← Chapters

အခန်း (၃၂၁-၃၂၂)

Vol. 17 Ch. 321-322

အခန်း (၃၂၁-၃၂၂)

Vol. 17 Ch. 321-322

အခန်း (၃၂၁) - တုန်းဟယ်၏ အကူအညီတောင်းခံမှု

ဟုတ်ပေသည်။

သေသွားသောသူသည် စကားမပြောနိုင်တော့ပေ။

ဤအချက်မှာ ကျောက်ဝမ်ထန်အတွက် အစိုးရိမ်ဆုံးအရာ ဖြစ်သည်။ ဤဖြစ်ရပ်ကို သိရှိသူများမှာ သူကိုယ်တိုင်၊ လင်းကျင်း၊ ချွီဝမ်ကျီ၊ တီလီနှင့် ထိုကျားသစ်မိစ္ဆာသာ ရှိသည်။

သူနှင့် လင်းကျင်းတို့နှစ်ဦးမှာ ပါးစပ်လုံအောင် ထိန်းထားနိုင်မည်မှာ အသေအချာပင်။ ကျားသစ်မိစ္ဆာမှာမူ လင်းကျင်း၏ ခြောက်လှန့်မှုကို ခံထားရသူဖြစ်ရာ အဖမ်းမခံရသရွေ့ မည်သူမျှ သိရှိနိုင်မည် မဟုတ်ပါပေ။

ဤနည်းဖြင့် မေတ္တာရိပ်မြုံကို စီမံခန့်ခွဲသူများမှာ အနောက်ဘက်နိုင်ငံကို ပြဿနာ ရှာလိမ့်မည်ဖြစ်ပြီး၊ အနောက်ဘက်နိုင်ငံမှလည်း ဤကိစ္စကို စုံစမ်းစစ်ဆေးလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူတို့၏ စုံစမ်းမှုမှာလည်း လမ်းဆုံးသို့သာ ရောက်ရှိသွားပေလိမ့်မည်။

“ကျုပ်တို့ သတိထားဖို့ လိုတယ်ဆိုတာကိုတော့ သဘောတူပါတယ်... ဘာလို့လဲဆိုတော့ တကယ်တော်တဲ့လူတွေ ရှိနေနိုင်လို့ပဲ... ဒါပေမဲ့ စိတ်မပူပါနဲ့ ညီအစ်ကို ကျောက်... တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်လည်း ကျုပ် ဖြေရှင်းနည်း တစ်ခုခု ရှာလိုက်ပါ့မယ်”

လင်းကျင်းသည် ကျောက်ဝမ်ထန်၏ စိုးရိမ်နေသော မျက်နှာကို ကြည့်ပြီး နှစ်သိမ့်လိုက်၏။

ကျောက်ဝမ်ထန်မှာ မှင်တက်သွားပြီး အနည်းငယ် စိတ်ဆိုးသည့်လေသံဖြင့်ပြန်ပြောလိုက်သည်။

“ညီအစ်ကိုလင်း... ဘယ်လိုပြောလိုက်တာလဲ... အခြေအနေတွေ မကောင်းမွန်လာခဲ့ရင်တောင် ကျုပ် ကျောက်ဝမ်ထန်က ညီအစ်ကို့ကို တစ်ယောက်တည်း ခေါင်းခံရအောင် လုပ်မှာမဟုတ်ဘူး... ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျုပ် မင်းဘေးမှာ ရှိနေပေးမှာပါ”

ဤစကားမှာ သူ၏ ရင်ထဲမှ အမှန်တကယ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လင်းကျင်းသည် ချွီဝမ်ကျီနှင့် တီလီတို့ မည်သည့်နေရာတွင် တည်းခိုနေသည်ကို မမေးမြန်းခဲ့သော်လည်း၊ ကျောက်ဝမ်ထန်က သူ့အလိုလိုပင် ပြောပြခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ လင်းကျင်းအပေါ် ကျောက်ဝမ်ထန်၏ ယုံကြည်မှု အပြည့်အဝ ရှိနေကြောင်း အကောင်းဆုံး သက်သေပင် ဖြစ်သည်။

“ဝမ်ကျီက သူမကို ကူညီပေးခဲ့တဲ့အတွက် ခင်ဗျားကို တကယ့်ကို ကျေးဇူးတင်နေတာ... ညီကိုလင်း အလုပ်အားတဲ့အခါ သူမလက်ရာနဲ့ ချက်ပြုတ်ကျွေးမွေးချင်တယ်လို့ ပြောနေတယ်... ကျုပ် သက်သက်ပြောနေတာ မဟုတ်ဘူး၊ ဝမ်ကျီရဲ့ ဟင်းချက်တဲ့ လက်ရာကလည်း တော်တော်လေး ကောင်းမွန်တယ်... ဆရာလင်းနဲ့ စားဖိုမှူးကြီးလျောင်တို့ ဘယ်လောက် ရင်းနှီးလဲဆိုတာ ကျုပ် သိပါတယ်... ကျုပ်လည်း သူ့ဟင်းတွေကို စားဖူးပါတယ်... ပြောရမယ်ဆိုရင် ဝမ်ကျီရဲ့ဟင်းတွေက သူ့ထက်တော့ နည်းနည်းလေး ညံ့ကောင်း ညံ့လိမ့်မယ်... ဒါပေမဲ့ သူမ ကိုယ်ပိုင်လက်ရာကိုတော့ လျစ်လျူရှုထားလို့ မရဘူး”

