← Chapters

လျှို့ဝှက်အမည် “လှောင်ချိုင့်ထဲက ငှက်ငယ်”

Vol. 6 Ch. 83

လျှို့ဝှက်အမည် “လှောင်ချိုင့်ထဲက ငှက်ငယ်”

Vol. 6 Ch. 83

“အစ်ကိုယွမ် ဒီကူကောင်လေးကို အစ်ကို ဒီအချိန်ထိ သိမ်းထားခဲ့တာလားဟင်"

ဘာကြောင့်မှန်းမသိ ဝမ်ကျောက်ကျောက်မှာ ငိုချင်စိတ်များ ပေါက်လာပြီး မျက်ရည်များက ပါးပြင်ထက်သို့ အတားအဆီးမဲ့ စီးကျလာတော့၏။

“အဘိုးဝမ်မှာ သူ့ဘဝတစ်လျှောက်လုံး အမြတ်နိုးဆုံး ရတနာနှစ်ခုပဲ ရှိခဲ့တာလေ"

လီယွမ်က ရယ်လိုက်ရင်း ပြောဆိုလိုက်သည်။

“ပထမတစ်ခုက အဘိုးဝမ်ရဲ့ အချစ်ရဆုံး မြေးလေး မင်းပေါ့ ဒုတိယတစ်ခုကတော့ အဘိုးဝမ်က သူ့အသက်နဲ့ရင်းပြီး မွေးမြူခဲ့ပြီး သေခါနီးမှာတောင် မျိုချသွားခဲ့တဲ့ ဒီရေခဲနှလုံးသားကူကောင်ပဲ"

“သူတစ်ပါးပိုင်တဲ့ အရာတွေကို ငါ ဘယ်တော့မှ မယူပါဘူး"

“အခု မင်းက ပဉ္စမအဆင့် ကူသခင်နယ်ပယ်ကို ရောက်နေပြီဆိုတော့ နောက်ထပ် လက်အောက်ခံကူကောင် တစ်ကောင်ကို ထပ်ပြီး လက်ခံနိုင်ပြီလေ.. ဒီရေခဲနှလုံးသားကူကောင်က မင်းနဲ့ အကိုက်ညီဆုံး ဖြစ်မှာပါ"

ပုံမှန်အခြေအနေများတွင် ရှားပါးကူကောင်များကို လက်အောက်ခံကူကောင်များအဖြစ် ထည့်သွင်းလေ့ မရှိကြသော်လည်း ချွင်းချက်အချို့တော့ ရှိပေ၏။

ဥပမာအားဖြင့် ကူသခင်တွင် ထိုရှားပါးကူကောင်နှင့် ကိုက်ညီသော ထူးခြားကူကောင် ရှိနေခြင်းမျိုး သို့မဟုတ် ထိုရှားပါးကူကောင်နှင့် ကူသခင်ကြားတွင် အလွန်နီးကပ်သော ဆက်နွှယ်မှု ရှိနေခြင်းမျိုး ဖြစ်သည်။

ဝမ်ကျောက်ကျောက်၏ အခြေအနေမှာမူ ဒုတိယအချက်နှင့် ရှင်းလင်းစွာ ကိုက်ညီနေ၏။

“ယူထားလိုက်ပါ"

ယခု လီယွမ်အတွက် ရှားပါးကူကောင်တစ်ကောင်က ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးလှသော်လည်း ရှောင်ကျောက်အတွက်မူ သူမနှင့် ကိုက်ညီသော ရှားပါးကူကောင်တစ်ကောင်က အလွန်တရာ တန်ဖိုးရှိလှပေသည်။

“မငိုနဲ့တော့ မင်းက ကလေးမလေးလို လုပ်နေတုန်းပဲ"

လီယွမ်က နှစ်သိမ့်စကား ဆိုလိုက်၏။ တောင်ပေါ်သို့ ရောက်ကာစက ပိန်ပိန်ပါးပါးနှင့် ဖြူဖပ်ဖြူရော် ကလေးမလေးမှာ ယခုအခါ လှပကျော့ရှင်းသော မိန်းမပျိုလေး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့လေပြီ။

“အစ်ကိုယွမ်... ကျေးဇူးတင်ပါတယ်ရှင်"

