← Chapters

ညဇီးကွက်ဘုရင်၏ အကြံအစည်

Vol. 6 Ch. 77

ညဇီးကွက်ဘုရင်၏ အကြံအစည်

Vol. 6 Ch. 77

"သူတို့ လွတ်သွားတာလား"

နင်ဟုန်ယွီမှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားတော့၏။

'ဒါကတော့ ဂျူနီယာမောင်လေးရဲ့ စရိုက်နဲ့ ကိုက်ညီပါတယ်.. ဆရာပြောသလိုပဲ သူက အထီးကျန်တာကို ခံနိုင်ရည်ရှိပြီး အိမ်အပြင်ထွက်ခဲတဲ့သူပဲ'

"ဒီနေရာက အန္တရာယ်များတယ်.. အကြာကြီးနေလို့ မကောင်းဘူး.. ဂျူနီယာမောင်လေးက စောစောထွက်သွားတာ ပိုတောင် ကောင်းသေးတယ်"

သူမက သိပ်ပြီး အရေးမကြီးသလို ပြောလိုက်သည်။

"ကျွန်တော်ကတော့ သူ့ကို ကျေးဇူးတင်စကား ပြောချင်နေတာ"

လီရော့ချန်က နောင်တရစွာဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။

...

ဖုန်းရှန်းတောင်ထွတ်တွင်။

ညဇီးကွက်ဘုရင် ပြန်ရောက်လာလေပြီ။ နဂါးတစ်ကောင်လို မာန်ပါပါ လျှောက်လှမ်းလာပြီး သူ၏ ကြေးဝါရောင် မျက်နှာဖုံးနောက်က မျက်နှာတွင် မည်သို့သော အမူအရာ ရှိနေသည်ကို မည်သူမျှ မမြင်နိုင်ကြပေ။

ယူဘုရင်၊ ချန်းလန်ဘုရင်၊ ရင်းဘုရင်၊ ချန်ဘုရင်၊ ဟန်ဘုရင်၊ နိုင်ငံတော်၏ စစ်သူကြီးချုပ်နှင့် တာ့ယန်ပြည်ထောင်၏ အရေးပါသော အမတ်ကြီးများ၊ သြဇာတိက္ကမကြီးမားသူများ အားလုံး ထိုနေရာတွင် စုဝေးရောက်ရှိနေကြ၏။

ညဇီးကွက်ဘုရင်ကို ရင်ဆိုင်ရချိန်တွင် သူတို့အားလုံးမှာ လေးနက်တည်ငြိမ်နေကြပြီး စကားတစ်ခွန်းမျှပင် မဟဝံ့ကြပေ။

အချို့က လိပ်ပြာလုံသော်လည်း အချို့ကမူ ကိုယ့်လိပ်ပြာကိုယ် မလုံကြပေ။ သို့သော် ဤနေရာတွင် ရှိနေသူတိုင်းက အမှန်တရားတစ်ခုကိုတော့ သိထားကြ၏။ နတ်ဆိုးများ၏ တိုက်ခိုက်မှုက ပြင်းထန်ပုံပေါ်သော်လည်း ယဇ်ပူဇော်ပွဲကို အနှောင့်အယှက်ပေးနိုင်ရန်အတွက်မူ အင်အားလုံလောက်မှု မရှိခဲ့ပေ။

ကံမကောင်းစွာဖြင့် ယဇ်ပူဇော်ပွဲက အနှောင့်အယှက် ခံလိုက်ရသည်။

မင်းသားလေးပင်လျှင် နတ်ဆိုးများ၏ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရကာ သတိလစ်မေ့မြောသွားခဲ့သည်။

ဤအချက်ကပင် ညဇီးကွက်ဘုရင်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းလောဟု သူတို့အား သံသယဝင်လာစေတော့၏။

ယဇ်ပူဇော်ပွဲ ကျင်းပခြင်းမှာ ပြည်သူများကို အသိပေးရန် သူတို့၏ စိတ်နှလုံးများကို ပြန်လည်စုစည်းရန်နှင့် အခြေအနေများကို တည်ငြိမ်စေရန်အတွက်သာ ဖြစ်သည်။ လက်တွေ့တွင်မူ အာဏာအစစ်အမှန်ကို သိမ်းပိုက်ပြီး ဧကရာဇ်မင်းကို အသုံးချကာ မြို့စားနယ်စားများကို အမိန့်ပေးနိုင်ရန် ရည်ရွယ်ခြင်းပင်။

