← Chapters

အခန်း (၁၇၃၅-၁၇၃၇)

Vol. 116 Ch. 1735-1737

အခန်း (၁၇၃၅-၁၇၃၇)

Vol. 116 Ch. 1735-1737

အခန်း (၁၇၃၅ )

ရှေ့တန်းတပ်ဖွဲ့

လေထိန်းဆောင်ဆီသို့ နတ်ဘုရင်ခံ ပိုင်မန် အလျင်အမြန်ပင် ဆိုက်ရောက်လာ၏။ ထိုနေရာသို့ ရောက်သည်နှင့် အခြားဂိုဏ်းများမှ ဂိုဏ်းချုပ်များက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်ကို သူ တွေ့လိုက်ရသည်။

နတ်ဘုရင်ခံ ပိုင်မန်၏ နဖူးပေါ်တွင် ချွေးစေးများ ချက်ချင်းပင် ထွက်ပေါ်လာ၏။

“တောက်... ငါ့ကွယ်ရာမှာ ဘယ်သူတွေ ကောလာဟလ လွှင့်နေသလဲဆိုတာ သိရလို့ကတော့ မလွယ်ဘူး”

ဟု သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

ဤသတင်း အချိန်တိုအတွင်း ပျံ့နှံ့သွားခြင်းမှာ ရှေ့တန်းမှ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းက သူ၏ ကြိုးစားအားထုတ်မှု ကင်းမဲ့နေခြင်းကို ရိပ်မိသွားပြီး မကျေမနပ်ဖြစ်ကာ ကောလာဟလ လွှင့်လိုက်ခြင်းကြောင့်သာ ဧကန်မုချ ဖြစ်ပေလိမ့်မည်။

ပိုင်မန်ဂိုဏ်းသည် သွေးလင်းယုန်ခန်းမနှင့် မဟာမိတ်ဖွဲ့ထားပြီး ဖြစ်သော်လည်း တပည့်အနည်းငယ်သာ ကျဆုံးသည်ဆိုသည့် အချက်က မဖြစ်နိုင်ပေ။ သူသည်လည်း လူအတစ်ယောက် မဟုတ်ရာ အကျအဆုံး ဤမျှ နည်းပါးနေခြင်းက ပြဿနာရှိနိုင်ကြောင်း ကောင်းကောင်းသ၏။

ကောလာဟလ ဖြန့်သူက တမင်သက်သက် ပုံကြီးချဲ့ ပြောဆိုထားခြင်းဖြစ်ကြောင်း ထင်ရှားလှ၏။

အမှန်စင်စစ် အခြားဂိုဏ်းများနှင့် နှိုင်းယှဉ်ပါက ပိုင်မန်ဂိုဏ်းမှာ လူအနည်းငယ်သာ ဆုံးရှုံးခဲ့ရတာတော့ မှန်၏။ ထို့ပြင် သေဆုံးသွားသော ပိုင်မန်ဂိုဏ်းသားများမှာ သာမန်တပည့်များသာ ဖြစ်ကြသည်။

နတ်ဘုရင်ခံ ပိုင်မန်လည်း သူ၏ စိုးရိမ်ပူပန်မှုများကို အမြန်ပင် ထိန်းချုပ်လိုက်ပြီးနောက် ပြုံးရွှင်သော မျက်နှာဖြင့် နတ်ဘုရင်ခံ ဝေရွှီကို

“နတ်ဘုရင်ခံ ဝေရွှီ... ကျုပ်ကို ဒီကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဘာများပါလဲ။”

နတ်ဘုရင်ခံ ဝေရွှီ မဖြေကြားမီမှာပင် နတ်ဘုရင်ခံ ရွှမ်ဟူက နတ်ဘုရင်ခံ ပိုင်မန်ကို

“နတ်ဘုရင်ခံ ပိုင်မန်... ပိုင်မန်ဂိုဏ်းက တကယ်ကို အစွမ်းထက်တယ်လို့ ကျုပ် ကြားထားပါတယ်။ ဒါပေမဲ့ စစ်ပွဲက အပြင်းအထန် ဖြစ်ပွားနေတာတောင် ခင်ဗျားတို့ဂိုဏ်းက လူနည်းနည်းပဲ ကျဆုံးသေးတယ်နော်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ပိုင်မန်က ချက်ချင်းပင် တည်ငြိမ်သော လေသံဖြင့်

“ကောလာဟလတွေပါ... ဒါတွေအားလုံးက ကောလာဟလတွေပါပဲ။ ဟိုဘက်က ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာနတ်တွေပဲ။ ပိုင်မန်ဂိုဏ်းက လူနည်းနည်းပဲ ဘယ်လိုလုပ် ဆုံးရှုံးမလဲ။ ဒါက တစ်ယောက်ယောက်က ကျုပ်တို့ကို တမင်သက်သက် ထောင်ချောက်ဆင်ပြီး ကောလာဟလ လွှင့်နေတာပဲ ဖြစ်ရမယ်။”

ထိုအခိုက်အတန့်တွင် အခြားဂိုဏ်းတစ်ဂိုဏ်းမှ ဂိုဏ်းချုပ်က

“ကောလာဟလ ဟုတ်လား... ကျုပ်တော့ အဲဒီလို မထင်ဘူး။ ကျုပ်တို့ဂိုဏ်းက ပိုင်မန်ဂိုဏ်းရဲ့ စခန်းနဲ့ အနီးဆုံးပဲ။ စခန်းကို ပြန်လာတိုင်း ခင်ဗျားတို့စခန်းဘက်မှာ သီချင်းသံတွေ ကခုန်သံတွေနဲ့ စည်ကားနေတယ်လို့ ကျုပ်တပည့်တွေ ပြောတာကို ကြားနေရတယ်။ စစ်ဖြစ်နေတဲ့ ပုံစံမျိုး လုံးဝ မဟုတ်ဘူး။”

ပိုင်မန်ဂိုဏ်းမှ ကျင့်ကြံသူများမှာ အမျိုးသားများသာ များပြားပြီး အားလုံးနီးပါးမှာ ကိုယ်ထည်ကြံ့ခိုင်မှု လမ်းစဉ်ကို လိုက်နာကြသူများ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ သန်စွမ်းကာ တက်ကြွမှုများဖြင့် ပြည့်နှက်နေပြီး စွမ်းအင်များလည်း အလျှံပယ် ရှိနေကြ၏။

ပုံမှန်အားဖြင့် ထိုကဲ့သို့သော သူများသည် တိုက်ခိုက်မှုများမှတစ်ဆင့် စွမ်းအင်များကို ထုတ်လွှတ်ကြရသည်။

အမှန်စင်စစ် စွမ်းအင်များကို ထုတ်လွှတ်ရန် အခြားနည်းလမ်းတစ်ခုလည်း ရှိသေး၏။ ၎င်းမှာ အမျိုးသမီး ကျင့်ကြံသူများကို ရှာဖွေခြင်းပင် ဖြစ်၏။

ဤနတ်များအတွက် စကားတစ်ခွန်း ပြောရုံနှင့်ပင် ရေတွက်မရနိုင်သော အမျိုးသမီး ကျင့်ကြံသူများကို သူတို့၏ ကျွန်များအဖြစ် ပြောင်းလဲပစ်နိုင်သည်။

သဘောတရားအရ ဤစစ်ပွဲသည် ပိုင်မန်ဂိုဏ်းတပည့်များအတွက် သူတို့၏ စွမ်းအင်များကို ထုတ်လွှတ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

အကယ်၍ သူတို့သာ ဤစစ်ပွဲတွင် တကယ်တမ်း ပါဝင်ခဲ့ပါက မည်သည့်အမျိုးသမီး၏ အကူအညီကိုမှ လိုအပ်မည် မဟုတ်ပေ။

