← Chapters

ရှောင်လင်းအာကို တွေ့ပြီ

Vol. 6 Ch. 79

ရှောင်လင်းအာကို တွေ့ပြီ

Vol. 6 Ch. 79

"ရှိတာပေါ့"

ဖေးလော့ချန်က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး

"ဒါက နောက်ထပ် အလှည့်အပြောင်းကြီးတစ်ခုပဲ"

"ဪ"

လီယွမ်က စိတ်ဝင်စားသွားသည်။

"စီနီယာအစ်ကို... မြန်မြန် ပြောပြပါဦး"

"မကြာသေးခင်ကပဲ ညဇီးကွက်ဘုရင်က ညဇီးကွက်အစောင့်တပ်ရဲ့ တပ်မှူးရှစ်ယောက်စလုံးကို အလယ်ပိုင်းဒေသရဲ့ နေရာအနှံ့အပြားကို စေလွှတ်လိုက်တယ်.. သူတို့ကို ကြီးကြပ်ခိုင်းပြီး ဒေသခံတပ်ဖွဲ့တွေကို နတ်ဆိုးတွေ အလယ်ပိုင်းဒေသကနေ မဆုတ်ခွာမချင်း အသေခံတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်လေ"

"အလယ်ပိုင်းဒေသက ပြည်သူတွေအတွက်တော့ ဒါက သတင်းကောင်းပါပဲ.. နောက်ဆုံးတော့ သူတို့တွေ နတ်ဆိုးတွေရဲ့ ဘေးရန်ကနေ ကင်းဝေးပြီး အေးချမ်းသွားကြတော့မယ်"

"တချို့နတ်ဆိုးတွေက ကျေးလက်ဒေသတွေမှာ ကျန်နေသေးရင်တောင် ညဇီးကွက်အစောင့်တပ်က တဖြည်းဖြည်း ရှင်းလင်းသွားလိမ့်မယ်"

"အလယ်ပိုင်းဒေသ တစ်ခွင်လုံးမှာ ပြည်သူတွေက အရှင်မင်းသားရဲ့ ကျေးဇူးတရားကို ချီးကျူးနေကြပြီး အရှင်မင်းသား အမြန်ဆုံး နာလန်ထူလာဖို့ ထီးနန်းတက်ဖို့နဲ့ တာ့ယန်ရဲ့ ခေတ်သစ်ကို ပြန်လည်တည်ထောင်ဖို့ မျှော်လင့်နေကြတယ်လို့ ငါ ကြားထားတယ်"

ဖေးလော့ချန်က သက်ပြင်းချလိုက်၏။

"ဒီလိုလုပ်လိုက်တော့ အလယ်ပိုင်းဒေသက အေးချမ်းသွားမယ်.. အလယ်ပိုင်းဒေသက ပြည်သူတွေလည်း အေးချမ်းစွာ နေထိုင်အလုပ်လုပ်ကိုင်နိုင်ကြလိမ့်မယ်.. ဧကရာဇ်အသစ်ကို ချီးကျူးထောမနာပြုကြမယ် ဧကရာဇ်အသစ်ရဲ့ ဂုဏ်ကျေးဇူးကို သီကျူးကြမယ်.. အဲဒါဆိုရင် ဖရိုဖရဲဖြစ်နေတဲ့ တာ့ယန်ရဲ့ ကံကြမ္မာတွေလည်း ပြန်လည်စုစည်းသွားလိမ့်မယ်"

"ဒါပေမဲ့..."

"ဒီဗျူဟာကို အကောင်အထည်ဖော်လိုက်တာနဲ့ သုံးလကနေ တစ်နှစ်အတွင်းမှာ အလယ်ပိုင်းဒေသက နတ်ဆိုးတွေ အမြောက်အမြား တောင်ပိုင်း မြောက်ပိုင်း အနောက်ပိုင်း အရှေ့ပိုင်းနဲ့ ချန်းလန်ဒေသတွေကို ပြုံဆင်းလာကြလိမ့်မယ်"

"အရင်ကတည်းက ဆင်းရဲဒုက္ခရောက်နေတဲ့ နယ်စပ်ဒေသတွေကတော့ တကယ့်ကို လောကငရဲ ဖြစ်သွားတော့မှာပဲ"

