← Chapters

ဓားနတ်သမီး၏ ထပ်မံတိုက်ခိုက်မှု

Vol. 6 Ch. 85

ဓားနတ်သမီး၏ ထပ်မံတိုက်ခိုက်မှု

Vol. 6 Ch. 85

"ရေမည်း ကောင်းကင်မိစ္ဆာ ဓားသိုင်း"

မဟာသခင်က သိုင်းပညာ၏ အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်ရာ သူ၏ လက်ထဲရှိ အမည်းရောင် ဓားရှည်ကြီးက တဝီဝီ မြည်ဟည်းသွားသည်။ ဓားချီစွမ်းအင်များက နက်ရှိုင်းပြီး အန္တရာယ်များလှသော ပင်လယ်ရေအောက် လှိုင်းလုံးများကဲ့သို့ ရုပ်လုံးပေါ်လာတော့၏။

"သတ်"

သူက လျှပ်တစ်ပြက် ပေါ်လာပြီး ဆင်နတ်ဆိုးရုပ်သေး၏ အနောက်ဘက်သို့ ရောက်ရှိသွားကာ ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။

ဆင်နတ်ဆိုးရုပ်သေးက အနောက်သို့ ပြင်းထန်စွာ ကန်ကျောက်လိုက်ရုံသာ။ ထူထဲလှသော အသားစိုင်များက ဓားချီစွမ်းအင်ကို အပေါ်ယံ အရေခွံ အနည်းငယ်သာ ကွာကျသွားစေရန် ခွင့်ပြုလိုက်၏။

“ဘုန်း”

ကြောက်မက်ဖွယ်ကောင်းသော ပြန်ကန်အားက အမည်းရောင် ချပ်ဝတ် မဟာသခင်ကို သည်းမခံနိုင်လောက်အောင် နာကျင်သွားစေပြီး အားကို ဖြိုခွဲရန် အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားစေခဲ့ကာ တစ်ချီတည်းနှင့်ပင် အရေးနိမ့်သွားစေခဲ့သည်။

'ကိစ္စမရှိဘူး... ငါ သူတို့ကို ထိန်းထားနိုင်ဖို့ပဲ လိုတာ'

အခြေအနေမဟန်သည်ကို မြင်သောအခါ သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်ကာ အနီးကပ် တိုက်ပွဲဆင်နွှဲရန် စတင်လိုက်၏။

"အား"

ထိုစဉ် မလှမ်းမကမ်းမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

'ဘာဖြစ်တာလဲ နောက်ထပ် သိုင်းပညာရှင်တစ်ယောက် ရှိနေသေးတာလား..'

အမည်းရောင် ချပ်ဝတ် မဟာသခင်၏ မျက်နှာက ပြာနှမ်းသွား၏။

'အမှတ် (၁၂) ဂူစံအိမ်လို နေရာသေးသေးလေးမှာ ဒီလောက် အစွမ်းထက်တဲ့သူတွေ ဘယ်လိုလုပ် ပုန်းအောင်းနေနိုင်မှာလဲ'

သူတို့က သတင်းအချက်အလက်တွေကို ကြိုတင်စုဆောင်းထားခဲ့ပြီး ဒီတစ်ခါတော့ အမှားအယွင်း မရှိနိုင်ဘူးလို့ ယုံကြည်ထားခဲ့သည်။

ဒီဒေသမှာ စုစုပေါင်း ဂူစံအိမ် (၃၆) ခု ရှိသော်ငြား သတ္တမအဆင့် ကူသခင် နှစ်ယောက်တည်းသာ ရှိပြီး သူတို့နှစ်ယောက်စလုံးကို သွေးရောင်ရွှေကျားသစ်နတ်ဆိုးတပ်မှူးနှင့် ဒေါင်းနတ်သမီးတို့က ရှင်းလင်းပြီးပြီ ဖြစ်သည်။

