← Chapters

မတည်ငြိမ်သော အခြေအနေများ

Vol. 6 Ch. 84

မတည်ငြိမ်သော အခြေအနေများ

Vol. 6 Ch. 84

သန်းခေါင်ယံအချိန်။

တောင်ပိုင်းနယ်စပ်ဒေသရှိ ကျိုးကုန်းတောင်တန်းများ၏ အပြင်ဘက် တောင်ကြားတစ်ခုတွင် မည်းမည်းသဏ္ဍာန် အရိပ်များက ဟိုဟိုဒီဒီ လှုပ်ရှားသွားလာနေကြ၏။

"ဒီနှစ်တွေတစ်လျှောက်လုံး နဝမဂူစံအိမ်တော်က ငါတို့ကို အမြဲတမ်း ဖိနှိပ်လာခဲ့တာ လေနှင့်နှင်း ဓားစံအိမ်ကိုတောင် ဖျက်ဆီးပစ်ခဲ့သလို ငါတို့ရဲ့ ကောင်းကင်ဓားချောက်ကမ်းပါးနဲ့ ကြယ်လမင်းနန်းတော်ရဲ့ အခြေခံအုတ်မြစ် အများစုကိုလည်း ဖျက်ဆီးခဲ့ကြတယ်"

"ဒီနေ့ပဲ လက်စားချေဖို့ အခွင့်အရေး ရောက်လာပြီ"

မကြာသေးမီက ချန်းလန်ဘုရင် ရှောင်ယွမ်မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်တော့ပေ။ ချန်းလန်တပ်မတော်၏ အများစုမှာလည်း ဤဒေသမှ ဆုတ်ခွာသွားခဲ့ကြပြီဖြစ်ရာ ယခုမှစ၍ ဤနေရာသည် ယူဘုရင်၏ နယ်မြေ ဖြစ်လာတော့မည် ဖြစ်သည်။

"ဒီစစ်သူကြီး စုံစမ်းသိရသလောက်ဆိုရင် နဝမဂူစံအိမ်တော်မှာ ဒီတောင်တန်းတွေထဲမှာ တည်ရှိတဲ့ ဂူစံအိမ် (၃၆) ခု ရှိတယ်.. ဒါပေမဲ့ သတ္တမအဆင့် ကူသခင် နှစ်ယောက်တည်းကပဲ စောင့်ကြပ်နေတာ"

"ဒီည ငါတို့ရဲ့ ရည်မှန်းချက်က ဒီကူသခင်တွေ အားလုံးကို တစ်ယောက်မကျန် သုတ်သင်ရှင်းလင်းပစ်ဖို့ပဲ"

နတ်ဆိုးများက သောင်းကျန်းနေကြပြီး အကျိုးအမြတ်အများဆုံး ရရှိသူမှာ ယူဘုရင်ပင် ဖြစ်ချေသည်။

"စစ်သူကြီး... ကျွန်တော်တို့က နဝမဂူစံအိမ်တော်ကို ပေါ်တင် တိုက်ခိုက်ပြီး ချန်းလန်တပ်မတော်ကိုလည်း ခြုံခိုတိုက်ခိုက်ခဲ့တယ်.. ညဇီးကွက်ဘုရင်က ကျွန်တော်တို့ကို အပြစ်ပေးမှာ မဟုတ်ဘူးလား.. သူက ကျွန်တော်တို့ကို တခြားသူတွေ သတိထားမိအောင် နမူနာပြဖို့ စောင့်နေတာလေ"

အချို့သော သူများမှာ စိုးရိမ်ပူပန်နေကြ၏။

"မင်းတို့ ဘာတွေ တွေးပူနေကြတာလဲ"

ထိုလူက တစ်ချက် ရယ်လိုက်သည်။

"ဒီစစ်သူကြီး... အို မဟုတ်ဘူး... ဒီအရှင်သခင်က ယူဘုရင်ရဲ့ လက်အောက်ခံ မဟုတ်တော့ဘူး.. ပြီးတော့ လူသားတစ်ယောက်အဖြစ်ကနေတောင် ရပ်စဲခဲ့တာ ကြာပြီ"

