အခန်း (၃၃၉-၃၄၀)
Vol. 17 Ch. 339-340
အခန်း (၃၃၉) - အလွန်ကံကောင်းသူ
မျက်နှာဖုံးကို တပ်ဆင်ထားလျက် လင်းကျင်းသည် ဧည့်ခန်းမအတွင်းသို့ ဝင်လာပြီး လူသစ်နှစ်ဦးကို တစ်ချက်ကြည့်ရုံနှင့် သတိပြုမိလိုက်သည်။
'ဧည့်သည်သစ်တွေလား'
သူသည် စိတ်ကြည်လင်နေ၏။
ဧည့်ခန်းမထံမှ သူရရှိမည့် အကျိုးကျေးဇူးများမှာ သိသာထင်ရှားလှသည်။ ဤနေရာသာ မရှိခဲ့လျှင် ရှောင်ဟော့အတွက် ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုမျိုး ရရှိရန်မှာ အနည်းဆုံး ဆယ်ဆမက ပို၍ ခက်ခဲပေလိမ့်မည်။
ဤနေရာကြောင့်သာ သူသည် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းနိုင်သည့် အရင်းအမြစ်တစ်ခု ရရှိခဲ့ပြီး အခက်အခဲကြုံချိန်များတွင် ဧည့်သည်များ၏ စွမ်းအားကို ငှားရမ်း၍ ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ပြတိုက်မှူး ရောက်ရှိလာသည်ကို မြင်သောအခါ လက်ရှိရှိနေသော ဧည့်သည်ခြောက်ဦးစလုံးမှာ လေးလေးစားစားဖြင့် အလေးပြုကြ၏။
"နှုတ်ခွန်းဆက်သပါတယ် ပြတိုက်မှူး"
သူတို့၏ အပြုအမူမှာ ညီညာဖျတ်လတ်ပြီး အသံမှာလည်း ဟိန်းထွက်သွားသည်။
ဤအခြင်းအရာမှာ လူသစ်နှစ်ဦးကို အံ့ဩမှင်သက်သွားစေခဲ့၏။ ပြောနေရန်ပင် မလိုပါ၊ ဖုန်းစီချန်းမှာ ဘာတွေဖြစ်နေမှန်းကို လုံးဝ မသိတော့ပေ။
နံပါတ် (၁၂) ဧည့်သည်မှာလည်း ထိတ်လန့်သွားခဲ့သည်။ သူမသည် ဒုတိယထပ်ရှိ သံတံခါးမှ ထွက်ပေါ်လာသူကို စပ်စုသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏။
လင်းကျင်း ကျေနပ်သွားသည်။ ဧည့်ခန်းမ တဖြည်းဖြည်း ဖွံ့ဖြိုးလာသည်နှင့်အမျှ သူရရှိမည့် အကျိုးကျေးဇူးများမှာလည်း ပိုမိုကျယ်ပြန့်လာပေလိမ့်မည်။
လင်းကျင်းမှာ ယခုအခါ ဤအခြေအနေကို အသားကျနေပြီ ဖြစ်သည်။ သူ့အတွက်မူ ဝိညာဉ်ခန်းမထဲသို့ မည်သူရောက်လာသည်ဖြစ်စေ အရေးမကြီးပေ၊ အဘယ်ကြောင့်ဆိုသော် အဆုံးတွင် သူတို့အားလုံးမှာ သူ့ထံ၌ ဒူးထောက်ကြရမည်သာ ဖြစ်သောကြောင့်တည်း။ အစပိုင်းတွင် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းခဲ့ကြသော ကျီးကန်းနက်၊ အဖိုးကြီးထျန်းနှင့် ဝိညာဉ်ကလေးငယ်တို့ကို ကြည့်ပါ။ အဆုံးတွင် သူတို့အားလုံးမှာ သူ့ထံတွင် အညံ့ခံခဲ့ကြသည် မဟုတ်ပါလား။
ဧည့်ခန်းမ၏ စည်းမျဉ်းမှာ ရိုးရှင်းပါသည်။ မည်သူမျှ တစ်ဦးနှင့်တစ်ဦး၏ နောက်ခံကို စပ်စုခြင်း မပြုရပေ။ လူတိုင်းမှာ မိမိတို့၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားနိုင်သလို လုံးဝ နှုတ်ဆိတ်နေ၍လည်း ရသည်။ အကဲဖြတ်ပေးရန် တောင်းဆိုသူတိုင်းမှာမူ 'အဖိုးအခ' ပေးဆောင်ကြရမည် ဖြစ်သည်။
၎င်းမှာ ရိုးရှင်းပြီး မျှတလှပေသည်။
လင်းကျင်းက မေးလိုက်၏။
"သူတို့ကို စည်းမျဉ်းတွေ ရှင်းပြပြီးပြီလား"
အဖိုးကြီးထျန်းက အမြန်ဆုံး တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ ပြတိုက်မှူး၊ ကျွန်တော်တို့ ရှင်းပြပြီးပါပြီ... ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကတော့ ပြောတာကို မယုံသလိုပဲ၊ နောက်တစ်ယောက်ကတော့ တစ်ချိန်လုံး နှုတ်ဆိတ်နေပါတယ်"
"ရပါတယ်၊ သူတို့ကို စည်းမျဉ်းတွေ အသိပေးထားတယ်ဆိုရင်ပဲ လုံလောက်ပါပြီ"
လင်းကျင်းက လူသစ်များဘက်သို့ ဝေ့ကြည့်လိုက်၏။
နှစ်ဦးစလုံးတွင် သားရဲများ ပါမလာကြပေ။
သားရဲသခင်ကျမ်းကို ကျင့်ကြံထားသော ထိုအမျိုးသားတွင် အလွန်ကောင်းမွန်သော အဖော်မွန်တစ်ကောင် ရှိနေသည်။ ထိုသတ္တဝါ၏ အရှိန်အဝါအရ ၎င်းမှာ အဆင့် (၄) ဖြစ်ရမည်။
