← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 23 Ch. 221-222

အပိုင်း (၂၂၁) ကျားပါးစပ်ထဲ သွားနှိုက်ခြင်း

"သခင်မလေးရဲ့ သတင်းအချက်အလက် ကွန်ရက်က တကယ်ကို အစွမ်းထက်တာပဲ။"

သူသည် လက်ခုပ်တစ်ချက် တီးလိုက်ရာ ပတ်ဝန်းကျင်ရှိ စက္ကူမီးအိမ်များသည် အစီအရီ လင်းထိန်လာခဲ့ပြီး အမှောင်ထုထဲတွင် ကျန်ရှိနေသော နောက်ထပ် လူသုံးဦးကိုပါ ထင်ရှားစွာ မြင်တွေ့လိုက်ရ၏။

ထိုသူတို့မှာ လက်များတွင် အိမ်မြှောင်ကဲ့သို့သော ချွန်ထက်သည့် လက်သည်းခွံများရှိပြီး ပါးစပ်တွင် အစွယ်များရှိသည့် လူသန်ကြီးတစ်ဦး၊ ကျောဘက်တွင် ရွှေရောင် တောင်ပံတစ်စုံ ပါရှိသော လူငယ်တစ်ဦးနှင့် ဆံထုံးဘေးတွင် ပန်းများ ပန်ဆင်ထားသော အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

သူတို့သည် မှုန်ကုပ်နေသော အမျိုးသား၏ ဘေးပတ်လည်တွင် နေရာယူထားကြပြီး ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အား စူးစမ်းသော အကြည့်များဖြင့် စိုက်ကြည့်နေ၏။

"ဓားဘိုးဘေး၊ သခင်မလေး"

မှုန်ကုပ်နေသော အမျိုးသားက စကားစသည်။ "ကျွန်တော်တို့က ခင်ဗျားတို့နဲ့ စည်းကမ်းချက်တွေ ဆွေးနွေးချင်လို့ ဖိတ်ခေါ်လိုက်တာပါ။"

စုရှန်ရွှယ်က စကားမပြောသေးသော်လည်း ပိုင်ချူးရန်သည် ဝိုင်ခွက်ကို ချလိုက်ပြီး မေး၏။ "ဘာ စည်းကမ်းချက်တွေလဲ။"

"နတ်ဆိုးဧကရာဇ် သေဆုံးသွားပေမယ့် ထီးနန်းဆက်ခံမယ့်သူလည်း မရှိဘူး။ ဒီကိစ္စ ဘာဆက်ဖြစ်မလဲဆိုတာ ခင်ဗျားတို့ နှစ်ယောက်စလုံး သိကြတယ်လို့ ဒီဘုရင်က ထင်ပါတယ်။ ဒါကြောင့် ဒီဘုရင် ထပ်ပြီး ရှင်းပြမနေတော့ပါဘူး။"

မှုန်ကုပ်နေသော အမျိုးသားက စုရှန်ရွှယ်အား လှမ်းကြည့်၏။ "သခင်မလေး... မင်းက နတ်ဆိုးဧကရာဇ်ရဲ့ အသန့်စင်ဆုံး သွေးသားကို ဆက်ခံထားသူပါ။ ဒီဘုရင်က မင်းကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် ဦးဆောင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ အာဏာရလာအောင် ကူညီပေးပါရစေ။"

"မြွေနက်နတ်ဆိုးဘုရင်။"

စုရှန်ရွှယ်သည် ဝိုင်ခွက်ကို အလွန် ကျက်သရေရှိစွာဖြင့် ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။

"ချွေ့လော့ကနေတစ်ဆင့် ငါ နင်တို့ကို အကြိမ်ကြိမ် ပြောပြခဲ့ပြီးပြီလို့ ထင်တယ်။ ဒီရှန်ရွှယ်က လူသားမျိုးနွယ်ပါ။ နတ်ဆိုးဘုရင် ရာထူးကို ဘယ်လိုလုပ် ဆက်ခံနိုင်မှာလဲ။"