"မှတ်ထားကြ.. ငါတို့က နတ်ဆိုးတွေရဲ့ ညီအစ်ကိုတွေပဲ"

"ငါ အရင်ဆုံး ပြောထားမယ်.. မင်းတို့ထဲက တစ်ယောက်ယောက်ကများ အဲဒီ အောက်တန်းကျတဲ့ လူတွေကို သနားနေရင်၊ သာမန်ပြည်သူတွေလို ဆက်ဆံခံချင်နေရင်၊ ဒါမှမဟုတ် အတုအယောင် ကြင်နာမှုတွေ၊ ကိုယ်ကျင့်တရားတွေအကြောင်း လျှောက်ပြောနေမယ် ဆိုရင် ဒီနေရာကနေ ထွက်သွားကြစမ်း"

သူက လူအုပ်ကြီးကို အေးစက်သော အကြည့်ဖြင့် ဝေ့ဝဲ ကြည့်ရှုလိုက်၏။

"ငါ.. ဒီမှာ ရက်စက်ကြမ်းကြုတ်တဲ့သူတွေ မျက်တောင်မခတ်ဘဲ သတ်ဖြတ်ရဲတဲ့ သွေးအေးတဲ့ အာဏာရှင်တွေနဲ့ အခြားသူတွေထက် သာလွန်ချင်တဲ့ ရည်မှန်းချက်ကြီးတဲ့ သူတွေကိုပဲ လက်ခံတယ်.. မင်းတို့ရဲ့ သနားစရာကောင်းတဲ့ ကရုဏာတရားတွေကို ဖယ်ထားပြီး သားသတ်ဓားကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြ"

"မင်းတို့ အသိအမှတ်ပြုတဲ့ အရှင်သခင်က မင်းတို့ရဲ့ အရှင်သခင်ပဲ"

"ဘာပဲဖြစ်ဖြစ် ညဇီးကွက်ဘုရင်က ငါတို့ကို လူသားတွေလို ဆက်ဆံတာမှ မဟုတ်တာ နတ်ဆိုးတွေနောက် လိုက်ရတာကမှ ပိုပြီး ခံစားရဦးမယ်"

အမည်းရောင် ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီး၏ အမိန့်ပေးသံနှင့်အတူ တောင်ကြားထဲရှိ လူတိုင်းက သူတို့၏ ထက်မြက်လှသော ဓားများကို အထက်သို့ မြှောက်ကိုင်လိုက်ကြ၏။

"သတ်"

"သတ် သတ်"

တောင်ကြား၏ အထက်တွင် အဆင့်မြင့် နတ်ဆိုးနှစ်ကောင်က ဤမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည့်အခိုက် သူတို့၏ မျက်လုံးများထဲတွင်တော့ လှောင်ပြောင်မှုများ ပြည့်နှက်နေသည်။

"လူတွေ... ဝိုင်တွေ ယူလာခဲ့"

အကြွေစေ့ပုံစံ အကွက်များဖြင့် ဖုံးလွှမ်းနေသော ကျားသစ်နတ်ဆိုးတစ်ကောင်က လက်ဝှေ့ယမ်းပြလိုက်ရာ အဆင့်နိမ့် နတ်ဆိုးတစ်စုက 'ဝိုင်ကောင်း' များပါသော အိုးများကို ယူဆောင်လာကြ၏။

"လူကြီးမင်းတို့... အတူတူ သောက်ကြရအောင်"

ပြင်းထန်လှသော သွေးညှီနံ့ကြီးက တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လူတိုင်း၏ နှာခေါင်းများကို ကျိန်းစပ်သွားစေသည်။

ဖန်ခွက်ထဲရှိ ပူလောင်နေသော သွေးရောင်အရည်များကို ကြည့်ရင်း အချို့မှာ သူတို့၏ ဖန်ခွက်များကိုပင် မကိုင်ထားနိုင်လောက်အောင် ဖြစ်သွားကြ၏။ ဤအရာက ဝိုင်မဟုတ်ပေ ရှင်းရှင်းလင်းလင်းပင် သွေးများ ဖြစ်နေလေသည်။