ဤဧည့်သည်သစ်၏ အရည်အသွေးမှာ မဆိုးလှပေ။
သို့သော် ထိုအမျိုးသမီးမှာမူ အတော်လေး ထူးခြားနေ၏။
သူမတွင် သားရဲမရှိဟု ထင်ရသော်လည်း အခြေအနေမှာ အပေါ်ယံထက် ပိုမိုရှုပ်ထွေးနေသည်။ လက်ရှိ လင်းကျင်း၏ မျက်လုံးများကို မည်သည့်အရာကမျှ လိမ်ညာ၍ မရနိုင်တော့ပေ။ လောလောဆယ်တွင်မူ သူသည် လူသစ်များကို ခဏမျှ လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။
သူသည် အဖိုးကြီးထျန်းနှင့် သူ၏နောက်ကွယ်တွင် သိသိသာသာ ပြောင်းလဲသွားသော တိုင်ရန်နိုဆောရပ်စ်ကို ကြည့်လိုက်၏။ လင်းကျင်း အံ့အားသင့်သွားပြီး မေးလိုက်သည်။
"အဖိုးကြီးထျန်း... ခင်ဗျားရဲ့ သားရဲက ဘယ်တုန်းက ဆင့်ကဲပြောင်းလဲသွားတာလဲ"
လင်းကျင်းမှာ ထိုအကြောင်းကို မသိရှိခဲ့ပေ။ ပြီးခဲ့သည့်အကြိမ်က 'တိမ်တိုက်သယ်ဆောင်ခြင်း'ကို ကျင့်ကြံရန်အတွက် သူသည် ဧည့်ခန်းမသို့ အမြန်လာပြီး အမြန်ပြန်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် အဖိုးကြီးထျန်း ပြဿနာတက်နေစဉ် အခြားဧည့်သည်များက ကူညီပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွင်း သူသည် ကံကောင်းထောက်မစွာဖြင့် သူ၏ သားရဲကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
လင်းကျင်း အတော်လေး အံ့ဩသွားမိ၏။
မည်သို့ဆိုစေကာမူ အဆင့် (၃) သားရဲတစ်ကောင်ကို အဆင့် (၄) သို့ မြှင့်တင်ရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။
အဖိုးကြီးထျန်းက သူ၏ အခက်အခဲများကို ချက်ချင်း ရှင်းပြလိုက်ပြီး ရဲ့ယွီကျိုးနှင့် အခြားသူများကလည်း အသေးစိတ်အချက်အလက်များကို ဝိုင်းဝန်း ဖြည့်စွက်ပြောပြကြသည်။
အမှန်တကယ်ပင် လင်းကျင်းမှာ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကြောင့် အံ့ဩနေမိ၏။
သူသည် အဖိုးကြီးထျန်းကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။
"ခင်ဗျား တကယ်ပဲ ကံကောင်းတာပဲ"
လင်းကျင်း ပြောသည်မှာ မှန်ပါသည်။ အဖိုးကြီးထျန်းမှာ ကံကောင်းလွန်းလှပေသည်။
သူတို့သည် သူ၏ ရေးသားထားသော လမ်းညွှန်ချက်များကို လိုက်နာခဲ့ကြသော်လည်း ၎င်းမှာ အဆင့် (၃) မှ အဆင့် (၄) သို့ ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။ ထို့အပြင် သူတို့သည် ဆင့်ကဲပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို လှုံ့ဆော်ရန်အတွက် သားရဲသွေး အမျိုးမျိုးကိုပင် အသုံးပြုခဲ့ကြသေးသည်။
သာမန်အခြေအနေမျိုးတွင်မူ သူတို့မှာ သေချာပေါက် ကျရှုံးရပေလိမ့်မည်။
သို့သော်လည်း သူတို့မှာ အောင်မြင်သွားခဲ့ကြသည်။ ၎င်းမှာ သန်းနှင့်ချီသော အခြေအနေများထဲမှ တစ်ခုသာ ဖြစ်ပေါ်တတ်သော အလွန်ပင် ကံကောင်းသည့် အခြေအနေမျိုး ဖြစ်ပေသည်။
သေချာပေါက်ပင် ၎င်းကို ဧည့်ခန်းမအတွင်း၌ ပြုလုပ်ခဲ့ခြင်းမှာလည်း အရေးကြီးသော အချက်တစ်ခု ဖြစ်ပေသည်။
ဤဧည့်ခန်းမတွင် ပြတိုက်၏ အရှိန်အဝါများ ရှိနေသဖြင့် အောင်မြင်မှုနှုန်းကို မြင့်တက်စေခဲ့ခြင်း ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ်၊ ဆင့်ကဲပြောင်းလဲတာ အောင်မြင်သွားတယ်ဆိုရင်ပဲ ရပါပြီ"
လင်းကျင်းက ဒုတိယထပ်မှ ခုန်ဆင်းလိုက်ပြီး လက်ဟန်ပြလိုက်ရာ အဖိုးကြီးထျန်း၏ တိုင်ရန်နိုဆောရပ်စ်မှာ လိမ်မာစွာဖြင့် ပြေးလာပြီး လင်းကျင်းအား ခေါင်းဖြင့် တိုးဝှေ့ကာ နှုတ်ဆက်လေသည်။
လင်းကျင်းက တိုင်ရန်နိုဆောရပ်စ်၏ ဦးခေါင်းကို လှမ်းကိုင်လိုက်ပြီး ၎င်း၏ အချက်အလက်များကို ရယူလိုက်၏။
သန်မာလိုက်တာ...