မြို့စားဘုရင်များ၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ကွဲပြားနေကြ၏။

ညဇီးကွက်ဘုရင်၏ ရည်ရွယ်ချက်ကို သူတို့ ခန့်မှန်းမိလျှင်ပင် ပေါ်တင် ဆန့်ကျင်ရဲသူ မရှိကြပေ။ ထိုသို့လုပ်ခြင်းက ညဇီးကွက်ဘုရင်အား သူတို့ကို နှိမ်နင်းရန် အကြောင်းပြချက် ပေးလိုက်သလိုသာ ဖြစ်သွားပေမည်။

"အသုံးမကျတဲ့ ကောင်တွေ"

ညဇီးကွက်ဘုရင်က ဟိန်းဟောက်လိုက်၏။

"မင်းတို့လို လူတွေအများကြီးက အရှင်မင်းသားကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ဘာအတွက် အသုံးကျတော့မှာလဲ"

ညဇီးကွက်ဘုရင်က ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်များကို ဆူပူနေသကဲ့သို့ ထင်ရသော်လည်း မြို့စားဘုရင်များကမူ မျက်နှာပူထူနေကြရ၏။ မိမိတို့ကို သွယ်ဝိုက်ပြီး အပြစ်တင်နေသကဲ့သို့ ခံစားနေရသည်။

"ကြာနက်နတ်ဆိုးဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ ဝင်ပါလာပြီး ခွန်လွန်ဟင်းလင်းပြင်ကို ဖြတ်ကျော်တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ဘူးလေ.. ဖြစ်ပြီးတာတွေလည်း ဖြစ်သွားပြီ ဆိုတော့ အရှင်မင်းသားရဲ့ ဒဏ်ရာအခြေအနေကို အရင်ဆုံး စစ်ဆေးကြည့်ကြတာပေါ့"

နိုင်ငံအစောင့်ရှောက်စစ်သူကြီး ပိုင်ချန်းတောက်က ဝင်ရောက်ပြောဆိုလိုက်၏။

"မှန်ပါတယ်"

လင်းယွဲ့နယ်မှ ယူဘုရင်ကလည်း ထောက်ခံလိုက်၏။

"အရေးကြီးတာက အရှင်မင်းသားကို အမြန်ဆုံး နလန်ထူလာအောင် ကုသပေးဖို့ပါပဲ.. အဲဒီနောက်မှ အခါကောင်းရက်မြတ် ရွေးပြီး ယဇ်ပူဇော်ပွဲကို ပြန်လည်ကျင်းပတာပေါ့"

"ဒါက သဘာဝပါပဲ"

ညဇီးကွက်ဘုရင်က လက်နောက်ပစ်လျက် ရပ်နေသည်။

"ယဇ်ပူဇော်ပွဲကို အရှင်မင်းသား နန်းတက်ပြီးမှ ကျင်းပမယ်.. အဲဒီမတိုင်ခင်မှာ ကောလဟာလတွေ ဖြန့်ပြီး ပြည်သူတွေရဲ့ အေးချမ်းမှုကို မနှောင့်ယှက်ကြနဲ့"

"ခွန်လွန်တောင်အကြောင်း ကောလဟာလတွေ ဖြန့်ပြီး ပြည်သူတွေကို နှောင့်ယှက်တဲ့သူ တာ့ယန်ရဲ့ ကံကြမ္မာကို ဖျက်ဆီးတဲ့သူ ဘယ်သူ့ကိုမဆို ငါ့ဘက်က သက်ညှာမှာ မဟုတ်ဘူးဆိုတာ မှတ်ထားပါ"

"မင်းတို့အားလုံး နားလည်ကြရဲ့လား"

သူ၏ သြဇာကြီးမားလှသော အသံက ထျန်းယွမ်တောင်ထွတ်ပေါ်တွင် ပဲ့တင်ထပ်သွားပြီး ဖိနှိပ်လွှမ်းမိုးနိုင်သော ယှဉ်ပြိုင်နိုင်စွမ်းမရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