ကျောက်ဝမ်ထန်က ရုတ်တရက် ဆိုလာသည်။

လင်းကျင်းက ခေါင်းညိတ်လိုက်၏။

ဤမျှ ရိုးသားသော ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်းမှာ မသင့်တော်ပါပေ။ ထို့ပြင် လင်းကျင်းသည် တီလီနှင့်လည်း တွေ့ဆုံချင်နေခဲ့၏။

ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်မှုများ လုပ်ထားရန် လိုအပ်ပေသည်။

အနောက်ဘက်နိုင်ငံမှ တစ်နေ့နေ့တွင် ပြဿနာ လာရှာမည်ကို မည်သူမှ မသိနိုင်ပါပေ။ အကယ်၍သာ အရင်ကဆိုလျှင် လင်းကျင်းမှာ ယခုအခါ ကြောက်ရွံ့တုန်လှုပ်နေပေလိမ့်မည်။ သို့သော် ယခုမူ အတွေ့အကြုံများစွာ ရရှိထားပြီဖြစ်ရာ သာမန် နိုင်ငံငယ်လေးများမှာ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပါပေ။ သူ၏ ဧည့်ခန်းမရှိ ဧည့်သည်တစ်ဦးဦးကပင် နိုင်ငံငယ်လေးတစ်ခုကို တစ်ယောက်တည်း တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။

အလယ်အလတ်တန်းစား နိုင်ငံများမှာ ယခင်က အနည်းငယ် ခက်ခဲနိုင်သော်လည်း၊ မြွေနိုင်ငံကိစ္စပြီးနောက်တွင်တော့ အလယ်အလတ်တန်းစား နိုင်ငံများမှာလည်း ထိုမျှအထိ အစွမ်းမထက်ကြောင်း လင်းကျင်း နားလည်သွားခဲ့သည်။

အစွမ်းထက်သော အဖွဲ့တစ်ခုနှင့်ဆိုလျှင် အလယ်အလတ်တန်းစား နိုင်ငံများကိုပင် ငြိမ်းချမ်းရေးစာချုပ် လက်ခံလာအောင် ခြိမ်းခြောက်နိုင်ပေသည်။ သူသည် မြို့တော်၌ နဂါးအိုကြီးကို သတ်ဖြတ်စဉ်ကလည်း ထိုနည်းလမ်းကိုပင် အသုံးပြုခဲ့ဖူး၏။ ‘ပြတိုက်မှူး’၏ နာမည်ကို အသုံးပြုလိုက်ခြင်းဖြင့် ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်မှာပင် သူ့ကို အပြစ်ပြုရန် နောက်ဆုတ်သွားခဲ့ရသည်။

သို့သော် မြက်ခင်းပြင်တိုက်ကြီးမှ အနောက်ဘက်နိုင်ငံမှာမူ အဆင့်မြင့် နိုင်ငံတစ်ခု ဖြစ်သည်။ ဤအချက်ကပင် သူ့ကို အခက်တွေ့စေသည့် ကိစ္စဖြစ်၏။

အဆင့်မြင့် နိုင်ငံများတွင် အဆင့် ၅ သားရဲများစွာကို ပိုင်ဆိုင်ထားတတ်ကြသည်။ အဆင့် ၅ သားရဲများမှာ မည်မျှ အစွမ်းထက်ကြောင်း လင်းကျင်း ကောင်းကောင်း သိထား၏။ မြို့တော်ရှိ နဂါးအိုကြီးမှာ ဥပမာကောင်းတစ်ခုပင်။ ၎င်းမှာ အဆင့် ၅ ဖြစ်သော်လည်း ဒဏ်ရာရရှိနေသဖြင့် ခွန်အားမှာ သိသိသာသာ လျော့ကျနေခဲ့ခြင်း ဖြစ်သည်။ စစ်မှန်သော အဆင့် ၅ သားရဲတစ်ကောင်မှာမူ ထိုနဂါးအိုကြီးထက် ပိုမို အစွမ်းထက်ပေလိမ့်မည်။

လင်းကျင်းသည် ထိုနဂါးအိုကြီး ဒဏ်ရာရနေခြင်းကို အခွင့်ကောင်းယူကာ အဆင့်ကွာခြားသော်လည်း သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသွေး၏ ကျေးဇူးကြောင့်သာ ရှောင်ဟော့အတွက် ဓမ္မခန္ဓာကို ပေါင်းစပ်နိုင်ခဲ့ခြင်းပင်။

သို့သော် ယင်ယန်ဓမ္မခန္ဓာကို ရရှိပြီးနောက်တွင်ပင် ရှောင်ဟော့မှာ အဆင့် ၅ သို့ မရောက်ရှိသေးပါပေ။ ဤအချက်ကပင် အဆင့် ၅ သားရဲတစ်ကောင်၏ အစွမ်းကို ပြသနေ၏။