သူတို့သည် မည်သည့် တိုက်ပွဲတွင်မှ ပါဝင်ခြင်း မရှိပဲ စခန်းအတွင်း၌သာ ခိုအောင်းနေကြပုံရ၏။ ဖိနှိပ်ထားသော စွမ်းအင်များကို ထုတ်လွှတ်ရန် အမျိုးသမီး ကျင့်ကြံသူများနှင့်သာ အချိန်ကုန်ဆုံးရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ဂိုဏ်းချုပ်၏ စကားများကို ကြားပြီးနောက် နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာ ပို၍ပင် မှောင်မိုက်သွား၏။

သတိရှိရှိ နေထိုင်ကြရန် သူ၏ တပည့်များကို သူ သတိပေးထားပြီး ဖြစ်သော်လည်း ထိုလူမိုက်များသည် မှာကြားထားသည့်အတိုင်း မလုပ်ဆောင်သည့်အပြင် စခန်းထဲသို့ အမျိုးသမီး ကျင့်ကြံသူများကို များစွာ ခေါ်ဆောင်လာပြီး ပျော်ပါးနေကြရာ ထိုအရာကို လူမသိသူမသိ ရှိနေမည်ဆိုပါက ထူးဆန်းလှပေလိမ့်မည်။

နတ်ဘုရင်ခံ ပိုင်မန်က ဆက်လက်၍ ငြင်းချက်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် နတ်ဘုရင်ခံ ဝေရွှီက ပိုင်မန်ဂိုဏ်းချုပ်ကို

“ပိုင်မန်ဂိုဏ်းချုပ်... ဂိုဏ်းချုပ်တွေအကြား ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်မတို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါပြီ။”

နတ်ဘုရင်ခံ ဝေရွှီက ဆက်လက်၍

“အလုံးအရင်းနဲ့ တိုက်စစ်ဆင်တဲ့အခါမှာ ပိုင်မန်ဂိုဏ်းက ရှေ့တန်းတပ်ဖွဲ့အဖြစ် တာဝန်ယူရမယ်။”

နတ်ဘုရင်ခံ ရွှမ်ဟူကလည်း ပြုံးရင်း

“နတ်ဘုရင်ခံ ပိုင်မန်... ဒါက အကျိုးဆောင်ဖို့ ကြီးမားတဲ့ အခွင့်အရေးပဲ။ ခင်ဗျားတို့ ဂိုဏ်းအနေနဲ့ ဒါကို တန်ဖိုးထားသင့်တယ်။”

သူတို့၏ စကားများကို ကြားရသောအခါ နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာ ပို၍ပင် ညို‌မှောင်သွားသည်။

ထိုနေ့တွင် လျှို့ဝှက်လဝန်းနန်းတော်ကို ချောင်းမြောင်း တိုက်ခိုက်ရန် သူ ကြံစည်ထားခဲ့ခြင်းဖြစ်၏။ ယခု သူ့ကို ရှေ့တန်းတပ်ဖွဲ့အဖြစ် တာဝန်ပေးလိုက်ရာ မည်သို့ ချောင်းမြောင်း တိုက်ခိုက်နိုင်တော့မည်နည်း။

အကယ်၍ သူတို့သာ ရှေ့တန်းတပ်ဖွဲ့ ဖြစ်လာပါက ကြောက်မက်ဖွယ်ကောင်းသော နည်းဗျူဟာပုံစံများကို သူတို့ကပင် စတင် ရင်ဆိုင်ရမည် ဖြစ်သည့်အပြင် သူ သစ္စာဖောက်မှန်း လျှို့ဝှက်လဝန်းနန်းတော်က သိသွားပါကလည်း သူတို့ကို တိုက်ရိုက်ပင် အမြစ်ပြတ် ချေမှုန်းပစ်လိမ့်မည် ဖြစ်၏။

မည်သို့ပင်ဆိုစေ သူတို့သည် လျှို့ဝှက်လဝန်းနန်းတော်၏ တိုက်စစ်လမ်းကြောင်းပေါ်ရှိ ရှေ့တန်းတပ်ဖွဲ့ ဖြစ်နေသည် မဟုတ်ပါလား။

နတ်ဘုရင်ခံ ပိုင်မန် တစ်ခုခု ပြောလိုသော်လည်း ဂိုဏ်းချုပ်များအားလုံးက သူ့ကို စိုက်ကြည့်နေကြသည်ကို မြင်လျှင် ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သိလိုက်ပြီး

“ဟုတ်ကဲ့ပါ... အထက်ဂိုဏ်းရဲ့ အမိန့်ကို နာခံပါ့မယ်”

နတ်ဘုရင်ခံ ဝေရွှီကိုယ်တိုင် ပြောဆိုလိုက်ခြင်းကြောင့် ထပ်မံ၍ စကားပြောနေခြင်းက အဓိပ္ပာယ် မရှိတော့ပေ။ စစ်မိန့် ဆိုသည်မှာ ပြတ်သားလှသလို ဂိုဏ်းချုပ်များကလည်း သူတို့ကို ရှောင်လွှဲခွင့် ပေးမည် မဟုတ်တာ ထင်ရှားလှ၏။

နတ်ဘုရင်ခံ ဝေရွှီက

“ကောင်းပါပြီ ... ကိစ္စကတော့ ဒီလောက်ပါပဲ။ တခြား ဘာပြောစရာတွေ ရှိသေးလဲ။ မရှိဘူးဆိုရင် ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်ခိုက်ဖို့ ဆွေးနွေးကြတာပေါ့။”

ထို့နောက် နတ်ဘုရင်ခံ ဝေရွှီက ပြင်ဆင်မှုများကို စတင် ဆွေးနွေးလိုက်၏။ နတ်ဘုရင်ခံ ပိုင်မန်လည်း တစ်လျှောက်လုံး အသေအချာ နားထောင်နေသော်လည်း မည်သည့်နည်းနှင့်မှ ရှေ့တန်းတပ်ဖွဲ့အဖြစ် သူတို့ ပါဝင်မည် မဟုတ်ကြောင်း စိတ်ထဲမှ တွေးနေခဲ့သည်။

စစ်ဗျူဟာ အစည်းအဝေး ပြီးသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်၏ တပ်ဖြန့်မှု အခြေအနေကို ကျောက်စိမ်းနဂါးဂိုဏ်းထံ ချက်ချင်း အသိပေးမည်ဖြစ်ပြီး အလုံးအရင်းနှင့် စတင်တိုက်လိုက်သည့်နေ့တွင် ပိုင်မန်ဂိုဏ်းတပည့်များကို ဦးဆောင်ကာ သွေးလင်းယုန်ခန်းမထံ လက်နက်ချ အညံခံမည်ဟု သူ ဆုံးဖြတ်ထား၏။

မကြာမီမှာပင် အစည်းအဝေး ပြီးဆုံးသွားသည်။

နတ်ဘုရင်ခံ ဝေရွှီ၏ စစ်ဗျူဟာကို သိရသောအခါ လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီးများသည် တကယ်ပင် ထူးခြားလှသည်ဟု လုချန်း စိတ်ထဲမှ ကျိတ်၍ ချီးကျူးလိုက်မိ၏။

အခြားဂိုဏ်းများ၏ မကျေမနပ် ဖြစ်နေမှုကို အခွင့်ကောင်းယူကာ ပိုင်မန်ဂိုဏ်းကို ရှေ့တန်းတပ်ဖွဲ့အဖြစ် ကြေညာလိုက်ခြင်းဖြင့် သူ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း နတ်ဘုရင်ခံ ပိုင်မန်အနေနှင့် မရိပ်မိနိုင်‌တော့ပေ။

