← Chapters

အခန်း (၁၇၃၈-၁၇၄၀)

Vol. 116 Ch. 1738-1740

အခန်း (၁၇၃၈-၁၇၄၀)

Vol. 116 Ch. 1738-1740

အခန်း( ၁၇၃၈ )

ကျရောက်လာသည့် အန္တရာယ်

ကျောက်စိမ်းနဂါးဂိုဏ်း၏ အပြင်ဘက်မှ ကြွေးကြော်သံများကို နတ်ဘုရင်ခံ ပိုင်မန်၏ ပင်မကိုယ် ကြားလိုက်သောအခါ စစ်ပွဲစတင်ပြီဖြစ်ကြောင်း သိလိုက်၏။ လျှို့ဝှက်လဝန်းနန်းတော်မှ လူများလည်း အလုပ်များနေကြပြီဖြစ်ရာ သူ လှုပ်ရှားရန် အချိန်တန်လေပြီ။

ထိုအတွေးနှင့်အတူ လျှို့ဝှက်လဝန်းနန်းတော်၏ စခန်းကို နတ်ဘုရင်ခံ ပိုင်မန်က နတ်အာရုံဖြင့် ချက်ချင်း စစ်ဆေးလိုက်ရာ တောင်ထိပ်တစ်ခုပေါ်ရှိ ယဲ့ချူယောင်၏ ပုံရိပ်ကို လျင်မြန်စွာပင် မြင်တွေ့လိုက်ရသည်။

ယဲ့ချူယောင်သည် ထိုအခိုက်အတန့်တွင် စစ်ပွဲအခြေအနေကိုသာ အာရုံစိုက်နေခဲ့၏။ထိုစဉ် သူမ၏ ကိုယ်ပေါ်သို့ အစွမ်းထက်သော နတ်အာရုံတစ်ခု ဖြတ်သန်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုနတ်အာရုံမှာ အနီးနားမှလာကြောင်း သိလိုက်ရသဖြင့် သူမ၏ မျက်ခုံးများ ချက်ချင်း တွန့်သွားသည်။

ယုတ္တိဗေဒအားဖြင့် ဆင်ခြင်ကြည့်လျှင် ထောက်ပံ့ပို့ဆောင်ရေး တာဝန်ယူရသည့် တပည့်များမှလွဲ၍ စခန်းတွင် မည်သူမှ ကျန်ရှိမနေသင့်ပေ။ အထူးသဖြင့် ရွှေနတ်အဆင့်အထက် ရှိသူများအားလုံးမှာ စစ်မြေပြင်သို့ ထွက်ခွာသွားကြပြီဖြစ်သည်။

ဤကဲ့သို့ အချိန်မျိုး၌ ထိုမျှ အစွမ်းထက်သော နတ်အာရုံ တစ်ခုက သူမကို မည်သို့ စစ်ဆေးနိုင်ပါမည်နည်း။

တစ်ခုခုတော့ မှားနေပေပြီ။

ယဲ့ချူယောင်က လုချန်းကို နတ်အာရုံမှတစ်ဆင့်

“မောင်လေး... စခန်းက အန္တရာယ်ရှိနေနိုင်တယ်။ ရှင် သတိထားဦး။”

သူတို့၏ အဆင့်အတန်းများအရ မိစ္ဆာနတ်များကို ဆွဲဆောင်ရန် လွယ်ကူကြောင်းကို ယဲ့ချူယောင်က သိထား၏။ စခန်းအတွင်းသို့ ခိုးဝင်လာပြီး သူမနှင့် လုချန်း၏ တည်နေရာကို ရှာဖွေနေသည့် မိစ္ဆာနတ်တစ်ဦး၏ နတ်အာရုံဖြစ်မည်ဟု သူမက သံယယဝင်နေသည်။

ယဲ့ချူယောင်သည် လုချန်းကို သတိပေးပြီးသည်နှင့် တောင်ထိပ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသဖြင့် သူမ ချက်ချင်း သတိ ရှိသွား၏။

နောက်တစ်ခဏတွင် သူမ၏ ရှေ့မှောက်၌ နတ်ဘုရင်ခံ ပိုင်မန်၏ ပုံရိပ် ပေါ်လာသည်။ သူ့ကို မြင်လျှင် ယဲ့ချူယောင်၏ မျက်ဝန်းများ ပို၍ ကျဉ်းမြောင်းသွားပြီး

“နတ်ဘုရင်ခံ ပိုင်မန်က ဘာလို့ စစ်မြေပြင်မှာ ရှိမနေရတာလဲ။ ဒီကို ဘာလာလုပ်တာလဲ။”

ယဲ့ချူယောင်သည် လူအ မဟုတ်ပေ။ ဤအချိန်၌ နတ်ဘုရင်ခံ ပိုင်မန် စစ်မြေပြင်တွင် မရှိခြင်းမှာ သူသည် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းသွားပြီဖြစ်ကြောင်း ပြသနေခြင်းသာဖြစ်သည်။

ယဲ့ချူယောင်၏ သတိကြီးစွာ ကြည့်နေသည့် အကြည့်ကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“သွေးလင်းယုန်ခန်းမရဲ့ ခန်းမသခင်က မိန်းကလေးယဲ့ကို ဧည့်သည်အဖြစ် ဖိတ်ချင်နေတာပါ။ အသာတကြည်ပဲ ကျုပ်နဲ့အတူ လိုက်ခဲ့ပါ။”

ထိုသို့ပြောပြီးနောက် နတ်ဘုရင်ခံ ပိုင်မန်က တွန့်ဆုတ်မနေတော့ပဲ တိုက်ရိုက် လှုပ်ရှားလိုက်သည်။ ရှေ့တန်းတွင် စစ်ပွဲစတင်နေပြီ ဖြစ်သော်လည်း အချိန်ဆွဲနေပါက ပြဿနာတက်လာမည်ကို နတ်ဘုရင်ခံ ပိုင်မန် စိုးရိမ်နေ၏။

အကယ်၍ နောက်တန်းရှိ ဆူညံမှုကို နတ်ဘုရင်ခံတစ်ဦး သတိပြုမိသွားလျှင် သို့မဟုတ် လျှို့ဝှက်လဝန်းနန်းတော်က အင်အားဖြည့်တင်းရန် နတ်ဘုရင်ခံအသစ်တစ်ဦးကို စေလွှတ်လိုက်လျှင် သူ၏ အစီအစဉ် ပျက်စီးသွားနိုင်သည်။

ဤလူဖမ်းပွဲကို အမြန်အပြီးသတ်ရန် လိုအပ်၏။

ထိုအခိုက်တွင် နတ်ဘုရင်ခံ ပိုင်မန်ထံမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဖိအားကြောင့် ယဲ့ချူယောင်လည်း မတ်တပ်ပင် မရပ်နိုင်တော့ပေ။ သူမ၏ ကိုယ်အတွင်းရှိ နတ်အငွေ့အသက်များကို ချက်ချင်း လှည့်ပတ်လိုက်ပြီး ဓားကို ဝှေးယမ်းလိုက်၏။

“ရေခဲရေတံခွန် ဝဲဂယက်”

နောက်တစ်ခဏတွင် ယဲ့ချူယောင် ဝှေ့ယမ်းလိုက်သည့် ဓားအရှိန်အဝါမှ ကြောက်မက်ဖွယ် အအေးဓာတ်များ ထွက်ပေါ်လာသည်။ ခဏချင်းမှာပင် တောင်ထိပ်တစ်ခုလုံး၌ ရေခဲများ ဖုံးလွှမ်းသွား၏။