လင်းကျင်းပင်လျှင် အံ့ဩသွားမိသည်။
ဤတိုင်ရန်နိုဆောရပ်စ်မှာ မည်မျှအထိ စွမ်းအားကြီးနိုင်ကြောင်း သူ သိရှိထားသော်လည်း ယခုကဲ့သို့ သန်မာလာလိမ့်မည်ဟုမူ မထင်ထားခဲ့ပေ။ အလွန်ပင် အံ့အားသင့်စရာကောင်းသော အပြောင်းအလဲပင် ဖြစ်သည်။
အမျိုးမျိုးသော ဓာတ်သတ္တိများရှိသည့် အဆင့် (၄) ရှိ မိစ္ဆာဒိုင်နိုဆောရပ်စ်ပင် ဖြစ်သည်။ အတိုချုပ် ပြောရလျှင် ဤသတ္တဝါ၏ စွမ်းအားမှာ ကျီးကန်းနက်၊ ရဲ့ယွီကျိုးနှင့် ဝိညာဉ်ကလေးငယ်တို့၏ သားရဲသုံးကောင် စုပေါင်းထားသည့် စွမ်းအားနှင့် ညီမျှပေသည်။ ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤဧည့်ခန်းမအတွင်းရှိ အသန်မာဆုံး သားရဲမှာ စွန်ရဲနက်၊ ရေနဂါး သို့မဟုတ် ရင်သွေးမျက်နှာပင့်ကူတို့ မဟုတ်တော့ဘဲ ဤမိစ္ဆာဒိုင်နိုဆောကြီးသာ ဖြစ်ပေတော့သည်။
အဖိုးကြီးထျန်း၏ ကံကောင်းမှုကို ဖော်ပြရန် စကားလုံးပင် ရှာမရတော့ပေ။ သို့သော်လည်း သူသည် ကိုယ်ပိုင်စွမ်းအား ချို့တဲ့နေပြီး သူ၏ သွေးကတိအဆင့်မှာလည်း နိမ့်ပါးနေသေးသဖြင့် သူသည် ဤမိစ္ဆာဒိုင်နိုဆော၏ အလားအလာများကို အပြည့်အဝ အသုံးမချနိုင်သေးပေ။ အကယ်၍ သူသာ အသုံးချနိုင်ခဲ့လျှင် သူသည် ဝိညာဉ်ကလေးငယ်မိခင်နှင့်ပင် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။
သို့သော်လည်း လင်းကျင်းမှာ ထိုအချက်ကို အဖိုးကြီးထျန်းအား လောလောဆယ် ပြောပြရန် အစီအစဉ်မရှိပေ။
လူတစ်ယောက်အနေဖြင့် အဖိုးကြီးထျန်းမှာ ပိုမို အရောင်တင်ရန် လိုအပ်နေသေးသည်။
ထို့နောက် လင်းကျင်းက ဝိညာဉ်ကလေးငယ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဖုတ်ကောင်က အဆင်ပြေသွားပြီ... အခေါင်းလူသားကို လာခေါ်ခိုင်းလိုက်ပါ"
ဤစကားကြောင့် ဝိညာဉ်ကလေးငယ်မှာ အလွန် ဝမ်းသာသွားခဲ့၏။
ဆက်လက်၍ သူတို့သည် ပုံမှန်အတိုင်း အမေးအဖြေ ကဏ္ဍကို ပြုလုပ်ကြသည်။ ဝိညာဉ်ကလေးငယ်နှင့် အခြားသူများမှာ စည်းမျဉ်းများကို သိရှိကြသဖြင့် သူတို့တွင် သားရဲများ၏ သွေးနမူနာများ ပါရှိပြီး လင်းကျင်းက ထိုသားရဲများနှင့် ပတ်သက်သော သူတို့၏ သိလိုသမျှကို ဖြေကြားပေးခဲ့သည်။
လူသစ်နှစ်ဦးမှာမူ ထောင့်တစ်နေရာမှ သူတို့၏ ဆွေးနွေးမှုများကို အကဲခတ်နေပြီး နားထောင်နေကြ၏။
ကောင်းကင်ရစ်ပတ်နိုင်ငံ၏ တတိယမင်းသားဖြစ်သည့်အားလျော်စွာ ဖုန်းစီချန်းမှာ ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်မှာ မအံ့ဩစရာပင်။ လူတိုင်းက 'ပြတိုက်မှူး' ဟု ခေါ်ဝေါ်နေကြသော ထိုမျက်နှာဖုံးစွပ်လူမှာ သူ၏ အလုပ်တွင် အလွန်ပင် ကျွမ်းကျင်ကြောင်း နားထောင်ရုံနှင့် သူ သိရှိနိုင်ပေသည်။
အနည်းဆုံးတော့ သားရဲများနှင့် ပတ်သက်လာလျှင် မည်သည့်မေးခွန်းမျှ သူ့အတွက် စိန်ခေါ်မှု မဖြစ်ပုံရပေ။
ဖုန်းစီချန်းသည် သူ၏နိုင်ငံရှိ အဆင့် (၄) သားရဲအကဲဖြတ်မှူး အများစုကို ကိုယ်တိုင် သိရှိထားသူ ဖြစ်သည်။ ပြတိုက်မှူး၏ အဆင့် (၄) သားရဲများနှင့် ပတ်သက်သော ဗဟုသုတမှာ သူ သိရှိထားသော အဆင့် (၄) သားရဲအကဲဖြတ်မှူးများနှင့် နှိုင်းယှဉ်လျှင် နိမ့်ပါးခြင်း မရှိပေ။
