← Chapters

ဓားနတ်သမီး၏ ပထမဆုံး အသွင်ပြောင်းလဲမှု

Vol. 6 Ch. 78

ဓားနတ်သမီး၏ ပထမဆုံး အသွင်ပြောင်းလဲမှု

Vol. 6 Ch. 78

အစမှအဆုံးတိုင်အောင် ညဇီးကွက်ဘုရင်၏ အစီအစဉ်များမှာ အလယ်ပိုင်းဒေသကို ပြန်လည်ပုံဖော်ရန်အတွက် တရားဝင် အကြောင်းပြချက်တစ်ခု ရရှိရေးသာ ဖြစ်သည်။

"ပြည်သူတွေရဲ့ သာယာဝပြောရေးက နိုင်ငံတော် ကံကြမ္မာရဲ့ အုတ်မြစ်ဖြစ်သလို အရှင်မင်းသား ပြန်ရောက်လာတဲ့အခါ အလိုအပ်ဆုံး အရာလည်း ဖြစ်တယ်.. ညဇီးကွက်ဘုရင်အနေနဲ့ မအားမလပ် အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ခဲ့တဲ့အပေါ် အရမ်းကို လေးစားမိပါတယ်"

အန်းမူယောင်က ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် ပြန်ထွက်သွားတော့၏။

အချိန်အတန်ကြာပြီးနောက် ညဇီးကွက်ဘုရင်က ထပ်မံ စကားဆိုလိုက်၏။

"မင်း နားထောင်နေတာ ကြာပြီပဲ.. ထဖို့ အချိန်တန်ပြီ"

ထျန်းယန်စင်မြင့်ပေါ်တွင် အပြင်းအထန် ဒဏ်ရာရကာ သတိလစ်နေသော လူငယ်လေးက ဖြည်းညင်းစွာ ထထိုင်လိုက်၏။

"ဟားဟား"

ကံကြမ္မာ၏ သရော်မှုကို ခံခဲ့ရသော လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်၏။

"ကျွန်တော် သိပါတယ်.. လီချန်ရှုဆိုတဲ့ နာမည်က အရမ်းကို ကြီးကျယ်ပြီး လေးလံလွန်းတယ်.. ကျွန်တော် မခံနိုင်ဘူး"

"ရှောင်ဖန်းရွာက ချန်ဂိုတန် ဖြစ်တာကမှ ပိုကောင်းဦးမယ်"

"အဲဒါနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်က မင်းသားလေးအစစ်ရဲ့ ကိုယ်စား နေရာယူခဲ့တာဆိုတော့ သူ့အသက်ကို ကျွန်တော် ကယ်ခဲ့တယ်လို့ ပြောလို့ရမလား"

လီချန်ရှက ချန်ဂိုတန်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီးနောက် သူ၏ လေသံမှာ ပိုမိုပေါ့ပါးပြီး ရွှင်လန်းလာသည်။ သူသည် သေရမည်ကိုလည်း မကြောက်တော့သလို တွန့်ဆုတ်နေစရာလည်း မရှိတော့ပေ။

"အစစ်အမှန်နဂါးဆိုတာ ကံကြမ္မာရဲ့ အစောင့်အရှောက်ကို ရထားလို့ ဘယ်တော့မှ မသေဘူး"

ညဇီးကွက်ဘုရင်က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်၏။

"မင်းရဲ့ ကံကြမ္မာက အရှင်မင်းသားနဲ့ ပတ်သက်နေတာ မင်းအတွက် ဂုဏ်ယူစရာကောင်းသလို အရှင်မင်းသားဆီက ရတဲ့ ကောင်းချီးတစ်ခုလည်း ဖြစ်တယ်"

"ဟွန့်"

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဂိုတန်က နှုတ်ခမ်းမဲ့လိုက်သည်။

