အခန်း (၁၇၃၂-၁၇၃၄)
Vol. 116 Ch. 1732-1734
အခန်း (၁၇၃၂)
တွက်ကိန်းများ
လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ အဖွဲ့အစည်းများမှ တပည့်များ မြောက်မြားစွာ သေဆုံးသွားခြင်းမှာ ပတ်ဝန်းကျင်ရှိ သွေးအငွေ့အသက်များကို ပို၍ပြင်းထန်လာစေသည်သာမက လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းအားကိုလည်း တစ်စုံတစ်ရာအထိ ဆုတ်ယုတ်သွားစေ၏။
အဆိုပါ ဂိုဏ်းများမှာ အစကတည်းကပင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံများသာ ဖြစ်ကြရာ များသောအားဖြင့် ဘက်ပြောင်း လွယ်ကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ ရှုံးနိမ့်မည့် အရိပ်အယောင် မပြပါက နန်းတော်၏ နောက်ကိုသာ ဆက်လက် လိုက်ပါရန် ရွေးချယ်ကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေ သွေးလင်းယုန်ခန်းမသည် မိစ္ဆာလမ်းစဉ်သို့ လျှောက်လှမ်းနေသည့် အဖွဲ့အစည်း ဖြစ်သဖြင့် ဖြောင့်မတ်သော အဖွဲ့အစည်းများသည် ထိုကဲ့သို့သော မိစ္ဆာအင်အားစုနှင့် ပူးပေါင်းရန် ဝန်လေးတတ်ကြတာ ဓမ္မတာပင် ဖြစ်သည်။
မိစ္ဆာအင်အားစု အစစ်ဖြစ်သည့် သွေးလင်းယုန်ခန်းမသည် တစ်နေ့နေ့တွင် အင်အားကြီး အဖွဲ့အစည်းများ၏ အမြစ်ပြတ် ချေမှုန်းခြင်းကို ခံရနိုင်ခြေ ရှိနေသည်။
ယခု လက်အောက်ခံ အဖွဲ့အစည်းများမှ တပည့်များ အစုလိုက်အပြုံလိုက် သေဆုံးနေရခြင်းမှာ ၎င်းတို့၏ စွမ်းအားကို အဆမတန် ဆုတ်ယုတ်စေရုံသာမက လျှို့ဝှက်လဝန်းနန်းတော်၏ စွမ်းဆောင်ရည်ကိုပါ တိုက်ရိုက် လျော့ကျစေသည့် သဘောပင် ဖြစ်၏။
အခြား အရေးကြီးသော အချက်တစ်ချက်မှာ လျှို့ဝှက်လဝန်းနန်းတော်ကိုယ်တိုင်ကတော့ နောက်ကွယ်တွင် နေကာ လက်အောက်ခံဂိုဏ်းများကိုသာ ရှေ့တန်းမှ အသေခံခိုင်းနေခြင်း ဖြစ်၏။ ၎င်းက အဆိုပါဂိုဏ်းများအတွင်း မကျေနပ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။
ဂိုဏ်းခေါင်းဆောင်များက ထုတ်ဖော် မပြောဆိုကြသော်လည်း တပည့်များ၏ စိတ်ထဲတွင်တော့ နာကျည်းမှုများ ကိန်းအောင်းနေကြပေလိမ့်မည်။
ဤသို့ဖြင့် အဆိုပါ လက်အောက်ခံ အင်အားစုများ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သွားနိုင်သည့် အခွင့်အရေးမှာ ပို၍ များပြားလာခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် ဝိညာဉ်ကြွေ နတ်ဘုရင်ခံက
“ကောင်းကင်သတ် နတ်ဘုရင်ခံ ပြောတာ မှန်တယ်။ ဒါက ကျုပ်တို့အတွက် တကယ့်ကို ကောင်းတဲ့အချက်ပဲ။ အခုဆို ကျောက်စိမ်းနဂါးဂိုဏ်း အနီးက သွေးအငွေ့အသက်တွေက သွေးလင်းယုန်ခန်းမ နယ်မြေထဲ ရောက်နေသလိုမျိုးတောင် ထင်ရလောက်အောင် ထူထပ်နေပြီ။ ဒီလို သိပ်သည်းတဲ့ သွေးအငွေ့အသက်တွေက ကျုပ်တို့ သွေးလင်းယုန်ခန်းမရဲ့ တပည့်တွေအတွက် ကျင့်စဉ်အဆင့် တက်ဖို့ ပိုပြီး အထောက်အကူ ဖြစ်စေမှာပဲ။”
ကောင်းကင်သတ် နတ်ဘုရင်ခံက ကျောက်စိမ်းလိပ်တစ်ခုကို ထုတ်ယူလိုက်ကာ
“ဒါက ကျုပ် အစောပိုင်းက ရထားတဲ့ သတင်းပဲ”
သူ၏ စကားအဆုံးတွင် ကျောက်စိမ်းလိပ်မှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး အတွင်းရှိ သတင်းအချက်အလက်များသည် လေထုထဲသို့ ပုံရိပ်ယောင်အဖြစ် ပေါ်ထွက်လာ၏။
ရှေ့တွင် မြင်တွေ့နေရသည့် စာသားများကို ကြည့်ကာ ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ပြုံးလိုက်ရင်း
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်ဘုရင် ရောက်မလာဘူးလို့ ကျုပ် ပြောသားပဲ။ သူသာ မလာဘူးဆိုရင်တော့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်ဘုရင်ခံ လေးယောက်လုံး ဒီမှာပဲ အသက်ပျောက်ကြရတော့မှာပေါ့။ နတ်ဘုရင်ခံ လေးယောက်လုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတာက အဲဒီ နတ်ဂိုဏ်းရဲ့ ကံစွမ်းအားကိုလည်း ဧကန်မုချ အကြီးအကျယ် ထိခိုက်စေမှာပဲ။”
ထိုအချိန်တွင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက သိလိုစိတ်ဖြင့်
“ကောင်းကင်သတ် နတ်ဘုရင်ခံ။ ဒီသတင်းကို ဘယ်ကနေ ရတာလဲ။ စိတ်ရောချရရဲ့လား။”
ကောင်းကင်သတ် နတ်ဘုရင်ခံက ခပ်အေးအေးပင်
“ဒါက သွေးလင်းယုန်ခန်းမဆီမှာ အညံ့ခံဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တဲ့ ပိုင်မန် နတ်ဘုရင်ခံဆီက ရတာပဲ။”
ထိုအရာကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ ချက်ချင်းပင် သဘောပေါက်သွား၏။ ပိုင်မန်ဂိုဏ်းသားများ တကယ်တန်း အားစိုက်လုပ်ဆောင်နေခြင်း မရှိသည့် အကြောင်းရင်းကို ထိုအချက်က ရှင်းပြနေသည်။ ပိုင်မန်ဂိုဏ်းရှိရာ နေရာတွင် ချထားသော နည်းဗျူဟာ ပုံစံ တစ်ခုမှ ထိတွေ့ခံရခြင်း မရှိသေးပေ။
ကောင်းကင်သတ် နတ်ဘုရင်ခံက ဆက်လက်၍
“လျှို့ဝှက်လဝန်းနန်းတော်ကတော့ ဒါကို သူတို့ နယ်မြေကနေ ထွက်ခွာလာအောင် ကျုပ်တို့က မျှားခေါ်နေတဲ့ နည်းပရိယာယ်လို့ပဲ ထင်ပြီး စိုးရိမ်နေကြတာ။ ကျုပ်တို့ရဲ့ တကယ့် ရည်ရွယ်ချက်က သူတို့ရဲ့ စွမ်းအားကို တဖြည်းဖြည်း ဆုတ်ယုတ်သွားအောင် လုပ်ဖို့ပဲ ဆိုတာကိုတော့ သူတို့ မသိရှာဘူး။”
