အခန်း (၃၂၅-၃၂၆)
Vol. 17 Ch. 325-326
အခန်း (၃၂၅) - မှော်ပညာဆိုးနှင့် ပိုးကောင်နက်
“ညီမလေးလည်း ဒီမှာ ရှိနေတာပဲ”
လုယွန်ဟယ်က ဝင်လာရင်း ရယ်မောလိုက်သည်။ သို့သော် သူသည် ဖုတ်ကောင်သားရဲကို မကြာခင်မှာပင် သတိထားမိလိုက်ပြီး ထိတ်လန့်ရွံရှာမှုကြောင့် တုန်ယင်သွားတော့သည်။ ခဏလေးကမှ တက်ကြွနေသေးသော လုပါမှာလည်း လုယွင်ဟဲ့၏ နောက်ကွယ်တွင် ကြောက်လန့်တကြား ပုန်းကွယ်နေလေ၏။
“ရှူး”
လုရှောင်ယုသည် သူမ၏ အစ်ကိုကို အမြန်ပင် တိတ်ဆိတ်ရန် လက်ဟန်ပြလိုက်သည်။ ဆရာဖြစ်သူ၏ အလုပ်ကို အနှောင့်အယှက် မပေးရန် သတိပေးခြင်းပင် ဖြစ်သည်။
လုယွန်ဟယ်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အလွန် ထူးဆန်းသော မြင်ကွင်းဖြစ်ပြီး အဓိကအကြောင်းအရင်းမှာ အခေါင်းထဲရှိ ထိုအရာကြောင့်ပင် ဖြစ်သည်။ လုယွန်ဟယ်သည် မိမိကိုယ်ကိုယ် ဗဟုသုတရှိသူဟု ဂုဏ်ယူတတ်သူဖြစ်သော်လည်း ဤကဲ့သို့သော သတ္တဝါမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
၎င်းမှာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
ကြည့်လိုက်စမ်း...။ လုပါပင်လျှင် ကြောက်လန့်ပြီး သတိလစ်လုနီးပါး ဖြစ်နေသည်။
လုယွန်ဟယ်သည် ခြေထောက်နားတွင် ကပ်နေသော လုပါကို ကြည့်ကာ ခေါင်းခါလိုက်သည်။
မကြာသေးမီက အမွေးကျွတ်သည့် ပြဿနာအပြင် လုပါမှာ ပို၍ပင် သူရဲဘောကြောင်လာသဖြင့် လုယွန်ဟယ်မှာ စိတ်ပျက်နေခဲ့ရသည်။
လုရှောင်ယုသည် လုပါ၏ အမွေးကျွတ်နေသည့် အခြေအနေကို ယခုမှ သတိထားမိလိုက်သည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"လုပါ ဘာဖြစ်တာလဲ"
လုယွန်ဟယ်မှာ အရှက်ရသဖြင့် လုပါ၏ အမွေးကျွတ်သည့် ပြဿနာကို လုရှောင်ယုအား မပြောပြခဲ့ပေ။ သူသည် ကုသမှုခံယူသည့်အခါတွင်ပင် ဤကိစ္စကို လျှို့ဝှက်ပေးမည့် ရင်းနှီးသူများနှင့်သာ တိုင်ပင်လေ့ရှိသည်။
သို့သော် ပြဿနာမှာ မကြာသေးမီက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသဖြင့် လုယွန်ဟယ်မှာ စိုးရိမ်နေခဲ့ရခြင်း ဖြစ်သည်။
“မမေးနဲ့တော့... အဲဒါကြောင့်ပဲ ငါ ဆရာလင်းကို လာတွေ့တာ”
လုယွန်ဟယ်က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ လုရှောင်ယုက မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဘာလို့ အစ်ကိုက ကျွန်မကို မလာပြောတာလဲ... ကျွန်မကလည်း အလုပ်သင် အကဲဖြတ်မှူးတစ်ယောက်ပဲလေ... ဒီလောက် ရိုးရှင်းတဲ့ အမွေးကျွတ်တာမျိုးကို ကျွန်မ အလွယ်လေး ကုပေးနိုင်တာကို”
လုယွန်ဟယ်မှာ သူ၏ ညီမလေးထံ သွားရန် တကယ့်ကို ရှက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။
သူ ထိုအရာကို ရှက်စရာဟု ယူဆခဲ့သည်။
သို့သော် ယခုအခါ ညီမဖြစ်သူကို အမှန်တရား မပြောပြခြင်းကြောင့် သူမကို စိတ်ဆိုးအောင် လုပ်မိသဖြင့် လုယွန်ဟယ်က တိုးတိုးလေး ချော့မော့လိုက်သည်။
“ကောင်းပါပြီ... ရှောင်ယု... အစ်ကို့ကို ကြည့်ပေးပါဦး၊ ဘာဖြစ်တာလဲဆိုတာ သိရအောင်လေ”
“မလုပ်ဘူး... အစ်ကို့ညီမကိုတောင် အစ်ကို မယုံကြည်ဘူး... အဲဒီတော့ အစ်ကို့ရဲ့ ပြောင်နေတဲ့ ကြောင်အကြောင်းကို ကျွန်မ စိတ်မဝင်စားဘူး”