"သေချာတာပေါ့။ ကျွန်တော်တို့က သခင်မလေးကို ဘာအပေးအယူမှ မပါဘဲ ခေါင်းဆောင်အဖြစ် တောင်းဆိုနေတာ မဟုတ်ပါဘူး။"

မှုန်ကုပ်နေသော အမျိုးသားသည် စကားကို ခေတ္တရပ်လိုက်ပြီးနောက် ပိုင်ချူးရန်အား ပြန်ကြည့်၏။

"တစ်ချိန်တည်းမှာပဲ လာမယ့် ပြည်တွင်းစစ်မှာ ကျွန်တော်တို့ရဲ့ စခန်းဘက်ကနေ ပါဝင်ပေးဖို့ ဓားဘိုးဘေးကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။"

"ဘာ"

ဤစကားကို ကြားလိုက်ရသောအခါ ပိုင်ချူးရန်ပင်လျှင် အံ့အားသင့်သွားခဲ့ပြီး မှုန်ကုပ်နေသော အမျိုးသားကို လက်ညှိုးထိုးကာ အော်ဟစ်ရယ်မောတော့၏။

"မင်းတို့ လုပ်ရပ်က အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းတာထက်တောင် အများကြီး ပိုပြီး ဆိုးရွားတယ်ဆိုတာ သိရဲ့လား။"

"သေချာပေါက် သိတာပေါ့။"

မှုန်ကုပ်နေသော အမျိုးသားက တည်ကြည်စွာ ခေါင်းညိတ်၏။ "ဒါပေမဲ့ ကျွန်တော် ပိုနားလည်တာတစ်ခုက ဝံပုလွေကို ဖမ်းချင်ရင် ကလေးကို အရင်းအနှီး လုပ်ရဲရမယ်ဆိုတဲ့ အကြောင်းပြချက်ပဲ။ တကယ်လို့ ကျွန်တော်သာ အလောင်းအစား မလုပ်ရဲဘူးဆိုရင် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူး။"

"ကောင်းပြီ။ တကယ် ရဲရင့်ပြတ်သားလိုက်တာ။"

ပိုင်ချူးရန် မတ်တပ်ရပ်လိုက်ပြီး မှုန်ကုပ်နေသော အမျိုးသားကို ကြည့်၏။ "ဒါဆိုရင် မင်းတို့အတွက် ငါ့ကို တိုက်ခိုက်ပေးစေချင်တယ်ဆိုရင် အဲဒီလောက် ကြီးမားတဲ့ တန်ဖိုးကို မင်းတို့ ပေးဆပ်နိုင်ပါ့မလား။"

"တန်ဖိုးက ဘာလဲဆိုတာကို ဓားဘိုးဘေးကိုယ်တိုင်ပဲ အကဲဖြတ်ပါ။"

မှုန်ကုပ်နေသော အမျိုးသားသည် လက်ခုပ်တီးလိုက်ရာ တံခါးပွင့်လာခဲ့ပြီး ရင်ဘတ်ဟိုက်နေသော အဝတ်အစားကို ဝတ်ဆင်ထားသော နတ်ဆိုးမျိုးနွယ် အစေခံမလေးတစ်ဦးသည် လင်ပန်းတစ်ခုကို လက်နှစ်ဖက်ဖြင့် ရိုသေစွာ ကိုင်ဆောင်ကာ တံခါးမှဝင်လာခဲ့ပြီး ပိုင်ချူးရန်၏ရှေ့တွင် ဒူးထောက်သည်။

"ဒါက ဘာလဲ။"

စုရှန်ရွှယ် မျက်မှောင်ကြုတ်ကာ မေး၏။ နတ်ဆိုးမျိုးနွယ် အစေခံမလေး ကိုင်ဆောင်ထားသော လင်ပန်းထဲတွင် ဆုတ်ဖြဲခံထားရသည့် တိရစ္ဆာန်အရေခွံ အဟောင်းတစ်ခု၏ ထောင့်စွန်းတစ်ခုဟု ထင်ရသော၊ ဟောင်းနွမ်းပျက်စီးနေသည့် တိရစ္ဆာန်အရေခွံအပိုင်းအစ တစ်ခုတည်းသာ ရှိနေသည်။