"ခင်ဗျားကလည်း သိပ်အထူးအဆန်းတွေ လုပ်ပြောနေတာပဲ.. ကျွန်တော်က ဒါတွေ ဘာမှ နားမလည်ပါဘူး.. အခု ကျွန်တော် သိချင်တာက ခင်ဗျား ကျွန်တော့်ကို ဘာလုပ်မလို့လဲ တိုက်ပိတ်ထားမှာလား ဒါမှမဟုတ် သေအောင် သတ်ပစ်မှာလား"

"ငါ မင်းကို မသတ်ဘူးလို့ အန်းမူယောင်ကို ကတိပေးထားတယ်.. အရှင်မင်းသား ပြန်ရောက်လာတဲ့အခါ မင်းကို ကိုယ်တိုင် အပြစ်ပေးလိမ့်မယ်"

ထိုသို့ပြောပြီးနောက် ညဇီးကွက်ဘုရင်က မျက်နှာဖုံးတစ်ခုကို ပစ်ချပေးလိုက်၏။

"ဒါကို တပ်ထားလိုက် မင်းက မင်းမဟုတ်တော့ဘူး.. အရှင်မင်းသား ပြန်ရောက်လာတဲ့အခါ မင်းကို လွတ်လပ်ခွင့် ပြန်ပေးမယ်"

"ကျွန်တော့်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်"

ချန်ဂိုတန်က မျက်နှာဖုံးကို လက်ထဲတွင် ကိုင်ထားပြီး ဂရုတစိုက် ပွတ်သပ်ရင်း မျက်ခုံးများ ကွေးကျကာ အတွေးနက်နေသည်။

"ပြော"

ညဇီးကွက်ဘုရင်က ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော် ညဇီးကွက်အစောင့်တပ်ထဲ ဝင်ပြီး သိုင်းပညာ ဆက်သင်ချင်ပါတယ်.. ပြီးတော့ ခွန်လွန်တောင်မှာပဲ နေပြီး ရှောင်ဖန်းရွာကို စောင့်ရှောက်ချင်တယ်.. ရမလား"

ချန်ဂိုတန်က မေးလိုက်၏။ ညဇီးကွက်ဘုရင်မှာ အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားသည်။

မိမိအား သည်လို တောင်းဆိုဝံ့သူ အလွန်နည်းပါးလှသည်လေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ညဇီးကွက်ဘုရင်က ထပ်မံမေးလိုက်၏။

"မင်း အရှင်မင်းသားကို မုန်းလား"

"နည်းနည်းတော့ မုန်းတယ်"

ချန်ဂိုတန်က ခေါင်းညိတ်လိုက်၏။

"ကျွန်တော် သေချာစဉ်းစားကြည့်ပြီးပါပြီ.. ကျွန်တော့်ရဲ့ မိဘအရင်းတွေက တော်ဝင်မိသားစုရဲ့ သစ္စာရှိတဲ့ အမတ်တွေ ဖြစ်လောက်တယ်.. သူ့ကို ကယ်ဖို့အတွက် ကျွန်တော့်ကို ဓားစာခံ လုပ်ခဲ့ကြတာပဲ"

"ဒါပေမဲ့ ကျွန်တော် ထပ်စဉ်းစားကြည့်လိုက်တော့ သူက အတင်းအကျပ် ခံခဲ့ရတာဖြစ်ပြီး လူကြီးတွေက ကိုယ့်သဘောနဲ့ကိုယ် လုပ်ခဲ့ကြတာဆိုတော့ သူ့ကို အပြစ်မတင်တော့ဖို့ ဆုံးဖြတ်လိုက်တယ်"

"သူက နတ်ဆိုးတွေအားလုံးကို သတ်ပြီး ခွန်လွန်တောင်ကို ငြိမ်းချမ်းအောင် ပြန်လုပ်ပေးနိုင်သရွေ့ ကျွန်တော့် မိဘတွေကိုလည်း အေးချမ်းစွာ အနားယူခွင့်ပေးနိုင်သရွေ့ သူ့ကို ကျွန်တော် ခွင့်လွှတ်ပေးမှာပါ"

