← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 17 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 17 Ch. 337-338

အခန်း (၃၃၇) - လူသစ်များ

ထိုအတောအတွင်း အပျော်ရဆုံးလူမှာ ရှီဝမ်ကျွင်းဖြစ်သည်မှာ သေချာသည်။

မည်သို့ဆိုစေကာမူ သူမ၏ သားရဲမှာ အမှန်တကယ် ဆင့်ကဲပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။

မေပယ်မြို့၏ အထင်ရှားဆုံး မိသားစုဖြစ်သည့်အားလျော်စွာ ရှီမိသားစုတွင် နယ်မြေကို စောင့်ရှောက်ရန် အဆင့် (၃) သားရဲတစ်ကောင် သဘာဝအတိုင်း ရှိပေသည်။ သို့သော်လည်း မိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်သူ ရှီဝမ်ကျွင်း၏ သားရဲမှာမူ အဆင့် (၂) မျှသာ ရှိသေး၏။ သူမကို ထောက်ခံပေးသော မိသားစုဝင်များက ဤအချက်အပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးကြသော်လည်း ရှီဝမ်ကျွင်းမှာမူ ပိုမိုသန်မာလာရန် မျှော်လင့်ချက်များကြောင့် ဖိအားများ ခံစားနေရဆဲ ဖြစ်သည်။

ယခုအခါ သူမ၏ သမင်ဖြူမှာ အဆင့် (၃) သို့ ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်သဖြင့် ရှီဝမ်ကျွင်းမှာ သူမ၏ ဦးခေါင်းကို မော်ထားနိုင်ပြီဟု ချက်ချင်း ခံစားလိုက်ရသည်။

သူမကို အစိတ်လှုပ်ရှားဆုံး ဖြစ်စေသည့် အချက်မှာ အဆင့် (၃) ဆိုသည်မှာ အစပြုခြင်းသာ ရှိသေးသည်ဟူသော အချက်ပင်။

လင်းကျင်းသည် သူမ၏ အဖော်မွန်ကို တစ်လအတွင်း အဆင့် (၄) သို့ မြှင့်တင်ပေးမည်ဟု ကတိပေးထားပြီး ဖြစ်ရာ လက်ရှိ အခြေအနေအရ ကြည့်လျှင် ထိုအရာမှာ အမှန်တကယ် ဖြစ်လာနိုင်ချေ အလွန်မြင့်မားလှသည်။ သူမ၏ သားရဲ အဆင့် (၄) ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းမှာ သူတို့အတွက် အကြီးမားဆုံးသော အလှည့်အပြောင်း ဖြစ်လာပေလိမ့်မည်။

သူမ၏ သားရဲ ဆင့်ကဲပြောင်းလဲပြီးနောက် ရှီမိသားစုမှာ သေချာပေါက် ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ပျံသန်းသွားနိုင်မည် ဖြစ်သည်။

ရင်ခုန်စိတ်လှုပ်ရှားမှုများကြောင့် ရှီဝမ်ကျွင်း၏ လက်ချောင်းများမှာ တုန်ရင်နေပြီး သူမ၏ တည်ငြိမ်မှုကို မပျက်ပြားစေရန် လက်သီးကို တင်းတင်းဆုပ်ထားရ၏။

"ပြီးပြီ... ဆင့်ကဲပြောင်းလဲပြီးရင် လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ် ယူဖို့တော့ လိုလိမ့်မယ်... တကယ်တော့ ငါ မင်းကို ဒီထက်စောပြီး အဆင့် (၄) ဖြစ်အောင် လုပ်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ ဒီလို အပြောင်းအလဲမျိုးအတွက် အခြေခံအုတ်မြစ် ခိုင်မာနေတာက ပိုကောင်းတယ်"

လင်းကျင်းက သမင်ဖြူ၏ ဦးခေါင်းကို ပုတ်ပေးလိုက်ရာ သမင်ဖြူကလည်း သူ့ကို ချစ်ခင်မြတ်နိုးစွာဖြင့် ခေါင်းချင်းတိုးကာ တုံ့ပြန်လေသည်။

လင်းကျင်းက ရှီဝင်ကျွင်းဘက်သို့ လှည့်ကာ မေးလိုက်၏။

"သခင်မရှီ... ကျုပ် ဒီစံအိမ်ကို အရမ်းသဘောကျတယ်... ဒီနေ့ပဲ ပြောင်းလာလို့ ရမလား"

"အာ... ဟုတ်ကဲ့... ရပါတယ်ရှင်... ဥက္ကဋ္ဌလင်း ကျွန်မ အခုပဲ အစီအစဉ်တွေ လုပ်ပေးပါ့မယ်"

ရှီဝမ်ကျွင်းက သူမ၏ အတွေးများထဲမှ ရုန်းထွက်ကာ အမြန်ဖြေလိုက်သည်။ သူမ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း ၎င်းမှာ သူမ၏ မျက်နှာပေါ်တွင် ထင်ဟပ်နေဆဲ ဖြစ်သည်။ သူမသည် ခရစ္စမတ်မနက်ခင်းတွင် လက်ဆောင်ရသည့် ကလေးငယ်တစ်ဦးကဲ့သို့ ဝမ်းသာပီတိ ဖြစ်နေပုံရ၏။

