← Chapters

မြောက်ပိုင်းရေခဲပြင် မျိုးနွယ်စု

Vol. 6 Ch. 80

မြောက်ပိုင်းရေခဲပြင် မျိုးနွယ်စု

Vol. 6 Ch. 80

"မူယောင်... ရှောင်လင်းအာကို ရှာတွေ့ပြီလား"

ချီလင်ဘုရင်အန်းတို၏ ဖြူရော်နေသော မျက်နှာတွင် သွေးရောင်အနည်းငယ် ပြန်လည်လန်းဆန်းလာသည်။

"ဟုတ်ကဲ့.." နတ်ဆရာမ အန်းမူယောင်က သူ့ကို တွဲထူပေးလိုက်၏။

"အဖေ... အိမ်ထဲဝင်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့နော်"

"ကောင်းပြီ"

အန်းတိုယွမ်က ဝမ်းသာအားရဖြင့် ဖြေဆိုလိုက်တော့သည်။

အိမ်ထဲသို့ ရောက်သောအခါ အန်းမူယောင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ချီလင် ပုံရိပ်ယောင်တစ်ခု ဖွဲ့တည်လာပြီး အိမ်တစ်လုံးလုံးကို လွှမ်းခြုံသွားတော့သည်။

ထိုအခါမှသာ သူမက စတင်ပြောဆိုလိုက်၏။

"ခွန်လွန်ဟင်းလင်းပြင်ထဲမှာ အမှတ်အသားအလံတွေ စိုက်ထူနေတုန်းက ကျောက်စိမ်းဆွဲကြိုးလေး နှစ်ခုက ရုတ်တရက် တုံ့ပြန်မှု ဖြစ်လာတယ်.. အဲဒီအချိန်တုန်းက ရှောင်လင်းအာက အနီးအနားမှာ ရှိနေတာ သေချာတယ်"

"ဒါပေမဲ့ ညဇီးကွက်ဘုရင်ရဲ့ အန္တရာယ်ကြောင့် သူ့ကို ကိုယ်တိုင် သွားပြီး မခေါ်ရဲခဲ့ဘူး.. ရှောင်လင်းအာ ရှိနေတဲ့ အဖွဲ့အစည်းကိုပဲ မှတ်ထားလိုက်ရတယ်"

"သူက တောင်ပိုင်းက နဝမဂူစံအိမ်တော်မှာ ရှိနေတာ"

"နဝမဂူစံအိမ်တော်" အန်းတိုယွမ်က မျက်မှောင်ကြုတ်လိုက်၏။

အန်းတိုယွမ်က မြောက်ဘက်အစွန်အဖျားမှာ နေထိုင်ပြီး တောင်ပိုင်းနှင့် တာ့ယန်နယ်မြေ၏ ဆန့်ကျင်ဘက် အစွန်းတစ်ဖက်စီ ဖြစ်နေသော်လည်း နဝမဂူစံအိမ်တော်၏ နာမည်က ကြီးမားလှသည့် အလျောက် သူလည်း သဘာဝကျကျ ရင်းနှီးပြီးသား ဖြစ်သည်။

ထိုနေရာက ကူသခင်မျိုးဆက်များ စတင်ရာ၊ တောင်ပိုင်းနယ်စပ်ဒေသ သိုင်းလောက၏ အရှင်သခင်ဖြစ်ပြီး သမိုင်းကြောင်း ရှည်လျားလှကာ ရေခဲပြင်မျိုးနွယ်စုများထက် အများကြီး ပိုမို အင်အားကြီးမားလှပေသည်။

"အဖေ... ညီမလေးရဲ့ ကလေးကို သွားရှာသင့်လား"