'ဒီနေရာက တကယ်ပဲ ဘယ်နေရာလဲ... ဒီလူတွေကကော ဘယ်သူတွေလဲ'
ဖုန်းစီချန်းမှာ ယခုအခါ ဤအရာမှာ သူ၏ ညီအစ်ကိုများ သို့မဟုတ် သူ၏ ခမည်းတော်၏ လက်ချက် မဟုတ်နိုင်ကြောင်း သိလိုက်ရပြီ ဖြစ်သည်။
အကယ်၍ ၎င်းမှာ သူ၏ ခမည်းတော်က စီစဉ်ထားသော စမ်းသပ်မှုတစ်ခုဆိုလျှင် ရည်ရွယ်ချက်တစ်ခုခု ရှိရပေမည်။ သူတို့သည် သူ့ကို စမ်းသပ်ရန် ကြိုးစားကြလိမ့်မည် ဖြစ်သော်လည်း ဖုန်းစီချန်းအနေဖြင့် သူသည် မည်သည့်အချက်ကို စမ်းသပ်ခံနေရသနည်းဆိုသည်ကို မမြင်တွေ့ရပေ။
လိုက်လျောညီထွေရှိမှုလား။
သေချာပေါက် မဟုတ်ပါ။
သူ၏ စိတ်ဓာတ်လား။
ထိုသို့လည်း ဟုတ်ပုံမရပေ။
ထို့အပြင် ကောင်းကင်ရစ်ပတ်နိုင်ငံမှာ အစောင့်အရှောက်အဖြစ် အဆင့် (၅) သားရဲ တစ်ကောင်ထက်မကရှိသော အဆင့်မြင့်နိုင်ငံတစ်ခု ဖြစ်သော်လည်း၊ အဆင့် (၄) သားရဲ ပိုင်ဆိုင်ထားသူများကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားကြပေ။ သို့သော်လည်း ဖုန်းစီချန်းမှာ အဆင့် (၄) သားရဲ ပိုင်ဆိုင်ထားကြသော ဤလူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မမှတ်မိပေ။ သူတို့အကြောင်းကို တစ်ခါမျှပင် မကြားဖူးခဲ့ချေ။
အကယ်၍ သူတို့သာ သူ၏ နိုင်ငံသားများဖြစ်ပါက သူသည် အနည်းဆုံး တစ်ယောက် သို့မဟုတ် နှစ်ယောက်ကို သိရှိရပေမည်။ သေချာပေါက်ပင် ဤလူများမှာ ဝေးလံသော မြို့များမှ ပြောင်းရွှေ့လာသူများလည်း ဖြစ်နိုင်ပေသည်၊ ၎င်းမှာ ဖြစ်နိုင်ချေရှိသော အချက်တစ်ခုပင် ဖြစ်သည်။
'ဆက်ပြီး စောင့်ကြည့်ကြရအောင်'
ဖုန်းစီချန်းမှာ မမြဲသော အရာများကို တည်ငြိမ်မှုဖြင့် တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။
လင်းကျင်းသည် အဖွဲ့သားများ၏ မေးခွန်းများကို ဖြေကြားပြီးနောက် လူသစ်များဘက်သို့ လှည့်လိုက်၏။
"လူသစ်တို့... မင်းတို့မှာ မေးစရာ မေးခွန်းတွေ ရှိလား"
လင်းကျင်းက မေးလိုက်သည်။
မည်သူမျှ ထွက်မပြောကြပေ။ သို့သော်လည်း ဧည့်သည်သစ်များမှာ သေချာပေါက် ပြောင်းလဲမှုများ ရှိနေခဲ့သည်။ အစောပိုင်းက ဘဝင်မြင့်နေခဲ့သော နံပါတ် (၁၁) ဧည့်သည်မှာ ယခုအခါ သတိကြီးစွာ ထားနေပြီး သူ၏ မျက်လုံးထဲတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။ လက်ရှိတွင် သူသည် အလေးအနက် စဉ်းစားနေသည့် ပုံစံမျိုး ရှိနေ၏။ ထိုအတောအတွင်း လင်းကျင်းမှာ နံပါတ် (၁၂) ဧည့်သည်ကို အစိတ်ဝင်စားဆုံး ဖြစ်နေသည်။
အစကတည်းက သူမ၏ မျက်နှာအမူအရာနှင့် ခံစားချက်မှာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်နေခဲ့သည်။
သူမ၏ မျက်လုံးများထဲတွင် ထင်ဟပ်နေသည်မှာ လင်းကျင်းအနေဖြင့် 'မျှော်လင့်ချက်မဲ့ခြင်း'ဟုသာ ဖော်ပြနိုင်သော အရာပင် ဖြစ်သည်။
အခန်း (၃၄၀) - မျှော်လင့်ချက်မဲ့နေသော လျှို့ဝှက်ဆန်းပြားသည့် အမျိုးသမီး
ဧည့်ခန်းမသို့ ရောက်လာသော ဧည့်သည်များထဲတွင် ဤကဲ့သို့သော ခံစားချက်မျိုးကို လင်းကျင်း ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
