← Chapters

ရှောင်ကျောက်၏ ပဉ္စမအဆင့်သို့ တက်လှမ်းခြင်း

Vol. 6 Ch. 82

ရှောင်ကျောက်၏ ပဉ္စမအဆင့်သို့ တက်လှမ်းခြင်း

Vol. 6 Ch. 82

လီရော့ချန်ကို နှုတ်ဆက်ပြီးနောက် လီယွမ်သည် ကူမျှော်စင်အဟောင်းထဲတွင် ထိုင်ကာ အတွေးနက်နေလေ၏။

ကိစ္စရပ်များ၏ အစအဆုံးကို ရှင်းလင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ခွန်လွန်တောင် ယဇ်ပူဇော်ပွဲအပြီးတွင် နဝမဂူစံအိမ်တော်သည် 'ဓားနတ်သမီး' ၏ ရုပ်အလောင်း ပျောက်ဆုံးသွားမှုအပေါ် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးလိမ့်မည်ဟု နင်ဟုန်ယွီက ပြောခဲ့ဖူးကြောင်း သူ မှတ်မိ၏။

နဝမဂူစံအိမ်တော်ကပင် လင်းရှောင်ဓားဂိုဏ်းကို တောင်ပိုင်းနယ်စပ်သို့ လာရောက်ကူညီပေးရန် သတင်းစကား ပေးပို့ခဲ့ခြင်း ဖြစ်ရမည်။

‘သူတို့ ငါ့ဆီကိုတော့ ခြေရာခံမိမှာ မဟုတ်ပါဘူးနော်..’

ယနေ့ခေတ်တွင် ဓားနတ်သမီး၏ ရုပ်အသွင်အပြင်ကို မည်သူမျှ မှတ်မိတော့မည် မဟုတ်ပေ။

သို့သော်...

ဓားနတ်သမီးသည် တကယ့် နတ်သမီးတစ်ပါးကဲ့သို့ လှပပြီး ဓားတစ်လက်ကို ကိုင်ဆောင်ထားရာ သူမကို မြင်တွေ့ရသူတိုင်းက ထိုသို့ ဆက်စပ်တွေးတောမိကြမည်မှာ သေချာပေသည်။

‘ဘယ်သူက ဂရုစိုက်နေမှာလဲ ယဇ်ပူဇော်ပွဲလည်း ပြီးသွားပြီ.. ငါလည်း အပြင်ထွက်ဖို့ မလိုတော့ဘူး.. သူတို့က ကျိုးကုန်းတောင်တန်း တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် မရှာဖွေမချင်း ငါ့ကို ရှာတွေ့မှာ မဟုတ်လို့ မကြောက်ပါဘူး..’

ထိုသို့ တွေးလိုက်မိတော့မှ လီယွမ်လည်း စိတ်သက်သာရာ ရသွားတော့၏။

သူ၏ အကြည့်များက ဘေးနားရှိ သတ္တမအဆင့် လိပ်ပြာနတ်ဆိုး၏ ရုပ်အလောင်းဆီသို့ ရောက်သွားသည်။

‘ဒီရုပ်အလောင်းက အိပ်မက်ပိုးကောင် ဖန်တီးဖို့ လိုအပ်တဲ့ ပစ္စည်းတွေ သန့်စင်ဖို့အတွက် အတော်ပဲ.. နတ်ဆိုးရုပ်သေးတပ်ဖွဲ့ထဲတော့ ထည့်မပေါင်းတော့ဘူး..’