“ကျေးဇူးတင်ပါတယ်” ဆိုသည့်စကားမှာ ဝမ်ကျောက်ကျောက်၏ နှုတ်ဖျားသို့ ရောက်လာပြီးမှ ရပ်တန့်သွားခဲ့သည်။ အစ်ကိုယွမ်က ကျေးဇူးတင်စကား ပြောခြင်းကို မကြိုက်ကြောင်း သူမ သတိရသွားမိ၍ပင်။ သို့မဟုတ်လျှင် သူမ၏ နေ့စဉ်ဘဝမှာ အစ်ကိုယွမ်အတွက် လုပ်ဆောင်ပေးခဲ့သော အသေးအမွှားလေးတွေအတွက် အစ်ကိုယွမ်ကလည်း သူမအား ကျေးဇူးတင်စကား ပြန်လည်ဆိုနေရပေလိမ့်မည်။

သူမက အရာအားလုံးကို ရင်ထဲတွင်သာ တိတ်တဆိတ် မှတ်သားထားလိုက်၏။

အစ်ကိုယွမ်နှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီးနောက် သူမ၏ မျက်လုံး အလင်းမရတော့သလို သူမ မှတ်ဉာဏ်ထဲရှိ အစ်ကိုယွမ်၏ မျက်နှာကလည်း ကြာမြင့်စွာကတည်းက မှုန်ဝါးသွားခဲ့ပြီ ဖြစ်သော်လည်း အစ်ကိုယွမ်ကတော့ ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးလို သူမအပေါ် အမြဲတမ်း အလင်းရောင်များ ဖြာကျနေခဲ့သည်။

သူမက အလင်းမရသောကြောင့်ပင် သူမ၏ အာရုံခံစားနိုင်စွမ်းက ပိုမို အားကောင်းနေခြင်း ဖြစ်၏။

နေ့ရောညပါ အတူတကွ နေထိုင်လာခဲ့ကြပြီး သူတို့နှစ်ဦးမှာ ခွဲခွာ၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့ လေပြီ။

သူမ၏ ကမ္ဘာလေးထဲတွင် အစ်ကိုယွမ်က အမြဲတမ်း တိတ်ဆိတ် အထီးကျန်နေ၏။ ဝေးကွာပြီး ရောက်နိုင်ရန် ခက်ခဲလှသည့် ပန်းတိုင်တစ်ခုဆီသို့ ဦးတည်သွားနေကာ တစ်စုံတစ်ခုကို ကျောပိုးထားရသကဲ့သို့ ခံစားရသည်။

သူမတွင် ကြိုတင်ခံစားသိရှိမှု တစ်ခု ရှိနေခဲ့၏။

အနာဂတ်၏ နေ့တစ်နေ့တွင် အစ်ကိုယွမ်သည် ကြီးမားလှသော ကိစ္စကြီးတစ်ခုကို လုပ်ဆောင်ရန် ဤနေရာမှ ထွက်ခွာသွားလိမ့်မည် ဟူ၍ပင်။

အစ်ကိုယွမ်က ပို၍ တိတ်ဆိတ်ပြီး တည်ငြိမ်နေလေလေ သူမ၏ ကြိုတင်ခံစားသိရှိမှုက ပို၍ အားကောင်းလာပြီး ငြိမ်သက်သွားအောင် လုပ်ရန် ခက်ခဲလေလေပင် ဖြစ်တော့သည်။

အမှန်တကယ် ထိုနေ့ရောက်လာခဲ့ပါက အစ်ကိုယွမ်တစ်ယောက်တည်း အရာအားလုံးကို ပခုံးထမ်းတင်ပြီး ထွက်ခွာသွားစေမည့်အစား အစ်ကိုယွမ်၏ ဘေးနားတွင် ရှိနေပေးချင်မိ၏။

ထိုအချိန်မတိုင်မီအထိ သူမက အစ်ကိုယွမ် အပေါ် ဝန်ထုပ်ဝန်ပိုး ထပ်မဖြစ်စေရန် သတိထားရမည်။

‘ငါ စောင့်နိုင်ပါတယ်..’

‘ငါတို့ရဲ့ ဆံပင်အနက်တွေ ဖြူသွားတဲ့အထိ ထာဝရ စောင့်ရမယ်ဆိုရင်တောင် အချိန်ဆိုတဲ့ ရက်စက်တဲ့ ဓားက စိုးရိမ်စရာ ဘာမှ မရှိပါဘူး.. ဟုတ်တယ်မလား ဝမ်ကျောက်ကျောက်'

...