အန်းမူယောင်က စာနာသနားစွာဖြင့် ပြောလိုက်၏။

"သူ ဒီနှစ်တွေအတွင်းမှာ တစ်ယောက်တည်း ဒုက္ခတွေ အများကြီး ရောက်ခဲ့မှာပဲ.. စစ်နတ်ဘုရားရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ သူ့ရဲ့ မွေးရာပါ ပါရမီတွေ ဖျက်ဆီးခံလိုက်ရပြီး နာမည်ပြောင်း မျိုးရိုးပြောင်းပြီး ကူပညာကို သင်ယူခဲ့ရတာလေ"

"သေချာပေါက် ပြန်ခေါ်ရမှာပေါ့"

အန်းတိုယွမ်၏ မျက်နှာက ခါးသီးသွားသည်။

"မူချိုးသာ မရှိခဲ့ရင် ငါတို့ မြောက်ပိုင်းရေခဲပြင် မျိုးနွယ်စုက အစောကြီးကတည်းက ပျက်စီးသွားလောက်ပြီ.. မူချိုးရဲ့ ကလေးကို အပြင်လောကမှာ တစ်ယောက်တည်း အထီးကျန်စွာ ဘယ်လိုလုပ် လှည့်လည်သွားလာခွင့် ပေးထားနိုင်မှာလဲ"

"ဒါပေမဲ့ ကျွန်မ ထင်တာကတော့..."

အန်းမူယောင်က စကားကို ခေတ္တရပ်လိုက်၏။

"ရှောင်လင်းအာက ကျွန်မတို့ကို တကယ် အသိအမှတ်ပြုချင်ပုံ မရဘူး"

"ငါတို့ သူ့ကို နားလည်ပေးရမယ်"

အန်းတိုယွမ်က သက်ပြင်းချလိုက်၏။

"ရှောင်လင်းအာက ငယ်ငယ်လေးကတည်းက ထွက်ပြေးပုန်းရှောင်နေခဲ့ရတာ နေရာအနှံ့ လှည့်လည်သွားလာပြီး ဒုက္ခမျိုးစုံ ခံစားခဲ့ရတယ်.. ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာခဲ့ရတာ... သူ ဘယ်သူ့ကို ယုံကြည်နိုင်မှာလဲ"

"သူ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး.. သူ့ကိုယ်သူပဲ ယုံကြည်နိုင်ခဲ့တာ"

အရာအားလုံးကို ဖြတ်သန်းကြုံတွေ့ဖူးသူတစ်ယောက်အနေဖြင့် အန်းတိုယွမ်က တစ်ခါမျှ မတွေ့ဖူးသေးသော သူ၏ မြေးလေးကို ကောင်းစွာ နားလည်နေသည်။

သတိထားခြင်းက မကောင်းသောအရာ မဟုတ်ပေ။ သတိထားခြင်းကသာ အသက်ရှည်ရန် သော့ချက်ဖြစ်သည်။

"ဒါဆို ကျွန်မတို့ ဘာလုပ်ရမလဲ"

အန်းမူယောင်က ပြောလိုက်၏။

"ရှောင်လင်းအာကို ရှာတွေ့ဖို့ အခွင့်အရေးက ကျွန်မတို့ မျက်စိရှေ့မှာတင် ရှိနေပြီ.. ကျွန်မတို့က ဒီအတိုင်း ထိုင်ကြည့်နေပြီး သူ့ကို အသိအမှတ်မပြုဘဲ နေရမှာလား"

"အသိအမှတ်ပြုရမှာပေါ့..သေချာပေါက် အသိအမှတ်ပြုရမှာပေါ့"

အန်းတိုယွမ်က တုံ့ပြန်လိုက်၏။

"ဒါပေမဲ့ ငါတို့ သူ့ကို အတင်းအကျပ် လုပ်လို့မရဘူး.. ငါတို့က ဒီကလေးကို တစ်ခါမှ စောင့်ရှောက်မပေးခဲ့ဖူးသလို သူကလည်း ငါတို့ဆီက ဘာကျေးဇူးမှ မခံစားခဲ့ရဖူးဘူး.. သူ သတိထားနေတာက လုံးဝ သဘာဝကျပါတယ်"