ဖေးလော့ချန်က တောင်ပိုင်းဇာတိဖြစ်ရာ သူ၏ ဇာတိမြေကို အာဏာလုပွဲများ၏ မြေဇာပင် အဖြစ်မခံလိုသည်မှာ သဘာဝပင်။ သို့သော် လောကကြီးက ဤကဲ့သို့ ဖြစ်နေလေရာ သူလို အညတရတစ်ယောက် မဆိုထားနှင့် နဝမဂူစံအိမ်တော်ပင်လျှင် တားဆီးနိုင်မည် မဟုတ်ချေ။

လီယွမ်က ကောင်းစွာ သဘောပေါက်သည်။

"ညဇီးကွက်ဘုရင်က မြို့စားတွေကို အမိန့်ပေးဖို့ ဧကရာဇ်ကို ဓားစာခံလုပ်ရုံသာမကဘဲ ကျားတစ်ကောင်ကို အသုံးချပြီး နောက်ကျားတစ်ကောင်ကို ရှင်းထုတ်ပစ်မယ့် ဗျူဟာကိုလည်း အသုံးချခဲ့သေးတယ်.. အနှစ်နှစ်ဆယ်ကျော်ကြာ နတ်ဆိုးတွေရဲ့ သောင်းကျန်းမှုကြောင့် မြို့စားတွေ မှူးမတ်တွေရဲ့ အင်အားတွေ အားနည်းနေတာကို အခွင့်ကောင်းယူလိုက်တာပဲ"

ဖေးလော့ချန်က မဲ့ပြုံး ပြုံးလိုက်၏။

"အဓိကအချက်က ဒါက ပေါ်တင်လုပ်နေတဲ့ ဗျူဟာတစ်ခုပဲ.. ဘယ်မြို့စား ဘယ်မှူးမတ်ကမှ ညဇီးကွက်ဘုရင်ကို မဆန့်ကျင်ရဲဘူး.. ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ပြဿနာ မရှာချင်ကြဘူးလေ"

ငြိမ်းချမ်းသော ခေတ်ကာလတွင်သာဆိုလျှင် ဤကဲ့သို့သော လုပ်ရပ်များက ဒေသအသီးသီးရှိ ပြည်သူများအား တစ်ယောက်လဲကျလျှင် အခြားတစ်ယောက်လည်း ထိခိုက်နိုင်သည်ဟု ခံစားရစေပြီး ပြည်သူများ၏ ထောက်ခံမှုကို ဆုံးရှုံးစေမည်မှာ သေချာပေသည်။ သို့သော် ယခုကဲ့သို့ ဖရိုဖရဲဖြစ်နေသော ခေတ်ကာလတွင်တော့ ညဇီးကွက်ဘုရင်သည် အလုံးစုံ တည်ငြိမ်ရေးအတွက် နယ်မြေတစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ရန် ရဲရင့်ခဲ့သည်ဟုသာ ဆိုရမည်။

ညဇီးကွက်ဘုရင်သည် နတ်ဆိုးများက 'ပူးပေါင်းဆောင်ရွက်' လိုစိတ်ရှိပြီး တာ့ယန်၏ အာဏာလုပွဲမှလာသော ဤ 'လက်ဆောင်မွန်' ကို လက်ခံလိမ့်မည်ဟုလည်း ခန့်မှန်းထား၏။ နတ်ဆိုးများနှင့် ပြန်လည်ပူးပေါင်းဝံ့သည့် မည်သည့်မြို့စား၊ မှူးမတ်မဆို အခြားသူများကို သတိပေးရန် သတ်ဖြတ်ခံရမည့် ကြက်ကလေးတစ်ကောင် ဖြစ်လာပေလိမ့်မည်။

"တကယ့်ကို ပြောင်မြောက်တဲ့ အကြံအစည်ပဲ"