"ကျုပ် နားလည်ပါပြီ" ယူဘုရင်က ချက်ချင်းပင် ဦးညွှတ်လိုက်၏။

"ညဇီးကွက်ဘုရင်ရဲ့ အမိန့်အတိုင်းပါပဲ"

အင်အားစုအသီးသီးမှ မည်သူကမျှ တစ်ခွန်းမှ မဟဝံ့ကြပေ။ ညဇီးကွက်ဘုရင်က သစ္စာဖောက်တစ်ဦးဖြစ်လာပြီး အခြားမြို့စားများကို အမိန့်ပေးရန်အတွက် ဧကရာဇ်ကို အသုံးချတော့မည်ဟု သူတို့ ယုံကြည်နေကြ၏။

နောက်တစ်ဆင့်အနေဖြင့် အလယ်ပိုင်းဒေသကို ပြန်လည်ပုံဖော်ရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်အတွက် အကြီးအကျယ် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပေလိမ့်မည်။

နောက်ထပ် စစ်ပွဲကြီးတစ်ပွဲ စတင်တော့မည်လော သို့မဟုတ် အသံတိတ် မင်းဆက်ပြောင်းလဲခြင်းလော။ မည်သူကမျှ ကြိုတင် ဟောကိန်းမထုတ်နိုင်ကြပေ။

"ကောင်းပြီ"

ညဇီးကွက်ဘုရင်က ထျန်းယန်စင်မြင့်ပေါ်သို့ တက်သွားပြီး လူအုပ်ကြီးကို ကျောခိုင်းထားလိုက်၏။

"မြောက်ပိုင်း ရေခဲပြင်မျိုးနွယ်စုရဲ့ နတ်ဆရာမ... ခင်ဗျား နေခဲ့ပါ.. ကျန်တဲ့သူတွေ အားလုံး ပြန်ကြတော့"

"အမိန့်အတိုင်းပါ"

အမိန့်ရသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ သေဒဏ်မှ လွတ်ငြိမ်းခွင့်ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် ထွက်ခွာသွားကြတော့၏။

နတ်ဆရာမ အန်းမူယောင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ တင်းမာနေကာ အကျပ်ရိုက်နေသည်။

‘ညဇီးကွက်ဘုရင်က ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောတော့မလို့လား... ဟန်ဆောင်နေတာတွေကို သူ ရပ်တန်းက ရပ်လိုက်ပြီလား’

"အရှင်မင်းသားက ဒီကို ရောက်နေခဲ့ပြီးပြီပဲ"

ညဇီးကွက်ဘုရင်က တိုးညင်းစွာ ပြောလိုက်၏။

ပထမဆုံးစကားတစ်ခွန်းကပင် အန်းမူယောင်၏ ရင်ထဲ၌ မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ ညဇီးကွက်ဘုရင်က ဘာကိုဆိုလိုချင်တာလဲ။

အန်းမူယောင်က နားမလည်ဟန် ဆောင်လိုက်၏။

"ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ ခင်ဗျား ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ပါဘူး.. ကျုပ် ဘာပြောချင်လဲဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်"

ညဇီးကွက်ဘုရင်က အေးဆေးစွာဖြင့် ပြောလိုက်၏။

"ညဇီးကွက်ဘုရင်ရဲ့ ဆိုလိုရင်းကို ကျွန်မက ဘယ်လိုလုပ် သိနိုင်မှာလဲ" အန်းမူယောင်က ခေါင်းမာစွာဖြင့် ငြင်းဆန်လိုက်၏။

"တကယ့် အရှင်မင်းသားအစစ်သာ ဒီနေရာမှာ ရှိနေခဲ့မယ်ဆိုရင် ယဇ်ပူဇော်ပွဲက ကျရှုံးမယ်လို့ ခင်ဗျား ထင်နေတာလား.. ဒီနတ်ဆိုးကောင်လေးတွေလောက်ကိုတော့ ခွန်လွန်ဟင်းလင်းပြင်ထဲကနေ နှင်ထုတ်ဖို့ ကျုပ်မှာ နည်းလမ်းတွေ အများကြီးရှိတယ်"

"ဒါက တာ့ယန်ရဲ့ ပိုင်နက်ပဲ.. နတ်ဆိုးတွေ သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး"