ပိုင်မန်ဂိုဏ်းသည် ဉာဏ်ပညာ သိပ်မရှိသော ဂိုဏ်းဖြစ်၏။ သူတို့သည် ကိုယ်ထည်ကြံ့ခိုင်မှု လမ်းစဉ်ကိုသာ အရူးအမူး လိုက်စားနေကြသည့် လူတစ်စုသာ ဖြစ်သည်။

သူတို့သည် လှည့်စားခံရလျှင်ပင် သိမည် မဟုတ်ပေ။

ထို့နောက်တွင် ပိုင်မန်ဂိုဏ်းသည် ကျောက်စိမ်းနဂါးဂိုဏ်းသို့ သွားရောက်ရန် သို့မဟုတ် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များနှင့် ပူးပေါင်းရန် တိတ်တဆိတ် ပြင်ဆင်ကြလိမ့်မည်ဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်အနေနှင့်လည်း ပိုင်မန်ဂိုဏ်းကို တရားဝင် အမြစ်ပြတ် ချေမှုန်းနိုင်မည့် အခွင့်အရေး ရရှိသွားပေလိမ့်မည်။

……

ထိုစဉ် လေထိန်းဆောင်ရှိ အခန်းတစ်ခုအတွင်း၌။

နတ်ဘုရင်ခံ ရွှမ်ဟူက နတ်ဘုရင်ခံ ဝေရွှီ၏ ရှေ့တွင် ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ရပ်နေရင်း

“ဝေရွှီ... ကျုပ်ကို အရေးကြီးတဲ့ ကိစ္စရှိလို့ ခေါ်လိုက်တာလား”

နတ်လောက စုံတွဲများအကြား၌ အချစ်ရေးထက် အရေးကြီးသည့် ကိစ္စရပ်များကို ပို၍ ဦးစားပေးလေ့ ရှိကြသည်။

ဤအချိန်တွင် ဝေရွှီ သူ့ကို ခေါ်ယူခြင်းမှာ အရေးကြီးသည့် ကိစ္စတစ်ခုခုကြောင့် ဖြစ်ရမည်ဟု နတ်ဘုရင်ခံ ရွှမ်ဟူ သိသည်။

နတ်ဘုရင်ခံ ဝေရွှီက

“ပိုင်မန်ဂိုဏ်း သစ္စာဖောက်သွားပြီလို့ ကျွန်မ သံသယရှိတယ်။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှမ်ဟူ အနည်းငယ် အံ့အားသင့်သွား၏။

ခဏခန့်ကြာမှ သူ သတိဝင်လာပြီး ရယ်မောလိုက်ကာ

“ကျုပ်ကတော့ တစ်စက်ကလေးမှ မအံ့သြဘူး။ ဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲကြီးမှာ တခြားဂိုဏ်းတွေက လူပေါင်း သောင်းနဲ့ သိန်းနဲ့ချီ သေဆုံးနေရတာတောင် သူတို့ဂိုဏ်းက ဒီလောက်ပဲ ဆုံးရှုံးတာက တစ်ခုခုတော့ တစ်ခုခုပဲလို့ ကျုပ် သံသယဝင်နေတာ ကြာပြီ။”

နတ်ဘုရင်ခံ ဝေရွှီက

“အခုတစ်ခေါက် ပိုင်မန်ဂိုဏ်းကို ရှေ့တန်းတပ်ဖွဲ့အဖြစ် တာဝန်ပေးလိုက်တာဆိုတော့ နတ်ဘုရင်ခံ ပိုင်မန် ပြန်သွားတာနဲ့ တစ်ခုခုတော့ လုပ်တော့မှာ သေချာတယ်။”

နတ်ဘုရင်ခံ ရွှမ်ဟူက ခဏခန့် စဉ်းစားပြီးမှ

“သူတို့ကို ကျုပ် မျက်ခြေမပြတ် စောင့်ကြည့်ထားပါ့မယ်။ အကယ်၍ သူတို့ တစ်ခုခု လှုပ်ရှားတာနဲ့ ကျုပ် ချက်ချင်း ရှင်းပစ်လိုက်မယ်။”

ပိုင်မန်ဂိုဏ်းနှင့် နှိုင်းယှဉ်ပါက ရွှမ်ဟူဂိုဏ်းသည် များစွာ အင်အားတောင့်တင်း၏။

ဤစစ်ပွဲတွင် တပည့်ပေါင်း တစ်သိန်းနီးပါး ဆုံးရှုံးခဲ့ရသော်လည်း သူတို့ဂိုဏ်း၏ အခြေခံမှာ ထိုကဲ့သို့သော ဆုံးရှုံးမှုများကို ခံနိုင်ရည်ရှိလောက်အောင် နက်ရှိုင်းလှ၏။

နတ်ဘုရင်ခံ ဝေရွှီက

“ဒါဆိုရင် ရှင့်ကိုပဲ အားကိုးရတော့မှာပေါ့”

နတ်ဘုရင်ခံ ရွှမ်ဟူက

“ကျုပ်တို့အကြားမှာ အားနာစရာ မလိုပါဘူး။ ဒါ့အပြင် ရွှမ်ဟူဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံဂိုဏ်းပဲလေ။ ဒါက ကျုပ်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ။”

နတ်ဘုရင်ခံ ဝေရွှီက ခပ်ဖွဖွ ပြုံးလိုက်ရုံသာ ပြုလုပ်ပြီး မည်သည့်စကားမှ ထပ်မံ၍ မဆိုတော့ပေ။

ထိုစဉ်အတွင်း။

ပိုင်မန်ဂိုဏ်း၏ စခန်းသို့ ပြန်ရောက်ပြီးနောက် နတ်ဘုရင်ခံ ပိုင်မန်က ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးရန် အကြီးအကဲများကို ချက်ချင်း စုဝေးလိုက်၏။

သူတို့အား ရှေ့တန်းတပ်ဖွဲ့အဖြစ် တာဝန်ပေးလိုက်ကြောင်း ကြားသိရသောအခါ ပိုင်မန်ဂိုဏ်းမှ အကြီးအကဲများအားလုံး အလွန် ဒေါသထွက်သွားကြတော့သည်။

………….

အခန်း (၁၇၃၆)

သစ္စာခံရန်အတွက် အကောင်းဆုံး လက်ဆောင်

ပိုင်မန်ဂိုဏ်း၏ ယာယီအစည်းအဝေးခန်းမအတွင်း ဒေါသထွက်နေသည့် အကြီးအကဲများကို နှုတ်ခမ်းအနည်းငယ် ကွေးညွှတ်ကာ နတ်ဘုရင်ခံ ပိုင်မန် ကြည့်လိုက်၏။ သူ လိုချင်သည့် ရလဒ်ကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

ပိုင်မန်ဂိုဏ်းနှင့် သွေးလင်းယုန်ခန်းမတို့ အဆက်အသွယ်ရှိနေသည်မှာ အစောကတည်းက ဖြစ်သော်လည်း သွေးလင်းယုန်ခန်းမနှင့် မဟာမိတ်ဖွဲ့ခြင်းကို ကန့်ကွက်နေသည့် အကြီးအကဲအချို့ ပိုင်မန်ဂိုဏ်းတွင် ရှိနေသေး၏။ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားမှာ အလွန်တရာ ကြီးမားလှသဖြင့် သွေးလင်းယုန်ခန်းမကို အလွယ်တကူပင် အနိုင်ယူနိုင်လိမ့်မည်ဟု ထိုသူတို့က စိတ်ကူးယဉ်နေကြခြင်း ဖြစ်သည်။