လီယွမ်၏ မျက်နှာတွင် တည်ကြည်လေးနက်နေသည်။ ညဇီးကွက်ဘုရင်၏ ရည်မှန်းချက်ကြီးမားမှုက လီယွမ်ကို မိမိကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သော စွမ်းရည်မရှိသေးမီ ကိုယ်ပိုင် ဇာစ်မြစ်ကို မဖော်ပြရန် ပိုမို ခိုင်မာစွာ ဆုံးဖြတ်ချက်ချစေခဲ့သည်။

"အတိုချုပ်ပြောရရင် တကယ့် မုန်တိုင်းက စတင်တော့မယ်.. အရင်တစ်ခါထက် အများကြီး ပိုပြင်းထန်လိမ့်မယ်.. ချန်းလန်တပ်မတောင်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်.. ငါတို့ကိုယ်ငါတို့ပဲ အားကိုးရတော့မှာ"

ဖေးလော့ချန်က လေးနက်စွာ သတိပေးလိုက်၏။

များစွာ စဉ်းစားပြီးနောက် သူ မနေနိုင်တော့ဘဲ မေးလိုက်သည်။

"ဂျူနီယာညီလေး.. မင်း ဒီ အမှတ် (၁၂) ဂူစံအိမ်မှာ ထာဝရနေဖို့ တကယ် သေချာပြီလား"

"အင်း" လီယွမ်က ခေါင်းညိတ်လိုက်၏။

သူက ဝါးတောလေးကို အလုံးစုံ ပြုပြင်မွမ်းမံပြီးဖြစ်ကာ ဆက်လက်ချဲ့ထွင်ပြီး သူ၏ ကိုယ်ပိုင်နယ်မြေတစ်ခုအဖြစ် ဖန်တီးရန် အစီအစဉ်ရှိသည်။ ဤနေရာတွင် ကူအိမ်နှစ်ခုလည်း တည်ရှိသည်။

ဤနေရာက သူ၏ အခြေစိုက်စခန်းဖြစ်ပြီး ဝါးတောလေးထဲတွင်သာ သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မည် ဖြစ်၏။

"ကောင်းပါပြီ"

ဖေးလော့ချန်က ဆက်မတိုက်တွန်းတော့ပေ။

"ငါ ဒီနေ့ ထွက်သွားတော့မယ်.. ဘယ်တော့ ပြန်ဆုံရမလဲ မသိဘူး.. ဂျူနီယာညီလေး... မင်း တောင့်မခံနိုင်တော့ဘူးဆိုရင် နဝမနန်းတော်ရဲ့ အတွင်းစည်းကို သွားပြီး ခိုလှုံလိုက်ပါ"

"ဟုတ်ကဲ့ပါ စီနီယာအစ်ကို ဂရုစိုက်ပါ"

မုန်တိုင်းတစ်ခု တိုက်ခတ်လာတော့မည်။ ဘဝဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရနိုင်သလို ခွဲခွာခြင်းကလည်း ယခင်ကထက် ပိုမို လေးလံလှပေသည်။

လီယွမ်က ကျောက်စိမ်းပုလင်းငယ်လေးတစ်ခုကို ထုတ်ယူလိုက်၏။

"ဒါက ပြီးခဲ့တဲ့အကြိမ် ဆရာ့ကို ကုသပေးခဲ့တဲ့ အဖိုးတန်ဆေးပါ.. ကျွန်တော့်ကိုယ်စား ဆရာ့ကို နှုတ်ဆက်ပေးပါဦး စီနီယာအစ်ကို"

"ဒါက..."

ဖေးလော့ချန်က သက်ပြင်းချလိုက်သည်။

"ဂျူနီယာညီလေး... ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာက နတ်ဆိုးတွေနဲ့ တိုက်ခိုက်ဖို့ မစွမ်းဆောင်နိုင်တော့ပါဘူး.. သူက အနားယူဖို့ပဲ သင့်တော်ပါတော့တယ်"

"မကြာခင်မှာ ဘေးအန္တရာယ်တွေ ရောက်လာတော့မယ်.. ဒီအဖိုးတန်ဆေးကို မင်းအတွက်ပဲ သိမ်းထားလိုက်ပါ.. ဆရာ ဒီမှာရှိနေရင်တောင် လက်ခံမှာ မဟုတ်ပါဘူး"

