အခန်း (၃၃၅-၃၃၆)
Vol. 17 Ch. 335-336
အခန်း (၃၃၅) - တစ်လအတွင်း အဆင့် (၄) သို့ မြှင့်တင်ပေးခြင်း
လင်းကျင်းသည် ရဲ့ယွီကျိုးအား ဆင့်ကဲပြောင်းလဲနည်းစနစ်ကို ပေးအပ်ထားပြီးဖြစ်သဖြင့် သူ့ကို ဦးစားပေးစာရင်းမှ ဖယ်ထုတ်ထားနိုင်သည်။ ဟွမ်ဖူမင်၏ သားရဲမှာ အဆင့် (၃) ဖြစ်ပြီး လင်းကျင်း၏ လက်ရှိအဆင့်အရ ထိုသတ္တဝါကို အကဲဖြတ်ရန်မှာ အတော်လေး လွယ်ကူလှပေသည်။
အခြားသော နည်းပြများ၏ သားရဲများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
ရှီဝမ်ကျွင်း ပြောပြသော စံအိမ်မှာ သေချာပေါက်ပင် အနီးနား၌ရှိပြီး တည်နေရာမှာ အချက်အချာကျလှသည်။
စံအိမ်သို့ ဦးတည်သော လမ်းကြားမှာ တိတ်ဆိတ်ပြီး အရည်အသွေးကောင်းသော အပြာရောင်အုတ်ခဲများ ခင်းထား၏။ သစ်သားနှစ်ထပ်တံခါး၏ အပြင်ဘက်တွင် သေးငယ်သော်လည်း လက်ရာမြောက်စွာ ထွင်းထုထားသော သားရဲရုပ်တုတစ်ခု ရှိသည်။ အထဲတွင်မူ ခြံဝင်းမှာ ထင်မှတ်မထားလောက်အောင် ကျယ်ဝန်းပြီး အပြင်ဘက်တွင် မြင်တွေ့ခဲ့ရသော အပြာရောင်အုတ်ခဲများကိုပင် ခင်းကျင်းထားသည်။ ခြံဝင်းနံရံတွင် စိမ်းလန်းသော ကျားရုပ်တုတစ်ခု ရှိပြီး သားရဲခြံတစ်ခုမှာလည်း ရှေ့တည့်တည့်တွင် တည်ရှိနေကာ အလွန်ပင် သန့်ရှင်းသပ်ရပ်နေသည်။
လင်းကျင်းသည် ဤနေရာကို ချက်ချင်းပင် သဘောကျသွားတော့သည်။
၎င်းမှာ တိတ်ဆိတ်သော နေရာဖြစ်ပြီး သူ၏ အိမ်ဟောင်းထက် များစွာ ပိုမိုသန့်ရှင်းသည်။ မည်သို့ဆိုစေကာမူ ထိုခြံဝင်းတွင် ဤကဲ့သို့သော အုတ်ကြွပ်များ မရှိပေ။ မိုးရွာတိုင်း ထိုနေရာမှာ ရွှံ့ဗွက်အိုင်ကြီး ဖြစ်သွားတတ်သည်။
ခြံဝင်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းသွားကြစဉ် သူတို့သည် အတွင်းဝင်းထဲသို့ ဝင်ရောက်ရန် ဂိတ်တံခါးတစ်ခုကို ဖြတ်ကျော်ခဲ့ကြသည်။ ခြံဝင်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ပရိဘောဂအပြည့်အစုံ ပါဝင်သော သီးခြားအဆောက်အအုံများ ရှိနေ၏။ အကောင်းဆုံးအချက်မှာ ခြံဝင်း၏ အဆုံးရှိ ခန်းမကြီးပင် ဖြစ်သည်။
"ဒါက တကယ့်ကို ကောင်းမွန်တဲ့ စံအိမ်ကြီးပဲ"
ရဲ့ယွီကျိုးက ချီးကျူးလိုက်သည်။ ဤနေအိမ်မှာ ရှီဝမ်ကျွင်းက လင်းကျင်းအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ကြောင်း သူ ခရီးတစ်လျှောက်တွင် သိရှိခဲ့ပြီး ဖြစ်သည်။ သူသည် မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ဘဲ ဤနေရာကို အမှန်တကယ်ပင် အထင်ကြီးနေခြင်း ဖြစ်သည်။
အခြားသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကြ၏။
အထူးသဖြင့် လော့ပေဟယ်ပင် ဖြစ်သည်။ သူမသည် စံအိမ်ကို လိုက်လံကြည့်ရှုရင်း မျက်လုံးများမှာ ဝင်းလက်နေ၏။ သူမသည် လင်းကျင်းကဲ့သို့ပင် ဤနေရာကို သဘောကျနေပုံရပြီး လင်းကျင်းထက်ပင် ပိုကောင်း ပိုနေပေလိမ့်မည်။
"သခင်မရှီ၊ ဒီစံအိမ်က ဘယ်လောက်တန်လဲ"
လော့ပေဟယ်က ပေါက်ဈေးကို သိချင်ပုံရသဖြင့် မေးလိုက်သည်။
ရှီဝမ်ကျွင်းက ပြုံးလိုက်ပြီး လင်းကျင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
"ဒီစံအိမ်ကို ဥက္ကဋ္ဌလင်းဆီ ငွေပြားသုံးထောင်နဲ့ ရောင်းပေးမှာပါ"
"သုံးထောင်..."