"မင်းက တော်တော် သဘောထားကြီးတာပဲ"

ညဇီးကွက်ဘုရင်က မှုန်မှိုင်းစွာ ပြုံးရင်း ပြောလိုက်၏။

"မင်းပြောတာ အမှန်ဖြစ်ဖို့ မျှော်လင့်ပါတယ်.. အဲဒါက မင်းအတွက် ကောင်းပါလိမ့်မယ်"

"လူတွေရဲ့ စိတ်နှလုံးဆိုတာ ပြောင်းလဲတတ်တာပဲ.. ကျွန်တော်လည်း အာမမခံနိုင်ဘူး"

ချန်ဂိုတန်က ပြုံးဖြီးဖြီးဖြင့် မတ်တတ်ရပ်ကာ သူ၏မျက်နှာဖုံးကို ချွတ်ပြီး ညဇီးကွက်ဘုရင် ပေးသော မျက်နှာဖုံးကို ဖြည်းညင်းစွာ တပ်လိုက်၏။ သူ၏ အသံမှာ ပို၍ပင် ဩဇာပါလာလေသည်။

"ဒီမျက်နှာဖုံးက ကျွန်တော်နဲ့ တော်တော်လေး လိုက်ဖက်တယ်.. ဒါပေမဲ့ ခင်ဗျားလောက်တော့ ကြည့်မကောင်းဘူး.. ကျွန်တော့်မှာသာ ခင်ဗျားလို ဝတ်ရုံမျိုး ရှိမယ်ဆိုရင် တကယ်ကို ခန့်ညားမှာပဲ"

“ဝုန်း”

ထိုစကားများ လေထုအတွင်း ကျရောက်သွားသော အခါ ညဇီးကွက်ဘုရင်ထံမှ ကြောက်စရာ အငွေ့အသက်များ ထွက်ပေါ်လာသည်။

"ဒီနေ့က မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို သည်းခံပေးတဲ့ နောက်ဆုံးအကြိမ်ပဲ.. နောက်တစ်ခါ မရှိဖို့ မျှော်လင့်တယ်"

...

အချိန်တို့ကား.. လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။

သုံးလအကြာ။

ကျိုးကုန်းတောင်တန်း၊ ဆယ့်နှစ် ဂူစံအိမ်ထဲ၌ ဝါးတောလေးထဲတွင် နေရောင်ခြည်က ဝါးရွက်များကြားမှ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာ၏။ မြေပြင်ပေါ်တွင် အကွက်များ ထင်ဟပ်နေသည်။ အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသော ဓားနတ်သမီးက သေမျိုးကမ္ဘာထဲသို့ နတ်ပြည်မှ မျက်စိလည်လမ်းမှား ရောက်ရှိလာသူလေးပမာ ဓားသိုင်းလေ့ကျင့်နေလေ၏။

သူမက ဓားကို ဆွဲထုတ်လိုက်သောအခါ သူမ၏ လှုပ်ရှားမှုများက ပျံလွှားလေးတစ်ကောင်လို ပေါ့ပါးသွက်လက်လှ၏။ ဓားရောင်များက ဝါးရွက်များကြားတွင် ကခုန်နေသော နံနက်ခင်း နှင်းပေါက်လေးများကဲ့သို့ တလက်လက် တောက်ပနေသည်။

ဓားသိုင်းက ချောမွေ့စွာ စီးဆင်းနေပြီး တစ်ခါတစ်ရံ ပင်လယ်ထဲမှ ထွက်ပေါ်လာသော နဂါးတစ်ကောင်ကဲ့သို့ အဆုံးမရှိသော စွမ်းအားများ ထွက်ပေါ်နေသလို တစ်ခါတစ်ရံတွင်လည်း လျင်မြန်သွက်လက်သော မြွေတစ်ကောင် ကခုန်နေသကဲ့သို့ အမြဲတစေ ပြောင်းလဲနေကာ ခန့်မှန်းရခက်လှ၏။