အခြားသူများမှာမူ မောက်မာသူ၊ သတိကြီးသူ၊ ဘဝင်မြင့်သူ သို့မဟုတ် ဟန်ဆောင်ကောင်းသူများသာ ဖြစ်ကြသည်။ ဤအမျိုးသမီးမှာမူ အများစုနှင့်မတူဘဲ သိသိသာသာ ကွဲထွက်နေ၏။
လင်းကျင်း၏ အရင်ဘဝက စကားပုံတစ်ခုနှင့် ဖော်ပြရလျှင် ဤအမျိုးသမီးမှာ နောက်ကြောင်းရာဇဝင် ရှိပုံရပေသည်။
သို့သော်လည်း သူမ အဘယ်ကြောင့် ဤမျှအထိ မျှော်လင့်ချက်မဲ့နေရသနည်းဆိုသည်ကို လင်းကျင်း မမေးရန် ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့် လမ်းညွှန်မှု တောင်းခံနိုင်သော်လည်း ဧည့်ခန်းမမှာ စိတ်ပညာ အကြံပေးခန်းတစ်ခု မဟုတ်ပေ။
"မင်းတို့မှာ မေးစရာ မရှိဘူးဆိုရင်တော့ ဒီနေရာရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားကြရအောင်... ငါ မင်းတို့ရဲ့ သားရဲတွေကို တစ်ချက်ထိမယ်... ဒါဆိုရင် ဒီနေ့အတွက် ပြီးပြီ"
လင်းကျင်းက ပြောလိုက်သည်။
သားရဲများကို ထိတွေ့ခြင်းမှာ ရဲ့ယွီကျိုးတို့အဖွဲ့ ရောက်ရှိလာပြီးနောက်ပိုင်း လင်းကျင်း သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်သည်။
ဤနေရာကို ဆက်လက် လည်ပတ်နိုင်ရန်အတွက် အခြေခံ စည်းမျဉ်းအချို့ လိုအပ်သည်ဟု လင်းကျင်း ခံစားမိသောကြောင့်တည်း။
ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် သူသည် သားရဲအသစ်များ၏ အချက်အလက်များကို မှတ်တမ်းတင်နိုင်သလို သူ၏ အရည်အချင်းကို ပြသခြင်းဖြင့် သူ၏ အရှိန်အဝါကိုလည်း တည်ဆောက်နိုင်ပေသည်။ ယခင်က ဝိညာဉ်ကလေးငယ်ကို အညံ့ခံစေခဲ့သည်မှာလည်း ဤနည်းလမ်းပင် မဟုတ်ပါလား။
သူ၏ စကားကို ကြားသောအခါ ဟယ်ချန်းနှင့် အခြားသူများမှာ စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ဤအဆင့်ကို အကြိုက်ဆုံး ဖြစ်ကြပြီး ယခုတစ်ကြိမ်တွင် မည်သို့သော သားရဲအသစ်များနှင့် တွေ့ဆုံရမည်နည်းဆိုသည်ကို စပ်စုချင်နေကြ၏။
နက်နဲသော ကျင့်ကြံခြင်းနှင့် ဗဟုသုတ ကြွယ်ဝကြသော ရဲ့ယွီကျိုးနှင့် ဝိညာဉ်ကလေးငယ်တို့မှာ ဖုန်းစီချန်းသည် သူ၏ သားရဲနှင့် ပေါင်းစပ်နိုင်သော သားရဲသခင်ကျမ်းကို ကျင့်ကြံထားကြောင်း သိရှိနိုင်ကြသည်။
သူတို့ပင် သိနိုင်လျှင် ပြတိုက်မှူးမှာလည်း ထိုအချက်ကို သေချာပေါက် သိရှိပေလိမ့်မည်။
သို့သော်လည်း နံပါတ် (၁၂) ဧည့်သည်မှာမူ ထူးခြားနေ၏။
သူတို့ မည်သို့ပင် ကြည့်စေကာမူ သူမတွင် သားရဲတစ်ကောင်မျှ ပါမလာသလို သားရဲသခင်ကျမ်း ကျင့်ကြံထားသူတစ်ဦး၏ အရှိန်အဝါမျိုးလည်း ရှိမနေပေ။ သူမတွင် အဖော်မွန် သားရဲပင် ရှိပုံမရချေ။
သို့သော်ငြားလည်း ပြတိုက်မှူးက 'မင်းတို့ရဲ့ သားရဲတွေ' ဟု သုံးနှုန်းခဲ့သည်။ ၎င်းမှာ သူတို့နှစ်ဦးစလုံးကို ပြောဆိုနေခြင်း ဖြစ်သည်မှာ ရှင်းလင်းလှပေသည်။
"ရဲ့အိုကြီး... အဲဒီအမျိုးသမီးမှာ သားရဲရှိမယ်လို့ ခင်ဗျား ထင်လား"
ကျီးကန်းနက်က ဇဝေဇဝါဖြစ်စွာဖြင့် တိုးတိုးလေး မေးလိုက်၏။ ရဲ့ယွီကျိုးက ခေါင်းခါလိုက်သည်။