"ဒါက ကျွန်တော့်ရဲ့ စေတနာပါ"

လီယွမ်က ပြုံးလျက် ရှင်းပြလိုက်၏။

"ကျွန်တော့်ကို ယုံပါ.. ဆရာ့အတွက် သေချာပေါက် အသုံးဝင်မှာပါ"

"ကောင်းပါပြီ"

ဖေးလော့ချန်က ဆက်မငြင်းဆန်တော့ပေ။

ဂျူနီယာညီလေးက အထီးကျန်ပြီး အေးတိအေးစက်နိုင်သည်ဟု ထင်ရသော်လည်း သူ၏ မိသားစုနှင့် သူငယ်ချင်းများအပေါ်တွင်မူ အလွန်ကြင်နာတတ်ပြီး ဤမျှ အဖိုးတန်သော ဆေးကိုပင် လွယ်လွယ်ကူကူ ပေးအပ်လေ၏။

ဖေးလော့ချန် ထွက်သွားသည်ကို ကြည့်ပြီးနောက်မှ လီယွမ်သည် ကူကောင်မြောက်မြားစွာဖြင့် ဖုံးကွယ်ထားသော လျှို့ဝှက်ရတနာသိုက်ဆီသို့ ရောက်လာသည်။

အချက်အလက်ပြ မျက်နှာပြင် တစ်ခု ပေါ်လာသည်။

【 ကူသခင် - လီယွမ် 】

【 အမည်းရောင်အိုး (လမ်းကြောင်းခြောက်ခု ၁၃၆/၃၀၀၀) 】

【 နယ်ပယ် - ဆဌမအဆင့် 】

【 စိတ်စွမ်းအား - နယ်မြေအဆင့် (အလယ်အလတ်) 】

【 ပင်မကူကောင် - ဘီလူး ဝိညာဉ်ကူကောင်၊ ပြန်လည်ရှင်သန်ခြင်းကူကောင်၊ ငါးရောင်ခြယ်မီးတောက်စပါးအုံး၊ ဆန်းကြယ်ပုံရိပ်ကူကောင်၊ ပင့်ကူဘုရင်မကူကောင်၊ ဓားနတ်သမီး 】

【 ကူအိမ် - ငါးရောင်ခြယ်မီးတောက် ဂူ (ထောင်အဆင့် ကူအိမ်)၊ ပင့်ကူအိမ်လျှို့ဝှက်နယ်မြေ (ထောင်အဆင့် ကူအိမ်) 】

ပင့်ကူအိမ်လျှို့ဝှက်နယ်မြေမှ ရှင်သန်ခြင်းတံတွေး တစ်လလျှင် တစ်စက် ထုတ်လုပ်ပေးနိုင်ပြီး ယခုအထိ ငါးစက် ထုတ်လုပ်ထားပြီးဖြစ်သည်။ လီယွမ်က ၎င်းတို့ထဲမှ လေးစက်ကို သူ၏ဆရာ ယွီဟန်ချွမ်းအား ပေးအပ်ခဲ့သည်။

လိုအပ်လာပါက အသုံးပြုရန်အတွက် သူက တစ်စက်သာ ချန်ထားခဲ့သည်။

အရောင်ငါးမျိုးထူးဆန်းမီးတောက်ကူမှ ထုတ်လုပ်သော ကောင်းကင်မီးတောက် ငါးမျှင်စလုံးကို သိမ်းဆည်းထားပြီး ရှားပါးရတနာများနှင့် လဲလှယ်ရန် ရည်ရွယ်ထား၏။

...