သို့သော်လည်း နတ်ဘုရင်ခံ ပိုင်မန်က မည်သည့် နတ်နိယာမကိုမှ အသုံးမပြုပဲ လက်သီးဖြင့် ထိုးနှက်လိုက်ကာ ခန္ဓာကိုယ်စွမ်းအားသက်သက်ဖြင့်ပင် ယဲ့ချူယောင်၏ တိုက်ကွက်ကို ချေဖျက်ပစ်လိုက်သည်။

စစ်မှန်သောနတ်တစ်ဦးအနေနှင့် နတ်ဘုရင်ခံ ပိုင်မန်ကို မယှဉ်နိုင်မှန်း သိသောကြောင့် တည်နေရာရွှေ့ပြောင်းခြင်း အင်းစာရွက်ကို ချက်ချင်းထုတ်ယူကာ ယဲ့ချူယောင် ပျောက်ကွယ်သွား၏။

သို့သော်လည်း ထိုအချိန်တွင် နတ်ဘုရင်ခံ ပိုင်မန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ သူ မလှုပ်ရှားမီကတည်းက ဤအာကာသကို ချိပ်ပိတ်ထားခဲ့ရာ တည်နေရာရွှေ့ပြောင်းခြင်း အင်းစာရွက်ကို အသုံးပြုသော်လည်း အနီးနားသို့သာ ရွှေ့ပြောင်းနိုင်မည်ဖြစ်သည်။

ယဲ့ချူယောင် ပြန်လည်ပေါ်လာသည့်အခါ တောင်ထိပ်မှ တောင်ခြေသို့သာ ရောက်ရှိသွားသည်ကို တွေ့လိုက်ရ၏။ ထိုအရာကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်က အာကာသကို ချိပ်ပိတ်ထားကြောင်း ယဲ့ချူယောင်က ချက်ချင်း နားလည်သွားသည်။

နောက်ဆုံးတွင် ယဲ့ချူယောင်၏ ကျောက်စိမ်းကဲ့သို့ အေးစက်သော မျက်နှာပေါ်၌ ထိတ်လန့်မှု အရိပ် အယောင်အချို့ ပေါ်လာ၏။

ဒုက္ခတော့ ရောက်ပြီ။

သူမ၏ အစွမ်းနှင့်ဆိုလျှင် နတ်ဘုရင်ခံတစ်ဦး၏ အာကာသချိပ်ပိတ်မှုကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ အာကာသချိပ်ပိတ်မှု ရှိနေပါက သူမ၏ တည်နေရာရွှေ့ပြောင်းခြင်း အင်းစာရွက်က ဤနယ်မြေအပြင်ဘက်သို့ ပို့ဆောင်ပေးနိုင်မည် မဟုတ်ပေ။

ထို့နောက် လုချန်းကို ယဲ့ချူယောင်က နတ်အာရုံဖြင့် ဆက်သွယ်လိုက်၏။

“မောင်လေး... ရှင် အခု ဘယ်မှာလဲ”

သူမ၏ မောင်လေးမှာ ချိပ်ပိတ်ထားသည့် အာကာသအတွင်း ရှိမနေပဲ အကူအညီသွားတောင်းနိုင်လိမ့်မည်ဟုသာ သူမက မျှော်လင့်နိုင်တော့သည်။

မမျှော်လင့်ပဲ သူမ သတင်းပို့ပြီးသည်နှင့် နောက်တစ်ခဏတွင် လုချန်း သူမ၏ ရှေ့မှောက်၌ ပေါ်လာ၏။ လုချန်းကို မြင်လျှင် ယဲ့ချူယောင် မှင်တက်သွား‌တော့ သည်။

ဤလူအသည် ထွက်မပြေးပဲ သူမဆီသို့ ရောက်လာခဲ့သည်။

တစ်ဖက်လူက သူတို့ကို ပစ်မှတ်ထားနေသည်ကို သူ မသိလေရော့သလား။

သတိပြန်ဝင်လာလျှင် လုချန်းကို ယဲ့ချူယောင်က ချက်ချင်း ကြိမ်းမောင်းလိုက်၏။

“ရှင် ဒီကို ဘာလာလုပ်တာလဲ၊ မြန်မြန် ထွက်သွား။ ကျွန်မ သူတို့ကို တားဖို့ နည်းလမ်းရှာလိုက်မယ်။”

လုချန်း ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်က အားရပါးရ ရယ်မောလိုက်၏။

“အံ့ဩစရာပဲ... ချန်းလု... ခင်ဗျားက ကျုပ်ခြေရင်းကို ကိုယ်တိုင် လာအပ်တာပဲ။”

ထိုသို့ပြောရင်း နတ်ဘုရင်ခံ ပိုင်မန်က လက်သီးဖြင့် နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။

“ခင်ဗျားတို့နှစ်ယောက်လုံး ဒဏ်ရာမရချင်ရင် မရုန်းကန်နဲ့။ ကျုပ်နဲ့အတူ လိမ္မာပါးနပ်စွာ လိုက်ခဲ့ကြ။ မဟုတ်ရင်တော့ ခင်ဗျားတို့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်တယ်လို့ မပြစ်မတင်နဲ့။”

နတ်ဘုရင်ခံ ပိုင်မန်၏ လက်သီးက နီးကပ်လာလျှင် လုချန်းက နတ်သတ်ဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး သူ၏ နတ်အငွေ့အသက်အားလုံးကို စုစည်းလိုက်၏။

“ပိလော့ နဂါးပြာ ဟိန်းသံ”

သွေးကဲ့သို့ နီရဲနေသည့် နဂါးကြီးတစ်ကောင်သည် နတ်ဘုရင်ခံ ပိုင်မန်ဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။ ဓားအရှိန်အဝါမှ ဖြစ်ပေါ်လာသည့် နဂါးအတွင်းရှိ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသဖြင့် နတ်ဘုရင်ခံ ပိုင်မန်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ထို့နောက် သူက

“ သန့်စင် ရွှေ‌‌ရောင် လက်သီး”

ဟု ကြွေး‌ကြော်လိုက်၏။

နောက်တစ်ခဏတွင် နတ်ဘုရင်ခံ ပိုင်မန်၏ ခန္ဓာကိုယ်သည် ရွှေရောင်ပြောင်းသွားပြီး သူ၏ လက်သီးရှေ့တွင် ရွှေရောင်လက်သီးရိပ်တစ်ခု ပေါ်လာသည်။ ရွှေရောင်လက်သီးရိပ်နှင့် သွေးနဂါးတို့ ထိတွေ့မိလျှင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး သူတို့ရှေ့ရှိ တောင်ထိပ်လည်း ပြားချပ်သွား၏။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဖျက်ဆီးအားကို ခုခံရန်အတွက် လုချန်းနှင့် ယဲ့ချူယောင်တို့က ကိုယ်တွင်းရှိ နတ်အငွေ့အသက်များကို ချက်ချင်း လှည့်ပတ်လိုက်ကြသည်။ သို့သော်လည်း ပေါက်ကွဲမှု ပြီးဆုံးသွားသည်နှင့် နတ်ဘုရင်ခံ ပိုင်မန်က လက်သီးဖြင့် ဝှေ့ယမ်းလိုက်ရာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် မီးခိုးများနှင့် ဖုန်မှုန့်များ လွင့်စင်သွား၏။