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။ အိမ်ပြောင်းခြင်းမှာ သာမန်ကိစ္စ မဟုတ်သဖြင့် သူတစ်ယောက်တည်း လုပ်၍ မရနိုင်ပေ။ ရှန်းအာနှင့် အခြားသူများ ကူညီပေးမည် ဆိုသော်ငြားလည်း အကူအညီများများ ရှိလေ ပိုကောင်းလေပင်။

လင်းကျင်း ပြောင်းရွှေ့တော့မည်ဟု ကြားသောအခါ ရဲ့ယွီကျိုးက ရှေ့သို့ လှမ်းလာပြီး ကမ်းလှမ်းလိုက်၏။

"ဥက္ကဋ္ဌလင်း အိမ်ပြောင်းတာက အလုပ်ကြီးတစ်ခုပဲ... ကျုပ်လည်း အားနေတာနဲ့ အတော်ပဲ.. ကူညီပေးပါ့မယ်"

လော့ပေဟယ်ကလည်း အမြန်ရောက်လာသည်။

"ဆရာကြီးယွီကျိုးက ကူညီမယ်ဆိုမှတော့ ကျွန်မတို့လည်း ကူညီပါရစေ"

မေပယ်မြို့၏ အထင်ရှားဆုံး မိသားစုနှင့် ကျင့်ကြံသူများအသင်း၏ ထိပ်တန်းနည်းပြများက လင်းကျင်း၏ အိမ်ပြောင်းခြင်းကို ကူညီပေးနေကြသည်မှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

လင်းကျင်းက သူတို့၏ ကမ်းလှမ်းချက်ကို မငြင်းပယ်ဘဲ ပြုံးကာ လက်ခံလိုက်၏။

မိတ်ဆွေများများ ရှိခြင်းမှာ ဆိုးကျိုးမရှိပေ။ လင်းကျင်းသည် မည်သူနှင့်မဆို မိတ်ဆွေဖွဲ့သူမျိုး မဟုတ်သော်လည်း ဤနေရာရှိ လူများမှာ သူ၏ မိတ်ဆွေဖြစ်ရန် ထိုက်တန်သူများ ဖြစ်ကြသည်။ ၎င်းတွင် လင်းကျင်း မျှော်လင့်ထားသည်ထက် ပို၍ စရိုက်ပြင်းထန်သော လော့ပေဟယ်လည်း အပါအဝင် ဖြစ်သည်။

သူ ကျင့်ကြံသူများအသင်းသို့ စတင်ဝင်ရောက်စဉ်ကလည်း လော့ပေဟယ်က သူ့ကို ကူညီရန် လိုလိုလားလား ကမ်းလှမ်းခဲ့ဖူးသည်။ တစ်ဖက်တွင်မူ ဟွမ်ဖူမင်မှာလည်း သူ့ကို အသင်းသို့ ထောက်ခံပေးခဲ့သော မိတ်ဆွေကောင်းတစ်ဦး ဖြစ်သည်။

ထို့ကြောင့် သူတို့က သူ့အပေါ် စေတနာထားရှိကြလျှင် လင်းကျင်းကလည်း ၎င်းတို့ကို လက်ခံပြီး သင့်တော်သော အချိန်တွင် ပြန်လည် ပေးဆပ်သွားမည် ဖြစ်သည်။

ဤသည်မှာ အပြန်အလှန် ကျေးဇူးပြုခြင်းပင်ဖြစ်သည်။

ထိုအတောအတွင်း သူတို့၏ သားရဲများကို အကဲဖြတ်ပေးရန် မလောသေးပေ၊ အဘယ်ကြောင့်ဆိုသော် လင်းကျင်းသည် ဤနေရာသို့ လာသည့် လမ်းခရီးတွင် သူတို့အကြောင်းကို သိရှိပြီးသား ဖြစ်သောကြောင့်တည်း။ သူသည် သူ၏ အရည်အချင်းအပေါ် လုံးဝ ယုံကြည်မှု ရှိနေသည်။

အကူအညီများ ရှိနေသဖြင့် အိမ်ပြောင်းခြင်းကဲ့သို့ ရှုပ်ထွေးသော ကိစ္စမှာပင် လျင်မြန်စွာ ပြီးစီးသွားခဲ့သည်။

အိမ်သစ်သို့ ပြောင်းရွှေ့ရမည်ဟု ကြားသောအခါ ရှန်းအာနှင့် ရှောင်ဝူတို့မှာ အလွန် စိတ်လှုပ်ရှားသွားကြသည်။ စံအိမ်သစ်ကြီးကို မြင်လိုက်ရသည့်အခါ သူတို့မှာ ပို၍ပင် ဝမ်းသာသွားကြ၏။ သို့သော်လည်း အိမ်ပြောင်းသူတစ်ဦးအနေဖြင့် လင်းကျင်း ကြိုတင်လုပ်ဆောင်ရမည့် အရာများ ရှိပေသေးသည်။ သူသည် မလိုအပ်သော အထင်မှားမှုများ မဖြစ်စေရန် ဖုတ်ကောင်၏ ခေါင်းတလားကို 'ကိုယ်ယောင်ဖျောက်ခြင်း' စွမ်းရည်ဖြင့် ဖုံးကွယ်ထားလိုက်၏။

မှောင်မလာမီမှာပင် သူတို့သည် စံအိမ်အတွင်းသို့ လုံးလုံးလျားလျား ပြောင်းရွှေ့ပြီးသွားခဲ့ပြီ ဖြစ်သည်။ လင်းကျင်းသည် သူ မလိုအပ်တော့သော အသုံးမဝင်သည့် အရာများကို စွန့်ပစ်လိုက်၏။ လူအများအပြား၏ အကူအညီကြောင့် ပြောင်းရွှေ့မှုမှာ လျင်မြန်စွာ ပြီးဆုံးသွားခြင်း ဖြစ်သည်။