လုရှောင်ယုက စတင်၍ ကလေးဆန်စွာ ဒေါသထွက်လေသည်။ လုယွန်ဟယ် တစ်ခုခု ပြောတော့မည့်ဆဲဆဲတွင် လင်းကျင်းက ဆိုလိုက်သည်။
"အစ်ကို ယွန်ဟယ် လုပါကို ဒီဘက် ခေါ်လာခဲ့ပါ... ကျုပ် တစ်ချက် ကြည့်ပေးမယ်”
စကားပြောနေစဉ်အတွင်းမှာပင် လင်းကျင်းသည် ဖုတ်ကောင်ကို ကုသပေးပြီးသွားပြီ ဖြစ်သည်။
ရလဒ်မှာ ကောင်းမွန်ပြီး ကုသမှုမှာလည်း အောင်မြင်ခဲ့သည်။ ဖုတ်ကောင်သည် ယန်စွမ်းအင်များ ပြည့်နှက်နေသော သစ်သားအခေါင်းနှင့် လုံးဝ ကင်းကွာသွားခဲ့ပြီ ဖြစ်သည်။ သူသည် ယန်စွမ်းအင်များဖြင့် အာဟာရဖြည့်ရန် မလိုအပ်တော့ဘဲ သူ၏ ယခင်ဒဏ်ရာများမှာလည်း ပျောက်ကင်းသွားခဲ့သည်။
သို့သော် ပိုးမျှင်များ လည်ပတ်သကဲ့သို့ပင် နာတာရှည် ရောဂါများ ပျောက်ကင်းရန်မှာ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပေမည်။ ဖုတ်ကောင်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ ပြန်လည်သက်သာရန် လိုအပ်ဦးမည်ဖြစ်သော်လည်း ယခုအခါ အဆင်ပြေသွားပြီ ဖြစ်သည်။
လင်းကျင်းမှာ သူ့ကို နေ့စဉ် အပ်စိုက်ကုသပေးစရာ မလိုတော့ပေ။ သူ့ကို အလိုလို ပြန်လည်သက်သာလာစေရန်သာ ထားရမည် ဖြစ်သည်။
‘ဧည့်ခန်းမနောက်တစ်ကြိမ် ဖွင့်တဲ့အခါ အခေါင်းလူသားကို လာပြီး ဖုတ်ကောင်ကို ပြန်ခေါ်သွားနိုင်ကြောင်း ပြောဖို့ ဝိညာဉ်ကလေးငယ်ကို ခိုင်းလိုက်ရမယ်’
လင်းကျင်း တွေးလိုက်သည်။
လုရှောင်ယုနှင့် လုယွန်ဟယ်တို့နှင့် ပတ်သက်၍မူ လင်းကျင်းမှာ သူတို့ကို ကြာမြင့်စွာကတည်းက သတိထားမိပြီး ဖြစ်သည်။ သူသည် အမွေးကျွတ်နေသော လုပါကိုလည်း သိသာစွာ မြင်နေရ၏။
လင်းကျင်း၏ ညွှန်ကြားချက်အရ လုယွန်ဟယ်သည် လုပါကို အမြန်ပင် ခေါ်လာခဲ့သည်။ လုပါမှာ လင်းကျင်းကို မှတ်မိနေသဖြင့် ရိုသေစွာဖြင့် တိုးကပ်သွားသည်။
ပြီးခဲ့သည့်တစ်ခါ လုပါကို အဆင့်မြှင့်တင်ရာတွင် ကူညီပေးခဲ့သူမှာ လင်းကျင်းပင် ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းကျင်းက မေးလိုက်သည်။
"အစ်ကို ယွန်ဟယ်... လုပါကို ဘာဆေးလုံးမှ မကျွေးခဲ့ဘူးလား”
“ဆေးလုံးလား”
လုယွန်ဟယ်မှာ မှင်တက်သွားပြီး သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်လိုက်သည်။
“မကျွေးခဲ့ပါဘူး”
လုယွန်ဟယ်မှာ ပြတ်သားစွာဖြင့် ပြန်ဖြေလိုက်သည်။
လင်းကျင်းက ခေါင်းညိတ်ပြီး ဆက်မေးသည်။
“ဒါဆိုရင်... မကြာသေးခင်က ရန်သူတွေ ဘာတွေ ရှိခဲ့သေးလား”
ခဏမျှ စဉ်းစားပြီးနောက် လုယွင်ဟဲ့က ပြောပြလိုက်သည်။
“ပြီးခဲ့တဲ့ တစ်ခေါက်က လမ်းမှာ လူတစ်ယောက် လုပါကို တွေ့လို့ ရပ်ခိုင်းပြီး လုပါကို ကြည့်ခွင့်ပေးဖို့ တောင်းဆိုတယ်... ငါက တွေ့ကရာလူကို မယုံသလိုပဲ အဲဒီနေရာမှာတင် ငြင်းပယ်လိုက်တယ်... အဲဒါကြောင့်များလား”
“အဲဒါပဲ ဖြစ်ရမယ်”
လင်းကျင်းက ခေါင်းညိတ်သည်။ အမှန်တရားကို မဖုံးကွယ်ဘဲ လင်းကျင်းက လုပါ၏ လည်ပင်းအောက်ရှိ နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ သူ၏ လက်ထဲမှ ငွေအပ်တစ်ချောင်း ပျံထွက်သွားပြီး တစ်စုံတစ်ခုကို ဖောက်ဝင်သွားသည်။ တစ်စုံတစ်ခု ကျိုးပဲ့သွားသည့် အသံနှင့်အတူ လက်သည်းခွံအရွယ်ရှိ ပိုးကောင်နက်တစ်ကောင် ပြုတ်ကျလာ၏။