လော့ပေဟယ်၏ မျက်လုံးများ ပြူးကျသွားသော်လည်း သူမ တစ်စုံတစ်ခု ထပ်မပြောနိုင်မီမှာပင် ဆရာကြီးယီက သူမကို အမြန်ဆွဲထုတ်သွားခဲ့သည်။
သူမက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ဆရာကြီးယီကို မကျေမနပ် ကြည့်လိုက်၏။ ဆရာကြီးယီက သူမ၏ နားနားတွင် တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သောအခါ လော့ပေဟယ်၏ မျက်နှာတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့် အမူအရာ ပေါ်လာသည်။ ထို့နောက် သူမက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာလို့ တခြားလူတွေပဲ ဒီလို အခွင့်အရေးမျိုး ရနေရတာလဲ"
အခြားသူများမှာလည်း ဘာတွေဖြစ်နေသည်ကို သိကြသဖြင့် စိတ်ထဲမှသာ ရယ်မောနေကြသည်။ လင်းကျင်းမှာလည်း ထိုအချက်ကို သတိပြုမိသော်လည်း ဘာမှ မပြောပေ။
ရှီဝမ်ကျွင်းသည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် သူမ၏ မိသားစုအပေါ် ထားရှိသော ကျေးဇူးကြွေးများကို ဆပ်ရန်အတွက် ဈေးနှုန်းကို အတတ်နိုင်ဆုံး လျှော့ချပေးထားခြင်း ဖြစ်သည်။
လင်းကျင်းမှာလည်း ထိုအချက်ကို သိရှိထားသည်။
အစပိုင်းတွင် သူသည် ဤစံအိမ်ကို လက်ခံရန် ဆန္ဒမရှိခဲ့သော်လည်း ၎င်းမှာ သူ မျှော်လင့်ထားသည်ထက် ပို၍ ကောင်းမွန်နေသည်။ ဝင်းခြံထဲရှိ သစ်ပင်အိုကြီးမှာလည်း အလွန်ပင် လှပလှသည်။ လင်းကျင်းသည် ထိုနေရာရှိ အရာအားလုံးကို သဘောကျနေမိသည်။
ထိုသို့ဆိုလျှင် ဤကမ်းလှမ်းချက်ကို အဘယ်ကြောင့် ငြင်းပယ်ရမည်နည်း။
အကယ်၍ ၎င်းကို ယူရသည်မှာ စိတ်ထဲတွင် တကယ်ပင် အားနာနေပါက သူတို့၏ သားရဲအချို့ကို ဆင့်ကဲပြောင်းလဲပေးခြင်း သို့မဟုတ် ဆေးညွှန်းအချို့ ပိုပေးခြင်းတို့ ပြုလုပ်ပေးရုံသာ ရှိသည်။
လင်းကျင်းသည် ထိုအကြောင်းပြချက်များကို အသုံးပြု၍ ဤကမ်းလှမ်းချက်ကို လက်ခံရန် မိမိကိုယ်ကိုယ် နားချလိုက်၏။
ဤနေရာပင် ဖြစ်ရမည်။
လင်းကျင်းမှာ ယနေ့ပင် ဤနေရာသို့ ပြောင်းရွှေ့ရန် စီစဉ်လိုက်သည်။
ဤနေရာသို့ စောစောပြောင်းလေ ပိုကောင်းလေပင်။ ရှန်းအာနှင့် ရှောင်ဝူတို့မှာ ကျဉ်းကျပ်သော နေရာတွင် နေထိုင်နေရသဖြင့် သူ အားနာမိပြီး သူတို့မှာလည်း ဤနေရာသစ်ကို ပို၍ သဘောကျကြလိမ့်မည်ဟု သူ ထင်မိသည်။
ထို့နောက်တွင် လင်းကျင်းမှာ စံအိမ်တော်တစ်ခုလုံးကို စိတ်ဝင်တစား လိုက်လံကြည့်ရှုခဲ့သည်။ ကြည့်လေလေ ပို၍ သဘောကျလေလေပင် ဖြစ်သည်။
လော့ပေဟယ်က ထောင့်တစ်နေရာတွင် ဟွမ်ဖူမင်အား တိုးတိုးလေး ပြောလိုက်၏။
"ဆရာကြီးဟွမ်ဖူ... လင်းကျင်းက တကယ်ပဲ ဒီစံအိမ်ကို လက်ခံလိုက်တာလား... ဒီနေရာက ပရိဘောဂတွေတင် ငွေပြားသုံးထောင်ထက် ပိုတန်တယ်... သူက သခင်မရှီကို ဒီလောက်အထိ ဈေးနှိမ်ပြီး ယူရတာကို အားမနာဘူးလား"