အိမ်သစ်သို့ ပြောင်းရွှေ့ပြီးနောက် လင်းကျင်းက အားလုံးကို အိမ်သစ်တက်အထိမ်းအမှတ်အနေဖြင့် ညစာ ကျွေးမွေးခဲ့သည်။ ရှီမိသားစုက စားဖိုမှူးများကို ငှားရမ်းပေးခဲ့ပြီး အဖွဲ့သားများ ပျော်ပျော်ပါးပါး စားသောက်နိုင်ရန်အတွက် လိုအပ်သော အမယ်များကို အမြန်ဆုံး ဝယ်ယူ ပြင်ဆင်ပေးခဲ့သည်။

ညစာ စားနေစဉ် တစ်ဝက်ခန့်တွင် ရဲ့ယွီကျိုးက ခွင့်တောင်းကာ ထွက်ခွာသွားခဲ့သည်။

သူ ထွက်သွားခြင်းအပေါ် လင်းကျင်း မအံ့ဩပေ၊ အဘယ်ကြောင့်ဆိုသော် ယနေ့ညမှာ ဧည့်ခန်းမ ပြန်လည်ဖွင့်လှစ်မည့် ညဖြစ်သောကြောင့်တည်း။ ရဲ့ယွီကျိုးအနေဖြင့် ပြင်ဆင်ရန် ပြန်သွားရမည် ဖြစ်သည်။ အကယ်၍ ဤနေရာတွင်သာ တံခါးပွင့်သွားပါက ကြီးမားသော ပွက်လောရိုက်မှုတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ယခုအခါ လင်းကျင်းသည် သူ အလိုရှိသည့် အချိန်တိုင်း တံခါးကို ဖွင့်နိုင်ပြီ ဖြစ်သဖြင့် သူ မလောတော့ပေ။ နောက်ဆုံး ဧည့်သည်ကို ပို့ဆောင်ပြီးနောက် လင်းကျင်းက ရှန်းအာကို တံခါးပိတ်ခိုင်းလိုက်ပြီး ယနေ့ညအတွက် သူ၏ အစီအစဉ်များကို အသိပေးကာ နောက်ဖေးဝင်းသို့ သွားခဲ့သည်။

မှန်ပါသည်၊ ဤစံအိမ်တွင် ဝင်းသုံးခုနှင့် ပန်းခြံတစ်ခု ပါဝင်သဖြင့် လင်းကျင်းက နောက်ဖေးဝင်းကို သူ၏ သီးသန့်နယ်မြေအဖြစ် သတ်မှတ်လိုက်၏။ သူသည် မည်သူမျှ ဝင်မလာစေရန် အရိပ်ဝံပုလွေကိုပင် တံခါးစောင့်ခိုင်းထားလိုက်သေးသည်။

"တကယ့်ကို သုခဘုံပဲ"

ကျယ်ဝန်းသော ဝင်းခြံ၊ သန့်ရှင်းသော စာကြည့်ခန်းနှင့် အိပ်ခန်းတို့ကို ကြည့်ကာ လင်းကျင်း ကျေနပ်သွားမိသည်။ ဤဝင်းခြံထဲတွင် ငါးလေးများ ကူးခတ်နေသည့် ရေကန်ငယ်လေးတစ်ခုပင် ပါရှိသေး၏။

၎င်းမှာ ကျေနပ်စရာကောင်းပြီး စိတ်ကို အပန်းပြေစေသည်။

လင်းကျင်းသည် ပတ်ပတ်လည်ကို လမ်းလျှောက်ကြည့်ပြီးနောက် ဧည့်ခန်းမ၏ တံခါးကို ဖွင့်ရန် သူ၏ စွမ်းအင်များကို ထုတ်လွှတ်ကာ အတွင်းသို့ ဝင်လိုက်တော့သည်။

ဧည့်ခန်းမအတွင်းရှိ အခြေအနေမှာ ယခုအခါ အနည်းငယ် ထူးဆန်းနေပေသည်။

ရဲ့ယွီကျိုးမှာ နောက်ဆုံးမှ ဝင်လာသူ ဖြစ်သော်လည်း ဝင်လာသည်နှင့်တစ်ပြိုင်နက် ပြဿနာကို သတိပြုမိလိုက်သည်။ ဧည့်ခန်းမတွင် ဧည့်သည်သစ်များ ရောက်နေခြင်း ဖြစ်သည်။

ဟယ်ချန်း၊ ကျီးကန်းနက်၊ ကျန်းဇီချီ၊ ထျန်းအိုကြီးနှင့် ဝိညာဉ်ကလေးငယ်တို့မှာ လူနှစ်ဦးကို စိတ်ဝင်တစား ကြည့်နေကြ၏။ ရဲ့ယွီကျိုးကို မြင်သည့်အခါ ထျန်းအိုကြီးက လှမ်းခေါ်လိုက်သည်။

"ဟေ့ ရဲ့အိုကြီး၊ ဒီဘက်ကို လာဦး... လာ လာ"