“ငါတို့ လုပ်ရမှာက ရှောင်လင်းအာရဲ့ သတိထားနေမှုတွေကို တဖြည်းဖြည်း လျှော့ချပေးဖို့ပဲ.. ဒါမှ သူက ငါတို့ကို တဖြည်းဖြည်း ယုံကြည်လာပြီး လက်ခံချင်စိတ် ရှိလာမှာ”

"သူက မူချိုးရဲ့ ကလေးပဲ.. သူ့စိတ်ရင်းက အေးစက်ပြီး အတ္တဆန်တဲ့သူမျိုး မဟုတ်ပါဘူး.. သူ့ရဲ့ အေးစက်မှုက သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းတစ်ခု သက်သက်ပါပဲ"

ချီလင်ဘုရင် အန်းတိုယွမ် ထိုသို့ ပြောပြီးနောက်မှာတော့ အန်းမူယောင်လည်း နောက်ဆုံးတွင် စိတ်အေးသွားတော့၏။

"အဖေ... ကျွန်မတို့ ဘာလုပ်ရမလဲ"

"မင်းရဲ့ ကိုယ်ပိုင် ဇာစ်မြစ်ကို ဖုံးကွယ်ပြီး တောင်ပိုင်းကို သွားပါ.. ပထမဆုံး လျှို့ဝှက်စုံစမ်းမှုတွေ လုပ်ပါ.. ရှောင်လင်းအာကို ရှာတွေ့ပြီးရင် အလောတကြီး မလုပ်ပါနဲ့.. မလိုအပ်တဲ့ အပြုအမူတွေ မလုပ်ပါနဲ့"

အန်းတိုယွမ်က ဆက်ပြောသည်။

"အရင်ဆုံး စောင့်ကြည့်ပါ.. ပြီးမှ တဖြည်းဖြည်းချင်း အဆက်အသွယ်လုပ်ပါ.. သူ သဘောကျလာပြီး ငါတို့ကို လက်ခံဖို့ ဆန္ဒရှိလာတဲ့အထိပေါ့"

"အဟွတ် အဟွတ် အဟွတ်..."

စကားပြောနေစဉ် အန်းတိုယွမ်က အပြင်းအထန် ချောင်းဆိုးလိုက်၏။ သူ၏ ဆံပင်ဖြူများက ဖရိုဖရဲဖြစ်နေပြီး စိတ်ဓာတ်ကျကာ အိုမင်းနေသော ခြင်္သေ့ဘုရင်ကြီး တစ်ကောင်နှင့် တူနေသည်။

"အဖေ"

အန်းမူယောင်က သူမ၏ဖခင်ကို ကပျာကယာ ထိန်းကိုင်ပေးလိုက်၏။

"အဖေ့ရဲ့ ဒဏ်ရာတွေက ပိုဆိုးလာသလိုပဲ"

"ရပါတယ်"

အန်းတိုယွမ်က လက်ကာပြလိုက်သည်။

"ငါ နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် ငါးနှစ်လောက်တော့ တောင့်ခံနိုင်ပါသေးတယ်.. မူချိုးရဲ့ ကလေးကို ငါ သေချာပေါက် တွေ့ရမှာပါ.. ပြီးတော့ အဲ့ကလေး.. ငါ့ကို အဘိုးလို့ ခေါ်တာကိုလည်း ကြားရမှာပါ"

" အဖေ့ နောက် လိုက်ခဲ့"

"ရှောင်လင်းအာအတွက် အဖေ့မှာ လက်ဆောင်တစ်ခု ရှိတယ်.. အဲဒါလေး သူ့ဆီ ယူသွားပေးပါ"

အန်းတိုယွမ်က ယိမ်းယိုင်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး မြေအောက်ခန်းတံခါးကို ဖွင့်လိုက်၏။ အန်းမူယောင်က သူ့အား လှေကားထစ်များမှ တစ်ဆင့်ချင်း တွဲဆင်းလာခဲ့သည်။