ဤနတ်ဂိုဏ်းများကြား စစ်ပွဲမှာ တစ်ရက်နှစ်ရက်အတွင်း ပြီးဆုံးသွားမည့် အရာ မဟုတ်ပေ။ ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်အား နည်းဗျူဟာ ပုံစံများဖြင့် ကာကွယ်ထားရာ သူတို့အား ချုံခိုတိုက်ခိုက်ရန်က အလွန် ခက်ခဲလှပေသည်။ အထူးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား အလွန် တောက်ပနေသည့် အချိန်အခါသမယမျိုးတွင် ဖြစ်၏။
ယွမ်ယုတိသည် တံခါးပိတ် ကျင့်စဉ်စခန်းအတွင်း၌ ရှိနေသဖြင့် သူမအား ယခုချိန် တိုက်ခိုက်ပါက သူမ၏ ကျင့်စဉ်ဖောက်ပြန်စေနိုင်သည့် အခြေအနေသို့သာ ရောက်ရှိသွားစေနိုင်သည်။
သို့သော် အကယ်၍ သွေးလင်းယုန်ခန်းမ၏ နတ်ဘုရင်သည် ချုံခိုတိုက်ခိုက်ရာ၌ မအောင်မြင်ပဲ နည်းဗျူဟာ ပုံစံကိုသာ ထိမှန်ခဲ့မည်ဆိုလျှင် ယွမ်ယုတိ၏ လက်ရှိ စွမ်းအားဖြင့် သွေးလင်းယုန်ခန်းမ၏ နတ်ဘုရင်အား အကြီးအကျယ် ဒဏ်ရာရရှိစေနိုင်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ လက်ရှိ နတ်ဂိုဏ်း ကံစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းများပြားလှ၏။ သွေးလင်းယုန်ခန်းမမှ နန်းတော်သခင် သုံးဦးသည် ထိုကဲ့သို့သော စွန့်စားမှုကို ဘယ်သောအခါမှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
၎င်းတို့သည် မိစ္ဆာများ ဖြစ်ကြသော်လည်း လူမိုက်များတော့ မဟုတ်ကြပေ။
နတ်ဘုရင် လင်ရင် ရောက်မလာနိုင်ကြောင်း သိထားသော်လည်း ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ၏ စိတ်ထဲတွင် စိုးရိမ်စိတ်အချို့ ရှိနေဆဲ ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်၌ လက်အောက်ခံ အဖွဲ့အစည်းများ မြောက်မြားစွာ ရှိနေရာ ဤအတိုင်းသာ ဆက်လက် တိုက်ပွဲဝင်နေကြမည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော် ကိုယ်တိုင် ပါဝင်လာရန်ပင် မလိုတော့ပဲ ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်နိုင်မည် ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော် ကိုယ်တိုင်အသက်သွင်းရမည့် အစွမ်းထက်သော နည်းဗျူဟာ ပုံစံများကို ပြင်ဆင်ထားကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံဂိုဏ်းများက လျှို့ဝှက်လဝန်း နန်းတော် မပါပဲ ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်လာလာခဲ့လျှင် မည်သို့ပင် ဖြစ်စေ ကျောက်စိမ်းနဂါးဂိုဏ်းအနေနှင့် ထိုနည်းဗျူဟာများကို အသက်သွင်းရန် လိုအပ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဤ နည်းဗျူဟာ ပုံစံများ စောစောစီးစီး ပေါ်ပေါက်သွားမည် မဟုတ်ပါလား။
ထိုသို့ တွေးတောမိရင်း ကျောက်စိမ်းနဂါး နတ်ဘုရင်ခံက
“အကယ်၍ ကျောက်စိမ်းနဂါးဂိုဏ်းက တကယ်ပဲ ဆက်မတောင့်ခံနိုင်တော့ရင် ကျောက်စိမ်းနဂါးဂိုဏ်းကို ကူညီဖို့ ခန်းမသခင် တစ်ပါးပါး ရောက်လာမှာလား။”
ကောင်းကင်သတ် နတ်ဘုရင်ခံက ခပ်ဖွဖွ ရယ်မောလိုက်ကာ
“ဒီလောက် နတ်ဘုရင်ခံ နည်းနည်းလေးအတွက် ကျုပ်တို့ရဲ့ နန်းတော်သခင်တွေ ကိုယ်တိုင် ပါဝင်နေဖို့ မလိုပါဘူး။ စိတ်အေးအေး ထားပါ ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ။ သွေးလင်းယုန်ခန်းမရဲ့ တခြား နတ်ဘုရင်ခံတွေ ဒီကို ရောက်လာတာနဲ့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကျင့်ကြံသူတွေကို ရှင်းလင်းဖို့ ရက်အနည်းငယ်ပဲ ကြာပါလိမ့်မယ်။”
ထိုအရာကို ကြားလျှင် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ စိတ်သက်သာရာ ရသွား၏။ အခြားသော နတ်ဘုရင်ခံများ မကြာမီ ရောက်ရှိလာတော့မည်ကို သိလိုက်ရသောကြောင့် ဖြစ်သည်။
မိစ္ဆာနတ်များ၏ စွမ်းအားသည် ဖြောင့်မတ်သောနတ်များကို သဘာဝအတိုင်း ဖိနှိပ်နိုင်စွမ်း ရှိကြသည်။ အကယ်၍ နောက်ထပ် နတ်ဘုရင်ခံ နှစ်ဦး သုံးဦးခန့် ထပ်မံ ရောက်ရှိလာမည်ဆိုလျှင် ဤစစ်ပွဲ၏ ရလဒ်ကို တွေးတောကြည့်စရာပင် လိုတော့မည် မဟုတ်ပေ။
……
ထိုအတောအတွင်း။
လေထိန်းနန်းဆောင်၏ အထက်ပိုင်း၌...
နတ်ဘုရင်ခံ ဝေရွှီသည် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများကို စုစည်းကာ တိုက်ပွဲဆိုင်ရာ အစည်းအဝေးတစ်ခု ထပ်မံ ပြုလုပ်ပြန်၏။ ကျောက်စိမ်းနဂါးဂိုဏ်း၏ နည်းဗျူဟာ ပုံစံများ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီကို သူမ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။
ယခုအချိန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ ပင်မအင်အားစုများ စစ်ပွဲအတွင်းသို့ ဝင်ရောက်ရမည့် အချိန်ပင် ဖြစ်၏။
လူအားလုံး စုံလင်စွာ ရောက်ရှိလာသောအခါ နတ်ဘုရင်ခံဝေရွှီက