ဓားသိုင်း၏ အမြင့်မားဆုံး အဆင့်တွင် ဓားနတ်သမီးသည် စီးဆင်းနေသော အလင်းတန်းများဖြင့် ဝန်းရံခံထားရသကဲ့သို့ ဖြစ်နေ၏။ သူမက သူမ၏ ဓားနှင့် တစ်သားတည်း ဖြစ်သွားကာ ဓားစိတ်ဆန္ဒများ ထက်ရှစွာ ထွက်ပေါ်နေလေသည်။ အချိန်တွေ ရပ်တန့်သွားသကဲ့သို့ ခံစားရပြီး မရေမတွက်နိုင်သော ဓားအရိပ်များက ဓားနတ်သမီး၏ ပုံစံအမျိုးမျိုးကို ယူဆောင်လာ၏။ ဓားအရိပ်များက ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီးနောက် ကောင်းကင်ကို ထိုးဖောက်ကာ အဖြူရောင် နဂါးတစ်ကောင်အဖြစ် ဖွဲ့တည်လျက် တိမ်တိုက်များထဲသို့ ပျံတက်သွားလေ၏။

"နတ်သမီးရဲ့ ဓားသိုင်းက ပန်းချီကားတစ်ချပ်လို လှပလိုက်တာ"

"အရမ်းကောင်းတယ်.. တကယ်ကို အံ့မခန်းပဲ"

ကဗျာ တစ်ပုဒ် ပန်းချီကား တစ်ချပ်လို လှပလွန်းသော ဓားသိုင်းက လီယွမ်ကို အံ့အားသင့်သွားစေသည်။

ခွန်လွန်တောင်မှ ပြန်ရောက်လာပြီးနောက် သူသည် အားလပ်ချိန်များတွင် သိုင်းပညာကို ရံဖန်ရံခါ လေ့ကျင့်လေ့ရှိသော်လည်း သူ၏ ပါရမီက အလယ်အလတ်သာ ဖြစ်သည့်အလျောက် တိုးတက်မှုကလည်း နှေးကွေးလှသည်။

ကောင်းကင်အဆင့် သိုင်းပညာ သုံးခုရှိနေသော်လည်း လမ်းပြပေးမည့်သူ မရှိပါက မူလတန်းကျောင်းသား တစ်ယောက်က အဆင့်မြင့်သင်္ချာကို နားလည်အောင် ကြိုးစားနေသကဲ့သို့ ဖြစ်နေပြီး ဘာမှ တတ်မြောက်နိုင်မည် မဟုတ်ပေ။ ကောင်းကင်တုန်ခါနတ်လက်သီး၏ သိုင်းကွက်အနည်းငယ်ကို သူ နားလည်နိုင်သော်လည်း အစပြုသူအဆင့်ကို ရောက်ရုံသာ ရှိသေးသည်။

အသင်္ချေဓားသိုင်းကတော့ သူ လုံးဝ နားမလည်နိုင်သော အရာပင်။

လီယွမ်က ဓားနတ်သမီးအား အသင်္ချေဓားသိုင်းကျမ်းကို ဖတ်ခိုင်းလိုက်သည့် အချိန်ထိပင်။ မထင်မှတ်ဘဲ ဓားနတ်သမီးက အလွန်လျင်မြန်စွာ သင်ယူနိုင်ခဲ့ပြီး အချိန်တိုအတွင်း သတ္တမအဆင့်ကိုပင် ကျွမ်းကျင်သွားခဲ့သည်။

အစပိုင်းတွင်တော့ သူ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။ သို့သော် ထပ်မံစဉ်းစားကြည့်လိုက်သောအခါ...