လက်ရှိတွင် ဝူမေ့၏ နတ်ဆိုးရုပ်သေးတပ်ဖွဲ့၌ ခွန်လွန်တောင်မှ သူ ခေါ်ဆောင်လာခဲ့သော ဆင်နတ်ဆိုး တပိုင်း သူတော်စင် အဆင့် ဖြစ်သည့် သတ္တမအဆင့် နတ်ဆိုးတပ်မှူး တစ်ကောင် ရှိနေပြီ ဖြစ်သည်။

ထို့ပြင် ဆဌမအဆင့် နတ်ဆိုး (၁၀) ကောင်နှင့် ပဉ္စမအဆင့် နတ်ဆိုး (၁၀၀) ကောင်လည်း ရှိနေ၏။

စတုတ္ထအဆင့် နတ်ဆိုးများကမူ ထောင်ကျော်သည်။

ဝူမေ့အနေဖြင့် ဤမျှများပြားလှသော နတ်ဆိုးရုပ်သေးများကို ကွပ်ကဲနိုင်ခြင်းမှာ ကူအိမ်၏ အောင်မြင်သော ဖန်တီးမှုကြောင့်ပင် ဖြစ်သည်။ ကူအိမ်၏ 'ပင့်ကူအိမ်လျှို့ဝှက်နယ်မြေ' ၏ အစွမ်းများ ပေါင်းစပ်ပါဝင်လာမှုနှင့်အတူ ဝူမေ့သည် ကြီးထွားလာခဲ့ပြီး စစ်မှန်သော ဘုရင်မတစ်ပါး ဖြစ်လာခဲ့သည်။

‘လောကကြီးရဲ့ အပြောင်းအလဲတွေကို ငါတစ်ယောက်တည်း တားဆီးလို့မရဘူး.. ငါလုပ်နိုင်တာဆိုလို့ တောင်တန်းတွေကြားမှာ တိတ်တဆိတ်နေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ကြိုးစားရင်း ငါတစ်ယောက်တည်း ပိုင်ဆိုင်တဲ့ ကမ္ဘာလေးတစ်ခု ဖန်တီးဖို့ပဲ..’

လီယွမ်က ကြည်နူးပျော်ရွှင်သော စိတ်ဖြင့် လိပ်ပြာနတ်ဆိုး၏ ရုပ်အလောင်းကို စတင် ခွဲစိတ်တော့၏။

သတ္တမအဆင့် နတ်ဆိုးဆိုသည်မှာ ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်၏။

"စံပယ်လိပ်ပြာသွေး၊ အမွှေးအတောင်ပြောင်းလဲခြင်းမှုန့်၊ နောက်ပြန်မွေးဖွားခြင်းဥ၊ အပြာရောင်ကောင်းကင် နတ်ဆိုးအတောင်ပံ၊ အသွင်ပြောင်းနတ်ဆိုးအမြုတေ..."

ခွဲစိတ်မှု ပြီးစီးသွားပြီးနောက် လီယွမ်က အဖိုးတန်ပစ္စည်းများကို သေချာစွာ အမျိုးအစားခွဲခြားပြီး နေရာချထားလိုက်သည်။

"စလိုက်ကြစို့"

[ မူလပစ္စည်းများကို ရွေးချယ်ပါ.. ]

[ ပဉ္စမအဆင့် ရွှမ်ဝိညာဉ်ပိုးကောင် (၃) ကောင်၊ စံပယ်လိပ်ပြာသွေးနှင့် အမွှေးအတောင်ပြောင်းလဲခြင်းမှုန့်တို့ကို ပေါင်းထည့်ပါ.. ]

[ စတင်ဖန်တီးပါ... ]

[ သင်သည် ဆဌမအဆင့် ရွှမ်သက်တန့်လိပ်ပြာကို ရရှိပါပြီ.. ]

အိပ်မက်ပိုးကောင်ကဲ့သို့ ထူးခြားသော ကူကောင်များကို သန့်စင်ရန်အတွက် လိုအပ်သော ရှားပါးကူကောင် သုံးမျိုး ရှိသည်။ သူတို့အနက် တစ်ခုမှာ ယွီဟန်ချွမ်း၏ ပင်မကူကောင်လည်းဖြစ်သည့် ခြေရာမဲ့လိပ်ပြာကူကောင် ဖြစ်၏။