ပြီးခဲ့သည့်အကြိမ် လာရောက်စဉ်က ဤအဖွဲ့သားများမှာ ထျန်းအိုကြီး၏ သားရဲကို အဆင့် (၄) သို့ ဆင့်ကဲပြောင်းလဲရန် ကူညီပေးခဲ့ကြသည်။ ထျန်းအိုကြီးမှာ အရင်ကနှင့် မတူတော့ပေ။ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပြီ ဖြစ်သဖြင့် သူ စကားပြောရာတွင်လည်း ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။

"ရဲ့အိုကြီး... ရောက်လာပြီလား"

ကျီးကန်းနက်က နှုတ်ဆက်လိုက်၏။

ရဲ့ယွီကျိုးက ပြုံးကာ အနားသို့ သွားလိုက်သည်။ ဘေးတစ်ဖက်တွင် ရပ်နေသည်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူတို့မှာ တစ်ဦးနှင့်တစ်ဦး သိကြပုံမရပေ။ နှစ်ဦးစလုံးမှာ သတိကြီးစွာ ထားနေပုံရပြီး သူတို့မှာ နံပါတ် (၁၁) နှင့် (၁၂) တံခါးများမှ ထွက်လာကြပုံရသည်။

ဧည့်သည်သစ် အမျိုးသားမှာ သတိထားနေပုံရသော်လည်း တန်ဖိုးကြီး ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အသုံးအဆောင် အများစုမှာ ရွှေနှင့် ပြုလုပ်ထားသဖြင့် သူသည် သာမန်လူတစ်ဦး မဟုတ်သည်မှာ သေချာလှသည်။

သူ၏ အရှိန်အဝါမှာလည်း အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။ သူ၏ နောက်ကွယ်တွင် သားရဲတစ်ကောင်၏ အရိပ်တစ်ခု ရှိနေသဖြင့် သူသည် သားရဲသခင်ကျမ်းကို ကျင့်ကြံထားပြီး သူ၏ သားရဲနှင့် ပေါင်းစပ်ထားသူ ဖြစ်ရမည်။

အမျိုးသမီးမှာမူ အတော်လေး ငယ်ရွယ်ပုံရသော်လည်း သိမ်မွေ့ထက်မြက်ပုံရသည်။ သူမ၏ ဝတ်စုံမှာ ရိုးရှင်းလှပြီး အိမ်နီးချင်း မိန်းကလေးတစ်ဦးကဲ့သို့ ထင်ရသော်လည်း ဤကဲ့သို့သော ထူးဆန်းသည့် ပတ်ဝန်းကျင်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပုံအရ သူမမှာလည်း သာမန်မိန်းကလေးတစ်ဦး မဟုတ်ကြောင်း သိသာလှသည်။

သူမတွင် သားရဲလည်း ပါမလာသလို သူမ၏ နောက်ကွယ်တွင်လည်း မည်သည့်အရိပ်မျှ ရှိမနေပေ။ သူမမှာ အလွန်ပင် သာမန်ဆန်လွန်းနေသည်။

အခြားသူများက သူမကို အကဲခတ်နေစဉ် သူမကလည်း သူတို့ကို ပြန်လည် အကဲခတ်နေ၏။

ရဲ့ယွီကျိုးအနေဖြင့် သူတို့၏ ခံစားချက်ကို နားလည်နိုင်ပေသည်။ မည်သို့ဆိုစေကာမူ သူ ဤနေရာသို့ ပထမဆုံး ရောက်ရှိလာစဉ်ကလည်း ဇဝေဇဝါဖြစ်မှု၊ အံ့အားသင့်မှုနှင့် စိုးရိမ်ပူပန်မှုများကို ထပ်တူ ခံစားခဲ့ရဖူးသောကြောင့်တည်း။

သို့သော် ၎င်းမှာ ကိစ္စမရှိပေ။ သူတို့အနေဖြင့် တဖြည်းဖြည်းချင်း အသားကျသွားပါလိမ့်မည်။

"ကောင်းတယ်... နောက်တစ်ယောက် ရောက်လာပြန်ပြီ.. ဟွန်း"

နံပါတ် (၁၁) ဧည့်သည် အမျိုးသားက နှာခေါင်းရှုံ့လိုက်သည်။ သူက ပတ်ပတ်လည်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။

"ငါ့ကို ဒီကို ဘယ်သူ ပို့လိုက်တာလဲ... စတုတ္ထအိုကြီးလား၊ မင်းလား... ဒါမှမဟုတ် ဒုတိယအစ်ကိုလား"

ရဲ့ယွီကျိုးမှာ အံ့အားသင့်သွားပြီး ကျီးကန်းနက်ကို ကြည့်လိုက်ရာ ကျီးကန်းနက်က အကူအညီမဲ့သော အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။

"ငါတို့ သူတို့ကို အကျဉ်းချုပ် ရှင်းပြခဲ့ပေမဲ့ သူက ငါတို့ကို မယုံဘူးလေ၊ ဒါနဲ့ပဲ ငါတို့လည်း လွှတ်ထားလိုက်တာ"

သူတို့ဘက်မှ ကျီးကန်းနက်၊ ကျန်းဇီချီနှင့် ဝိညာဉ်ကလေးငယ်တို့မှာ စကားများသော လူစားမျိုး မဟုတ်ကြပေ။ အချင်းချင်း ရင်းနှီးသွားလျှင် ပြောင်းလဲသွားနိုင်သော်လည်း သူစိမ်းများနှင့်မူ ရုတ်တရက် စကားစမည် ပြောဆိုမည့်သူများ မဟုတ်ကြချေ။