"ခင်ဗျားရဲ့ အကြံဉာဏ်တွေကို ထည့်သွင်းစဉ်းစားကြည့်လိုက်တော့ ထျန်းယန်စင်မြင့်ပေါ်မှာ လဲလျောင်းနေတဲ့သူက အရှင်မင်းသားရဲ့ ကိုယ်စားလှယ်သက်သက်ပဲ ဆိုတာကို ကျုပ် ကောက်ချက်ချနိုင်တာပေါ့"

စကားပြောရင်းဖြင့် ညဇီးကွက်ဘုရင်က ယဇ်ပလ္လင်အောက်မှ တာ့ယန်နိုင်ငံတော်၏ တော်ဝင်တံဆိပ်တုံးကို ယူလိုက်၏။

"အရှင်မင်းသားကို မြောက်ဘက်အစွန်အဖျားက မျိုးနွယ်စုတွေက အသိအမှတ်ပြုထားကြတယ်"

"သွေးဆက်ရဲ့ နည်းလမ်းတွေက ငါ့ရဲ့ တာ့ယန်မင်းဆက်က ထူးကဲတဲ့ နည်းစနစ်တွေကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ"

သူက ကျောက်စိမ်းတံဆိပ်တုံးကို ကိုင်လျက် အန်းမူယောင်အနီးသို့ ရောက်လာသည်။

"ခင်ဗျား ခံစားမိလား"

"နိုင်ငံတော်ရဲ့ တော်ဝင်တံဆိပ်တုံးပေါ်မှာ စွမ်းအားသစ်တစ်ခု ပေါ်လာတယ်.. အဲဒါက တကယ့်အရှင်မင်းသား ပြန်ရောက်လာပြီ ပြီးတော့ တာ့ယန်တော်ဝင်မိသားစုရဲ့ ဘိုးဘေးတွေရဲ့ စိတ်ဆန္ဒကို သူ လက်ခံရရှိသွားပြီဆိုတာကို ကျုပ်ကို ပြောပြနေတယ်"

"ဟား ဟား ဟား ဟား"

တော်ဝင်မျိုးဆက်များ သွေးချောင်းစီး သတ်ဖြတ်ခံရပြီးကတည်းက ညဇီးကွက်ဘုရင် ဤမျှ လွတ်လပ်ပျော်ရွှင်စွာ မရယ်ခဲ့ဖူးချေ။

"ထိုက်ဇူဧကရာဇ်ရဲ့ စောင့်ရှောက်မှုနဲ့ဆိုရင် တာ့ယန်မင်းဆက်က သေချာပေါက် ထာဝရကြီးပွားတိုးတက်မှာပဲ.. တကယ့်အရှင်မင်းသားက သာမန်တောသားလေးတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျုပ် ကြိုသိခဲ့သင့်တာ"

ဖရိုဖရဲဖြစ်နေတဲ့ အချိန်တွေမှာတောင် ရန်သူတွေ ဝိုင်းရံခံနေရတဲ့ အချိန်မှာတောင် အရှင်မင်းသားက လီမိသားစု မျိုးဆက်တွေရဲ့ စိတ်ဓာတ်နဲ့ တောက်ပနေတုန်းပါပဲ..

"နတ်ဆရာမ... ခင်ဗျား အခုထိ ဝန်မခံသေးဘူးလား"

သူက အန်းမူယောင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ မျက်နှာဖုံးနောက်က သူ၏ မျက်လုံးအိမ်များမှာ ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေမီးတောက်များကဲ့သို့ တောက်ပနေလေသည်။

"အင်း"

အတန်ကြာပြီးနောက် အန်းမူယောင်က ခေါင်းညိတ်လိုက်၏။

"ရှောင်လင်းအာ တကယ်ပဲ ရောက်လာခဲ့တယ်.. ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် ဇာစ်မြစ်ကိုရော အခု ဘယ်ရောက်နေလဲဆိုတာကိုပါ ကျွန်မ မသိဘူး"

ညဇီးကွက်ဘုရင်၏ တိကျသေချာသော အစီအစဉ်များနှင့် ထူးခြားဆန်းကြယ်သော နည်းလမ်းများက အန်းမူယောင် ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းလှကာ သူမအား အမှန်တရားကို ဝန်ခံရန် ဖိအားပေးနေတော့၏။