ယခုအခါ လျှို့ဝှက်လဝန်းနန်းတော်က ပိုင်မန်ဂိုဏ်းကို ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်ရန် ခိုင်းစေလာခြင်းမှာ ပိုင်မန်ဂိုဏ်း၏ အဓိက အကျိုးစီးပွားကို ထိပါးလာခြင်းပင် ဖြစ်၏။ အကယ်၍ သူတို့ ရှေ့တန်းမှ ဦးဆောင်ရမည်ဆိုပါက လူမည်မျှ သေကြေပျက်စီးမည်ကို မည်သူမှ မသိနိုင်ပေ။

ယခင်က သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့သည့် အကြီးအကဲများပင်လျှင် ယခုအခါ မည်သည့်စကားမှ မပြောနိုင်ကြတော့ပေ။

လျှို့ဝှက်လဝန်းနန်းတော်က သူတို့ကို အသုံးချခံအဖြစ်သာ သဘောထားနေသဖြင့် နန်းတော်ဘက်သို့ ယိမ်းယိုင်လိုစိတ် မရှိကြတော့သည်မှာ သဘာဝပင် ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို များစွာ ကူညီပေးလိုက်ခြင်းဖြစ်သည်ဟု နတ်ဘုရင်ခံ ပိုင်မန် တွေးတောနေ၏။

“လျှို့ဝှက်လဝန်းနန်းတော်က ကျုပ်တို့ကို တကယ်ပဲ အနိုင်ကျင့်လွန်းတယ်။”

“ဟုတ်တယ်... ကျုပ်တို့ ဂိုဏ်းဝင်တွေရဲ့ အသက်ကို သူများထက် နည်းနည်းပိုတန်ဖိုးထားမိတာ အတွက်နဲ့ သူတို့က ကျုပ်တို့ကို ရှေ့တန်းကနေ ဦးဆောင်ခိုင်းနေတယ်။”

“လျှို့ဝှက်လဝန်းနန်းတော်က ရက်စက်တယ်ဆိုတော့ ကျုပ်တို့ကိုလည်း မရိုးသားဘူးဆိုပြီး အပြစ်မတင်နဲ့တော့။”

“ဂိုဏ်းချုပ်... အဲ့ဒီအစီအစဉ်ကို ဘယ်တော့ စလုပ်မှာလဲ”

အစည်းအဝေးခန်းမအတွင်းမှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီးနောက် နတ်ဘုရင်ခံ ပိုင်မန်က

“ကျုပ်တို့ ရှေ့တန်းကနေ ဦးဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အကယ်၍ ကျုပ်တို့သာ ရှေ့ကနေ တက်သွားရင် သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်အတွက် ပြင်ဆင်ထားတဲ့ သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံတွေကို ကျုပ်တို့က သွားထိမိသလို ဖြစ်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ဘယ်လောက်တောင် သေကြမလဲဆိုတာ မသိနိုင်ဘူး။”

ထိုအရာကို ကြားလျှင် လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ ရှေ့တန်းကနေ မတိုက်ရပါက သူတို့ စိတ်အေးနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ ပိုင်မန်က

“ကျုပ် ပြန်လာတဲ့လမ်းမှာ သံတမန်နဲ့ အဆက်အသွယ် လုပ်ထားပြီးပြီ။ သံတမန် မကြာခင် ရောက်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကိုတော့ သံတမန်ရဲ့ စဉ်းစားချက် အတိုင်း လုပ်ကြတာပေါ့။”

နတ်ဘုရင်ခံ ပိုင်မန် ဆိုလိုသည့် သံတမန်မှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်း ကောင်းစွာ သိကြ၏။

နတ်ဘုရင်ခံ ပိုင်မန် စကားပြောနေစဉ်မှာပင် ဝတ်စုံဖြူဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ခန်းမအတွင်း၌ ရုတ်တရက် ပေါ်လာသည်။ ထိုအမျိုးသားသည် ဆံပင်ကို ရွှေဆံထိုး ထိုးထားပြီး လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားကာ သိမ်မွေ့သည့် အငွေ့အသက်များ ထွက်ပေါ်နေ၏။

ရောက်ရှိလာသူကို နတ်ဘုရင်ခံ ပိုင်မန်က

“သံတမန်ကို ဂါရဝပြုပါတယ်။ အထက်ဂိုဏ်းက ဘာတွေများ စီစဉ်ထားပါသလဲ။”

ဝတ်စုံဖြူဝတ် အမျိုးသားက ခပ်အေးအေးပင်

“ဝိညာဉ်ကြွေ နတ်ဘုရင်ခံက ခင်ဗျားတို့ကို လျှို့ဝှက်လဝန်းနန်းတော်ကနေ အခုချက်ချင်း ခွဲမထွက် စေချင်သေးဘူး။ လျှို့ဝှက်လဝန်းနန်းတော်က အင်အားအပြည့်နဲ့ တိုက်ခိုက်တဲ့အချိန်ကျမှ ခင်ဗျားတို့က ကျောက်စိမ်းနဂါးဂိုဏ်းဆီကို သွားရမယ်။”

ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ ပိုင်မန်တို့ မှင်တက်သွားကြ၏။ အကယ်၍ သူတို့ ရှေ့တန်းမှ ဦးဆောင်နေချိန်တွင် သွေးလင်းယုန်ခန်းမက သူတို့ကိုပါ တိုက်ခိုက်လာလျှင် မည်သို့လုပ်မည်နည်း။

နတ်ဘုရင်ခံ ပိုင်မန် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဝတ်စုံဖြူဝတ်အမျိုးသားက

“ပိုင်မန်ဂိုဏ်းချုပ်... စိတ်မပူပါနဲ့။ ကျောက်စိမ်းနဂါးဂိုဏ်းရဲ့ အပြင်ဘက်မှာ အလိုအလျောက် ပေါက်ကွဲမယ့် နည်းဗျူဟာပုံစံတွေ မရှိတော့ပါဘူး။ တိုက်ရိုက် ထိန်းချုပ်ရတဲ့ သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံတွေပဲ ရှိပါတော့တယ်”

ဟု ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့သာ ကျောက်စိမ်းနဂါးဂိုဏ်းထဲကို အမြန်ဆုံး ဝင်နိုင်မယ်ဆိုရင် ဘေးကင်းမှာပါ။”

ထိုအရာကို ကြားသော်လည်း နတ်ဘုရင်ခံ ပိုင်မန် စိတ်မအေးနိုင်သေးသည်ကို မြင်လျှင် ဝတ်စုံဖြူဝတ်အမျိုးသားက

“လျှို့ဝှက်လဝန်းနန်းတော် တိုက်ခိုက်တဲ့အချိန်ကျမှ ကျောက်စိမ်းနဂါးဂိုဏ်းဆီကို သွားခိုင်းရတာက အကြောင်းရှိပါတယ်။ အခုကတည်းကသာ ကျောက်စိမ်းနဂါးဂိုဏ်းနဲ့ ပူးပေါင်းလိုက်ရင် လျှို့ဝှက်လဝန်းနန်းတော်က သူတို့ရဲ့ တိုက်ပွဲအစီအစဉ်ကို ပြောင်းလဲပစ်နိုင်ခြေ ရှိတယ်။ အဲ့ဒီလိုဆိုရင် ခင်ဗျားတို့ ပေးထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေက အလကား ဖြစ်သွားလိမ့်မယ်။”

“လျှို့ဝှက်လဝန်းနန်းတော်ကို အနိုင်ရပြီးတဲ့နောက်မှာ ပိုင်မန်ဂိုဏ်းက အကြီးမားဆုံး အကျိုးဆောင်သူ ဖြစ်လာလိမ့်မယ်။ ဒီဂုဏ်ပြုမှုကို ခင်ဗျားက လက်လွှတ်ချင်လို့လား နတ်ဘုရင်ခံ ပိုင်မန်။”

ဒါက...