"ဒါက ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်ရဲ့ ပထမမျိုးဆက် နတ်ဆိုးဧကရာဇ် ဂူသင်္ချိုင်းမြေပုံရဲ့ အစိတ်အပိုင်းတစ်ခုပါ။"

မှုန်ကုပ်နေသော အမျိုးသား မြွေနက်နတ်ဆိုးဘုရင်က ပြန်ဖြေ၏။

"ကနဦး နတ်ဆိုးဧကရာဇ် ဂူဗိမာန်ရဲ့ မြေပုံ ဟုတ်လား"

စုရှန်ရွှယ်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ "ငါတို့ ဒါကို ရှာနေတယ်ဆိုတာ နင်တို့ ဘယ်လိုလုပ် သိသွားတာလဲ။"

"သခင်မလေး..."

မြွေနက်ဘုရင်က အပြုံးတစ်ဝက်ဖြင့် တုံ့ပြန်လာသည်။ "ဒီလောကကြီးမှာ မင်းတို့မှ ငါတို့နယ်မြေထဲ သတင်းကွန်ရက်တွေ ဖြန့်ကြက်ထားနိုင်တာ မဟုတ်ဘူး။ ငါတို့မှာလည်း ကျိုကျိုးဒေသဆယ်ခုလုံးအနှံ့ သတင်းပေးတွေ ရှိနေတာပဲလေ။"

စုရှန်ရွှယ်သည် ပိုင်ချူးရန်ဘက်သို့ အကဲခတ်သလို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အေးတိအေးစက်ပင် တုံ့ပြန်လိုက်၏။

"ကောင်းပြီလေ။ ဒါဆိုရင်လည်း ငါ..."

"ခဏနေဦး"

ရုတ်တရက် ပိုင်ချူးရန်က လက်ကာပြကာ သူမစကားကို ဖြတ်တားလိုက်သည်။ ထို့နောက် စုရှန်ရွှယ်ကို စူးစိုက်ကြည့်ကာ မေးလိုက်၏။

"ငါ့အကြောင်း မစဉ်းစားခင် မင်းကိုယ်မင်း နတ်ဆိုးဧကရာဇ် ဖြစ်ချင်လားဆိုတာကို အရင် သေချာစဉ်းစားဖို့ လိုလိမ့်မယ်။"

"ဒီကိစ္စအတွက်တော့ သခင်မလေးရော၊ ဓားဘိုးဘေးပါ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။"

မြွေနက်ဘုရင်က လှောင်ပြုံးပြုံးလိုက်ရင်း တုန့်ပြန်သည်။ "ချွေ့လော့ကျဲ့တုက သခင်အလေးကို အကြိမ်ကြိမ် လာခေါ်ခဲ့ပေမဲ့ သခင်မလေးက အိမ်ရှေ့စံနေရာကို လက်ခံဖို့ ငြင်းဆန်ခဲ့တယ်လေ။ ငါတို့လည်း မတုံးပါဘူး။ သခင်မလေးမှာ ဒီလို ရည်မှန်းချက်မရှိဘူး ဆိုတာကို သေချာပေါက် သိထားပြီးသားပါ။ ဒါကြောင့်မို့ ဒီကာလအတွင်းမှာ သခင်မလေးအနေနဲ့ ငါတို့ရဲ့ နောက်ခံအဖြစ် အမည်ခံရပ်တည်ပေးရုံပါပဲ။ ကိစ္စတွေပြီးသွားလို့ သခင်မလေးက နာမည်ခံပဲ ဆက်လုပ်ချင်ချင်၊ ချက်ချင်းပဲ အာဏာစွန့်လွှတ်လိုက်လိုက် ငါတို့ဘက်က ဘာကန့်ကွက်စရာမှ မရှိပါဘူး။"