"ကျုပ် နားလည်ပါတယ်.. အရှင်မင်းသားက ခင်ဗျားကိုလည်း မယုံကြည်ဘူး ကျုပ်ကိုလည်း မယုံကြည်ဘူး.. လောကကြီးက ဘယ်သူ့ကိုမှ သူ မယုံကြည်ဘူးလေ"

"သူက သူ့ရဲ့ ကံကြမ္မာကို သူ့လက်ထဲမှာပဲ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားချင်နေတာ"

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ထိုက်ဇူဧကရာဇ်လိုပဲ.. အရှင်မင်းသားဆီမှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေတဲ့အတွက် ကျုပ် အရမ်းကို ဝမ်းသာဂုဏ်ယူမိပါတယ်..ဟားဟားဟားဟား.."

ညဇီးကွက်ဘုရင်က ရယ်လိုက်၏။

အန်းမူယောင်က ညဇီးကွက်ဘုရင်၏ အတွေးများကို လုံးဝ အကဲခတ်၍ မရနိုင်ပေ။ ဤလောက၏ သိုင်းပညာအရှင်သခင်က ဘာတွေကို တွေးတောနေသနည်း။ သူပြောသော စကားများသည် အမှန်လော အမှားလော။

သူမက လောင်းကြေးမထပ်ဝံ့ပေ။

ညဇီးကွက်ဘုရင်သည် တာ့ယန်တော်ဝင်မိသားစုအပေါ် တကယ်ပဲ သစ္စာရှိပြီး ကွယ်လွန်သူ ထိုက်ဇူဧကရာဇ်၏ ဆန္ဒနှင့်အညီ ရှောင်လင်းအာအား ထီးနန်းတက်နိုင်ရန်နှင့် တရားဝင်မျိုးဆက်ကို ထိန်းသိမ်းရန် ထောက်ခံပေးချင်ခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် ဘဝဆိုသည်မှာ ကြိုတင်ခန့်မှန်း၍မရနိုင်သလို လူတို့၏ စိတ်နှလုံးသည်လည်း ပြောင်းလဲလွယ်လှပေသည်။

ညဇီးကွက်ဘုရင်သည် ရိုးသားသည်ဖြစ်စေ မရိုးသားသည်ဖြစ်စေ ဤအခိုက်အတန့်တွင် သူသည် ရိုးသားနေလျှင်ပင် စစ်နတ်ဘုရား၏ ရတနာသိုက်ကို သူ့ရှေ့တွင် မြင်တွေ့လိုက်ရချိန်၌ သူ၏ စိတ်ကူးများ ပြောင်းလဲသွားနိုင်သေးသည်။

ရှောင်လင်းအာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် ရုပ်သေးရုပ်လေးတစ်ရုပ် ရတနာသိုက်၏ သော့လေးတစ်ချောင်း ဖြစ်သွားပေလိမ့်မည်။

"မင်းသားလေးက အတုဆိုတာ သေချာသွားပြီဆိုတော့ ညဇီးကွက်ဘုရင်က နောက်ထပ် ဘာဆက်လုပ်မလို့လဲ"

အန်းမူယောင်က မေးလိုက်၏။

"နတ်ဆရာမက ဘယ်လိုထင်လဲ"

ညဇီးကွက်ဘုရင်က ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

"ရှင့်အနေနဲ့ သူ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်.. သူက အပြစ်ကင်းစင်ပြီး ဒီအခြေအနေရဲ့ သားကောင်သက်သက်ပါပဲ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ဒိုက်ပင်လေး တစ်ပင်လိုပါပဲ"

အန်းမူယောင်က တောင်းဆိုလိုက်၏။

"သူ့အသက်ကို ကျုပ် သဘာဝကျကျ ချမ်းသာပေးမှာပါ.. အရှင်မင်းသားကလည်း သူ့အသက်ကို ချမ်းသာပေးချင်မှာ အသေအချာပါပဲ ဒါမှ အရှင်မင်းသားက နောင်အနာဂတ်မှာ သူ့ကို ကိုယ်တိုင် အပြစ်ပေးနိုင်မှာလေ"

ညဇီးကွက်ဘုရင်က ဆိုလိုက်၏။

"ဒါပေမဲ့ ဒီနေ့ကစပြီး သူက လောကကြီးကို သူ့ရဲ့ မျက်နှာအစစ်အမှန်နဲ့ ပြလို့မရတော့ဘူး.. ပြည်သူတွေရဲ့ အမြင်မှာတော့ မင်းသားလေးက မကြာခဏ ဖျားနာနေပြီး တိုင်းရေးပြည်ရာတွေကို မပါဝင်နိုင်ဘူးဆိုပြီး ဖြစ်သွားလိမ့်မယ်"