သူ တိုက်ခိုက်နေရသူကဲ့သို့ ထူးဆန်းပြီး ထူးခြားသော နည်းလမ်းများ ရှိသည့် ကူသခင်အချို့ ကျန်ရှိနေနိုင်သေး၏။ သိပ်အများကြီးတော့ မဖြစ်နိုင်။

ထို့အပြင် သူတို့က တစ်နေရာတည်းမှာ စုဝေးနေသင့်တာ မဟုတ်ပေ။

"အား"

သူ ရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ပို၍ စူးရှသော အော်ဟစ်သံများသာ ဖြစ်သည်။ ထိုအသံကို သူ အလွန် ရင်းနှီးကျွမ်းဝင်နေ၏။ ၎င်းမှာ သူနှင့်အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သော ယုံကြည်ရသည့် လက်အောက်ငယ်သားများ၏ အသံများဖြစ်ပြီး ယခုတော့ သူတို့မှာ အလွန် ဆိုးရွားသော နိဂုံးနှင့် ရင်ဆိုင်နေကြရလေပြီ။

တစ်ခု နှစ်ခု သုံးခု

လီယွမ်က အမိန့်ပေးထားပြီး ဖြစ်သည်။

‘နတ်ဆိုးတွေကို အလောင်းအပြည့်အစုံ ချန်ထားခဲ့ပြီး လူသားတွေကိုတော့ အပြတ်ရှင်းလင်းပစ်ရမယ်..’

ဟူ၍ပင်။

'ကြည့်ရတာ ဒါက အကြီးစား စစ်ဆင်ရေးတစ်ခုပဲ ဖြစ်မယ်..'

‘ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုက ကြိုတင်ကြံစည်ထားတာ သေချာပြီး အမည်းရောင် ချပ်ဝတ် မဟာသခင်ရဲ့ နောက်ကွယ်မှာ ပိုအဆင့်မြင့်တဲ့ အမိန့်ပေးသူ ရှိနေရမယ်..

အမှတ် (၁၂) ဂူစံအိမ် တစ်ခုတည်းကသာ တိုက်ခိုက်ခံရတာ မဟုတ်ဘူး..

'ဒီထက် ပိုအစွမ်းထက်တဲ့သူတွေ လာသင့်တယ်..'

အခြေအနေဆိုးရွားနေပြီဖြစ်သဖြင့် လီယွမ်က အခြားသူများကို အားကိုးရန် ကြာမြင့်စွာကတည်းက စွန့်လွှတ်ခဲ့သည်။ ကိုယ်တိုင်သာ ဦးဆောင်ကာကွယ်ရမည် ဖြစ်၏။

'ခွန်လွန်တောင် တိုက်ပွဲက ငါ့ရဲ့ စွမ်းအားကို သက်သေပြခဲ့ပြီးလောက်ပြီ.. တပိုင်း သူတော်စင် အဆင့်ကို သတ်ဖို့ အခွင့်အရေးရှိပေမယ့် တကယ့် သိုင်းသူတော်စင်.. ဒါမှမဟုတ် နတ်ဆိုးသူတော်စင်တစ်ပါး ရောက်လာရင်တော့ ထွက်ပြေးရုံပဲ ရှိတော့တယ်..'

သူက အမှန်စင်စစ်မှာတော့ ဆဌမအဆင့် ကူသခင် တစ်ယောက်သာ ဖြစ်သည်။

အဋ္ဌမအဆင့် ကူသခင်တစ်ယောက်မှသာ ဖန်တီးနိုင်သော ကူအိမ်တစ်ခု ရှိနေလျှင်ပင် အခြေခံ ကွာဟချက်တစ်ခု ရှိနေသေး၏။ သူ၏ အမြင့်ဆုံးစွမ်းရည်မှာ အဆင့်ကျော်လွန်၍ တပိုင်း သူတော်စင် အဆင့်ကို တိုက်ခိုက်နိုင်ခြင်းသာ ဖြစ်သည်။

'အဋ္ဌမအဆင့် သိုင်းပညာရှင်တွေက အင်အားစုတိုင်းရဲ့ မဏ္ဍိုင်တွေပဲ.. သူတို့က နဝမဂူစံအိမ်တော်နဲ့ ချန်းလန်တပ်မတော်ရဲ့ သိုင်းပညာရှင်တွေကို စောင့်ကြည့်နေမှာဖြစ်ပြီး အဆင်အခြင်မဲ့ လှုပ်ရှားရဲမှာ မဟုတ်ဘူး..'