ဟွမ်ဖူမင်မှာ ဖြောင့်မတ်သော လူတစ်ဦး ဖြစ်သည်။ သူသည် လင်းကျင်း၏ အရည်အချင်းနှင့် အဆင့်အတန်းကို အသိအမှတ်ပြုသော်လည်း မိမိနှင့် ထိုက်တန်သော အရာကိုသာ လက်ခံသင့်သည်ဟု ယူဆထားသူ ဖြစ်သည်။ ဤစံအိမ်မှာ အနည်းဆုံး ငွေပြားနှစ်သောင်းခန့် တန်ကြေးရှိမည်ကို သူ သိရှိထားသဖြင့် လင်းကျင်းက သုံးထောင်နှင့် ဝယ်ယူခြင်းမှာ မမျှတသော အပေးအယူတစ်ခုဟု သူ ထင်မြင်မိသည်။ လင်းကျင်းမှာ ရှီမိသားစု၏ အခက်အခဲများကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့သူဖြစ်ကြောင်း ရဲ့ယွီကျိုးက ပြောပြခဲ့သဖြင့် ၎င်းမှာ သူတို့၏ ကျေးဇူးဆပ်ခြင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း သူတစ်ပါးအပေါ် အခွင့်ကောင်းယူခြင်းမှာ လူကြီးလူကောင်းတစ်ဦးနှင့် မသင့်တော်ပေ။
"လင်းကျင်းက အတော်လေး ဘဝင်မြင့်လာပြီပဲ"
ဟွမ်ဖူမင်က အကူအညီမဲ့စွာ ခေါင်းခါရင်း ပြောလိုက်ရာ လော့ပေဟယ်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြ၏။
ဆရာကြီးယီမှာမူ မည်သည့် မှတ်ချက်မျှ မပေးဘဲ အကူအညီမဲ့သော အပြုံးတစ်ခုကိုသာ ပြလိုက်သည်။ သို့သော် ရဲ့ယွီကျိုးက မျက်မှောင်ကြုတ်လိုက်၏။
"ဆရာကြီးဟွမ်ဖူ... ဆရာမပေဟယ်... ကျုပ် လင်းကျင်းရဲ့ စရိုက်ကို ကောင်းကောင်း သိပါတယ်... သူက ဒီစံအိမ်ကို လက်ခံတယ်ဆိုရင် ရှီမိသားစုကို ဒီထက် ပိုကောင်းတဲ့ အရာတစ်ခုခု ပြန်ပေးမှာ သေချာတယ်... ပြီးတော့ ကျုပ် အားလုံးကို အရင်က ပြောဖူးသလိုပဲ၊ လင်းကျင်းက သာမန်လူ မဟုတ်ဘူး... အားလုံးရဲ့ သားရဲတွေ ဆင့်ကဲပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ ဆိုတာက အခု သူ့အပေါ်မှာပဲ မူတည်နေတာ"
ရဲ့ယွီကျိုးမှာ အရင်ကလည်း ထိုကဲ့သို့ ပြောဆိုခဲ့ဖူးသော်လည်း ယခုကဲ့သို့ တိုက်ရိုက်ကြီး ပြောခဲ့ခြင်း မရှိပေ။ သူသည် သူ၏ မိတ်ဆွေကောင်းများအား လင်းကျင်းမှာ သူတို့ မစော်ကားသင့်သော သူတစ်ဦးဖြစ်ကြောင်း သိစေချင်ရုံသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လင်းကျင်းကို စော်ကားခြင်းမှာ 'ပြတိုက်မှူး' ကို စော်ကားခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်တည်း။
ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်ပင်လျှင် 'ပြတိုက်မှူး' ကို မစော်ကားရဲပေ၊ ထို့ကြောင့် သူတို့မှာ အရှင်မင်းကြီးထက် ပို၍ စွမ်းအားကြီးသည်ဟု ယူဆနေကြသလော။
ရဲ့ယွီကျိုး၏ စကားကို ကြားသောအခါ ဟွမ်ဖူမင်နှင့် လော့ပေဟယ်တို့မှာ ထပ်မံ မပြောတော့ပေ။
ထိုအတောအတွင်း လင်းကျင်းမှာ စံအိမ်တော်ကို လိုက်ကြည့်၍ ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူသည် အလွန်ပင် ကျေနပ်အားရနေ၏။ သို့သော်လည်း ဤစံအိမ်မှာ အလွန်ပင် တန်ဖိုးကြီးမားရမည်ကို သူ ဝန်ခံပေသည်။
သူက ရှီဝမ်ကျွင်းကို ကြည့်လိုက်သောအခါ သူမက ပြုံးလိုက်၏။
"ဥက္ကဋ္ဌလင်း... အများကြီး မတွေးပါနဲ့... ကျွန်မက ရှင့်ရဲ့ ကျေးဇူးကို တကယ် ပြန်ဆပ်ချင်ရုံတင်ပါ"
"ကောင်းပြီလေ.. ဒါဆိုရင်လည်း ထားလိုက်ပါတော့... ကျုပ် ဒီစံအိမ်ကို သဘောကျပါတယ်.. ဒါပေမဲ့ ဒီလောက် တန်ဖိုးရှိတဲ့ အရာကို အလကားတော့ မယူနိုင်ဘူး"
လင်းကျင်းက ရှီဝမ်ကျွင်း၏ သမင်ဖြူအပေါ်သို့ အာရုံပြောင်းလိုက်သည်။