"ဒီလိုဆိုမှတော့ ငါက ရုပ်သေးရုပ်သက်သက် ဝင်လုပ်ပေးရမှာပေါ့။ ဟုတ်လား"

စုရှန်ရွှယ်က ပေါ့ပေါ့ပါးပါးပင် ခွန်းတုံ့ပြန်လိုက်၏။

အပိုင်း (၂၂၁) ကျားပါးစပ်ထဲ သွားနှိုက်ခြင်း [၁]

"ဒါတင်မကသေးဘူး။ သခင်မလေးသာ ငါတို့ဘက်မှာ ရှိနေမယ်ဆိုရင် ဓားဘိုးဘေးကလည်း ငါတို့ကို ရန်သူလို သဘောထားမှာ မဟုတ်တော့ဘူးပေါ့။"

မြွေနက်ဘုရင်သည် ပိုင်ချူးရန်ရှိရာဘက်သို့ အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။ "အခုဆိုရင် နတ်ဆိုးမျိုးနွယ်စုထဲက နတ်ဆိုးဘုရင်ဆယ်ပါးမှာ ငါတို့လေးယောက်ကလွဲရင် ကျန်တဲ့သူတွေက အုပ်စုနှစ်စု ကွဲနေကြပြီ။ တစ်စုက ဟိုဝက်ဝံနံစော် ဦးဆောင်တဲ့ တန်းတူညီမျှရေးဂိုဏ်းဖြစ်ပြီး၊ နောက်တစ်စုကတော့ မျောက်ဝံဘုရင်နဲ့ နဂါးဘုရင်တို့ ပူးပေါင်းထားတဲ့အဖွဲ့ပဲ။ သူတို့က နတ်ဆိုးဧကရာဇ်ရဲ့ တရားမဝင်သားကို ထောက်ခံပေးထားကြတယ်။ လက်ရှိ နတ်ဆိုးဧကရာဇ်ဂိုဏ်းကလည်း အဲဒီဘက်ကို ပါသွားဖို့ များတယ်။"

"နတ်ဆိုးဧကရာဇ်ရဲ့ တရားမဝင်သား ဟုတ်လား။"

စုရှန်ရွှယ်သည် အံ့အားသင့်သွားပြီး ကပျာကယာ မေး၏။ "အဲဒါ ဘယ်သူလဲ။"

"အင်း... အရင်နတ်ဆိုးဧကရာဇ်က စစ်ပွဲအပြီးမှာ သခင်မလေးကိုတောင် ကျိုကျိုးဒေသဆယ်ခုမှာ ဒီတိုင်း ထားရစ်ခဲ့နိုင်သေးတာပဲ။ နယ်မြေပြန်ရောက်မှ နောက်ထပ် သွေးသားတစ်ယောက် ထပ်ရခဲ့တာကလည်း ဆန်းလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။"

မြွေနက်ဘုရင်က စုရှန်ရွှယ်အား မျက်လုံးထောင့်ဖြင့် အကဲခတ်နေသည်။

"အဲဒီကောင်လေးက နတ်ဆိုးဧကရာဇ်ရဲ့ သွေးသားအရင်းအချာ ဟုတ်မဟုတ် ငါ သေချာစုံစမ်းပြီးသွားပြီ။ သူ့အမေက နဂါးနက်တစ်ကောင်ဖြစ်ပြီး သူ့မှာ ခေါင်းသုံးလုံးပဲ ရှိတယ်။ ဒါပေမဲ့ အဲဒီခေါင်းသုံးလုံးစလုံးက နဂါးအဖြစ် ပြောင်းလဲနိုင်တဲ့ အရိပ်အယောင်တွေတော့ ရှိနေတယ်။ မျိုးစိတ်အရပြောရရင်တော့ သူ့ကို ခေါင်းသုံးလုံးမျိုးနွယ်လို့ သတ်မှတ်ရမှာပေါ့။"