ဒုတိယတစ်ခုမှာ ကူသခင်အား သက်ရှိများ၏ မှတ်ဉာဏ်များကို ဖျက်ဆီးနိုင်စွမ်းနှင့် ပစ်မှတ်၏ စိတ်ဆန္ဒကို အတင်းအကျပ် ပြောင်းလဲနိုင်စွမ်း ပေးစွမ်းနိုင်သော နောက်ပြန်တွေးခေါ်မှု ပိုးကောင် ဖြစ်သည်။

တတိယတစ်ခုမှာ ကူသခင်အား သေလုမြောပါး အခြေအနေတွင် မိမိကိုယ်ကိုယ် ချိတ်ပိတ်ထားနိုင်ပြီး ရာသီဥတု အပြောင်းအလဲများမှတစ်ဆင့် ပြန်လည်မွေးဖွားလာနိုင်စေမည့် နွေဦးနှင့် ဆောင်းဦးပိုးတောင့် ဖြစ်သည်။ ပြန်လည်မွေးဖွားလာတိုင်း ပိုမို အစွမ်းထက်လာသော်လည်း အချိန်ပိုမိုယူရကာ ခက်ခဲမှုများလည်း ပိုတိုးလာတတ်၏။

ဤကူကောင် သုံးမျိုးသာလျှင် အိပ်မက်ပိုးကောင်ကဲ့သို့ ပိုးတောင့်အဖြစ် အသွင်ပြောင်းနိုင်ပြီး အိပ်မက်၏ အသွင်ပြောင်းခြင်း (၉) သွယ် အဆင့်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရှိသည်။

‘နောက်တစ်ခါ ပြန်စမ်းကြည့်မယ်..’

လီယွမ်က စိတ်ထဲမှ တိတ်တဆိတ် အားပေးလိုက်၏။

[ မူလပစ္စည်းများကို ရွေးချယ်ပါ.. ]

[ ပဉ္စမအဆင့် ရွှမ်ဝိညာဉ်ပိုးကောင် (၃) ကောင်၊ စံပယ်လိပ်ပြာသွေးနှင့် နောက်ပြန်မွေးဖွားခြင်းဥတို့ကို ပေါင်းထည့်ပါ.. ]

[ စတင်ဖန်တီးပါ... ]

[ သင်သည် ဆဌမအဆင့် ရွှမ်နွေဦးသက်တန့်ပိုးကောင်ကို ရရှိပါပြီ.. ]

"ထပ်ကျရှုံးပြန်ပြီ"

လီယွမ်က သူ၏ဆရာ ယွီဟန်ချွမ်း ညွှန်ကြားထားသော ပေါင်းစပ်ဖန်တီးမှု လမ်းကြောင်းများအတိုင်း လိုက်နာခဲ့သော်လည်း ရလဒ်များကတော့ ကွဲပြားနေဆဲပင်။

"ဆရာပြောခဲ့သလိုပဲ.. တူညီတဲ့ ပစ္စည်းတွေ တူညီတဲ့ ပတ်ဝန်းကျင်ကို အသုံးပြုရင်တောင်မှ မသိမသာ ကွာခြားမှုလေးတွေကြောင့် ထွက်လာမယ့် ကူကောင်တွေက မတူညီနိုင်ဘူး"

"ကူကောင်ရဲ့ အဆင့် ပိုမြင့်လာလေလေ ကွာခြားမှုတွေက ပိုသိသာလာလေလေပဲ"

"ဆက်လုပ်မယ်"

လီယွမ်က ကျရှုံးမှုများကို အသားကျနေပြီဖြစ်ကာ ၎င်းတို့အားလုံးကို 'ကြိုတင်ပြင်ဆင်မှုများ' အဖြစ်သာ သတ်မှတ်ထားလိုက်၏။

[ မူလပစ္စည်းများကို ရွေးချယ်ပါ.. ]

[ ပဉ္စမအဆင့် ဝိညာဉ်ပိုးကောင် (၃) ကောင်၊ အပြာရောင်ကောင်းကင် နတ်ဆိုးအတောင်ပံ အပိုင်းအစများနှင့် အသွင်ပြောင်းနတ်ဆိုးအမြုတေမှုန့်တို့ကို ပေါင်းထည့်ပါ.. ]