မြောက်ပိုင်းရေခဲပြင် မျိုးနွယ်စုများမှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့်က စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဒုက္ခသည်တစ်စုသည် အလယ်ပိုင်းဒေသမှ ဤခေါင်းပါးပြီး အေးစက်လှသော မြေပြင်ဆီသို့ ထွက်ပြေးလာခဲ့ကြ၏။ ဤနေရာတွင် သူတို့သည် ဆာလောင်မွတ်သိပ်မှုနှင့် အအေးဒဏ်ကို ခံစားခဲ့ရပြီး ရေခဲသေလုမတတ် ဖြစ်ခဲ့ကြရသည်။

ဒုက္ခသည်တစ်ဦးက ရေခဲတောင်ထဲတွင် ချီလင်၏ ရုပ်အလောင်းကို မတွေ့မချင်းပင်။

ချီလင်သည် မူလကတည်းက မင်္ဂလာရှိသော နိမိတ် ပြယုဂ် တစ်ခုပင်။ သမိုင်း၏ အချို့သော အချိန်ကာလများတွင် အစစ်အမှန်နဂါးကဲ့သို့ နာမည်ကြီးသည်။ ချီလင်တစ်ကောင် ရေခဲပြင်ပေါ်တွင် သေဆုံးနေသည်ကို မြင်သောအခါ ဒုက္ခသည်များမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။

ဤအခိုက်အတန့်တွင် လူတစ်ဦးက သူ၏ လက်ရုံးကို မြှောက်ကာ ကြွေးကြော်လိုက်သည်။

"ချီလင်ဆိုတာ လူတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်တဲ့ ကြင်နာတတ်တဲ့ နတ်ဘုရားတစ်ပါးပဲ.. ဒါကြောင့် ငါတို့ကို အာဟာရဖြစ်စေဖို့ သူ့ရဲ့ ရုပ်အလောင်းကို မြေကြီးပေါ် ပို့လွှတ်ပေးခဲ့တာပဲ"

"နတ်ဘုရား ချီလင်ရဲ့ ကရုဏာနဲ့ ခွင့်လွှတ်မှုကို ငါတို့ အလဟဿ မဖြစ်စေရဘူး"

ထိုသူ၏ လမ်းညွှန်မှုအောက်တွင် ဒုက္ခသည်များက ချီလင်၏ ရုပ်အလောင်းကို စားသုံးခဲ့ကြပြီး ထိုမှတစ်ဆင့် ထူးခြားဆန်းကြယ်သော စွမ်းအားများကို ရရှိခဲ့ကြကာ ရေခဲနှင်းများနှင့် အအေးဒဏ်ကို မကြောက်ရွံ့ကြတော့ပေ။

ဒုက္ခသည်များမှာ အပြစ်ပေးခံရမည်ကို စိုးရိမ်ကာ ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြ၏။ သူတို့က ငိုယိုဆုတောင်းကြပြီး ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်ရှိခိုးခဲ့ကြသည်။

နောင်တွင် နတ်ဘုရား ချီလင်က သူတို့ကို အပြစ်မပေးခဲ့ရုံသာမကဘဲ ချီလင်၏ အရိုးများပေါ်တွင် ထူးခြားဆန်းကြယ်သော စာလုံးများကို ပြသခဲ့ပြီး .. ကျင့်ကြံခြင်းနည်းလမ်းများကို သင်ကြားပေးကာ ချီလင်၏ အဖိုးတန်သိုင်းပညာများကို ပေးသနားခဲ့လေသည်။