"ဂုဏ်ယူပါတယ်။ မင်းတော့ အစ်မကြီးတစ်ယောက် ဖြစ်တော့မယ် ထင်တယ်။"

ပိုင်ချူးရန်က ဝင်နောက်လိုက်သော်လည်း စုရှန်ရွှယ်သည် သူ့အား လုံးဝ လျစ်လျူရှုထားလိုက်၏။

မြွေနက်ဘုရင်၏ စကားများကို ကြားပြီးနောက် ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့သည် မြွေနက်ဘုရင်အပါအဝင် နတ်ဆိုးဘုရင်လေးပါး၏ လျှို့ဝှက်ရည်ရွယ်ချက်ကို ချက်ချင်းပင် သဘောပေါက်သွားကြသည်။

နတ်ဆိုးလောက၏ ဧကရာဇ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး မည်သည့် အမွေဆက်ခံခွင့် အမိန့်ပြန်တမ်းကိုမျှ ချန်ရစ်ခဲ့ခြင်း မရှိချေ။ သို့ဖြစ်ရာ မည်သူ့ထံတွင်မျှ တရားဝင် ထီးနန်းဆက်ခံခွင့် မရှိပေ။ နတ်ဆိုးဧကရာဇ်နေရာဟူသည် အင်အားအကြီးဆုံးသူကသာ လုယူရမည့် သွေးစွန်းသော ပလ္လင်တစ်ခုသဖွယ် ဖြစ်လာတော့သည်။ ဤအခွင့်အရေးကို အသုံးချကာ မြွေနက်ဘုရင်တို့ လေးယောက်ကလည်း ထိုနေရာအတွက် ဝင်ရောက်စမ်းသပ် ကြည့်ချင်နေကြခြင်းပင်။

သို့သော် လက်ရှိအချိန်တွင် နတ်ဆိုးလောက၌ ဧကရာဇ်နေရာကို အရယူနိုင်ရန် အလားအလာအရှိဆုံး အုပ်စုကြီးနှစ်စုရှိနေ၏။ တစ်စုမှာ ယခင် နတ်ဆိုးနန်းတော်၏ အင်အားစုများနှင့် ပူးပေါင်းထားသော နတ်ဆိုးဧကရာဇ်၏ သွေးသားဆက်ခံသူများ ဖြစ်ကြပြီး၊ အခြားတစ်စုမှာကား မြင့်မားသော သွေးမျိုးနွယ်မှ ဆင်းသက်လာခြင်းမဟုတ်ဘဲ အောက်ခြေလူတန်းစားမှ ပေါက်ဖွားလာသော နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။ ထိုဒုတိယအုပ်စုသည် နတ်ဆိုးလောကရှိ အောက်ခြေအဆင့် သွေးနိမ့်နတ်ဆိုးမျိုးနွယ်စုကြီး တစ်ခုလုံးကို ကိုယ်စားပြုထား၏။

ဤရှုပ်ထွေးလှသော အခြေအနေကြောင့် မြွေနက်ဘုရင်နှင့် အခြားသော နတ်ဆိုးဘုရင်များမှာ အလွန်ပင် အကျပ်ရိုက်ကာ သိမ်မွေ့ခက်ခဲသော အနေအထားသို့ ရောက်ရှိနေကြသည်။ အထက်သို့ ကြည့်မည်ဆိုလျှင် သူတို့၏ သွေးမျိုးဆက်မှာ မြင့်မြတ်ကြသော်လည်း သူတို့၏ မိခင်များနှင့် နတ်ဆိုးဧကရာဇ်တို့အကြားတွင် ထိုမျှလောက် ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့သည်မှာ ထင်ရှား၏။ မြင့်မြတ်သော မျိုးရိုးဖြင့် ကြွယ်ဝချမ်းသာစွာ မွေးဖွားလာကြသည့် ဤနတ်ဆိုးတစ်သိုက်သည် သာမန်နတ်ဆိုးပြည်သူများနှင့်လည်း တစ်သားတည်း ရောနှောနိုင်ခြင်းမရှိသလို၊ သူတို့ကို စည်းရုံးနိုင်စွမ်းလည်း ကင်းမဲ့နေကြသည်။