[ စတင်ဖန်တီးပါ... ]

[ သင်သည် ဆဌမအဆင့် ရွှမ်ကူ၊ အပြာနှင့် အနီရောင် အဆိပ်ငါးပါးကူကောင်ကို ရရှိပါပြီ.. ]

"ထပ်စမ်းမယ်"

လီယွမ်က ဇွဲမလျှော့ဘဲ ဆက်လက် ပေါင်းစပ်ဖန်တီးနေသည်။

[ သင်သည် ဆဌမအဆင့် ရွှမ်ဝါးမြိုခြင်းကူကောင်ကို ရရှိပါပြီ.. ]

[ သင်သည် ဆဌမအဆင့် ရွှမ်ညအိပ်မက်လိပ်ပြာကို ရရှိပါပြီ.. ]

[ သင်သည်…….ရရှိပါပြီ... ]

...

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်လ ကုန်လွန်သွားခဲ့လေပြီ။

လီယွမ်က အမည်းရောင်အိုးရှေ့တွင် ထိုင်ကာ ကျန်ရှိနေသော ပစ္စည်းအနည်းငယ်ကို ကြည့်ရင်း အတွေးနက်နေမိ၏။ ဆရာ ယွီဟန်ချွမ်း၏ အခက်အခဲများနှင့် နောင်တများကို သူ ပိုမို နားလည်လာသည်။

သူက ပစ္စည်းများအားလုံးကို အိုးထဲသို့ ထည့်လိုက်၏။

[ စတင်ဖန်တီးပါ... ]

[ သင်သည် ဆဌမအဆင့် ရှားပါးကူကောင် 'နောက်ပြန်တွေးခေါ်မှု ပိုးကောင်' ကို ရရှိပါပြီ.. ]

"ဟင်... အောင်မြင်သွားပြီလား"

လီယွမ်၏ မျက်လုံးများ အရောင်လက်သွားသည်။ များစွာသော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးတွင်တော့ အိပ်မက်ပိုးကောင်ကဲ့သို့ ထူးခြားသော ကူကောင်ကို မွေးမြူရန် အသုံးပြုနိုင်သည့် ရှားပါးကူကောင်ကို သူ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေပြီ။

ပေးဆပ်လိုက်ရသည်ကတော့ သတ္တမအဆင့် နတ်ဆိုးရုပ်အလောင်း တစ်ခုလုံး သို့မဟုတ် အသွင်တူသော လိပ်ပြာနတ်ဆိုးတစ်ကောင်ပင်။

"ငါတို့ အဆင့်မြင့် နတ်ဆိုးရုပ်အလောင်းတွေ ပိုလိုသေးတယ်"

သူက လီရော့ချန်နှင့် ချန်းလန်တပ်မတော်အပေါ်တွင်သာ မျှော်လင့်ချက် ထားနိုင်တော့သည်။

"အစ်ကိုယွမ်... ရှိလား"

ထိုစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ ရှောင်ကျောက်"

လီယွမ်က မေးလိုက်၏။

"အစ်ကိုယွမ်... ဂူစံအိမ်သခင် ဖန်းတာချွန်းက ဒုက္ခသည် အမြောက်အမြား ကျွန်မတို့ အမှတ် (၁၂) ဂူစံအိမ်ရဲ့ နယ်မြေထဲကို ရောက်လာကြတယ်တဲ့.. အစ်ကို့ရဲ့ သဘောထားကို သိချင်လို့ သတင်းပို့ခိုင်းလိုက်တာ" ဟု ဝမ်ကျောက်ကျောက်က ပြန်လည်ဖြေကြားလာ၏။

"ဒုက္ခသည်တွေ ဟုတ်လား"

လီယွမ်က ရှားပါးကူကောင် နောက်ပြန်တွေးခေါ်မှု ပိုးကောင်ကို သိမ်းဆည်းလိုက်ပြီး တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။