ငွေအပ်မှာ ထိုပိုးကောင်နက်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသော်လည်း ထိုအင်းဆက်မှာ မသေဆုံးသေးပါပေ။ သူသည် ထွက်ပြေးရန် ကြိုးစားရင်း ရုန်းကန်နေဆဲပင်။
“မှော်ပညာဆိုး”
လင်းကျင်းက မှတ်ချက်ပေးသည်။ သူ၏ လက်ညှိုးကို ထိုးလိုက်ရာ နေရာအလွတ်မှ မီးပွားတစ်ခု ပေါ်လာပြီး ထိုပိုးကောင်ကို အသက်ရှင်လျက် လောင်ကျွမ်းစေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော မီးတောက်များက ပိုးကောင်နက်ကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။
အထင်မှားခြင်း ဖြစ်နိုင်သော်လည်း လုယွန်ဟယ်နှင့် လုရှောင်ယု အပါအဝင် ထိုနေရာတွင် ရှိနေသူအားလုံးမှာ ပိုးကောင်နက်ကို မီးရှို့လိုက်ချိန်တွင် လူတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ပိုးကောင်နက်မှာ ပြာဖြစ်သွားပြီးနောက် လင်းကျင်းသည် သူ၏ နဂါးမီးကို ပြန်ရုပ်သိမ်းလိုက်သည်။
အားလုံးမှာ အလွန် မြန်ဆန်စွာ ဖြစ်ပျက်သွားသဖြင့် လုမောင်နှမ နှစ်ဦးမှာ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် လုယွန်ဟယ်ပင်။ လုပါ၏ ခန္ဓာကိုယ်မှ ပိုးကောင်နက် ကျသွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
“ဆရာလင်း... အဲဒါ ဘာကြီးလဲ”
လုယွန်ဟယ်က စကားပြောဖို့ ထစ်အသွားသည်။ ထိုပိုးကောင်နက်မှာ ဆိုးယုတ်သော အရာတစ်ခု ဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။
“အဲဒါ မှော်ပညာပဲ”
လင်းကျင်းက ရှင်းပြသည်။ သားရဲအကဲဖြတ်ခြင်း လုပ်ငန်း၌ ကောင်းသော အရာရှိသကဲ့သို့ ဆိုးရွားသော အရာများလည်း ရှိနေသည်။ ဤသည်မှာ သူတို့အသိုင်းအဝိုင်းအတွင်း လျှို့ဝှက်ချက် မဟုတ်ပါပေ။
လုယွန်ဟယ်က ဆေးသည်နှင့် ပဋိပက္ခ ဖြစ်ခဲ့သည့်အကြောင်း ပြောလိုက်သည်နှင့် ထိုဆေးသည်မှာ လုပါအပေါ် လျှို့ဝှက်စွာဖြင့် မှော်ပညာဆိုးတစ်ခုကို အသုံးပြုခဲ့ကြောင်း လင်းကျင်း နားလည်သွားခဲ့သည်။
ပြောရလျှင် ထိုဆေးသည်မှာလည်း သားရဲအကဲဖြတ်မှူး တစ်ဦးပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မှော်ပညာများမှာ သားရဲများအပေါ်သာ အလုပ်ဖြစ်သောကြောင့် ဖြစ်၏။
ထိုပိုးကောင်နက်မှာ သူ အသုံးပြုခဲ့သည့် မှော်ပညာတစ်ခုဖြစ်ပြီး သူ လျှို့ဝှက်စွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ လုယွန်ဟယ်နှင့် လုပါတို့မှာ အနည်းငယ်သော ပြောင်းလဲမှုများကို မသိရှိခဲ့ခြင်းကပင် သူ၏ မှော်ပညာကို ပိုမို ထိရောက်စေခဲ့သည်။
သာမန် အမွေးကျွတ်ခြင်းဟု ထင်ရသော်လည်း ထိုမှော်ပညာမှာ ဆက်လက် အလုပ်လုပ်နေမည်ဆိုပါက လုပါမှာ ဤမျှနှင့် ရပ်တန့်သွားမည် မဟုတ်ပါပေ။
အဆိုးဆုံးမှာ သာမန် သားရဲအကဲဖြတ်မှူးများမှာ ဘာဖြစ်ခဲ့မှန်း မသိနိုင်ခြင်း ဖြစ်သည်။ လင်းကျင်းမှာသာ သူ၏ အဆင့်တူ အကဲဖြတ်မှူးများထက် သာလွန်သော အရည်အချင်းရှိသဖြင့် ဤအကြောင်းကို သိရှိသွားခြင်း ဖြစ်သည်။
အခြေအနေကို ရှင်းလင်းပြီးနောက် လုယွန်ဟယ်မှာ အလွန် ဒေါသထွက်သွားသည်။
“ဒီကောင်... ဒီလောက် ဆိုးရွားတဲ့ မှော်ပညာကို သုံးရလောက်အောင် ငါ ဘာပြောလိုက်မိလို့လဲ”
လုယွန်ဟယ်က အံကို ကြိတ်လိုက်သည်။
