← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 17 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 17 Ch. 331-332

အခန်း (၃၃၁) - ကံဆိုးခြင်းကို လက်ခံခြင်း

ကျူရိပ်မြို့ရှိ အချမ်းသာဆုံးနှင့် အထင်ရှားဆုံး မိသားစုဖြစ်သည့်အတွက် ကျောက်မိသားစုမှာ ၎င်းတို့နယ်မြေကို စောင့်ရှောက်ရန် အဆင့် (၃) သားရဲများ ရှိနေသည်မှာ ထင်ရှားပြီး တစ်ကောင်ထက်ပင် ပိုများပေသည်။

ထို့ကြောင့် ကျောက်ဖေးဂုံးမှာ အဆင့် (၃) သားရဲများ၏ အော်ရာကိုကောင်းစွာ ရင်းနှီးကျွမ်းဝင်နေသည်။

အစောင့်အရှောက်ကျန်း၏ သားရဲမှာ သူ၏ အဖော်သားရဲနှင့် ဆင်တူသော အော်ရာ ရှိနေသည်ကို တွေ့ရှိရ၍ သူ အံ့အားသင့်သွား၏။ သူတို့ နောက်ဆုံးတွေ့ဆုံစဉ်က ထိုသို့သော ခံစားချက်မျိုး မရှိခဲ့သဖြင့် သူ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

အစောင့်အရှောက်ကျန်း၏ သားရဲမှာ ဆင့်ကဲပြောင်းလဲသွားခြင်း ဖြစ်သည်။

သူက ဤအကြောင်းရင်းကြောင့် ပြန်လာခြင်းလော။ သူတို့ အဖွဲ့အစည်းကို ပို့ဆောင်ရန် အပ်နှံထားသောကုန်ပစ္စည်းများ မည်သို့ဖြစ်သွားသနည်း။

ကျောက်ဖေးဂုံးမှာ ဇဝေဇဝါ ဖြစ်နေသည်။

ကံကောင်းထောက်မစွာဖြင့် အစောင့်အရှောက်ကျန်းမှာ အမှန်တရားကို မဖုံးကွယ်ခဲ့ပေ။ သူသည် ခရီးစဉ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြောပြပြီး မေပယ်မြို့ နယ်နိမိတ်ကို ကျော်လွန်ပြီးနောက် အကဲဖြတ်မှူး လင်းနှင့် တွေ့ဆုံခဲ့ကြောင်း ပြောပြလိုက်သည်။ သူသည် အကဲဖြတ်မှူး လင်း ပိုင်ဆိုင်ထားသော ထူးခြားသည့် စွမ်းရည်များနှင့် သူတို့၏ သားရဲအားလုံးကို နေရာတွင်ပင် အလွယ်တကူ ဆင့်ကဲပြောင်းလဲပေးခဲ့ပုံကိုလည်း ပြောပြ၏။

ကျောက်ဖေးဂုံးအပြင် သူ၏ ဒုတိယဦးလေးနှင့် ကျောက်ရှင်းတို့မှာလည်း အံအားသင့်သောအမူအရာများ ရှိနေကြသည်။

ထိုစကားကို ကြားသောအခါ ဒုတိယဦးလေးမှာ အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်သွားပြီး ကျောက်ရှင်းမှာမူ စကားဝင်ပြောရန် မနေနိုင်တော့ပေ။

"အစောင့်အရှောက်ကျန်း... ကျုပ်တို့က ခင်ဗျားရဲ့ ဂျီအန်း လုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းနဲ့ အရင်ကတည်းက ရင်းနှီးတဲ့ မိတ်ဆွေတွေပါ... တကယ်လို့ ခင်ဗျားသာ ပစ္စည်းတွေကို တကယ် ပျောက်ဆုံးသွားတာဆိုရင် အမှန်အတိုင်း ပြောပြပေးပါ... ကျုပ်တို့ကို ဒီလို အဓိပ္ပာယ်မရှိတဲ့ ဇာတ်လမ်းတွေ ဆင်ဖို့ မလိုဘူး... ကျုပ်တို့က အလွယ်တကူ လှည့်ဖြားနိုင်တဲ့သူတွေလို့ ထင်နေတာလား"

အစောပိုင်း ဖြစ်ရပ်ကြောင့် ကျောက်ရှင်းမှာ သူ၏ ဒေါသကို ထိန်းချုပ်နေခဲ့ရသည်။ ယခုအခါတွင်မူ ထိုသို့သော ကိစ္စမျိုး ထပ်မံ ဖြစ်ပွားလာသဖြင့် သူ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားသည်။

ကျောက်ရှင်းကို ထားလိုက်... ကျောက်ဖေးဂုံးကိုယ်တိုင်ပင် ထိုဇာတ်လမ်းကို မယုံကြည်ပေ။

မည်သို့ဆိုစေကာမူ သားရဲကိုးကောင်ကို အချိန်တိုအတွင်း အလွယ်တကူ ဆင့်ကဲပြောင်းလဲပေးနိုင်သည့်သူမှာ မည်သို့ ရှိနိုင်မည်နည်း။ သို့သော် မကြာမီတွင် ကျောက်ဖေးဂုံး တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ အစောင့်အရှောက်ကျန်း၏ သားရဲမှာ သေချာပေါက် ဆင့်ကဲပြောင်းလဲသွားခဲ့သည် မဟုတ်ပါလား။

