ ရှိနေခဲ့သည်။
အသက်ဆယ့်ကိုး(သို့) နှစ်ဆယ်အရွယ် လူငယ်တစ်ဦးသည် ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေခဲ့သည်၊ ၎င်းက လူတော်တော်များများကို မယုံကြည်နိုင် ဖြစ်သွားစေခဲ့၏။
ထိုကဲ့သို့သော စွမ်းရည်မျိုးသည် ရှေးခေတ်ကာလမှာပင် ရှားပါးလွန်းနေခဲ့သည်။
အဆုံးတွင် သူတို့သည် ထိုလူက စိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက်၊ ဤနေရာသို့ အကြောက်အလန့်မရှိဘဲ၊ မည်သည့်အတွက်ကြောင့် တစ်ကိုယ်တော် လာရဲရလဲဆိုသည်ကို နားလည်သွားကြ၏၊ သူ့ထံတွင် ကြီးမားသော ယုံကြည်ချက်တစ်ခု ရှိနေခြင်းသာ ဖြစ်နေခဲ့၏။
ဓားနှလုံးသား သန့်စင်မှုနှင့်၊ ဓားတာအို အဆင့်၉ အကြားတွင်၊ ပါးလွှာသော စည်းတစ်ခုသာ ရှိနေခဲ့သော်လည်း၊ ၎င်းတို့မှာ လုံးဝမတူညီကွဲပြားသော၊ နှိုင်းယှဥ်၍မရသော အရာများ ဖြစ်နေပေ၏။
သို့ရာတွင် လုချန်ရှန်းကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့၏။ သူသည် အပျက်အစီးပုံ အတွင်းတွင် ရှိနေသည့် ချူချန်ခုန်းကို ကြည့်ကာ၊ မျက်မှောင်ကြုတ်သွား၏ “ ဒီလောက်တောင် လွယ်လွယ်ကူကူ ရှုံးသွားတာလား “
“ မင်း …. “
“ ဘာမှထပ်ပြောမနေနဲ့တော့၊ မင်းရဲ့ လမ်းဆီကို ပို့ပေးမယ်။ နောင်အနာဂတ်မှာ အရမ်းကြီး မမောက်မာနဲ့ပေါ့ကွာ။ ပြီးတော့ ပြန်ရောက်သွားတဲ့ အချိန်ကျရင်လည်း ဂရုစိုက်ဦး၊ ဒီကိုပြန်မလာတာက အကောင်းဆုံးပဲ။ တကယ်လို့ လာခဲ့မယ်ဆိုရင်၊ ငါ့ကို အော်ကျယ်အော်ကျယ်နဲ့ စကားလာမပြောနဲ့ “
လုချန်ရှန်းသည် စကားပြောဆိုနေရင်းဖြင့်၊ သူ၏လက်ကို မြှောက်လိုက်သည်၊ ဓားချီတစ်ခု ပေါ်ထွက်လာကာ၊ ထိုနေရာဆီသို့ တိုက်ရိုက်ပြေးဝင်သွား၏။
“ အတင့်ရဲချက် “
အကြီးအကဲတစ်ဦးသည် ဟိန်းဟောက်ကာ၊ ချက်ချင်းလှုပ်ရှားလာခဲ့သည်။
ချူချန်ခုန်းက ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိရန်၊ အရေးအကြီးဆုံး အခိုက်အတန်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ အကယ်၍ သူက ဤနေရာတွင် တစ်ဆို့သွားပါက၊ သူ၏ကြိုးစားအားထုတ်မှုများက အချည်းနှီးဖြစ်သွားရလိမ့်မည်ဖြစ်ပြီး၊ သူသည် ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားသွားရမည် ဖြစ်သည်။ သူ့ကို မည်သို့မျှ သေခွင့်ပေး၍ မဖြစ်ပေ။
အကြီးအကဲသည် အေးစက်စွာ နှာခေါင်းရှုံ့၍၊ လမ်းကြောင်းကို ပိတ်ဆို့လာခဲ့၏၊ သို့သော် ဓားချီသည် သူ၏ကာကွယ်ရေး စွမ်းအားကို ထိုးဖောက်သွားကာ၊ သူ့အား နောက်သို့ လွင့်ထွက်သွားစေခဲ့၏၊ သူ၏နှုတ်ခမ်းထောင့်တွင် သွေးစီးကြောင်းတစ်ခု စီးကျလာခဲ့သည်။
သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင်၊ လူအနည်းငယ်က လုချန်ရှန်းကို ဝိုင်းရံလာခဲ့၏။
“ မနိုင်ဘူးဆိုရင်၊ အုပ်စုဖွဲ့ ဝိုင်းတိုက်ကြတာလား “
“ ပေါက်ကရတွေ တော်လိုက်စမ်း “ လူတစ်ဦးမှ ပြန်ပြောလာခဲ့၏။
တစ်ခြားလူတစ်ဦးသည် အဝေးသို့ ငေးကြည့်ကာ၊ စကားဝင်ပြောလာခဲ့၏ ” ချန်ခုန်းကို ခေါ်သွားတော့ “
“ ကောင်းပြီလေ “
နောက်သို့ လွင့်ထွက်သွားသော အကြီးအကဲက လှုပ်ရှားလာခဲ့၏။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ၊ စကားဝင်ပြောနေတော့သည် “ ငါ့ကို တက်လာဖို့ပြောခဲ့တာက မင်းတို့ပဲလေ၊ အခုကျတော့ မင်းတို့က ထွက်ပြေးချင်နေကြတယ်ပေါ့။ မင်းတို့က အရှုံးကို လက်မခံနိုင်တဲ့ လူတွေလား “
ကြည့်ရှုနေသူတို့၏ စိတ်နှလုံးသားများ လှုပ်ခါသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်၊ များပြားလွန်းလှသော ဓားချီများ ပေါက်ထွက်လာခဲ့ကာ၊ ဘက်ပေါင်းစုံသို့ ပြေးဝင်သွား၏။
နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ လူများ၏ အမူအရာများ ပြောင်းလဲသွားသည်။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့ကို ချုပ်နှောင်ထားခဲ့သည့်အတွက်၊ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များက ဓားချီတို့၏ ထိုးဖောက်မှုများ ခံနေရသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်ကြ၏၊ သိပ်မကြာခင် အချိန်မှာပင်၊ သူတို့၏ ခန္ဓာကိုယ်များ ပျောက်ကွယ်သွားခဲ့၏။
သွေးမြူမှုန်များ မြင့်တက်လာခဲ့ပြီး၊ လေထုနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့လေ၏။
တစ်ချိန်တည်းမှာပင်၊ သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များသည် သွေးအန်ကာ၊ ပြိုလဲသွားကြသည်။
ကြည့်ရှုနေသူများမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။ မွေးရာပါ ဝိညာဥ် အဆင့်၄ ဒါမှမဟုတ် အဆသင့်၅မှာ ရှိနေတဲ့ လူကတောင် ပျောက်ကွယ်သွားတယ်ပေါ့
“ အဲ့ဒီ အစိမ်းရောင် ဝတ်စုံနဲ့လူငယ်ရဲ့ ဇစ်မြစ်က ဘာလဲ။ သူက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှာပဲ ရှိနေသေးတာလေ၊ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်ကတောင် သူ့ကို မတားဆီးနိုင်ဘူးပေါ့ “
“ တော်တော်ကြီးကို စွမ်းလွန်းတယ် “
“ တကယ်လို့ သူကသာ မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်သွားရင်၊ ဘာတွေ ဖြစ်လာမှာလဲ “
“ ဓားနှလုံးသား သန့်စင်မှုက ဘာလဲဆိုတာကို နားမလည်ဘူးလား။ အဲ့လိုအဆင့်မျိုးက နတ်ဝိညာဥ်ရဲ့ စွမ်းအားကို၊ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်ကတောင် မယှဥ်နိုင်ဘူးကွ “
“ … “
လူအုပ်ကြီးသည် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့ပြီး၊ ဓားနှလုံးသား သန့်စင်မှု၏ ထူးခြားမှုကို နက်နက်နဲနဲ နားလည်သွားကြသည်။