အကယ်၍ အနောက်ဘက်နိုင်ငံသာ သူ့ကို လာရောက် တိုက်ခိုက်ပါက လင်းကျင်းအနေဖြင့် ကြိုတင် ပြင်ဆင်မှု မရှိလျှင် အခက်တွေ့သွားပေလိမ့်မည်။

ထို့ကြောင့် လင်းကျင်းသည် ရန်သူကို ပိုမိုနားလည်နိုင်ရန် တီလီနှင့် တွေ့ဆုံရန် အချိန်ပေးလိုနေခဲ့ခြင်း ဖြစ်၏။

နေ့လည်စာမှာ အလွန်ပင် အရသာရှိလှသည်။ စားသောက်ပြီးနောက် လင်းကျင်းနှင့် ကျောက်ဝမ်ထန်တို့သည် စားသောက်ဆိုင်ရှေ့တွင် လမ်းခွဲလိုက်ကြသည်။ တစ်ဦးမှာ မြို့စားအိမ်တော်သို့ ပြန်သွားပြီး၊ နောက်တစ်ဦးမှာ သားရဲအကဲဖြတ်မှူးအသင်းချုပ်သို့ ပြန်လာခဲ့သည်။

ဒီနေ့မှာတော့ အတော်လေး ငြိမ်းချမ်းလှ၏။ လင်းကျင်းသည် ထုံးစံအတိုင်း သားရဲများကို အကဲဖြတ်ခြင်း၌ အာရုံစိုက်နေပြီး မည်သည့်သတ္တဝါကိုပင် ကြုံရပါစေ၊ ပေါ့ဆမှုမရှိဘဲ စိတ်ပါဝင်စားစွာဖြင့် အစီရင်ခံစာများ ရေးသားပေးခဲ့သည်။

သူ့ရှေ့ကလူများနှင့် နှိုင်းယှဉ်လျှင်တော့ သူသည် အတော်လေး ပေါ့ပေါ့ပါးပါးရှိသော ဥက္ကဋ္ဌပင်ဖြစ်၏။

အသင်းချုပ်အတွင်း၌ အခြား လုပ်စရာများ ရှိသေးသော်လည်း လင်းကျင်းမှာ ထိုအလုပ်များကို ကောင်းစွာ မလုပ်တတ်ပါပေ။ ထို့ကြောင့် ထိုအလုပ်ရှုပ်သော တာဝန်များကို ကျားချန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကျားချန်း၏ အကဲဖြတ်စွမ်းရည်မှာ အဆင့် ၁ အကဲဖြတ်မှူးနှင့် ညီမျှလာခဲ့ပြီ ဖြစ်၏။ သူမ၏ အခြေခံမှာ အမြဲတမ်း ခိုင်မာနေခဲ့သဖြင့် လင်းကျင်း၏ လမ်းညွှန်မှုအနည်းငယ်နှင့်ပင် သိသိသာသာ တိုးတက်လာခဲ့သည်။

သူ၏ တပည့်များအနက် ကျားချန်းသာလျှင် အသင်းချုပ်အတွင်းရှိ အလုပ်များကို ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိသည်။ အမှန်တကယ်တော့ သူမ၏ စီမံခန့်ခွဲမှုစွမ်းရည်မှာ တန်လင်းနှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း လင်းကျင်း ယူဆ၏။ သူမသည် ဥက္ကဋ္ဌဟောင်း ဝမ်ကျိထက် များစွာ သာလွန်နေခဲ့သည်။

ဤအချက်ကြောင့် လင်းကျင်းသည် အလုပ်မလုပ်ဘဲ အမိန့်သာပေးသည့် အကဲဖြတ်မှူးချုပ်အဖြစ် အေးဆေးစွာ နေနိုင်ခဲ့ခြင်း ဖြစ်၏။

လင်းကျင်း၏ စိတ်ထဲတွင်တော့ သူရယူထားသော ဤရာထူးမှာ ယာယီသာ ဖြစ်ကြောင်း ထင်နေခဲ့သည်။ သူသည် ဤရာထူးတွင် ကြာရှည်စွာ တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း အတွင်းစိတ်တွင် ခံစားနေရ၏။

“ဆရာလင်း”

လင်းကျင်း ဒီနေ့အတွက် အကဲဖြတ်မှတ်တမ်းများကို သိမ်းဆည်းနေစဉ် ကျားချန်း ရောက်ရှိလာသည်။