ဤသို့ တွေးမိသောအခါ သူ ဝေခွဲရခက်သွားသည်။

သူသည် အစောင့်အရှောက်ကျန်း ပြောပြသည်များကို စိတ်ဝင်တစား နားထောင်ချင်နေသဖြင့် သူ၏သားကို ထိုလူကို စစ်မေးခြင်းမှ မတားဆီးခဲ့ပေ။

အစောင့်အရှောက်ကျန်းမှာ သူတို့ လွယ်လွယ်နှင့် ယုံကြည်မည် မဟုတ်ကြောင်း ကောင်းစွာ သိရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ အမြီးပြတ် တောင်ခြင်္သေ့မှာ အကောင်းဆုံးသော သက်သေပင် ဖြစ်သည်။

"သခင်ကြီးကျောက်... သခင်လေးကျောက်ရှင်း... ကျွန်တော် ဘယ်လောက်ပဲ ရဲရဲ ခင်ဗျားတို့ကို လှည့်စားဖို့ ရဲဝံ့မှာ မဟုတ်ဘူး... ဒါ့အပြင် ကျွန်တော်သာ လိမ်ညာမယ်ဆိုရင် ပိုကောင်းတဲ့ အကြောင်းပြချက်ကို ရွေးမှာပါ... ဘာလို့ ဒီလို မယုံနိုင်စရာ ဇာတ်လမ်းမျိုးကို ဆင်ရမှာလဲ"

အစောင့်အရှောက်ကျန်း၏ စကားမှာ အဓိပ္ပာယ် ရှိသည်။

"ကျွန်တော် ပြောတာ အမှန်ပါပဲ... အဲဒီ အကဲဖြတ်မှူးလင်းက အရေးပေါ် ကိစ္စတစ်ခု ရှိတယ်ဆိုပြီး လင်ဇီးမှိုတစ်ပိုင်းကို ချေးယူသွားခဲ့ပါတယ်... လျော်ကြေးအဖြစ် သူက ကျွန်တော်တို့ သားရဲအားလုံးကို နောက်တစ်ဆင့်ကို မြှင့်တင်ပေးခဲ့တယ်... သူ အဲဒီလို လုပ်ပေးတုန်းက ဒဏ္ဍာရီထဲကမှ ရှိတဲ့ နတ်ဘုရားတွေကိုတောင် သတိရမိလိုက်တယ်"

အစောင့်အရှောက်ကျန်းမှာ ပို၍ ပြောချင်သေးသော်လည်း ကျောက်မိသားစုမှာ ဖြစ်ပျက်ခဲ့သည်များကို မမြင်တွေ့ခဲ့ရသဖြင့် သူ၏ စကားကို ရပ်လိုက်သည်။

ကျောက်ရှင်းမှာ သံသယဖြစ်နေဆဲ ဖြစ်သည်။

"အစောင့်အရှောက်ကျန်း... ခင်ဗျား ပြောတာ အမှန်ဆိုရင်တောင် ကျုပ်တို့ ကျောက်မိသားစုကသာ ဆုံးရှုံးမှု ရှိတာပါ... သူက ခင်ဗျားတို့ သားရဲကို မြှင့်တင်ပေးလိုက်တာက ပိုပြီး အဓိပ္ပာယ် မရှိဘူး မဟုတ်လား... ကျုပ်တို့ ကျောက်မိသားစုကော... ဒီဆုံးရှုံးမှုကို အကြောင်းမဲ့ ခံရမှာလား... အဲဒီ မှိုက ရှားပါးတဲ့ ပစ္စည်းတစ်ခု၊ တန်ဖိုးဖြတ်မရတဲ့ ရတနာပဲ... ကျုပ်တို့ရဲ့ ဆုံးရှုံးမှုအတွက် ဘယ်သူက လျော်ကြေးပေးမှာလဲ"

လူငယ်ပီပီ စိတ်မြန်လက်မြန် ရှိသည့် ကျောက်ရှင်းမှာ သူ၏ စကားများကို မဆင်ခြင်ပေ။ ကျောက်ဖေးဂုံးမှာ မျက်မှောင်ကြုတ်ကာ သူ့ကို ဆုံးမလိုက်သည်။

"ရှင်းအာ... အပြုအမူကို ဆင်ခြင်စမ်း... အစောင့်အရှောက်ကျန်းက ဘယ်လိုပဲဖြစ်ဖြစ် မင်းထက်အသက်ကြီးတယ်"

ကျောက်ရှင်းမှာ သူ၏ ဖခင်ကို ကြောက်ရွံ့သည်မှာ ထင်ရှားသည်။ ထို့ကြောင့် မနှစ်မြို့သော်လည်း အစောင့်အရှောက်ကျန်းကို တောင်းပန်လိုက်သည်။

၎င်းမှာ သူတို့ကဲ့သို့ ကြီးမားသော မျိုးနွယ်စုတစ်ခု၏ မိသားစု သင်ခန်းစာတစ်ခု ဖြစ်သည်။ မှားယွင်းမှုမှာ မှားယွင်းမှုပင် ဖြစ်ပြီး သူတို့တွင် အာဏာရှိသည်ဟုဆိုကာ သူတစ်ပါးကို အနိုင်မကျင့်သင့်ပေ။