"ငါလည်း မပြောတတ်ဘူး... သူမဆီက ဘာအာရုံမှလည်း မရဘူးဆိုတော့ မရှိဘူးလို့ပဲ ငါထင်တယ်... ဒါပေမဲ့ သူမမှာ ထူးခြားတဲ့ မှော်အတတ်တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်တာပဲ... ဝိညာဉ်ကလေးငယ်ကို မေးကြည့်ရအောင်... သူမက ငါ့ထက် ပိုသိမှာပဲ"
သူတို့နှစ်ဦးမှာ ဝိညာဉ်ကလေးငယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ဝိညာဉ်ကလေးငယ်မှာလည်း စကားပြောရန် တွန့်ဆုတ်နေပုံရသည်။ နောက်ဆုံးတွင် သူမက ခေါင်းခါလိုက်၏။ ကြည့်ရသည်မှာ သူမလည်း မပြောတတ်ပုံရပေ။
"ဆက်ကြည့်ကြတာပေါ့... ငါတို့ မသိနိုင်ပေမဲ့ ပြတိုက်မှူးကတော့ သေချာပေါက် သိမှာပါ"
လူတိုင်းက ထိုစကားကို သဘောတူကြ၏။
အမှန်ပင်၊ အဖြစ်အပျက်များစွာ ကြုံတွေ့ပြီးနောက် အနည်းဆုံး သားရဲများနှင့် ပတ်သက်လာလျှင် ပြတိုက်မှူးမှာ အနှိုင်းမဲ့သူ ဖြစ်ပေသည်။
ထိုစဉ် လင်းကျင်းသည် သူတို့နှစ်ဦးရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။
အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ဖုန်းစီချန်းမှာ မျက်နှာဖုံးစွပ်ထားသော ထိုလူ သူ့ထံသို့ လျှောက်လာသည်ကို မြင်သည့်အခါ ရင်ခုန်သံများ မြန်ဆန်လာပြီး ကြီးမားသော ဖိအားတစ်ခုက သူ့ကို လွှမ်းမိုးသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ စိတ်လှုပ်ရှားလာသည့်အခါ သူ၏ သားရဲမှာလည်း ထိတ်လန့်လာတော့သည်။
သူ၏ ကျောဘက်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး မီးလျှံနီရောင် စွမ်းအားများက တဖြည်းဖြည်း ထွက်ပေါ်လာကာ မီးလမ်းကြောင်းများကဲ့သို့ ပုံဖော်လာသည်။ ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း ရုတ်တရက် မြင့်တက်သွားခဲ့၏။
'တကယ့်ကို သန်းနဲ့ချီတဲ့ အခြေအနေမှာမှ တစ်ခုရှိတတ်တဲ့ ရှားပါးသားရဲပဲ'
လင်းကျင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ပြင်ပကမ္ဘာတွင်မူ ဤကဲ့သို့သော ထူးခြားသည့် သားရဲမျိုးကို သူ အလွယ်တကူ ထိတွေ့နိုင်မည် မဟုတ်ပေ။ သို့သော် ဤနေရာတွင်မူ လင်းကျင်းမှာ သားရဲများကို ကြောက်ရွံ့ခြင်း မရှိပေ။
ဤသားရဲကို ထားလိုက်ပါဦး၊ ကောင်းကင်ဘုံ ကိုးထပ်မှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးသာ ဝိညာဉ်ခန်းမသို့ ရောက်လာခဲ့လျှင်ပင် လင်းကျင်းမှာ ၎င်း၏ အမွှေးကို ဆွဲရဲသည့် သတ္တိ ရှိပေသည်။
ထို့ကြောင့် သူသည် ရပ်တန့်ခြင်း မရှိဘဲ ရှေ့သို့ လှမ်းလာခဲ့၏။
ယခုအခါ ဖုန်းစီချန်း၏ ကျောဘက်တွင် မီးအမြီးငါးခုကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်ပြီး သူ၏ သားရဲခန္ဓာကိုယ်မှာ တစ်ဝက်ခန့် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုသတ္တဝါ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဆင့် (၄) သားရဲတစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