သူမ၏ နောက်တွင်တော့ ပြုံးရွှင်နေပြီး ပိုမို ဝဝကစ်ကစ် ဖြစ်နေသော တုန်းဟယ် ပါလာ၏။

မကြာသေးမီက တုန်းဟယ်၏ အခြေအနေမှာ မကောင်းလှပါပေ။ ဝမ်ကျိ ရာထူးမှ ကျဆင်းသွားပြီး တန်လင်း တာဝန်ယူလိုက်ချိန်မှစ၍ သူ၏ ငရဲခန်းမှာ စတင်ခဲ့သည်။ ထောက်ပံ့ရေးဌာန မန်နေဂျာရာထူးမှ နုတ်ထွက်ပြီးနောက်တွင် သူသည် ကိုယ်ပိုင် အကြံပေးခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ သို့သော် သူ၏ စွမ်းရည်မှာ ကန့်သတ်ချက် ရှိနေသဖြင့် များစွာ မလုပ်ဆောင်နိုင်ခဲ့ပေ။ အမှန်တကယ်တော့ သူ၏ အကဲဖြတ်မှူးဘဝမှာ အမှားများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ပထမဆုံး အနေဖြင့် ချမ်းသာသော အလုပ်ရှင်တစ်ဦး၏ ကဏန်းသားရဲကို ပြုတ်စားမိသည်။ ထို့နောက် မြက်ခင်းပြင်တိုက်ကြီး၏ သားရဲပြပွဲတွင် အကြီးအကျယ် အရှက်ကွဲခဲ့ရသည်။ သူ၏ အကြံပေးဝန်ဆောင်မှုမှာ ကျရှုံးသွားခြင်းမှာ မဆန်းပါပေ။

တုန်းဟယ် ထောက်ပံ့ရေးဌာနသို့ ပြန်ရောက်သောအခါ မန်နေဂျာရာထူးမှာ မရှိတော့ကြောင်း ထင်ရှားလှ၏။ သူသည် အထွေထွေလုပ်သားအဖြစ်သာ လုပ်ကိုင်ရပြီး ထိုအချိန်ကစ၍ သူ၏ ဘဝမှာ အလွန်ပင် ကြေကွဲစရာ ကောင်းနေခဲ့သည်။

သို့သော် ဤအကြောင်းရင်းကြောင့်ပင် တုန်းဟယ် စရိုက်မှာ ပိုမို ကောင်းမွန် လာခဲ့သည်။ သူ၏ အစ်မနှင့် ယောက်ဖထံမှ တင်းကျပ်သော ပညာပေးမှုများအပြင် တုန်းဟယ်မှာ ကြိုးစားလေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူသည် လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရ၏။

“ဆရာလင်း... ထောက်ပံ့ရေးဌာနက ဒီလအတွက် ခွဲတမ်းတွေကို ယူလာပေးတာပါ... ဆေးလုံးတွေ၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ သားရဲအကဲဖြတ် အဆောင်တွေပါ”

ကျားချန်းက ရိုသေစွာဖြင့် တင်ပြလိုက်သည်။ ထို့နောက် တုန်းဟယ်မှာ သေတ္တာကြီးတစ်ခုကို ကိုင်လျက် အမြန် ပြေးလာခဲ့၏။ သူမ ပြောသော ပစ္စည်းများမှာ ထိုသေတ္တာထဲတွင် ရှိနေကြောင်း ထင်ရှားလှပေသည်။

ဤပစ္စည်းများမှာ အရင်ကဆိုလျှင် လင်းကျင်းအတွက် အလွန် အသုံးဝင်ပေလိမ့်မည်။ သို့သော် ယခုမူ သားရဲအကဲဖြတ်ခြင်းဖြစ်စေ၊ ကုသခြင်းဖြစ်စေ ဤပစ္စည်းများကို သူ အသုံးမပြုတော့ပါပေ။

သို့သော် အခမဲ့ ပေးအပ်ခြင်းဖြစ်ရာ ငြင်းပယ်ရန် အကြောင်းပြချက် ရှိပါသလား။

ထို့ပြင် အသင်းချုပ်တွင် မလိုသော်လည်း အိမ်တွင်တော့ ဆေးဝါးများ လိုအပ်ပေဦးမည်။ ဘာပဲဖြစ်ဖြစ် သူ့အိမ်တွင် လူနာတစ်ယောက် (ဖုတ်ကောင်သားရဲ) ရှိနေသေးသည် မဟုတ်ပါလား။

“အဲဒီနားမှာ ထားလိုက်ပါ”

လင်းကျင်းက ဆိုလိုက်၏။

တုန်းဟယ်မှာ အမြန် ပြေးလာပြီး လင်းကျင်းညွှန်ပြသော စားပွဲပေါ်သို့ သေတ္တာကို သတိထားစွာ ချလိုက်ပြီးနောက် ထောင့်တစ်နေရာသို့ ပြန်ဆုတ်သွားသည်။

လင်းကျင်းသည် သူ့ကို အသေအချာ မှတ်မိနေသည်။ အရင်က တုန်းဟယ်သည် သူ့ကို ပြဿနာ ရှာရန် အမြဲ ကြိုးစားခဲ့ဖူးသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် လင်းကျင်းမှာ လက်စားချေတတ်သူ မဟုတ်ပါပေ။ ထို့ပြင် သူ လုပ်ခဲ့သည့်အရာများမှာလည်း ထိုမျှအထိ ပြင်းထန်လှသည် မဟုတ်ပါပေ။

“ချထားပြီးရင် နင် ပြန်လို့ရပြီ”

ကျားချန်းက တုန်းဟယ်ကို ပြောလိုက်သည်။ သို့သော် သူသည် မပြန်ချင်သကဲ့သို့ ဖြစ်နေပြီး ထိုနေရာတွင်ပင် ဆက်လက် ရပ်နေခဲ့၏။ ထို့နောက် သူ၏ သတ္တိကို စုစည်းလိုက်ပြီး လင်းကျင်း၏ ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်တော့သည်။

