← Chapters

ထိုက်ဇူစစ်နတ်ဘုရား၏ အမွေအနှစ်

Vol. 6 Ch. 76

ထိုက်ဇူစစ်နတ်ဘုရား၏ အမွေအနှစ်

Vol. 6 Ch. 76

[ATY author team မှ မေတ္တာရပ်ခံချက် စာဖတ်သူ မိတ်ဆွေတို့ ခင်ဗျာ .. ဘာသာပြန်စာရေးဆရာ အသစ်ပြောင်းသွားပါသဖြင့်

အရင် အပိုင်းတွေမှ အမည်နာမတွေနဲ့ နေရာဒေသ အခေါ်အဝေါ်တွေက်ုိ ပြောင်းလဲ သုံးနှုန်း ထားပါတယ်။ အောက်ပါအတိုင်း အခေါ်အဝေါ်များကို ပြင်ဆင်ထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီပြင်ဆင်ချက် အတိုင်း ဖတ်ရှုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

အမှားပြင်ဆင်ချက်

၁။ ဇာတ်ကောင် အမည်များ

လီလောချမ် အစား လီရော့ချန်

ဖေးလော့ချင် အစား ဖေးလော့ချန်

အန်းမူယာ အစား အန်းမူယောင်

နင်ဟုန်ယု အစား နင်ဟုန်ယွီ

ယုဟွမ်းချွမ် အစား ယွီဟန်ချွမ်း

လီချန်ရှ (ချန်ဂုံတန်) အစား လီချန်ရှု (ချန်ဂိုတန်)

၂။ နေရာဒေသ နှင့် နယ်မြေများ

ဒါယန်း အစား တာ့ယန်

စန်းလန် နယ်မြေ အစား ချန်းလန်နယ်မြေ

အရှေ့ပိုင်း ယိုနယ်မြေ အစား အရှေ့ပိုင်း ယူနယ်မြေ

အမှတ် (၁၂) ဂူနန်း အစား အမှတ် (၁၂)

ဂူစံအိမ်

၃။ ဘွဲ့အမည် နှင့် ရာထူးများ

လင်းယွဲ့ ယိုဘုရင် အစား လင်းယွဲ့ ယူဘုရင်

၄။ ကျင့်ကြံခြင်းနှင့်ပတ်သက်သော

အသုံးအနှုန်းများ

ဧရာမ ဝိညာဉ်ကူကောင် အစား ဘီလူးဝိညာဉ်ကူကောင်

ခွန်းလွန် လေဟာနယ် နဂါးသွေးကြော

အစား ခွန်လွန် ဟင်းလင်းပြင် နဂါးသွေးကြော။

ယခင်ဘာသာပြန်ဆိုခဲ့သော အပိုင်းများတွင် အဆိပ်ပိုးကောင်

(Gu - 蛊) အား 'ဂူ' ဟု ရေးခဲ့သည်ကို 'ကူ' ဟုသာ စံသတ်မှတ်ပြီး အတည်ပြု ပြင်ဆင်ရေးသားသွားပါမယ်... ရှေ့ပိုင်းက အသုံးအနှုန်းတွေကိုလည်း 'ကူ' လို့ပဲ ပြောင်းလဲနားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ]

ရွှေရောင်နဂါးငယ်လေးသည် လီယွမ်၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားလေ၏။ အပြင်ဘက်ရှိ ဖုန်းရှန်းတောင်ထွတ် ယဇ်ပူဇော်ပွဲကြီးနှင့် ရှုပ်ထွေးနေသော အခြေအနေများကြောင့် သူ၏ သိမ်မွေ့လှသော လှုပ်ရှားမှုလေးကိုပင် မည်သူမျှ သတိမပြုမိခဲ့ကြချေ။

ထိုအခိုက်အတန့်၌ လီယွမ်၏ အသိစိတ်ပင်လယ်ထဲတွင် သေးငယ်သော နဂါးဥလေး (၄) လုံး ရုပ်လုံးပေါ်လာတော့သည်။

‘ဒါက စိတ်စွမ်းအားကတစ်ဆင့် ချန်ထားခဲ့တဲ့ အမွေအနှစ်လား’