လတ်ဆတ်သော လူသွေးများ…

"တပ်မှူး ကျင်းပေါင်... ဒါက နည်းနည်းတော့ လွန်မနေဘူးလား"

တစ်ယောက်က မနေနိုင်တော့ဘဲ ဝင်ရောက်ပြောဆိုလိုက်၏။

“အွတ်”

နောက်တစ်စက္ကန့်မှာပင် ဝင်ရောက်ပြောဆိုလိုက်သော သူ၏ ခေါင်းမှာ ညအမှောင်ထဲတွင် ပေါက်ကွဲထွက်သွားတော့၏။

"ညီအစ်ကိုတွေ ဖြစ်တယ်ဆိုတာ စိတ်ထဲမှာ မှတ်ထားရုံနဲ့ မလုံလောက်ဘူးလေ"

သွေးရောင်ရွှေကျားသစ်နတ်ဆိုးက မထီတရီ ပြုံးလိုက်သည်။

"ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ ဝိုင်ကောင်းတွေကို သောက်သုံးပြီး လူသားတွေရဲ့ ခေါင်းတွေကို ဖြတ်ယူနိုင်မှသာ နတ်ဆိုးမျိုးနွယ်စုရဲ့ တကယ့် ညီအစ်ကိုစစ်စစ်လို့ သတ်မှတ်လို့ရမှာ"

"မဟုတ်ရင်တော့.. မင်းတို့က နတ်ဆိုးမျိုးနွယ်စုရဲ့ ခံစားချက်တွေကို လှည့်စားနေတာပဲ"

"ခစ်ခစ်..အဲဒါဆိုရင်တော့ အကျိုးဆက်က အရမ်းကို ကြီးမားသွားလိမ့်မယ် နော်"

အရောင်အသွေး စုံလင်လှသော ဒေါင်းနတ်သမီးက ပါးစပ်ကို အုပ်ကာ ရယ်လိုက်၏။

"မင်းတို့တွေ တော်တော် လွန်နေပြီ"

အခြားစစ်သည်တစ်ဦးက အော်ဟစ်လိုက်သည်။

"ဒါက ပူးပေါင်းဆောင်ရွက်တာ လုံးဝမဟုတ်ဘူး.. မင်းတို့က ငါတို့ကို ကျေးကျွန်တွေဖြစ်အောင် အတင်းအကျပ် ခိုင်းစေနေတာပဲ"

ထိုအခါ သွေးရောင်ရွှေကျားသစ်နတ်ဆိုးက လှောင်ပြောင်လိုက်၏။

"လူသားတွေနဲ့ ပတ်သက်ပြီး ပြောစရာ ဘာမှ မရှိဘူး.. သူတို့က ဟန်ဆောင်ကောင်းပြီး အားနည်းတယ်.. ကျေးကျွန်ဖြစ်ဖို့ပဲ ထိုက်တန်တယ်"

"ဒါ့အပြင် ငါ မင်းတို့ကို သတိပေးရဦးမယ်..."

ဒေါင်းနတ်သမီးက ရယ်လျက် ပြောလိုက်သည်။

"အရင်တုန်းက ငါတို့က ယူဘုရင်နဲ့ ပူးပေါင်းခဲ့တယ်.. ဒါပေမဲ့ အခုတော့ သူက ငါတို့ကို တောင်းပန်နေရပြီလေ.. အချိန်တွေက ပြောင်းလဲသွားပြီ"

"ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး.. ငါ သောက်မယ်"

အမည်းရောင် ချပ်ဝတ် ဝတ်ဆင်ထားသော စစ်သူကြီးက ဝိုင်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။