"အစစ်အမှန်နဂါး ပြန်ရောက်လာတဲ့ နေ့အထိ သူ နိုးထလာမှာ မဟုတ်ဘူး"

"ကမ္ဘာပေါ်က ပြည်သူတွေ သိဖို့ လိုအပ်တာက အရှင်မင်းသား ပြန်ရောက်လာပြီ ပြီးတော့ တာ့ယန်ပြည်ထောင်ကြီးက သူ့ရဲ့ မူလလမ်းကြောင်းမှန်ပေါ်ကို ပြန်လည်ရောက်ရှိသွားပြီ ဆိုတာလောက်ပါပဲ.. အဲဒါဆို လုံလောက်ပါပြီ"

ဒါက ညဇီးကွက်ဘုရင်၏ အကြံအစည်ပင် ဖြစ်သည်။

"ရှင့်အနေနဲ့ ဒီလိုလုပ်လိုက်မယ်ဆိုရင် မြို့စားဘုရင်တွေ မှူးမတ်တွေနဲ့ တာ့ယန်ရဲ့ အရာရှိတွေအားလုံးက ရှင့်ကို သစ္စာဖောက်တစ်ယောက် အာဏာလုသူတစ်ယောက်အဖြစ် သတ်မှတ်ကြလိမ့်မယ်.. မြို့စားတွေကို အမိန့်ပေးဖို့ ဧကရာဇ်ကို ဓားစာခံလုပ်တယ်ဆိုပြီးပေါ့ ဒါက ညဇီးကွက်အစောင့်တပ်က လုပ်ရမယ့် အလုပ်မဟုတ်ဘူး"

အန်းမူယောင်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

"အဆင်ပြေပါတယ်"

ညဇီးကွက်ဘုရင်က မားမားမတ်မတ် ရပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်လိုက်၏။

"တာ့ယန်နိုင်ငံတော်အတွက်နဲ့ လီမိသားစုရဲ့ ဘိုးဘေးတွေအတွက်ဆိုရင် ကျုပ်က အပြစ်တွေအားလုံးကို ခံယူရလည်း ဘာအရေးလဲ"

"အမတ်တွေရဲ့ စွပ်စွဲမှုတွေကို ကျုပ် ဂရုမစိုက်ဘူး"

"လောကကြီးရဲ့ ဝေဖန်ရှုတ်ချမှုတွေကိုလည်း ကျုပ် ဂရုမစိုက်ဘူး"

"အရှင်မင်းသားက ကျုပ်ကို အထင်လွဲရင်တောင် ကျုပ်က ဂရုမစိုက်ပါဘူး"

"ကျုပ် မျှော်လင့်တာက ဒီလောကကြီး အေးချမ်းသာယာဖို့ ပြည်သူတွေရဲ့ စိတ်နှလုံးတွေ ညီညွတ်ဖို့ သာမန်ပြည်သူတွေ နတ်ဆိုးတွေရဲ့ ဘေးရန်ကနေ ကင်းဝေးဖို့ ကျုပ်ရဲ့ တာ့ယန်မင်းဆက်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေကို ချီးကျူးခံရဖို့နဲ့ အင်ပါယာကြီး ကြီးပွားတိုးတက်ဖို့ပါပဲ.. အဲဒါဆိုရင် လုံလောက်ပါပြီ"

"အရှင်မင်းသားအတွက် ကျုပ်က လမ်းခင်းပေးထားသရွေ့ ပြီးတော့ အစစ်အမှန်နဂါး ပြန်ရောက်လာတဲ့အခါ ကောင်းကင်ဘုံရဲ့ အမိန့်တော်ကို ဆက်ခံပြီး ထီးနန်းကို ခိုင်ခိုင်မာမာ ရယူနိုင်မယ်ဆိုရင် ကျုပ်က ထာဝရ နာမည်ပျက်ရလည်း ခေါင်းဖြတ်ခံရလည်း သွေးမြေခရလည်း ဘာမှ မဖြစ်ပါဘူး"

All Chapters