‘စစ်နတ်ဘုရားရဲ့ စိတ်ဆန္ဒလို့ ခေါ်ရလောက်အောင်ပဲ... သူချန်ထားခဲ့တဲ့ နောက်ကွယ်က အစီအစဉ်တွေက ကူအင်မော်တယ်တွေရဲ့ စိတ်ဆန္ဒထက်တောင် မလျော့ကျတဲ့အပြင် ပိုပြီးတော့တောင် ပြည့်စုံနေသေးတယ်’

ကူအင်မော်တယ် လျှို့ဝှက်နယ်မြေနှင့် ယှဉ်ကြည့်မည် ဆိုပါက စစ်နတ်ဘုရား၏ ရတနာသိုက်ထဲတွင် စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်သော အံ့မခန်းအရာများ ရှိနေမည်မှာ ယုံမှားဖွယ် မရှိပေ။ ထိုအရာများသည် နောင်လာနောက်သားများ လာရောက်ယူဆောင်မည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ ဤအမွေအနှစ်များက တာ့ယန်မင်းဆက်အတွက် နောက်ထပ် ဘုန်းကျက်သရေတောက်ပသော ခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပေသည်။

ယခုအခါ လီယွမ်သည် သူ၏ အသိစိတ်ပင်လယ်ထဲတွင် ပုံရိပ်ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်ပြီး ပထမဆုံး နဂါးဥလေးကို လှမ်း၍ ထိတွေ့လိုက်၏။ ချက်ချင်းဆိုသလိုပင် ရွှေရောင်နဂါးဥလေးမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သန်သန်စွမ်းစွမ်း ဝတ်ရုံကြီးနှင့် ခန့်ညားလှသော ပုံရိပ်ကြီးတစ်ခုအဖြစ် စုစည်းသွားတော့၏။

‘ထိုက်ဇူဧကရာဇ်ပဲ’

သူတို့နှစ်ဦးသည် တစ်ခါမျှ မဆုံဖူးခဲ့ကြသလို နှစ်ပေါင်းတစ်ထောင်မျှ ကွာဟနေခဲ့သော်ငြားလည်း သွေးသားဆက်နွှယ်မှုနှင့် ချီစွမ်းအင်၏ လွှမ်းမိုးမှုက ဤခန့်ညားထည်ဝါလှသော ပုဂ္ဂိုလ်ကြီး၏ မည်သူမည်ဝါဖြစ်ကြောင်းကို အထင်အရှား သက်သေပြနေသည်။

အကြင်သူကား တာ့ယန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ။ ပထမဆုံး ဧကရာဇ်မင်းမြတ်။ ထျန်းယွမ်တိုက်ကြီး၏ နောက်ဆုံးသော စစ်နတ်ဘုရားပင် ဖြစ်ချေသည်။

"ငါ့ရဲ့ အထီးကျန်မျိုးဆက်လေး..."

"မင်း ငါ့ကို မြင်တွေ့ရတဲ့အချိန်ဆိုရင် တာ့ယန်အင်ပါယာကြီးက အန္တရာယ်တွင်းထဲကို ကျရောက်နေလောက်ပြီပေါ့ မင်းရဲ့ ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ လမ်းပြပေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီအမှာစကားကို ငါချန်ရစ်ခဲ့တာပဲ"

လွင့်မျောနေသော အသံက လီယွမ်၏ အသိစိတ်ပင်လယ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"မျိုးဆက်သစ်အနေနဲ့ ရင်ထဲမှာ အမြဲမှတ်သားထားပါ့မယ်"

လီယွမ်က ခေါင်းငုံ့ကာ အရိုအသေပေးလိုက်လေ၏။

"အတိတ်ကာလတုန်းက ငါဟာ သုံးပေရှည်တဲ့ ဓားတစ်လက်ကို ကိုင်ဆောင်ထားတဲ့ သာမန်စစ်သည်တော် တစ်ယောက်ပါပဲ.. ဆူးငြောင့်ခလုတ်တွေကို ဖြတ်ကျော်တိုက်ခိုက်ရင်းနဲ့ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးထဲမှာ ငါထမြောက်လာခဲ့တယ်.. တိုက်ပွဲပေါင်း ရာချီဆင်နွှဲပြီးနောက်မှာ နတ်ဆိုးတွေ၊ မိစ္ဆာတွေကို သုတ်သင်နိုင်ခဲ့တယ်.. နောက်ဆုံးတော့ လောကကြီးကို တည်ငြိမ်စေခဲ့ပြီး ထီးနန်းစည်းစိမ်ကို တက်လှမ်းနိုင်ခဲ့တယ်"