ရှီဝမ်ကျွင်း၏ သားရဲမှာ လုအာဟု အမည်ရသည်ကို လင်းကျင်း သိရှိထားသည်။ ထို့အပြင် ၎င်းမှာ သာမန် သွေးမျိုးဆက်ရှိသော အဆင့် (၂) သာ ဖြစ်ကြောင်းကိုလည်း သူ သိသည်။ သမင်ဖြူမှာ ထူးခြားသော ရှားပါးသားရဲ တစ်မျိုးတော့ မဟုတ်ပေ။
လင်းကျင်း၏ အရည်အချင်းများ ဤမျှအထိ ထူးခြားခြင်း မရှိသေးစဉ်ကပင် ဤသမင်ကို ဆင့်ကဲပြောင်းလဲရန်မှာ အားစိုက်ထုတ်စရာ မလိုခဲ့ပေ။ ယခုတွင်မူ သူသည် ပို၍ပင် အလွယ်တကူ ပြုလုပ်နိုင်ပြီ ဖြစ်သည်။
လင်းကျင်းက သမင်၏ ဦးခေါင်းကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်၏။
"မင်းရဲ့ သွေးမျိုးဆက်နဲ့ အလားအလာက သာမန်ပဲ ရှိတာဆိုတော့ မင်းရဲ့ သခင်က မင်းကို ဘယ်လောက်ပဲ ကောင်းတဲ့ ဆေးတွေ ကျွေးပါစေ၊ အဆင့် (၃) ဖြစ်ဖို့ နောက်ထပ် သုံးနှစ်လောက် ကြာလိမ့်မယ်... ဒါပေမဲ့ အဲဒီနောက်မှာ အဆင့် (၃) က မင်းရဲ့ အကန့်အသတ် ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ မင်း ကံကောင်းသွားပြီ၊ ဘာလို့လဲဆိုတော့ ငါက မင်းကို ဒီနေ့ပဲ အဆင့် (၃) ဖြစ်အောင် ကူညီပေးမှာမို့လို့ပဲ... ပြီးတော့ နောက်တစ်လအတွင်းမှာ မင်းကို အဆင့် (၄) အထိ ရောက်အောင် မြှင့်တင်ပေးမယ်လို့ ငါ ကတိပေးတယ်... ဒါက မင်းရဲ့ သခင်က ငါ့ကို ဒီစံအိမ် လက်ဆောင်ပေးတဲ့ ကျေးဇူးကို ပြန်ဆပ်တာပဲ"
လင်းကျင်းသည် သူ၏ အသံကို ဖုံးကွယ်ရန် မကြိုးစားပေ။ ရှီဝမ်ကျွင်းမှာ ထိုစကားကို ကြားလိုက်ရသလို၊ ရဲ့ယွီကျိုး၊ ဟွမ်ဖူမင်၊ လော့ပေဟယ်နှင့် အခြားသူများလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
လင်းကျင်း၏ စကားကြောင့် ကွဲပြားသော အတွေးအမြင်များ ပေါ်ပေါက်လာ၏။
ရဲ့ယွီကျိုးမှာမူ လင်းကျင်းကို သေချာပေါက် မသံသယဖြစ်ပေ။ အကယ်၍ အခြားသူတစ်ဦးကသာ ထိုသို့ ပြောခဲ့လျှင် သူ သံသယဖြစ်မိမည် ဖြစ်သော်လည်း၊ လင်းကျင်းက ပြောခြင်းဖြစ်သဖြင့် ၎င်းမှာ အမှန်တရားကဲ့သို့ပင် ခိုင်မာလှသည်။
ကြည့်ရသည်မှာ နောက်တစ်လအတွင်း ရှီမိသားစုတွင် အဆင့် (၄) သားရဲတစ်ကောင် ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ဤသည်မှာ ငွေကြေးတန်ဖိုးနှင့် တိုင်းတာ၍ ရသော အရာမဟုတ်ပေ။ အဆင့် (၄) သားရဲတစ်ကောင်မှာ အလတ်စားနိုင်ငံတစ်ခု၏ အစောင့်အရှောက် ဖြစ်သဖြင့် ငွေပြားတစ်သောင်းကို ထားလိုက်ပါဦး၊ ငွေပြားတစ်သိန်း ပေးရလျှင်ပင် ပိုင်ဆိုင်ထိုက်သော အရာ ဖြစ်သည်။
ရှီဝမ်ကျွင်း၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျသွားတော့သည်။
လင်းကျင်းက သူမ၏ သားရဲကို ဆင့်ကဲပြောင်းလဲရန် ကူညီပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း အဆင့် (၄) အထိ ဖြစ်လာလိမ့်မည်ဟုမူ မထင်ထားခဲ့ပေ။ ၎င်းမှာ ငွေပြားဆယ်ပြား တောင်းခံခဲ့ရာမှ တစ်သောင်း ပြန်ရလိုက်သကဲ့သို့ပင် ဖြစ်သည်။
သူတောင်းစားတစ်ဦးမှာ တစ်ညအတွင်း သူဌေးကြီး ဖြစ်သွားသကဲ့သို့ပင်။
ရှီဝမ်ကျွင်း၏ ခံစားချက်မှာလည်း ထိုသို့ပင် ဖြစ်သည်။ သူမသည် အဆင့် (၄) သားရဲတစ်ကောင်၏ အဓိပ္ပာယ်ကို ကောင်းစွာ သိရှိထားသဖြင့် အနည်းငယ် စိုးရိမ်ပူပန်မှုများလည်း ရှိနေပုံရသည်။