ဝတ်စုံဖြူဝတ်အမျိုးသား၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ပိုင်မန် နားလည်သွားသည်။

အကယ်၍ သူတို့ ယခုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်လိုက်ပါက နန်းတော်၏ တိုက်ပွဲပြင်ဆင်မှု သတင်းများ အသုံးမဝင် ဖြစ်သွားတော့မှာ အမှန်ပင်ဖြစ်၏။ ပိုင်မန်ဂိုဏ်းက နန်းတော်၏ တိုက်ပွဲအစီအစဉ်များကို သွေးလင်းယုန်ခန်းမအား ပေးအပ်မည်ကို နန်းတော်ကလည်း သိသွားမည် ဖြစ်သည်။

ခဏခန့် စဉ်းစားပြီးနောက် နတ်ဘုရင်ခံ ပိုင်မန်က

“ကျုပ် နားလည်ပါပြီ။ အထက်ဂိုဏ်းရဲ့ စဉ်းစားမှုအတိုင်း ကျုပ်တို့ လိုက်နာပါ့မယ်။”

နတ်ဘုရင်ခံ ပိုင်မန် သဘောတူသည်ကို မြင်လျှင် ဝတ်စုံဖြူဝတ်အမျိုးသားက မည်သည့်စကားမှ ထပ်မဆိုပဲ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

ထိုအချိန်တွင် နတ်ဘုရင်ခံ ပိုင်မန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး

“အကယ်၍ ကျုပ်တို့သာ နန်းတော်သခင်ရဲ့ တပည့်ရင်း နှစ်ယောက်ကို ဖမ်းမိခဲ့မယ်ဆိုရင် ဒါဟာ အကြီးမားဆုံး အကျိုးပြုမှုတစ်ခု မဖြစ်နိုင်ဘူးလား”

ဟု အမြန်ပင် မေးမြန်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်တော့မည်ဖြစ်ရာ သစ္စာမဖောက်မီ၌ အကျိုးဆောင်မှုများကို တတ်နိုင်သမျှ ရယူထားသင့်သည်ဟု နတ်ဘုရင်ခံ ပိုင်မန် တွေးတောနေ၏။

သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းပြီးသွားလျှင် ထိုကဲ့သို့ အခွင့်အရေးမျိုး ရရှိတော့မည် မဟုတ်ပေ။

ထိုစကားကို ကြားလျှင် ဝတ်စုံဖြူဝတ်အမျိုးသားက ခဏခန့် ရပ်တန့်သွားပြီး

“အကယ်၍ ခင်ဗျားကသာ လျို့ဝှက်လဝန်း နန်းတော်ရဲ့ တပည့်ရင်းတွေကို တကယ်ဖမ်းနိုင်ခဲ့မယ်ဆိုရင် ပိုင်မန်ဂိုဏ်းတစ်ခုလုံးကို သွေးလင်းယုန်ခန်းမရဲ့ ကမ္ဘာငယ်ထဲမှာ တိုက်ရိုက် နေထိုင်ခွင့်ပေးဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။”

“အဲ့ဒီလို အကျိုးပြုမှုမျိုးက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တိုက်ပွဲအစီအစဉ်ကို ပေးတာထက်တောင် ပိုပြီး တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ လျှို့ဝှက်လဝန်း နန်းတော်ရဲ့ တပည့်ရင်းတွေကို ဖမ်းဖို့ဆိုတာက မလွယ်လှဘူးနော်။”

“ကျုပ် သိထားသလောက်တော့ ချန်းလုနဲ့ ယဲ့ချူယောင်တို့က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကောင်းကင်အဆင့် ကာကွယ်ရေး နတ်လက်နက်ဖြစ်တဲ့ လေထိန်းဆောင်ထဲမှာပဲ အမြဲရှိနေကြတာ။”

နတ်ဘုရင်ခံ ပိုင်မန်က

“တိုက်ပွဲစတဲ့နေ့ကျရင် အဲဒီနှစ်ယောက် လေထိန်းဆောင်ထဲကနေ ဧကန်မုချ ထွက်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”

ဝတ်စုံဖြူဝတ်အမျိုးသားက

“ဒါဆိုရင်တော့ ပိုင်မန်ဂိုဏ်းဆီက သတင်းကောင်းကို ကျုပ် စောင့်မျှော်နေပါ့မယ်။”

ထိုသို့ပြောပြီးနောက် ဝတ်စုံဖြူဝတ်အမျိုးသား၏ ပုံရိပ် ပျောက်ကွယ်သွား၏။ သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချန်းလုနှင့် ယဲ့ချူယောင်တို့ကို မည်သို့ဖမ်းဆီးရမည်ကို နတ်ဘုရင်ခံ ပိုင်မန် ချက်ချင်းပင် အစီအစဉ်ဆွဲတော့သည်။

ဤသည်မှာ သွေးလင်းယုန်ခန်းမအား သစ္စာခံရန်အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ ထိုနှစ်ယောက်ကို ဖမ်းနိုင်ခဲ့ပါက အနာဂတ်တွင် သွေးလင်းယုန်ခန်းမ၌ နေရာတစ်ခု ရရှိလာမည်မှာ အမှန်ပင်ဖြစ်၏။

ထိုသို့တွေးတောမိရင်း နတ်ဘုရင်ခံ ပိုင်မန်၏ ရင်ထဲတွင် စိတ်အားထက်သန်မှုများ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

……

ရက်အနည်းငယ် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သော်လည်း ထိုရက်များအတွင်း ပိုင်မန်ဂိုဏ်းဘက်မှ မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့ပေ။

ထိုအခြေအနေကို နတ်ဘုရင်ခံ ဝေရွှီ အံ့သြခြင်းမရှိပေ။ အကယ်၍ ပိုင်မန်ဂိုဏ်းကသာ ယခုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ခဲ့ပါက ယခင်က သူတို့ ပေါက်ကြားခဲ့ စေခဲ့သည့် တိုက်ပွဲအစီအစဉ်များလည်း ပျက်ပြားသွားမည်ကို သိနေသောကြောင့် ဖြစ်၏။

သို့သော်လည်း သူတို့ သိထားသော တိုက်ပွဲအစီအစဉ်များမှာ အစကတည်းက အတုအယောင်များသာဖြစ်၏။

တိုက်ပွဲစတင်မည့်နေ့ နံနက်ခင်းတွင် နတ်ဘုရင်ခံ ဝေရွှီက ယဲ့ချူယောင်နှင့် ချန်းလုတို့ကို ခန်းမအတွင်းသို့ ခေါ်ဆောင်လာ၏။ ခန်းမအတွင်း၌ နတ်ဘုရင်ခံ ဝေရွှီမှလွဲ၍ သူနှင့် ယဲ့ချူယောင်တို့သာ ရှိနေသည်ကို မြင်လျှင် လုချန်းက

“နတ်ဘုရင်ခံ ဝေရွှီ ကျုပ်တို့ကို ဘာလို့ ခေါ်လိုက်တာလဲ မသိဘူး။”

နတ်ဘုရင်ခံ ဝေရွှီက

“ရှင်တို့က နန်းတော်သခင်ရဲ့ တပည့်ရင်းတွေပဲ။ ရှင်တို့ တစ်စုံတစ်ခု ဖြစ်သွားလို့ မဖြစ်ဘူး။ ဒါကြောင့် ရှင်တို့ကို နောက်တန်းကနေပဲ စောင့်ကြပ်ခိုင်းဖို့ ကျွန်မ ရည်ရွယ်ထားတယ်။”

ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ်မှ အံ့သြခြင်းမရှိခဲ့ပေ။

သူတို့အနေနှင့် စံပြဖြစ်အောင် ရှေ့တန်းမှ ပါဝင်လိုကြောင်း တစ်စုံတစ်ခု ပြောရန် ယဲ့ချူယောင် ပြင်လိုက်သော်လည်း နတ်ဘုရင်ခံ ဝေရွှီက ဆက်လက်၍

“အကယ်၍ ရှင်တို့ တစ်ခုခုဖြစ်သွားရင် လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေရဲ့ စိတ်ဓာတ် ရေးရာကို ကျိန်းသေပေါက် ထိခိုက်စေလိမ့်မယ်။ အခုအချိန်မှာ နန်းတော်သခင်က တံခါးပိတ် ကျင့်စဉ်စခန်းထဲမှာ အရေးကြီးတဲ့ အခြေအနေကို ရောက်နေတာ။ ရှင်တို့ အခက်အခဲနဲ့ တွေ့နေတယ်ဆိုတာကို သူ သိသွားရင် သူရဲ့ ကျင့်စဉ်ကိုပါ ထိခိုက်သွားနိုင်တယ်”

ဟု ဦးအောင် ပြောလိုက်သည်။

“ရှင်တို့ ဒီမှာ ရှိနေတာနဲ့တင် တပည့်တွေအတွက် စံပြဖြစ်နေပါပြီ။ ထပ်ပြီး အန္တရာယ် မယူပါနဲ့တော့။”

နတ်ဘုရင်ခံ ဝေရွှီ၏ စကားကို ကြားလျှင် ယဲ့ချူယောင်နှင့် လုချန်းတို့ တိတ်ဆိတ်သွားကြ၏။ ခဏအကြာတွင် ယဲ့ချူယောင်က

“ကျွန်မ နားလည်ပါပြီ။ ကျွန်မနဲ့ မောင်လေးတို့ နောက်တန်းကနေပဲ ရှင်တို့ ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်။”

ယဲ့ချူယောင် သဘောတူသည်ကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီ၏ အကြည့်က လုချန်း ထံသို့ ကျရောက်သွားသည်။ သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း လုချန်းက ပြောရန် ပြင်လိုက်သော်လည်း ကိုယ်ပွားတစ်ခုကို မွေးမြူရန် မလွယ်ကူကြောင်းကို သူ သတိရသွား၏။

မကြာသေးမီကပင် ကိုယ်ပွားတစ်ခု ဆုံးရှုံးထားခဲ့ရရာ ယခု နောက်ထပ်တစ်ခုကိုပါ အဆုံးရှုံးမခံလိုတော့သဖြင့်

“ကောင်းပါပြီ... ကျုပ်လည်း နောက်တန်းမှာပဲ နေခဲ့ပါ့မယ်”

ဟုသာ ပြောလိုက်တော့သည်။

…………..

အခန်း (၁၇၃၇)

အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေခြင်းလော မျှားခေါ်နေခြင်းလော

ယဲ့ချူယောင်နှင့် ချန်းလုတို့ နှစ်ဦးလုံး သဘောတူသည်ကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီလည်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားတော့သည်။ ဤစစ်ပွဲတွင် မရေရာမှုများစွာ ရှိနေသကဲ့သို့ ရှေ့တွင်လည်း ထောင်ချောက်များက ဧကန်မုချ စောင့်ကြိုနေပေလိမ့်မည်။

ထို့ကြောင့် ယဲ့ချူယောင်နှင့် ချန်းလုတို့ကို အန္တရာယ်အတွင်းသို့ မဝင်စေလိုခြင်း ဖြစ်၏။

တပည့်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်အတွက်တော့ သူတို့နှစ်ဦး ဤနေရာတွင် ရှိနေပေးခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။

အတွင်းစည်း တပည့်တစ်ဦးနှင့် သာမန်တပည့်တစ်ဦး၏ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းမှာ အစကတည်းက ကွာခြားလှ၏။ အတွင်းစည်း တပည့်တစ်ဦး၏ နေရာသည် များစွာ တန်ဖိုးရှိလှ၏။

နန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေပါက ပို၍ပင် ဆိုဖွယ်ရာ မရှိပေ။ အားကြီးသူက အားနည်းသူကို အနိုင်ယူသည့် ဤလောကတွင် လူတိုင်းတန်းတူညီမျှ မဖြစ်နိုင်ပေ။

ဘေးကင်းအောင် နေရန် ချန်းလုနှင့် ယဲ့ချူယောင်တို့ကို မှာကြားပြီးနောက် နတ်ဘုရင်ခံ ဝေရွှီလည်း အစည်းအဝေးခန်းမသို့ ပြန်လှည့်လာခဲ့သည်။ မကြာမီမှာပင် အသီးသီးသော ဂိုဏ်းများမှ ဂိုဏ်းချုပ်များ အစည်းအဝေးခန်းမသို့ ရောက်ရှိလာကြ၏။

ခဏခန့် ဆွေးနွေးပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်သည် ကျောက်စိမ်းနဂါးဂိုဏ်းကို အလုံးစုံ စတင်တိုက်ခိုက်တော့သည်။

ထိုအချိန်မှာပင် ပိုင်မန်ဂိုဏ်းမှ တပည့်များသည်လည်း ဂိုဏ်းချုပ်၏ ဦးဆောင်မှုအောက်တွင် ရှေ့တန်းတပ်အဖြစ် တကယ်ပင် တာဝန်ယူခဲ့ကြ၏။

ပိုင်မန်ဂိုဏ်းက တိုက်ရိုက်သစ္စာမဖောက်ပဲ ရှေ့တန်းမှ ဦးဆောင်နေသည်ကို မြင်လျှင် နတ်ဘုရင်ခံ ရွှမ်ဟူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ နတ်ဘုရင်ခံ ဝေရွှီ၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် သစ္စာဖောက် ပိုင်မန်ဂိုဏ်းကို ရှင်းပစ်ရန် သူ ကြံစည်နေခဲ့သော်လည်း ယခုအနေအထားအရ သူတို့ သစ္စာဖောက်မည့် လက္ခဏာ တစ်စုံတစ်ရာ မရှိပေ။

သူတို့အပေါ် အထင်လွဲခဲ့တာလား...

သို့မဟုတ် သူတို့၏ အကျအဆုံးနည်းပါးမှုမှာ လိမ္မာပါးနပ်မှုကြောင့်ပဲလား။

……

ထိုအချိန်တွင် ပိုင်မန်ဂိုဏ်း၏ အခြေစိုက်စခန်း...