အစောင့်အရှောက်ကျန်းမှာ ကျောက်ရှင်းနှင့် ကျောက်ဖေးဂုံးကို ချက်ချင်း အရိုအသေ ပြုလိုက်သည်။

"စိတ်မကောင်းမဖြစ်ပါနဲ့... ဒီကိစ္စအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတာ အမှန်ပဲ.. ဒါပေမဲ့ ဒီအကဲဖြတ်မှူးလင်းရဲ့ အရည်အချင်းကလည်း မေးခွန်းထုတ်စရာ မရှိပါဘူး... သူက အတော်လေး ရိုးသားဟန်ရှိပြီး ကျွန်တော့်ကို သခင်ကြီးကျောက်ကို အခြေအနေကို ရှင်းပြဖို့ ချက်ချင်း ပြန်သွားခိုင်းခဲ့ပါတယ်... သူက သခင်ကြီးတို့ အကူအညီ လိုအပ်ရင်လည်း အကောင်းဆုံး ကူညီပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်... သူက နောက်ရက်အနည်းငယ်အတွင်းမှာပဲ လာရောက်လည်ပတ်လိမ့်မယ်"

ယခုမူ ထိုစကားမှာ ပို၍ နားထောင်လို့ ကောင်းလာသည်။

သူ အမှန်တကယ်ပဲ ထိုသို့ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံးတော့ ထိုလူ၏ သဘောထားမှာ ကျိုးကြောင်းဆီလျော်သည်။

ကျောက်ဖေးဂုံးမှာ လင်ဇီးမှိုကို ပြန်ရရန် မဖြစ်နိုင်တော့ကြောင်း သိရှိသည်။ အစောင့်အရှောက်ကျန်း၏ ဇာတ်လမ်းမှာ အတော်လေး ဝေးကွာနေသော်လည်း သူ၏ သားရဲ ဆင့်ကဲပြောင်းလဲသွားခြင်းမှာ ငြင်းမရသော အမှန်တရား ဖြစ်သည်။

တစ်နည်းအားဖြင့် မေပယ်မြို့မှ ဤအကဲဖြတ်မှူးလင်းမှာ သေချာပေါက် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

မိသားစုခေါင်းဆောင်တစ်ယောက်မနေဖြင့် ကျောက်ဖေးဂုံးမှာ သည်းခံနိုင်စွမ်း အချို့ ရှိရမည် ဖြစ်သည်။ သူ မနှစ်မြို့သော်လည်း အခြေအနေကို နားလည်ရန် ခက်ခဲခြင်း မရှိပေ။ သူတို့ကိုယ်တိုင်ပင် ပြဿနာများကို ရင်ဆိုင်နေရသဖြင့် အကဲဖြတ်မှူးလင်းကို အရေးယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရန်သူဖြစ်မည့်အစား မိတ်ဆွေဖြစ်ခြင်းက ပို၍ မကောင်းပေလော။

သူတို့ ကျောက်မိသားစု ဆုံးရှုံးမှု အချို့ရှိခဲ့ရလျှင်ပင် ထိုက်တန်ပါသည်။ ကျောက်ဖေးဂုံးမှာ မည်သို့ပင်ဖြစ်စေ ယခုအခါ သူခိုး အကြောင်းကိုသာ ပို၍ စိုးရိမ်နေသည်။ နောက်ထပ် နှစ်ရက်ဆိုလျှင် သူ သတ်မှတ်ထားသော ငါးရက်တာ အချိန်ကုန်ဆုံးတော့မည်။

ဤသို့ တွေးမိသောအခါ ကျောက်ဖေးဂုံးမှာ အစောင့်အရှောက်ကျန်းကို ခက်ခဲအောင် မလုပ်တော့ပေ။ သို့သော် သူ အကဲဖြတ်မှူးလင်းကိုလည်း အာရုံမစိုက်တော့ပါ။ မေပယ်မြို့မှာ ကျူရိပ်မြို့နှင့် အတော်လေး ဝေးကွာပြီး ထိုလူမှာ လာရောက်လည်ပတ်မည်ဟု ပြောသောအခါ ယဉ်ကျေးပြသရုံမျှသာ ဖြစ်နိုင်ပေသည်။

ကျောက်ဖေးဂုံးမှာ မတည်မြဲသော ကတိစကားများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။ သူသည် ဤသည်မှာ ကံဆိုးခြင်းသာ ဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။

ထို့ကြောင့် သူ ထပ်မံ မပြောတော့ပေ။

သူ၏ အာရုံခံစားမှုများမှာ ထက်မြက်သဖြင့် အစောင့်အရှောက်ကျန်းမှာ ရောက်ရှိလာသည့်အချိန်မှစ၍ ကျောက်မိသားစုမှာ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ချက်ချင်း သတိပြုမိသည်။

မိသားစုမှာ အခက်အခဲတစ်ခုခုအတွင်း ရောက်ရှိနေသည့်အလားပင် ဖြစ်သည်။

စဉ်းစားပြီးနောက် အစောင့်အရှောက်ကျန်းက ပြောလိုက်၏။

"သခင်ကြီးကျောက်... ကျွန်တော်တို့က အရင်ကတည်းက ရင်းနှီးတဲ့ မိတ်ဆွေတွေပါ... ကျွန်တော်တို့ အဖွဲ့အစည်းကလည်း သခင်ကြီးတို့ မိသားစုဆီက အများကြီး အထောက်အပံ့ ရထားပါတယ်... ကျောက်မိသားစုမှာ ကူညီနိုင်မယ့် ပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင် ပြောပြပေးပါ... ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါမယ်"