ဟယ်ချန်းနှင့် ထျန်းအိုကြီးတို့မှာ စကားပြောဆိုတတ်သူများ ဖြစ်ကြသော်လည်း ယခုအချိန်မှာမူ စကားပြောရန် အချိန်ကောင်း မဟုတ်ပုံရသည်။

ရဲ့ယွီကျိုးက ပြုံးလိုက်သည်။

"ခဏနေရင် ပြတိုက်မှူး ရောက်လာတဲ့အခါ သူတို့ သဘောပေါက်သွားပါလိမ့်မယ်"

အခန်း (၃၃၈) - ကောင်းကင်ရစ်ပတ်နိုင်ငံ၏ မင်းသား

၎င်းမှာ အမှန်တရားပင် ဖြစ်သည်။

ဝိညာဉ်ကလေးငယ်၊ ထျန်းအိုကြီးနှင့် ရဲ့ယွီကျိုးအပါအဝင် ဤနေရာသို့ ရောက်ရှိနေသူတိုင်းမှာ ပထမဆုံး ရောက်လာစဉ်က သူတို့ကိုယ်သူတို့ အထင်ကြီးခဲ့ကြသူများ ဖြစ်သည်။ သို့သော်လည်း ပြတိုက်မှူး ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ထိုသူများအားလုံးမှာ ချက်ချင်းပင် နှိမ့်ချသွားခဲ့ကြရသည်။

ဤမျက်နှာသစ်များအတွက်မူ သူတို့က ဘယ်သူပဲဖြစ်ဖြစ်၊ မည်သို့သော နောက်ခံမျိုးပဲ ရှိနေပါစေ သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ သူတို့၏ စိတ်ဓာတ်ကို ပြောင်းလဲရန် ယခုအချိန်တွင် ကြိုးစားနားချနေဖို့ မလိုတော့ပေ။

"ဟွန်း... ဒါတွေက လှည့်စားမှုတွေပဲ"

ထိုအမျိုးသားက နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်၏။ သူသည် ရင်ဆိုင်နေရသော အန္တရာယ်အပေါ် မည်မျှအထိ တောင့်ခံနိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။

"ဒုတိယအစ်ကို၊ စတုတ္ထအစ်ကို... မင်းတို့ ဒါကို လုပ်ချင်နေတာဆိုရင် ရပ်လိုက်တာ ပိုကောင်းမယ်... ငါတို့ရဲ့ ခမည်းတော် ဧကရာဇ်မင်းမြတ်သာ ဒါကို သိသွားရင် မင်းတို့ ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ကြစမ်း"

သူသည် ဧည့်ခန်းမတစ်ခုလုံး ဟိန်းထွက်သွားအောင် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

မလှမ်းမကမ်းတွင် ရပ်နေသော နံပါတ် (၁၂) ဧည့်သည် အမျိုးသမီးမှာမူ ထိုအမျိုးသားကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေ၏။

"နောက်ထပ် တော်ဝင်မိသားစုဝင် တစ်ယောက်ပေါ့... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"

ကျီးကန်းနက်က ရယ်မောကာ ပြောလိုက်သည်။

၎င်းကို ခန့်မှန်းရန် မခက်ခဲပေ။ သူ၏ 'ခမည်းတော် ဧကရာဇ်မင်းမြတ်' ဟူသော စကားရပ်အရ သူသည် ဟယ်ချန်းကဲ့သို့ပင် မည်သည့်နိုင်ငံမှမဆို တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်ကြောင်း အတည်ပြုနိုင်ပေသည်။

ဟယ်ချန်းက စပ်စုသော မျက်နှာပေးဖြင့် သူ့ကို မေးလိုက်၏။ "ဟေ့... နင်က ဘယ်နိုင်ငံကလဲ... နင့်နာမည် ဘယ်လိုခေါ်လဲ"

ထိုအမျိုးသားက နှာခေါင်းရှုံ့ကာ ပတ်ဝန်းကျင်ကို တစ်ဖန် ပြန်လည် အကဲခတ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ဒါတွေက ဘယ်လို သရုပ်ဆောင်တွေလဲ... တကယ့်ကို အပေါစားဆန်လိုက်တာ.. ငါ့ကို နောက်ပြောင်နေတာတွေ ရပ်ပြီး ချက်ချင်း ထွက်လာခဲ့စမ်း"

သူသည် အော်ဟစ်ပြီးနောက် တစ်စုံတစ်ဦးထံမှ တုံ့ပြန်မှုကို မျှော်လင့်နေသကဲ့သို့ ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်နေ၏။ သို့သော်လည်း မည်သူမျှ သူ့ကို ပြန်လည် တုံ့ပြန်ခြင်း မရှိသည်မှာ သေချာလှပေသည်။

"ကောင်းပြီလေ... ဒါဆိုရင် မင်းတို့ ဒီပျင်းစရာကောင်းတဲ့ ပြဇာတ်ကို ဘယ်လောက်အထိ ဆက်ကပြနေမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ထိုအမျိုးသားက ဆိုသည်။

သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ဟယ်ချန်းက အကူအညီမဲ့စွာ ခေါင်းခါလိုက်၏။

"ကျွန်မတို့ပြောတာတွေက သူ့ခေါင်းထဲ ဝင်မှာ မဟုတ်ဘူးလို့ ထင်တယ်၊ ဒါကြောင့် သူ့ကို လောလောဆယ် လျစ်လျူရှုထားလိုက်ကြရအောင်"