ထိုသို့ အစွမ်းထက်သူ တစ်ယောက်လောက် ဆုံးရှုံးသွားခြင်းကတောင် နာကျင်စရာကောင်းသည့် ထိုးနှက်ချက် တစ်ခု ဖြစ်သွားလိမ့်မည်။

သူ စဉ်းစားနေစဉ်မှာပင် နတ်ဆိုးရုပ်သေးတပ်ဖွဲ့က ကျူးကျော်သူများကို အကုန်နီးပါးလောက် သုတ်သင်ရှင်းလင်းပြီးသွားပြီ ဖြစ်ကာ ရုန်းကန်နေရသော အမည်းရောင် ချပ်ဝတ် မဟာသခင် တစ်ယောက်တည်းသာ ကျန်ရစ်တော့၏။

'လူသား မဟာသခင် ရောက်လာတာထက် သတ္တမအဆင့် နတ်ဆိုးကြီး ရောက်လာတာကမှ ပိုကောင်းဦးမယ်..'

လူသား မဟာသခင်များသည် မဟာသခင်၏ အစစ်အမှန် အနှစ်သာရ၊ သိုင်းပညာ ကျင့်စဉ်များနှင့် လျှို့ဝှက်လက်နက်များ စသည်တို့ကို အားကိုးကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ မသန်မာကြပေ။ ရုပ်အလောင်းများမှ ဖန်တီးထားသော ရုပ်သေးများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အမင်း ကျဆင်းသွားမည်ဖြစ်ပြီး တူညီသောအဆင့်ရှိ နတ်ဆိုးများထက် အများကြီး ပိုမို အားနည်းသည်။

ပြဿနာပိုများလာမည်ကို တွေးမိသဖြင့် လီယွမ်က ထပ်မံ အချိန်မဆွဲချင်တော့ပေ။

'ဓားနတ်သမီး... လှုပ်ရှားလိုက်တော့'

ဒါက ဓားနတ်သမီး၏ လေ့ကျင့်ထားသော 'အသင်္ချေဓားသိုင်း' က လက်တွေ့တိုက်ပွဲတွင် မည်မျှ ထိရောက်မှုရှိသည်ကို စစ်ဆေးရန် အခွင့်ကောင်းတစ်ခုလည်း ဖြစ်၏။

ဓားနတ်သမီးက ခေါင်းညိတ်လိုက်သည်။

သူမက သုံးပေရှည်သော ဓားစိမ်းကို ကိုင်ဆောင်ကာ တောင်ပေါ်မှ လွင့်မျောဆင်းသက်လာ၏။

"နှင်းတွေ ကျနေတာလား"

ဆင်နတ်ဆိုးရုပ်သေးနှင့် တိုက်ခိုက်နေသော အမည်းရောင် ချပ်ဝတ် မဟာသခင်မှာ အံ့အားသင့်သွားသည်။ သူ၏ နှလုံးသားက ခုန်ပေါက်နေပြီး ဦးရေပြားကလည်း ထုံကျင်သွား၏။

ရုတ်တရက် နှင်းကျလာတာ အရမ်းကို ထူးဆန်းလွန်းတယ်..