သူတို့၏ မျက်လုံးများ အရှေ့မှာပင်၊ လုချန်ရှန်းသည် ခြေတစ်လှမ်းလှမ်းကာ၊ လေထုအတွင်းသို့ ရောက်ရှိသွား၏၊ သူ၏ ပုံရိပ်သည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့ပြီး၊ ချူချန်ခုန်း၏ ပြေးလမ်းကြောင်းကို တားဆီးပိတ်ဆို့လိုက်သည်။
“ အစိမ်းဝတ်ကောင်၊ မင်းသိပ်မလွန်လာနဲ့၊ ငါ ……. “
ဆွပ်ရှ်
ဓားချီဆင်းသက်လာကာ၊ အကြီးအကဲတစ်ဦး အသတ်ခံလိုက်ရသည်။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ သောက်ပေါက်ကရတွေ “
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင်၊ သူ၏အကြည့်က ချူချန်ခုန်းအပေါ်သို့ ကျရောက်သွား၏ “ ငါပြောခဲ့တာတွေကို မှတ်ထား။ နောင်အနာဂတ်မှာ ငါ့ကိုမြင်ရင်၊ သိုသိုသိပ်သိပ် နေနေလိုက် “
စကားပြောခဲ့ပြီးသည့်နောက်တွင်၊ သူသည် တစ်ဖက်လူ၏ တုံ့ပြန်မှုကိုပင် စောင့်မနေခဲ့ပေ၊ ဓားချီ ဆင်းသက်လာခဲ့ကာ၊ ချူချန်ခုန်းကို အိမ်ပြန်ပို့ပေးလိုက်သည်။
လူအုပ်ကြီးကို ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့်၊ ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
သို့ရာတွင် ဤအချိန်၌၊ ကောင်းကင်ထက်တွင် သက်ကြီးပိုင်း ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူသည် အေးစက်မှုတို့နှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့်၊ လုချန်ရှန်းကို စိုက်ကြည့်လာခဲ့၏။ သူသည် အတော်လေး နှောင့်နှေးနေခဲ့ပြီး၊ ချူချန်ခုန်းအသတ်ခံလိုက်ရသည်ကို ကူရာကယ်ရာမဲ့စွာဖြင့်၊ စောင့်ကြည့်နေခဲ့ရ၏။
“ မင်း လူယုတ်မာကောင်၊ မင်းသေချင်နေတာပဲ “
အကြီးအကဲသည် စကားပြောဆိုနေရင်းဖြင့်၊ တိုက်ခိုက်လာခဲ့သည်၊ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ၎င်းနှင့်အတူ ပြင်းထန်သော ဖိအားတစ်ခု လိုက်ပါလာခဲ့သည်။
“ အဲ့တာက နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရဲ့ အကြီးအကဲပဲ၊ သူက မွေးရာပါ ဝိညာဥ်အဆင့်၉မှာရှိတဲ့ အစွမ်းထက် ပညာရှင်တစ်ယောက်ပဲ “
“ အဲ့တာထပ်ပိုတယ်၊ သူက အသွင်ပြောင်းခြင်းနယ်ပယ်နဲ့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ် “
“ နှမြောစရာပဲ၊ သူက အစိမ်းဝတ်လူငယ်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အစိမ်းဝတ်လူငယ်က ထွက်ပြေးနေနိုင်တုန်းပဲ “
သူတို့သည် ဓားနှလုံးသား သန့်စင်မှု၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို ကောင်းစွာသတိပြုမိနေခဲ့သည်၊ ၎င်းကို နယ်ပယ်ဖိနှိပ်မှုတစ်ခုတည်းနှင့်၊ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်တွင် အကြီးအကဲမှ ထပ်မံ၍ တိုက်ခိုက်လာခဲ့သည်၊ ကြီးမားသော စွမ်းအားတစ်ခု နိမ့်ဆင်းလာခဲ့ပြီး၊ ကြီးမားသော လက်ကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားကာ၊ လုချန်ရှန်းကို ဖမ်းဆုပ်လာခဲ့သည်။
အဆုံးမဲ့ ဖုန်မှုန့်များ လှိုက်တက်လာခဲ့၏။
လူတိုင်းစောင့်ကြည့်နေခဲ့ပြီး၊ အဆိုပါ စွမ်းအား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားနေခဲ့ရကာ၊ ကြောက်ကြောက်လန့်လန့် ဖြစ်သွားကြသည်။
သူတို့သည် မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ဘဲ၊ ထိုနေရာကို စိုက်ကြည့်နေပြီး၊ လုချန်ရှန်းက မည်ကဲ့သို့ တုံ့ပြန်လာမလဲဆိုသည်ကို မြင်တွေ့ချင်နေခဲ့ကာ၊ မျှော်လင့်တကြီး ဖြစ်သွားကြ၏။ အဆိုပါ မြင်ကွင်းမှာ အမှန်ပင် ရင်ဖိုစိတ်လှုပ်ရှားဖွယ်ကောင်းနေခဲ့သည်။
သူတို့က ထိုကဲ့သို့သော မြင်ကွင်းမျိုးကို၊ နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရသည်မှာ မည်မျှကြာရှည်နေပြီနည်း။
သို့ရာတွင် ရလဒ်ကမူ၊ လူတိုင်း၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေခဲ့၏။
လူတိုင်း တွေးတောစဥ်းစားနေကြသည့် အချိန်မှာပင်၊ ကောင်းကင်ထက်မှ အေးဆေးတည်ငြိမ်သော အသံတစ်သံ ပေါ်ထွက်လာဲ့သည်။
“ မျက်လုံးတွေ မှုန်နေတယ်ဆိုရင်လည်း၊ လာပြီးတော့ ရှိုးထုတ်မနေနဲ့။ လူထိတောင် မလုပ်နိုင်ပဲနဲ့၊ လူရာမဝင်ချင်စမ်းနဲ့ “
“ ဘာကြီး “
အောက်ဘက်ရှိ လူများသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ၊ ကောင်းကင်ထက်သို့ မော့ကြည့်လာကြ၏၊ သူတို့သည် ကောင်းကင်ယံတွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသည့်၊ ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်၊ ထိုလူမှာ လုချန်ရှန်းမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
အကြီးအကဲမှာလည်း အထိတ်တလန့် ဖြစ်နေခဲ့ပြီး၊ သူ၏မျက်လုံးများအတွင်းတွင် အံ့အားသင့်နေသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့၏။ သူသည် ရုတ်တရက် နောက်လှည့်ကြည့်လိုက်ပြီး၊ နံစော်နေသည့် ခြေထောက်တစ်ဖက်က သူ၏မျက်နှာပေါ်သို့၊ တိုက်ရိုက်ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရ၏။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး၊ မြေပြင်နှင့် ဝင်ဆောင့်ကာ၊ တောင်ကိုယ်ထည်များစွာကို ထိုးဖောက်သွားခဲ့၏။
အရာအားလုံးက မမျှော်လင့်ထားသည့် အရာများသာ ဖြစ်နေခဲ့သည်။ သူတို့သည် တစ်ခုခုကို မမြင်လိုက်ရဘဲ၊ ထိုပုံရိပ်က ထပ်မံ၍ ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့နေကာ၊ အာရုံစူးစိုက်၍ စောင့်ကြည့်နေကြ၏။
လုချန်ရှန်းသည် မည်သို့မျှ မရပ်တန့်သွားဘဲ၊ ကောင်းကင်ထက်မှ ထိုးဆင်းလာခဲ့ပြီး၊ အကြီးအကဲ အရှေ့သို့ ရောက်လာခဲ့ကာ၊ အရာအားလုံးကို လျစ်လျူရှုထားပြီး၊ သူ့အား အညှာအတာမဲ့ တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ဖမ်းဆုပ်လိုက်၏၊ လက်သီးအားကြောင့်၊ သူသည် တောင်များကို ပြိုကျသွားစေကာ၊ ကမ္ဘာမြေကို လှုပ်ခါသွားစေ၏။