"အဲဒါကို စောစောကတည်းက လုပ်သင့်တာ... အဲဒီကောင်က ခုနက ငါ့ကိုတောင် အော်လိုက်သေးတယ်... ပြတိုက်မှူးသာ မရှိရင် ဒီကလေးကို ငါ သင်ခန်းစာ ပေးလိုက်ပြီးပြီ"

အဖိုးကြီးထျန်းက ဒေါသတကြီး ပြောလိုက်၏။

"ဒါနဲ့ ထျန်းအိုကြီး... ခင်ဗျားဘက်မှာကော အခြေအနေတွေ ဘယ်လိုရှိလဲ"

ရဲ့ယွီကျိုးက မေးလိုက်သည်။

သူသည် ထျန်းအိုကြီးနှင့် သူ၏ သွေးသောက်ညီအစ်ကိုများကြားမှ အတွင်းရေး ပြဿနာများကို မေးမြန်းနေခြင်း ဖြစ်သည်။

ထျန်းအိုကြီးက ပြုံးလိုက်၏။

"ဖြေရှင်းပြီးပါပြီ... အခု ကျုပ်မှာ အဆင့် (၄) သားရဲတစ်ကောင် ရှိနေပြီဆိုတော့ အရာအားလုံးက အလွယ်တကူပဲ ပြီးသွားခဲ့တယ်... ဒါပေမဲ့ ကျုပ်တို့က တစ်ချိန်က ညီအစ်ကိုတွေ ဖြစ်ခဲ့ဖူးတော့ ကျုပ် သူတို့ကို မသတ်ခဲ့ဘူး... ကျုပ်နောက်ကို လိုက်ချင်တဲ့သူတွေက ကျန်ခဲ့ပြီး၊ မလိုက်ချင်တဲ့သူတွေကိုတော့ သွားခွင့်ပြုလိုက်တယ်"

"အဲဒါက နည်းလမ်းမှန်ပဲ... သနားကြင်နာတတ်သူတွေက အမြဲတမ်း အနိုင်မရနိုင်စရာ မရှိဘူး"

ရဲ့ယွီကျိုးက ချီးကျူးလိုက်သည်။ ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်တို့မှာမူ ထိုစကားကို မကြားချင်ယောင် ဆောင်နေကြ၏။

မည်သူမျှ နံပါတ် (၁၁) ဧည့်သည်ကို အာရုံမစိုက်တော့သည့်အခါ ထိုသူမှာ ဂနာမငြိမ် ဖြစ်လာတော့သည်။

"မင်းတို့ ငါ့ကို ဒီကို ခေါ်လာပြီး ဘာလို့ ထွက်မတွေ့တာလဲ... မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ... ငါ့ရဲ့ စံအိမ်ကလူတွေ ငါ ပျောက်နေတာ သိသွားရင် သေချာပေါက် လိုက်ရှာကြလိမ့်မယ်၊ ခမည်းတော်ကိုလည်း အကြောင်းကြားလိမ့်မယ်... ငါသာ မင်းတို့နေရာမှာဆိုရင် အခုချက်ချင်း ရပ်လိုက်တော့မယ်... နောင်တရဖို့အတွက် အချိန်မနှောင်းသေးပါဘူး... မင်းတို့..."

ထိုအမျိုးသားက ဆက်ပြောရန် ပြင်နေစဉ် နံပါတ် (၁၂) ဧည့်သည် အမျိုးသမီးက ရုတ်တရက် မေးလိုက်၏။

"ရှင်.. ရှင်က ကောင်းကင်ရစ်ပတ်နိုင်ငံရဲ့ တတိယမင်းသား ဖုန်းစီချန်း မဟုတ်လား"

နံပါတ် (၁၁) ဧည့်သည်မှာ ရိုးရှင်းစွာ ဝတ်ဆင်ထားသော ထိုမိန်းကလေးဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ပြီး လှောင်ပြုံး ပြုံးလိုက်၏။

"သိရက်နဲ့ ဘာလို့ မေးနေတာလဲ... မင်းတို့ ကပြနေတဲ့ ဒီပြဇာတ်အပေါစားကို ငါက အလွယ်တကူ ကြောက်သွားမယ်လို့ မထင်နဲ့"

ထိုမိန်းကလေးက အကူအညီမဲ့စွာဖြင့် ပြန်ပြောလိုက်၏။

"ဖုန်းစီချန်း... ရှင့်ရဲ့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး အခြေအနေကို ကြည့်စမ်းပါ... ကျွန်မအထင် မမှားဘူးဆိုရင် ရှင်နဲ့ ကျွန်မက ထူးဆန်းတဲ့ တံခါးတစ်ခုကနေ ဒီထဲကို အစုပ်ယူခံလိုက်ရတာ... ဒီကမ္ဘာပေါ်မှာ ဘယ်သူက ဒီလောက်အထိ အံ့ဩစရာကောင်းတဲ့ အစွမ်းမျိုး ရှိတယ်လို့ ရှင် ထင်နေလဲ... ရှင်တို့နိုင်ငံမှာ မင်းသားတွေ ထီးနန်းလုနေကြတယ်ဆိုတာ ကျွန်မ ကြားဖူးပါတယ်၊ ဒါပေမဲ့ ရှင်က ဒီလောက်အထိ အမြင်မကြည်လင်ဘဲ ကြည့်မကောင်းဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး... ရှင့်ရဲ့ အမြင်အာရုံက ဒီလောက်အထိ ဝေဝါးနေတာကို ကြည့်ရင် ရှင့်ရဲ့ လူတွေကို ကာကွယ်နိုင်ပါ့မလားဆိုတာ ငါ တကယ် သံသယဖြစ်မိတယ်"