အခန်းတစ်ခန်းအတွင်း၌။

နတ်ဘုရင်ခံ ပိုင်မန်သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေ၏။ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီးနောက် သူ၏ မျက်နှာရှိ ပြုံးရွှင်ရွှင် အမူအရာက ထင်ရှားလာတော့သည်။

နတ်ဘုရင်ခံ ပိုင်မန်က

“ကျုပ် တွေးထားတဲ့အတိုင်းပဲ... ယဲ့ချူယောင်နဲ့ ချန်းလုတို့က ရှေ့တန်းကို သွားမှာမဟုတ်ဘူး။”

နတ်ဘုရင်ခံ ပိုင်မန်က

“တိုက်ပွဲစတာနဲ့ အဲဒီနှစ်ယောက်ကို ကျုပ် ချက်ချင်း လက်စဖျောက်တော့မယ်။ သူတို့ကိုသာ ဖမ်းနိုင်ရင် သွေးလင်းယုန်ခန်းမမှာ ကျုပ် မျက်နှာပွင့်ပြီပေါ့။”

နတ်ဘုရင်ခံ ပိုင်မန်သည် ယဲ့ချူယောင်နှင့် ချန်းလုတို့ကို ဖမ်းဆီးရန်အတွက် အခြေစိုက်စခန်းတွင် ကျန် နေခဲ့ခြင်းဖြစ်သည်။ ထိုအတွက် သူ၏ ကိုယ်ပွားကို အထူးပင် ဆင့်ခေါ်ထားခဲ့၏။

အစည်းအဝေးတက်ရောက်ချိန်တွင် သူ၏ ပင်မကိုယ်က တက်ရောက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးပြီးဆုံးသည်နှင့် ကျောက်စိမ်းနဂါးဂိုဏ်းဆီသို့ သွားသော စစ်တပ်အား သူ၏ ကိုယ်ပွားကို ဦးဆောင်စေခဲ့၏။ သူ၏ လျင်မြန်သော အရှိန်ကြောင့် ရှေ့တန်းမှ ဦးဆောင်နေသူမှာ ကိုယ်ပွားဖြစ်နေသည်ကို လောလောဆယ်တွင် မည်သူမှ သိနိုင်လိမ့်မည်မဟုတ်ဟု သူက ယုံကြည်နေသည်။

မကြာမီမှာပင် ပိုင်မန်ဂိုဏ်း၏ စစ်တပ် ကျောက်စိမ်းနဂါးဂိုဏ်း၏ တောင်ဘက်တံခါးအပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ထိုအခိုက်အတန့်တွင် နည်းဗျူဟာပုံစံတစ်ခုက ပိုင်မန်ဂိုဏ်းကို တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။

ထို့နောက် သွေးမြူများ ပြန့်လွင့်လာပြီး ခဏခန့်အတွင်းမှာပင် စစ်တပ်တစ်တပ်လုံး ထိုသွေးမြူများအတွင်းသို့ နစ်မြုပ်သွား တော့သည်။ ထိုမျှမက ထိုသွေးမြူများက နတ်အာရုံဖြင့် စူးစမ်းမှုကိုပါ ဖိနှိပ်ထားနိုင်၏။

ဖြစ်ပျက်နေသည့်အရာကို နတ်ဘုရင်ခံ ဝေရွှီ ချက်ချင်းပင် နားလည်သွားသည်။ ဤသည်မှာ ပိုင်မန်ဂိုဏ်းကို ခေါ်ဆောင်သွားရန်အတွက် သွေးလင်းယုန်ခန်းမ၏ နည်းလမ်းတစ်ခုပင် ဖြစ်၏။

နတ်ဘုရင်ခံ ဝေရွှီသည် လုံးဝထိတ်လန့်ခြင်းမရှိပဲ လျှို့ဝှက်လဝန်းနန်းတော်နှင့် လက်အောက်ခံဂိုဏ်းများမှ နတ်လှေများကို တန်းစီရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းနဂါးဂိုဏ်းဆီသို့ ဖျက်အားပြင်း အလင်းတန်းများဖြင့် ပစ်ခတ်တော့သည်။

နတ်ဘုရင်ခံ ဝေရွှီက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်၏။

“အေးခဲလွင်ပြင်”

ခဏအတွင်းမှာပင် သွေးမြူများ အေးခဲသွားတော့သည်။ ထိုသွေးမြူများက သူမ၏ နတ်စွမ်းအားကို အနည်းငယ် ကန့်သတ်ထားသည်ဟု ခံစားရသော်လည်း ထိုကန့်သတ်မှုက အရာရောက်လှသည်တော့ မဟုတ်ပေ။

နောက်တစ်ခဏတွင် သူတို့ကို လွှမ်းခြုံထားသည့် သွေးမြူများ ချက်ချင်း အေးခဲသွားခဲ့ပြီး နတ်လှေများမှ ဖျက်အားပြင်း အလင်းတန်းများ ပစ်ခတ်လိုက်လျှင် အေးခဲနေသည့် သွေးမြူများမှာ ဖန်သားကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။ ထိုအခါမှ တိုက်ပွဲမြေပြင် ပြန်လည်ကြည်လင်လာခဲ့၏။

သို့သော် မြင်ကွင်းပြန်လည်ကြည်လင်လာလျှင် ပိုင်မန်ဂိုဏ်းမှ လူများကို ရှာမတွေ့တော့ပေ။ ထိုအရာကို မြင်သော်လည်း နတ်ဘုရင်ခံ ဝေရွှီ အနည်းငယ်မျှ အံ့သြခြင်းမရှိခဲ့ပေ။

နတ်ဘုရင်ခံ ရွှမ်ဟူကတော့ အလွန်တရာ ဒေါသထွက်နေ၏။ နတ်ဘုရင်ခံ ရွှမ်ဟူက

“ဒီသစ္စာဖောက်တွေ လွတ်သွားတာပဲ... အစောကတည်းက သိရင် သူတို့ကို ကျုပ်ကိုယ်တိုင် သတ်ပစ်လိုက်ရမှာ။”

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ ဝေရွှီက ရောက်ရှိနေသည့် လက်အောက်ခံဂိုဏ်းများအားလုံးထံသို့

“ပိုင်မန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်သွားပြီ။ အခုကစပြီး ပိုင်မန်ဂိုဏ်းဝင်အားလုံးကို မိစ္ဆာနတ်တွေအဖြစ် သတ်မှတ်တယ်”

ဟု သတင်းစကား ပါးလိုက်သည်။

ထိုစကားများကို ကြားလျှင် အခြားဂိုဏ်းများမှ လူများ ခဏခန့် မှင်တက်သွားကြသော်လည်း မကြာမီမှာပင် အခြေအနေကို နားလည်သွားကြတော့သည်။ ပိုင်မန်ဂိုဏ်း၏ အကျအဆုံးများ ဘာကြောင့် ဤမျှနည်းပါးနေရသလဲဆိုတာကို သူတို့ ဇဝေဇဝါဖြစ်နေခဲ့ကြခြင်းဖြစ်၏။ တကယ်တော့ သူတို့က သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းသွားခဲ့ကြခြင်း ဖြစ်သည်။

သူတို့ဘက်မှ အကျအဆုံးများပြားရခြင်းမှာ ပိုင်မန်ဂိုဏ်းက တိုက်ပွဲအစီအစဉ်များကို သွေးလင်းယုန်ခန်းမရှိ မိစ္ဆာနတ်များထံ ပေါက်ကြားစေခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု တွေးတောမိလျှင် လက်အောက်ခံဂိုဏ်းများ အလွန်တရာ ဒေါသထွက်သွားကြပြီး သစ္စာဖောက် ပိုင်မန်ဂိုဏ်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။

ထိုအချိန်မှာပင် အချို့သူများကတော့ စတင်စိုးရိမ်လာကြ၏။

ပိုင်မန်ဂိုဏ်းကသာ သစ္စာဖောက်ခဲ့လျှင် ယနေ့၏ တိုက်ပွဲအစီအစဉ်များကိုလည်း ပိုင်မန်ဂိုဏ်းက ပေါက်ကြားစေခဲ့မည် မဟုတ်ပါလား။

အကယ်၍သာ နဂိုအစီအစဉ်အတိုင်း ဆက်လက်တိုက်ခိုက်မည်ဆိုပါက သွေးလင်းယုန်ခန်းမ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားမည် မဟုတ်ပါလား။

လူတိုင်း ထိုသို့ တွေးတောနေစဉ်မှာပင် ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းမှ သွေးရောင်လွှမ်းနေသည့် နတ်လှေများစွာ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဂိုဏ်းအားလုံး ချက်ချင်းပင် အသင့်ပြင်လိုက်ကြ၏။