လက်သီးထိုးချက်များ တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့သောကြောင့်၊ ကမ္ဘာမြေ လှုပ်ရမ်းနေခဲ့သည်။
မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော အကြည့်များက ထိုနေရာကိ စောင့်ကြည့်နေခဲ့သော်လည်း၊ လှိုက်တက်လာသော ဖုန်မှုန့်များနှင့် မီးခိုးငွေ့များကိုသာ မြင်လိုက်ကြရသည်။
သူတို့သည် လုချန်ရှန်းက အဆိုပါ အကြီးအကဲကို ဆွဲထူကာ၊ စကားပြောနေသည်ကိုသာ မြင်လိုက်ကြရသည် “ ခင်ဗျားရဲ့ အရိုးတွေက ဒီလောက်တောင် မာနေလိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့မိဘူး၊ တော်တော်ကြီးကို အကြမ်းခံတယ် “
“ အမ် …… “
ကြည့်ရှုနေသူများ ဆွံ့အသွားကြသည်။
တစ်ချိန်တည်းမှာပင်၊ ပုံရိပ်တစ်ခု တိတ်တဆိတ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် မျက်လုံးများ အေးစက်နေသည့် အသက်လေးဆယ်ကျော်(သို့) ငါးဆယ်ကျော် သက်လတ်ပိုင်းလူတစ်ဦး ဖြစ်၏၊ ထိုလူသည် သူ၏လက်ကို မြှောက်ကာ၊ တိုက်ကွက်တစ်ခု ထုတ်လွှတ်လာခဲ့သည်။
လူတစ်ချို့သည် အဆိုပါ မြင်ကွင်းကြောင့် ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်၊ ထိုလူမှာလည်း မွေးရာပါ ဝိညာဥအဆင့်၉ ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။
သို့သော် တိုက်ခိုက်မှု ကျဆင်းလာခဲ့သည့် အချိန်၌၊ လုချန်ရှန်းသည် သူ့လက်အတွင်းတွင် ရှိနေသည့် အဘိုးအိုကို ဆွဲယူကာ၊ နောက်သို့လွှင့်ပစ်လိုက်သည်၊ တိုက်ခိုက်မှုသည် ထိုလူ့အပေါ်သို့ ကျဆင်းသွားခဲ့သည်။
တိုးညှင်းသော ညီးတွားသံနှင့်အတူ၊ ထိုလူပျောက်ကွယ်သွားခဲ့သည်။
သက်လတ်ပိုင်းလူ၏ အမူအရာ ချက်ချင်းမည်းမှောင်သွားခဲ့သည်။ သူမတွေးတော မစဥ်းစားနိုင်ခင် အချိန်မှာပင်၊ လုချန်ရှန်းက သူ့အနောက်သို့ ရောက်ရှိလာခဲ့၏။
“ မင်းတို့၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က လူတွေက၊ ကိုယ့်လူကို ပြန်သတ်တဲ့အထိ တော်တော်ကြီးကို ရက်စက်ကြတာပဲ “
“ ပါးစပ်ကို ပိတ်ထား “
ထိုလူသည် အော်ဟစ်ဟိန်းဟောက်လာခဲ့ကာ၊ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ပစ်လွှတ်လာခဲ့၏။
လုချန်ရှန်းသည် လေကုန်ခံမနေဘဲ၊ လက်သီးတစ်လုံး ပစ်သွင်း၍၊ တိုက်ခိုက်မှုကို ပြိုကွဲသွားစေလိုက်သည်၊ ဓားဆန္ဒသည် သူ၏လက်သီးကို ရစ်ပတ်လာခဲ့ပြီး၊ ထိုလူ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
တိုက်ကွက်အနည်းငယ်မျှ ဖလှယ်ခဲ့ပြီးသည့်နောက်တွင်၊ ထိုလူသည် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ၊ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် လုချန်ရှန်းကမူ မည်သို့မှ မရပ်တန့်ခဲ့ပေ။ သူသည် နတ်ဘုရား သန့်စင်ခြင်း နန်းတော်ရှိရာ အရပ်အား၊ စောင့်ကြည့်နေသူတစ်ဦးကို မေးမြန်းလိုက်ပြီး၊ ထိုနေရာသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။
နန်းတော်ပြိုကျသွားကာ၊ ဖုန်မှုန့်များ လှိုက်တက်လာခဲ့ပြီး၊ အစွမ်းထက် ပညာရှင်များ တစ်ဦးပြီးတစ်ဦး အမှောက်သိပ်ခံလိုက်ရ၏။ ကျန်ရှိနေသည့် လူများသည် သရဲတစ်ကောင်ကို မြင်နေရသည့်အလား၊ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့်၊ လုချန်ရှန်းကို ကြည့်နေကြတော့သည်။
သူမလှုပ်ရသေးခင် အချိန်မှာပင်၊ သူတို့သည် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြသည်။
ကိုယ့်ကိုကိုယ် သတ်သေလိုက်ခြင်းက ထိခိုက်ဒဏ်ရာရရှိမှု နည်းပါးမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်၊ ထိုကဲ့သို့ မဟုတ်ဘဲ၊ ထိုလူ့၏လက်အတွင်းသို့ ကျရောက်သွားမည်ဆိုပါက၊ အကျိုးဆက်က မှန်းဆကြည့်၍ပင် ရတော့မည် မဟုတ်ပေ။
လုချန်ရှန်းသည် နေရာမှာပင် အေးခဲတောင့်တင်းသွားကာ၊ အနည်းငယ် စိတ်ညစ်သွား၏။
“ သူတို့က ထွက်ပြေးသွားကြတာလား “
သူ၏စိတ်စွမ်းအား ပျံ့လွင့်သွားရာ၊ စောင့်ကြည့်နေသူများမှအပ၊ မည်သူမှ မရှိတော့ဘူးဆိုသည်ကိုသာ သိရှိသွားခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ၊ စကားပြောနေတော့သည် “ အဲ့တာပဲလား။ တစ်ယောက်မှ မတိုက်ခိုက်နိုင်ကြဘူးလား “
သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ သူ့ထံသို့ အကြည့်ပေါင်းများစွာ ကျရောက်လာခဲ့၏၊ လူအုပ်ကြီး၏ စိတ်နှလုံးသားများ အလွန်တရာ လှုပ်ရမ်းနေလေ၏။
……………………………………………………………………………………………………………………………..
အပိုင်း ( 131 )
အို့၊ ငါပေါ့ဆမိပြန်ပြီ
နတ်ဘုရား သန့်စင်ခြင်း နန်းတော်၏ စခန်းအားလုံး ဖျက်စီးခံလိုက်ရကာ၊ အပျက်အစီးများသာလျှင် ကျန်နေခဲ့၏။
လုချန်ရှန်းသည် နှစ်ကြိမ်တိတိ လှည့်ပတ်နေကာ၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်မှ မည်သူမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးမှ၊ ပြန်လှည့်ကြည့်လာခဲ့သည်။
“ နတ်ဘုရား သန့်စင်ခြင်း နန်းတော်က ဘာမှလည်း ထူးခြားမနေပါဘူး၊ နတ်ဘုရားနယ်ပယ်က လူကို သန့်စင်ခဲ့တယ်ဆိုတဲ့ ကိစ္စကိုတောင် ငါသံသယဝင်နေမိပြီ “ ဟု လုချန်ရှန်းမှ တိုးညှင်းစွာ ပြောဆိုနေခဲ့၏။
သို့သော် ပတ်ပတ်လည်ရှိ စောင့်ကြည့်နေသူများသည်၊ သူ၏စကားများကို ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရပြီး၊ အကြည့်များ ဖလှယ်နေကြကာ၊ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။
သို့သော် စိတ်အတွင်းပိုင်း တုန်လှုပ်မှုများ ဆက်လက် ဖြစ်ပွားနေသေး၏။ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်များ အသတ်ခံလိုက်ရပြီး၊ သူတို့သည် မည်သို့မျှ မရုန်းကန်နိုင်ခဲ့ဘဲ၊ သေဆုံးသွားကြသည်၊ ၎င်းမှာ သူတို့အရှေ့တွင်၊ ရှိနေသည့် လူငယ်လေးက၊ မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို သက်သေပြုနေခဲ့၏။