"ဘာပြောလိုက်တယ်"

ဖုန်းစီချန်းက ဒေါသတကြီးဖြင့် အော်လိုက်၏။

"ငါက ထီးနန်းအတွက် မတိုက်ခိုက်ထိုက်ဘူးလို့ မင်းက ပြောချင်တာလား"

သူ စကားပြောနေစဉ် လူသတ်လိုသော အမူအရာဖြင့် ရှေ့သို့ နှစ်လှမ်း တိုးလိုက်၏။ သူ၏ သားရဲအရိပ်မှာလည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရသည်။

ထိုအမျိုးသမီး ဧည့်သည်မှာ ထူးဆန်းစွာပင် ကြောက်ရွံ့ခြင်း မရှိပေ။ သူမက သူ၏နောက်ကွယ်မှ တံခါးကို ညွှန်ပြကာ ပြောလိုက်၏။

"ဟိုမှာ တံခါးရှိတယ်... ဘယ်သူမှ နင့်ကို တားမထားဘူး... ဒီမှာနေရတာ ဒီလောက်တောင် မုန်းနေရင် သွားချင်တဲ့နေရာ သွားနိုင်တယ်... နောက်ပြီး နင် တိုက်ခိုက်ချင်တယ်ဆိုရင်လည်း နောက်ဆက်တွဲ အကျိုးဆက်တွေကို စဉ်းစားဦး"

ဖုန်းစီချန်းမှာ နေရာတင် ရပ်တန့်နေခဲ့သည်။

သူသည် ခုနက ကြိုးစားကြည့်ခဲ့ဖူးသော်လည်း တံခါးမှာ သူ မည်မျှပင် ဆွဲပါစေ လုံးဝ မလှုပ်ရှားခဲ့ပေ။ ၎င်းမှာ သူ့ကို အဝေခွဲရဆုံး ဖြစ်စေသည့် အချက်ပင် ဖြစ်သည်။ တိုက်ခိုက်ခြင်းနှင့် ပတ်သက်လာလျှင်မူ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိဘဲ မဆင်မခြင် ပြုမူခြင်းမှာ အမှားတစ်ခု ဖြစ်ပေလိမ့်မည်။ အဆင့်မြင့်နိုင်ငံတစ်ခု၏ မင်းသားတစ်ဦးအနေဖြင့် သူသည် ထိုမျှအထိ လူမိုက်တစ်ယောက် မဖြစ်နိုင်ပေ။ ရိုးရိုးသားသား ပြောရလျှင် ယခု သူ မြင်တွေ့နေရသည့် အရာများမှာ သူ သိရှိထားသော သာမန်အသိတရားများထက် ကျော်လွန်နေကြောင်း သူ သိရှိထားသည်။

သူ၏ စောစောက စကားလုံးများမှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

မည်သို့ဆိုစေကာမူ ကောင်းကင်ရစ်ပတ်နိုင်ငံအတွင်း သူ့ကို ပြန်ပေးဆွဲနိုင်စွမ်း ရှိသည့် ရန်သူမှာ လက်တစ်ဆုပ်စာသာ ရှိသည်။ အဖြစ်နိုင်ဆုံး သံသယဖြစ်ဖွယ်လူများမှာ ထီးနန်းကို မျက်စိကျနေကြသော သူ၏ အစ်ကိုနှစ်ဦးပင် ဖြစ်သည်။

သို့သော်လည်း သူ၏ စမ်းသပ်မှုများအရ ၎င်းမှာ ထိုသို့ မဟုတ်နိုင်ကြောင်း သိလိုက်ရသည်။

သို့သော် ၎င်းက သူ့ကို ပို၍ပင် စိုးရိမ်ပူပန်စေခဲ့သည်။ ၎င်းမှာ သူ၏ အစ်ကိုများထဲမှ တစ်ဦးဦးက လုပ်ဆောင်လိုက်သည့် အပေါစား လှည့်ကွက်တစ်ခုသာ ဖြစ်ရန် သူ မျှော်လင့်မိသည်။ သို့မှသာ အခြေအနေကို သူ ထိန်းချုပ်နိုင်မည် မဟုတ်ပါလား။

သို့သော်လည်း ယခုအခါ အရာအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ထိုခံစားချက်မှာ အလွန်ပင် ဆိုးရွားလှသည်။ အဆင့်မြင့်နိုင်ငံတစ်ခု၏ မင်းသားနှင့် ထီးနန်းကို ဆက်ခံမည့်သူတစ်ဦးအနေဖြင့် ဖုန်းစီချန်းမှာ ဤမျှအထိ အသုံးမကျသူ ဖြစ်နေပါသလော။

ရေနက် မနက် စမ်းသပ်ခြင်းအပြင် သူ၏ စကားလုံးများတွင် အခြားသော ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်နေသေးသည်။ ၎င်းမှာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ လက်ရှိ အခြေအနေအရ ကြည့်လျှင် ဤနေရာရှိ လူများမှာ သူ၏ အဆင့်အတန်းကို အရေးတယူ ရှိပုံမရကြောင်း ဖုန်းစီချန်း သတိပြုမိလိုက်သည်။ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်မှအပ သူတို့အားလုံးမှာ သူ့ကို လျစ်လျူရှုရန်သာ ကြိုးစားနေကြသည်။