"အဲဒီအချိန်တုန်းက တာ့ယန်ရဲ့ သိုင်းပညာရှင်တွေဟာ မရေမတွက်နိုင်အောင် များပြားခဲ့ပြီး အစွမ်းထက်တဲ့သူတွေ အဆက်မပြတ် ပေါ်ထွက်လာခဲ့ကြတယ်.. နိုင်ငံအသီးသီးက လာရောက်ခစားကြပြီး ဘုန်းကျက်သရေတွေက အဆုံးအစမရှိ တောက်ပခဲ့တယ်"

"ဒါပေမဲ့ ထျန်းယွမ်တိုက်ကြီးမှာ ရေတွက်လို့မရနိုင်တဲ့ အပြောင်းအလဲတွေနဲ့ အကျပ်အတည်းတွေ ရှိနေတယ်ဆိုတာ ငါသိခဲ့တယ်.. အဲဒါတွေက ငါတို့အပေါ် ဖိကျလာမယ့် ချောက်နက်ကြီးတစ်ခုလိုပဲ.. ဘယ်သူမှ ထာဝရ မကြီးပွားနိုင်သလို နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းနိုင်တဲ့ အရာဆိုတာလည်း မရှိပါဘူး"

စစ်နတ်ဘုရားဟူသော အဆင့်အတန်းသို့ ရောက်ရှိသွားသူများက ဤလောကတွင် ထာဝရရှင်သန်ခြင်းဆိုသည်မှာ မရှိကြောင်း အခိုင်အမာ ယုံကြည်ထားကြ၏။ လီယွမ်၏ ရင်ထဲတွင် လေးလံသွားသော်လည်း အာရုံစူးစိုက်ကာ ဆက်လက်နားထောင်နေလိုက်၏။

"အဓိက ကျင့်စဉ်ကြီးသုံးခုနဲ့ စစ်နတ်ဘုရား ရတနာသိုက် ဆိုပြီး အမွေအနှစ် လေးခုကို ငါချန်ထားရစ်ခဲ့တယ်"

"ပထမအမွေအနှစ်ကတော့ ကောင်းကင်တုန်ခါနတ်လက်သီးပဲ"

"ဒီလက်သီးသိုင်းကို ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးထဲမှာ ငါ သဘောပေါက် နားလည်ခဲ့တာပဲ.. လက်သီးတစ်ချက် ထိုးသွင်းလိုက်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ဆွဲယူနိုင်ပြီး ကြယ်တွေကြွေကျသလို တောင်တန်းတွေ ပြိုကျသလို စွမ်းအားမျိုး ထွက်ပေါ်လာစေတယ်.. လက်သီးစွမ်းအားက အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ ရန်သူအားလုံးကို ဖိနှိပ် သုတ်သင်နိုင်စွမ်း ရှိတယ်"

"ဒီကျင့်စဉ်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့ဆိုရင် မယိမ်းယိုင်တဲ့ စိတ်ဓာတ်ခွန်အား အညံ့မခံတဲ့ ရဲစွမ်းသတ္တိတွေ ရှိဖို့ လိုအပ်သလို သွေးသားနဲ့ စိတ်ဆန္ဒရဲ့ ခွန်အားတွေကိုလည်း ထုတ်ယူသုံးစွဲနိုင်ဖို့ လိုတယ်"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် အသိစိတ်ပင်လယ်အတွင်းရှိ ခန့်ညားလှသော ပုံရိပ်ကြီးက သူ၏ လက်သီးသိုင်းကွက်များကို စတင် လေ့ကျင့်ပြတော့၏။