ဖုန်းစီချန်းမှာ သူ၏ သားရဲ မည်မျှအထိ စွမ်းအားကြီးကြောင်း သိရှိထားသည်။ သူ၏ နိုင်ငံတွင်ပင် သူ၏ အဖော်မွန်မှာ အလွန်ပင် ရှားပါးသည်ဟု သတ်မှတ်ခံရသူ ဖြစ်သည်။ သူသည် မင်းသားတစ်ပါး ဖြစ်သည်မှာနှင့်အညီ အရင်းအမြစ်များမှာလည်း မည်သည့်အခါမျှ မချို့တဲ့ခဲ့ပေ။
ယခင်က ဖုန်းစီချန်းသည် တစ်ဦးချင်း တိုက်ပွဲများကို မည်သည့်အခါမျှ မကြောက်ရွံ့ခဲ့ဖူးပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ အဖော်မွန်မှာ သူ့အတွက် အောင်ပွဲကို အမြဲတမ်း ဆောင်ကြဉ်းပေးနိုင်သောကြောင့်တည်း။
သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ သူသည် ယုံကြည်မှုများ လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။
မိမိကိုယ်ကိုယ် 'ပြတိုက်မှူး' ဟု ခေါ်ဆိုသော ဤလူထံမှ သူ ခံစားနေရသော ဖိအားမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ဖြစ်သည်။ ဖုန်းစီချန်းသည် အဆင့် (၅) သားရဲ ပိုင်ဆိုင်ထားသော သူ၏ နိုင်ငံရှိ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရစဉ်ကပင် ဤမျှအထိ မကြောက်ရွံ့ခဲ့ဖူးချေ။
၎င်းမှာ သူတစ်ဦးတည်း မဟုတ်ကြောင်း ဖုန်းစီချန်း သိလိုက်ရသည်။ သူ၏ သားရဲမှာလည်း အတူတူပင် ထိတ်လန့်နေခြင်း ဖြစ်သည်။
'အဲဒီလူ ဒီကို ရောက်လာရင် ငါ ဘယ်လို တုံ့ပြန်ရမလဲ... ငါ တိုက်ခိုက်ရမလား၊ ဒါမှမဟုတ် ထွက်ပြေးရမလား'
ဖုန်းစီချန်းမှာ ဒွိဟဖြစ်နေ၏။ သူသည် ကြီးမားသော စွမ်းအားများကို ထုတ်ပြနေသော်လည်း တကယ်တမ်းတွင်မူ သူသည် အလွန်ပင် စိုးရိမ်နေခြင်း ဖြစ်သည်။
သူ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာ၏။
ဖုန်းစီချန်းမှာ တွန့်ဆုတ်နေသော်လည်း သူ၏ သားရဲမှာမူ ပို၍ ပြတ်သားသည်။ ထိုသတ္တဝါမှာ သူ၏ သခင်နှင့် ခွဲထွက်ကာ ကိုယ်ထင်ပြလိုက်ရာ နွားလားဥဿဘ နှစ်ကောင်ခန့် အရွယ်အစားရှိပြီး မြီးငါးချောင်းပါသော ထူးဆန်းသည့် သစ်ကျားတစ်ကောင် ဖြစ်နေသည်။
၎င်းတွင် ဖြူဖွေးသော မျက်ခုံးမွေးများ ပါရှိပြီး ၎င်း၏ ဟိန်းသံမှာ ကျောက်ဆောင်များ ကွဲအက်သွားသကဲ့သို့ပင် အလွန် ကျယ်လောင်လှသည်။ သားရဲ၏ နဖူးတွင် ဦးချိုတစ်ခု ထွက်နေပြီး ၎င်း၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံနှင့်ပင် အလွန် ရှားပါးသော သားရဲတစ်ကောင်ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပေသည်။
၎င်း၏ အမြီးငါးချောင်းစလုံးမှာ တောက်ပသော မီးလျှံများဖြင့် လောင်ကျွမ်းနေသဖြင့် ၎င်းမှာ မီးဓာတ်သားရဲဖြစ်ကြောင်း သိသာလှပေသည်။ ထိုသတ္တဝါ၏ အရှိန်အဝါမှာ ရဲ့ယွီကျိုး၊ ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်တို့၏ သားရဲများထက်ပင် သာလွန်နေပြီး မိစ္ဆာဒိုင်နိုဆောကြီးပင်လျှင် ဂနာမငြိမ် ဖြစ်သွားရ၏။
"တကယ့်ကို စွမ်းအားကြီးတဲ့ ရှားပါးသားရဲပဲ"
လင်းကျင်းက ချီးကျူးလိုက်ရင်း ၎င်းကို ထိရန် လက်လှမ်းလိုက်သည်။
လင်းကျင်းနှင့် မထိတွေ့မီမှာပင် ထိုရှားပါးသားရဲမှာ ဦးခေါင်းကို ငုံ့လိုက်၏။ ၎င်းမှာ စိုးရိမ်စိတ်ကြောင့် အစွယ်များကို ထုတ်ပြနေပြီး တစ်ကိုယ်လုံးလည်း တုန်ရင်နေခဲ့သည်။