ပြိုင်မကင်းဘူးဆိုလျှင်တောင်မှ၊ သူသည် ၎င်းနှင့် သိပ်မဝေးတော့ပေ။
ပထမအလွှာတွင်လည်း သူထင်တိုင်းကြဲနေခဲ့ပြီး၊ ဒုတိယအလွှာတွင်လည်း ဘေးတိုက်လမ်းလျှောက်ဖို့သာ များသည်၊ ၎င်းမှာ လူများကို စိတ်မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။
“ တောင်ပိုင်းပြည်နယ်မှာ ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာခဲ့ပြီပဲ “
“ တစ်ခြား မိသားစုတွေဆီမှာ ဘာလို့ ပါရမီရှင်တွေ ရှိနေရတာလဲ။ ငါက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ “
“ ငါက တစ်ခြားလူတွေ မောက်မာကြီးစိုးနေတာတွေကို စောင့်ကြည့်နေရုံပဲ တတ်နိုင်တယ်။ ပိုကြည့်ရလေလေ၊ ပို၍ ဒေါသထွက်ရလေလေပဲ၊ ငါက နိမ့်ကျတယ်လို့တောင် ခံစားလုမတတ်ပဲ “
“ အဲ့အကြောင်းကို တွေးမနေနဲ့တော့၊ နောက်တစ်ခေါက် လူဝင်စားတဲ့အချိန်ကျရင်၊ ကံကောင်းပါစေလို့ပဲ ဆုတောင်းနေတော့ “
“ … “
လူအုပ်ကြီးသည် မနာလိုအားကျမှုတို့ဖြင့်၊ ဆွေးနွေးပြောဆိုနေကြသည်။
လူတော်တော်များများသည် လုချန်ရှန်းကို အဆက်မပြတ် အာရုံစိုက်နေလျက်ရှိ၏။
အကြီးအကဲတစ်ဦး ငေးကြည့်နေခဲ့ပြီး၊ သူ၏မျက်လုံးများအတွင်းတွင် နက်နဲရှုပ်ထွေးသော စိတ်ခံစားချက်များ စွန်းထင်းနေကာ၊ အမူအရာ ဆက်တိုက်ပြောင်းလဲနေခဲ့သည်။
“ အဲ့ကလေးက တော်တော်ကြီးကို ထူးချွန်လွန်းတယ်၊ ဒါပင်မဲ့ သူက အရင်တုန်းက မကျော်ကြားခဲ့ဘူး။ လိပ်အိုကြီးတစ်ချို့က သင်ပေးထားတဲ့ တပည့်များလား “
သူ့ဘေးနားတွင် ရှိနေသည့် နောက်လူတစ်ဦးမှ စကားဝင်ပြောလာခဲ့၏ “ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ ဓားနှလုံးသား သန့်စင်မှုကိုတောင် ပိုင်ဆိုင်နေပြီ။ အဲ့လိုတပည့်မျိုးကို လူဘယ်နှယောက်များ သင်ပေးနိုင်လို့လဲ “
“ တကယ်တော့ သူ့ရဲ့နယ်ပယ်က အူတိုင်ဖွဲ့စည်းခြင်း အဆင့်၅ပဲ မဟုတ်လောက်ဘူး “
“ ပြန်သွားပြီးတော့၊ သူ့နောက်ခံကို စုံစမ်းကြည့်လိုက်၊ သူ့ကို ငါတို့အမိန့်အောက်ကို ခေါ်နိုင်မလားဆိုတာကို ကြည့်လိုက်ကြတာပေါ့ “ အကြီးအကဲတစ်ဦးသည် စိတ်မသက်မသာ ဖြစ်နေသော အမူအရာမျိုးဖြင့် စကားထပ်ပြောလာခဲ့သည်။
ထိုလူနှစ်ဦးသည် ဒေသလေးခုစလုံးကို ဖြန့်ကျက်ထားသည့်၊ ရှေးကျကာ၊ လျှို့ဝှက်ဆန်းကြယ်ပြီး၊ သတင်းအချက်အလက် အများအပြား ကိုင်ဆောင်ထားသော၊ အင်အားစုတစ်ခုဖြစ်သည့်၊ ကောင်းကင်ဘုံ လျှို့ဝှက်စံအိမ်မှ လူများဖြစ်သည်။
သူသည် လုချန်ရှန်းကို ခေါ်ဆောင်ရန် သဘောကျနေခဲ့သည်။
လုချန်ရှန်းကမူ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ပြီး၊ ဤအလွှာ၏ တိုက်ပွဲအလံများကို ဆွဲထုတ်ရန် မကြိုးပမ်းခဲ့ပေ။ ပထမဦးဆုံးအနေဖြင့်၊ သူသည် သူက ၎င်းတို့အား ဆွဲထုတ်နိုင်၊ မထုတ်နိုင်ဆိုသည်ကို၊ မရေရာ မသေချာဖြစ်နေခဲ့၏၊ ပို၍အရေးကြီးသော အရာကမူ၊ ၎င်းတို့ကို ဆွဲထုတ်လိုက်ခြင်းက သူ့အတွက် မည်သို့မျှ အသုံးမဝင်ခြင်းပင် ဖြစ်သည်။
သူက ၎င်းတို့ကို မစုပ်ယူနိုင်သောကြောင့်၊ အဘယ့်ကြောင့် အချိန်ဖြုန်းနေရမည်နည်း။
အချိန်အတော်ကြာအထိ၊ ထိုလူများသည် တစ်စုံတစ်ခုအား လွဲချော်သွားရမည်ကို၊ ကြောက်ရွံ့နေပြီး၊ သူ့နောက်သို့ အဝေးမှ လိုက်နေကြစဲ ဖြစ်၏။
သူသည် ဒုတိယအလွှာ၏ ကောင်းကင်လှေကားဆီသို့၊ ရောက်ရှိသွားကာ၊ အပေါ်သို့ မော့ကြည့်နေသောကြောင့်၊ လူတိုင်း အံ့ဩသွားကြရသည်။
“ သူ့ဆီမှ အိမ်မက်တစ်ခု ရှိနေတာပဲ “ တစ်စုံတစ်ဦးသည် မအောင့်ထားနိုင်တော့ဘဲ၊ စကားထပ်ပြောလာခဲ့သည်။
“ ဘာအိမ်မက်လဲ။ တတိယအလွှာဆီ ခုန်တက်မလို့လား “
“ ငါ့ကို လာပြောင်နေတာလား။ တတိယအလွှာက အသွင်ပြောင်းခြင်း ပညာရှင်တွေ ရှိနေတဲ့ နေရာလေ “
“ အဲ့တာကြောင့်ပဲ၊ အိမ်မက်ဖြစ်နေတာပေါ့ဟ “
“ ကျွတ် ကျွတ် ကျွတ် “
လုချန်ရှန်းသည် တစ်ခဏခန့် စောင့်ကြည့်နေခဲ့ပြီးမှ၊ ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ အဲ့လိပ်အိုကြီး ချူလျူရှန်းက အဲ့နေရာမှာ ရှိနေမလားဆိုတာကို ငါသိချင်မိတယ် “
“ အဲ့တာက …… “
“ လူငယ်လေး၊ မဆင်မခြင် မလုပ်နဲ့၊ အဲ့တာက အသွင်ပြောင်းခြင်းအဆင့် ပညာရှင်လေ “
“ ဟုတ်တယ်၊ စိတ်ကို တည်ငြိမ်အောင် ထားထား “
လူတော်တော်များများသည် ပြပွဲကို ကြည့်ရှုရန်အတွက် ဤနေရာသို့ ရောက်နေကြခြင်း ဖြစ်သည်။ သူတို့ကြားတွင် ရန်ငြှိုးများ မရှိသောကြောင့်၊ သူ့ကို ကြင်နာစွာ သတိပေးရင်းဖြင့်၊ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် မျှော်လင့်နေကြ၏။
လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ ” တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း၊ ဆရာ့ကို သွားပြောလိုက်မှာပေါ့ ”
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ စိတ်နှလုံးသားများ လှုပ်ရမ်းသွားကြသည်။ သူကပင် ကောင်းကင်ဘုံကို ဆန့်ကျင်နေနိုင်ပြီဖြစ်ပြီး၊ သူ၏ဆရာ ရောက်လာမည်ဆိုပါက၊ မည်သည့်အရာများ ဖြစ်ပေါ်လာမည်နည်း။
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ထိုနေရာမှ ထွက်လာခဲ့ကာ၊ ဒုတိယအလွှာတွင် အချိန်အတိုင်းအတာ တစ်ခုအထိ လှည့်ပတ်သွားလာနေခဲ့သည်။
အစတွင် သူသည် ချူလျူရှန်းက သတင်းများကို ကြားသွားကာ၊ သူ့ကို လာတိုက်ခိုက်မည်ဟု ထင်နေခဲ့သည်၊ သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီးသည့်နောက်မှာပင်၊ မည်သည့်လှုပ်ရှားမှုမှ ရှိမနေခဲ့ပေ။
“ ပျင်းစရာကြီး၊ ကျုပ်ပြန်တော့မယ် “
ထို့နောက်တွင် သူသည် ကြေးတံခါးကို ကျော်ဖြတ်ကာ၊ ပထမအလွှာ ပြန်ဆင်းသွားတော့လေ၏။