လီယွမ်မှာ ငေးရင်း လုံးဝ နစ်မြောသွားသည်။ အဆင့်သတ်မှတ်ချက်အရဆိုလျှင် အလွန်အစွမ်းထက်လှပေသည်။ သို့သော် သူကိုယ်တိုင် လိုက်ပါလေ့ကျင့်ကြည့်သောအခါ ကွာဟချက်က ကြီးမားလွန်းလှပြီး ကောင်းကင်နတ်ဘုရားစွမ်းအင်၏ အစွန်းအစလေးကိုမျှ ထုတ်ဖော်နိုင်ခြင်း မရှိကြောင်း တွေ့လိုက်ရ၏။

‘ဒီလက်သီးသိုင်းက ငါ့ရဲ့ ပုံမှန်အခြေအနေနဲ့ မကိုက်ညီဘူး.. ဒါပေမဲ့ ဘီလူး ဝိညာဉ်ကူကောင် ပူးကပ်ထားတဲ့အချိန်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုဖြစ်သွားလိမ့်မယ်.. ငါ့ခွန်အားရဲ့ လစ်ဟာမှုတွေကို ဖြည့်ဆည်းပေးနိုင်မှာပဲ’

လီယွမ်က အတွေးနက်နေသည်။

အတန်ကြာပြီးနောက် ထိုက်ဇူဧကရာဇ်၏ ပုံရိပ်ယောင်က သိုင်းကွက်များကို ပြသမှု့ပြီးဆုံးသွားသည်။ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သူ၏စိတ်အာရုံများက လွန်စွာ ချောမွေ့နေကြောင်း လီယွမ် ခံစားလိုက်ရ၏။ သိုင်းပညာ ဗဟုသုတများက သူ၏ ဦးနှောက်ထဲသို့ ရေစီးကြောင်းပမာ အလွယ်တကူ စီးဝင်သွားခဲ့လေပြီ။ ကျန်ရစ်ခဲ့သည်မှာကား အထီးကျန်ဆန်ခြင်းတစ်ခုသာ။

‘သိုင်းပညာက ငါနဲ့ တကယ် မသင့်တော်တာလား... ဒါမှမဟုတ် ငါ့ရဲ့ ဘိုးဘေးသွေးမျိုးဆက်က ငါနဲ့ အပြည့်အဝ မပေါင်းစပ်ရသေးလို့ မွေးရာပါ စွမ်းရည်တွေကို မနှိုးဆွနိုင်သေးတာများလား’

ထို့နောက် သူက ဒုတိယမြောက် နဂါးဥလေးဆီသို့ သွားကာ သူ၏ စွမ်းအင်များကို လောင်းထည့်လိုက်၏။ ခန့်ညားလှသော ပုံရိပ်ယောင်ကြီးက ထပ်မံ ပေါ်ထွက်လာပြန်၏။

"ဒုတိယ အမွေအနှစ်... အသင်္ချေဓားသိုင်း"

"ဒီဓားသိုင်းက လူသားမျိုးနွယ်စုရဲ့ နယ်စပ်မှာ နတ်ဆိုးတွေနဲ့ (၈၁) ရက်တိုင်တိုင် တိုက်ခိုက်ပြီးနောက် ကောင်းကင်နဲ့ မြေကြီးရဲ့ မြောက်မြားစွာသော ဖြစ်စဉ်တွေကို နားလည်သဘောပေါက်ပြီး ဓားစိတ်ဆန္ဒ မျိုးစုံနဲ့ ပေါင်းစပ်ဖန်တီးထားတာပဲ"

"ဓားကို ဆွဲထုတ်လိုက်တဲ့အခါ မိုးကြိုးလို အစွမ်းထက်နိုင်သလို လေပြေလေးလိုလည်း နူးညံ့နိုင်တယ်.. သမုဒ္ဒရာကြီးလို ဒေါသတကြီး သောင်းကျန်းနိုင်သလို ငရဲပြည်က သရဲတစ္ဆေတွေလိုလည်း ညည်းတွားနိုင်တယ်.. ဓားကွက်တွေက အမြဲတမ်း ပြောင်းလဲနေတာပဲ"

"ဒီဓားသိုင်းကို ကျင့်ကြံဖို့အတွက် ကြည်လင်အေးချမ်းတဲ့ စိတ်နှလုံး ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို နားလည်နိုင်စွမ်း လောကကြီးက အရာရာကို လေ့လာစောင့်ကြည့်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့ စိတ်နှလုံးနဲ့ အတွေးတွေအတိုင်း လှုပ်ရှားနိုင်စွမ်းတွေ လိုအပ်တယ်"