“အခုဆို ကျောက်စိမ်းနဂါးဂိုဏ်း ပတ်ပတ်လည်က နည်းဗျူဟာ ပုံစံတွေ ပျက်စီးသွားပြီ ဖြစ်လို့ လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေ တိုက်စစ်ဆင်ရမယ့် အချိန် ရောက်ပြီ။ ကျွန်မတို့ နောက်ထပ် နှောင့်နှေးနေမယ်ဆိုရင် လက်အောက်ခံ ဂိုဏ်းတွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်။”
လက်အောက်ခံ ဂိုဏ်းများကိုသာ ရှေ့တန်း စေလွှတ်ထားခြင်းက နာကျည်းမှုများ ဖြစ်ပေါ်စေနိုင်သည်ကို နတ်ဘုရင်ခံ ဝေရွှီ နားလည်ထားသည်။ သို့သော် အားနည်းသူကို အားကြီးသူက အနိုင်ကျင့်သည့် ဤလောကကြီးတွင် အားနည်းသူများမှာ အစားထိုး အသုံးချခံများ ဖြစ်နေရသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် မည်သို့ပင်ဆိုစေ အသုံးချခံများ ဖြစ်သည့်တိုင် အကန့်အသတ်တစ်ခုတော့ ရှိရပေမည်။ ၎င်းတို့ကိုသာ အမြဲတစေ အသေခံခိုင်းနေမည်ဆိုလျှင် ထိုလက်အောက်ခံ အင်အားစုများအား ရန်သူ့ဘက်သို့ ကူးပြောင်းသွားစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
နတ်ဘုရင်ခံဝေရွှီ၏ စကားကို ကြားသောအခါ အခြား နတ်ဘုရင်ခံ တစ်ပါးက
“အရာအားလုံးက အရမ်းကို အဆင်ပြေချောမွေ့နေသလို ခံစားနေရတယ်။”
ယဲ့ချူယောင်ကလည်း ထိုအခိုက်အတန့်တွင်
“ဟုတ်တယ် အရမ်းကို အဆင်ပြေလွန်းနေတယ်။ အဲ့ဒီ လက်အောက်ခံဂိုဏ်းတွေက နည်းဗျူဟာ ပုံစံ အတော်များများကို ဖျက်ဆီးနိုင်ခဲ့ကြပေမယ့် အဲဒီ နည်းဗျူဟာတွေရဲ့ အဆင့်က သိပ်မမြင့်လှဘူး။ ပြီးတော့ အခုထိ မိစ္ဆာနတ်တွေကိုလည်း အများကြီး မတွေ့ရသေးဘူး။”
အခြား အကြီးအကဲ တစ်ဦးက
“ဒါဟာ တို့ကို နယ်မြေကနေ ထွက်လာအောင် ဆွဲထုတ်တဲ့ နည်းဗျူဟာ ဖြစ်နိုင်ပေမယ့် လျှို့ဝှက်လဝန်းနန်းတော်က သူတို့ဆင်ထားတဲ့ ထောင်ချောက်ကို မမိခဲ့ဘူး။ နန်းတော်သခင် လင်ရင်ကလည်း အခုထိ လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်မလာတာကို တွေ့တော့ သူတို့ ကျောက်စိမ်းနဂါးဂိုဏ်းကို စွန့်လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်။”
လုချန်းက
“သွေးလင်းယုန်ခန်းမဘက်က နတ်ဘုရင်ခံ အဆင့် တွေကိုတောင် မစေလွှတ် သေးပဲနဲ့ နန်းတော်သခင် လင်ရင်ကို ဘယ်လိုလုပ် မျှားထုတ်နိုင်မှာလဲ။ အကယ်၍ ဒါဟာ တကယ်ပဲ ကျုပ်တို့ကို ဆွဲထုတ်တဲ့ နည်းဗျူဟာ ဖြစ်မယ်ဆိုရင် သူတို့ ဘက်က နတ်ဘုရင်ခံတွေကိုတင် မကပဲ နတ်ဘုရင် တစ်ပါးကိုတောင် စေလွှတ်လာနိုင်တယ်။”
လုချန်း၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ဝေရွှီ မျက်မှောင်ကြုတ်လျက် တွေးတောမိသွားသည်။
လုချန်း ပြောတာ အလွန်မှန်၏။
အကယ်၍ သွေးလင်းယုန်ခန်းမက ၎င်းတို့အား ဆွဲထုတ်ရန် ရည်ရွယ်ထားမည်ဆိုပါက နတ်ဘုရင်ခံ တစ်ဦးပင် စေလွှတ်ခြင်း မရှိပဲ နေမည် မဟုတ်ပေ။
သွေးလင်းယုန်ခန်းမ အနေနှင့် ကျောက်စိမ်းနဂါးဂိုဏ်းတွင် အဆင့်မြင့် တိုက်ခိုက်ရေး အင်အားများကို ထုတ်မပြပဲ လျှို့ဝှက်လဝန်းနန်းတော်မှ နတ်ဘုရင်ကို မည်သို့ ဖိတ်ခေါ်နိုင်ပါမည်နည်း။
သို့ဖြစ်ရာ အကယ်၍ ဤအရာက သွေးလင်းယုန်ခန်းမ၏ မျှားထုတ်သည့် နည်းပရိယာယ် ဖြစ်နေခဲ့လျှင်ပင် ဤစစ်ပွဲသည် ယခုမှသာ စတင်ခြင်း ဖြစ်လိမ့်မည်။ ကျောက်စိမ်းနဂါးဂိုဏ်း အနီးရှိ နည်းဗျူဟာ ပုံစံများသည် စတင် မြည်းစမ်းရုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ကျောက်စိမ်းနဂါးဂိုဏ်းနှင့် သွေးလင်းယုန်ခန်းမတို့က ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိနေသော်လည်း ၎င်းတို့အနေနှင့် တိုက်စစ်ကိုတော့ စတင်ရမည်ဖြစ်သည်။ လွန်ခဲ့သည့် တစ်လအတွင်း လက်အောက်ခံဂိုဏ်းများမှ အသေအပျောက် အရေအတွက် အလွန်များနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အထက်ဂိုဏ်း ဖြစ်သည့် လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့လျှင် လက်အောက်ခံဂိုဏ်းများအတွင်း မကျေနပ်မှုများ ပိုမိုပြင်းထန်လာလိမ့်မည်။ ထိုအခါ ထိုလက်အောက်ခံဂိုဏ်းများ သွေးလင်းယုန်ခန်းမဘက်သို့ ဘက်ပြောင်း ပူးပေါင်းသွားကြနိုင်ပြီး အရာရာကို ပို၍ရှုပ်ထွေးသွားစေနိုင်သည်။
ထိုအတွေးနှင့်အတူ နတ်ဘုရင်ခံဝေရွှီက
“ဒါဟာ မျှားထုတ်တဲ့ နည်းဗျူဟာ ဖြစ်ဖြစ် မဖြစ်ဖြစ် ကျွန်မတို့ နောက်ထပ် အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး။ ဆယ်ရက်အတွင်းမှာ ကျောက်စိမ်းနဂါးဂိုဏ်းကို အင်အားအပြည့်နဲ့ တိုက်ခိုက်မယ်။”
အခန်း (၁၇၃၃)
သစ္စာဖောက်
လျှို့ဝှက်လဝန်းနန်းတော်က ကျောက်စိမ်းနဂါးဂိုဏ်းကို အင်အားအပြည့်ဖြင့် စတင်တိုက်ခိုက်တော့မည်ဟူသော သတင်းကို ကြားသိရသည့်အခါမှသာ အဆိုပါ လက်အောက်ခံဂိုဏ်းများ နောက်ဆုံး၌ သက်ပြင်းချနိုင်ကြကုန်၏။ သူတို့သည် အသုံးချခံ သက်သက်သာ ဖြစ်ကြောင်း သိထားကြသော်လည်း အကယ်၍ အထက်ဂိုဏ်းကသာ ဘာမှပါဝင်ခြင်း မပြုပဲ နေမည်ဆိုပါက သူတို့အနေနှင့် မကျေမနပ် ဖြစ်ကြမည်မှာ ဧကန်မုချပင် ဖြစ်သည်။
……
ထိုအချိန်တွင်။
ကျောက်စိမ်းနဂါးဂိုဏ်း၌တော့...