အကယ်၍ အရင်ကဆိုလျှင် ကျောက်ဖေးဂုံးမှာ ပြုံးရုံသာ ပြုံးပြပေလိမ့်မည်။ အစောင့်အရှောက်ကျန်းမှာ သန်မာသည်ဟု ယူဆရသော်လည်း သူ၏ သားရဲမှာ အဆင့် (၂) သာ ရှိသည်။ ထိုလူမှာလည်း လက်နက်ကိုင် အစောင့်ရှောက်သူ တစ်ဦးသာ ဖြစ်ပြီး သူ၏ အမြီးပြတ် တောင်ခြင်္သေ့၏ စွမ်းအားမှာလည်း ကန့်သတ်ချက် ရှိသဖြင့် သူတို့ ကူညီပါက အသုံးဝင်မည် မဟုတ်ပေ။

သို့သော် ယခုမူ ကိစ္စများမှာ ကွဲပြားသွားသည်။

အစောင့်အရှောက်ကျန်း၏ သားရဲမှာ အဆင့် (၃) ဖြစ်သည်။

အဆင့် (၃) သားရဲမှာ မည်မျှပင် အားနည်းသည်ဖြစ်စေ သူတို့၏ စွမ်းအားကို လျှော့တွက်၍ မရပေ။ သူ၏ တောင်ခြင်္သေ့သာ သူတို့နှင့် ပူးပေါင်းပါက သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ သေချာပေါက် တိုးတက်လာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျောက်ဖေးဂုံးမှာ သူ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်မသွားပေ။

"အစောင့်အရှောက်ကျန်းသာ ကူညီပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ"

အစောင့်အရှောက်ကျန်းမှာ သူတို့မိသားစုကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်အရာမှာ အဘယ်နည်းဟု ဆက်လက် မေးမြန်း၏။

ကျောက်ဖေးဂုံးသည် ပြင်ပလူကို အသေးစိတ် မပြောပြနိုင်သဖြင့် ပြဿနာတစ်ခုနှင့် ကြုံတွေ့နေရကြောင်းသာ ပြောပြလိုက်သည်။ သူသည် အာဏာပိုင်များကို အစီရင်ခံခြင်းမှာ ရွေးချယ်စရာ မဟုတ်သဖြင့် သူတို့ကိုယ်တိုင်သာ ဖြေရှင်းရမည် ဖြစ်ကြောင်း ရှင်းပြသည်။

"နောက်နှစ်ရက်ဆိုရင် မွန်းလွဲပိုင်းမှာ ကျုပ် အစောင့်အရှောက်ကျန်းကို မိသားစု စားပွဲဝိုင်းကို ဖိတ်ကြားပါမယ်... ကျုပ်တို့ မိသားစုရဲ့ တခြား ဧည့်သည်တွေလည်း လာရောက်ကြမှာ ဖြစ်လို့ အစောင့်အရှောက်ကျန်း တက်ရောက်ပေးဖို့ မျှော်လင့်ပါတယ်"

ဤသို့ဆိုသဖြင့် အစောင့်အရှောက်ကျန်းမှာ အဓိက ဖြစ်ရပ်မှာ နှစ်ရက်အကြာတွင် ဖြစ်ပွားမည်ကို သိရှိသွားသည်။

သူ ကူညီရန် ကတိပေးထားပြီး ဖြစ်သဖြင့် သူ၏ စကားကို မဖျက်ပေ။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ သို့သော် မထွက်ခွာမီ တစ်စုံတစ်ခု ရုတ်တရက် သတိရသွားသည်။

အစောင့်အရှောက်ကျန်းမှာ ပြန်လှည့်လာပြီး ကျောက်ဖေးဂုံးကို ပြောလိုက်၏။

"သခင်ကြီးကျောက်... သခင်ကြီးတို့ မိသားစုမှာ အခက်အခဲ ရှိနေပြီး အကူအညီ လိုအပ်နေတာဆိုတော့ မေပယ်မြို့က အကဲဖြတ်မှူး လင်းကို ဘာလို့ မခေါ်ရတာလဲ... သူ့ရဲ့ အရည်အချင်းတွေက တကယ်ကို ထူးခြားတယ်ဆိုတာ ကျွန်တော် အာမခံနိုင်တယ်... သူ့အကူအညီနဲ့ဆိုရင် ကျောက်မိသားစုမှာ ရှိတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ သေချာတယ်"

အခန်း (၃၃၂) - ဒီအကဲဖြတ်မှူးလင်းဆိုတာ ဘယ်သူလဲ

အကဲဖြတ်မှူးလင်းနှင့် တစ်ကြိမ်သာ ဆုံတွေ့ခဲ့ဖူးသော်လည်း အစောင့်အရှောက်ကျန်းမှာ ထိုလူကို အကြွင်းမဲ့ ကိုးကွယ်ကြည်ညိုသွားခဲ့ပြီ ဖြစ်သည်။