သူ့အတွက် ပထမအလွှာနှင့် ဒုတိယအလွှာက မည်သို့မျှ ကွာခြားမနေခဲ့ပေ။ မည်သို့မျှ မကျင့်ကြံနိုင်သောကြောင့်၊ ဤနေရာတွင် နေခြင်းမှာ လမ်းသလားနေခြင်းသာလျှင် ဖြစ်နေလိမ့်မည် ဖြစ်သည်။
သို့ရာ၌ ကောင်းကင်လှေကားမှ သူဆင်းလာသည့် အချိန်တွင်၊ တစ်စုံတစ်ဦးသည် သူ့ကို မြင်သွားကာ၊ မအောင့်ထားနိုင်တော့ဘဲ၊ အံ့ဩတကြီး အော်ပြောမိသွားခဲ့သည်။
“ ကြည့်ဦး၊ ချင်းယီပဲ၊ သူအသက်ရှင်နေတယ် “
“ ဘုရားရေ၊ သူတကယ်ကြီးကို အသက်ရှင်နေတာပဲ “
“ မင်းတို့က ဘာသိလို့လဲ “ တစ်စုံတစ်ဦးသည် ဒုတိယအလွှာမှ ဆင်းလာခဲ့သည်။
တစ်ခြားလူများမှ မေးမြန်းလာကြ၏ “ ဘာကိုဆိုလိုတာလဲ “
“ သူက ဒုတိယအလွှာမှာ ကောင်းကင်ဘုံကို ဆန့်ကျင်ခဲ့တာကွ “
“ တကယ်လို့ သူ့ကို လူတွေကသာ ဝိုင်းမဖျောင်းဖျခဲ့ဘူးဆိုရင်၊ သူက တတိယအလွှာကိုတောင် တက်သွားတော့မလို့ “
ထိုဖြစ်ရပ်များကို ပြန်လည်ပြောပြလာခဲ့သည့် အချိန်တွင်၊ ပတ်ဝန်းကျင်တစ်ခုလုံး အုံ့အောသောင်းနင်း ဖြစ်သွားကာ၊ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
ချင်းယီသည် ချူချန်ခုန်းကို အပြတ်အသပ် ချေမှုန်းခဲ့ပြီး၊ နတ်ဘုရား သန့်စင်ခြင်း နန်းတော်ကို ထပ်မံ၍ အပြတ်ရှင်းကာ၊ မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်များကိုပင် သတ်ဖြတ်ခဲ့၏။ အဆိုပါ သတင်းများမှာ အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေ၏။
တစ်ချိန်တည်းမှာသည် တစ်ကမ္ဘာလုံးသည် လုချန်ရှန်း၏ ဓားတာအိုနယ်ပယ်က ဓားနှလုံးသား သန့်စင်မှုနယ်ပယ် ဖြစ်ကြောင်းကို သိရှိသွားကြသည်။
သတင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ သူတို့သည် ၎င်းတို့ကို အပြင်ကမ္ဘာသို့ ပြန်လည်ယူဆောင်သွားကြသည်။ လူတစ်ဦးတည်းကြောင့်၊ တောင်ပိုင်းပြည်နယ်တစ်ခုလုံး အုံ့အောသောင်းနင်းဖြစ်သွားကာ၊ ဆူပွက်သွားခဲ့သည်။
လုချန်ရှန်းသည် ယခင်ကတောင်ထိပ်ပေါ်သို့၊ ပြန်ရောက်လာခဲ့ကာ၊ တိုက်ပွဲအလံများကို ဖြန့်ကျက်လိုက်သည်။ နတ်ဝိညာဥ်ကို မကျင့်ကြံနိုင်သော်လည်း၊ သူသည် ၎င်းတို့ကို မဖြုန်းတီးလိုပေ။ အနိမ့်ဆုံးအနေဖြင့်၊ ၎င်းတို့က ဝိညာဥ်ချီများအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
အကယ်၍ ပြောင်းလဲမှုနှုန်းထားက အလွန်တရာ နည်းပါးနေမည်ဆိုလျှင်တောင်မှ၊ ၎င်းက ဘာမှမရှိခြင်းထပ် ပိုကောင်းပေသည်။
သူသည် ကျင်းယုက သူ့အတွက် သတင်းများပြန်လည်ယူဆောင်ပေးလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် တစ်စုံတစ်ဦးက ဤနေရာတွင် သူ့ကို လာရှာခဲ့၏။
“ မိတ်ဆွေလေး ချင်းယီ “
လုချန်ရှန်းမှ မော့ကြည့်လိုက်ရာ၊ မလှမ်းမကမ်းတွင် အပြုံးပန်းများ ဆင်မြန်းထားသည့်၊ အကြီးအကဲတစ်ဦး ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။
“ ကောင်းကင်တံခါးဂိုဏ်းလား။ ကိစ္စတစ်ခုခုရှိလို့လား “
အကြီးအကဲမှ ခေါင်းငြိမ့်ပြလာခဲ့၏။ ကောင်းကင်တံခါးဂိုဏ်းနှင့် လုချန်ရှန်းကြားတွင် ပဋိပက္ခဖြစ်ခဲ့ဖူးသော်လည်း၊ သူတို့သည် ဤတည်ရှိမှုက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း သိနေခဲ့ပြီး၊ သူ့ကို ရန်စစော်ကားလိုစိတ် မရှိတော့ပေ။
“ မိတ်ဆွေလေးနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခုခု ရှိလို့ပါ။ ပြောလို့ရမလား “
ထိုသဘောထားကို မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းမှ ပြောလိုက်သည် “ ပြောပါ “
“ ကောင်းကင်တံခါးဂိုဏ်းက မင်းဆီက တိုက်ပွဲအလံ တစ်ခုလောက် ငှားချင်လို့ပါ။ ငှားပေးလို့ရမလား “
“ ငှားတာလား “
“ ဟုတ်ပါတယ် “ အကြီးအကဲမှ ဆက်ပြောလာခဲ့၏ “ ငါတို့က တိုက်ပွဲအလံတစ်ခုကို၊ တစ်လကို ဝိညာဥ်ကျောက်တုံး တစ်သိန်းနဲ့ ငှားဖို့ ဆန္ဒရှိပါတယ် “
ဝိညာဥ်ကျောက်တုံးဆိုသည့် စကားကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း၏ မျက်လုံးများ အနည်းငယ် တောက်ပသွားကာ၊ စိတ်ဝင်တစား ဖြစ်သွား၏။
အကြီးအကဲသည် ၎င်းကို မြင်တွေ့သွားကာ၊ တိတ်တဆိတ် ဝမ်းသာနေတော့သည်။ သူတို့သည် ၎င်းကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဖြစ်သည်။ ယခင်က ဖြစ်ရပ်များအရ၊ သူတို့သည် ဤလူက ဝိညာဥ်ကျောက်တုံးတို့အား၊ အတော်လေး စိတ်ဝင်စားသည်ကို သိရှိနေခဲ့သည်။
သူလုပ်ခဲ့သမျှ အရာအားလုံးက ဝိညာဥ်ကျောက်တုံးများနှင့် ခွဲခြား၍ မရခဲ့ပေ။ ထို့ကြောင့် သူတို့သည် ဤကဲ့သို့ ပြုလုပ်ရန် အကြံရလာခဲ့ခြင်း ဖြစ်သည်။
“ ငှားပေးလို့ရတယ် “
“ တကယ်လား “
“ ဒါပင်မဲ့ ဈေးကတော့ နည်းနည်းလေး နိမ့်နေတယ်။ အဲ့တာက ဝိညာဥ်ချီရဲ့ ၁၀%ပဲ ဖြစ်နေတယ်။ အနည်းဆုံးအနေနဲ့ နှစ်သိန်းလောက် ဖြစ်သင့်တယ် “
“ ကောင်းပြီ “
အကြီးအကဲသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သဘောတူလာခဲ့သည်။
ထိုမျှ ပြတ်သားသော ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါတွင်၊ လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ၏ စိတ်နှလုံးသား တင်းကြပ်သွား၏၊ ငါက ထပ်ပြီးတော့ အရှုံးပေါ်နေဦးမှာလား
သူသည် တစ်ခဏကြာသည်အထိ၊ အနည်းငယ် စိတ်ညစ်သွားခဲ့သည်။ ယခင်က သူသည် ၎င်းကို ငှားရမ်းရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယခုတွင်ကား သူသည် ၎င်းကို ဝိညာဥ်ကျောက်တုံး နှစ်သိန်းဖြင့် ကောင်းကင်တံခါးဂိုဏ်းကို ငှားရမ်းလိုက်၏၊ သူသည် ငှားရမ်းရန်အတွက်၊ နောက်ထပ်ရောက်လာမည့်၊ တစ်ခြားလူများထံမှ ငွေပိုတောင်း၍ ရတော့မည် မဟုတ်ပေ။ အကယ်၍ သူ၏ဂုဏ်သိက္ခာကို ဆုံးရှုံးသွားရမည်ဆိုပါက၊ နောင်အနာဂတ်တွင် စီးပွားရေးကို မည်ကဲ့သို့ လုပ်ဆောင်နိုင်တော့မည်နည်း။
“ ဟူးး “