လူများက အလွန်ကျေးဇူးတင်ခဲ့ကြပြီး ချီလင်အား နတ်ဘုရားတစ်ပါးအဖြစ် စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ခဲ့ကြ၏။ သူတို့က ရေခဲပြင်ပေါ်တွင် မျိုးနွယ်စုများ ဖွဲ့စည်းခဲ့ကြပြီး ချီလင်၏ ပုံရိပ်ကို အမှတ်အသားအဖြစ် ခံယူခဲ့ကြ၏။

ချီလင်မှာ စစ်မှန်သော နတ်ဘုရားဖြစ်သည်ဟု သူတို့ ယုံကြည်ခဲ့ကြ၏။

ထာဝရ နတ်ဘုရားခန္ဓာကိုယ်ဖြင့် လူများကို အဟာရဖြစ်စေ၏။ လောက၏ ဆင်းရဲဒုက္ခများကို ကျော်လွှားနိုင်လေ၏။

ရေခဲပြင် မျိုးနွယ်စုများက မြောက်ဘက်အစွန်အဖျားတွင် စတင် မျိုးပွားလာခဲ့ကြပြီး ချီလင်ကို မျိုးဆက်အဆက်ဆက် ကိုးကွယ်ကာ သူ့အား အလုပ်အကျွေးပြုခဲ့ကြသည်။

ဇာတ်လမ်းများ အားလုံးကို မြေအောက်လမ်းကြောင်း၏ နှစ်ဖက်စလုံးတွင် နံရံဆေးရေးပန်းချီများအဖြစ် ဖော်ပြထား၏။ အန်းမူယောင်သည် ချီလင်ဘုရင်နှင့်အတူ ဤနေရာသို့ အကြိမ်အနည်းငယ် ရောက်ဖူးသည်။

ရောက်လာတိုင်း အံ့သြရမြဲပင်။

မြေအောက်လမ်းကြောင်း၏ အဆုံးတွင် အကျယ်ပေထောင်ချီပြီး အမြင့် ပေရာချီရှိသော ဧရာမ ယဇ်ပလ္လင်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် အရိုးစုတစ်ခုကို ကိုးကွယ်ထား၏။

၎င်း၏ အရိုးစုမှာ ရှားပါးပြီး သေသပ်စွာ ထုဆစ်ထားသော ကျောက်စိမ်းကဲ့သို့ ဖြစ်နေသည်။ တောက်ပသော အရောင်အဝါနှင့်အတူ အချိန်ကြာလာသည်နှင့်အမျှ ရင့်ရော်လာသော သိမ်မွေ့သည့် အဝါရောင်အဆင်း ရှိနေ၏။

၎င်း၏ အသွင်အပြင်မှာ ခိုင်မာသော်လည်း ပြေပြစ်လှပပြီး ဦးချိုနှစ်ခု၏ အခြေတွင် ထူထဲခိုင်မာသော အမြစ်များရှိကာ အပြင်ဘက်သို့ ဆန့်ထွက်လာသည်နှင့်အမျှ တဖြည်းဖြည်း သွယ်လျသွားကာ ချွန်ထက်ပြီး ကြမ်းတမ်းသော ဦးချိုထိပ်များအဖြစ် ဖြစ်ပေါ်နေသည်။

သွယ်လျသော လည်ပင်းတစ်လျှောက်တွင် လည်ပင်းအရိုးများက နီးကပ်စွာ ဆက်စပ်နေပြီး ၎င်းတို့ပေါ်တွင် စာလုံးများက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

ချီလင်တွင် ကျယ်ပြန့်သော ရင်အုပ်ရှိပြီး နံရိုးများက ခိုင်မာသော ခုံးတန်းများကဲ့သို့ ဘေးဘက်သို့ ဆန့်ထွက်နေကာ သန်မာတောင့်တင်းသော ခြေလက်များက ပြေးလွှားနေသည့် ဟန်ပန်ကို ထိန်းသိမ်းထားသည်။

"ကြီးမြတ်လှတဲ့ ချီလင်နတ်ဘုရား... အရှင့်ရဲ့ အစေအပါးများဖြစ်တဲ့ အန်းတိုယွမ်နဲ့ အန်းမူယောင်တို့ ရိုသေစွာ ဦးညွှတ်ကန်တော့ပါတယ်"