မည်သို့ဆိုစေကာမူ မည်သူမဆို ယမန်နေ့ညက သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်မျိုးကို ကြုံရခဲလှပေသည်။ သားရဲများစွာကို တစ်ပြိုင်နက်တည်း အားစိုက်ထုတ်စရာမလိုဘဲ ဆင့်ကဲပြောင်းလဲပေးနိုင်သူအဖို့ ကျောက်မိသားစု၏ ဒုက္ခများကို ကူညီဖြေရှင်းပေးရန်မှာ အသေးအဖွဲကိစ္စသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အစောင့်အရှောက်ကျန်းမှာ ကျောက်မိသားစုနှင့် စကားပြောသည့်အခါ ထိုသူ့အကြောင်းကိုသာ အမွှမ်းတင်၍ ပြောနေခဲ့၏။

ကျောက်ဖေးဂုံးမှာ အကဲဖြတ်မှူးလင်းဟူသော အမည်ကို ထပ်မံကြားလိုက်ရသောအခါ တစ်မျိုးကြီး ခံစားလိုက်ရသည်။ အစောင့်အရှောက်ကျန်းကဲ့သို့သောသူက ဤလူတစ်ယောက်တည်းအပေါ် ဤမျှအထိ အထင်ကြီးနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

လူငယ်ပီပီ ကျောက်ရှင်း၏ အတွေးမှာမူ ပို၍ ရိုးရှင်းပေသည်။ သူ၏ဖခင်မှာ အခက်အခဲကို အသာတကြည်လက်ခံပြီး ဤကိစ္စကို လက်လျှော့လိုက်သည်မှာ သူ့အတွက် နားမလည်နိုင်စရာ ဖြစ်နေသည်။ မိသားစုကို လုယက်သွားသောသူအား အပြစ်မရှာသည့်အပြင် ထိုသူ့ကို ပြန်၍ပင် တောင်းပန်နေရသကဲ့သို့ ခံစားချက်မျိုးမှာ သူ့အတွက် အလွန်ပင် စိတ်ပျက်စရာ ကောင်းလှ၏။

သို့သော် ဖခင်ဖြစ်သူက ဆုံးဖြတ်ပြီးဖြစ်၍ သူ ငြိမ်နေခဲ့သော်လည်း ယခုအခါ အစောင့်အရှောက်ကျန်းက ထိုလူ့အကြောင်းကို ထပ်မံပြောဆိုလာသဖြင့် ကျောက်ရှင်းမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။

"အဲဒီအကဲဖြတ်မှူးလင်းဆိုတာ ဘယ်သူမို့လို့လဲ... တကယ်လို့ သူကသာ အဲဒီလောက် အရည်အချင်းရှိရင် ငါတို့ပစ္စည်းတွေကို ဓားပြလိုမျိုး လုယက်သွားမှာ မဟုတ်ဘူး... အရှက်မရှိလိုက်တာ... အစောပိုင်းကတော့ ငါ ငြိမ်နေခဲ့တယ်.. ဒါပေမဲ့ ဒီလူက ခင်ဗျားကို နာမည်အတု ပေးသွားတာလည်း ဖြစ်နိုင်တာပဲ.. တကယ်လို့ သွားရှာရင်တောင် တွေ့ချင်မှ တွေ့ရမှာပဲ"

ကျောက်ရှင်းက ပြောလိုက်၏။

အစောင့်အရှောက်ကျန်းမှာ ဆွံ့အသွားသည်။

ကျောက်မိသားစုမှာ သူတို့ကိုယ်သူတို့ ကံဆိုးသည်ဟုသာ သတ်မှတ်ပြီး သူ၏စကားကို မယုံကြည်ကြတော့ပေ။

သူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။ သူတို့ကို အပြစ်တင်၍ မရသကဲ့သို့ သူသည်လည်း ထိုမိသားစုဝင် မဟုတ်သဖြင့် ဤသည်မှာ သူတို့အတွက် ကောလာဟလတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ကျောက်ဖေးဂုံးမှာ သူ့ကို ယုံကောင်းယုံနိုင်သော်လည်း အကဲဖြတ်မှူးလင်း၏ အကူအညီကို ယူရန်မူ အစီအစဉ်မရှိပေ။ အကယ်၍ အစောင့်အရှောက်ကျန်းကသာ ဆက်၍ တိုက်တွန်းနေပါက သူတို့က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စရာဟု ယူဆသွားနိုင်သလို၊ ပိုဆိုးပါက အကဲဖြတ်မှူးလင်းနှင့် တစ်ဖွဲ့တည်းဟုပင် ထင်မြင်သွားနိုင်ပေသည်။

ထိုသို့ စဉ်းစားမိပြီးနောက် အစောင့်အရှောက်ကျန်းမှာ ထိုအကြောင်းကို ထပ်မပြောတော့ဘဲ နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။

အိမ်သို့ ပြန်ရောက်သောအခါ အစောင့်အရှောက်ကျန်း၏ ဇနီးမှာ တံခါးဖွင့်ပေးရင်း အံ့အားသင့်သွား၏။ ကျန်းက အနည်းဆုံး လဝက်ခန့် ကြာလိမ့်မည်ဟု ပြောပြီး ထွက်သွားခဲ့သော်လည်း ယခုမူ နှစ်ရက်အတွင်း ပြန်ရောက်လာခြင်း ဖြစ်သည်။