ဒုက္ခသည်များအကြောင်း ကြားလိုက်ရသောအခါ တစ်ချိန်က ဤနေရာသို့ ထွက်ပြေးလာခဲ့ရသော သူကိုယ်တိုင်အပြင် အဘိုးဝမ်၊ ရှောင်ကျောက်နှင့် အမှတ် (၁၂) ဂူစံအိမ်ရှိ လုပ်ဖော်ကိုင်ဖက် အများအပြားကို သူ သတိရသွားသည်။ သူတို့အားလုံးမှာ ဒုက္ခသည်များ ဖြစ်ခဲ့ကြသည် မဟုတ်လော။

"ရှောင်ကျောက်... မင်း ဘယ်လိုထင်လဲ ငါတို့ ဘာလုပ်သင့်သလဲ"

"သူတို့ကို ကူသခင် စာမေးပွဲ ဝင်ခွင့်ပေးလိုက်ပါ.. အခက်အခဲတွေ အများကြီး ကြုံခဲ့ရပြီးတဲ့နောက် အမှတ် (၁၂) ဂူစံအိမ်မှာလည်း လူအင်အား လိုအပ်နေတာပဲလေ"

လီယွမ်လည်း ခေါင်းညိတ်လိုက်ပြီး ကျီးကန်းလေးအား ညွှန်ကြားချက်များ ပေးလိုက်၏။

"ဂူစံအိမ်သခင်ကို သွားပြောလိုက် ကူသခင် စာမေးပွဲ ဝင်ချင်တဲ့ ဒုက္ခသည်တွေကို စီစဉ်ပေးလိုက်ပါ.. ဝင်မဖြေချင်တဲ့ သူတွေကိုတော့ အပြင်ဘက် တောင်တန်းတွေမှာ ခဏ နေခွင့်ပေးပြီး ဒဏ်ရာတွေ သက်သာသွားရင် ပြန်လွှတ်လိုက်ပါ"

အမှတ် (၁၂) ဂူစံအိမ်မှာ ဒုက္ခသည်စခန်း မဟုတ်ပေ။ အချို့သော ကိစ္စရပ်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်ရမည်သာ ဖြစ်၏။

"ဟုတ်ကဲ့ပါ.. သခင်"

ကျီးကန်းလေးက အတောင်ပံများကို ခတ်ကာ ပျံသန်းထွက်ခွာသွားသည်။

"အစ်ကိုယွမ်... အပြင်ဘက်က စစ်ပွဲတွေက တော်တော် ပြင်းထန်နေပုံရတယ်.. အရင်တုန်းက ဒုက္ခသည် အနည်းငယ်ပဲ ဒီကို ရောက်လာခဲ့ဖူးတာ ဒါပေမဲ့ ဒီတစ်ခါတော့ ရာနဲ့ချီတဲ့ ဒုက္ခသည်အုပ်စုကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

စစ်ပွဲများက အမှတ် (၁၂) ဂူစံအိမ်ကို ထပ်မံ ဒုက္ခပေးလာတော့မည်ဟု ဝမ်ကျောက်ကျောက် ကြိုတင်ခံစားမိနေသည်။

"ငြိမ်းချမ်းရေး ပြန်ရလာမယ့် နေ့တစ်နေ့တော့ သေချာပေါက် ရောက်လာမှာပါ"

လီယွမ်က တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်၏။

...

ရက်အနည်းငယ် အကြာတွင်တော့ ဝမ်ကျောက်ကျောက်က လီယွမ်ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ရောက်လာခဲ့သည်။

"အစ်ကိုယွမ်... ကျွန်မ အဆင့်တက်သွားပြီ ပဉ္စမအဆင့် ကူသခင် ဖြစ်သွားပြီ"

ဒီနှစ်တွေတစ်လျှောက်လုံး လီယွမ်က ဝမ်ကျောက်ကျောက်၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော ကူကောင်များနှင့် ကူကောင်မွေးမြူရန် ပစ္စည်းများကို အခြေခံအားဖြင့် ထောက်ပံ့ပေးခဲ့သည်။ ၎င်းမှာ ဖြတ်လမ်းမှ သွားခြင်းနှင့် အတူတူပင် ဖြစ်၏။