၎င်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ပြီးတော့ ထိုအမျိုးသမီး။

သူမက ဤလူများနှင့် တစ်ဖွဲ့တည်း ဖြစ်နေသလား။

အကယ်၍ သူမက ထိုသူများနှင့် တစ်ဖွဲ့တည်းဆိုလျှင် သူ့ကို ဤနေရာတွင် ဖမ်းဆီးထားရခြင်း၏ ရည်ရွယ်ချက်က ဘာလဲ။

ဖုန်းစီချန်းက အလေးအနက် စဉ်းစားနေ၏။ သူသည် တစ်ကိုယ်တည်း ဖြစ်နေသဖြင့် အမှန်တကယ် တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ 'ဟာကျူလီပင်လျှင် လူနှစ်ယောက်ကို မယှဉ်နိုင်' ဟူသော ဆိုရိုးစကားအတိုင်းပင် မဟုတ်ပါလား။ သူ၏ သားရဲမှာ အဆင့် (၄) ဖြစ်နေသည့်တိုင် မဆင်မခြင် ဆုံးဖြတ်ချက်များ ချခြင်းကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အထူးသဖြင့် အနည်းဆုံး လူလေးဦး၏ သားရဲများမှာ သူ၏ သားရဲနှင့် ဆင်တူသော အရှိန်အဝါမျိုး ရှိနေသည်ကို သူ သတိပြုမိလိုက်သောအခါ ပို၍ပင် သတိထားလိုက်မိသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အကယ်၍ တိုက်ပွဲတစ်ခုသာ ဖြစ်ပွားခဲ့ပါက သူသည် အနည်းဆုံး အဆင့် (၄) သားရဲ လေးကောင်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ အရူးတစ်ယောက်ပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် တိုက်ခိုက်ရဲမည် မဟုတ်ပေ။

'ဧကရာဇ်ကျင့်စဉ်ကို သင်ယူခဲ့ပြီးပြီဆိုတော့ ငလျင်လှုပ်နေရင်တောင် မထိတ်လန့်သင့်ဘူးဆိုတာ ငါ သိပါတယ်... ဒီအခက်အခဲက ငါ သင်ယူခဲ့တာတွေကို စမ်းသပ်တာများလား... ဒါမှမဟုတ် ခမည်းတော်က စီစဉ်ထားတဲ့ စမ်းသပ်မှုတစ်ခုလား'

ဖုန်းစီချန်းသည် ဖြစ်နိုင်ချေ အမျိုးမျိုးကို စဉ်းစားနေ၏။ မည်သို့ပင်ဖြစ်စေ တည်ငြိမ်မှုကို ထိန်းသိမ်းထားခြင်းကသာ အဓိကသော့ချက် ဖြစ်ကြောင်း သူ သိရှိထားသည်။

အစပိုင်းတွင် သူ ထိတ်လန့်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်နိုင်ပါသည်။ သူ၏ စကားလုံးများဖြင့် အခြေအနေကို စမ်းသပ်နေပုံမှာ ၎င်းကို သက်သေပြနေ၏။ သို့သော်လည်း စိတ်ငြိမ်သွားပြီးနောက်တွင်မူ လိုက်လျောညီထွေရှိခြင်းသည်သာ သူ ပြသရမည့် အကောင်းဆုံး တုံ့ပြန်မှု ဖြစ်ကြောင်း သူ သတိရသွားခဲ့သည်။

ဖုန်းစီချန်း စကားပြောခြင်းကို ရပ်လိုက်သည်။ သူနှင့် ဆန့်ကျင်ဘက်အနေဖြင့် အခြားသော မိန်းကလေးမှာမူ အစကတည်းက တည်ငြိမ်နေခဲ့သည်။ သူမသည် သူမ၏ မျက်လုံးများကို ဖွင့်ထားပြီး ပါးစပ်ကို ပိတ်ထားခြင်းဖြင့် သူမကိုယ်သူမ အသာစီးရသော အနေအထားတွင် ထားရှိထားသည်။

ဧည့်သည်သစ်များကို ကြည့်ရင်း အဖိုးကြီးထျန်းမှာ သူ ဤနေရာသို့ ပထမဆုံး ရောက်ရှိစဉ်က သူ၏ 'လူပြက်ဆန်သော' အပြုအမူများကို ပြန်လည် သတိရသွားပြီး မနာလိုစိတ်ဖြင့် ပြောလိုက်၏။

"ကြည့်ရတာ ဒီနှစ်ယောက်က တစ်ခုခုတော့ အောင်မြင်ထားကြပုံပဲ၊ အထူးသဖြင့် အဲဒီမိန်းကလေးပေါ့"

"ခဏနေရင် သူတို့ ဘယ်လောက်အထိ ကံကောင်းသလဲဆိုတာ သိသွားကြမှာပါ"

ကျီးကန်းနက်က အေးစက်စက် ပြောလိုက်သည်။

လူတိုင်းက သူ၏ မှတ်ချက်ကို သဘောတူကြ၏။

ဤနေရာသို့ ဧည့်သည်အဖြစ် ရွေးချယ်ခံရခြင်းမှာ သေချာပေါက် ကံကောင်းသော ကိစ္စတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် ဒုတိယထပ်ရှိ သံတံခါးမှာ ပွင့်သွားခဲ့တော့သည်။

All Chapters