"ဘာလို့ ဒီလောက် စောစောပြန်လာတာလဲ"

ကျန်းကတော်က မေးလိုက်သည်။ သူမမှာ လင်ယောက်ျား၏ လက်နက်များ အပါအဝင် ပစ္စည်းများကို သိမ်းဆည်းပေးတတ်သော မိန်းမကောင်းတစ်ဦး ဖြစ်သည်။

သူမသည် တောင်ခြင်္သေ့ကိုလည်း ခြံထဲရှိ သားရဲခြံသို့ ခေါ်ဆောင်သွားပေး၏။

အစောင့်ရှောက်သူကျန်းက ပြုံးလိုက်ပြီး ပြောလိုက်သည်။

"အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခု ကြုံခဲ့ရလို့ ကြိုပြန်လာတာပါ"

"မတော်တဆမှုတစ်ခုလား"

ကျန်းကတော်က ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ... အဖွဲ့အစည်းကများ..."

"ကံကောင်းတာလို့ပဲ ပြောရမှာပါ"

ဆိုကာ အစောင့်အရှောက်ကျန်းက အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ သူသည် အခြားယောက်ျားများကဲ့သို့ မိန်းမများ၏ အရေးကိစ္စတွင် ဝင်ပါသည်ကို မနှစ်သက်သူမျိုး မဟုတ်ပေ။ ကျန်းကတော်မှာ ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့် တစ်ခါတစ်ရံတွင် သူ့ကို အကြံဉာဏ်များပင် ပေးတတ်ပေသည်။

ထို့ကြောင့် အစောင့်အရှောက်ကျန်းက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်၏။

ကျန်းကတော်မှာ နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အရာအားလုံးမှာ သူမအတွက် ထူးဆန်းလွန်းနေသည်။

"အဲဒီအကဲဖြတ်မှူးလင်းက တိမ်တွေပေါ်မှာ သွားနိုင်တယ်လို့ ပြောတာလား... ပြီးတော့ အစောင့်အားလုံးရဲ့ သားရဲကိုးကောင်ကိုလည်း တစ်ပြိုင်နက်တည်း အလွယ်တကူ ဆင့်ကဲပြောင်းလဲပေးနိုင်တယ် ဟုတ်လား... ဒါဆို သူက နတ်ဘုရားတစ်ပါးလို ဖြစ်နေပြီပေါ့"

ကျန်းကတော်က သံသယဖြင့် မေးလိုက်သည်။

အစောင့်အရှောက်ကျန်းမှာ အကူအညီမဲ့စွာ ကြည့်လိုက်၏။

"အပိုပြောတယ်လို့ ထင်ရပေမဲ့ ငါ ပြောတာ အမှန်တွေပဲ... တကယ်တော့ အဲဒီအကဲဖြတ်မှူးလင်းက ငါတို့ သိထားတာထက်တောင် ပိုပြီး ထူးခြားလိမ့်မယ်လို့ ထင်တယ်"

"ရှင်ပြောတာကို ကျွန်မ ယုံပါတယ်"

ကျန်းကတော်က ပြုံးကာ ပြောလိုက်သည်။ သူမသည် ကျောက်မိသားစုထက် ကျန်း၏အကြောင်းကို ပိုသိပေသည်။ ဤယောက်ျားမှာ ရိုးသားသော စရိုက်ရှိသူ ဖြစ်သဖြင့် မည်မျှပင် အောင်မြင်မှုမရှိစေကာမူ လိမ်ညာတတ်သူမျိုး မဟုတ်ပေ။

အထူးသဖြင့် ဤကဲ့သို့သော အရေးကြီးသည့် ကိစ္စမျိုးတွင် ဖြစ်သည်။

"ဒါဆိုရင် ဆန်းရှီက အခု အဆင့် (၃) ဖြစ်သွားပြီပေါ့"

သူမက မေးလိုက်၏။

"ဟုတ်တယ်"

အစောင့်အရှောက်ကျန်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပြန်လည် ပေါ်ပေါက်လာသည်။

လက်နက်ကိုင်အစောင့်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သဖြင့် အိမ်တွင်းရေးမှာ အလွန်အမင်း မခက်ခဲလှပေ။ သူတို့မှာ ချမ်းသာကြွယ်ဝသူများ မဟုတ်သော်လည်း သာမန်မိသားစုထက်စာလျှင် အခြေအနေ အနည်းငယ် ပိုကောင်းသည်။

သူ၏ လုပ်ဖော်ကိုင်ဖက် အများစုမှာ သူ့ထက် ပို၍ ဆင်းရဲကြသဖြင့် အစောင့်အရှောက်ကျန်းမှာ မိတ်ဆွေကောင်းပီပီ သူတို့၏ ငွေရေးကြေးရေးကို မကြာခဏ ကူညီပေးလေ့ရှိသည်။ ထို့ကြောင့် သူ၏မိသားစုတွင် စုဆောင်းငွေ များများစားစား မရှိပေ။

သားဖြစ်သူကို ကျောင်းထားရန်မှာလည်း ကုန်ကျစရိတ် များပြားလှသည်။ အထူးသဖြင့် ယမန်နှစ်က သားဖြစ်သူအတွက် ကောင်းမွန်သော သားရဲတစ်ကောင် ရရှိရန် ငွေအတော်များများ သုံးစွဲခဲ့ရသဖြင့် မကြာသေးမီက သူတို့၏ ဘဝမှာ အနည်းငယ် ကြပ်တည်းနေခဲ့သည်။