“ဥက္ကဋ္ဌလင်း... ကျေးဇူးပြုပြီး မွန်မြတ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးပါဦး... ကျွန်တော် တကယ်ပဲ မခံနိုင်တော့ပါဘူး”

တုန်းဟယ်က ပြောရင်း သူ၏ နဖူးကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။

ဤလုပ်ရပ်ကြောင့် လင်းကျင်းမှာ မှင်တက်သွားရသည်။ ကျားချန်းပင် အံ့အားသင့်သွား၏။

“တုန်းဟယ်... နင်ဘာလုပ်နေတာလဲ”

ကျားချန်းမှာ တုန်းဟယ်၏ အတိတ်ကို သိရှိသဖြင့် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးလာမည် ပြုစဉ် လင်းကျင်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

“နေပါဦး... သူဘာပြောမလဲဆိုတာ အရင် နားထောင်ကြည့်ရအောင်”

အခန်း (၃၂၂) - တုန်းဟယ်၏ တိုင်ကြားချက်

တုန်းဟယ်မှာ ယခုအခါ အတော်လေး သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်။ သူ ယခင်က ပိုင်ဆိုင်ခဲ့သော မောက်မာသည့် အမူအရာမျိုးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

လင်းကျင်းသည် တုန်းဟယ်ကို မနှစ်သက်သော်လည်း၊ သူသည် သားရဲအကဲဖြတ်မှူးအသင်းချုပ်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသေးသည်။ အသင်းချုပ်၏ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် မကောင်းသော ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားနေပါက လင်းကျင်းအနေဖြင့် ဝင်ရောက် စွက်ဖက်ရန် တာဝန်ရှိပေသည်။

လင်းကျင်း၏ စကားကို ကြားလိုက်ရသောအခါ တုန်းဟယ်သည် အားကိုးရာတစ်ခု ရရှိလိုက်သကဲ့သို့ပင် သူ၏ နှာရည်၊ မျက်ရည်တို့နှင့်အတူ မိမိ၏ သနားစရာကောင်းသော အဖြစ်အပျက်ကို စတင် ရှင်းပြလေတော့သည်။

သူ၏ နောက်ဆုံး ဖြစ်ပျက်ခဲ့သော အရှက်တကွဲ အဖြစ်အပျက်ပြီးနောက်တွင် သူ၏ နောက်လိုက်များမှာ သူ့ကို စွန့်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ တုန်းဟယ်၏ အရည်အချင်း မရှိမှုကြောင့် သူ၏ အကြံပေးခန်းကိုလည်း တစ်ဦးတည်းနှင့် မစီမံနိုင်တော့ပေ။

သူ၏ အစ်မနှင့် ယောက်ဖဖြစ်သူတို့မှာလည်း သူ့ကို စွန့်ပစ်လိုက်ကြသဖြင့် တုန်းဟယ်သည် ထောက်ပံ့ရေးဌာနသို့ ပြန်သွားပြီး အထွေထွေလုပ်သားအဖြစ်သာ လုပ်ကိုင်နေရတော့သည်။ ယခင်က မန်နေဂျာတစ်ဦး ဖြစ်ခဲ့သူမှာ ယခုအခါ အောက်ခြေအလုပ်များကို လုပ်နေရသည်မှာ မည်မျှ ခံရခက်ပြီး ရှက်စရာကောင်းကြောင်းကို မှန်းဆကြည့်ရုံနှင့် သိနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် တုန်းဟယ်သည် ၎င်းကို သည်းခံနိုင်ခဲ့သည်။

ပြဿနာမှာ သူ ရာထူးလျှော့ချခံရခြင်း မဟုတ်ပါပေ။ ၎င်းကို သူ သည်းခံနိုင်သည်။ သူ သည်းမခံနိုင်သည်မှာ ရည်ရွယ်ချက်ရှိရှိဖြင့် အနိုင်ကျင့်ခံနေရခြင်း ဖြစ်သည်။

အစပိုင်းတွင် မည်သူမျှ သူ့ကို အနိုင်ကျင့်ရန် မဝံ့ရဲခဲ့ကြပေ။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်သော အသင်းချုပ်၏ အကြီးအကဲတစ်ဦးလည်းဖြစ်သည့် သူ၏ ယောက်ဖသည် မြို့တော်သို့ ပြောင်းရွှေ့သွားခဲ့သည်။ သူ၏ အစ်မမှာလည်း ခင်ပွန်းဖြစ်သူနှင့်အတူ လိုက်ပါသွားခဲ့ပြီ ဖြစ်၏။

သူ့ကို ကာကွယ်ပေးမည့်သူ မရှိတော့သည့်အခါ တုန်းဟယ်၏ လုပ်ငန်းခွင်ဘဝမှာ အလျှင်အမြန်ပင် ဆိုးရွားလာခဲ့သည်။

လင်းကျင်း ပြန်လာပြီး ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်ပိုင်းတွင် ၎င်းမှာ ပိုမို ပြင်းထန်လာခဲ့၏။ အသင်းချုပ်ရှိ လူတိုင်းလိုလိုပင် တုန်းဟယ်နှင့် လင်းကျင်းတို့၏ အတိတ်က ပဋိပက္ခကို သိရှိကြသဖြင့်၊ တုန်းဟယ်ကို ခွဲခြားဆက်ဆံခြင်းဖြင့် ဥက္ကဋ္ဌသစ်ကို စိတ်ကျေနပ်စေမည်ဟု ထင်မှတ်နေကြသည်။