အခန်း (၃၃၆) - အားလုံးကို အထင်ကြီးသွားစေခြင်း
သားရဲတစ်ကောင်ကို အဆင့် (၄) သို့ မြှင့်တင်ရန်မှာ ထိုမျှလောက် လွယ်ကူပါသလော။
ရှီဝမ်ကျွင်းမှာ လင်းကျင်းကို ယုံကြည်ပြီး သူသည် လက်ရှိတွင် အရည်အချင်းပြည့်ဝသော အဆင့် (၃) သားရဲအကဲဖြတ်မှူးတစ်ဦးဖြစ်ကြောင်း သိရှိထားသည်။ သို့သော်လည်း အဆင့် (၄) သားရဲအကဲဖြတ်မှူးများသာ သားရဲများကို အဆင့် (၄) သို့ မြှင့်တင်ပေးနိုင်သည်ဟူသော ကောလာဟလများ ရှိနေခဲ့သည်။
သူမအနေဖြင့် သံသယဖြစ်မိသည်မှာ အလွန်ပင် သဘာဝကျလှပေသည်။
ရှီဝမ်ကျွင်းပင် ဤသို့ ခံစားနေရလျှင် အခြားသူများ မည်သို့တွေးမည်ကို မြင်ယောင်ကြည့်နိုင်ပါသည်။
လော့ပေဟယ်၏ မျက်လုံးများ ပြူးကျသွားပြီး သူမက ခေါင်းခါလိုက်၏။
"သူက ပါရမီရှင်တစ်ယောက်ဆိုတာ ဟုတ်ပါတယ်.. ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"
လင်းကျင်းအပေါ် ထားရှိသော လော့ပေဟယ်၏ အမြင်မှာ အစကတည်းက ပြောင်းလဲခဲ့ခြင်း မရှိပေ။ သူမသည် သူ့ကို အထင်ကြီးလေးစားပါသည်၊ အထူးသဖြင့် သူမ၏ တပည့်ဖြစ်သူ စုပေါင်အာကို မန္တန်သုတေသနပြုရာတွင် ကူညီပေးခဲ့စဉ်ကတည်းက ဖြစ်သည်။ ထိုအချိန်မှစ၍ လင်းကျင်းတွင် ကြီးမားသော အလားအလာရှိကြောင်း လော့ပေဟယ်က အသိအမှတ်ပြုခဲ့သည်။
သို့သော်ငြားလည်း ယောက်ျားတစ်ယောက်မှာ ဤမျှအထိတော့ ဘဝင်မမြင့်သင့်ပေ။
ဟွမ်ဖူမင်ကလည်း ခေါင်းခါလိုက်၏။ လင်းကျင်းမှာ မည်မျှအထိ အရည်အချင်းရှိကြောင်းကို သူ သိရှိထားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏တပည့် လုယွန်ဟယ်၏ သားရဲ အဆင့် (၃) သို့ ဆင့်ကဲပြောင်းလဲနိုင်ခဲ့ခြင်းမှာ လင်းကျင်းကြောင့် ဖြစ်သောကြောင့်တည်း။
ကျောက်စိမ်းနဂါးနိုင်ငံတွင် ဤကဲ့သို့ အရည်အချင်းရှိသော သားရဲအကဲဖြတ်မှူး လက်တစ်ဆုပ်စာသာ ရှိသဖြင့် လင်းကျင်း အဆင့် (၃) သို့ ရာထူးတိုးမြှင့်ခံရပြီး မေပယ်မြို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ အကြီးအကဲ ဖြစ်လာသောအခါ မည်သူမျှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ ဟွမ်ဖူမင်မှာလည်း လင်းကျင်းအတွက် အခြားသူများကဲ့သို့ပင် ဝမ်းသာပေးခဲ့သည်။
သို့သော်လည်း အဆင့် (၃) မှ အဆင့် (၄) သို့ ကူးပြောင်းခြင်းမှာ အဆင့်တစ်ခုသာ ကွာခြားသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
အဆင့် (၃) သားရဲတစ်ကောင်ကို အဆင့် (၄) သို့ မြှင့်တင်ရန် ခက်ခဲမှုမှာ သာမန်လူတစ်ယောက်အနေဖြင့် မည်သို့မျှ ဖြစ်နိုင်ချေရှိသည်ဟုပင် စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်ကြောင်း ဟွမ်ဖူမင်က ကောင်းကောင်းသိထားသည်။ ဤနှစ်များတစ်လျှောက် သူသည် သူ၏သားရဲအတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပေးခဲ့သည်။
သူ၏ သားရဲမှာ အဆင့် (၃) တွင် ရပ်တန့်နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူ၏ အဆင့်အတန်းနှင့် အရင်းအမြစ်များအရ သူသည် မည်သို့ပင်ဖြစ်စေ သားရဲကို အဆင့် (၄) သို့ ရောက်အောင် ပြုလုပ်နိုင်သင့်ပေသည်။