လုချန်ရှန်းသည် ကူရာကယ်ရာမဲ့စွာဖြင့်၊ သက်ပြင်းချနေတော့သည်။ သဘောတူခဲ့ပြီးပြီဖြစ်သောကြောင့်၊ သူ၏လက်ကို မြှောက်လိုက်ရာ၊ တိုက်ပွဲအလံတစ်ခု ပျံသန်းလာခဲ့သည်။
ကောင်းကင်တံခါးဂိုဏ်းမှ လူများ အပျော်လွန်သွားကြသည်။
မကြာခင် တစ်ချို့သော အင်အားစုများသည် ထိုသတင်းကို အနံ့ခံမိသွားကာ၊ လာရောက်ငှားရမ်းကြတော့သည်၊ အချိန်တိုအတွင်းမှာပင် အလံငါးခုကို ငှားရမ်းခဲ့ပြီး ဖြစ်၏။ သူသည် လူများထပ်ရောက်လာသည့် အချိန်တွင်၊ ထပ်မံ၍ ငှားရမ်းရမလားဆိုသည်ကို တွေဝေတုံ့ဆိုင်းသွားခဲ့သည်။
အဝေးရှိ လူတော်တော်များများသည် စိတ်အားထက်သန်စွာဖြင့်၊ သူ့ကို ငေးကြည့်နေကြသည်။ သူတို့သည် ဂိုဏ်းငယ်လေးများနှင့် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်သည်။ သူ့ကြောင့်ပင်၊ သူတို့၏ လမ်းကြောင်းများ ပိတ်ဆို့သွားခဲ့သည်။
အဆုံးတွင် သူသည် အလံသုံးခုကို စိုက်ထူကာ၊ ထိုလူများ ကျင့်ကြံနေနိုင်မည့်၊ ဧရိယာတစ်ခုကို ဖန်တီးပေးလိုက်သည်။
လူတော်တော်များများသည် ကျေးဇူးတင်စိတ်များဖြင့်၊ ဦးညွတ်၍ အရိုအသေပေးလာကြသည်။
သူ့ဆီမှ ငှားရမ်းသွားသည့် လူများသည် အနည်းငယ် မကျေမနပ် ဖြစ်သွားကြသော်လည်း၊ ဘာမှထုတ်မပြောလာခဲ့ပေ။
လူတော်တော်များများက ၃၀%ကို မျှဝေသုံးစွဲနေပြီး၊ ဂိုဏ်းတစ်ဂိုဏ်းက ၁၀%ကို မျှဝေသုံးစွဲနေခြင်းမှာ လုံးကွဲပြားသော အကျိုးသက်ရောက်မှု ဖြစ်သည်။
လုချန်ရှန်းသည် သူကိုယ်တိုင်အတွက် တစ်ခုသာ ချန်ထားခဲ့သည်။
သို့ရာတွင်၊ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီးသည့်နောက်မှာပင်၊ ကျင်းယု ပြန်မရောက်လာခဲ့ပေ။ သူသည် အချိန်ကို အလဟာသ ဖြုန်းတီးမိနေသည်ဟု၊ ခံစားသွားရကာ၊ ယွမ်နယ်မြေမှ ထွက်သွားတော့၏။
ဤတစ်ကြိမ်တွင်မူ အကျိုးအမြတ် တော်တော်များများ ရရှိခဲ့သည်၊ တောင်းပန်မှုနှင့် လျော်ကြေးအတွက် ရှစ်သိန်းရခဲ့ပြီး၊ တိုက်ပွဲအလံများ ငှားရမ်းခြင်းအတွက်၊ ၁.၂သန်း ရရှိခဲ့သည်၊ ၎င်းက လစဥ်လတိုင်း ဖြစ်ပြီး၊ အမြတ်၂သန်း ရရှိခဲ့သည့် နောက်ထပ်နေ့ရက်တစ်ရက် ဖြစ်ခဲ့သည်။
ပထမဦးဆုံးအနေဖြင့် သူသည် ဝိညာဥ်ကျောက်တုံးများကို သွားယူရမည် ဖြစ်သည်၊ ထို့နောက်တွင် သူသည် သူက မည်သည့်အတွက်ကြောင့် အဆိုပါ ဝိညာဥ်ချီတို့အား စုပ်ယူ၍မရလဲဆိုသည်ကို စုံစမ်းမေးမြန်းရန်အတွက် တစ်စုံတစ်ဦးကို ရှာဖွေမည် ဖြစ်သည်၊ အကယ်၍ ၎င်းကို ဖြေရှင်းနိုင်ခဲ့မည်ဆိုပါက၊ သူသည် နောက်လများတွင် အလံများကို ထပ်မံ၍ ငှားရမ်းတော့မည် မဟုတ်ပေ။
အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက၊ သူသည် နှစ်လအတွင်းမှာပင်၊ အဆင့်၅သို့ ရောက်ရှိသွားကာ၊ ဝိညာဥ်ကျောက်တုံးများ ဆက်တိုက်ရရှိနေမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင်၊ သူအတွေးနက်သွားခဲ့၏ “ ဒုတိယအလွှာမှာ သွားစမ်းကြည့်သင့်လား “
……………………………………………………………………………………………………………………………………..
အပိုင်း ( 132 )
မင်းနာမည်က ဘာလဲ
လုချန်ရှန်းသည် ယဇ်ပုလ္လင်ဆီသို့ ပြန်ရောက်လာကာ၊ ယွမ်နယ်မြေမှ ထွက်သွားခဲ့သည်။
အပြင်တွင် စောင့်ဆိုင်းနေသည့် ရှောင်ဟေးသည်၊ လုချန်ရှန်း၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်ကို ရုတ်တရက် သတိပြုမိသွားကာ၊ ဤလူက အကျိုးအမြတ်များ ရိတ်သိမ်းခဲ့ကာ၊ ပြန်ရောက်လာတော့မည်ဆိုသည်ကို သိသွား၏။
အပြုံး၏ အလျားကို ကြည့်ခြင်းအားဖြင့်၊ ဤတစ်ကြိမ် ရိတ်သိမ်းမှုက အတော်ပင်ကြီးမားနေသည့်ပုံပင်။
“ မင်းပြန်ရောက်လာပြီပေါ့ “ ဟု ရှောင်ဟေးမှ မေးမြန်းလိုက်သည်။
“ အင်း “ လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်၏။
ရှောင်ဟေးမှ စကားထပ်ပြောလာခဲ့၏ “ ကြည့်ရတာတော့၊ မင်းက ဒီတစ်ခေါက်မှာ အကျိုးအမြတ် အတော်လေး ရခဲ့တဲ့ပုံပဲ “
“ အဆင်ပြေပါတယ်၊ နှစ်သန်းလောက်တော့ မြတ်ခဲ့တာပေါ့ “
“ နှစ်သန်းလား။ ဘာကြီးလဲ “
“ ဝိညာဥ်ကျောက်တုံးလေ “
“ ??? “ ရှောင်ဟေး မှင်သက်သွားကာ၊ အံ့ဩတကြီး မေးမြန်းလာတော့၏ “ မင်းက ယွမ်နယ်မြေထဲမှာ ဝိညာဥ်ကျောက် နှစ်သန်းရခဲ့တာပေါ့ “
“ ဟုတ်တယ်လေ “
“ မင်းက ဘယ်လိုလုပ်ခဲ့တာလဲ။ မင်းရဲ့ ဝိညာဥ်ကို ရောင်းစားလိုက်တာလား “
ရှောင်ဟေး စိတ်ရှုပ်ထွေးသွားခဲ့သည်၊ သူသည် လူတစ်ဦးက ယွမ်နယ်မြေတွင် ဝိညာဥ်ကျောက်တုံး အများအပြား ရရှိသွားသည်ကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ၊ သူက အဲ့တာတွေကို ဘယ်လိုပြန်ယူလာခဲ့တာလဲဟ။
လုချန်ရှန်းကမူ မတ်တပ်ထရပ်ကာ၊ အင်မော်တယ်ဂူအတွင်းမှ၊ ထွက်လာခဲ့ပြီး၊ ဂိုဏ်း၏ ဂိတ်တံခါးဝဆီသို့ ဦးတည်သွားတော့သည်။
အဝေးသို့ လျှောက်လာခဲ့ပြီးသည့်နောက်တွင်၊ သူသည် ရုပ်သေးကို ထုတ်လွှတ်ကာ၊ အပြာရောင်မြို့ဆီသို့ လွှတ်လိုက်သည်။
ထို့နောက်တွင် သူသည် ဂိုဏ်းသို့ ပြန်လာခဲ့ပြီး၊ ဂိုဏ်းတစ်ခုလုံးက ခါတိုင်းထပ် ပိုမိုတိတ်ဆိတ်ငြိမ်သက်နေသည်ကို သိရှိလိုက်ရ၏။
လူတော်တော်များများက ယွမ်နယ်မြေအတွင်းသို့ ဝင်သွားကြပြီ ဖြစ်ပြီး၊ အနားမှ ဖြတ်သွားသည့် လူတစ်ချို့ကမူ ယခင်ကဖြစ်ရပ်များအကြောင်းကို ဆွေးနွေးပြောဆိုနေကြ၏။
စိတ်ဝိညာဥ် အရှင်သခင်က ယွမ်နယ်မြေအတွင်းတွင်၊ အရှက်ခွဲခံခဲ့ရကာ၊ အသတ်ခံလိုက်ရပြီး၊ ယွမ်နယ်မြေအတွင်းမှ အလန့်တကြား ထွက်ပြေးလာခဲ့ရသည်ဟု၊ သူတို့က ပြောနေကြသည့် အချိန်တွင်၊ ရှောင်ဟေးသည် ဇဝေဇဝါ ဖြစ်သွားကာ၊ လုချန်ရှန်းကို အလိုအလျောက် တွေးမိသွားခဲ့သည်။
သို့ရာတွင် သူသည် လုချန်ရှန်းကပါ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်၊ သူ့ကို ဒီကောင်က မောင်းထုတ်လိုက်တာမဟုတ်ဘူးလားဟ