'ဟေး ဓားနတ်သမီးက ငါ့အပိုင်ပဲ.. သူ သင်ယူနိုင်တယ်ဆိုရင် ငါလည်း သင်ယူနိုင်တယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား'

ဓားနတ်သမီးနှင့် ချိတ်ဆက်မှုမှတစ်ဆင့် လီယွမ်သည် အရေးကြီးသော သိုင်းကွက်အချို့ကို သဘောပေါက်လာခဲ့ပြီး အချိန်ပေးနိုင်မည်ဆိုပါက အောင်မြင်မှု ရရှိနိုင်မည်မှာ သေချာပေသည်။

"အစ်မ ဓားနတ်သမီး... အစ်ကို လီယွမ်... ထမင်းစားရအောင်" ဝမ်ကျောက်ကျောက်က ခြံဝင်းရှေ့တွင် ကျယ်လောင်စွာ အော်ခေါ်လိုက်၏။

"လာပြီ.. လာပြီ" လီယွမ်က တုံ့ပြန်လိုက်၏။

ဓားနတ်သမီးက ပို၍ပင် မြန်ဆန်လှပြီး ကောင်းကင်ကို ဖြတ်ပြေးသွားသော အဖြူရောင် သက်တန့်လေးတစ်တန်းလို မျက်စိတစ်မှိတ်အတွင်းတွင် ခုံပေါ်၌ ထိုင်ကာ ပန်းကန်နှင့် တူများကို ကိုင်လျက် စားရန် အသင့်ဖြစ်နေလေပြီ။

"အစ်ကို လီယွမ်... အစ်မ ဓားနတ်သမီးက အခုဆို ပိုပြီး တက်ကြွလာတယ်လို့ မထင်ဘူးလား"

ဝမ်ကျောက်ကျောက်က ပြုံးပြီး မေးလိုက်၏။

"အင်း"

လီယွမ်က ဤအချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။

ခွန်လွန်ဟင်းလင်းပြင်မှ နဂါးသွေးကြော ကံကြမ္မာ၏ လွှမ်းမိုးမှုကြောင့်လော သို့မဟုတ် ကနဦးဘိုးဘေး၏ သွေးသားနှင့် ပေါင်းစပ်သွားမှုကြောင့်လော သို့မဟုတ် အသင်္ချေဓားသိုင်းကို လေ့ကျင့်နေမှုကြောင့်လော။

မည်သို့ပင်ဆိုစေကာမူ ခွန်လွန်တောင်မှ ပြန်ရောက်ကတည်းက ဓားနတ်သမီးက ပြောင်းလဲသွားခဲ့လေပြီ။

သူမ၏ မျက်လုံးများက အရင်လို အရောင်အဝါ မဲ့မနေတော့ဘဲ တစ်ခါတစ်ရံတွင် ဉာဏ်ပညာ၏ အရောင်အဝါများ တောက်ပလာတတ်သည်။ သစ်ပင်ကို ဖက်ပြီး စားခြင်း၊ ရေချိုးနေစဉ် ပြေးလွှားခြင်း၊ သန်းခေါင်ယံအချိန်တွင် ဝါးတောထဲ၌ ဒန်းစီးခြင်း စသည့် သူမ၏ ထူးဆန်းသော အပြုအမူများကလည်း နည်းပါးလာလေပြီ။

လီယွမ်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။

သူ၏ အသွင်ပြောင်းလဲမှုက ဓားနတ်သမီးအပေါ် ဆက်တိုက် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်ချေများ၏။ မည်သို့ပင်ဖြစ်စေ သူနှင့် ဓားနတ်သမီးမှာ ကံကြမ္မာအရ ချိတ်ဆက်ထားသူများ ဖြစ်ကြသည်။

ဖြစ်နိုင်သည်မှာ နောက်ထပ် နှစ်သုံးရာအတွင်း ဓားနတ်သမီးကို အသက်ပြန်ရှင်လာအောင် ပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်ပေလိမ့်မည်။