လုပါမှာ သူ၏ အသက်သွေးကြောပင် ဖြစ်သည်။ လုပါသာ တစ်ခုခု ဖြစ်သွားပါက လုယွန်ဟယ်မှာ အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။
“ကိစ္စတွေက ဒီလောက် မရိုးရှင်းဘူး”
လင်းကျင်းက ပြုံးလိုက်သည်။
“သူ့ကို ငြင်းလိုက်မိတာလောက်နဲ့တင် သူ့ရဲ့ အဖိုးတန် သွေးသစ္စာပိုးကောင်ကို အသုံးချတယ်ဆိုတာ သူ တကယ့်ကို မိုက်မဲတဲ့လူပဲ”
သွေးသစ္စာပိုးကောင်မှာ ဆိုးရွားသော အကဲဖြတ်မှူးများသာ ဖန်တီးတတ်ကြသည့် အရာဖြစ်ပြီး ထိုကျင့်စဉ်ကို ကျင့်ကြံရန်မှာ အလွန် ခက်ခဲသည်။
၎င်းမှာ အလွန် ခက်ခဲသဖြင့် လူဆယ်ဦးတွင် နှစ်ဦးခန့်သာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီးနောက် အောင်မြင်နိုင်ကြသည်။
“အများစုမှာ သွေးသစ္စာပိုးကောင်ကို သူများတွေရဲ့ သွေးသစ္စာနဲ့ ချည်နှောင်ထားတဲ့ သားရဲတွေကို ခိုးယူဖို့ အသုံးပြုကြတယ်... အဲဒီလူက လုပါကို စိတ်ဝင်စားပြီး သူ့အတွက် ခိုးယူဖို့ ကြံစည်နေတာ ဖြစ်ရမယ်... လုပါရဲ့ အမွေးတွေ အကုန်ကျွတ်သွားတဲ့အခါ သွေးသစ္စာပိုးကောင်က သူ့ဦးနှောက်ထဲကို တိုးဝင်သွားပြီး ဘယ်သူမှ မထိန်းချုပ်နိုင်တော့ဘူး... အဲဒီအခါမှာ အစ်ကို့ရဲ့ သွေးသစ္စာလည်း ပျက်စီးသွားမှာပေါ့”
လင်းကျင်း၏ ရှင်းပြချက်ကြောင့် လုယွန်ဟယ်မှာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူ တွေးလေလေ ကြောက်ရွံ့လေလေ ဖြစ်လာ၏။ အကယ်၍သာ လင်းကျင်းနှင့် မတွေ့ခဲ့လျှင် သူ မပျက်စီးသွားပေဘူးလား။ လုပါမှာ အဆင့် ၃ သားရဲဖြစ်ပြီး လင်းကျင်း၏ ပြောကြားချက်အရ ထိုသားရဲမှာ အလားအလာ အလွန် ကောင်းမွန်သည်။ အကယ်၍သာ လုပါကို ခိုးယူခံလိုက်ရပါက ငိုယိုနေရုံနှင့် ပြန်ရလာမည် မဟုတ်ပါပေ။
“ဒါပေမဲ့ အစ်ကို စိုးရိမ်စရာ မလိုတော့ပါဘူး... ကျုပ် သူ့ရဲ့ သွေးသစ္စာပိုးကောင်ကို ဖျက်ဆီးပြီး အဲဒီ ဆိုးယုတ်တဲ့ သတ္တဝါကို မီးရှို့လိုက်ပြီ... လုပါ အဆင်ပြေသွားပါပြီ... သူ စားမယ်၊ သောက်မယ်၊ နေရောင်ခြည် ခံမယ်ဆိုရင် နောက်ထပ် တစ်လလောက်ဆိုရင် အမွေးတွေ ပြန်ပေါက်လာမှာပါ”
လင်းကျင်းက နှစ်သိမ့်လိုက်သည်။
လင်းကျင်း၏ ပေါ့ပါးသော လေသံရှိသော်လည်း ၎င်းမှာ ဤမျှ မရိုးရှင်းကြောင်း လုယွန်ဟယ် သိသည်။ လုရှောင်ယုက မေးလိုက်သည်။
“ဆရာလင်း... ခုနက ကျွန်မတို့ အော်ဟစ်သံကို ကြားလိုက်ရတယ်၊ အဲဒါက ပိုးကောင်ဆီက ထွက်လာတာ မဟုတ်ဘူးနော်”
လင်းကျင်းက ခေါင်းညိတ်လိုက်သည်။
“သွေးသစ္စာပိုးကောင်ကို ကျင့်ကြံခြင်းမှာ ကျင့်ကြံသူက သူ့ရဲ့ စွမ်းအားတစ်ဝက်ကို ပိုးကောင်ထဲ ထည့်သွင်းရတာမျိုးပဲ... အခု ငါ နဂါးမီးနဲ့ မီးရှို့လိုက်ပြီဆိုတော့ အဲဒီလူရဲ့ ဝိညာဉ် ပျက်စီးသွားမှာပေါ့၊ သူ မအော်ဘဲ နေပါ့မလား”
ထိုအခါမှသာ လင်းကျင်း အသုံးပြုလိုက်သော မီးမှာ မည်သည့်မီး ဖြစ်ကြောင်း လုယွန်ဟယ် သိရှိသွားသည်။
သေးငယ်သော မီးပွားလေးကဲ့သို့ ထင်ရသော်လည်း ထိုမီးတောက်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အဝေးကပင် ပြင်းထန်သော အပူကို ခံစားနေရသဖြင့် ၎င်းမှာ သာမန်မီး မဟုတ်ကြောင်း သေချာလှသည်။
မှန်ပါ၏၊ လင်းကျင်းက ၎င်းကို နဂါးမီးဟု ပြောခဲ့သည်။
လုရှောင်ယုမှာ အခြားအရာတစ်ခုကို စိုးရိမ်နေ၏။
“ရန်သူတွေ ဖြစ်လာမှာလား”
လင်းကျင်းက ပြုံးလိုက်သည်။