ထိုအခါ နတ်ဘုရင်ခံ ပိုင်မန်၏ ရှေ့မှောက်၌ လုချန်းနှင့် ယဲ့ချူယောင်တို့ ပြန်လည် ပေါ်လာခဲ့သည်။ ထိုအခိုက်တွင် နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာ ခက်ထန်သွားပြီး တစ်ဆက်တည်း ခြိမ်းခြောက်လိုက်၏။

“လျှို့ဝှက်လဝန်းရဲ့ တပည့်ရင်းတွေဆိုတော့လည်း ဒီ‌လောက်တော့ စွမ်းရမှာပေါ့။ ကျုပ်ရဲ့ လက်သီးချက်ကို ခံနိုင်ရည်ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

“ခင်ဗျားတို့က ကျုပ်နဲ့အတူ လိုက်ဖို့ ငြင်းဆန်နေမှတော့ ကျုပ်လည်း ပညာပြရတော့မှာပေါ့။”

ထိုလက်သီးတွင် သူ၏ စွမ်းအား အားလုံးကို အသုံးမပြုခဲ့သော်လည်း ငါးဆယ်ရာခိုင်နှုန်းခန့်‌တော့ ပါဝင်၏။

ထိုလက်သီးကို ကောင်းကင်နတ်တစ်ဦးက ခုခံနိုင်ခြင်းမှာ အံ့အားသင့်စရာပင်။

သူသည် ခန္ဓာကိုယ်ကို အလေး‌ပေး ကျင့်ကြံသည့် နတ်ဘုရင်ခံတစ်ဦးဖြစ်ရာ သူ၏ ခွန်အားက အလွန်ကြီးမားလှ၏။ ထိုခွန်အားကို ခုခံနိုင်သော ဤကောင်းကင်နတ်၏ အစွမ်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြနေသည်။

ကောင်းကင်နတ်အဆင့်နှင့်ပင် နတ်ဘုရင်ခံတစ်ဦးကို ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဆိုပါက သူ ကြီးထွားလာပါက မည်မျှ ကြောက်စရာကောင်းလိမ့်မည်ကို စဉ်းစားကြည့်နိုင်သည်။

ယခု ချန်းလုကို ချက်ချင်း ဒုက္ခိတဖြစ်အောင် လုပ်လိုစိတ်သာ နတ်ဘုရင်ခံ ပိုင်မန်၏ စိတ်ထဲ ရှိတော့၏။ သူနှင့် ရန်ငြိုးဖွဲ့ပြီးပြီဖြစ်ရာ ထိုသူသာ နောင်တစ်ချိန်တွင် ကြီးထွားလာပါက ဧကန်မုချ ကလဲ့စားချေလာလိမ့်မည်ဖြစ်သည်။

နောက်တစ်ခဏတွင် နတ်ဘုရင်ခံ ပိုင်မန်သည် လုချန်း၏ ရှေ့တည့်တည့်သို့ ရုတ်ချည်း ရောက်ရှိလာ၏။ ထို့နောက် သူက လက်သီးဖြင့် နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။

“ဟင်းလင်းပြင်ခွဲ လက်သီး”

လက်သီး၏ ဖိအားကြောင့် ယဲ့ချူယောင်နှင့် လုချန်းတို့ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ ယဲ့ချူယောင်၏ မျက်နှာမှာ ဖြူလျော်သွားပြီး ယနေ့တွင် ဤနေရာ၌ သူမ တကယ်ပဲ သေရတော့မည်လားဟု တွေးတောမိလိုက်သည်။

သို့သော်လည်း မမျှော်လင့်ပဲ နောက်တစ်ခဏတွင် လုချန်းက သူမ၏ ရှေ့၌ ရုတ်တရက် ကာကွယ်ပေးလိုက်၏။

ထိုအရာကို မြင်လျှင် ယဲ့ချူယောင် အနည်းငယ် ကြောင်အမ်းသွားရသည်။

ဤကဲ့သို့ အရေးကြီးသော အချိန်၌ ချန်းလုက သူမကို ကာကွယ်ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ရာ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များစွာ ပေါ်ပေါက်လာ၏။

ထိုအခိုက်အတန့်တွင် လုချန်း၏ ဦးခေါင်းထက်၌ ယင်ယန်ပုံရိပ်တစ်ခု ပေါ်လာပြီး အဆက်မပြတ် လည်ပတ်နေသည်။

ယခုတစ်ကြိမ်တွင်တော့ နတ်ဘုရင်ခံ ပိုင်မန်၏ လက်သီးအရှိန်သည် လုချန်း၏ ရှေ့ တစ်ကိုက်ခန့်အကွာတွင် ရပ်တန့်သွားပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

…………..

အခန်း (၁၇၃၉ )

သေလမ်းရှာခြင်း

သူ၏ အရှေ့တွင် ဖောက်ထွင်းမြင်နိုင်သော အကာအကွယ်တစ်ခု ပေါ်ပေါက်လာသောအခါ ‌နတ်ဘုရင်ခံ ပိုင်မန် ခဏခန့် မှင်တက်သွား၏။

ထိုအခိုက်အတန့်တွင် လတ်ဆတ်သော သွေးတစ်ပွက်ကို လုချန်း အန်ထုတ်လိုက်၏။ ထိုက်ချူး အနန္တကျမ်းစာက စွမ်းအားအမြောက်အမြားကို ပြောင်းလဲပေးနိုင်ခဲ့သော်လည်း အချို့ကတော့ သူ၏ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားဆဲ ဖြစ်သည်။

သူတို့၏ အဆင့်အတန်းမှာ အလွန်ပင် ကွာခြားလှသဖြင့် တိုက်ခိုက်မှုအားလုံးကို ထိုက်ချူး အနန္တကျမ်းစာက မပြောင်းလဲပေးနိုင်ခဲ့ပေ။

လုချန်း ရုတ်တရက် သွေးအန်သည်ကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်က လှောင်ပြုံးပြုံးလျက်

“ခင်ဗျား အကုန်လုံးကို တားဆီးနိုင်တယ်လို့ ကျုပ် ထင်နေတာ။ ဒီလက်သီးတစ်ချက်ကို ခံလိုက်ရပြီးနောက်မှာတော့ ခင်ဗျား သေလူဖြစ်သွားပြီ ထင်ပါရဲ့။”

ထိုအခါ နတ်ဘုရင်ခံ ပိုင်မန်က နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ ထိုစဉ် လုချန်းက ထိုက်ချူး အနန္တကျမ်းစာကို ရုတ်တရက် အသက်သွင်းလိုက်ရာ သူ၏ဦးခေါင်းထက်ရှိ ယင်ယန်စက်ဝန်းအတွင်းမှ ရွှေရောင်လက်သီးရိပ်တစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရင်ခံ ပိုင်မန်ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ရွှေရောင်လက်သီးရိပ်အတွင်း၌ ပါရှိသော စွမ်းအားကို အာရုံခံမိလျှင် နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာ ချက်ချင်းပင် ပျက်ယွင်းသွား၏။ အဆိုပါ လက်သီးရိပ်အတွင်းရှိ စွမ်းအားမှာ သူ ခုနက တိုက်ခိုက်ခဲ့သော လက်သီးချက်နှင့် အတူတူပင်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