ခန်းမကြီးအတွင်း၌။
လျှို့ဝှက်လဝန်းနန်းတော်က ဆယ်ရက်အတွင်း ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်တော့မည်ဟူသော သတင်းကို ကျောက်စိမ်းနဂါး နတ်ဘုရင်ခံ အပါအဝင် လူသုံးဦး ကြားသိရသည့်အခါ ပြုံးရွှင်သွားကြကုန်၏။ အထူးသဖြင့် ကျောက်စိမ်းနဂါး နတ်ဘုရင်ခံကတော့ ပို၍ပင် ပြုံးပျော်နေ၏။
ဤအရာမှာ သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းပြီးနောက် သူ၏ ပထမဆုံးသော စစ်ပွဲ ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်ကိုသာ အကြီးအကျယ် ထိခိုက်အောင် လုပ်ဆောင်နိုင်ခဲ့လျှင် သူ့အတွက် ကြီးမားသော အောင်မြင်မှုကြီး တစ်ရပ် ဖြစ်ပေလိမ့်မည်။
ကျောက်စိမ်းနဂါးဂိုဏ်းမှ တပည့်များသည် ရှေ့တန်းသို့ ထွက်ခွာရခြင်း မရှိသလောက် နည်းပါးသော်လည်း နည်းဗျူဟာ ပုံစံ အများစုကိုတော့ ကျောက်စိမ်းနဂါးဂိုဏ်းကပင် စီစဉ်ထားခြင်း ဖြစ်သည်။
သွေးလင်းယုန်ခန်းမဘက်မှ နည်းဗျူဟာ ပုံစံ အချို့ကို ပေးအပ်ခဲ့သော်လည်း နည်းဗျူဟာများအတွက် လိုအပ်သည့် ပစ္စည်းများနှင့် နတ်ကျောက်များကိုတော့ ကျောက်စိမ်းနဂါးဂိုဏ်းကပင် ထောက်ပံ့ခဲ့ရ၏။
ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော်က ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်လာခြင်းမှာလည်း ကျောက်စိမ်းနဂါးဂိုဏ်းက ငါးစာအဖြစ် ပါဝင်နေသောကြောင့်သာ ဖြစ်သည်။
ကောင်းကင်သတ် နတ်ဘုရင်ခံက
“သူတို့ ဒီလောက်အထိ မြန်မြန် မတောင့်ခံနိုင်တော့ဘူးလို့ မထင်ထားဘူး။ နောက်ထပ် လအနည်းငယ်လောက်အထိ အချိန်ဆွဲနေဦးမယ်လို့ ထင်ခဲ့တာ။”
ယေဘုယျအားဖြင့် ဆိုရလျှင် နတ်ဂိုဏ်းတစ်ဂိုဏ်း အနေနှင့် ထိုကဲ့သို့သော ဂိုဏ်းငယ်လေးတစ်ခုကို ဝိုင်းရံပိတ်ဆို့ရန် အချိန်များစွာ မပေးရပေ။ လျှို့ဝှက်လဝန်းနန်းတော်က တစ်လတိုင်အောင် တိုက်ခိုက်ခြင်း မရှိသည့် အကြောင်းအရင်းက သွေးလင်းယုန်ခန်းမဘက်မှ ကြောက်မက်ဖွယ်ကောင်းသော နည်းဗျူဟာ ပုံစံကြီးများ စီစဉ်ထားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ထို့ကြောင့်လည်း လက်အောက်ခံ အင်အားစုများကို စေလွှတ်ကာ အဆိုပါ နည်းဗျူဟာများကို အရင်ဆုံး သွားရောက် အသက်သွင်းခိုင်းခြင်း ဖြစ်သည်။
လျှို့ဝှက်လဝန်းနန်းတော်၏ အတွေးကို ကောင်းကင်သတ် နတ်ဘုရင်ခံတို့ နားလည်ထားကြသည်။ သူတို့အနေနှင့်လည်း အချိန်အကြာကြီး ဆွဲထားနိုင်မည်ဟု အစကတည်းက မထင်ထားသော်လည်း လအနည်းငယ်လောက် ဆွဲထားရန်တော့ ဖြစ်နိုင်ခြေ ရှိသေးသည်ဟု ယူဆထားကြ၏။
ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ရယ်မောလိုက်ကာ
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်းတွေက လူ အမြောက်အမြား ဆုံးရှုံးသွားပြီလေ။ အကယ်၍ သူတို့က နောက်ထပ် အချိန်ဆွဲနေဦးမယ်ဆိုရင် အဲဒီ လက်အောက်ခံဂိုဏ်းတွေက ပုန်ကန်ကြတော့မှာပေါ့။”
ကောင်းကင်သတ် နတ်ဘုရင်ခံက
“သူတို့ဘက်က အရင် စတင် တိုက်ခိုက်လာပြီဆိုတော့ နောက်တစ်ဆင့်ကတော့ ကျုပ်တို့ လှုပ်ရှားရမယ့် အလှည့်ပဲ။”
ထိုသို့ ပြောဆိုရင်း ကောင်းကင်သတ် နတ်ဘုရင်ခံသည် နည်းဗျူဟာ အလံ ဆယ်ခုကို ထုတ်ယူလိုက်၏။ အလံ တစ်ခုစီသည် နည်းဗျူဟာ ပုံစံ တစ်ခုကို ကိုယ်စားပြုသည်။
အဆိုပါ နည်းဗျူဟာ ဆယ်ခုလုံးမှာ မြေအဆင့် သို့မဟုတ် ထို့ထက် မြင့်မားသည့် အဆင့်များ ဖြစ်ကြ၏။
လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များသာ ထို နည်းဗျူဟာ ပုံစံအတွင်းသို့ ဝင်ရောက်လာရဲလျှင် ငရဲဆိုသည်မှာ မည်သို့ရှိကြောင်း သူ ပြသပေးလိုက်မည် ဖြစ်တော့သည်။
……
ထိုအချိန်တွင် လေထိန်းနန်းဆောင်၏ အောက်ဘက်၌...
လုချန်းသည် လေထိန်းနန်းဆောင်မှ ထွက်ခွာလာကာ အနီးနားရှိ စစ်စခန်းများကို လှည့်လည်ကြည့်ရှုရန် ပြင်ဆင်လိုက်၏။ ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ရန် နီးကပ်လာပြီ ဖြစ်ရာ နန်းတော်သခင်၏ တပည့်ရင်း တစ်ဦးအနေနှင့် နန်းတော်သားများ၏ စိတ်ဓာတ် မြှင့်တင်ပေးနိုင်ရန် ခဏခဏ မျက်နှာပြရခြင်းမှာ သဘာဝပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လက်နက်သွန်းလုပ်ရေးအဆောင်၏ ကင်းစခန်း တာဝန်ရှိရာ နေရာသို့ လုချန်း ရောက်ရှိလာ၏။ ထိုစဉ် စစ်စခန်းသို့ ရောက်ရှိလာသော ပိုင်မန် နတ်ဘုရင်ခံနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လိုက်၏။
ပိုင်မန် နတ်ဘုရင်ခံက လုချန်းကို
“နှုတ်ခွန်းဆက်ပါတယ် သခင်လေးလု”
လုချန်းက
“အင်း”
ဟုသာ ခပ်တိုတို တုံ့ပြန်လိုက်ပြီး များများစားစား မပြောတော့ပဲ လက်နက်သွန်းလုပ်ရေးအဆောင်မှ စီနီယာအမများ အလုပ်လုပ်နေကြသည်ကို ကြည့်ရှုရန် ပြင်ဆင်လိုက်၏။
ထိုစဉ် လုချန်းက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်
“ဂိုဏ်းချုပ်ပိုင်မန်က နတ်လက်နက်တွေ လာထုတ်တာလား။”
ဤစစ်ပွဲအတွင်း လက်အောက်ခံဂိုဏ်းများ အသုံးပြုသည့် နတ်လက်နက် အများစုမှာ လျှို့ဝှက်လဝန်းနန်းတော်၏ လက်နက်သွန်းလုပ်သူများက သွန်းလုပ်ပေးထားခြင်း ဖြစ်၏။ ထိုလက်အောက်ခံဂိုဏ်းများသည် ရက်အနည်းငယ် ကြာတိုင်း နတ်လက်နက် အသစ်များ လာရောက် ထုတ်ယူခြင်း သို့မဟုတ် ပျက်စီးသွားသည့် လက်နက်များကို ပြုပြင်ရန် လာရောက် ပေးအပ်ခြင်းများ ပြုလုပ်လေ့ ရှိကြသည်။
လျှို့ဝှက်လဝန်းနန်းတော်မှာ အမျိုးသမီးများသာ ရှိသည့် ဂိုဏ်းတစ်ခု ဖြစ်သော်လည်း လက်နက်သွန်းလုပ်သူ အရေအတွက်ကတော့ အတော်အတန် များပြားလှသည်။ ထို့ပြင် အဆိုပါ လက်နက်သွန်းလုပ်သူများ သွန်းလုပ်သည့် နတ်လက်နက်များ၏ အရည်အသွေးမှာ လက်အောက်ခံဂိုဏ်းများရှိ လက်နက်သွန်းလုပ်သူများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်၏။
လုချန်း၏ မေးခွန်းကို ကြားလျှင် ပိုင်မန် နတ်ဘုရင်ခံက များများစားစား မစဉ်းစားတော့ပဲ ချက်ချင်းပင်