သို့သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်တိုင် သူသည် ဤအောင်မြင်မှုကို မရရှိခဲ့သေးပေ။
ဟွမ်ဖူမင်သည် ဆင့်ကဲပြောင်းလဲနည်းစနစ်တစ်ခုကို ရရှိရန် ကျောက်စိမ်းနဂါးနိုင်ငံရှိ နာမည်ကြီး သားရဲအကဲဖြတ်မှူးတိုင်းထံသို့ သွားရောက် အကူအညီတောင်းခဲ့သော်လည်း အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
မြို့တော်ရှိ အဆင့် (၃) သားရဲအကဲဖြတ်မှူးများရော၊ လွတ်လပ်သော အကဲဖြတ်မှူးများပါ သူ့အတွက် အဖြေမထုတ်ပေးနိုင်ခဲ့ကြပေ။ သူတို့ဘက်မှ အကြံဉာဏ်အချို့ ပေးခဲ့သည့်တိုင် ကြိုးစားမှုတိုင်းမှာ ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ထို့နောက်တွင် ဟွမ်ဖူမင်မှာ လုံးဝ စိတ်ပျက်အားငယ်သွားခဲ့တော့သည်။ သူ၏ အဖော်မွန်ကို ဆင့်ကဲပြောင်းလဲရန် ကြိုးစားနေသည့် အချည်းနှီးသော ခရီးစဉ်ကို လက်လျှော့ရန် သူ ဆုံးဖြတ်ခဲ့၏။
သို့သော်ငြားလည်း အခွင့်အလမ်းတစ်ခုသာ ပေါ်ပေါက်လာပါက သူသည် ထိုအရာကို လက်လွတ်ခံမည် မဟုတ်ပေ။
ဤလုပ်ငန်းစဉ်မှာ မည်မျှအထိ ခက်ခဲပင်ပန်းလှသည်ကို လက်ရှိရှိနေသူများထဲတွင် ဟွမ်ဖူမင်က အသိဆုံး ဖြစ်သည်။ ယခုလောလောဆယ်တွင်မူ အဆင့် (၃) မှ အဆင့် (၄) သို့ မြှင့်တင်ခြင်းမှာ သားရဲ၏ ကိုယ်ပိုင်အလားအလာနှင့် ကံတရားအပေါ်တွင်သာ မူတည်နေသကဲ့သို့ ဖြစ်နေ၏။ မဟုတ်ပါက ဆင့်ကဲပြောင်းလဲခြင်းအကြောင်း ပြောဆိုခြင်းမှာ စိတ်ကူးယဉ်အိမ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ရှီဝမ်ကျွင်း၏ သမင်ဖြူမှာ အလွန်ပင် သာမန်ဆန်လှသော သားရဲတစ်ကောင် ဖြစ်သည်။ သူသည် သားရဲအကဲဖြတ်ခြင်းတွင် ကျွမ်းကျင်သူ မဟုတ်သော်လည်း ဟွမ်ဖူမင်အနေဖြင့် ထိုမျှလောက်တော့ သိရှိပေသည်။ ထို့ကြောင့် လက်ရှိ အဆင့် (၂) ရှိသော သမင်ဖြူကို တစ်လအတွင်း အဆင့် (၄) သို့ ရောက်အောင် မြှင့်တင်ပေးမည်ဟူသော လင်းကျင်း၏ ကတိကို ဟွမ်ဖူမင်မှာ သံသယဖြစ်ရုံတင်မကဘဲ လုံးဝကို မယုံကြည်ခြင်း ဖြစ်သည်။
တစ်လအတွင်း အဆင့် (၃) သို့ ရောက်နိုင်ပါ့မလားဆိုသည်မှာပင် ပြဿနာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သူသည် ထိုသို့ ကောက်ချက်ချထားသော်လည်း အပြင်သို့ ထုတ်ဖော်မပြောဘဲ လင်းကျင်းနှင့် စကားပြောရန် အခွင့်အရေးတစ်ခုကိုသာ ရှာဖွေရမည်ဟု ဆုံးဖြတ်လိုက်သည်။
လင်းကျင်းအား သူ၏သားရဲကို အကဲဖြတ်ပေးရန် မျှော်လင့်ချက်မှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။
ဆရာကြီးယီမှာမူ ဘာမှမပြောဘဲ လင်းကျင်းကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ တစ်လအတွင်း သားရဲတစ်ကောင်ကို အဆင့် (၄) သို့ မြှင့်တင်ပေးမည်ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ ထင်ရသော်လည်း လင်းကျင်း၏ မျက်လုံးထဲမှ တည်ငြိမ်မှုနှင့် သူ၏ အသံနေအသံထားထဲမှ ယုံကြည်မှုကို မြင်တွေ့ရသည့်အခါ ၎င်းမှာ လိမ်ညာနေခြင်း သို့မဟုတ် အပိုပြောနေခြင်းမျိုး မဟုတ်ဟု ဆရာကြီးယီက ထင်မြင်မိသည်။
"ဖြစ်နိုင်ရင်လည်း ဖြစ်နိုင်မှာပါ..."