ထို့ပြင် ထိုလက်သီးချက်၏ အငွေ့အသက်မှာလည်း သူ၏ လက်သီးချက်နှင့် ဆင်တူနေပေသည်။ နတ်ဘုရင်ခံ ပိုင်မန် မည်မျှပင် တုံးအ ပါစေ ဤလူသည် သူတစ်ပါး၏ တိုက်ခိုက်မှုကို သူ၏တိုက်ခိုက်မှုအဖြစ် တကယ် ပြောင်းလဲနိုင်ကြောင်း သတိပြုမိသွားပြီဖြစ်သည်။

“ဒါက ဘယ်လို နတ်အတတ်ပညာမျိုးလဲ။ ဘာဖြစ်လို့ ကျုပ် တစ်ခါမှ မကြားဖူးရတာလဲ။”

ထို့နောက် နတ်ဘုရင်ခံ ပိုင်မန်က နောက်ထပ် လက်သီးတစ်ချက် ပစ်လွှတ်လိုက်ပြန်၏။

“ဟင်းလင်းပြင်ခွဲ လက်သီးချက်...”

ထိုလက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာ၏။ လုချန်းသည် နတ်ဘုရင်ခံ ပိုင်မန်၏ ယခင်လက်သီးချက်မှ စွမ်းအားအားလုံးကို မပြောင်းလဲနိုင်ခဲ့သော်လည်း ဤတိုက်ခိုက်မှုကို ခုခံရန်အတွက်တော့ အခက်အခဲ မရှိခဲ့ပေ။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများက လုချန်းနှင့် ယဲ့ချူယောင်တို့ကို ပေရာပေါင်းများစွာ အကွာအဝေးသို့ လွင့်စင်သွားစေ၏။ ထိုပေါက်ကွဲမှုမှ ဂယက်ရိုက်ခတ်မှုများက နတ်ဘုရင်ခံ ဝေရွှီ၏ အာရုံကို ဖမ်းစားလိုက်သည်။

ထို့နောက် နတ်ဘုရင်ခံ ဝေရွှီက သူ၏ နတ်အာရုံကို နောက်တန်း စစ်စခန်းသို့ ဖြန့်ကြက်ကြည့်လိုက်၏။

စခန်း၌ နတ်ဘုရင်ခံတစ်ဦး ရှိနေကြောင်း အာရုံခံမိလျှင် ဝေရွှီ ချက်ချင်း မျက်မှောင် ကြုတ်သွား၏။ သူတို့ မရှိခိုက်တွင် တစ်စုံတစ်ယောက်က လုချန်းနှင့် ယဲ့ချူယောင်တို့ကို လုပ်ကြံရန် ကြိုးစားနေကြောင်းလည်း သိသွားသည်။

ထို့ကြောင့် လုချန်းနှင့် ယဲ့ချူယောင်တို့ကို ကာကွယ်ရန်အတွက် သူမ အနားရှိ နတ်ဘုရင်ခံတစ်ဦးကို စခန်းသို့ ပြန်သွားရန် နတ်ဘုရင်ခံ ဝေရွှီက ချက်ချင်း ညွှန်ကြားလိုက်၏။

အစက သူမကိုယ်တိုင် သွားရောက် ကယ်ဆယ်လိုသော်လည်း ယခု သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

သူမ ရှေ့တန်းမှ ထွက်ခွာသွားပါက သူတို့ဘက်မှ ရှုံးနိမ့်သွားနိုင်သည်။ သူမသည် ဤတိုက်ပွဲ၏ စစ်သေနာပတိ ဖြစ်သဖြင့် မည်သို့ပင်ဖြစ်စေ ရှေ့တန်းကို စွန့်ခွာသွား၍ မဖြစ်ပေ။

လုချန်းနှင့် ယဲ့ချူယောင်တို့တွင် နန်းတော်သခင် ပေးထားခဲ့သော ကာကွယ်ရေး ရတနာများ ရှိနေမည်ဟု သူမ ယုံကြည်၏။ ၎င်းတို့သည် နတ်ဘုရင်ခံတစ်ဦး၏ တိုက်ခိုက်မှုကို ခဏခန့် ခုခံထားနိုင်ပေလိမ့်မည်။

သူမ စေလွှတ်လိုက်သော နတ်ဘုရင်ခံ သူတို့ထံသို့ ရောက်သွားသည်နှင့် စခန်းကို အလစ်တိုက်ခိုက်နေသော နတ်ဘုရင်ခံလည်း လုချန်းနှင့် ယဲ့ချူယောင်တို့ကို ခေါ်ဆောင်သွားနိုင်တော့မည် မဟုတ်ပေ။

…..

ထိုအတောအတွင်း။

ဟင်းလင်းပြင်ခွဲ လက်သီးချက်၏ လှိုင်းဂယက်များ ပျောက်ကွယ်သွားချိန်တွင် နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာ အလွန်ပင် ခက်ထန်နေ၏။ ဤလူနှစ်ဦးကို ဖမ်းဆီးရန် လွယ်ကူလိမ့်မည်ဟု သူ အစက ထင်မှတ်ထားခဲ့သော်လည်း တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုများကိုပင် ပြောင်းလဲနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပေါက်ကွဲမှုက ဆူညံမှုအကြီးအကျယ် ဖြစ်သွားခဲ့သည့်အပြင် နတ်အာရုံတစ်ခုကလည်း သူ့ကို ကြည့်ရှုသွားခဲ့ရာ ရှေ့တန်းရှိ နတ်ဘုရင်ခံများ စခန်း၏ အခြေအနေကို သိသွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။ မကြာမီ နတ်ဘုရင်ခံတစ်ဦး ရောက်ရှိလာတော့မည်ဖြစ်၏။

နတ်ဘုရင်ခံ ပိုင်မန်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်၏။

မဖြစ်သေးပေ...

သူ ဤအတိုင်း အရှုံးမပေးနိုင်ပေ။

ဤအရာက သွေးလင်းယုန်ခန်းမသို့ သူ၏ သစ္စာခံမှု ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်၏ စစ်တပ်ကို နည်းဗျူဟာ ပုံစံအတွင်းသို့ ဆွဲမသွင်းနိုင်ခဲ့လျှင် ဤလူနှစ်ဦးကို ဖမ်းဆီးနိုင်မှသာ သူ၏ အကျိုးဆောင်မှုအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

မဟုတ်ပါက မည်သည့်အောင်မြင်မှုမျှ မရှိပဲ သွေးလင်းယုန်ခန်းမသို့ ဝင်ရောက်လျှင် အဖိုးတန်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခံရမည်မဟုတ်ပဲ မကြာမီတွင်ပင် အသုံးမကျသူတစ်ဦးအဖြစ် စွန့်ပစ်ခံရနိုင်သည်။

ထိုသို့တွေးတောရင်း နတ်ဘုရင်ခံ ပိုင်မန်လည်း သူ၏ နိယာမ ပုံရိပ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့၏။ ထိုအခါ မီတာတစ်ရာကျော် မြင့်မားသော နိယာမ ပုံရိပ်ကြီးတစ်ခု လုချန်းနှင့် ယဲ့ချူယောင်တို့ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။

နတ်ဘုရင်ခံ ပိုင်မန်က အေးစက်စွာဖြင့်

“ခင်ဗျားမှာ လှည့်ကွက်ကောင်းအချို့ ရှိနေတာကိုတော့ ကျုပ် ဝန်ခံပါတယ်။ ဒါပေမဲ့ နောက်လာမယ့် လက်သီးချက်ကိုရော ခင်ဗျား တားဆီးနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။”

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက လုချန်းနှင့် ယဲ့ချူယောင်တို့ကို ဝန်းရံသွားရာ သူတို့ လှုပ်ရှား၍ပင် မရလုနီးပါး ဖြစ်သွား၏။

ဆက်လက်၍ နတ်ဘုရင်ခံ ပိုင်မန်က သူ၏ စွမ်းအား အားလုံးကို စုစည်းကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

“ထစ်ချုန်းမိုး လက်သီး...”