“ဟုတ်ပါတယ်”
နောက်တစ်ခဏတွင် ပိုင်မန် နတ်ဘုရင်ခံ၏ သရုပ်မှန်ကို စနစ်ကို အသုံးပြု၍ လုချန်း စစ်ဆေးလိုက်၏။
[အမည် : ပိုင်မန် ]
[အချက်အလက်: ပိုင်မန်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ သွေးလင်းယုန်ခန်းမ၏ လျှို့ဝှက်သူလျို]
[စွမ်းအား : နတ်ဘုရင်ခံ အဆင့်]
[သစ္စာစောင့်သိမှု : ၀]
ဤမြင်ကွင်းကို ကြည့်ကာ လုချန်းလည်း “ထင်တဲ့အတိုင်းပါပဲလား”
ဟု စိတ်ထဲမှ ရေရွတ်လိုက်၏။
ခုနက ပိုင်မန် နတ်ဘုရင်ခံကို လုချန်း ရုတ်တရက် စကားစ လိုက်ရခြင်းမှာ လွန်ခဲ့သည့် တစ်လအတွင်း ပိုင်မန်ဂိုဏ်း၏ အသေအပျောက် အရေအတွက် အလွန်နည်းပါးနေသည်ကို သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ ထိုအချက် တစ်ခုတည်းကပင် သံသယဖြစ်စရာ ကောင်းနေပြီဖြစ်၏။
ပိုင်မန်ဂိုဏ်းသား အသေအပျောက် နည်းပါးခြင်းမှာ သူတို့အနေနှင့် ကျောက်စိမ်းနဂါးဂိုဏ်းမှ တပည့်များနှင့် ထိပ်တိုက်ရင်ဆိုင်မှု မရှိသလောက် နည်းပါးကြောင်း ထင်ရှားနေ၏။ သို့သော်လည်း ပိုင်မန် နတ်ဘုရင်ခံတော့ နတ်လက်နက်များ လာရောက် ထုတ်ယူရာတွင် အလွန်ပင် တက်ကြွနေပြန်သည်။
အလုပ်ကို ခိုကပ်ပြီး အကျိုးအမြတ်ကိုသာ လိုချင်နေသည့် ပုံစံမျိုး ဖြစ်ရာ ပြဿနာ တစ်စုံတစ်ခု ရှိနေမည်မှာ အမှန်ပင် ဖြစ်၏။ မည်သို့ပင်ဆိုစေ ပိုင်မန် နတ်ဘုရင်ခံသည် မရိုးသားသူ တစ်ဦး ဖြစ်နိုင်သော်လည်း ယခုကဲ့သို့ အရေးကြီးသော အချိန်အခါမျိုးတွင် လုချန်း အနေနှင့် ပို၍ဂရုတစိုက် ရှိရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ စနစ်ကို အသုံးပြု၍ စစ်ဆေးခြင်းက အချိန်ကုန်လှသည် မဟုတ်ပေ။ ယခု စစ်ဆေးလိုက်သည့် ရလဒ်အရ ပိုင်မန် နတ်ဘုရင်ခံသည် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ကာ သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းသွားခြင်းက အမှန်ပင် ဖြစ်သည်။
လုချန်းက ပိုင်မန် နတ်ဘုရင်ခံကို ချက်ချင်း ဖော်ထုတ်ခြင်း မပြုပဲ ပြုံးရွှင်စွာဖြင့်
“ဒီကာလအတွင်းမှာ ဂိုဏ်းချုပ်ရဲ့ ပိုင်မန်ဂိုဏ်းလည်း အတော်လေး ပင်ပန်းနေမှာပဲ။ ခင်ဗျားတို့ ဂိုဏ်းတွေသာ မရှိရင် လျှို့ဝှက်လဝန်းနန်းတော်က ထူးချွန်တဲ့ တပည့်တွေ အမြောက်အမြား ဆုံးရှုံးသွားရမှာ။”
ပိုင်မန် နတ်ဘုရင်ခံက ဟန်ဆောင်ပန်ဆောင် ယဉ်ကျေးပြကာ
“ဒါက ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ”
ပိုင်မန် နတ်ဘုရင်ခံက
“သခင်လေးလု...တခြား ပြောစရာ ရှိသေးလား။ မရှိရင်တော့ ကျုပ် ကင်းစခန်းကို ပြန်လိုက်ပါဦးမယ်။”
လုချန်းက
“ကောင်းပါပြီ။ ဂိုဏ်းချုပ်ပိုင်မန်ရဲ့ အချိန်ကို မနှောင့်နှေးစေတော့ပါဘူး။”
“ကျုပ် သွားလိုက်ပါဦးမယ်”
ဟု ပြောကာ ပိုင်မန် နတ်ဘုရင်ခံလည်း အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လက်နက်သွန်းလုပ်ရေးအဆောင်မှ ပျောက်ကွယ်သွား၏။
ပိုင်မန် နတ်ဘုရင်ခံ ထွက်ခွာသွားပြီးနောက် လက်နက်သွန်းလုပ်ရေးအဆောင်မှ စီနီယာအစ်မ အချို့၏ မကျေမနပ် တီးတိုး ပြောဆိုသံများကို လုချန်း ကြားလိုက်ရ၏။
“ပိုင်မန်ဂိုဏ်းက စစ်မြေပြင်မှာ ရန်သူကို သိပ်မသတ်နိုင်ပဲနှင့် နတ်လက်နက်တွေ လာထုတ်တဲ့အခါကျတော့ အရမ်းကို တက်ကြွနေတာပဲ။ အမြဲတမ်း အရင်ဆုံး ရောက်လာတာပဲ။”
ထိုအရာကို ကြားလျှင် လုချန်း ခပ်ဖွဖွ ရယ်မောလိုက်၏။ အရည်အသွေးမြင့် နတ်လက်နက်များ အလကား ရရှိနေမှတော့ သူတို့ တက်ကြွနေကြမည်မှာ သေချာလှသည်။
ထိုနေရာ၌ လုချန်း အချိန်အကြာကြီး မနေတော့ပေ။
ယခု ပိုင်မန် နတ်ဘုရင်ခံသည် သစ္စာဖောက် တစ်ဦးဖြစ်ကြောင်း သိသွားပြီ ဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်အား ပိုင်မန်ဂိုဏ်းက နောက်ကျောမှ ဓားနှင့် ထိုးခြင်းကို ကာကွယ်ရန် နတ်ဘုရင်ခံဝေရွှီကို အမြန်ဆုံး အသိပေးရလိမ့်မည်။
မကြာမီပင် ကောင်းကင်ယံရှိ လေထိန်းနန်းဆောင်သို့ လုချန်း ပြန်လည် ရောက်ရှိလာ၏။ ထိုနေရာ၌ ဝေရွှီနှင့် အခြားသော နတ်ဘုရင်ခံများသည် သူတို့ ရှေ့ရှိ ပုံရိပ်ယောင် မြေပုံကို ကြည့်ရှုနေကြပေသည်။
သွေးလင်းယုန်ခန်းမဘက်မှ နည်းဗျူဟာ ပုံစံများကို မည်သည့် နေရာ၌ ချထားနိုင်သည်ကို မြေပြင်အနေအထားအရ ခန့်မှန်းတွက်ချက်နေကြခြင်း ဖြစ်၏။
လက်အောက်ခံဂိုဏ်းများမှ အသေအပျောက် များပြားခဲ့သော်လည်း ၎င်းတို့၏ ရှေ့တိုးချီတက်နှုန်းကတော့ အလွန်ပင် မြန်ဆန်လှသည်။ ယခု လက်အောက်ခံ အင်အားစုများသည် ကျောက်စိမ်းနဂါးဂိုဏ်း၏ တံခါးဝသို့ပင် ရောက်ရှိလုနီးပါး ဖြစ်နေသော်လည်း မိစ္ဆာနတ်များကို အမြောက်အမြား မတွေ့ရသေးသလို သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်ခံ အဆင့် ကျွမ်းကျင်သူများပင် ပေါ်ထွက်လာခြင်း မရှိသေးပေ။
လုချန်း ခန်းမထဲသို့ ရောက်ရှိလာသည်ကို မြင်လျှင် နတ်ဘုရင်ခံ တစ်ဦးက
“ချန်းလု... တစ်ခုခု အစီရင်ခံစရာ ရှိလို့လား”
လုချန်းက တွေဝေခြင်း မရှိပဲ
“ပိုင်မန် နတ်ဘုရင်ခံက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး သွေးလင်းယုန်ခန်းမဆီ ကူးပြောင်းသွားပြီဆိုတာကို ကျုပ် အခုပဲ သိလိုက်ရတယ်။”
ထိုအရာကို ကြားလျှင် ရောက်ရှိနေသူ အားလုံး မှင်တက်သွားကြ၏။
ဝေရွှီက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ လုချန်းကို တည်ငြိမ်စွာ ကြည့်ရင်း
“ချန်းလု...ဒီကိစ္စက အရမ်း အရေးကြီးတယ်။ ရှင် ဘယ်လိုလုပ် သေချာသိရတာလဲ”
လုချန်းက
“ဆရာက ကျုပ်ကို လူတွေရဲ့ စိတ်ထဲမှာ သစ္စာမဲ့တဲ့ အတွေးတွေ ရှိမရှိ ခွဲခြားနိုင်တဲ့ ထူးခြားတဲ့ ကျင့်စဉ်ရတနာ တစ်ခု ပေးထားတယ်။ အရင်က ကောင်းကင်ဝံပုလွေမြို့မှာတုန်းကလည်း အဲ့ဒီ ကျင့်စဉ်ရတနာကို သုံးပြီးတော့မှ အဲ့ဒီက မိသားစုကြီးတွေ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်နေပြီဆိုတာကို သိခဲ့တာပါ။”
ဒါက...
ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ အကြီးအကဲများ အနည်းငယ်တော့ ထပ်မံ၍ အံ့အားသင့်သွားကြပြန်၏။
သူတို့၏ နန်းတော်သခင်ထံ၌ ထိုကဲ့သို့သော ရတနာ ရှိနေသည်ကို အဘယ်ကြောင့် တစ်ခါမှ မကြားဖူးရသနည်း။
သို့သော်လည်း ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်း တစ်ဦး ဖြစ်ရာ သူအနေနှင့် အဓိပ္ပာယ်မရှိသော စကားများကို လျှောက်ပြောနေမည် မဟုတ်ကြောင်းကိုလည်း သိထားကြပေသည်။
နတ်ဘုရင်ခံဝေရွှီက
“ကျွန်မလည်း အခုတလော ပိုင်မန်ဂိုဏ်းကို သေချာ စောင့်ကြည့်နေတာ။ တကယ်လည်း ပိုင်မန်ဂိုဏ်းက အလုပ်ကို ခိုကပ်နေတယ်။ အသေအပျောက်လည်း အရမ်း နည်းနေတာပဲ။”
“ဒါပေမဲ့ သူတို့က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်း ဖြစ်နေတော့ ခိုင်လုံတဲ့ အထောက်အထား မရှိပဲနှင့် သူတို့ကို သစ္စာဖောက်လို့ တိုက်ရိုက် သတ်မှတ်လို့တော့ မရဘူး။”
…………..
အခန်း (၁၇၃၄ )
စခန်းများမှ ကောလာဟလများ
လက်ရှိမှာ အရေးကြီးသည့် ကာလတစ်ခု ဖြစ်၏။ အထောက်အထား တစ်စုံတစ်ရာ မရှိပဲ ဂိုဏ်းတစ်ဂိုဏ်းကို အလျင်စလို အရေးယူလိုက်လျှင် လက်အောက်ခံ အခြားဂိုဏ်းများအကြား စိုးရိမ်ပူပန်မှုများ ဧကန်မုချ ဖြစ်ပေါ်စေလိမ့်မည်။
ထိုအခါ လျှို့ဝှက်လဝန်းနန်းတော်အတွက် အသက်စွန့်ခဲ့ကြသော်လည်း နန်းတော်က အထောက်အထားမရှိပဲ စိတ်အလိုကျ ဖျက်ဆီးပစ်သည်ဟု ထိုဂိုဏ်းများက အသေအချာပင် ထင်မြင်သွားကြပေလိမ့်မည်။
ထိုကဲ့သို့သော လုပ်ရပ်မျိုးက လူအများ၏ ယုံကြည်မှုကို ရရှိရန် ခက်ခဲလှ၏။
နတ်ဘုရင်ခံ ဝေရွှီ၏ စကားကို ကြားလျှင် လုချန်း ခဏခန့် အတွေးထဲ နစ်မြောသွားသည်။ နတ်ဘုရင်ခံ ဝေရွှီ ဘာကို စိုးရိမ်နေသည်ကို သူ သဘာဝကျကျပင် နားလည်လိုက်၏။
လုချန်းက
“ကျုပ် သူ့ရဲ့ စခန်းကို သွားပြီး စမ်းသပ်ကြည့်ရင်ရော ဘယ်လိုလဲ။ ကျုပ်က နန်းတော်သခင်ရဲ့ တပည့်ရင်းဆိုတော့ ကျုပ်ကို ဖမ်းမိတာက သူ့အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်မှာပဲ။”
နတ်ဘုရင်ခံ ဝေရွှီက ချက်ချင်းပင်
“မဖြစ်ဘူး”
“ရှင်က နန်းတော်သခင်ရဲ့ တပည့်ရင်းဆိုတာ သိနေတာပဲ။ ရှင့်ရဲ့ လုံခြုံရေးက ပိုပြီး အရေးကြီးတယ်။ ဒီကိစ္စထဲမှာ ရှင် ဝင်မပါပါနဲ့။ ကျွန်မ နည်းလမ်းတစ်ခု ရှာလိုက်ပါ့မယ်။”
လုချန်း၏ စကားကို နတ်ဘုရင်ခံ ဝေရွှီ အလွန် သံသယ မဖြစ်ပေ။ ပိုင်မန်ဂိုဏ်းတွင် တစ်ခုခု လွဲချော်နေသည်ကို သူမ ခံစားမိပြီးဖြစ်၏။ ယခု လုချန်းက ပိုင်မန်ဂိုဏ်း သစ္စာ ဖောက်နေကြောင်းကို အခိုင်အမာ ထောက်ပြလာခြင်း ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်ကို ပိုင်မန်ဂိုဏ်းက သစ္စာဖောက်သည့် အထောက်အထားကို ရှာဖွေရန်က ယခုအချိန်တွင် အရေးအကြီးဆုံး ဖြစ်သည်။ နောက်ထပ် ရက်အနည်းငယ်အတွင်း ကျောက်စိမ်းနဂါးဂိုဏ်းကို အလုံးအရင်းနှင့် တိုက်ခိုက်ရန် နန်းတော်က ရည်ရွယ်ထား၏။
အကယ်၍ သစ္စာဖောက်ကို အရေးမယူနိုင်ပါက သူတို့က နောက်ကျောကို ဓားနှင့်ထိုးနိုင်ပြီး နန်းတော်မှာလည်း ဘက်ပေါင်းစုံမှ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရနိုင်သည်။
နတ်ဘုရင်ခံ ဝေရွှီ ထိုသို့ပြောသည်ကို မြင်လျှင် လုချန်း ထပ်မံ၍ စကားမဆိုတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် နတ်ဘုရင်ခံ ဝေရွှီကို သတိပေးပြီးပြီ ဖြစ်ရာ သူမအနေနှင့် ဘာလုပ်ရမည်ကို သိလိမ့်မည်ဟု သူ ယုံကြည်၏။
နတ်ဘုရင်ခံ ဝေရွှီ၌ အရည်အချင်း မရှိပါက နတ်ဘုရင် လင်ရင်က သူမကို ဤစစ်ဆင်ရေးအား ကြီးကြပ်ရန် တာဝန်ပေးမည် မဟုတ်ပေ။ နတ်ဘုရင် လင်ရင်၏ ရွေးချယ်မှုကို လုချန်း ယုံကြည်၏။
……
တစ်ရက် ကြာပြီးနောက်။
နတ်လက်နက်များ လာရောက် ထုတ်ယူရန်အတွက် မီးတောက်ကဲ့သို့ နီရဲသော ဆံပင်ရှိသည့် သန်မာထွားကြိုင်းသော အမျိုးသားတစ်ဦး လက်နက်သွန်းလုပ်ရေးအဆောင်သို့ ရောက်ရှိလာ၏။ လက်နက်သွန်းလုပ်ရေးအဆောင်မှ တပည့်များက လက်နက်များကို စစ်ဆေးနေစဉ် သူက ဘေးမှ စောင့်ဆိုင်းနေပြီး ထိုတပည့်များ၏ ပြောဆိုချက်များကို ကြားလိုက်ရသည်။
တပည့်တစ်ဦးက
“ပိုင်မန်ဂိုဏ်းက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“ဟုတ်တယ်။ ဒီစစ်ပွဲမှာ ပိုင်မန်ဂိုဏ်းက လူသုံးယောက်ပဲ သေတယ်လို့ ပြောကြတယ်။ အဲဒီသုံးယောက်ကလည်း နည်းဗျူဟာပုံစံတွေကို မတော်တဆ သွားထိမိလို့ သေတာလို့ ကြားတယ်။”