ခုနစ်ရက်အကြာ။

အမှတ် (၁၂) ဂူစံအိမ်တွင် နန်းတော်သခင်အသစ် ရောက်ရှိလာသည်။ ပဉ္စမအဆင့် ကူသခင် တစ်ယောက်ဖြစ်သည်။

သူ ရောက်ရှိလာသည့် ပထမဆုံးနေ့တွင်ပင် ဝါးတောလေးဆီသို့ လက်ဆောင်များစွာ ယူဆောင်လာ၏။

"စီနီယာအစ်ကိုလီ... ကျွန်တော်က ဖန်းတာချွန်းပါ.. နဝမနန်းတော်ရဲ့ အမိန့်အရ အမှတ် (၁၂) ဂူစံအိမ်ရဲ့ နန်းတော်သခင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်လာတာပါ.. ဒါက အတွင်းစည်း တပည့်အမှတ်အသားပါ.. ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ"

ဖန်းတာချွန်းမှာလည်း အတွင်းစည်းတပည့်တစ်ယောက် ဖြစ်သော်လည်း လီယွမ်က အကြီးအကဲ၏ တိုက်ရိုက်တပည့်ဖြစ်သောကြောင့် ရာထူးပိုမြင့်သည်။

"နန်းတော်သခင် ရောက်လာတာကိုး"

လီယွမ်က အနည်းငယ် ပြုံးလိုက်၏။

"ငါက ဝါးတောလေးထဲက ကူမျှော်စင်အဟောင်းလေးကိုပဲ စီမံခန့်ခွဲတာပါ.. ကျန်တာတွေက နန်းတော်သခင်ရဲ့ တာဝန်ပါပဲ.. ငါ့ကို လာတိုင်ပင်နေစရာ မလိုပါဘူး"

ပြန်တွေးကြည့်လျှင် သူ ပထမဆုံး ရောက်လာစဉ်က အသက် (၁၆) နှစ်သာ ရှိသေးသည်။ အဘိုးဝမ်၏ နောက်မှ တပည့်တစ်ယောက်လို လိုက်ပါလာခဲ့ရသည်။ ယနေ့ ဖန်းတာချွန်း၏ အပြုအမူက သူ့အား အတိတ်ကို ပြန်လည်လွမ်းဆွတ်မိစေပြီး အချိန်များ ကုန်လွန်သွားမှု လူများနှင့် အရာဝတ္ထုများ ပြောင်းလဲသွားမှု အရာရာ၏ မတည်မြဲမှုတို့ကို ထပ်မံခံစားလိုက်ရ၏။

"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ"

ဖန်းတာချွန်းက ခေါင်းတညိတ်ညိတ်ဖြင့် တုံ့ပြန်လိုက်ပြီးနောက် အကြံပြုလိုက်၏။

"စီနီယာအစ်ကိုလီ... စီနီယာအစ်ကိုဖေးက ပြောတယ်.. အစ်ကိုက တိတ်ဆိတ်တာကို သဘောကျတယ်ဆို တခြားတပည့်တွေ အစ်ကို့ရဲ့ ကျင့်ကြံမှု့ကို အနှောင့်အယှက် မပေးနိုင်အောင် ဝါးတောလေးကို ချဲ့ထွင်ပြီး ပတ်ဝန်းကျင်က တောင်တွေကိုပါ ထည့်သွင်းလိုက်ရင်ရော ဘယ်လိုလဲ"

ဖန်းတာချွန်းက ကိစ္စရပ်များကို ဤမျှ ကောင်းစွာ စီမံခန့်ခွဲနိုင်လိမ့်မည်ဟု လီယွမ် မမျှော်လင့်ထားခဲ့ပေ။

ဝါးတောလေးကို ထပ်မံချဲ့ထွင်ရန် သူ တကယ်ပင် စိတ်ကူးရှိခဲ့သည်။ အနာဂတ်တွင် ကူအိမ်များ ကြီးထွားလာသည်နှင့်အမျှ ဖုတ်ကောင်ရုပ်သေးတပ်ဖွဲ့ကလည်း ကြီးထွားလာမည်ဖြစ်ပြီး ကူကောင်များ ပိုမိုမွေးမြူလာရမည်ဖြစ်ရာ မြေနေရာ ပိုမိုလိုအပ်လာမည် ဖြစ်၏။

"ရပါတယ်"

ဖန်းတာချွန်းက စတင်ပြောဆိုလာပြီဖြစ်ရာ လီယွမ်က အလွယ်တကူပင် သဘောတူလိုက်သည်။

"ဟုတ်ကဲ့ပါ"