သူက တစ်စုံတစ်ခုကို ခံစားမိသွားပြီး ရုတ်တရက် မော့ကြည့်လိုက်ရာ တောင်ပေါ်မှ လွင့်မျောဆင်းသက်လာသော အဖြူရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုပုံရိပ်က အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး လွင့်ဝဲနေသော ဖဲကြိုးများနှင့်အတူ လောကီနှင့်မသက်ဆိုင်သော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေ၏။

"ဒီနှင်းတွေက... သိုင်းပညာနဲ့ ပတ်သက်တဲ့ ကောင်းကင်ဖြစ်စဉ်တစ်ခုလား"

အမည်းရောင် ချပ်ဝတ် မဟာသခင်မှာ ထိတ်လန့်သွားသည်။

'ငါ့ရှေ့က နတ်သမီးနဲ့တူတဲ့ ပုံရိပ်က သိုင်းသူတော်စင်လား.. ဒါမှမဟုတ် ဓားသူတော်စင်လား'

ဤအခိုက်အတန့်တွင် နှင်းများက အနီရောင်အဖြစ် ပြောင်းလဲသွား၏။

သွေးမျက်ရည်ပေါက်များကဲ့သို့ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး ငိုကြွေးသံများနှင့်အတူ ပါလာသည်။ သူ၏ ခြေထောက်များမှာ လှုပ်ရှား၍မရတော့ဘဲ သွေးစွန်းနေသော လက်တစ်စုံက မြေပြင်မှ ထွက်ပေါ်လာကာ သူ့ကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

သူ သောက်ခဲ့သော 'ဝိုင်ကောင်း' ကို ပြန်လည်သတိရသွားသည်။

သူက ဘယ်တော့မှ လူသားမဖြစ်တော့ဘူး နတ်ဆိုးတွေနှင့် ညီအစ်ကို ဖြစ်မည် အားနည်းသူတွေကို လှောင်ပြောင်ပြီး ထိုသနားစရာကောင်းသော သတ္တဝါတွေကို ခြေမွပစ်မည်ဟု ပြောခဲ့ဖူး၏။

အမည်းရောင် ချပ်ဝတ် မဟာသခင်မှာ လက်တစ်ဖက်ကို မှတ်မိသွားပြီး ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားကာ မျက်နှာ ပြာနှမ်းသွားသည်။

သူ.. အလွန်ပင်.. ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။

ရွာတစ်ရွာကို သတ်ဖြတ်နေစဉ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက သူ၏ ခြေထောက်ကို ဆွဲကိုင်ကာ သူမ၏ ကလေးကို ချမ်းသာပေးရန် တောင်းပန်ခဲ့သည်။

သူက ရယ်လိုက်ပြီး ပထမဆုံး သူမ၏ ဗိုက်ကို ခွဲထုတ်လိုက်ကာ ထို့နောက် အမျိုးသားကို သတ်ပစ်ခဲ့သည်။

"ဟင်"

သူ့အတွေးများက ရုတ်တရက် ရပ်တန့်သွား၏။

"ငါ့ဗိုက်က ဘယ်တုန်းက ပေါက်ပြဲသွားတာလဲ ငါ့ခြေထောက်တွေ ဘယ်ရောက်သွားတာလဲ ငါ့လက်ချောင်းတွေက ဘာဖြစ်လို့ တစ်ချောင်းပြီး တစ်ချောင်း ပြတ်ကျနေတာလဲ"

အမည်းရောင် ချပ်ဝတ် မဟာသခင်က သူ၏ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်တောက်သွားသည်ကို မျက်လုံးပြူးကာ ကြည့်နေသော်လည်း နာကျင်မှုကို မခံစားရပေ။

သူက တိုက်ပွဲ၏ အလယ်မှာ ရှိနေသေးသည် ဆိုတာကိုတောင် မေ့လုနီးပါး ဖြစ်သွားခဲ့ချေပြီ။

တောင်ပေါ်တွင်။

လီယွမ်က ဤမြင်ကွင်းကို စောင့်ကြည့်နေပြီး သူ၏ စိတ်ဖြင့် ခံစားသိရှိရမှုနှင့် သူ၏ မျက်လုံးဖြင့် မြင်တွေ့ရမှုတို့က လုံးဝကို ကွဲပြားခြားနားသော အရာနှစ်ခု ဖြစ်နေသည်။