သို့သော် ယခုမူ ကိစ္စများမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

သားရဲများသည် အရာအားလုံးဖြစ်ကြောင်း လူတိုင်း သိကြသည်။ မြင့်မားသောအဆင့်ရှိသည့် သားရဲတစ်ကောင် ပိုင်ဆိုင်ရခြင်းမှာ မိသားစုအတွက် များစွာ အဓိပ္ပာယ်ရှိပေသည်။

ဂျီအန်း လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းမှာ နှစ်ရှည်လများ တည်ရှိခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း သူတို့ရရှိသော အလုပ်များမှာ အခကြေးငွေ များများစားစား မရရှိပေ။ သူတို့၏ အဖွဲ့တွင် အစောင့်အရှောက်ကျန်း၏ အမြီးပြတ် တောင်ခြင်္သေ့ တစ်ကောင်သာ အဆင့် (၂) ရှိသဖြင့် အလုပ်ကြီးများကို မရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။

အဆင့် (၂) သားရဲတစ်ကောင်တည်းနှင့်ပင် အဖွဲအစည်းတစ်ခုလုံးကို ထောက်ပံ့ပေးနိုင်နေခြင်းမှာ လုံလောက်နေပြီ ဖြစ်သည်။

သို့သော် ယခုတွင်မူ အဆင့် (၃) သားရဲတစ်ကောင် ပိုင်ဆိုင်လာပြီဖြစ်၍ ကိစ္စများမှာ ပြောင်းလဲသွားပေလိမ့်မည်။ သူတို့အဖွဲ့အစည်း၏ အဆင့်အတန်းမှာလည်း မြင့်တက်လာတော့မည် ဖြစ်သည်။ သူတို့၏ အနာဂတ်မှာ မည်မျှ တောက်ပလာမည်ကို မြင်ယောင်ကြည့်နိုင်ပေသည်။

ဤသည်မှာ သူတို့အတွက် ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေသည်။

ကျန်းကတော်မှာ သားရဲများအကြောင်းကို များများစားစား မသိသော်လည်း ကျန်းက သူ၏ခြင်္သေ့ ဆင့်ကဲပြောင်းလဲသွားပြီဟု ပြောလျှင် ၎င်းမှာ အမှန်ပင် ဖြစ်ရပေမည်။

"ရှင့်မှာ နောက်ရက်တွေအတွက် အစီအစဉ်မရှိသေးရင် ကျွန်မတို့ ဇာတိမြေကို ခဏသွားလည်ကြမလား"

သူမက အကြံတစ်ခု ရသွားပြီး မေးလိုက်သည်။

အစောင့်အရှောက်ကျန်းမှာ သူ၏ဇနီးကို ကြည့်လိုက်ပြီး သူမ ဘာတွေးနေသည်ကို ချက်ချင်း သဘောပေါက်သွား၏။

သူမသည် အဆင့် (၃) သားရဲကို သူမ၏ မိသားစုအား ပြသချင်နေခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ဆိုစေကာမူ သေးငယ်သော ကျေးရွာများမှ လူများသည် သူတို့တစ်သက်တွင် အဆင့် (၃) သားရဲတစ်ကောင်ကိုပင် မြင်ဖူးချင်မှ မြင်ဖူးကြပေလိမ့်မည်။

ထို့အပြင် ကျန်းကတော်၏ မိသားစုမှာ ကျေးရွာတွင် အတော်လေး ထင်ရှားသော မိသားစု ဖြစ်သည်။ ထိုစဉ်က အစောင့်အရှောက်ကျန်းမှာ လူငယ်တစ်ဦး ဖြစ်ပြီး အစွမ်းအစ မရှိသဖြင့် သူတို့၏ အိမ်ထောင်ရေးအပေါ် အထင်အမြင်သေးမှုနှင့် လှောင်ပြောင်မှုများ ခံခဲ့ရဖူးသည်။

ဤနှစ်များတစ်လျှောက် အစောင့်အရှောက်ကျန်းမှာ နှုတ်ဆိတ်နေခဲ့သော်လည်း သူသည် ထိုအမှတ်ရစရာများကို မေ့ပျောက်နိုင်ခြင်း မရှိသည်ကို ကျန်းကတော်က သိရှိနေသည်။

ယခုတွင်မူ အစောင့်အရှောက်ကျန်း၏ သားရဲမှာ အဆင့် (၃) ဖြစ်နေပြီဖြစ်၍ သူ၏ အဆင့်အတန်းမှာ ချက်ချင်း မြင့်တက်သွားပြီ ဖြစ်သည်။ အကယ်၍ သူတို့ ယခု ပြန်သွားမည်ဆိုပါက သူမ၏ မိသားစုဝင်များမှာ သူမ၏ လင်ယောက်ျားကို မည်သည့်အခါမျှ အထင်အမြင်သေးရဲတော့မည် မဟုတ်ပေ။

ဤသို့ဖြင့် အစောင့်အရှောက်ကျန်း၏ ရင်ထဲမှ အဖုအထစ်မှာလည်း ပြေပျောက်သွားနိုင်ပေသည်။

"ဇနီးချောလေး... ကျေးဇူးတင်ပါတယ်"