“ဖြစ်လာမှာပေါ့... ဒါပေမဲ့ သူက အရင် စတင်ခဲ့တာဆိုတော့ သူ့ရဲ့ မှော်ပညာ ပျက်စီးသွားတာကို တခြားသူတွေကို အပြစ်တင်ဖို့ နေရာ မရှိဘူး... စိတ်မပူပါနဲ့... သူများက လက်စားချေချင်ရင်တောင် ကျုပ်ဆီကိုပဲ လာရမှာ”
အခန်း (၃၂၆) - ထောက်ပံ့ရေးဌာနကို ဝင်ရောက်စီးနင်းခြင်း
လင်းကျင်း၏ လေသံမှာ အေးစက်နေသော်လည်း လုယွန်ဟယ်နှင့် လုရှောင်ယုတို့မှာမူ ကျောချမ်းသွားကြသည်။
သွေးသစ္စာပိုးကောင်မှာ လုယွန်ဟယ်ကဲ့သို့သော သူပင် မသိရှိနိုင်လောက်အောင် လျှို့ဝှက်လွန်းလှသည်။ လင်းကျင်းသာ ထိုလှည့်ကွက်ကို မမြင်ဖူးဘဲ မှော်ပညာကို မဖျက်ဆီးခဲ့လျှင် လုပါမှာ သူတို့ပင် မသိလိုက်ရဘဲ ခိုးယူခံလိုက်ရပေလိမ့်မည်။
လုယွန်ဟယ်မှာ သစ္စာရှိသော သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး လင်းကျင်းနှင့် ပတ်သက်လာလျှင် ပို၍ပင် ဖြစ်သည်။
“သူတို့က ဒီလောက်ထိတောင် ရဲတင်းပြီး လက်စားချေရဲကြမှာလား”
လုယွန်ဟယ်၏အသံမှာ ဒေါသဖြင့် ထွက်လာသည်။
“ငါတော့ သူတို့ကို လာဖို့ပဲ ပြောချင်တယ်... လာမယ်ဆိုရင်တော့ ဒီတစ်ခါမှာ သူတို့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
လင်းကျင်းက ပြုံးလိုက်သော်လည်း ဘာမှ မပြောပေ။
သူ့တွင် လိုအပ်နေသည့် ကိစ္စတစ်ခု ရှိနေသည်။ လုယွန်ဟယ်မှာ မြို့တွင်း၌ ဗဟုသုတ ကြွယ်ဝသူဖြစ်ရာ သူ၏ မေးခွန်းများကို ဖြေကြားပေးနိုင်မည့်သူ ဖြစ်ကြောင်း လင်းကျင်း ယူဆလိုက်သည်။
သူတို့ နေထိုင်ရန် ပိုကြီးမားသော နေရာတစ်ခု ရှိမရှိ လုယွန်ဟယ်ကို မေးမြန်းလိုက်သည်။
ဤအိမ်မှာ ယခုအချိန်တွင် သူတို့အတွက် အလွန် ကျဉ်းကျပ်နေပေပြီ။
သို့သော် လင်းကျင်းမှာ အိမ်ခြံမြေနှင့် ပတ်သက်၍ မည်သည့်နေရာမှ စတင်ရှာရမှန်း မသိသဖြင့် သူငယ်ချင်းတစ်ဦးကို အပ်နှံထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ သူတို့သည် လင်းကျင်းအတွက် သင့်လျော်သော နေရာများကို ရှာဖွေပေးနိုင်မည် ဖြစ်သည်။
ဤကိစ္စကို ကျောက်ဝမ်ထန်နှင့် ဆွေးနွေးခြင်းမှာ ပို၍ သင့်လျော်သော်လည်း ကံမကောင်းစွာဖြင့် လင်းကျင်း မေ့လျော့နေခဲ့သည်။ ယခု လုယွန်ဟယ်ရှိနေစဉ်တွင် ဤကိစ္စကို သတိရလာသဖြင့် လင်းကျင်းက စကားစမြည် ပြောလိုက်ခြင်း ဖြစ်သည်။
“သဘောပေါက်ပြီ”
လုယွန်ဟယ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အစပိုင်းတွင် ဤနေရာမှာ လင်းကျင်းတစ်ဦးတည်းအတွက် လုံလောက်သော်လည်း ယခုအခါ နေထိုင်သူ အရေအတွက် တိုးလာသဖြင့် သိသိသာသာ ကျဉ်းကျပ်လာခဲ့သည်။
“စိတ်မပူပါနဲ့ ဆရာလင်း... ဒီကိစ္စကို ငါ့ကို အပ်ထားလိုက်ပါ”
လုယွန်ဟယ်မှာ မည်သည့် အစီအစဉ်မှ မရှိသေးသော်လည်း ဖြေရှင်းချက် မထွက်ပေါ်လာမီကပင် ကတိပေးမည့် သစ္စာရှိသော သူငယ်ချင်းမျိုး ဖြစ်သည်။
“ကျုပ် အရေးမကြီးပါဘူး... အေးဆေးရှာပါ"
လုယွန်ဟယ်၏ စရိုက်ကို လင်းကျင်း ကောင်းကောင်း နားလည်သည်။
ဤနေရာတွင် အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။ ဖုတ်ကောင်သည် အိမ်တွင် ပြန်လည်သက်သာလာမည်ဖြစ်ပြီး လုယွန်ဟယ်၏ လုပါမှာလည်း အမွေးကျွတ်ခြင်း ရပ်တန့်သွားပြီဖြစ်သည်။ ယခုအချိန်တွင် ထိုခြင်္သေ့ကြီးမှာ ပြန်လည်ကောင်းမွန်လာရန် ရက်အနည်းငယ်မျှ အနားယူရန်သာ လိုအပ်သည်။