တုန်းဟယ်၏ ဇာတ်လမ်းကို ကြားပြီးနောက်တွင် လင်းကျင်းသည် အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

အသင်းချုပ်ရှိ လူများစွာမှာ တုန်းဟယ်က ယခင်က သူတစ်ပါးကို အနိုင်ကျင့်ခဲ့သည့်အတိုင်း ပြန်လည်၍ အနိုင်ကျင့်နေကြပြီ ဖြစ်သည်။ သို့သော် တုန်းဟယ်မှာ မိမိ၏ အတိတ်က အမှားများကို ဝန်ခံထားပြီးသား ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူသည် ယခင်က အနိုင်ကျင့်ခဲ့သူဖြစ်သဖြင့် ကံတရား၏ အကျိုးပေးဟု ယူဆကာ ပြန်လည် မတုံ့ပြန်နိုင်ခဲ့ပေ။

သို့သော် အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာနေခဲ့ပြီ ဖြစ်၏။

“ဥက္ကဋ္ဌလင်း... ကျွန်တော် အတိတ်က မကောင်းတာတွေ လုပ်ခဲ့တာ အမှန်ပါပဲ... ကျွန်တော် တောင်းပန်ပါတယ်... သူတို့ ကျွန်တော့်ကို ခက်ခဲအောင် လုပ်တာကို ကျွန်တော် မမှုပါဘူး... ဒါပေမဲ့ လက်ရှိ မန်နေဂျာ ကျန်းဆိုတဲ့လူက ကျွန်တော့်ထက်တောင် ပိုဆိုးပါတယ်... ကျွန်တော်တောင် မလုပ်ရဲတာတွေကို သူက အကုန်လုပ်နေတာ.. သူက ကျွန်တော့်ကို အရမ်း အနိုင်ကျင့်နေတယ်... လူတစ်ယောက်လို့တောင် မသတ်မှတ်ဘူး... ပြီးခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် ကျွန်တော့်ကို ဂိုဒေါင်မှာ ညတိုင်းအလုပ်ခိုင်းနေတာ... နားခွင့်တောင် မပေးဘူး... ကျွန်တော်တောင် အဲဒီအလုပ်တွေကြောင့် ကိုယ်အလေးချိန်တွေ အများကြီး လျော့သွားတယ်”

တုန်းဟယ်က ညည်းတွားလိုက်သည်။

လင်းကျင်းသည် တုန်းဟယ်ကို တစ်ချက် ကြည့်လိုက်၏။ အမှန်ပင် သူသည် အတော်လေး ပိန်သွားခဲ့ပြီဖြစ်ရာ ဖိအားများစွာကို ခံစားနေရခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ကို ပိုမို တာဝန်ပေးသည်ဆိုလျှင်တော့ လင်းကျင်းအနေဖြင့် ဂရုစိုက်နေစရာ မလိုပါပေ။

သို့သော် တုန်းဟယ်၏ ပြောပြချက်အရ လက်ရှိ မန်နေဂျာမှာ စည်းမျဉ်းများကို ချိုးဖောက်နေပုံ ရ၏။

လင်းကျင်းက အသေးစိတ် ပြောပြရန် ခိုင်းလိုက်သောအခါ တုန်းဟယ်က အားလုံးကို ထုတ်ဖော် ပြောပြလိုက်သည်။

မန်နေဂျာ ကျန်းသည် သူ၏ ရာထူးကို အသုံးပြုကာ အသင်းချုပ်၏ အရင်းအမြစ်များကို ခိုးယူနေကြောင်းနှင့် တစ်ချိန်တည်းမှာပင် အသင်းချုပ်အတွင်းသို့ လူစိမ်းများကို ခိုးသွင်းကာ လုပ်ကိုင်စေကြောင်း တုန်းဟယ်က ပြောပြသည်။ တုန်းဟယ်၏ အဆိုအရ ဤလူများမှာ သူ့ကို အဆိုးဆုံး အနိုင်ကျင့်သူများပင် ဖြစ်၏။

“ဘာလို့ တခြားလူတွေက ဒါကို မသိကြတာလဲ”

လင်းကျင်းက မေးလိုက်သည်။

ဥက္ကဋ္ဌတစ်ဦးအနေဖြင့် တုန်းဟယ်ပြောသည်မှာ အမှန်ဆိုပါက လင်းကျင်းအနေဖြင့် ဤကိစ္စကို ဖြေရှင်းရန် လိုအပ်ပေသည်။ သူ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက အပြစ်မှာ သူ့ဆီသို့သာ ရောက်ရှိလာပေလိမ့်မည်။

ထို့ကြောင့် လင်းကျင်းက ၎င်းကို အရေးကြီးသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်လိုက်၏။

သို့သော် မန်နေဂျာ ကျန်း၏ လုပ်ရပ်များမှာ ဤမျှ ရဲတင်းနေပါလျက်နှင့် မည်သူမျှ မသိကြဘဲ ဖြစ်နေပါသနည်း။ အဘယ်ကြောင့် တုန်းဟယ်ကသာ ပထမဆုံး လာရောက် တိုင်ကြားရသနည်း။