အစောင့်ရှောက်သူကျန်းက သူမ၏ လက်များကို ဆုပ်ကိုင်၍ ပွတ်သပ်ပေးလိုက်ပြီးနောက် ပြောလိုက်၏။

"ဒါပေမဲ့ ငါအခုလောလောဆယ်တော့ မသွားနိုင်သေးဘူး... ကျောက်မိသားစုကို နောက်နှစ်ရက်နေရင် ကူညီပေးမယ်လို့ ကတိပေးထားလို့"

"ကျောက်မိသားစုလား... ဘာကူညီပေးရမှာလဲ"

ကျန်းကတော်က စပ်စုသော မျက်လုံးများဖြင့် မေးလိုက်သည်။

"ဘယ်သူသိမှာလဲ... ဒါပေမဲ့ သူတို့မှာ ပြဿနာတစ်ခုခု ရှိနေပြီး ကျွမ်းကျင်သူတွေကို စုဆောင်းနေတယ်လို့ ထင်ရတယ်... ငါကတော့ ကူညီပေးမယ်လို့ပဲ ပြောလိုက်တာ၊ ဒါပေမဲ့ သူတို့က တကယ်ပဲ လက်ခံလိုက်ကြတယ်... ဆန်းရှီက ဆင့်ကဲပြောင်းလဲသွားလို့လည်း ဖြစ်နိုင်တာပဲ... ဒါမှမဟုတ်ရင် သူတို့က ဒီလောက်လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး"

အစောင့်အရှောက်ကျန်း၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။

ကျောက်ဖေးဂုံးမှာ သူ၏ သားရဲ အဆင့် (၃) သို့ ဆင့်ကဲပြောင်းလဲသွားခြင်းကြောင့်သာ သူ့ကို ကူညီရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

"ကျောက်မိသားစုက ကျွမ်းကျင်သူတွေကို စုဆောင်းရတဲ့အထိ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာလား"

ကျန်းကတော်က ထိုအခြေအနေကို စဉ်းစားလိုက်သည်။ မိန်းမသားပီပီ သူမသည် ဆိုးကျိုးများကို ချက်ချင်း စတင် စဉ်းစားမိတော့၏။

သူမအတွက်မူ ကျောက်မိသားစုမှာ မျိုးဆက်ပေါင်းများစွာ ကြွယ်ဝချမ်းသာလာခဲ့ခြင်း ဖြစ်သည်။ သူတို့မှာ ကျူရိပ်မြို့တွင် အချမ်းသာဆုံး မိသားစု ဖြစ်ပြီး မြို့တော်ဝန်ပင်လျှင် သူတို့ကို လေးစားရပေသည်။ သူတို့မှာ မြို့တော်နှင့်ပင် အဆက်အသွယ်များ ရှိကြသည်။

ဤမျှ အစွမ်းထက်သော မိသားစုအတွက် သာမန်လူများကို ထားလိုက်ပါဦး၊ အစောင့်အရှောက်ကျန်း၏ မိသားစုမှာပင် သူတို့နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

ဤမျှ ကြီးမားသော မိသားစုအတွက် သူတို့ကို ထိတ်လန့်သွားစေလောက်သည့် ပြဿနာမျိုးမှာ လျှော့တွက်ထားပါက အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။

ကျန်းကတော်၏ ပထမဆုံး စိုးရိမ်ပူပန်မှုမှာ အစောင့်အရှောက်ကျန်းက သူတို့ကို ကူညီခြင်းဖြင့် ဒုက္ခများ ရောက်လာမည်လော ဟူသည်ပင် ဖြစ်သည်။

ချောင်မိသားစုကဲ့သို့ ထင်ရှားသော မိသားစုမျိုးမှာ လှိုင်းတံပိုးများကို ခံနိုင်ရည် ရှိသော်လည်း သူတို့မှာမူ ခံနိုင်ရည် မရှိပေ။

ထို့ကြောင့် သူမ၏ မျက်နှာတွင် စိုးရိမ်သော အမူအရာများ ပေါ်လာတော့သည်။

"စိတ်မပူပါနဲ့... ငါက ကူညီရုံပါပဲ... ပြီးတော့ ပြဿနာလည်း မရှိနိုင်ပါဘူး"

အစောင့်အရှောက်ကျန်းက ထိုကိစ္စကို များများစားစား မတွေးတောဘဲ ပြောလိုက်သည်။ သူသည်လည်း ထိုဖြစ်နိုင်ခြေကို စဉ်းစားခဲ့ဖူးသော်လည်း ကျောက်မိသားစုမှာ ကြီးမားလှသဖြင့် ထိုသို့သော အတားအဆီးများမှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဘဝဆိုသည်မှာ မည်သည့်အခါမျှ မချောမွေ့နိုင်သကဲ့သို့ ဤကဲ့သို့သော ကြီးမားသည့် မျိုးနွယ်စုကြီးများတွင်လည်း အလားတူပင် ဖြစ်သည်။ နည်းပညာအရ ပြောရလျှင် သူတို့မှာ ရောက်ရှိလာတော့မည့် မုန်တိုင်းကို ပြဿနာမရှိဘဲ ကျော်လွှားနိုင်သင့်ပေသည်။

All Chapters