ဆရာကြီးယီက တိုးတိုးလေး ရေရွတ်လိုက်၏။
ထိုစကားကို ကြားသောအခါ ရဲ့ယွီကျိုးက ဆရာကြီးယီကို ပြောလိုက်သည်။
"ဖြစ်နိုင်ရင်လည်း ဖြစ်နိုင်မှာပါ မဟုတ်ဘူး၊ သေချာပေါက် ဖြစ်မှာပါ"
ရဲ့ယွီကျိုးကဲ့သို့သော သူတစ်ဦးထံမှ အတည်ပြုချက်ကို ကြားလိုက်ရသဖြင့် သူတို့မှာ သတိကြီးစွာ ထားလိုက်ကြ၏။
လော့ပေဟယ်နှင့် ဟွမ်ဖူမင်တို့လည်း ထိုစကားကို ကြားလိုက်ရသည်။
သူတို့မှာ ဘာမှ ထုတ်မပြောသော်လည်း ရဲ့ယွီကျိုးက လင်းကျင်းအပေါ် အဘယ်ကြောင့် ဤမျှအထိ ယုံကြည်မှု ရှိနေရသနည်းဆိုသည်ကို နှစ်ဦးစလုံး နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သူတို့ စဉ်းစားနေစဉ်မှာပင် သမင်ဖြူထံမှ စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ထို့နောက် သမင်ဖြူမှာ ရုတ်တရက် ကြီးထွားလာ၏။ သစ်သားဓာတ် စွမ်းအင်လှိုင်းများက သမင်ကို လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်ရှိ လေထုထဲတွင်လည်း ဆေးနံ့များ ပျံ့လွင့်လာတော့သည်။
ဤသစ်သားဓာတ် စွမ်းအင်များ၏ အာဟာရကြောင့် ဝင်းခြံထဲရှိ အပင်အချို့မှာ လျင်မြန်စွာ ကြီးထွားလာကြ၏။ ပန်းအချို့ဆိုလျှင် စက္ကန့်ပိုင်းအတွင်းမှာပင် နွေဦးရာသီသို့ ရောက်ရှိသွားသကဲ့သို့ ဖူးပွင့်လာကြသည်။
ဤအရာအားလုံးမှာ သူတို့၏ မျက်စိရှေ့တွင်တင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
အဆင့် (၃) သို့ ရောက်ရှိသွားသော သားရဲတစ်ကောင်မှာ ၎င်း၏ ဓာတ်စွမ်းအားများကို အသုံးပြုနိုင်ရုံသာမက ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားကိုလည်း ပြောင်းလဲနိုင်ပေသည်။ ဤသည်မှာ အခြေခံဗဟုသုတ ဖြစ်သဖြင့် ကျင့်ကြံသူများအသင်း၏ နည်းပြများဖြစ်ကြသော လော့ပေဟယ်နှင့် ဟွမ်ဖူမင်တို့မှာ ကောင်းကောင်း သိရှိထားကြသည်။
ယခုတွင်မူ သူတို့မှာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မစေ့နိုင်အောင် ဖြစ်နေကြ၏။
ရှီဝမ်ကျွင်း၏ သမင်ဖြူမှာ အမှန်တကယ်ပင် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အချိန်တိုလေးအတွင်းမှာပင် အဆင့် (၂) မှ အဆင့် (၃) သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။
လင်းကျင်းက ဒါကို ဘယ်လိုများ လုပ်လိုက်တာလဲ။
လင်းကျင်းအနေဖြင့် အဆင့် (၂) သားရဲတစ်ကောင်ကို အဆင့် (၃) သို့ မြှင့်တင်ပေးနိုင်သည်ကို သူတို့ မသံသယဖြစ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် အရင်ကလည်း ထိုသို့ လုပ်ပြခဲ့ဖူးသောကြောင့်တည်း။ သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ ဤလုပ်ငန်းစဉ်မှာ သူတို့ သတိပင် မထားမိလိုက်လောက်အောင် မြန်ဆန်လွန်းနေခြင်း ဖြစ်သည်။
"ဒါ... ဒါက..."
လော့ပေဟယ်မှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ဟိုတုန်းက သူမ၏ သားရဲကို အဆင့် (၃) သို့ ရောက်အောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည့် အမှတ်ရစရာများမှာ သူမ၏ ရင်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ လင်းကျင်း အားစိုက်ထုတ်လိုက်သည့် အဆင့်အတန်းမှာ လော့ပေဟယ်၏ ကြိုးစားမှုများကို ပြက်ရယ်ပြုနေသကဲ့သို့ပင် ဖြစ်နေ၏။
"သူက သမင်ကို အဆင့် (၃) ဖြစ်အောင် မိနစ်ပိုင်းလေးပဲ အချိန်ယူလိုက်ရတာပဲ... သူ ဒါကို တကယ် လုပ်နိုင်ခဲ့လိမ့်မယ်လို့ မယုံနိုင်စရာပဲ"
ဟွမ်ဖူမင်၏ အမူအရာမှာ တုံ့ဆိုင်းသွားပြီးနောက် သူက ရယ်မောလိုက်သည်။