“ပိုင်မန်ဂိုဏ်းနဲ့ နှိုင်းယှဉ်ရင် တခြားဂိုဏ်းတွေက အထိအခိုက် အကျအဆုံး အများကြီး ပိုများတယ်။”
“ပိုင်မန်ဂိုဏ်းက တကယ်ကို စွမ်းတာပဲ”
“နောက်တစ်ခါ စုံတွဲရှာရင် ပိုင်မန်ဂိုဏ်းက လူတစ်ယောက်ကိုပဲ ရွေးရမယ်။”
“ပိုင်မန်ဂိုဏ်းကလူတွေက နတ်လက်နက်တွေ လာထုတ်တဲ့နေရာမှာလည်း အမြဲတမ်း အားတက်သရော ရှိနေတာပဲ။ ဒါကြောင့် သူတို့ကို ဦးစားပေးနေရတာ။ အဲဒီတော့ သူတို့က ဘယ်လိုလုပ် စွမ်းအားမကြီးပဲ နေမလဲ”
ထိုပြောဆိုချက်များကို ကြားလျှင် နီရဲသောဆံပင်နှင့် အမျိုးသားလည်း မျက်မှောင်ကို အထင်းသား ကြုတ်လိုက်၏။
နောက်ကွယ်မှ လူများက မသိနိုင်သော်လည်း ရှေ့တန်းမှ လူတစ်ဦးအနေနှင့် ပိုင်မန်ဂိုဏ်း၏ အခြေအနေကို သူ မည်သို့ မသိပဲ နေမည်နည်း။
ဤစစ်ပွဲ စတင်ကတည်းက ပိုင်မန်ဂိုဏ်းသည် စိတ်မပါ့တပါနှင့်သာ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းနဂါးဂိုဏ်း၏ နည်းဗျူဟာပုံစံ အနည်းငယ်ကိုပင် သူတို့ ဖျက်ဆီးသည်ကို သူ မမြင်ဖူးချေ။
ယခုတော့ လျှို့ဝှက်လဝန်းနန်းတော်မှ လူများက ပိုင်မန်ဂိုဏ်းကို သူတို့၏ လက်အောက်ခံဂိုဏ်းများထဲတွင် အစွမ်းထက်ဆုံးဟု ပြောနေကြပြီ ဖြစ်၏။
အဆိုးရွားဆုံးနှင့် သည်းမခံနိုင်ဆုံး အချက်မှာ လျှို့ဝှက်လဝန်းနန်းတော်က ပိုင်မန်ဂိုဏ်းကို နတ်လက်နက်များ ဦးစားပေး ပေးအပ်နေပြီး သူတို့ဘက်မှ လူသုံးယောက်သာ ဆုံးရှုံးသည်ဆိုသည့် အချက်ပင် ဖြစ်သည်။
ရွှမ်ဟူဂိုဏ်းမှ တပည့်ပေါင်း တစ်သောင်းနီးပါး ဆုံးရှုံးခဲ့ရသော်လည်း ပိုင်မန်ဂိုဏ်းမှ လူသုံးယောက်သာ ဆုံးရှုံးတယ်တဲ့လား။
ထိုကဲ့သို့ သိသာလွန်းသည့် ခြားနားချက်က ရွှမ်ဟူဂိုဏ်းချုပ်ကို အကြီးအကျယ် မကျေမနပ် ဖြစ်သွားစေ၏။ သူသည် နတ်လက်နက်များ စုဆောင်းရန်ပင် ဂရုမစိုက်တော့ပဲ ကောင်းကင်ထက်ရှိ လေထိန်းဆောင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။
နန်းဆောင်ကြီးသို့ ရောက်ရှိလျှင် နတ်ဘုရင်ခံရွှမ်ဟူ က နတ်ဘုရင်ခံ ဝေရွှီကို
“နတ်ဘုရင်ခံ ဝေရွှီ...ကျုပ်မှာ မေးစရာ ရှိပါတယ်”
ခဏအကြာတွင် နတ်ဘုရင်ခံ ဝေရွှီ၏ အသံ ထွက်လာ၏။
“ဝင်ခဲ့ပါ”
ချက်ချင်းပင် နတ်ဘုရင်ခံ ရွှမ်ဟူ နန်းတော်ဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာရာ နတ်ဘုရင်ခံ ဝေရွှီက ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးနှင့်
“ဘာဖြစ်လို့လဲ”
နတ်ဘုရင်ခံ ရွှမ်ဟူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်လက်နက်တွေကို ပိုင်မန်ဂိုဏ်းက လူတွေကို ဦးစားပေးပြီး ပေးနေတယ်လို့ ကြားတယ်။”
နတ်ဘုရင်ခံ ဝေရွှီ ခဏခန့် မှင်တက်သွားပြီးမှ
“သူတို့ကို ဦးစားပေးတယ် ဟုတ်လား။ ဘယ်သူက အဲဒီလို ပြောတာလဲ။ အဲ့ဒီ နတ်လက်နက်တွေကို အရင်လာတဲ့သူကို အရင်ပေးနေတာ မဟုတ်ဘူးလား။ ဒါ့အပြင် ဂိုဏ်းတစ်ဂိုဏ်းချင်းစီအတွက် သတ်မှတ်ထားတဲ့ ပမာဏပဲ ပေးတာပါ။”
နတ်ဘုရင်ခံရွှမ်ဟူက မကျေမနပ်ဖြင့်
“ဒါက ပိုပြီးတော့တောင် မတရားဘူး။ ပိုင်မန်ဂိုဏ်းလို စွမ်းဆောင်မှု မရှိတဲ့ဂိုဏ်းက ဘာလို့ နတ်လက်နက်များ အမြောက်အမြား ရနေရတာလဲ။”
“ပိုင်မန်ဂိုဏ်းက အခုထိ လူသုံးယောက်ပဲ ဆုံးရှုံးသေးတယ်လို့ လက်နက်သွန်းလုပ်ရေးဆောင်က တပည့်တွေဆီကနေ ကြားခဲ့တယ်။ ကျုပ်တို့ ရွှမ်ဟူဂိုဏ်းက နည်းဗျူဟာပုံစံတစ်ခုကို ထိမိရုံနဲ့တင် လူတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရတာ ခင်ဗျား သိပါတယ်။ အကယ်၍ ပိုင်မန်ဂိုဏ်းက တကယ်သာ ကြိုးစားခဲ့ရင် ဒီလောက်ပဲ ဘယ်လိုလုပ် ဆုံးရှုံးမှု ရှိမလဲ။”
နတ်ဘုရင်ခံရွှမ်ဟူ ၏ မျက်နှာပေါ်မှ နာကျည်းမှုကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး
“ရွှမ်ဟူ... ရှင်က ကျွန်မရဲ့ စုံတွဲဖြစ်ပေမဲ့ အထောက်အထားမရှိပဲ ပေါ့ပေါ့ဆဆ စကားမပြောပါနဲ့။ အထူးသဖြင့် ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာပေါ့။ သူတို့ မကြိုးစားဘူးဆိုတာ ရှင် ဘယ်လိုလုပ် သိသလဲ။”
ထိုစကားကို ကြားလျှင် ရွှမ်ဟူ နတ်ဘုရင်ခံ အနည်းငယ် စိတ်အေးသွားပြီး
“ကျုပ်က ရှေ့တန်းမှာ ရှိနေတာ။ ပိုင်မန်ဂိုဏ်းက ကြိုးစားသလား မကြိုးစားဘူးလားဆိုတာ ကျုပ် သိတာပေါ့။ သူတို့သာ နည်းနည်းလေး ပိုကြိုးစားခဲ့ရင်တောင် ဒီလောက်ပဲ ဆုံးရှုံးတာ ဖြစ်နိုင်ပါ့မလား။ ကျုပ်တို့ ရွှမ်ဟူဂိုဏ်းက တပည့်ပေါင်း တစ်သောင်းကျော်နဲ့ အပြင်စည်းအကြီးအကဲ အတော်များများ ဆုံးရှုံးခဲ့ရတာ ခင်ဗျားသိပါတယ်။”