‘လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ကူအင်မော်တယ်တောင်မှ ကူသခင်တစ်ယောက် ဖြစ်တဲ့ ငါ့ဆီမှာ စစ်နတ်ဘုရားရဲ့ သွေးဆက် ရှိနေလိမ့်မယ်လို့ တွေးမိခဲ့မှာ မဟုတ်ဘူး’

စစ်နတ်ဘုရားသာလျှင် ကူအင်မော်တယ်၏ မဟာကံကြမ္မာကူကောင်၏ ဟောကိန်းကို ချိုးဖျက်နိုင်သည်။ လီယွမ်က တုံ့ဆိုင်းမနေခဲ့ပေ။ သူ၏အမြင်တွင် ၎င်းမှာ အားနည်းချက် တစ်စုံတစ်ရာ မရှိသော အရာကောင်းတစ်ခုသာ ဖြစ်ပေသည်။

...

ရက်အနည်းငယ် အကြာ။

ဖေးလော့ချန်က ဝါးတောလေးဆီသို့ ကမန်းကတန်း ရောက်လာ၏။ သူ့အား မြင်တွေ့ရသည်မှာ နွေဦးလေပြေလို တောက်ပသော အပြုံးဖြင့် ပြုံးရွှင်နေလေသည်။

"စီနီယာအစ်ကို... ဘာသတင်းကောင်းတွေ ရှိလို့ ဒီလောက်တောင် ပျော်နေရတာလဲ" လီယွမ်က မေးလိုက်၏။

"ငါ ရာထူးကနေ နုတ်ထွက်ဖို့ ပြင်ဆင်နေပြီ"

ဖေးလော့ချန်က ရယ်လျက် သူ့အား ပြောလာ၏။

"ဂျူနီယာညီလေးရဲ့ သဘောထားကို မေးကြည့်ရအောင် မင်းပဲ အမှတ် (၁၂) ဂူစံအိမ်ရဲ့ နန်းတော်သခင် နေရာကို ယူမလား ဒါမှမဟုတ် တခြားတစ်ယောက်ကို ရွေးရမလား"

"စီနီယာအစ်ကို... ကျွန်တော်က အေးအေးဆေးဆေး နေချင်တာကို အစ်ကို သိသားပဲ" လီယွမ်က ငြင်းဆန်လိုက်သည်။

ဖေးလော့ချန်က ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ... အဲဒါဆို နဝမနန်းတော်ရဲ့ အတွင်းစည်းက တစ်ယောက်ယောက်ကို တာဝန်ယူခိုင်းလိုက်မယ်.. ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားက သိပ်မကြီးလောက်ဘူး.. မင်းက ဒီမှာ ကြီးကြပ်ပေးဖို့ ရှိနေတာဆိုတော့ ဂူစံအိမ်သခင်က ကိစ္စတွေကို စီမံခန့်ခွဲပေးရုံပါပဲ"

"ရပါတယ်"

လီယွမ်က သဘောတူလိုက်၏။

ဖေးလော့ချန်က ထပ်ပြောပြန်သည်။

"မင်းကို ပြောပြရမယ့် နောက်ထပ် သတင်းတစ်ခုရှိသေးတယ်.. တာ့ယန် တော်ဝင်မိသားစုနဲ့ ပတ်သက်တာ အရှင်မင်းသားက ဒဏ်ရာအပြင်းအထန် ရထားလို့ ဆေးကုသမှု ခံယူနေရတုန်းပဲဆိုတာ မင်း ကြားပြီးလောက်ပြီ.. ညဇီးကွက်ဘုရင်က ကိုယ်စား တာဝန်ယူနေတယ်"

"ညဇီးကွက်ဘုရင်က တစ်ခုခု လုပ်ဖို့ ကြံစည်နေပြန်ပြီလား"

လီယွမ် အံ့သြစွာဖြင့် မေးလိုက်မိ၏။

All Chapters