အနည်းငယ် ဉာဏ်ကောင်းသော တုန်းဟယ်မှာ လင်းကျင်း၏ သံသယကို ရိပ်မိသဖြင့် လက်ကို မြှောက်ကာ ပြောလိုက်သည်။

“ဥက္ကဋ္ဌလင်း... ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး လိမ်ညာမှာ မဟုတ်ပါဘူး... တခြားလူတွေက မသိတာက မန်နေဂျာ ကျန်းက အရမ်း လိမ္မာပါးနပ်ပြီး အရာအားလုံးကို ဖုံးကွယ်ထားလို့ပါ... ဒါပေမဲ့ သူ ဘယ်လောက်ပဲ စာရင်းဇယားတွေကို ကောင်းကောင်း ကိုင်တွယ်ပါစေ၊ ကျွန်တော့်ကိုတော့ မလှည့်စားနိုင်ပါဘူး... စဉ်းစားကြည့်ပါဦး.. ကျွန်တော်က ဘယ်သူလဲ... ကျွန်တော် ထောက်ပံ့ရေးဌာနမှာ မန်နေဂျာအဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့တာဆိုတော့ ဘာက ဘယ်မှာ ရှိရမယ်ဆိုတာ ဘယ်သူ့ထက်မဆို ပိုသိတာပေါ့... သူ ကျွန်တော့်ကို မလှည့်စားနိုင်ဘူး... ဒါကြောင့်ပဲ သူ ကျွန်တော့်ကို ပစ်မှတ်ထားနေတာ... သူ ကျွန်တော့်ကို အလုပ်ကနေ ထွက်သွားအောင် တွန်းအားပေးနေတာ... ကျွန်တော်သာ ထွက်သွားရင် သူလုပ်တာတွေကို ဘယ်သူမှ သတိမထားမိတော့မှာလေ”

ဒုန်းဟဲ့မှာ အလွန် ယုံကြည်မှုရှိစွာဖြင့် ပြောဆိုနေခဲ့၏။

လင်းကျင်းသည် ကျားချန်းကို ကြည့်လိုက်ရာ သူမမှာ မျက်မှောင်ကြုတ်နေခဲ့သည်။ လင်းကျင်း၏ အကြည့်ကို မြင်သောအခါ ကျားချန်းမှာ သူဆိုလိုရင်းကို နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

လင်းကျင်း သူမ ဘာကို ဆိုလိုသည်ကို သိလိုက်သည်။

တုန်းဟယ်ပြောသည်မှာ အမှန်ဟု ယူဆ၍ ခေါင်းညိတ်ခြင်း မဟုတ်ဘဲ၊ ဖြစ်နိုင်ခြေ ရှိကြောင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူသည် သားရဲအကဲဖြတ်ခြင်း၌ မည်မျှပင် အရည်အချင်း မရှိပါစေ၊ ထောက်ပံ့ရေးဌာနတွင် တုန်းဟယ်၏ အတွေ့အကြုံကိုမူ လျစ်လျူရှု၍ မရပါပေ။ သူသည် အသင်းချုပ်အတွင်း ဖြစ်ပျက်နေသော မသမာမှုများကို သတိပြုမိနိုင်သူ ဖြစ်သင့်၏။

ထို့ကြောင့်ပင် သူတို့သည် ဤကိစ္စကို စုံစမ်းစစ်ဆေးရန် လိုအပ်နေခြင်း ဖြစ်သည်။

“ကောင်းပြီ... ငါ သိပြီ... တခြား ပြောစရာ ရှိသေးလား”

လင်းကျင်းက မေးလိုက်သည်။ တုန်းဟယ်က ခေါင်းခါလိုက်၏။

“ဥက္ကဋ္ဌလင်း... ဆရာ ကျွန်တော့်ကို မနှစ်သက်မှန်း ကျွန်တော် သိပါတယ်... ဒါပေမဲ့ ကျွန်တော် ပြောင်းလဲနေပါပြီ... အမှန်ပါပဲ ကျွန်တော် ပြောတာတွေက အမှန်တွေချည်းပါပဲ.. ဆရာ့ကို မလိမ်ရဲပါဘူး”

“ကောင်းပြီ... မင်း ပြန်လို့ရပြီ”

လင်းကျင်းက လက်ဝှေ့ယမ်းလိုက်သည်။ တုန်းဟယ်မှာ စကားမဆိုရဲတော့ဘဲ အမြန် ပြန်သွားလေတော့သည်။

တုန်းဟယ်ထွက်သွားပြီးနောက် လင်းကျင်းသည် ကျားချန်းထံသို့ လှည့်လိုက်၏။

“မင်း ဒီနှစ်ရက်အတွင်း အထွေထွေ ကိစ္စတွေကို တာဝန်ယူထားတာဆိုတော့ ဒီကိစ္စကို ဘယ်လို မြင်လဲ”