ဖန်းတာချွန်းက ပြုံးလျက် တုံ့ပြန်လိုက်၏။

"စိတ်ချပါ စီနီယာအစ်ကိုလီ ကျွန်တော် အားလုံးကို သေချာစီစဉ်ပေးပါ့မယ်"

"အကူအညီအတွက် ကျေးဇူးပါပဲ"

လီယွမ်က လက်လှမ်းကာ အမည်းရောင်အိုးတစ်လုံးကို ယူလိုက်သည်။

"ဒီမှာ မသန့်စင်ရသေးတဲ့ ပဉ္စမအဆင့် ရွှမ်ကူ အကောင် နည်းနည်း ရှိတယ်.. ပင်မကူကောင်ရဲ့ စွမ်းအားကို ဖြည့်တင်းပေးဖို့ အထူးထုတ်လုပ်ထားတဲ့ သွေးသား ရွှမ်ကူတွေပါ.. မင်းကို ငါ ပေးလိုက်မယ်"

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလီ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလီ"

ဖန်းတာချွန်းမှာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးရွှင်သွားပြီး ကျေးဇူးတင်စကား အဖန်ဖန် ဆိုနေတော့၏။

...

မြောက်ပိုင်း ရေခဲပြင်မျိုးနွယ်စု။

လေနှင်းမုန်တိုင်းက ပြင်းထန်လှပြီး အအေးဒဏ်ကလည်း အရိုးခိုက်မတတ် အေးစိမ့်နေသည်။

ကျယ်ပြောလှသော နှင်းပြင်ကြီးပေါ်တွင် ရေခဲနှင်းများဖြင့် ဆောက်လုပ်ထားသော အိမ်များ တည်ရှိနေသည်။ ဤနေရာတွင် မြို့ရိုးများ မရှိပေ။ ကောင်းကင်က ကျယ်ပြောပြီး မြေပြင်က ကျယ်ဝန်းလှသည်။ လေနှင့် နှင်းများသည် မျိုးနွယ်စုအတွက် အကောင်းဆုံး အကာအကွယ်ဖြစ်ပြီး ပြင်ပရန်သူများ ကျူးကျော်လာမည်ကို စိုးရိမ်စရာ မလိုပေ။

“ခွပ် ခွပ် ခွပ်”

မလှမ်းမကမ်းမှ မြင်းတစ်စီးက နှင်းများကို ဖြတ်သန်းကာ ရွာထဲသို့ ဝင်ရောက်လာသည်။

ထိုပုံရိပ်က...

ကင်းလှည့်နေသော စစ်သည်များက လာသူကို မြင်သောအခါ ဝမ်းသာအားရ ကြွေးကြော်လိုက်ကြ၏။

"နတ်ဆရာမပဲ ..နတ်ဆရာမ ပြန်ရောက်လာပြီ ..မြန်မြန် သွားပြီး ..ဘုရင်ကြီးကို သတင်းပို့ကြ"

နှင်းဖုံးနေသော စံအိမ်တော်ထဲတွင် အနားယူနေသော ချီလင်ဘုရင် အန်းတိုသည် ရုတ်တရက် ထထိုင်လိုက်ပြီး ချောင်းနှစ်ချက်၊ သုံးချက်မျှ ဆိုးလိုက်ကာ လက်ကိုနောက်ပစ်လျက် အပြင်သို့ ကပျာကယာ ထွက်လာသည်။

နတ်ဆရာမက မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ လေနှင်းများကြားတွင် ခြေဗလာဖြင့် ရပ်နေကာ သူမ၏ ငွေရောင်ဆံပင်များက လွင့်ဝဲနေပြီး သူမ၏ ဝတ်ရုံပေါ်ရှိ ရေခဲခေါင်းလောင်းလေးများက တခြွင်ခြွင် မြည်နေသည်။

"အဖေ"

သူမက ချီလင်ဘုရင်အနားသို့ လျင်မြန်စွာ သွားလိုက်၏။

"အဖေ... ကျွန်မ သူ့ကို တွေ့ခဲ့ပြီ.. ရှောင်လင်းအာကို တွေ့ခဲ့ပြီ.. ညီမလေးရဲ့ ကလေးကို ကျွန်မ တွေ့ခဲ့ပြီ”

All Chapters