သို့သော်လည်း လင်းကျင်း၏ လက်နှင့် သားရဲ၏ ဦးခေါင်း ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ထိုရှားပါးသားရဲမှာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
၎င်းမှာ ချက်ချင်းပင် စိတ်အေးသွားခြင်း ဖြစ်သည်။
ဖုန်းစီချန်း၏ စိတ်အခြေအနေမှာလည်း တည်ငြိမ်သွားခဲ့၏။
မည်သို့ဆိုစေကာမူ သားရဲသခင်ကျမ်းကို ကျင့်ကြံခြင်းဖြင့် ပေါင်းစပ်ထားသည့်အခါ သခင်နှင့် သားရဲမှာ တစ်ဦးနှင့်တစ်ဦး လွှမ်းမိုးမှု ရှိနေကြသည် မဟုတ်ပါလား။
ဤမြင်ကွင်းမှာ ရဲ့ယွီကျိုးတို့အဖွဲ့အတွက်မူ သာမန်ကိစ္စတစ်ခုသာ ဖြစ်သော်လည်း ဖုန်းစီချန်းနှင့် နံပါတ် (၁၂) ဧည့်သည်တို့အတွက်မူ အတော်လေး 'ကြောက်စရာကောင်း' လှပေသည်။
ဖုန်းစီချန်းမှာ တည်ငြိမ်သွားခဲ့သော်လည်း သူ၏ စိုးရိမ်ပူပန်မှုများမှာ ယခုအခါ အံ့ဩမှင်သက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ သားရဲအကြောင်းကို သူ့ထက် ပိုသိသူ မရှိပေ။ သူ၏ နိုင်ငံရှိ မည်သည့် အဆင့် (၄) သားရဲအကဲဖြတ်မှူးမျှ ဤကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သူ သေချာပေါက် ပြောရဲပေသည်။
ကောင်းကင်ရစ်ပတ်နိုင်ငံရှိ အလွန်ရှားပါးသော အဆင့် (၅) သားရဲအကဲဖြတ်မှူး အနည်းငယ်ပင်လျှင် ဤသို့ လုပ်နိုင်မည် မဟုတ်ချေ။
သို့သော် ဤမျက်နှာဖုံးစွပ်လူကမူ လုပ်ဆောင်နိုင်ခဲ့သည်။
သူက ဘယ်သူလဲ။
မည်သို့ပင်ဖြစ်စေ ဖုန်းစီချန်းမှာ ၎င်းမှာ သူ၏ ညီအစ်ကိုများ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ သူ၏ ကောက်ချက်မှာ ရိုးရှင်းပါသည်။ ကောင်းကင်ရစ်ပတ်နိုင်ငံရှိ မည်သည့်မင်းသားမျှ သူ၏ သားရဲကို ယဉ်ပါးသွားအောင် လုပ်နိုင်စွမ်းရှိသည့် 'အကဲဖြတ်ကျွမ်းကျင်သူ' တစ်ဦးကို မပိုင်ဆိုင်ထားနိုင်သောကြောင့်ပင်။
သူ၏ သားရဲမှာ ခုခံရန်ပင် မကြိုးစားခဲ့ပေ။
၎င်းမှာ အကြောက်ရွံ့ဆုံးသော အချက်ပင် ဖြစ်သည်။
ဖုန်းစီချန်းမှာ ယခုအခါ ဤ 'ပြတိုက်မှူး' ဆိုသူသည် အနည်းဆုံး အဆင့် (၄)၊ မဟုတ်ပါ အဆင့် (၅) သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်ရမည်ဟု သိလိုက်ရသည်။
ကောင်းကင်ရစ်ပတ်နိုင်ငံကဲ့သို့သော အဆင့်မြင့်နိုင်ငံတစ်ခုတွင်ပင် အဆင့် (၅) သားရဲအကဲဖြတ်မှူးအဆင့်သို့ ရောက်ရှိသူမှာ လက်တစ်ဆုပ်စာသာ ရှိသည်။ ပို၍ အရေးကြီးသည်မှာ ထိုကဲ့သို့သော သူများကို ဖုန်းစီချန်းကဲ့သို့သော မင်းသားများကပင် အလွန် လေးစားကြရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့် (၅) သားရဲအကဲဖြတ်မှူးများသည် အဆင့် (၅) သားရဲများကိုလည်း ပိုင်ဆိုင်ထားကြသောကြောင့်ပင်ဖြစ်သည်။
အချို့သော အဆင့် (၅) သားရဲအကဲဖြတ်မှူးများသည် အဆင့် (၆) သားရဲများကိုပင် ပိုင်ဆိုင်ထားကြသည်ဟူသော ကောလာဟလများလည်း ရှိနေခဲ့သည်။
'ဒီ ပြတိုက်မှူးက အဆင့် (၅) သားရဲအကဲဖြတ်မှူး တစ်ယောက်များလား'
ဖုန်းစီချန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာတော့သည်။