သွေးရောင်ရွှေကျားသစ်နတ်ဆိုးက သူ၏အနားသို့ ရောက်လာပြီး ပခုံးကို ပုတ်လိုက်၏။

"မဆိုးဘူး.. မင်းက အမိုက်စား နတ်ဆိုးတစ်ကောင်ပဲ.. ငါတို့ရဲ့ ညီအစ်ကိုအရင်းအချာပဲ"

အမည်းရောင် ချပ်ဝတ် စစ်သူကြီးက ဦးဆောင်လိုက်သဖြင့် ပို၍ပို၍ များပြားလှသော လူများက သွေးဝိုင်များကို သောက်သုံးလိုက်ကြတော့သည်။

ဖြောင်း ဖြောင်း ဖြောင်း

"အရမ်းကောင်းတယ်"

သွေးရောင်ရွှေကျားသစ်နတ်ဆိုးက ကျေနပ်အားရစွာဖြင့် လက်ခုပ်တီးလိုက်၏။

"နောက်တစ်ဆင့်အနေနဲ့ မင်းတို့ လုပ်ရမှာက သစ္စာစောင့်သိမှု ပြယုဂ်အနေနဲ့ လူသားတစ်ယောက်ရဲ့ ခေါင်းကို ဖြတ်ယူလာခဲ့ဖို့ပဲ.. အဲဒါဆိုရင် မင်းတို့က ကြီးမြတ်လှတဲ့ နတ်ဆိုးမျိုးနွယ်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလိမ့်မယ်"

"မျှော်လင့်နေမယ်"

ဒေါင်းနတ်သမီးမှာ လှပပြီး ဆွဲဆောင်မှုရှိကာ သူမ၏ စကားလုံးများကလည်း သစ်ခွပန်းများကဲ့သို့ မွှေးပျံ့နေသည်။

"ဘယ်သူက နတ်ဆိုးအများဆုံး သတ်နိုင်လဲ.. အဲဒီလူနဲ့ ငါ တစ်ညတာ အတူတူ နေပေးမယ်"

လူတိုင်းက ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားကြ၏။

"သွားကြစို့"

အမည်းရောင် ချပ်ဝတ် စစ်သူကြီး၏ အမိန့်ပေးသံနှင့်အတူ လူအုပ်ကြီးက တောင်ကြားထဲမှ အလျင်အမြန် ထွက်ခွာသွားကြပြီး တောင်တန်းများထဲသို့ အရပ်မျက်နှာ အသီးသီးဆီသို့ ပျောက်ကွယ်သွားကြတော့၏။

...

အမှတ် (၁၂) ဂူစံအိမ် ဝါးတောလေး။

ကူကောင်များကို သန့်စင်နေသော လီယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်မိသည်။

"ဟင်"

"နောက်ဆုံးတော့ ရောက်လာပြီလား"

သူ၏ လက်ရှိ စိတ်စွမ်းအားဖြင့် အမှတ် (၁၂) ဂူစံအိမ် တစ်ခုလုံး၏ လှုပ်ရှားမှုများကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး မိုင်ပေါင်းဆယ်ချီအထိပင် ပြဿနာမရှိဘဲ တိုးချဲ့နိုင်စွမ်း ရှိနေ၏။

အဓိက ကာကွယ်ရေးမျဉ်းများနှင့် တောင်တန်းများ တစ်လျှောက်တွင် အင်းဆက်ပိုးကောင် မြောက်မြားစွာကို သူ မွေးမြူထားခဲ့ပြီး ဖြစ်သည်။

မည်သည့် အနှောင့်အယှက်မျိုးကိုမဆို သူ သိရှိနိုင်သည်။

နတ်ဆိုးများ အမှတ် (၁၂) ဂူစံအိမ်ထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်မှာပင် လီယွမ်က သတိပြုမိသွားခဲ့၏။

"ဆဌမအဆင့် နတ်ဆိုးသုံးကောင် သတ္တမအဆင့် လူသားမဟာသခင် တစ်ယောက်နဲ့ ပဉ္စမနယ်ပယ်အောက်က လူအယောက်နှစ်ဆယ်ကျော် အစီအစဉ်ကတော့ မဆိုးပါဘူး"