စကားအဆုံးတွင် ထိုက်ဇူဧကရာဇ်၏ ပုံရိပ်ယောင်က ထပ်မံ လှုပ်ရှားလာပြန်သည်။

ကောင်းကင်တုန်ခါနတ်လက်သီးနှင့် ယှဉ်လျှင် အသင်္ချေဓားသိုင်းက ပို၍ နက်နဲပြီး နားလည်ရန် ခက်ခဲလွန်းလှသည်။ လီယွမ်သည် ဓားတစ်လက်ကိုမျှပင် မကိုင်တွယ်ဖူးသူဖြစ်ရာ တစ်ခေါက်လောက် ကြည့်ရုံဖြင့် နားလည်နိုင်ခြင်း မရှိပေ။

‘ဒါက’

‘ငါ့ခေါင်းတွေတောင် ယားလာသလိုပဲ’

ကောင်းသောအရာဆိုသည်မှာ အလောတကြီး လုပ်၍မရဘဲ တဖြည်းဖြည်းချင်း လေ့ကျင့်ရန် လိုအပ်ကြောင်းကိုလည်း လီယွမ် ကောင်းစွာ သိထားသည်။ ထို့နောက် တတိယမြောက် နဂါးဥလေးကို သူ နှိုးဆွလိုက်လေ၏။

"တတိယ အမွေအနှစ်... ချီယွမ်ကောင်းကင်နဂါးနည်းစနစ်"

"ဒီနည်းစနစ်ကို အမြင့်မြတ်ဆုံး အုပ်စိုးသူဖြစ်တဲ့ ငါကိုယ်တိုင် ပေါင်းစပ်ရာမှာ အသုံးပြုခဲ့တာပဲ"

တာ့ယန်ပြည်ထောင်ကို ခွန်လွန်တောင်ကြားရှိ နဂါးသွေးကြောမှ မရေမတွက်နိုင်သော ပြည်သူများ၏ စွမ်းအားဖြင့် ဖန်တီးတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

"ဒီကျင့်စဉ်စနစ်က မင်းဆက်ရဲ့ ကံကြမ္မာတွေကို စုစည်းပေးနိုင်တယ်..."

ကောင်းကင်နဂါး၏ စောင့်ရှောက်မှုကဲ့သို့သော ကံကြမ္မာက ကောင်းကင်နှင့် မြေကြီးထံမှ ကောင်းချီးမင်္ဂလာများကို ပေးသနားသည်။ ဤပညာရပ်၏ အနှစ်သာရကို အမှန်တကယ် ဆုပ်ကိုင်နိုင်ရန်အတွက် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်သော စိတ်နှလုံးနှင့် သက်ရှိအားလုံးအပေါ် ကြင်နာစာနာတတ်သော စိတ်ထားမျိုး လိုအပ်ပေသည်။

လီယွမ်က ဤစွမ်းရည်ကို လုံးဝ လစ်လျူရှုလိုက်တော့သည်။ ၎င်းက ယခုအချိန်တွင် သူ ကျင့်ကြံနိုင်သော အရာမျိုး လုံးဝ မဟုတ်ပေ။ ထို့နောက် စတုတ္ထမြောက် နဂါးဥလေးဆီသို့ ရောက်သွားသော်လည်း ၎င်းကို နှိုးဆွ၍ မရကြောင်း တွေ့လိုက်ရ၏။ ထိုနဂါးဥလေးတွင် စွမ်းအားသုံးမျိုးကို ကိုယ်စားပြုသည့် အစင်းကြောင်း သုံးခု ရှိနေသည်။