ရေတွက်၍မရနိုင်သော ရွှေရောင် လျှပ်စီးတန်းများသည် ပိုင်မန် ပစ်လွှတ်လိုက်သော လက်သီး ပုံရိပ်အတွင်းသို့ စုပြုံရောက်ရှိလာပြီး လျှပ်စစ်စီးကြောင်းများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ လျှို့ဝှက်လဝန်းနန်းတော်၏ စခန်းတစ်ခုလုံးကို ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေ၏။

အစက အစွမ်းကုန်ထုတ်သုံးရန် နတ်ဘုရင်ခံ ပိုင်မန် မရည်ရွယ်ခဲ့ပေ။ အကြောင်းမှာ လျှို့ဝှက်လဝန်းနန်းတော် တပည့်ရင်းများသည် သူ သစ္စာခံရန်အတွက် လက်ဆောင်ပဏ္ဏာများဖြစ်ပြီး သေလူထက် အရှင်ဖမ်းမိခြင်းက ပို၍ တန်ဖိုးရှိသောကြောင့် ဖြစ်၏။

သို့သော် ယခုတော့ သူ၏ တည်ရှိမှုကို သိသွားပြီဖြစ်ရာ သူ စွမ်းအားကုန် မထုတ်ပါက နတ်ဘုရင်ခံ ဝေရွှီ စေလွှတ်လိုက်သောသူ ရောက်လာချိန်တွင် ဤလူနှစ်ဦးကို ဖမ်းဆီးရန် ပို၍ပင် ခဲယဉ်းသွားပေလိမ့်မည်။

အရှင်မဖမ်းနိုင်လျှင် သူ ၎င်းတို့ကို သတ်ပစ်မည်ဖြစ်၏။ သတ်ပစ်ခြင်းကလည်း အကျိုးဆောင်မှုအဖြစ် သတ်မှတ်ခံရမည်သာ ဖြစ်သည်။

ကောင်းကင်ယံရှိ ကြီးမားလှသော ရွှေရောင်လက်သီးရိပ်ကို မြင်လျှင် ယဲ့ချူယောင်၏ မျက်နှာ ချက်ချင်းပင် ဖြူလျော်သွား၏။ ကျောက်စိမ်းလိပ်တစ်ခုကို အလျင်အမြန် ထုတ်ယူကာ အသုံးပြုရန် ယဲ့ချူယောင် ကြိုးစားလိုက်သော်လည်း ထိုအခိုက်အတန့်တွင် လုချန်းက ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏နောက်ကျောတွင် နောက်ထပ် ယင်ယန်စက်ဝန်းတစ်ခု ပေါ်ထွက်လာစေလိုက်သည်။

ဤခန္ဓာသည် သူ၏ ကိုယ်ပွားမျှသာဖြစ်သဖြင့် သေဆုံးသွားခဲ့လျှင်ပင် ကိစ္စမရှိဟု လုချန်း တွေးတောကာ ထိုက်ချူး အနန္တကျမ်းစာ၏ ပြောင်းလဲနိုင်စွမ်း အကန့်အသတ်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။

လုချန်း ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်လျှင် ယဲ့ချူယောင်၏ မျက်နှာ အလွန် ပျက်ယွင်းသွားပြီး

“မောင်လေး... ဘာလုပ်နေတာလဲ။ ဆရာ ပေးခဲ့တဲ့ ကျောက်စိမ်းလိပ်ကို မြန်မြန်သုံးလိုက်လေ။”

လုချန်းက ယဲ့ချူယောင်ကို

“အစ်မ... စိတ်မပူပါနဲ့။ ကျုပ်မှာ အစီအစဉ် ရှိပါတယ်”

ထို့နောက် လုချန်းက သူ၏ နတ်အတတ်ပညာကို အစွမ်းကုန် အသက်သွင်းလိုက်ရာ ယင်ယန်စက်ဝန်း တဖြည်းဖြည်း ပို ကြီးလာ၏။

နတ်ဘုရင်ခံ ပိုင်မန်က သူအား ရင်ဆိုင်ရန် တက်လာသော လုချန်းကို စိုက်ကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း

“တကယ့်ကို မိုက်ရူးရဲဆန်တာပဲ”

ဤတစ်ကြိမ်တွင် သူ၏တိုက်ခိုက်မှုကို ချန်းလု ခုခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။ သူသည် နတ်ဘုရင်ခံတစ်ဦးဖြစ်ပြီး တစ်ဖက်လူမှာ သူနှင့် အဆင့်အတန်းများစွာ ကွာခြားသော ကောင်းကင်နတ်တစ်ဦးသာ ဖြစ်သည်။

အကယ်၍ ချန်းလုသာ ဤတိုက်ကွက်ကို ခုခံနိုင်ခဲ့ပါက ပိုင်မန်အနေနှင့် နတ်ဘုရင်ခံအဖြစ်မခံယူ‌‌သင့်တော့ပေ။

ခဏအတွင်း လျှပ်စီးများ ဝန်းရံနေသော ရွှေရောင်လက်သီးရိပ်တစ်ခု လုချန်း၏ ဦးခေါင်းထက်သို့ ကျရောက်လာ၏။ သို့သော် နတ်ဘုရင်ခံ ပိုင်မန်ကို တုန်လှုပ်သွားစေသည်က ရွှေရောင်လက်သီးရိပ်က လုချန်း၏ ဦးခေါင်းနှင့် လက်တစ်ကမ်းအကွာတွင် တကယ် ရပ်တန့်သွားခြင်းပင် ဖြစ်သည်။

သို့သော် ခဏခန့်သာ ရပ်တန့်သွားပြီးနောက် လုချန်း၏ ခန္ဓာကိုယ်ကို မြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် တွန်းချသွားသည်။

ချက်ချင်းဆိုသလိုပင် မြေပြင်၌ မီတာတစ်ထောင်ကျော် ကျယ်ဝန်းသော ကျင်းကြီးတစ်ခု ဖြစ်သွား၏။ ဖုန်မှုန့်များနှင့် ကျောက်ခဲများ လွင့်စင်သွားချိန်တွင် ယဲ့ချူယောင်၏ ပုံရိပ် ကျင်းအတွင်း၌ ပေါ်လာသည်။

ယဲ့ချူယောင်သည် မူလနေရာတွင်ပင် ရပ်နေဆဲဖြစ်သော်လည်း သူမကို အစိမ်းရောင် အကာအကွယ်တစ်ခုက ဝန်းရံကာ ကာကွယ်ပေးထားသည်။

ထိုအရာကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်လည်း အက်ကွဲသံထွက်သည်အထိ သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ ဤအရာက ယွမ်ယုတိ ယဲ့ချူယောင်အတွက် ပေးထားသော ကာကွယ်ရေးစွမ်းအားဖြစ်ကြောင်း သူ သိလိုက်သည်။

အဝေးမှ နတ်ဘုရင်ခံအဆင့် အငွေ့အသက်တစ်ခု အလျင်အမြန် ချဉ်းကပ်လာသည်ကို အာရုံခံမိလျှင် နတ်ဘုရင်ခံ ပိုင်မန် အလွန်ပင် မကျေမနပ် ဖြစ်သွား၏။

သူ လက်ဗလာဖြင့် ပြန်သွားရတော့မှာလား။

နေဦး...