အရင်တုန်းကဆိုလျှင် ဤဖွဲ့စည်းပုံက အမှတ် (၁၂) ဂူစံအိမ်ကို ဖျက်ဆီးပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။

"ချန်းလန်ဘုရင်က ဆုံးရှုံးမှုတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး နဝမဂူစံအိမ်တော်ကလည်း အထိနာခဲ့ပုံရတယ်.. ဒါမှမဟုတ်ရင် ဒီလောက်များတဲ့ နတ်ဆိုးတွေကို တောင်ပေါ်အထိ ပေးတက်မှာ မဟုတ်ဘူး"

ဤကန့်သတ်ချက်ရှိသော အကဲခတ်မှုလေးမှတစ်ဆင့် လက်ရှိအခြေအနေက အတော်လေး ဆိုးရွားနေပြီဖြစ်ကြောင်း လီယွမ် ကောက်ချက်ချလိုက်မိ၏။

"ဆင်နတ်ဆိုးတပ်မှူးကြီး"

သူက တိုးညင်းစွာ ခေါ်လိုက်၏။

"ဒုန်း ဒုန်း ဒုန်း"

ရုပ်သေးအဖြစ် ပြောင်းလဲသွားသော ဆင်နတ်ဆိုးတပ်မှူးက လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာပြီး သူ၏ရှေ့တွင် ဒူးထောက်လိုက်၏။

"မင်းရဲ့ စွမ်းရည်တွေကို စမ်းသပ်ရမယ့် အချိန်ရောက်ပြီ"

လီယွမ်က အမိန့်ပေးလိုက်သည်။

“အကောင်အသေးအမွှားလေးတွေပါ.. သူတို့ကို ဝင်ခွင့်မပေးနဲ့.. ငါ့ရဲ့ အမှတ် (၁၂) ဂူစံအိမ်ရဲ့ အေးချမ်းမှုကို အနှောင့်အယှက် မပေးစေနဲ့”

"ဟုတ်ကဲ့ပါ သခင်"

ဆင်နတ်ဆိုးတပ်မှူးက သူ၏ ဝမ်းဗိုက်ထဲမှ ခံစားချက်ကင်းမဲ့သော အသံနိမ့်နိမ့်လေးဖြင့် တုံ့ပြန်လိုက်၏။

အမိန့်ရရှိပြီးနောက် ၎င်းက ညအမှောင်ကို အကာအကွယ်ယူကာ ထွက်ခွာသွားပြီး နတ်ဆိုးများ တိုက်ခိုက်နေသော လမ်းကြောင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ လီယွမ်၊ ရှောင်ချိုက်၊ ဝူမေ့နှင့် ဓားနတ်သမီးတို့က အနောက်မှ လိုက်ပါသွားကြပြီး အဝေးမှ စောင့်ကြည့်နေကြသည်။

ထို့နောက် ရှုခင်းများကို မြင်ရသော လူသူကင်းမဲ့သည့် တောင်ကုန်းတစ်ခုကို ရှာတွေ့ကာ ထိုနေရာတွင် ရပ်နားလိုက်ကြ၏။

တောင်တန်းငယ်လေးတစ်ခုလို ကြီးမားလှသော ဆင်နတ်ဆိုးကြီးက အမှတ် (၁၂) ဂူစံအိမ်သို့ ဝင်ရောက်မည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

ထိုနယ်မြေထဲသို့ ခိုးဝင်လာသော အမည်းရောင် ချပ်ဝတ် စစ်သည်များနှင့် နတ်ဆိုးများအဖွဲ့ကလည်း လရောင်အောက်ရှိ ဧရာမသတ္တဝါကြီးကို မြင်တွေ့လိုက်ရပြီး ကြောက်လန့်တကြား တုန်ယင်သွားကြ၏။

အဲဒါက...