ဒါက အမွေအနှစ် တံခါးပေါက် သုံးခုစလုံးကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံပြီးမှသာ ၎င်းကို နှိုးဆွနိုင်မည်ဖြစ်ကြောင်း အသိပေးနေခြင်းပင်။ စစ်နတ်ဘုရား ရတနာသိုက်ဆိုသည်မှာ လောကရှိ အင်အားကြီးသူတိုင်း လိုချင်တပ်မက်ကြသည့် အရာဖြစ်သည်။ ၎င်းကို အဆင်အခြင်မဲ့ ဖွင့်လိုက်ခြင်းက အခြားသူများကို အကျိုးအမြတ် ရသွားစေရုံသာ ရှိပေမည်။ ထိုက်ဇူဧကရာဇ်က ဤသို့ ကန့်သတ်ချက်များ ထားရှိခဲ့ခြင်းမှာလည်း သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေ၍ပင် ဖြစ်တော့သည်။

"ထိုက်ဇူဧကရာဇ်... မျိုးဆက်သစ် လီယွမ်အနေနဲ့ အရှင်မင်းမြတ်ရဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ပါ့မယ်"

လီယွမ်က ခန့်ညားထည်ဝါသော ပုံရိပ်ကြီးအား အလွန်ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။

"ငါ ချန်ရစ်ခဲ့တဲ့ အရာတွေက တာ့ယန်ရဲ့ သက်တမ်းကို နောက်ထပ် မျိုးဆက်တစ်ဆက်စာ သက်တမ်းရှည်စေနိုင်တယ်.. တာ့ယန်ကို မျိုးဆက်ပေါင်း သောင်းချီတဲ့အထိ တည်တံ့စေချင်တယ်ဆိုရင်တော့ နောင်လာနောက်သားတွေက ပိုပြီး ကြိုးစားအားထုတ်ကြရလိမ့်မယ်"

တိုးညင်းသော သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပထမဆုံးဧကရာဇ်၏ ပုံရိပ်ယောင်မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။

လီယွမ်မှာ တစ်ခဏမျှ ငြိမ်သက်သွားသည်။ တစ်စုံတစ်ခုကို ရရှိလိုက်သလို ခံစားရသော်လည်း ဘာတစ်ခုမှ ကျန်ရစ်မနေခဲ့သလိုမျိုးလည်း ထင်မှတ်ရ၏။ စစ်နတ်ဘုရားတွင် ထူးကဲသော စွမ်းရည်များ ရှိနေပြီး နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ကြိုတင်ကြံစည်ခဲ့လျှင်ပင် သူ ချန်ရစ်နိုင်ခဲ့သည်မှာ ဤမျှသာ ဖြစ်သည်။ နောက်ဆုံးတွင်တော့ နောင်လာနောက်သားများ၏ စွမ်းဆောင်ရည်အပေါ်၌သာ ပို၍ မူတည်နေတော့သည်။

“ဝုန်း”

ထိုအခိုက်အတန့်၌ ကျယ်လောင်လှသော မြည်ဟိန်းသံက အသိစိတ်ပင်လယ်ကမ္ဘာထဲမှ လီယွမ်ကို လန့်ဖျတ်သွားစေပြီး သူ၏ အတွေးများကို လက်တွေ့ကမ္ဘာဆီသို့ ပြန်လည်ရောက်ရှိလာစေတော့၏။ သူသည် ကောင်းကင်သို့ မော့ကြည့်လိုက်မိသည်။

ထိုနေရာတွင် အဌမအဆင့် နတ်ဆိုးသူတော်စင် အများအပြားနှင့် ညဇီးကွက်အစောင့်တပ်တို့ သည်းကြီးမည်းကြီး တိုက်ခိုက်နေကြ၏။ တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် ကောင်းကင်စင်မြင့်ပေါ်ရှိ ကံကြမ္မာတိုင်ကြီး ပြိုကျသွားပြီး လက်သည်း ငါးချောင်းပါ ရွှေနဂါးပုံရိပ်ကြီးမှာလည်း နောက်ဆုံးတွင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေရာ ဤအခမ်းအနားကြီး၏ နိဂုံးချုပ်ချိန် နီးကပ်လာပြီဖြစ်ကြောင်း အချက်ပြနေတော့သည်။

“ဟူး”

လီယွမ် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ၏ တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် မျက်နှာတစ်ထောင်ကူကောင်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။

‘ညဇီးကွက်ဘုရင်ကြောင့် ဖုန်းရှန်းတောင်ထွတ် ယဇ်ပူဇော်ပွဲကြီးက ပျက်စီးသွားပြီဆိုတော့ တော်ဝင်သမားတော်ရဲ့ မြေးလေးလည်း သေစရာ မလိုတော့ဘူးပေါ့’