တောင်တန်းများကြားတွင် အချိန်များ ကုန်လွန်သွားသည်ကို သတိမပြုမိသလို အအေးဒဏ်များ ကင်းစင်သွားချိန်တွင်လည်း နှစ်တစ်နှစ် ကုန်ဆုံးသွားသည်ကို သတိမထားမိလိုက်ကြပေ။

အချိန်ကာလတစ်ခု တိတ်တဆိတ် ကုန်လွန်သွားခဲ့ပြန်လေပြီ။

ဒုက္ခသည်များက အမှတ် (၁၂) ဂူစံအိမ်သို့ တစ်သုတ်ပြီးတစ်သုတ် ပို၍ပို၍ ထွက်ပြေးလာကြ၏။

အချို့က ကူသခင် စာမေးပွဲကို အောင်မြင်ပြီး အမှတ် (၁၂) ဂူစံအိမ်သို့ ဝင်ရောက်လာကြသလို အချို့က စာမေးပွဲတွင် သေဆုံးသွားကြပြီး အချို့ကတော့ မျှော်လင့်ချက်မဲ့စွာဖြင့် ထွက်ခွာသွားခဲ့ကြ၏။

လီယွမ်က အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ဂူစံအိမ်ရှိ တပည့်အများစု၏ အမြင်တွင်တော့ သူက လူသူကင်းဝေးရာတွင် နေထိုင်သော ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့၏။ ပြန်လည်ရှင်သန်ခြင်းကူကောင်၏ အကျိုးသက်ရောက်မှုများကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် လူငယ်တစ်ဦးအဖြစ် ပြန်လည်ရောက်ရှိလာခြင်းဟုသာ သူတို့က ထင်မှတ်နေကြ၏။

သည်အဖြစ်က ဝိညာဉ်ခွဲထွက်ခြင်းအတွက် လျှို့ဝှက်ချက်များကို ပိုမိုတိုးပွားလာစေသည်။

သူ၏ ကင်းထောက်ကူကောင်များမှတစ်ဆင့် တပည့်များက သူ့အကြောင်း ပြောဆိုနေကြသည်ကို လီယွမ် ရံဖန်ရံခါ ကြားရတတ်သည်။ ကောလဟာလများက တစ်ဆင့်စကား တစ်ဆင့်နား ပြန့်နှံ့သွားပြီး နောက်ဆုံးတွင်တော့ သူ့အား တန်ခိုးရှင်ဟု သိကြသည့် ဖုံးကွယ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားစေခဲ့၏။

ကောလဟာလ အမျိုးမျိုးက လီယွမ်ကို ရယ်ရမလို ငိုရမလို ဖြစ်စေခဲ့ပါသည်။

ဂူစံအိမ်သခင် ဖန်းတာချွန်းကလည်း တောင်တန်းအပြင်ဘက်မှ သတင်းအချက်အလက်များကို ရံဖန်ရံခါ စုဆောင်းစီစဉ်ပြီး လီယွမ် ဖတ်ရှုရန်အတွက် ဝါးတောလေးဆီသို့ ပေးပို့လေ့ရှိသည်။

လောကကြီး၏ အခြေအနေက မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။

ညဇီးကွက်ဘုရင်က အရပ်ရှစ်မျက်နှာက တပ်မှူးများကို စစ်ပွဲအား ကြီးကြပ်ရန် အမိန့်ပေးခဲ့သည်။ နတ်ဆိုးများကို နှင်ထုတ်ပြီးနောက် အလယ်ပိုင်းဒေသ၏ အခြေအနေက အလွန်ကောင်းမွန်လာပြီး တာ့ယန်၏ ကံကြမ္မာကလည်း တဟုန်ထိုး မြင့်တက်လာခဲ့၏။

နယ်စပ်ဒေသများရှိ ပြည်သူများကမူ ဆင်းရဲဒုက္ခများကြားတွင် နေထိုင်နေကြရသည်။

နတ်ဆိုးများ၏ တိုက်ခိုက်မှုအောက်တွင် မြို့စားဘုရင်များနှင့် မှူးမတ်များသည် သူတို့၏ ခုခံကာကွယ်မှုများကို အကြိမ်ကြိမ် လျှော့ချခဲ့ရပြီး နယ်မြေအချို့နှင့် မြို့များကိုပင် စွန့်လွှတ်ခဲ့ရ၏။