မိစ္ဆာအကဲဖြတ်မှူးနှင့် ပတ်သက်၍ လင်းကျင်းမှာ လုယွန်ဟယ်နှင့် လုရှောင်ယုတို့ကို အမှန်အတိုင်း မပြောပြခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ရိုးရိုးသားသား ပြောရလျှင် ၎င်းမှာ ပို၍ပင် ရှုပ်ထွေးသောကြောင့်ပင်။
တရားဝင် သားရဲအကဲဖြတ်မှူးတစ်ဦးနှင့် မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ အကဲဖြတ်မှူးချုပ်တစ်ဦးအနေဖြင့် လင်းကျင်းသည် အခြားသူများထက် ပိုမိုသော သတင်းအချက်အလက်များကို ရရှိနိုင်သည်။
ဌာနချုပ်မှ ဌာနခွဲအားလုံးသို့ ပေးပို့သော လျှို့ဝှက်စာများတွင် ဤမိစ္ဆာအကဲဖြတ်မှူး အသင်းအဖွဲ့များအကြောင်း သတင်းအချက်အလက်များ ပါဝင်နေသည်။
ရိုးရှင်းစွာ ပြောရလျှင် ဤမိစ္ဆာအကဲဖြတ်မှူး အသင်းများတွင်လည်း သားရဲအကဲဖြတ်မှူးများ ပါဝင်ကြသော်လည်း သာမန် အကဲဖြတ်မှူးများနှင့် ကွဲပြားချက်မှာ သူတို့၏ ရည်ရွယ်ချက်များမှာ ဆိုးရွားခြင်းနှင့် သူတို့၏ သုတေသန လုပ်ငန်းများမှာ ကျင့်ဝတ်နှင့် မညီညွတ်ခြင်းတို့ပင် ဖြစ်သည်။
သူတို့၏ လုပ်ရပ်များမှာ မရိုးသားသည်မှာ သေချာပြီး လုယွန်ဟယ်နှင့် ကြုံတွေ့ရမှုမှာ ၎င်း၏ သာဓကတစ်ခု ဖြစ်သည်။ ထိုမိစ္ဆာအကဲဖြတ်မှူးမှာ လုပါအပေါ် မှော်ပညာ သုံးရန် ကြိုတင် ကြံစည်ထားပုံရပြီး သူ၏ ကျွမ်းကျင်မှုကြောင့် မည်သူမျှ သတိမထားမိခဲ့ပေ။
သူတို့သာ လင်းကျင်းနှင့် မတွေ့ခဲ့ပါက ထိုသားရဲမှာ ပျက်စီးသွားပေလိမ့်မည်။
ယခုအခါ အရာအားလုံးမှာ ထိုလူအပေါ် မူတည်နေသည်။ အကယ်၍သာ ထိုသူက ဒေါသကို မြိုသိပ်ပြီး ပုန်းကွယ်နေမည်ဆိုလျှင် လင်းကျင်းမှာ သူ့ကို ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ သို့သော် သူသာ လက်စားချေရန် ကြံစည်ပြီး ပေါ်လာမည်ဆိုလျှင် လင်းကျင်းက သူ့ကို တွေ့ဆုံရန် စိတ်ဝင်စားနေသည်။ သူသည် ထိုကဲ့သို့သော ကျင့်ဝတ်မရှိသည့် အကဲဖြတ်မှူးများနှင့် ဆက်ဆံရာတွင် ဘယ်သောအခါမျှ နောက်တွန့်မည် မဟုတ်ပေ။
သို့သော် မိစ္ဆာအကဲဖြတ်မှူး အသင်းဝင်များမှာ အလွယ်တကူ အနိုင်ယူနိုင်သူများ ဖြစ်ပုံမရပေ။ ရန်သူများကို တိုက်ရိုက် စိန်ခေါ်ခြင်းထက် မှော်ပညာဆိုးများနှင့် လျှို့ဝှက်တိုက်ခိုက်ခြင်းကိုသာ ဦးစားပေးလေ့ရှိကြသည်။ လုယွန်ဟယ်ကဲ့သို့ ကျွမ်းကျင်သူပင်လျှင် သူတို့၏ အသင်းဝင်များနှင့် ကြုံတွေ့ပါက ကိုင်တွယ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
လင်းကျင်းသည် ဤပြဿနာကို သူ၏ ဦးစားပေးစာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။ လုပါ၏ ပြောင်နေသော ခေါင်းကို ပုတ်လိုက်ပြီး သူ ဖန်တီးထားသော အပ်တစ်ချောင်းကို ထိုသားရဲ၏ ခန္ဓာကိုယ်ထဲတွင် ထားပေးလိုက်သည်။
ဤသို့ဖြင့် လုပါမှာ ထိုသို့သော မှော်ပညာနှင့် ထပ်မံ ကြုံတွေ့ရပါက လင်းကျင်းကို ချက်ချင်း အကြောင်းကြားသွားမည် ဖြစ်သည်။
လုယွန်ဟယ် နှုတ်ဆက်ပြီးနောက် လင်းကျင်းသည် လုရှောင်ယုနှင့်အတူ အသင်းချုပ်သို့ ပြန်သွားပြီး နောက်ထပ် အလုပ်များသော နေ့ရက်ကို စတင်လိုက်သည်။
မွန်းလွဲပိုင်းတွင် ကျားချန်းမှာ အစီရင်ခံစာနှင့်အတူ ရောက်ရှိလာသည်။