နတ်ဘုရင်ခံ ဝေရွှီလည်း အတွေးထဲ နစ်မြောသွား၏။ နတ်ဘုရင်ခံရွှမ်ဟူက ဆက်လက်၍
“ဝေရွှီ... ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်တဲ့ ဒီစစ်ဆင်ရေးက ခင်ဗျားရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာ။ ခင်ဗျားရဲ့ စုံတွဲတစ်ယောက်အနေနှင့် ကျုပ် ခင်ဗျားကို အပြည့်အဝ ထောက်ခံပေးရမှာ ဖြစ်ပေမဲ့ အကျိုးအမြတ်တွေပဲ ယူပြီး အလုပ်မလုပ်တဲ့ သူတွေကိုတော့ ကျုပ်တို့ကြားထဲမှာ ရှိနေခွင့် မပေးသင့်ဘူးလို့ ကျုပ်ယူဆတယ်။”
နတ်ဘုရင်ခံ ဝေရွှီက
“ကျွန်မ နားလည်ပါပြီ။ ဒီကိစ္စကို ကျွန်မ စုံစမ်းလိုက်ပါ့မယ်။ အကယ်၍ အခြား ဂိုဏ်းချုပ်တွေကလည်း ဒီကိစ္စကို လာတိုင်ကြရင် အလုံးအရင်းနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ပိုင်မန်ဂိုဏ်းကို ရှေ့တန်းတပ်ဖွဲ့အဖြစ် ကျွန်မ တာဝန်ပေးလိုက်မယ်။”
နတ်ဘုရင်ခံ ဝေရွှီ၏ စကားကို ကြားလျှင် ရွှမ်ဟူလည်း တိတ်တဆိတ် ဝမ်းသာသွားပြီး
“နားလည်ပါပြီ”
“ကျုပ် အခု နတ်လက်နက်တွေ သွားထုတ်လိုက်ပါဦးမယ်။ ခင်ဗျားကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး။”
ထိုသို့ ပြောပြီးနောက် နတ်ဘုရင်ခံ ရွှမ်ဟူ လှည့်ထွက်သွားတော့သည်။ သူ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း နတ်ဘုရင်ခံ ဝေရွှီ၏ နှုတ်ခမ်းအစုံ အနည်းငယ် ကွေးညွှတ်သွား၏။
သူမ ထင်ထားသည့်အတိုင်းပင် သူမ၏ စုံတွဲသည် ဘေးဖယ်ခံထားရခြင်းကို သည်းမခံနိုင်ချေ။
လျှို့ဝှက်လဝန်းနန်းတော်က ဤစစ်ပွဲကို စတင်ချိန်တွင် ရွှမ်ဟူဂိုဏ်းသည် ပထမဆုံး တုံ့ပြန်ခဲ့သည့် ဂိုဏ်းဖြစ်၏။ အထူးသဖြင့်
နတ်ဘုရင်ခံရွှမ်ဟူမှာ နတ်ဘုရင်ခံ ဝေရွှီ၏ စုံတွဲဖြစ်သောကြောင့် သူမ၏ ရှေ့မှောက်တွင် ကောင်းကောင်း စွမ်းဆောင်ပြလိုခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ပိုင်မန်ဂိုဏ်း၏ အနည်းငယ်မျှသော ကျဆုံးသူ အရေအတွက်ကို သိသွားပြီး နန်းတော်တပည့်များက ပိုင်မန်ဂိုဏ်း အလွန်စွမ်းသည်ဟု ထင်မှတ်မှားနေခြင်းက နတ်ဘုရင်ခံရွှမ်ဟူအတွက် သည်းမခံနိုင်စရာ ဖြစ်နေ၏။
နတ်လက်နက်များနှင့်အတူ ပြန်သွားပြီးနောက် ရွှမ်ဟူ နတ်ဘုရင်ခံသည် သူ၏ မကျေနပ်မှုများကို အခြားဂိုဏ်းများမှ နတ်ဘုရင်ခံများထံ ဖွင့်ဟပြောဆိုလိုက်ရာ သူတို့လည်း ပိုင်မန်ဂိုဏ်း၏ အကျအဆုံး အရေအတွက် အနည်းဆုံး ဖြစ်နေသည့် အကြောင်းကို ကြားသိသွားကြတော့သည်။
မကြာမီမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ လက်အောက်ခံ ဂိုဏ်းများအားလုံး ပိုင်မန်ဂိုဏ်းအပေါ် အလွန် မကျေမနပ် ဖြစ်လာကြ၏။ တူညီသော စစ်ပွဲအတွင်း သူတို့၏ဂိုဏ်းများကတော့ တပည့်ပေါင်း ထောင်နှင့်သောင်းနှင့်ချီ ဆုံးရှုံးခဲ့ရသော်လည်း ပိုင်မန်ဂိုဏ်းကတော့ အနည်းငယ်သာ ဆုံးရှုံးတယ်တဲ့လား။
ထို့နောက် မကြာမီမှာပင် နတ်ဘုရင်ခံရွှမ်ဟူ သည် နတ်ဘုရင်ခံ တစ်စုကို ဦးဆောင်ကာ နတ်ဘုရင်ခံ ဝေရွှီထံမှ တရားမျှတမှု တောင်းဆိုရန် လေထိန်းဆောင်သို့ ရောက်လာခဲ့ကြသည်။
…..
လေထိန်းဆောင်အတွင်းတွင်။
လက်အောက်ခံ ဂိုဏ်းချုပ်များအားလုံး ဒေါသထွက်နေကြ၏။
ထိုမြင်ကွင်းကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီလည်း အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်ပြီး
“အခြေအနေကို ကျွန်မ သိပြီးပါပြီ။ ပိုင်မန်ဂိုဏ်းချုပ်ကို လေထိန်းဆောင်ဆီ ကျွန်မ ခေါ်ယူလိုက်ပါ့မယ်။”
ထိုသို့ ပြောပြီးနောက် နတ်ဘုရင်ခံ ဝေရွှီက နတ်ဘုရင်ခံပိုင်မန်ထံသို့ သတင်း ပို့လိုက်သည်။
နတ်ဘုရင်ခံ ဝေရွှီ၏ သတင်းကို လက်ခံရရှိလျှင် နတ်ဘုရင်ခံပိုင်မန်လည်း တစ်ခုခု လွဲမှားနေပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူ၏ သရုပ်မှန် ပေါ်သွားပြီဟု သူ မထင်သော်လည်း မကြာသေးမီက စခန်းများအကြား ပျံ့နှံ့နေသော ကောလာဟလအချို့ကို သူ ကြားထားပြီး ဖြစ်သည်။
အခြားဂိုဏ်းများ အကျအဆုံး အလွန်များနေချိန်တွင် ပိုင်မန်ဂိုဏ်းကတော့ အနည်းငယ်သာ ဆုံးရှုံးသည်ဟူသော ကောလာဟလများ ပျံ့နှံ့နေခြင်းက ထိုဂိုဏ်းများကို စိတ်အနှောင့်အယှက် ဖြစ်စေမည်မှာ ဧကန်မုချပင် ဖြစ်၏။
…………….