နတ်ဆိုးမျိုးနွယ်စုများက အံ့သြတုန်လှုပ်စွာ ကြွေးကြော်လိုက်ကြသည်။

"ခွန်လွန်တောင် တိုက်ပွဲအတွင်း ပျောက်ဆုံးသွားတဲ့ ဆင်နတ်ဆိုးတပ်မှူးပဲ သူ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

အဖွဲ့ကို ဦးဆောင်လာသော မဟာသခင်၏ မျက်နှာက တင်းမာနေလေ၏။

"ရှင်းနေတာပဲ.. သူက ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားပြီ"

"ဆင်နတ်ဆိုးတပ်မှူးက တပိုင်း သူတော်စင် အဆင့်ပဲ"

လူတိုင်းက ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။

"ဘာကို ကြောက်နေရတာလဲ"

မဟာသခင်အဆင့်သို့ ရောက်ရှိနိုင်သူများသည် ခိုင်မာသော စိတ်ဆန္ဒနှင့် ကြွယ်ဝသော စိတ်စွမ်းအားများ ပိုင်ဆိုင်ထားကြပြီး နတ်ဆိုး တပိုင်း သူတော်စင် အဆင့် မှ ဖန်တီးထားသော ရုပ်သေးရုပ်ကို ရင်ဆိုင်ရချိန်တွင်ပင် ကြောက်ရွံ့မှု အနည်းငယ်မျှသာ ပြသကြ၏။

"ရုပ်သေးအဖြစ် ပြောင်းလဲသွားပြီးနောက် သူ့ရဲ့ ခွန်အားက အနည်းဆုံး တစ်ဝက်လောက် လျော့ကျသွားမှာဆိုတော့ ဘာမှ မဟုတ်ပါဘူး.. ငါ သူ့ကို ထိန်းထားလိုက်မယ်"

"သူ့ကို ထိန်းချုပ်ထားတဲ့ ကူသခင်ကို သွားရှာကြ သူက အနီးအနားမှာပဲ ရှိရမယ်.. အကြာကြီး ပုန်းနေလို့ မရဘူး.. ကူသခင်ကို သတ်လိုက်ရင် ပြဿနာ ရှင်းသွားပြီပဲ"

ခေါင်းဆောင်ဖြစ်သူ မဟာသခင်က အမိန့်ပေးလိုက်၏။

"ငါတို့ နိုင်နိုင်ပါ့မလား"

ဆဌမအဆင့် နတ်ဆိုးတစ်ကောင်က မေးလိုက်သည်။

"ကူသခင်ကိုယ်တိုင်က တိုက်ခိုက်ရေးမှာ အားနည်းတယ်.. နတ်ဆိုးရုပ်အလောင်းကို ငါက ဟန့်တားထားမယ်ဆိုရင် ကူသခင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရင်ကထက် ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး.. သူ့ကို ကြက်ကလေးတစ်ကောင် သတ်သလို လွယ်လွယ်ကူကူ သတ်ပစ်လို့ ရတယ်"

အဖွဲ့ခေါင်းဆောင် မဟာသခင်က ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်လိုက်၏။

အခြားသူများလည်း စိတ်သက်သာရာ ရသွားကြပြီး ချက်ချင်းပင် အနီးအနားကို စတင်ရှာဖွေကြ၏။ ခေါင်းဆောင် မဟာသခင်က သူ၏ အမည်းရောင်ဓားကို ဆွဲထုတ်လိုက်ပြီး ဆင်နတ်ဆိုးရုပ်သေးဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

တောင်ကုန်းပေါ်တွင် လီယွမ်က ပြုံးလိုက်၏။

"ပြောရမယ်ဆိုရင် မဟာသခင်ဆိုတာ တကယ်ကို မဟာသခင်ပါပဲ.. သူက ကြည်လင်တဲ့ စိတ်နှလုံး ကြီးမားတဲ့ သတ္တိတွေရှိပြီး သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကလည်း အတိအကျပဲ"

"ဒါပေမဲ့ သနားစရာက..."

"ကူသခင်တွေ အသုံးပြုလေ့ရှိတဲ့ ပုံမှန်နည်းလမ်းတွေက ငါ့အတွက် အလုပ်မဖြစ်ဘူး”

All Chapters