ယဲ့ချူယောင်သည် ထိခိုက်မှုမရှိသော်လည်း ခုနက လုချန်းကတော့ သူ၏ လက်သီးချက်ကို အပြည့်အဝ ခံလိုက်ရသည် မဟုတ်ပါလား။

သူ လုံးဝ အထိအခိုက်မရှိပဲ နေလိမ့်မည် မဟုတ်ပေ။

ယွမ်ယုတိ၏ တပည့်ရင်းကို သတ်နိုင်ခဲ့လျှင်လည်း အကျိုးဆောင်မှုအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

ထို့နောက် နတ်ဘုရင်ခံ ပိုင်မန်သည် သူ၏ နတ်အာရုံဖြင့် အောက်ဘက်ရှိ ကျင်းအတွင်း၌ လုချန်း၏ အလောင်းကို အလျင်အမြန် ရှာဖွေလိုက်၏။

သို့သော် သူ စိတ်ပျက်သွားခဲ့ရသည်။

သူ လုချန်းကို ရှာတွေ့ခဲ့သော်လည်း လုချန်းမှာ သေဆုံးခြင်း မရှိသေးပေ။

တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော လုချန်းသည် ကျင်းအလယ်တွင် မြဲမြံစွာ ရပ်နေဆဲဖြစ်ပြီး သူ၏ ဦးခေါင်းထက်ရှိ ယင်ယန်စက်ဝန်းကလည်း ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

………….

အခန်း (၁၇၄၀)

အခြေအနေ ဆိုးသွားသော လုချန်း

နတ်ဘုရင်ခံ ပိုင်မန်သည် အသက်ရှင်လျက် ရှိနေသော လုချန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။

သူသည် နတ်ဘုရင်ခံတစ်ဦးဖြစ်၏။ နတ်ဘုရင်ခံတစ်ဦး၏ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်မှုကို ကောင်းကင်နတ်အဆင့်မျှသာ ရှိသောသူက မသေပဲ ခံနိုင်ရည်ရှိသည်ဆိုတာက ရယ်စရာကောင်းလှပေ၏။

မျက်နှာပျက်ယွင်းနေလျက် နတ်ဘုရင်ခံ ပိုင်မန်က

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟု သူ့သာသူ ရေရွတ်လိုက်၏။

ထိုကဲ့သို့ သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသည့် လုချန်းကို ကြည့်ကာ ယဲ့ချူယောင်၏ ရင်ထဲ၌ ဓားဖြင့် အမွှန်းခံရသလို ခံစားလိုက်ရသည်။ ဆရာ ပေးထားသည့် အသက်ကယ် ကျောက်စိမ်းလိပ်ကို အသုံးမပြုပဲ နတ်ဘုရင်ခံ ပိုင်မန်၏ လက်သီးချက်ကို သူ အဘယ်ကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သနည်းဟု သူမ တွေးတော၍ မရနိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် လတ်ဆတ်သော သွေးတစ်ပွက်ကို လုချန်း အန်ထုတ်လိုက်ပြီး ဒူးတစ်ဖက် ထောက်ကျသွားသော်လည်း ချက်ချင်းပင် အားတင်းကာ ပြန်လည် မတ်တတ်ရပ်လိုက်၏။ ထို့နောက် ကောင်းကင်ယံရှိ နတ်ဘုရင်ခံ ပိုင်မန်ကို လုချန်းက ပြုံး၍ ကြည့်လိုက်ကာ

“နတ်ဘုရင်ခံ ပိုင်မန်... ခင်ဗျားရဲ့ အရည်အချင်းက ဒီလောက်ပဲလား။”

လုချန်း၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ပိုင်မန် ဒေါသအလိပ်လိုက် ထွက်သွားသည်။ နတ်ဘုရင်ခံတစ်ဦးဖြစ်သော သူ့ကို ကောင်းကင်နတ်အဆင့်က လှောင်ပြောင်ဝံ့တာလား။

ဤကောင်စုတ်လေး ဧကန်မုချ သေရမည်။ ထို့ပြင် ချန်းလု၏ လက်ရှိအခြေအနေအရ နောက်ထပ် လက်သီးတစ်ချက်ကို ခံနိုင်ရည် ရှိတော့မည်မဟုတ်ဟု နတ်ဘုရင်ခံ ပိုင်မန် ယုံကြည်နေ၏။

နတ်ဘုရင်ခံ ပိုင်မန်က

“ခင်ဗျားက သေလမ်းရှာနေမှတော့ ခင်ဗျားဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။”

ထိုသို့ ပြောဆိုရင်း နတ်ဘုရင်ခံ ပိုင်မန်သည် သူ၏ တစ်ကိုယ်လုံးရှိ စွမ်းအားများကို ပြန်လည် စုစည်းလိုက်ပြန်သည်။ သို့သော် ထိုအခိုက်အတန့်တွင် အဝေးဆီမှ လခြမ်းကွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး ရေတွက်၍မရနိုင်သော ဓားအငွေ့အသက်များ နတ်ဘုရင်ခံ ပိုင်မန်ထံသို့ ပျံသန်းလာသည်။

နတ်ဘုရင်ခံ ပိုင်မန်လည်းဓားအငွေ့အသက်များကို ကာကွယ်ရန် သူ၏လက်သီးများကို အလျင်အမြန် ဝေ့ယမ်းလိုက်ရ၏။

ဒိန်း... ဒိန်း... ဒိန်း...

နတ်ဘုရင်ခံ ပိုင်မန်၏ လက်သီးချက်ကြောင့် ဓားအငွေ့အသက်များ လွင့်စင်သွားသော်လည်း လုချန်းကို သတ်ဖြတ်ရန် အခွင့်အရေး လွတ်သွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။

သို့သော်... သွေးအလိမ်းလိမ်း ဖြစ်နေသော လုချန်းကို သူ ငုံ့ကြည့်လိုက်မိ၏။ ဤကောင်လေး မသေဆုံးသေးသော်လည်း သူ၏ လက်သီးချက်ကို ခံယူပြီးနောက် သေလုမျောပါး ဖြစ်နေမည်မှာ ထင်ရှားသည်။

နတ်ဘုရင်ခံ ပိုင်မန် ထွက်ခွာရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုက သူ့ကို ပစ်မှတ်ထားထားသကဲ့သို့ ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကိုတစ်ခုကို ခံစားလိုက်ရ၏။

နတ်ဘုရင်ခံ ပိုင်မန်သည် ထိုအန္တရာယ်၏ အရင်းအမြစ်ကို ရှာဖွေရန် နတ်အာရုံကို ချက်ချင်း လွှတ်ထုတ်လိုက်သည်။ သို့သော် သူ၏ နတ်အာရုံ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် လျှပ်စစ်စီးကြောင်းများ ဝန်းရံနေသည့် ကြီးမားသော ရွှေရောင်လက်သီးရိပ်တစ်ခု အောက်ဘက်မှ ပေါ်ထွက်လာ၏။