အလယ်ပိုင်းဒေသ သိုင်းလောကကို စိုးမိုးထားသည့် ထိပ်သီးအင်အားစု ခုနစ်ခုဖြစ်သော မိုးထိအောင် မြင့်မားသော တောင်ထွတ်၊ ခမ်းနားကြီးကျယ်သည့် စံအိမ်၊ ပြိုင်ဘက်ကင်း ဂိုဏ်းကြီးနှစ်ခုနှင့် လောကီ နယ်ပယ်ထဲသို့ ဝင်ရောက်ပြီး သေမျိူး ကမ္ဘာကို ဖြတ်တောက်နိုင်သော တောင်တန်းသုံးခုတို့သည်လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ပွဲထဲသို့ ဝင်ရောက်လာကြသည်။

သူရဲကောင်းပီသသော ပုဂ္ဂိုလ်များက အလယ်ပိုင်းဒေသမှ နယ်စပ်ဒေသများဆီသို့ တစ်ယောက်ပြီးတစ်ယောက် သွားရောက်ခဲ့ကြပြီး သေရမည်ကိုပင် မကြောက်မရွံ့ ရင်ဆိုင်ခဲ့ကြ၏။

၎င်းတို့အထဲတွင် ရှူးရှန်းတောင်၊ နဂါးကျားတောင်နှင့် ချင်းချန်တောင်တို့က အထူးချွန်ဆုံးပင် ဖြစ်သည်။

လောကက သူတို့ကို ပေးအပ်ထားသည့် "တောင်တန်းသုံးခုက လောကီနယ်ပယ်ထဲ ဝင်ရောက်ပြီး သေမျိူး ကမ္ဘာကို ဖြတ်တောက်တယ်" ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပြီး အလွန် ချီးကျူးဂုဏ်ပြုထိုက်ပေ၏။

...

ခွန်လွန်တောင်။

တောင်တန်းများ၏ နက်ရှိုင်းသော နေရာတစ်နေရာတွင်။

မှောင်မည်းပြီး ထူထပ်သော သစ်တောထဲတွင် ပန်းခြင်းတစ်လုံးကို လွယ်ထားသည့် မိန်းမပျိုတစ်ဦးက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် တောင်ပေါ်လမ်းတစ်လျှောက်တွင် ယိမ်းယိုင်ကာ ပြေးလွှားနေသည်။

သူမ၏ အနောက်တွင်တော့ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားနှင့် ဝံပုလွေနတ်ဆိုးတစ်ကောင်က လှောင်ပြောင်သည့် အမူအရာဖြင့် ဖြည်းညင်းစွာ လိုက်ပါလာ၏။

"အလှလေး... အခုတော့ မင်း ထွက်ပြေးလို့ မလွတ်နိုင်တော့ပါဘူး.. ဒီမှာပဲနေပြီး ငါ့ကို ပြုစုယုယလိုက်တာ ပိုကောင်းလိမ့်မယ်"

သူက ဖြည်းညင်းစွာ လမ်းလျှောက်နေပုံရသော်လည်း ခြေတစ်လှမ်းလှမ်းတိုင်း မီတာအနည်းငယ်ခန့် ရောက်ရှိသွားကာ မိန်းမပျိုလေးနှင့် ပို၍ပို၍ နီးကပ်လာသည်။

ဘုတ်

အတွင်းစိတ်မှ ကြောက်ရွံ့မှု ဖိအားများကြောင့် မိန်းမပျိုလေးမှာ ပို၍ပို၍ ထိတ်လန့်လာခဲ့၏။ သူမက သတိမထားမိဘဲ ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်မိကာ မြေပြင်ပေါ်သို့ လဲကျသွားရ၏။ ခြေထောက်တစ်ဖက် ထော့နင်းထော့နင်းဖြစ်သွားကာ ပြန်မထနိုင်တော့ပေ။

"ငါ့ရဲ့ အလှလေး... ငါ လာပြီ"

ဝံပုလွေနတ်ဆိုးက သူ၏ လက်ဖဝါးများကို ပွတ်သပ်လိုက်လေရာ သူ၏ ပါးစပ်မှ တံတွေးများ ကျလာတော့သည်။