‘သူက ညဇီးကွက်ဘုရင် ငါ့ကိုရှာတွေ့နိုင်မယ့် တစ်ခုတည်းသော သဲလွန်စပဲ.. ညဇီးကွက်ဘုရင်က သူ့လက်မောင်းကို သူပြန်ဖြတ်လောက်တဲ့အထိတော့ မမိုက်မဲလောက်ပါဘူး’

‘တစ်နေ့နေ့မှာ ပြန်ဆုံတွေ့ကြတာပေါ့’

ရင်ထဲရှိ အဖုအထစ်များ ပြေလည်သွားခဲ့ပြီဖြစ်ရာ ဤခရီးစဉ်က အပြစ်အနာအဆာကင်းစွာ ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ ဒါက လီယွမ် လုပ်နိုင်သမျှ အရာအားလုံးပင်။ တော်ဝင်သမားတော်၏ မြေးလေးနှင့် သူ၏ အဒေါ်ဖြစ်သူတို့နှင့် ပြန်လည်ဆုံတွေ့ရန် ရှေ့သို့ အလောတကြီး ထွက်သွားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေရာကျမည့် လုပ်ရပ်ဖြစ်ပြီး သူ လုံးဝ မလုပ်ရဲပေ။

"ဓားနတ်သမီး... သွားကြစို့"

ညဇီးကွက်ဘုရင်က ထိုနယ်မြေကို ပိတ်ဆို့ပြီး လူတိုင်းကို အသေးစိတ် စစ်ဆေးရန် အမိန့်ပေးလာမည်ကို စိုးရိမ်သောကြောင့် သူက ပင်မတပ်ဖွဲ့နှင့် ပြန်လည်ပူးပေါင်းရန် စိတ်ကူးမရှိတော့ပေ။

မည်မျှပင် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်စေကာမူ ညဇီးကွက်ဘုရင်နှင့် တိုက်ရိုက် ထိတွေ့ပြီးနောက်ပိုင်း လူတိုင်းကို ဆက်လက် လှည့်စားနိုင်မည်ဟု လီယွမ် အာမမခံနိုင်တော့ချေ။

"ဝူမေ့... လမ်းရှင်းဖို့အတွက် ဆင်နတ်ဆိုးရုပ်အလောင်းကို မင်း ထိန်းချုပ်လိုက်တော့"

ဖုန်းရှန်းတောင်ထွတ် ယဇ်ပူဇော်ပွဲကြီးက ရပ်တန့်သွားခဲ့လေပြီ။ ကြာနက်နတ်ဆိုးဧကရာဇ်မှာ ကျေနပ်အားရသွားပြီး နတ်ဆိုးများအားလုံးကို ဦးဆောင်ကာ ပြန်လည်ဆုတ်ခွာသွားသည်။ ညဇီးကွက်ဘုရင်သည်လည်း ခွန်လွန်တောင်ကြားသို့ ပြန်သွားတော့၏။

နင်ဟုန်ယွီနှင့် လီရော့ချန်တို့က ဆင်နတ်ဆိုးကို လိုက်လံဖမ်းဆီးရန် လီယွမ် ထွက်သွားသော လမ်းကြောင်းအတိုင်း လိုက်လာကြစဉ် အင်အားစုအားလုံးက ခွန်လွန်ဟင်းလင်းပြင်ထဲတွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ နောက်ဆုံးတွင်တော့ ကပျာကယာ ရေးသားထားသော စာတစ်စောင်ကိုသာ ရှာဖွေတွေ့ရှိလိုက်ရတော့သည်။

"စီနီယာအစ်မကြီး... ဆင်နတ်ဆိုးရဲ့ ရုပ်အလောင်းထဲက ရတနာသိုက်ကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ.. ဆေးဖော်စပ်တဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့အတွက် သန့်စင်ဖို့ လိုအပ်နေလို့ပါ.. ကျွန်တော်..အမှတ် (၁၂) ဂူစံအိမ်ကို အခုပဲ ပြန်သွားတော့မယ်.. နောက်မှ ပြန်တွေ့ကြတာပေါ့”

All Chapters