၎င်းကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန် မှင်တက်သွားရသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူ့ပြိုင်ဘက်က သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကိုပင် ပြောင်းလဲပစ်နိုင်တာလား။

သူ၏ အရင်လက်သီးချက် အဘယ်ကြောင့် အားနည်းသွားရသည်ကို နတ်ဘုရင်ခံ ပိုင်မန် ချက်ချင်း နားလည်သွား၏။ ပုံမှန်အားဖြင့် နတ်ဘုရင်ခံတစ်ဦး၏ တိုက်ခိုက်မှုသည် မီတာသောင်းချီသော ကျင်းကြီးတစ်ခုကို လွယ်လွယ်ကူကူ ဖန်တီးနိုင်သော်လည်း သူ၏ လက်သီးချက်မှာ လျှို့ဝှက်လဝန်းနန်းတော်၏ လေထိန်းဆောင်ကိုပင် ထိခိုက်မှု မရှိခဲ့ပေ။

သူ၏ တိုက်ခိုက်မှုကို ချန်းလုက စုပ်ယူသွားခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။

နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာ အလွန် ပျက်ယွင်းသွား၏။ ဤကမ္ဘာပေါ်တွင် ဤကဲ့သို့ ထူးဆန်းသော နတ်နိယာမ ရှိလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့မိပေ။

ကောင်းကင်နတ်အဆင့် ကျင့်ကြံသူတစ်ဦးက နတ်ဘုရင်ခံ၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိနေသည်မှာ မယုံနိုင်စရာပင်။

အကယ်၍ နောင်တစ်ချိန်တွင် ချန်းလုသာ နတ်ဘုရင်ခံအဆင့်သို့ ရောက်ရှိသွားပါက နတ်သခင်များ သို့မဟုတ် နတ်ဧကရာဇ်များကိုပင် ကြောက်ရွံ့တော့မည် မဟုတ်ပေ။

ရွှေရောင်လက်သီးချက် နီးကပ်လာသည်ကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန် ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် သူ၏ နောက်ကျောဘက်တွင် ကြီးမားသော လကြီးတစ်စင်း ရုတ်တရက် ပေါ်လာပြီး ထိုလအတွင်းမှ ထွက်ပေါ်လာသော ရေတွက်၍မရနိုင်သည့် သံကြိုးများက နတ်ဘုရင်ခံ ပိုင်မန်ကို ဝေဟင်ယံ၌ တင်းကျပ်စွာ ချည်နှောင်လိုက်သည်။

ရက်စက်ကြမ်းကြုတ်သော နတ်ဘုရင်ခံ ပိုင်မန်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာကာ

“မကောင်းတော့ဘူး”

ဟု ရေရွတ်လိုက်၏။

သူ၏ စွမ်းအားအပြည့် လက်သီးချက် မည်မျှ ပြင်းထန်ကြောင်း သူကိုယ်တိုင် အသိဆုံးဖြစ်သည်။ ခန္ဓာကိုယ်ကျင့်စဉ်ကို အဓိကထား ကျင့်ကြံသူဖြစ်သော်လည်း ဤလက်သီးချက်က သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်၏။

နတ်ဘုရင်ခံ ပိုင်မန် သံကြိုးများမှ ရုန်းထွက်ရန် ကြိုးစားလိုက်စဉ်မှာပင် ရွှေရောင်လက်သီးရိပ်ကြီးက ရှေ့သို့ ရောက်ရှိလာပြီး ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ သူ့ကို ချည်နှောင်ထားသည့် သံကြိုးများ တစစီ ကြွေလွင့်သွားရသလို နတ်ဘုရင်ခံ ပိုင်မန်၏ နိယာမပုံရိပ်မှာလည်း ပျက်စီးသွား တော့သည်။

လတ်ဆတ်သော သွေးတစ်ပွက်ကို နတ်ဘုရင်ခံ ပိုင်မန် ဝေါကနဲ အန်ထုတ်လိုက်ရ၏။

ထို့နောက် မြေပြင်ပေါ်ရှိ လုချန်းကို နာကျည်းစွာ စိုက်ကြည့်ကာ

“ကောင်းပြီ... ကောင်းပြီ...ဒီနေ့ ရန်ကြွေးကို နောက်တစ်နေ့နေ့မှာ အကျေအလည် ပြန်ဆပ်ရမှာပေါ့။”

နတ်ဘုရင်ခံ ပိုင်မန်၏ စကားအဆုံးတွင် ငွေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော အမျိုးသမီးတစ်ဦး လူတိုင်း၏ ရှေ့မှောက်၌ ပေါ်လာသည်။ နောက်ထပ် နတ်ဘုရင်ခံတစ်ဦး ပေါ်လာသည်ကို မြင်လျှင် နတ်ဘုရင်ခံ ပိုင်မန်လည်း တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာမှ တိုက်ရိုက် ထွက်ပြေးသွားတော့၏။

နတ်ဘုရင်ခံ ငွေလမင်းသည် ပိုင်မန်ကို လိုက်မဖမ်းတော့ပေ။ ယခုအချိန်တွင် ချန်းလုနှင့် ယဲ့ချူယောင်တို့၏ အခြေအနေကို စစ်ဆေးရန်က ပို၍ အရေးကြီးသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရင်ခံ ငွေလမင်း လုချန်း၏ ရှေ့သို့ ရောက်ရှိလာ၏။ သူမ မြေပြင်သို့ ဆင်းသက်လိုက်ချိန်တွင် လုချန်း၏ ခန္ဓာကိုယ် လဲကျသွားသဖြင့် နတ်ဘုရင်ခံ ငွေလမင်းက နတ်အငွေ့အသက်များကို အသုံးပြု၍ လုချန်း၏ ခန္ဓာကိုယ်ကို အလျင်အမြန် ထိန်းမပေးလိုက်ရသည်။

လုချန်းသည် ထိုက်ချူး အနန္တကျမ်းစာကို အသုံးပြု၍ စွမ်းအားအချို့ကို ပြောင်းလဲနိုင်ခဲ့သော်လည်း စွမ်းအားအများစုမှာ သူ၏ခန္ဓာကိုယ်သို့ တိုက်ရိုက် သက်ရောက်သွားသဖြင့် သူ၏ သွေးကြောများ ပြတ်တောက်ကာ အတွင်းအား ချက္ကရလည်း ပျက်စီးသွားရသည်။

အသက်ရှင်နေဦးမည် ဖြစ်သော်လည်း သူသည် လူစဉ်မမီသော ဒုက္ခိတတစ်ဦး ဖြစ်သွားရပေပြီ။

နတ်အငွေ့အသက်များဖြင့် လုချန်း၏ ခန္ဓာကိုယ် အခြေအနေကို နတ်ဘုရင်ခံ ငွေလမင်း စစ်ဆေးကြည့်လိုက်ရာ သူမ၏ မျက်နှာ ချက်ချင်းပင် လေးနက်သွား၏။ ၎င်းကို မြင်လျှင် အဝေးမှ ယဲ့ချူယောင်လည်း အခြေအနေ အလွန်စိုးရိမ်ရကြောင်း သဘောပေါက်သွားပြီး အကာအကွယ်အတားအဆီးကို ချက်ချင်းပိတ်ကာ လုချန်းရှိရာသို့ ပြေးလာသည်။

သွေးအလိမ်းလိမ်းနှင့် လုချန်းကို မြင်ကာ ယဲ့ချူယောင်၏ ရင်ထဲ၌ မြားတစ်သောင်းဖြင့် အထိုးစိုက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး

“မောင်လေး... မောင်လေး... အားတင်းထားဦးနော်... အစ်မ မောင်လေးကို လျှို့ဝှက်လဝန်းနန်းတော်ဆီ အခုပဲ ပြန်ခေါ်သွားပါ့မယ်။”

နတ်ဘုရင်ခံ ငွေလမင်းက ယဲ့ချူယောင်ကို စိတ်ချင်းဆက်သွယ်၍

“ယဲ့ချူယောင်... ချန်းလုရဲ့ သွေးကြောတွေ အကုန်ပြတ်တောက်သွားပြီ။ ချက္ကရလည်း ပျက်စီးသွားပြီဆိုတော့ သူ ဒီဘဝမှာ ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး...”