ဝိညာဥ်တောင်သို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ သူသည် ကျိုးချင်ယုက ယွမ်နယ်မြေသို့ ဝင်ရောက်သွားပြီဆိုသည်ကို မြင်တွေ့လိုက်ရ၏။
ယဲ့တျန်ရီကမူ တံခါးပိတ်ကျင့်ကြံနေကာ၊ အူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနေသည်ဟု ကောလဟာလများ ထွက်နေခဲ့၏။
ကူချန်ကျွင်းကိုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။
တောင်တစ်လုံးတွင် လုချန်ရှန်းတစ်ဦးတည်းသာ ကျန်နေခဲ့သည်။
“ ထူးဆန်းတယ်၊ လူတိုင်းက ယွမ်နယ်မြေကို သွားနေကြတာလား “
“ ယွမ်နယ်မြေ ပြန်ပွင့်လာတာဆိုတော့၊ လူတိုင်းက သွားကြမှာပေါ့ဟ။ မင်က အကျိုးအမြတ်တွေကို ကိုယ်တိုင် ခံစားခဲ့ရတယ် မဟုတ်ဘူးလား “
လုချန်ရှန်းသည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ တုံ့ပြန်လိုက်သည် “ ဘာမှကိုမရတာ “
“ ဘာမှမရဘူးလား။ ဘာတွေ ဖြစ်ခဲ့တာလဲ “
“ ငါလည်း မင်းကို အဲ့အကြောင်းမေးတော့မလို့၊ ငါက ယွမ်နယ်မြေထဲမှာရှိတဲ့ ဝိညာဥ်စွမ်းအင်ကို စုပ်ယူလို့ မရဘူး။ ငါဖျားနေတာများလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင်၊ ရှောင်ဟေး မှင်သက်သွား၏။ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ပေ။ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်၊ သူသည် ခေါင်းခါပြကာ၊ ပြန်ပြောလာခဲ့သည် “ ငါက ယွမ်နယ်မြေထဲကို မရောက်ဖူးဘူး၊ အဲ့တာကြောင့် မင်းက စီနီယာတစ်ချို့ကို သွားရှာသင့်တယ် “
ယွမ်နယ်မြေ ပိတ်သွားခြင်းက နှစ်ငါးရာ ကြာနေခဲ့ပြီ ဖြစ်ပြီး၊ ရှောင်ဟေး၏ အသက်မှာ နှစ်ငါးရာ မပြည့်သေးပေ၊ ထို့ကြောင့် သူသည် ထိုနေရာသို့ လုံးဝမရောက်ခဲ့ဖူးချေ။
လုချန်ရှန်း ကူရာကယ်ရာမဲ့သွားခဲ့သည်၊ အကယ်၍ သူကသာ ဝိညာဥ်ကျောက်တုံးများကို မရခဲ့ဘူးဆိုပါက၊ သူသည် ယခုတွင် စတင်၍ ကျိန်ဆဲနေပြီ ဖြစ်၏။
ရှောင်ဟေးကမူ ထပ်မံ၍ မမေးမြန်းလာခဲ့ပေ၊ သူသည် ဤလူက ကိုယ်ကျင့်တရား မရှိဘဲ၊ ကျင့်ဝတ်နှင့် မညီသည့် အလုပ်များကို၊ မစဥ်းစားဘဲ ပြုလုပ်မည်ဆိုသည်ကို သိနေခဲ့သည်။
သူသည် ထိုကဲ့သို့သော အခြေအနေများနှင့် ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် သူသည် ထပ်မံ၍ မေးမြန်းလိုက်သေးသည် “ ငါမင်းကို ဖြေရှင်းခိုင်းထားတဲ့ ကိစ္စကရော “
“ ဘာကိစ္စလဲ “
“ ငါ့မျိုးနွယ်စုကိုကူညီပြီး ဆက်သွယ်ပေးဖို့ ပြောထားတာလေ၊ မင်းမေ့သွားတာလား “
လုချန်ရှန်းမှ ပြန်ပြောလိုက်၏ “ မမေ့ပါဘူး။ သူတို့ကို ရှာဖို့အတွက် ကျင်းယုကို လွှတ်လိုက်ပြီ။ ရက်ပိုင်းအတွင်းမှာ တစ်ခုခု ထူးလာလိမ့်မယ်လို့ ထင်တယ် “
“ ဒေါင်းမျိုးနွယ်စုရဲ့ ကလေးကို လွှတ်လိုက်တာလား “
“ ငါ့မှာ အချိန်မရှိဘူးလေ။ ငါဘယ်လောက် အလုပ်များလဲဆိုတာကို မင်းလဲသိသားပဲ။ အခုပြန်လာတာကတောင် အချိန်ကို မနည်းညှစ်ထုတ်ထားရတာ၊ အဲ့တာကြောင့် သူ့ကို ခိုင်းထားတာ “ လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးသည် တဟားဟား ရယ်မောနေတော့သည်။ သူသည် လုချန်ရှန်းက အလုပ်များနေသည်ဆိုသည်ကို လုံးဝယုံကြည်နေခဲ့သည်၊ ဒီကောင်ကတော့ အင်အားစု အမျိုးမျိုးကို လုယက်နေတာပဲ
ရှောင်ဟေးက တိတ်ဆိတ်နေသည်ကို၊ မြင်လိုက်ရသောအခါတွင်၊ လုချန်ရှန်းမှ စကားထပ်ပြောလာခဲ့၏ “ စိတ်မပူပါနဲ့၊ ပြီးရင် ထပ်သွားဦးမှာပါ “
ရှောင်ဟေး ခေါင်းငြိမ့်ပြလာခဲ့သည်။
သို့ရာ၌ နောက်တစ်ရက်အကြာတွင်၊ ရှောင်ဟေးက လုချန်ရှန်းကို ထပ်မံ၍ တိုက်တွန်းနှိုးဆော်နေပြန်၏။
ထို့ကြောင့် လုချန်ရှန်းသည် ရွေးချယ်စရာ မရှိတော့ဘဲ၊ ယွမ်နယ်မြေသို့ ပြန်ဝင်သွားခဲ့ရသည်။ ရှောင်ဟေးမှန်းဆထားခဲ့သည့်အတိုင်းပင်၊ ကျင်းယုသည် သတင်းများ ယူဆောင်လာကာ၊ ပြန်ရောက်နေခဲ့ပြီ ဖြစ်ကာ၊ လုချန်ရှန်းကို နေရာအနှံ့ လိုက်ရှာနေခဲ့သည်။
လုချန်ရှန်းကို မြင်လိုက်ရသောအချိန်တွင်၊ သူပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်။
“ အစ်ကိုချင်း၊ နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပေါ့ “
“ အခြေအနေ ဘယ်လိုလဲ “ ဟု လုချန်ရှန်းမှ မေးမြန်းလိုက်၏။
ကျင်းယုသည် ခေါင်းငြိမ့်ကာ၊ ပြန်ဖြေလာခဲ့သည် “ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုနဲ့ ဆက်သွယ်ခဲ့ပြီးပါပြီ။ တော်တော်လေး ဖျောင်းဖျခဲ့ပြီးတဲ့နောက်မှာ၊ သူတို့က ဒီကိုလာဖို့ သဘောတူခဲ့ပါတယ် “
“ မင်းက ကောင်းကောင်းကြိုးစားခဲ့တာပဲ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
လုချန်ရှန်းမှ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ တိုက်ပွဲအလံတစ်ခု ပေါ်ထွက်လာကာ၊ တောင်ထိပ်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။
“ မင်းက ဒီနေရာမှာ ကျင့်ကြံလို့ရတယ် “
“ ကျေးဇူးတင်ပါတယ်၊ အစ်ကိုချင်း “
ကျင်းယု အပျော်လွန်သွားခဲ့သည်။ တိုက်ပွဲအလံတစ်ခုသာ ရှိနေခဲ့သော်လည်း၊ ၎င်းက ဝိညာဥ်ချီ ၁၀%ကို ကိုယ်စားပြုနေခဲ့၏။
၎င်းကို တစ်ဦးတည်း အသုံးပြုရခြင်းမှာ၊ ဂိုဏ်းကြီးများ ရရှိထားသည်ထပ်ပင် ပိုကောင်းနေခဲ့သည်။ သူသည် သူက မှန်ကန်သော/ထိုက်တန်သော လူတစ်ဦးနောက်သို့၊ လိုက်နိုင်ခဲ့သည်ဟု ခံစားသွားခဲ့ရသည်။ အကယ်၍ သူကသာ ထိုလူ့နောက်သို့ ဆက်လိုက်နေမည်ဆိုပါက၊ ၎င်းက ကောင်းကင်ဘုံပေါ်သို့ ခုန်တက်သွားခြင်းနှင့် မည်ကဲ့သို့ ကွာခြားနေတော့မည်နည်း။
လုချန်ရှန်းမှာလည်း ကျင်းယုပြောပြခဲ့သည့်၊ ချိန်းဆိုထားသော နေရာဆီသို့၊ ထွက်ခွာသွား၏။