လင်းကျင်းက မေးလိုက်သည်။ ကျားချန်းသည် သူမ သိသမျှကို ချက်ချင်း ရှင်းပြလိုက်၏။

“ထောက်ပံ့ရေးဌာနရဲ့ လက်ရှိ မန်နေဂျာက ‘ကျန်းယိုဒူ’ ဆိုတဲ့လူပါ... သူက အလုပ်သင်အဖြစ်နဲ့ နှစ်ပေါင်း ဆယ်နှစ်ကျော် လုပ်ခဲ့တဲ့ လူအိုကြီးတစ်ယောက်... အကြံပေး အကဲဖြတ်မှူးအဖြစ် လုပ်ဖူးပေမဲ့ အသေးအဖွဲ ကိစ္စတစ်ခုကြောင့် အရည်အချင်း ဆုံးရှုံးသွားတာပါ... အဲဒီနောက်ကတည်းက ထောက်ပံ့ရေးဌာနမှာ အထွေထွေအလုပ်တွေ လုပ်နေခဲ့တာ... တုန်းဟယ်ကိစ္စ ဖြစ်ပြီးနောက်မှာ သူကိုယ်တိုင် အဆိုပြုပြီး မန်နေဂျာဖြစ်လာတာပါ... ဆရာလင်း... ဥက္ကဋ္ဌတန်လင်းက လူခန့်တဲ့အခါမှာ ပုံစံတစ်ခုတည်းနဲ့ မဟုတ်တာကို ဆရာ သိမှာပါ”

ဤစကားကြောင့် ကျားချန်း၏ အမြင်ကို လင်းကျင်း နားလည်သွားခဲ့သည်။

သူမသည် ကျန်းယိုဒူကိုလည်း မနှစ်သက်ကြောင်း ထင်ရှားလှ၏။

ထိုလူ၏ ဂုဏ်သတင်းမှာ အကောင်းဆုံးတော့ မဟုတ်ပါပေ။

သို့သော် တန်လင်းမှာ ထိုအချိန်က မြို့တော်မှ လာသူဖြစ်ရာ အသင်းချုပ်ရှိ အခြေအနေကို သေချာ မသိရှိခဲ့ပါပေ။ ထို့ပြင် ကျန်းယိုဒူမှာလည်း မိမိကိုယ်ကိုယ် အရောင်းအဝယ် လုပ်ရာတွင် တော်သဖြင့် တန်လင်းက ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။

“နောက်တစ်ခု ကြားမိတာကတော့ ကျန်းယိုဒူက သူဟာ ဥက္ကဋ္ဌတန်လင်းရဲ့ လူယုံဆိုပြီး အမြဲ ပြောလေ့ရှိတယ်... သူသွားတဲ့ နေရာတိုင်းမှာ ဒါကိုပဲ ပြောနေတာတဲ့... သူပြောသမျှက တန်လင်းအကြောင်းတွေချည်းပဲ”

ဒီစကားကို ကြားလိုက်ရသောအခါ လင်းကျင်းမှာ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

တန်လင်းသည် ဤအကြောင်းကို မသိရှိပုံရသည်။ အကယ်၍သာ သိလျှင် သူမ၏ စရိုက်အရ ၎င်းကို လျစ်လျူရှုမည် မဟုတ်ပါပေ။ ပို၍ ဖြစ်နိုင်သည်မှာ ကျန်းယိုဒူကို ပြင်းထန်သော သင်ခန်းစာ ပေးလိမ့်မည်မှာ အသေအချာပင်။

တစ်နည်းအားဖြင့် ကျန်းယိုဒူမှာလည်း ပါရမီရှိသူပင် ဖြစ်သည်။ တန်လင်း၏ နာမည်ကို အသုံးပြုကာ ဤမျှအထိ အောင်မြင်အောင် လုပ်နိုင်ခြင်းမှာ အံ့အားသင့်စရာပင်။

“ဒီကိစ္စကို စုံစမ်းကြည့်လိုက်ပါ... အသင်းချုပ်ရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီး ငါ သိပ်ပြီး မကျွမ်းကျင်ဘူး”

လင်းကျင်းက ကျားချန်းကို ပြောလိုက်သည်။ ကျားချန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး တုန်ရီသွား၏။

ဘာပဲဖြစ်ဖြစ် သူမသည် လင်းကျင်း အလုပ်များနေသဖြင့်သာ သူမကို ကူညီခိုင်းသည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သူမ ကိုင်တွယ်ရသော အရာအများစုမှာ လင်းကျင်းကို တင်ပြရုံသာ ဖြစ်သည့် နေ့စဉ် လုပ်ငန်းဆောင်တာများသာ ဖြစ်၏။

သို့သော် ယခုသူမ ကြုံတွေ့နေရသော တာဝန်မှာ အကဲဖြတ်မှူးချုပ်သာ လုပ်ကိုင်ရလေ့ရှိသော အရာပင် ဖြစ်သည်။

လင်းကျင်းသည် ထိုမျှအထိ အာဏာကို သူမအား လွှဲအပ်ပေးမည်ဟု မထင်မှတ်ခဲ့ပါပေ။

မကြာမီ ကျားချန်းလည်း သတိပြန်ဝင်လာသည်။

သူမသည် အလွန်အကျွံ တွေးတောမိနေမှန်း သိလိုက်ရလေတော့သည်။

All Chapters