ထောက်ပံ့ရေးဌာနကို လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးပြီးနောက် တုန်းဟယ်၏ တိုင်ကြားချက်မှာ မှန်ကန်ကြောင်း သူမ အတည်ပြုလိုက်သည်။
သူမ၏ စကားအတိုင်း ပြောရလျှင် “တုန်းဟယ်က သိပ်ပြီး မကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ကျန်းယိုဒူက ပိုဆိုးတယ်” ဟု ဆိုသည်။ သူမသည် စာရင်းစာအုပ် အနည်းငယ်ကိုသာ ပြသခဲ့သော်လည်း ထိုသက်သေများက လင်းကျင်းကို မျက်မှောင်ကြုတ်သွားစေရန် လုံလောက်ခဲ့သည်။
အကြောင်းအရင်းမှာ ရိုးရှင်းသည်။ ကျန်းယိုဒူ ရာထူးတက်လာပြီးနောက်ပိုင်းတွင် သူသည် မဆင်မခြင်နှင့် အနိုင်ကျင့်ခဲ့သည်။ ငွေကြေးများကို ခိုးယူရုံသာမက ပစ္စည်းများကိုလည်း မတရား အလွဲသုံးစား လုပ်ခဲ့ခြင်း ဖြစ်သည်။
ကျားချန်း ဖော်ပြခဲ့သည့်အတိုင်း ထိုသူမှာ တုန်းဟယ်ထက်ပင် ပိုကြီးမားသော ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။
လင်းကျင်းမှာ ကျားချန်း၏ စုံစမ်းစစ်ဆေးမှုကို မည်သို့မျှ သံသယ မဖြစ်ပါပေ၊ အကြောင်းမှာ သက်သေများမှာ ရှင်းလင်းနေသောကြောင့် ဖြစ်သည်။ ထို့ပြင် သူမ၏ စရိုက်အရ ကျားချန်းမှာ မှတ်တမ်းများကို ဘယ်သောအခါမျှ အတုအယောင် လုပ်မည် မဟုတ်ပါပေ။
“သွားကြမယ်”
လင်းကျင်းက သူ၏ နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။ လင်းကျင်းသည် ကျန်းယိုဒူကို မမျှော်လင့်ဘဲ အံ့အားသင့်စေရန် ရည်ရွယ်ထားကြောင်း သိသဖြင့် ကျားချန်းသည် သူမ စုဆောင်းထားသော သက်သေများနှင့်အတူ လင်းကျင်းနောက်သို့ ချက်ချင်း လိုက်သွားလေသည်။
အသင်းချုပ်၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို မခေါ်ဘဲ လင်းကျင်းနှင့် ကျားချန်းမှာ ထောက်ပံ့ရေးဌာနသို့ ရောက်ရှိလာခဲ့သည်။
ဤ ရုတ်တရက် ဝင်ရောက်စီးနင်းမှုမှာ ဌာနတစ်ခုလုံးကို ဂယက်ထသွားစေသည်။
လင်းကျင်း ရောက်ရှိလာသည်ကို သတိပြုမိသောအခါ ဝန်ထမ်းတစ်ဦးမှာ ထရပ်လိုက်ပြီး ပါးစပ်ကို ဟလိုက်သည်။ သူသည် အကဲဖြတ်မှူးချုပ် ရောက်ရှိလာကြောင်း သူ၏ သူငယ်ချင်းများကို အကြောင်းကြားရန် ကြိုးစားခြင်း ဖြစ်သည်။
၎င်းမှာ သူတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် ကြိုတင် သတိပေးချက် ဖြစ်သည်။
သို့သော် လင်းကျင်းက အဘယ်ကြောင့် ထိုသို့ လုပ်ခွင့် ပေးပါမည်နည်း။
ငွေအပ်တစ်ချောင်း ပျံသန်းသွားပြီး ထိုသူ၏ လည်ပင်းရှိ အမှတ်တစ်ခုကို ဖောက်ဝင်သွားသည်။
ထိုသူမှာ စကား မပြောနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ ထုံကျင်သွားပြီး မသိလိုက်ခင်မှာပင် လှုပ်ရှားမရတော့ဘဲ ဖြစ်သွားသည်။
လင်းကျင်းမှာ ထိုလူကို လျစ်လျူရှုကာ ထောက်ပံ့ရေးဌာနအတွင်းသို့ ဝင်သွားလိုက်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်၌ လူများစွာ ရှိနေ၏။
လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများနှင့် ပစ္စည်းများကို လာရောက် ယူဆောင်သူများ ရှိနေသည်။ ခန်းမဆောင်တွင် လူဆယ်ဦးကျော် ရှိနေသည်။
လင်းကျင်း၏ ကြိုတင် အကြောင်းမကြားဘဲ ရောက်ရှိလာမှုက လူတိုင်းကို ထိတ်လန့်သွားစေသည်။
“အကဲဖြတ်မှူးချုပ် လင်း... ဆရာ ဘာလို့ ဒီရောက်လာတာလဲ”