သူ လှုပ်ရှားတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသွားပြီး ရှေ့သို့ လှမ်းကြည့်လိုက်၏။ မည်းမည်းသဏ္ဍာန်တစ်ခုက သစ်ပင်များကြားတွင် ရိပ်ခနဲ ဟိုဘက်ဒီဘက် ခုန်ပျံသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အနီးသို့ ရောက်ရှိလာသည်ကို သူ တွေ့လိုက်ရသည်။

"ညဇီးကွက်အစောင့်တပ်"

ဝံပုလွေနတ်ဆိုးက လန့်ဖျတ်စွာဖြင့် အော်လိုက်မိ၏။

“ဝှီး”

မျက်နှာဖုံးတပ်ကာ ဝတ်ရုံခြုံထားသော ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်က သူ၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဓားရောင်တစ်ချက် ဝင်းလက်သွားသည်။

ဝံပုလွေနတ်ဆိုး၏ ခေါင်းပြတ်ကျသွားတော့၏။

"မင်း အဆင်ပြေရဲ့လား"

ဝံပုလွေနတ်ဆိုးကို သတ်ဖြတ်ပြီးနောက် ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်က မိန်းမပျိုလေးကို တွဲထူပေးလိုက်၏။

"ကျွန်... ကျွန်မ အဆင်ပြေပါတယ်"

မိန်းမပျိုလေးမှာ မျှော်လင့်မထားဘဲ အကူအညီရလိုက်သဖြင့် ဝမ်းသာသွားသလို အံ့အားလည်း သင့်သွားသည်။

မကြာသေးမီက ကျင်းပခဲ့သော ဖုန်းရှန်းတောင်ထွတ် ယဇ်ပူဇော်ပွဲတွင် ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်များကို သူမ မြင်တွေ့ခဲ့ရဖူးသည်။ သူတို့က သွေးအေးပြီး ဂရုဏာကင်းမဲ့ကာ အသက်မပါသော ရုပ်သေးရုပ်များကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများ ဖြစ်ကြ၏။

ငါ့ရှေ့က ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်က ဘာဖြစ်လို့ ဒီလောက်တောင် လူသားဆန်နေရတာလဲ’

"မင်း လမ်းလျှောက်နိုင်သေးလား"

ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်က မေးလိုက်၏။

"ကျွန်မ ခြေကျင်းဝတ် လည်သွားသလိုပဲ..."

မိန်းမပျိုလေးက တိုးညင်းစွာ ဖြေဆိုလိုက်၏။

"ငါ ကြည့်ပေးမယ်"

ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဆေးပုလင်းငယ်လေးတစ်ခုကို ထုတ်ယူကာ ဆေးမှုန့်အချို့ကို ဂရုတစိုက် လောင်းထည့်လိုက်ပြီး မိန်းမပျိုလေး၏ ဒဏ်ရာပေါ်သို့ ဖြူးကာ ညင်သာစွာ ညီညာအောင် လိမ်းပေးလိုက်၏။

"ဆေးအစွမ်းပြဖို့ အချိန်နည်းနည်း ယူရလိမ့်မယ်.. ငါတို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး.. မင်းကို ငါ ကျောပိုးသွားပေးမယ်"

"ရှင်"

မိန်းမပျိုလေးမှာ အံ့အားသင့်သွားသည်။

"ရှင်ကလား.. ကျွန်မကို ကျောပိုးမယ် ဟုတ်လား"

"အင်း"

ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်က ခေါင်းညိတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်၏။

"တက်ခဲ့"

မိန်းမပျိုလေးမှာ လုံးဝ တွေဝေသွားသည်။

‘ရွာသူကြီးက ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်တွေက ကြောက်စရာကောင်းတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား.. သူတို့ကို တွေ့ရင် လေးလေးစားစား ဆက်ဆံရမယ် မြင်ရင် အဝေးကနေ ရှောင်သွားရမယ်ဆို’

‘ဘာဖြစ်လို့ သူက ငါ့အပေါ် ဒီလောက် ကောင်းနေရတာလဲ’

သူမက ညှို့ငင်ခံရသကဲ့သို့ ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်၏ ကျောပေါ်သို့ တက်လိုက်၏။