သူတို့နှစ်ဦးက ချီလင်၏ ရုပ်အလောင်းရှေ့တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဦးချလိုက်ကြ၏။

"အရှင့်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်.. ချီလင် နတ်ဘုရားရဲ့ ကျေးဇူးတော် ထာဝရ တည်တံ့ပါစေ"

ဦးညွှတ်ပြီးနောက် အန်းတိုယွမ်က ယဇ်ပလ္လင်ရှိ အချိုင့်ဆီသို့ သွားကာ ရေခဲပြာရောင် တောက်ပနေသော ပုလဲတစ်လုံးကို ထုတ်ယူ၍ အန်းမူယောင်အား ပေးလိုက်၏။

"မူယောင်... ဒါက ချီလင်ပုလဲပဲ.. အရာခပ်သိမ်းရဲ့ သွေးဆက်တွေကို အားကောင်းစေပြီး သူတို့ရဲ့ ဝိညာဉ်ရေးရာကို မြှင့်တင်ပေးနိုင်တယ်"

"တစ်ခါတုန်းက တောင်ပိုင်းနယ်စပ်က ကူသခင်တစ်ယောက်က အဖိုးတန်ပုလဲတစ်လုံးကို ရှာဖို့အတွက် ဝင်ရိုးစွန်းနှစ်ခုကို ဖြတ်ကျော်.. တောင်တွေ မြစ်တွေကို ဖြတ်သန်းပြီး ဒီကို ရောက်လာခဲ့ဖူးတယ်.. ရှားပါးရတနာတွေ အများကြီးနဲ့တောင် လဲလှယ်ဖို့ ဆန္ဒရှိခဲ့တာ ဒီပစ္စည်းက ကူသခင်အတွက် အရမ်း အသုံးဝင်မှာ သေချာတယ်"

"မင်း..ရှောင်လင်းအာကို ရှာတွေ့ပြီးရင် ဒီပုလဲကို သူ့ကို ပေးလိုက်ပါ.. သူ သေချာပေါက် သဘောကျမှာပါ"

ဒါသည် အန်းတိုယွမ်က သူ၏ မြေးလေးအား ပေးနိုင်သည့် အသုံးဝင်သော အရာအနည်းငယ်ထဲမှ တစ်ခုပင် ဖြစ်ပါ၏။

"ကောင်းပါပြီ"

အန်းမူယောင်က ခေါင်းညိတ်လိုက်သည်။

"အဖေ... စိတ်မပူပါနဲ့.. ရှောင်လင်းအာ ကျွန်မတို့ကို ယုံကြည်လာအောင် လက်ခံလာအောင် သေချာပေါက် လုပ်ပါ့မယ်.. ပြီးတော့ အဖေ့ကို လာတွေ့ဖို့ ပြန်ခေါ်လာခဲ့ပါ့မယ်.. ဒါမှ ကျွန်မတို့ အစ်မကြီးကို အတူတူ ဂါရဝပြုနိုင်မှာပါ"

"စိတ်မလောနဲ့ ပြီးတော့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ သူတွေ မင်းကို သတိမထားမိစေနဲ့"

အန်းတိုယွမ်က မှာကြားလိုက်၏။

သူက တိုးညင်းစွာ သက်ပြင်းချလိုက်သည်။

"မူချိုး... သမီး ကောင်းကင်ဘုံကနေ ငါတို့ကို စောင့်ရှောက်နေတယ်ဆိုရင် လင်းအာကို ကောင်းချီးပေးပါဦး အဖေ့ သက်တမ်းမကုန်ခင် အဘိုးတစ်ယောက်အနေနဲ့ ငါ ပျက်ကွက်ခဲ့တာတွေကို လင်းအာအတွက် ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

All Chapters