အဆင့်တက်သွားခြင်းမှာလည်း မျှော်လင့်ထားပြီးသား ဖြစ်သည်။

ရှားပါးကူကောင်၏ အလားအလာနှင့်ဆိုလျှင် သူမက ကျင့်ကြံခြင်း နည်းလမ်းအတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်သွားမည်ဆိုပါက ပထမ ခုနစ်ဆင့်ကို ကျော်ဖြတ်ရန် သိပ်ခက်ခဲမည် မဟုတ်ပေ။

"ဂုဏ်ယူပါတယ် ရှောင်ကျောက်"

စစ်ပွဲက နီးကပ်လာချိန်တွင် ရှောင်ကျောက်၏ အဆင့်တက်သွားမှုက လီယွမ်ကို ပို၍ စိတ်အေးသွားစေ၏။ သူ သည်နေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ရှောင်ကျောက်ကို ပေးစရာ တစ်ခု ရှိနေသည်။

"အစ်ကို့နောက် လိုက်ခဲ့ မင်းကို ပေးစရာ တစ်ခု ရှိတယ်"

"ဟုတ်ကဲ့"

ဝမ်ကျောက်ကျောက်က ဝမ်းသာအားရဖြင့် ဖြေဆိုလိုက်၏။ နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့ပြီးနောက် သူမနှင့် သူမ၏ အစ်ကိုယွမ်ကြားတွင် အားနာစရာဟူ၍ သိပ်မရှိတော့ပေ။

သူတို့ အိမ်ထဲသို့ ဝင်သွားကြသည်။

လီယွမ်က အမည်းရောင်အိုးလေးတစ်လုံးကို ထုတ်ယူကာ ရှောင်ကျောက်အား ကမ်းပေးလိုက်၏။

"ကူကောင်လား"

ဝမ်ကျောက်ကျောက်က အံ့အားသင့်သွားသည်။ သူမတွင် ပင်မကူကောင် ရှိနှင့်ပြီးဖြစ်ကာ သာမန်ကူကောင်များက သူမအတွက် အသုံးဝင်လှသည် မဟုတ်ပေ။ အစ်ကိုယွမ်က အထူးတလည် ဘာတွေများ ပြင်ဆင်ထားပါသနည်း။

သူတို့ ဤနေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီ ဖြစ်ပုံ ရသည်။

မျှော်လင့်ချက်များစွာဖြင့် သူမက အမည်းရောင်အိုး၏ အဖုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။

အိုးထဲတွင် ပိုးကောင်လေးတစ်ကောင် ရှိနေသည်။ ၎င်း၏ အပြင်ပန်းမှာ သလင်းကျောက်ဖြင့် ပြုလုပ်ထားသော ပိုးကောင်လေးတစ်ကောင်နှင့် တူပြီး ကြည်လင်တောက်ပနေကာ အတွင်း၌ ရေခဲပြာရောင် အလင်းတန်းများ စီးဆင်းနေ၏။ အိပ်မက်ဆန်သော ရေခဲမြစ်တစ်ခုကဲ့သို့ တည်ငြိမ်အေးချမ်းသော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။

ဝမ်ကျောက်ကျောက်က ၎င်းကို မမြင်နိုင်သော်လည်း ဤခံစားချက်ကို သူမ အလွန် ရင်းနှီးကျွမ်းဝင်နေပြီး ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

‘ဒါက... ရေခဲနှလုံးသားပဲ..’

အဘိုးဖြစ်သူက မသေဆုံးမီ သူ၏ နှလုံးသားကို အစာအဖြစ် ကျွေးမွေးကာ မွေးမြူခဲ့သော ရှားပါးကူကောင် 'ရေခဲနှလုံးသား ကူကောင်' ပင် ဖြစ်တော့၏။

All Chapters