ချမ်းသာမြင့်မြတ်သူများ၏ အသိုင်းအဝိုင်းက သီးသန့်ဆန်လှသကဲ့သို့၊ အောက်ခြေလူတန်းစားများ၏ အသိုင်းအဝိုင်းကလည်း ပြင်ပလူများကို လက်ခံလေ့မရှိကြပေ။ မည်သည့် အခြေခံအုတ်မြစ်မှ မရှိဘဲ သာမန်နတ်ဆိုးပြည်သူများကြားသို့ ရုတ်တရက် ဝင်ရောက်လာပါက မည်သူကမျှ ယုံကြည်လက်ခံကြမည် မဟုတ်သည်မှာ သေချာ၏။

ထို့ကြောင့် စုရှန်ရွှယ် ပြောခဲ့သကဲ့သို့ပင် သူတို့က စုရှန်ရွှယ်အား ဘုရင်အဖြစ် တင်မြှောက်ချင်ကြခြင်းမှာ အကြောင်းပြချက်လှလှဖြင့် နာမည်ခံနိုင်ရန်သာ ဖြစ်သည်။ သို့မှသာ ဤထီးနန်းလု ပြည်တွင်းစစ်ကြီးတွင် ပါဝင်ရန် လုံလောက်သော အကြောင်းပြချက်နှင့် အခွင့်အရေး ရရှိလာမည်။

တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သက်၍မူကား ဘုရင်လေးပါး၏ ပူးပေါင်းအင်အားသည် နန်းတော်ဟောင်းမှ ချန်ရစ်ခဲ့သော အထက်တန်းစားစစ်သည်တော်များ၊ နတ်ဆိုးပြည်သူများနှင့် ယှဉ်လျှင် အမှန်တကယ်ပင် ယုတ်လျော့နေသေး၏။ သို့သော် ပိုင်ချူးရန်သာ သူတို့ဘက်တွင် ရှိနေမည်ဆိုပါက မျက်စိစုံမှိတ်၍ ဝင်တိုက်လျှင်ပင် သူတို့အတွက် အောင်ပွဲက သေချာနေသည်။

မြွေနက်ဘုရင် စကားအဆုံးတွင် ဆက်လက်၍ ဝင်ရောက်နှောင့်ယှက်ခြင်း မပြုတော့ဘဲ ထိုနှစ်ယောက်အား စဉ်းစားဆုံးဖြတ်ရန် အချိန်အလုံအလောက် ပေးထားလိုက်သည်။

ပိုင်ချူးရန်သည် စားပွဲငယ်ဘေးတွင် တင်ထားသော ကျီရှန်းနှင့် တိတ်တဆိတ် ဆက်သွယ်လိုက်၏။ သူသည် နတ်ဆိုးအစေခံမလေး ကိုင်ဆောင်ထားသည့် မြေပုံအပိုင်းအစကို စစ်ဆေးပေးရန် ကျိရှန်းအား အကူအညီတောင်းလိုက်ရာ ကျိရှန်းက ထိုအပိုင်းအစမှာ အစစ်အမှန်ဖြစ်ကြောင်း သူ့ကို အတည်ပြုပေးခဲ့သည်။

ထိုရလဒ်ကို စုရှန်ရွှယ်အား သူအသိပေးလိုက်၏။ စုသခင်မလေးသည် အတန်ကြာ စဉ်းစားခန်းဝင်ပြီးနောက် မြွေနက်ဘုရင်ဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြသည်။ "ကောင်းပြီ။ နင်တို့နဲ့ ဒီအရောင်းအဝယ်ကို လုပ်ပြီး နင်တို့ရဲ့ နောက်ခံအဖြစ် ငါ လက်ခံပေးမယ်။ ဒါပေမဲ့ ငါက နင်တို့ အမိန့်ပေးတိုင်း ခေါင်းညိတ်လိုက်လုပ်ပေးမယ့်သူ မဟုတ်ဘူးဆိုတာ သတိထားပါ။"