သူ့ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်တွေ့လိုက်ရသည်မှာ ဓားနတ်သမီး၏ လျင်မြန်သော ဓားချက်က အမည်းရောင် ချပ်ဝတ် မဟာသခင်ကို အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့ခြင်း ဖြစ်၏။

သူ၏ စိတ်ဖြင့် မြင်တွေ့လိုက်ရသည်မှာ ညအမှောင်ထဲတွင် နှင်းများ ကျဆင်းနေပြီး အဖြူရောင်မှ အနီရောင်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော နာကြည်းမှုများဖြင့် ပြည့်နှက်နေသော တစ္ဆေလက်တစ်စုံက အမည်းရောင် ချပ်ဝတ် မဟာသခင်ကို ဖမ်းဆုပ်ကာ တစ်စစီ ဆွဲဖြဲပစ်လိုက်ခြင်းပင် ဖြစ်သည်။

"ဓားကို ဆွဲထုတ်လိုက်တဲ့အခါ မိုးကြိုးလို အစွမ်းထက်နိုင်သလို လေပြေလေးလိုလည်း နူးညံ့နိုင်တယ်.. သမုဒ္ဒရာကြီးလို ဒေါသတကြီး သောင်းကျန်းနိုင်သလို ငရဲပြည်က သရဲတစ္ဆေတွေလိုလည်း ညည်းတွားနိုင်တယ်.. ဓားကွက်တွေက အမြဲတမ်း ပြောင်းလဲနေတာပဲ"

"ဒီဓားသိုင်းကို ကျင့်ကြံဖို့အတွက် ကြည်လင်အေးချမ်းတဲ့ စိတ်နှလုံး ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက်ချက်တွေကို နားလည်နိုင်စွမ်း လောကကြီးက အရာရာကို လေ့လာစောင့်ကြည့်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့ စိတ်နှလုံးနဲ့ အတွေးတွေအတိုင်း လှုပ်ရှားနိုင်စွမ်းတွေ လိုအပ်တယ်"

လီယွမ်က ထိုက်ဇူဧကရာဇ် သူ့အား အမွေအနှစ် ပေးအပ်စဉ်က ချန်ရစ်ခဲ့သော စကားများကို ပြန်လည်သတိရသွားသည်။

"ဒါက လောကကြီးမှာရှိတဲ့ ဖြစ်စဉ်အားလုံးရဲ့ ကောင်းကင်အသွင်ပြောင်းခြင်းလား"

ဓားတစ်လက်တည်းဖြင့် လောကရှိ အရာခပ်သိမ်းကို လွှမ်းခြုံနိုင်ပြီး ပင်လယ်လေးစင်းနှင့် မြေရိုင်းရှစ်ခုကို ငြိမ်းချမ်းစေနိုင်လေ၏။

‘ဒါကမှ တကယ့် ဧကရာဇ်ရဲ့ ဓားပဲ’

‘ငါ့ရဲ့ ငယ်ဘဝတုန်းက အမြဲတမ်း ထွက်ပြေးနေခဲ့ရပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အအေးဒဏ်ကို ခံစားခဲ့ရတယ်.. ငါ့ဘဝက ကြောက်ရွံ့မှုတွေ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်.. နောက်ပိုင်းမှာ တောင်တန်းတွေကြားထဲမှာ အထီးကျန်စွာ နေထိုင်ခဲ့ပြီး လောကကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး.. ငါ လောကကြီးကို မြင်တွေ့ရတာ အရမ်းကို နည်းလွန်းတယ်’

‘အဲဒါကြောင့် အသင်္ချေဓားသိုင်းရဲ့ တကယ့် အနှစ်သာရကို ငါ နားမလည်နိုင်ခဲ့တာပဲ’

‘လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က လောကကြီးမှာ ဆင်းရဲဒုက္ခ မျိုးစုံကို ခံစားခဲ့ရပြီး နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်စက်ခဲ့ရကာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို နားလည်သဘောပေါက်ခဲ့တဲ့ ဓားနတ်သမီး ဖြစ်တာကမှ ပိုကောင်းဦးမယ်’