တာဝန်ခံ ဌာနခွဲ မန်နေဂျာမှာ အံ့အားသင့်သွားသည်။ သူသည် စိုးရိမ်တကြီးဖြင့် အမြန် ပြေးလာသည်။
ထိုအချိန်တွင် မန်နေဂျာ ကျန်းယိုဒူမှာ ဂိုဒေါင်တွင် အသစ်ရောက်ရှိသော ပစ္စည်းများကို စစ်ဆေးနေပုံရသည်။ သူသည် ပစ္စည်းများကို ဖျက်ဆီးကာ ကောင်းမွန်သော ပစ္စည်းများကိုသာ ခိုးယူရန် ရွေးချယ်နေခြင်း ဖြစ်သည်။
၎င်းမှာ ပုံမှန် လုပ်နေကျ ဖြစ်သွားပြီ ဖြစ်၏။
ဤဌာနခွဲ မန်နေဂျာမှာ ကျန်းယိုဒူနှင့် တစ်ဖွဲ့တည်း ဖြစ်နေသဖြင့် ခန်းမဆောင်အတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
သို့သော် အကဲဖြတ်မှူးချုပ် လင်း မမျှော်လင့်ဘဲ ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။
သူ၏ နဖူးပေါ်တွင် ချွေးအေးများ စတင် ပျံလာသည်။
ပစ္စည်းများ လာရောက် ယူဆောင်သူများမှာလည်း မှင်တက်သွားကြသည်။ အချို့မှာ ဘာဖြစ်နေမှန်း မသိသော်လည်း အချို့မှာမူ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေကြသည်။
“မန်နေဂျာ ကျန်း ဘယ်မှာလဲ”
လင်းကျင်းသည် ရပ်မနေဘဲ နောက်ခန်းသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ဤအပြုအမူက ဌာနခွဲ မန်နေဂျာကို ကြောက်လန့်သွားစေသည်။ သူ တားဆီးချင်သော်လည်း ကြောက်လန့်နေသဖြင့် နောက်မှသာ လိုက်နိုင်တော့သည်။ သို့သော် လင်းကျင်းမှာ အလွန် မြန်ဆန်စွာ လျှောက်လှမ်းနေသဖြင့် သူ စကားပင် မပြောနိုင်ခင်မှာပင် လင်းကျင်းမှာ နောက်ခန်း တံခါးဝသို့ ရောက်ရှိသွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
တံခါးကို သော့ခတ်ထားသည်။
သို့သော် လင်းကျင်းကို မည်သို့ တားဆီးနိုင်ပါမည်နည်း။
အားအနည်းငယ် သုံးလိုက်သည့်အခါ တံခါးရွက်မှာ ကျိုးသွားပြီး သော့မှာ နှစ်ပိုင်း ကျိုးကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် လင်းကျင်းမှာ တံခါးကို ဖွင့်ကာ ဝင်ရောက်သွားပြီ ဖြစ်သည်။
“ပြီးသွားပြီ"
ဌာနခွဲ မန်နေဂျာမှာ တုန်ရီနေသည်။ လင်းကျင်း ရောက်ရှိလာကြောင်း သူ အကြောင်းကြားနိုင်ခဲ့လျှင်တောင် မန်နေဂျာ ကျန်းမှာ အခြေအနေကို ပြုပြင်ရန် အချိန် မရှိတော့ပါပေ။
အချိန်ရှိခဲ့လျှင်ပင် ဘာထူးပါမည်နည်း။
အကဲဖြတ်မှူးချုပ် လင်းသည် ထောက်ပံ့ရေးဌာနကို စစ်ဆေးရန် ရောက်ရှိလာခြင်းဖြစ်ပြီး သူ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုကို သိရှိသွားပုံရသည်။ ဂိုဒေါင်မှာ ပြီးပြည့်စုံစွာ စီမံထားပုံရသော်လည်း အသေးစိတ် စစ်ဆေးမှုတွင်မူ မည်သို့မျှ မခံနိုင်ဘဲ နောက်ထပ် ပြဿနာများ ပေါ်ပေါက်လာပေလိမ့်မည်။
ဌာနခွဲ မန်နေဂျာ၏ စိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို ဘေးဖယ်ထားလျှင် လင်းကျင်းမှာ ဂိုဒေါင် တံခါးဝသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ကျန်းယိုဒူနှင့် အခြားဝန်ထမ်းအချို့မှာ ပစ္စည်းများကို စစ်ဆေးနေကြသည်။ ထောင့်တစ်နေရာတွင် မန်နေဂျာ ခိုးယူရန် ပြင်ဆင်ထားသော ပစ္စည်းများ တင်ဆောင်ရန် လှည်းငယ်တစ်စီးကို ထားရှိထားသည်။
သူ၏ နည်းလမ်းမှာ ရိုးရှင်းသည်။ သူသည် ပစ္စည်းများကို အရည်အသွေး နိမ့်သော ပစ္စည်းများနှင့် အစားထိုးခြင်းသာ ဖြစ်သည်။