"ရပါတယ်။ သခင်မလေးက ကန့်လန့်ကာနောက်ကနေ အေးအေးဆေးဆေး ထိုင်ကြည့်နေရုံပါပဲ။"

စုရှန်ရွှယ်အဖြေကို ကြားသောအခါ တင်းမာနေသော မြွေနက်ဘုရင်၏ မျက်နှာထားမှာ ချက်ချင်း ပြေလျော့သွားလေ၏။ ကျိုကျိုးဒေသဆယ်ခုနှင့် အနီးကပ်ဆုံးရှိနေသော နတ်ဆိုးလောကဖြစ်သည့်အပြင် ကျိုကျိုးဒေသဆယ်ခုဆီသို့ သွားရာ တံခါးပေါက်ကိုပါ ထိန်းချုပ်ထားသော မြွေနက်ဘုရင်နှင့် အခြားသူများ၏ သတင်းထောက်လှမ်းရေးကွန်ရက်မှာ နတ်ဆိုးမျိုးနွယ်စုများကြားတွင် အင်အားအကြီးမားဆုံးဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက ထိုသတင်းကွန်ရက်မှတစ်ဆင့် နတ်ဆိုးသခင်မလေး စုရှန်ရွှယ်နှင့် လူသားဓားဘိုးဘေးတို့၏ နီးကပ်လှသော ဆက်ဆံရေးအကြောင်းကို သူတို့ ကြိုတင်သိရှိထား၏။

အကယ်၍သာ စုရှန်ရွှယ်က ပူးပေါင်းရန် သဘောတူခဲ့ပါက ပိုင်ချူးရန်သည်လည်း သဘာဝကျကျပင် သူမကို ကူညီရန် ကျန်ရစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် မြွေနက်ဘုရင်သည် ပိုင်ချူးရန်အား လှမ်းကြည့်လိုက်၏။

"ဓားဘိုးဘေး။ မင်းကရော ဘယ်လိုသဘောရလဲ"

ပိုင်ချူးရန်သည် သူ့အား ဂရုမစိုက်ဘဲ စုရှန်ရွှယ်ကိုသာ ကြည့်နေခဲ့သည်။ စုရှန်ရွှယ်ကလည်း ခေါင်းလှည့်ကာ သူ့အား စိုက်ကြည့်လာ၏။

လေထုထဲတွင် တိတ်ဆိတ်မှုက စက္ကန့်အနည်းငယ်မျှ ကြီးစိုးသွားပြီးနောက် ပိုင်ချူးရန်သည် အကြည့်လွှဲလိုက်ပြီး ဖြေလိုက်သည်။

"ငါက လူသားတစ်ယောက် ဖြစ်နေတာမို့လို့ မင်းတို့ကို တိုက်ရိုက်ကြီး ဘုရင်ဖြစ်လာအောင်တော့ ဝင်မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ မင်းတို့ တိုက်ပွဲစတဲ့အချိန်ကျရင် စစ်မြေပြင်ထဲကို ဝင်လာပြီး မင်းတို့ရဲ့ ရန်သူနှစ်ဖွဲ့စလုံးကို ဝင်ချပေးလို့တော့ ရတယ်။"

"ဒါက..."

မြွေနက်ဘုရင်သည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သံသယကြီးတတ်သော ဤနတ်ဆိုးဘုရင်သည် ပိုင်ချူးရန်၏ စကားများကို လုံးလုံးလျားလျား မယုံကြည်ရဲသေးသည်မှာ ထင်ရှား၏။ အရေးကြီးချိန်ကျမှ ပိုင်ချူးရန်က သူ့ကို စွန့်ပစ်သွားမည်ကို အလွန်အမင်း စိုးရိမ်နေသည်။

All Chapters