"အခု ငါ့ရဲ့ စိတ်နှလုံးက အရမ်းကို ကြည်လင်ပြီး ဖြူစင်နေတာမို့ အသင်္ချေဓားသိုင်းနဲ့ အံဝင်ခွင်ကျ ဖြစ်မနေတာပဲ.. ဟားဟား"

လီယွမ်က ကျယ်လောင်စွာ ရယ်လိုက်၏။

ဓားနတ်သမီး မကြုံဖူးသေးသည့် တစ်ခုတည်းသော အရာမှာ အချစ်ရေးသာ ဖြစ်သည်။

"အား"

အသက်ငါးကြိမ်ရှူခန့်ပြီးနောက် အနီရောင် နှင်းပွင့်များ ကျဆင်းလာပြီး ငရဲပြည်၏ ညည်းတွားသံများက ရုတ်တရက် ပျောက်ကွယ်သွားကာ နာကျင်မှုအားလုံးက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာ၏။

လက်ချောင်းပြတ်သွားသည့် နာကျင်မှု၊ ဗိုက်ခွဲခံရသည့် နာကျင်မှု၊ နှလုံးသား ဆွဲထုတ်ခံရသည့် နာကျင်မှု... မျိုးစုံသော ဆင်းရဲဒုက္ခများက မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါက်ကွဲထွက်လာပြီး မဟာသခင်ပင်လျှင် တောင့်မခံနိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။

ရုပ်ပျက်ဆင်းပျက် အလောင်းတစ်ခု ဖြစ်သွားပြီဖြစ်သော မဟာသခင်မှာ မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး နာကျင်စွာ အော်ဟစ်နေ၏။

နောက်ဆုံးတွင်တော့ သူက အလွန်အမင်း နာကျင်မှုကြောင့် သေဆုံးသွားခဲ့သည်။

သူ၏ နောက်ဆုံးအချိန်များတွင် သူသည်လည်း လူသားတစ်ဦးဖြစ်ပြီး အခြားသူများ၏ ဖိနှိပ်မှုကို ခံစားရင်း ကြီးပြင်းလာခဲ့ရသည့် အညတရတစ်ဦးဖြစ်ကြောင်း သူ နားလည်သွားခဲ့၏။

လီယွမ်က လူတွေရဲ့ စိတ်နှလုံးကို နားမလည်နိုင်ခဲ့ပေ။

သူက စပ်စုရုံသက်သက်သာ ဖြစ်သည်။ ဓားနတ်သမီးသည် နတ်ဆိုးများကို သတ်ဖြတ်ရာတွင် အလွန်လျင်မြန်ပြီး ဓားတစ်ချက်တည်းဖြင့်ပင် ရန်သူကို သုတ်သင်နိုင်၏။

‘ဘာဖြစ်လို့ အမည်းရောင် ချပ်ဝတ် မဟာသခင်ကို နှိပ်စက်ရတာလဲ’

‘ဒါမှမဟုတ် ဓားနတ်သမီးရဲ့ အမြင်မှာ တစ်ဖက်လူက ဒီလို အဆုံးသတ်မျိုးနဲ့ ထိုက်တန်တယ်လို့ ထင်နေလို့များလား..’

“ဝှစ်”

အမှတ် (၁၂) ဂူစံအိမ်ရှိ တိုက်ပွဲမှာ နိဂုံးချုပ်လုနီးပါး ဖြစ်နေချိန်တွင် မလှမ်းမကမ်းမှ အရောင်အသွေး စုံလင်လှသော မြှားတစ်စင်းက ညကောင်းကင်ယံကို ထိုးဖောက်သွားပြီး ပေါက်ကွဲသွားတော့သည်။

"အဲဒါက... အမှတ် (၁၃) ဂူစံအိမ်ရဲ့ ဦးတည်ရာပဲ”

Book 6 end.

All Chapters