အမျိုးသားက သူမကို တိတ်ဆိတ်စွာဖြင့် အပြင်ဘက်သို့ သယ်ဆောင်သွားသည်။

နေဝင်ချိန်တွင်။

ဆည်းဆာနေရောင်က ရှောင်ဖန်းရွာဟုခေါ်သော တောင်ပေါ်ရွာလေး၏ ပုံရိပ်ကို လင်းလက်စေ၏။

ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်၏ ပခုံးပေါ်တွင် မှီလျက် မိန်းမပျိုလေးက တစ်စုံတစ်ခုကို ဝိုးတဝါး မှတ်မိနေပြီး လွန်ခဲ့သော နှစ်များစွာက ယနေ့ကဲ့သို့ နေဝင်ချိန်တစ်ခုကို ပြန်လည်အမှတ်ရသွားသည်။

ကောင်လေးတစ်ယောက်က သူမအတွက် ဝံပုလွေအုပ်ကို နှင်ထုတ်ပေးခဲ့ပြီး သွေးသံရဲရဲဖြင့် သူမကို အိမ်အထိ သယ်ဆောင်သွားပေးခဲ့၏။

နောက်ပိုင်းမှာ...

သူမကို လက်ထပ်ဖို့ တင်တောင်းငွေ စုဆောင်းမည်ဟု ပြောခဲ့သော အမျိုးသားက သူ့မိခင်ကို မြေမြှုပ်သင်္ဂြိုဟ်ပြီးနောက် နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ပြီး ဘယ်တော့မှ ပြန်မလာခဲ့တော့ပေ။

ထိုရက်စက်သော အမျိုးသား၏ အကျည်းတန်လှသော နာမည်ကို သူမ ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။

သူ့ကို ချန်ဂိုတန်ဟု ခေါ်လေသည်။

"ရောက်ပြီ"

အက်ကွဲပြီး တိုးညင်းသော အသံက မိန်းမပျိုလေးကို သူမ၏ အတွေးများထဲမှ ပြန်လည်ဆွဲထုတ်လာခဲ့သည်။

"ကျန်တဲ့ လမ်းကိုတော့ မင်းဘာသာမင်း လျှောက်ရလိမ့်မယ်.. နောက်တစ်ခါ ဒီလို အန္တရာယ်များတဲ့ နေရာတွေကို တစ်ယောက်တည်း မသွားနဲ့တော့"

"ကျေးဇူး..."

ကျေးဇူးတင်စကား တစ်ခွန်းမှပင် မဟနိုင်သေးမီ မိန်းမပျိုလေးက ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်သည် အဝေးသို့ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။

"ညဇီးကွက်အစောင့်တပ်ဖွဲ့ထဲမှာလည်း အကြောင်းအကျိုး နားလည်ပြီး ကြင်နာတတ်တဲ့ သူတွေ ရှိတာပဲ"

မိန်းမပျိုလေးက သူမဘာသာ ပြုံးလိုက်၏။

သူမက ရှောင်ဖန်းရွာဆီသို့ ဦးတည်သော ကျေးလက်လမ်းလေးအတိုင်း လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမ၏ ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားရ၏။

ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်နှင့် တွေ့ဆုံခဲ့စဉ် တစ်လျှောက်လုံး သူမ ဘယ်မှာနေထိုင်ကြောင်း တစ်ခွန်းမျှ မပြောခဲ့မိကြောင်း သတိပြုမိလိုက်၏။

‘အဲဒီလူက ငါ ရှောင်ဖန်းရွာမှာ နေတယ်ဆိုတာ ဘယ်လိုလုပ် သိသွားတာလဲ’

ရုတ်တရက် နောက်လှည့်ကြည့်လိုက်သောအခါ ဆည်းဆာနေရောင်အောက်ရှိ ပုံရိပ်က ပို၍ပို၍ မှုန်ဝါးလာသော်လည်း သူမကမူ အတိတ်က ကောင်လေးတစ်ယောက်လို ပို၍ပို၍ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ဆည်းဆာနေရောင်အောက်ရှိ ညဇီးကွက်အစောင့်တပ်ဖွဲ့ဝင်၏ ရေရွတ်သံများကို သူမ မကြားနိုင်ခဲ့ပေ။

"ဒီလောကကြီးမှာ ချန်ဂိုတန် ဆိုတာ မရှိတော့ဘူး.. လီချန်ရှ ဆိုတာကလည်း ငါ့ရဲ့ နာမည်ရင်း မဟုတ်ဘူး"

ဒီနေ့က စပြီး တစ်ခုတည်းသော နာမည်က.

"ညဇီးကွက်အစောင့်တပ် လျှို့ဝှက်အမည် .. လှောင်ချိုင့်ထဲက ငှက်ငယ်"

All Chapters