သွေးလင်းယုန်ခန်းမ ပေါ်ထွက်လာပြီ ဖြစ်သည်။

နောက်တစ်ခဏတွင် သွေးလင်းယုန်ခန်းမ၏ နတ်လှေများက သွေးရောင်အလင်းတန်းများဖြင့် ပစ်ခတ်တော့သည်။ ထိုစဉ် နတ်ဘုရင်ခံ ဝေရွှီက နတ်လှေများပေါ်ရှိ ကာကွယ်ရေး နည်းဗျူဟာပုံစံများကို ဖွင့်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

မလှမ်းမကမ်းရှိ နတ်လှေများကို ကြည့်ရင်း နတ်ဘုရင်ခံ ဝေရွှီ တစ်ယောက် အတွေးထဲ နစ်မြောသွားသည်။

နတ်လှေအနည်းငယ်မျှသာ ရှိနေခြင်းဖြစ်၏။

ယင်းက ကျောက်စိမ်းနဂါးဂိုဏ်းတွင် ရှိနေသည့် သွေးလင်းယုန်ခန်းမ၏ အင်အားစုအားလုံး မဖြစ်နိုင်တာမှာ ထင်ရှားလှ၏။ တစ်စုံတစ်ဦးက အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေခြင်း သို့မဟုတ် သူတို့ကို မျှားခေါ်နေခြင်း ဖြစ်လိမ့်မည်။

……

ထိုအချိန်တွင် ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းရှိ အစည်းအဝေးခန်းမ၌။

သူတို့ဘက်မှ နတ်လှေများနှင့် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေများ အပြန်အလှန် ပစ်ခတ်နေသည်ကို မြင်လျှင် နတ်ဘုရင်ခံ ဝိညာဉ်ကြွေ၏ မျက်နှာတွင် စိတ်ပျက်နေသည့် အမူအရာ ပေါ်လာသည်။

သူ၏ အကြည့်သည် နတ်ဘုရင်ခံ ပိုင်မန်၏ ကိုယ်ပွားထံသို့ ကျရောက်သွားပြီးနောက် နတ်ဘုရင်ခံ ဝိညာဉ်ကြွေက

“ခင်ဗျားရဲ့ ပင်မကိုယ်က ဘယ်မှာလဲ။ ဘာဖြစ်လို့ ကိုယ်ပွားကိုပဲ ပိုင်မန်ဂိုဏ်းသားတွေကို ဦးဆောင်ခိုင်းလိုက်တာလဲ။”

မူလ အစီအစဉ်မှာ ပိုင်မန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်မှ လူများကို သူတို့၏ နည်းဗျူဟာပုံစံအတွင်းသို့ မျှားခေါ်လာရန် ဖြစ်၏။ သို့သော် လျှို့ဝှက်လဝန်းနန်းတော်နှင့် လက်အောက်ခံဂိုဏ်းများ အလှမ်းဝေးကွာနေချိန်မှာပင် ပိုင်မန်ဂိုဏ်းက ကျောက်စိမ်းနဂါးဂိုဏ်း၏ တောင်တံခါးသို့ ရောက်ရှိလာခဲ့သည်။

ပိုင်မန်ဂိုဏ်းကို လမ်းပြရန် တာဝန်ရှိသူများသည် ပိုင်မန်ဂိုဏ်း ရောက်လာသည်ကို မြင်သည်နှင့် သွေးမြူ နည်းဗျူဟာပုံစံကြီးကို အလျင်အမြန် ဖွင့်လှစ်လိုက်ကြသည်။

ထို့ကြောင့် ပိုင်မန်ဂိုဏ်းက ကျောက်စိမ်းနဂါးဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားသော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေများကတော့ ထောင်ချောက်အတွင်းသို့ ကျမသွားခဲ့ပေ။

ယခု နတ်ဘုရင်ခံ ပိုင်မန်က သူ၏ ကိုယ်ပွားကို ဦးဆောင်ခိုင်းလိုက်သဖြင့် နတ်ဘုရင်ခံ ဝေရွှီ သံသယဖြစ်လာ၏။ လျှို့ဝှက်လဝန်းစစ်တပ်နှင့် ပိုင်မန်ဂိုဏ်းကြား အကွာအဝေးတစ်ခု တမင်ထားလိုက်ခြင်းလားဟု နတ်ဘုရင်ခံ ဝိညာဉ်ကြွေ တွေးမိသွားခြင်းဖြစ်သည်။

ဝိညာဉ်ကြွေ နတ်ဘုရင်ခံ ဒေါသထွက်နေသည်ကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်၏ ကိုယ်ပွားက

“ကျုပ်ရဲ့ ပင်မကိုယ်က ပိုင်မန်ဂိုဏ်းရဲ့ အခြေစိုက်စခန်းမှာ ရှိနေတုန်းပါ။ လျှို့ဝှက်လဝန်းနန်းတော်က ကျောက်စိမ်းနဂါးဂိုဏ်းကို တိုက်နေတုန်းမှာ ယဲ့ချူယောင်နဲ့ ချန်းလုတို့ကို ဖမ်းဖို့ ကျုပ် ရည်ရွယ်ထားပါတယ်။”

ထိုစကားကို ကြားလျှင် နတ်ဘုရင်ခံ ဝိညာဉ်ကြွေ၏ မျက်နှာ အနည်းငယ် ပြေလျော့သွားပြီးနောက်

“အကယ်၍ ခင်ဗျားသာ အဲ့ဒီနှစ်ယောက်ကို ဖမ်းနိုင်ရင် ဒီတစ်ခါ မျှားခေါ်တာ မအောင်မြင်တာကို ခင်ဗျားအပေါ် အပြစ်မတင်တော့ဘူး။”

နတ်ဘုရင်ခံ ပိုင်မန်၏ ကိုယ်ပွားက

“စိတ်မပူပါနဲ့... ကျုပ်ရဲ့ ပင်မကိုယ်က အဲဒီနှစ်ယောက်ကို ဧကန်မုချ ဖမ်းနိုင်မှာပါ။ အခု လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နောက်တန်းမှာ နတ်ဘုရင်ခံအဆင့် ပညာရှင်တစ်ယောက်မှ ကျန်မနေတော့တဲ့အတွက် ကျုပ်ရဲ့ ပင်မကိုယ်ကို ဘယ်သူမှ တားနိုင်မှာ မဟုတ်ပါဘူး။”

ထိုအခိုက်အတန့်တွင် နတ်ဘုရင်ခံ ကျောက်စိမ်းနဂါးက ခန်းမအတွင်းရှိ ပုံရိပ် ယောင် မျက်နှာပြင်ကို ကြည့်ရင်း

“နောက်ထပ် ဘာဆက်လုပ်ကြမလဲ။ လျှို့ဝှက်လဝန်းနန်းတော်က နည်းဗျူဟာပုံစံထဲကို မဝင်လာရင် ကျုပ်တို့ ပြင်ဆင်ထားတဲ့ နည်းဗျူဟာပုံစံက အလကား ဖြစ်သွားလိမ့်မယ်။”

နတ်ဘုရင်ခံ ဝိညာဉ်ကြွေက

“မလောပါနဲ့... သူတို့က ကျောက်စိမ်းနဂါးဂိုဏ်းကို ဖျက်ဆီးချင်တာဆိုတော့ နီးနီးကပ်ကပ် လာကိုလာရလိမ့်မယ်။ ကျုပ်တို့လူတွေကို သူတို့နဲ့ ဟန်ပြ ရင်ဆိုင်တိုက်ခိုက်ခိုင်းပြီးမှ နောက်ဆုတ်ခိုင်းလိုက်မယ်။ အဲဒီအခါ သူတို့က ကျုပ်တို့နောက်ကို လိုက်လာကြလိမ့်မယ်။”

…………..

All Chapters