"ညီအစ်ကိုယွီကျိုးက လင်းကျင်းကို ဘာလို့ ဒီလောက်အထိ အထင်ကြီးနေရသလဲဆိုတာ ကျုပ် အခု သိပါပြီ... တစ်လအတွင်း သမင်ကို အဆင့် (၄) ဖြစ်အောင် လုပ်ပေးမယ်ဆိုတာက အခုတော့ ပိုပြီး ယုံကြည်စရာ ကောင်းသွားပြီ"
ဟွမ်ဖူမင်မှာ လင်းကျင်းကို အမြဲတမ်း အထင်ကြီးခဲ့သော်လည်း အစောပိုင်းကမူ လင်းကျင်းက ကြွားလုံးထုတ်နေသည်ဟုသာ ထင်မြင်ခဲ့မိသည်။ သို့သော်လည်း အမှန်တရားမှာ စကားလုံးများထက် ပို၍ ကျယ်လောင်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့် (၂) သားရဲကို အဆင့် (၃) သို့ မြှင့်တင်ပေးနိုင်ခြင်းမှာ လင်းကျင်းမှာ သာမန် အဆင့် (၃) သားရဲအကဲဖြတ်မှူးများထက် များစွာ သာလွန်နေကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
ကျောက်စိမ်းနဂါးနိုင်ငံရှိ အခြားသော မည်သည့် အဆင့် (၃) သားရဲအကဲဖြတ်မှူးက ဤကဲ့သို့သော မြန်နှုန်းနှင့် စွမ်းဆောင်ရည်မျိုး ရှိပါသနည်း။
ဘယ်သူမှ မရှိပါ။
တစ်ယောက်မှ မရှိခဲ့ပေ။
"လင်းကျင်းရဲ့ အရည်အချင်းက အခုဆိုရင် အဆင့် (၄) သားရဲအကဲဖြတ်မှူးတစ်ယောက်ရဲ့ စံနှုန်းမှာ ရှိနေပြီလို့ ထင်ရတယ်"
ရဲ့ယွီကျိုးက ရုတ်တရက် ဗုံးတစ်လုံး ပစ်ချလိုက်ရာ လူတိုင်းမှာ အံ့ဩလွန်းသဖြင့် အသက်ပင် ရှူမှားမတတ် ဖြစ်သွားကြသည်။
အဆင့် (၄) သားရဲအကဲဖြတ်မှူးဆိုသည်မှာ နောက်ပြောင်စရာ မဟုတ်ပေ။
မည်သည့်နေရာတွင်မဆို အဆင့် (၄) သားရဲအကဲဖြတ်မှူးတစ်ဦးကို အလွန်ပင် လေးစားကြရသည်။ ကျောက်စိမ်းနဂါးနိုင်ငံကဲ့သို့သော အလတ်စားနိုင်ငံတစ်ခုတွင် အဆင့် (၄) သားရဲအကဲဖြတ်မှူးပင် မရှိကြောင်း မပြောဘဲ ထားလိုက်ပါဦး။
အဆင့်မြင့်နိုင်ငံများတွင်သာ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ခံစားကြရခြင်း ဖြစ်သည်။
အဆင့် (၄) သားရဲအကဲဖြတ်မှူးတစ်ဦးကို မည်သို့ သတ်မှတ်သနည်း။
၎င်းမှာ ရိုးရှင်းသော စာမေးပွဲတစ်ခုနှင့် စစ်ဆေး၍ ရနိုင်သော အရာမျိုး မဟုတ်တော့ပေ။ အတိုချုပ် ပြောရလျှင် အဆင့် (၃) သားရဲတစ်ကောင်ကို အဆင့် (၄) သို့ ဆင့်ကဲပြောင်းလဲပေးနိုင်သော နည်းစနစ်များ ရှိသူကိုသာ အဆင့် (၄) သားရဲအကဲဖြတ်မှူးဟု ခေါ်ဆိုထိုက်ပေသည်။
အကယ်၍ လင်းကျင်းက သမင်ဖြူကို တစ်လအတွင်း အဆင့် (၄) သို့ အမှန်တကယ် မြှင့်တင်ပေးနိုင်ပါက သူသည် အဆင့် (၄) သို့ သေချာပေါက် ရောက်ရှိသွားပြီ ဖြစ်သည်။
သူတို့ကို ထားလိုက်ပါဦး၊ ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်ပင်လျှင် အဆင့် (၄) သားရဲအကဲဖြတ်မှူးတစ်ဦး၏ ရှေ့တွင် လေးစားမှု ပြသရပေလိမ့်မည်။ ထိုကဲ့သို့သော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးမှာ ထိုမျှအထိ အရေးပါလှပေသည်။
လော့ပေဟယ်၏ ရင်ခုန်သံများ မြန်ဆန်လာ၏။
ဟွမ်ဖူမင်ကဲ့သို့ပင် သူမသည်လည်း သူမ၏ ဆန္ဒနှင့် ယုံကြည်ချက်များကို လက်လွှတ်စပြုနေပြီ ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံလာရသည့်အခါ မည်သူကများ မိမိ၏ ဆန္ဒနှင့် ယုံကြည်ချက်များကို အမှန်တကယ် လက်လွှတ်နိုင်ပါမည်နည်း။
၎င်းမှာ မဖြစ်နိုင်ပေ။
အခွင့်အရေး မရှိလျှင် လက်လျှော့လိုက်ခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ သို့သော် အခွင့်အရေးတစ်ခုသာ ပေါ်ပေါက်လာခဲ့လျှင်မူ သူမသည် ထိုအရာကို ရရှိရန်အတွက် နည်းလမ်းမျိုးစုံ သုံး၍ ကြိုးစားမည်မှာ သေချာပေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူမသည် အကြံအဖန် လုပ်၍ပင် ထိုအခွင့်အရေးကို အရယူပေလိမ့်မည်။