သူသည် ထိုနေရာတွင်၊ အသက်နှစ်ဆယ့်ငါး(သို့) နှစ်ဆယ့်ခြောက် အရွယ်၊ မိန်းမပျိုတစ်ဦး မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူမသည် အနက်ရောင် ဂါဝတ်ကို ဝတ်ဆင်ထားကာ၊ လက်နှစ်ဖက်ကို ကျောနောက်ပို့ထားပြီး၊ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို ဆင်မြန်းထားခဲ့၏၊ သို့သော် သူမ၏မျက်လုံးများအတွင်းတွင်၊ အေးစက်စက် အလင်းတန်းတစ်ခု တည်ရှိနေခဲ့သည်။ လုချန်ရှန်းကို သတိပြုမိသွားသောအချိန်၌၊ သူမ၏မျက်နှာပေါ်တွင်၊ သတိတကြီး ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ကျွန်မတို့ကို ရှာနေတဲ့လူက ရှင်လား “ ဟု မိန်းမပျိုမှ မေးမြန်းလာခဲ့၏။
လုချန်ရှန်းမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဟုတ်တယ် “
“ ကျွန်မရဲ့ မျိုးနွယ်စုကို ပြောပြဖို့အတွက်၊ အရေးကြီးကိစ္စတစ်ခု ရှိတယ်လို့ ကျင်းယုကို သတင်းပို့ခိုင်းလိုက်တယ်ပေါ့၊ အဲ့တာက ဘာလဲ ” မိန်းမပျိုမှ ထပ်မံ၍ မေးမြန်းလာခဲ့သည်၊ သို့သော် သူမ၏လေသံမှာ မည်သို့မျှ ညင်သာမနေခဲ့ပေ။
သူမသည် ဤနေရာသို့ လာလိုစိတ်မရှိဘဲ၊ ကျင်းယုက အတော်လေး ကြိုးစားထားခဲ့ပုံရသည်။
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု အတွင်းရှိ၊ လူတိုင်းက ကျင်းယုကို အထင်သေးမနေခဲ့ပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ဤမိန်းမပျိုက ဤနေရာသို့ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။
လုချန်ရှန်းမှ တုံ့ပြန်လိုက်၏ “ တကယ်လို့ ငါမဟုတ်ပါဘူး။ မင်းတို့ကို တွေ့ချင်တဲ့ လူက ကောင်းကင်ဝါးမျိုငှက်တစ်ကောင်ပဲ။ သူကိုယ်တိုင် လူလုံးထွက်ပြဖို့ မသင့်တော်လို့၊ သူ့ရဲ့ မျိုးနွယ်စုဝင်တွေကို ရှာဖို့အတွက်၊ သူက ငါ့ကို တော်တော်လေးကို အသနားခံခဲ့တာ “
“ ကောင်းကင်ဝါးမျိုငှက်လား။ ဘယ်သူလဲ “ မိန်းမပျို မျက်မှောင်ကြုတ်သွားခဲ့သည်။
လုချန်ရှန်းသည် ထိုကဲ့သို့သော ကိစ္စများကို ဂရုစိုက်မနေဘဲ၊ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည် “ အဲ့တာက ရှောင်ဟေးလေ ”
“ ရှောင်ဟေးလား “
“ ဟုတ်တယ် “
မိန်းမပျိုသည် ပို၍ပင် မျက်မှောင်ကြုတ်သွားကာ၊ မေးခွန်းထုတ်လာခဲ့၏ “ ရှောင်ဟေးဆိုတာက ဘယ်သူလဲ “
“ ရှောင်ဟေးက ….. “ စကားလုံးများက ပါးစပ်ဝသို့ ရောက်လာခဲ့သော်လည်း၊ မည်သည့်အသံမှ မပေါ်ထွက်လာခဲ့ပေ၊ လုချန်ရှန်းသည် သူ၏ ပါးစပ်ကို အချိန်အတော်ကြာ၊ ဖွင့်ဟထားပြီး၊ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏ “ အို့၊ ရှောင်ဟေးနာမည်ကို ငါမေ့သွားတာပဲ “
“ ဟမ် “ မိန်းမပျိုမှ သူ့ကို ငေးကြည့်လာခဲ့သည်။
လုချန်ရှန်းသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သော်လည်း၊ မည်သို့မျှ မမှတ်မိခဲ့ပေ။ သူသည် ရှောင်ဟေးက သူ့ကိုယ်သူ မိတ်ဆက်ခဲ့သည်ဆိုသည်ကို ကောင်းစွာမှတ်မိနေခဲ့သည်၊ သို့သော် အမည်ကိုမူ သူမေ့သွားခဲ့ပြီ ဖြစ်သည်။
“ ငါ့ကို ခဏလောက် စောင့်ဦး “ ထို့နောက်တွင် သူသည် ယဇ်ပုလ္လင်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
မိန်းမပျိုသည် ကြောင်အမ်းအမ်း ဖြစ်သွားကာ၊ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
မကြာခင် အချိန်မှာပင်၊ လုချန်ရှန်းသည် သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာခဲ့၏။
သူပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင်၊ ရှောင်ဟေးသည် စိတ်အားထက်သန်စွာဖြင့်၊ မေးမြန်းလာခဲ့သည် “ ဘယ်လိုလဲ၊ သတင်းရပြီလား “
“ ရပြီ “ ဟု လုချန်ရှန်းမှ တုံ့ပြန်လိုက်၏။
ရှောင်ဟေးသည် စိတ်လှုပ်ရှားသွားကာ၊ အလောတကြီး ထပ်မေးလာတော့၏ “ အခြေအနေ ဘယ်လိုရှိလဲ “
“ ငါသူမနဲ့ တွေ့ခဲ့ဖူးတယ်၊ မိန်းမတစ်ယောက်ပဲ “
“ ပြီးတော့ရော ”
ထိုအချိန်တွင်၊ လုချန်ရှန်းသည် နှာခေါင်းကို ပွတ်ကာ၊ ပြန်ပြောလာခဲ့သည် “ အမ်၊ ရှောင်ဟေးရေ၊ မင်းနာမည်က ဘာလဲ၊ ထပ်ပြောပြပါဦး “
“ ဘာကိုဆိုလိုတာလဲ “ ရှောင်ဟေးသည် ဆိုးရွားသော ခံစားချက်တစ်ခုကို၊ ချက်ချင်းခံစားလိုက်ရ၏။
“ ဒီရက်ပိုင်းမှာ ငါက တော်တော်လေးကို အလုပ်များနေခဲ့တာလေ။ သူမက မင်းနာမည်ကို မေးခဲ့တယ်လေ၊ ငါက အလုပ်များနေခဲ့လို့၊ မင်းရဲ့နာမည်ကို မေ့သွားခဲ့တယ်လေ၊ အဲ့တာကြောင့် ……. “
“ ဆိုတော့ မင်းက ငါ့နာမည်ကို မေးဖို့အတွက် ပြန်လာခဲ့တာပေါ့ “
“ အဲ့လိုပါပဲ “
“ လုချန်ရှန်း ….. “
ရှောင်ဟေးသည် ထပ်မံ၍ ပေါက်ကွဲသွားခဲ့သည်။ သူသည် အချိန်အတော်ကြာ အတူတကွ ကုန်ဆုံးခဲ့ရသောကြောင့်၊ သူတို့က ရင်းနှီးနေပြီဟု ထင်နေခဲ့ဖူးသည်၊ သို့သော် ထိုအကောင်မှာ သူ၏အမည်ကိုပင် မမှတ်မိပေ၊ သူကသာလျှင် တစ်ဖက်သတ် ခင်မင်နေပုံရသည်။
လုချန်ရှန်းသည် သူ့ကို အလောတကြီး ချော့မော့လာခဲ့သည် “ စိတ်မလှုပ်ရှားပါနဲ့၊ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ငါက အလုပ်များနေခဲ့လို့ပါကွာ “
ရှောင်ဟေးသည် သူ့အရှေ့တွင် ရှိနေသည့်လူကို ကြည့်ကာ၊ တစ်ခဏခန့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ၊ စကားကို တစ်လုံးချင်းစီ ပြောလာခဲ့သည် “ ငါ ထပ်ပြောမယ်၊ ငါ့နာမည်က ယဲ့မီထျန်း “
“ ယဲ့မီထျန်း “ လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကာ၊ ချက်ချင်းချီးကျူးလာခဲ့သည် “ နာမည်ကောင်းတစ်ခုပဲ။ တကယ်ကို အရှိန်အဝါ ကြီးပြီးတော့၊ ဟိတ်ဟန်ကောင်းလွန်းတယ်။ ငါမေ့သွားတာက အံ့ဩစရာတော့ မဟုတ်ဘူး။ အဲ့တာက မင်းရဲ့ ပြဿနာလေ၊ ငါ့အမှား မဟုတ်ဘူး “
ရှောင်ဟေး : “ … “
သူ၏ စိတ်ခံစားချက်များ လှိုက်တက်လာခဲ့ပြီး၊ အတိတ်ဘဝမှ သူက မည်သည့်မကောင်းမှုမျိုးကို ပြုလုပ်ထားခဲ့သောကြောင့်၊ ယခုပစ္စုပ္ပန်တွင် ဤလူနှင့် လာတွေ့နေရလဲဆိုသည်ကို တွေးတောစဥ်းစားနေမိတော့သည်။
……………………………………………………………………………………………………………………………………