နတ်တစ်ဦး၏ နတ်ဝိညာဉ်မှာ မသေဆုံးနိုင်သဖြင့် သူတို့သည် တကယ် သေဆုံးသွားခြင်းတော့ မဟုတ်ပေ။ လုချန်းအနေဖြင့် ဘဝသံသရာ လည်ပြီး ပြန်လည် မွေးဖွားနိုင်သော်လည်း မည်သည့် ခန္ဓာကိုယ်အသစ်မှ မူလကိုယ်ထည်ကဲ့သို့ ကောင်းမွန်မည်မဟုတ်သလို သူ၏ ထူးခြားသော ဖွဲ့စည်းပုံနှင့် အနာဂတ် အလားအလာများလည်း ဆုံးရှုံးသွားရပေလိမ့်မည်။

နတ်ဘုရင်ခံ ငွေလမင်း၏ စကားကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် မှင်တက်သွားသော်လည်း နတ်ဝိညာဉ် ကျန်ရှိနေသရွေ့ မျှော်လင့်ချက် ရှိနေသေးကြောင်း ချက်ချင်း သဘောပေါက်လိုက်၏။ ချန်းလု၏ နတ်ဝိညာဉ်သာ ပျက်စီးသွားပါက အားလုံး ပြီးဆုံးသွားမည် မဟုတ်ပါလား။

ထိုအချိန်တွင် လုချန်း ယဲ့ချူယောင်ကို ကြည့်ကာ အားယူ၍ ပြုံးလိုက်ပြီး

“အစ်မ... အစ်မ...ကျုပ် အဆင်ပြေပါတယ်။ ခင်ဗျား စိုးရိမ်မနေပါနဲ့။”

“အဟွတ်... အဟွတ်”

ထိုသို့ ပြောရင်း လုချန်း သွေးတစ်ပွက် ထပ်မံ အန်ထုတ်လိုက်ရာ ယဲ့ချူယောင်က အလျင်အမြန်ပင်

“အခု ဘာမှမပြောနဲ့ဦး...ရှင့်ကို လျှို့ဝှက်လဝန်းနန်းတော် ခေါ်သွားပြီး နတ်ဘုရင်ခံ လင်ရင်ကို ကုသပေးဖို့ ပြောပေးပါ့မယ်။”

ထိုသို့ ပြောဆိုပြီးနောက် ယဲ့ချူယောင်သည် လုချန်းကို နတ်လှေပေါ်သို့ တင်ဆောင်ကာ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရန် ပြင်ဆင်တော့သည်။

နတ်ဘုရင်ခံ ငွေလမင်းက

“ယဲ့ချူယောင်... စစ်ပွဲက မပြီးသေးတော့ အစ်မ မင်းနဲ့အတူ ပြန်လိုက်လို့ မရဘူး... အရမ်း သတိထားနော်။”

ယဲ့ချူယောင်

“ကျွန်မ နားလည်ပါတယ်...တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို သုံးပြီး တိုက်ရိုက် ပြန်ပါ့မယ်။”

ထိုသို့ ပြောဆိုပြီးနောက် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံရှိရာ မြို့တစ်မြို့သို့ နတ်လှေကို ယဲ့ချူယောင် မောင်းနှင်သွား၏။ လမ်းခုလတ်တွင် တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် နတ်ဘုရင်ခံ ငွေလမင်းက ယဲ့ချူယောင်ကို အတန်ကြာအောင် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

ယဲ့ချူယောင်၏ နတ်လှေ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံအတွင်းသို့ ပျောက်ကွယ်သွားသည်ကို မြင်ရမှသာ နတ်ဘုရင်ခံ ငွေလမင်း စစ်မြေပြင်သို့ ပြန်လာခဲ့တော့၏။

လေထိန်းခန်းမအတွင်း၌ စစ်ပွဲကို ကွပ်ကဲနေသည့် နတ်ဘုရင်ခံ ဝေရွှီက နတ်ဘုရင်ခံ ငွေလမင်း ပြန်ရောက်လာသည်ကို မြင်လျှင်

“ငွေလမင်း... အခြေအနေ ဘယ်လိုရှိလဲ”

နတ်ဘုရင်ခံ ငွေလမင်းက သက်ပြင်းတစ်ချက် ချလိုက်ကာ

“ချန်းလုကတော့ ဒုက္ခိတ ဖြစ်သွားပြီ ထင်တယ်။ သူ့ရဲ့ သွေးကြောတွေ အကုန်ပြတ်တောက်သွားပြီး ချက္ကရလည်း ပျက်စီးသွားပြီ။ ဒါပေမဲ့ ကံကောင်းတာက သူ့ရဲ့ နတ်ဝိညာဉ်ကတော့ ဘာမှမဖြစ်ဘူး။”

၎င်းကို ကြားလျှင် နတ်ဘုရင်ခံ ဝေရွှီ၏ မျက်နှာ အေးစက်သွားပြီး တစ်ခန်းမလုံးလည်း နှင်းခဲများဖြင့် ဖုံးလွှမ်းသွား၏။ ဒဏ်ရာရရှိခြင်း သို့မဟုတ် မတော်တဆမှုများ မဖြစ်ပေါ်စေရန်အတွက် ယဲ့ချူယောင်နှင့် လုချန်းတို့ကို သူမ နောက်တန်း၌ ချန်ထားခဲ့ခြင်းဖြစ်သည်။ မထင်မှတ်ပဲ နောက်ဆုံးတွင် ပြဿနာတစ်ခု ဖြစ်ပွားခဲ့ရသည်။

နန်းတော်သခင် တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာသည်နှင့် သူမ ဧကန်မုချ အပြစ်ပေးခံရလိမ့်မည်။ ထိုအချက်ကို တွေးမိသည်နှင့် တစ်ပြိုင်နက် နတ်ဘုရင်ခံ ဝေရွှီလည်း မိစ္ဆာနတ်များကို သတ်ဖြတ်လိုသော စိတ်ဓာတ်များ ပိုမိုပြင်းထန်လာပြီး လျှို့ဝှက်လဝန်းနန်းတော်ရှိ အခြားသော နတ်ဘုရင်ခံများကို

“ကျွန်မတို့ရဲ့ စီမံကိန်းကို စတင်ကြစို့”

ဟု ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။

All Chapters