အခန်း (၂၂၅-၂၂၆)
Vol. 23 Ch. 225-226
အခန်း (၂၂၃) အချစ်ဟောင်း၏ ရနံ့
"မြွေနက်..."
ထိုအချိန်တွင် သူ့ဘေးရှိ ချွန်ထက်သော အစွယ်များပိုင်ဆိုင်ထားသည့် လူ့ဘီလူးကြီးက တိုးတိုးလေး ကပ်၍ သတိပေးလာ၏။
"ကျားပါးစပ်ထဲ သွားနှိုက်သလိုမျိုး မဖြစ်စေနဲ့။ သတိထားဦး။ ဒီလူသား ဓားဘိုးဘေးက ဘယ်တုန်းကမှ ရိုးသားတဲ့သူ မဟုတ်ဘူး"
"မင်းတို့ နတ်ဆိုးဘုရင်တွေကတော့လေ။ ကွယ်ရာရောက်ရင် ငါ့အတင်းပဲ တုပ်နေကြတော့တာပဲ။"
ပိုင်ချူးရန်က ပခုံးတွန့်ကာ အေးအေးဆေးဆေးပင် ပြောလာ၏။ "ငါတို့ လူသားကျင့်ကြံသူတွေက မင်းတို့လို မဟုတ်ဘူးကွ။ ငါတို့က ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ ကိုယ်လက်ကြံ့ခိုင်ရေးကစလို့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကိုပါ အဓိကထားပြီး လေ့ကျင့်ကြတာ။ အောင်မြင်မှုကြီးကြီးမားမား ရထားတဲ့ ကျင့်ကြံသူတွေဆိုတာ လိမ်ပြောဖို့နေနေသာသာ နှာခေါင်းဝတည့်တည့်လာပြီး ဆဲရင်တောင်မှ ဒေါသထွက်မယ့်သူတွေ မဟုတ်ဘူး။ ငါ ဘယ်လိုပဲဖြစ်နေပါစေ မင်းတို့လို ကလေးတွေကို ဘယ်တော့မှ လှည့်စားမှာ မဟုတ်ဘူး။ မင်းတို့ရဲ့ အစ်ကိုကြီးပိုင်က လူတိုင်းကို ရိုးသားမှုနဲ့ပဲ ဆက်ဆံတာကွ။ မင်းတို့ကိုများ လှည့်စားစရာလား။"
"အရှင်မြွေနက်ဘုရင်။ ဓားဘိုးဘေးက ရန်သူတွေကို နှိမ်နှင်းဖို့ ကူညီမယ်ဆိုတာ မင်းတို့လက်ထဲကို အောင်ပွဲ အရောက်ပို့ပေးလိုက်တာနဲ့ အတူတူပါပဲ။"
စုရှန်ရွှယ်ကလည်း ဝင်ရောက်ဖျောင်းဖျလေသည်။ "စစ်ရှုံးသွားတဲ့ အကြွင်းအကျန်တွေကိုတောင် သေချာ မရှင်းလင်းနိုင်ဘူးဆိုရင် နင်တို့ အာဏာရသွားရင်တောင် သိပ်ကြာကြာ ခံမှာမဟုတ်ဘူး။"
"ဟုတ်ပါပြီလေ။ ငါလည်း အများကြီး မတောင်းဆိုသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က အားနည်းတဲ့ဘက်မှာ ရှိနေတာကိုး။"
မြွေနက်ဘုရင်သည် မတ်မတ်ထိုင်လိုက်ပြီး ပိုင်ချူးရန်အား လေးနက်စွာပြော၏။
"ဒါဆိုရင် အခုလိုပဲ အတည်ပြုလိုက်ကြတာပေါ့။ ငါတို့လေးယောက်က ကနဦးနတ်ဆိုးဧကရာဇ် ဂူဗိမာန်ရဲ့ မြေပုံအပိုင်းအစကို ပေးမယ်။ အဲဒီအတွက် အလဲအလှယ်အနေနဲ့ သခင်မလေးက ပြည်တွင်းစစ်မှာ နာမည်ခံပေးရမယ်၊ ပြီးတော့ ဓားဘိုးဘေးက ငါတို့ အာဏာရဖို့အတွက် ဝင်ကူညီပေးရမယ်။”
"ဉာဏ်ကောင်းလှချည်လား။"
ပိုင်ချူးရန်က ကျေနပ်စွာ ခေါင်းညိတ်၏။ ထို့နောက် စုရှန်ရွှယ်က သူမရှေ့တွင် ဒူးထောက်ခစားနေသော နတ်ဆိုးအစေခံမလေးအား အေးစက်စက် အမိန့်ပေးသည်။ "သွားတော့။ ဒီမှာ နင့်ကို မလိုတော့ဘူး။"
"ခဏလောက် စောင့်ပါဦး။"
မြွေနက်ဘုရင်က လက်ကာပြကာ ရုတ်တရက် တားဆီးလိုက်၏။ "ဓားဘိုးဘေး။ ဒီမြေပုံအပိုင်းအစကို လက်ခံပေးတော်မူပါ။"
"ဟမ်..."
ပိုင်ချူးရန်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်ပြီး ပြောသည်။ "ငါက ပစ္စည်းရတာနဲ့ ကတိဖျက်ပြီး ထွက်သွားမယ်ဆိုရင်ကော။ မင်းတို့ မကြောက်ဘူးလား။"
"ဓားဘိုးဘေးအနေနဲ့ ဂုဏ်သိက္ခာကိုမငဲ့ဘဲ ကတိဖျက်ချင်တယ်ဆိုရင်လည်း ကျုပ်တို့တတ်နိုင်တာ ဘာမှမရှိပါဘူး။ ဒီအပိုင်းအစကို ခင်ဗျားကို ပြပြီးသွားပြီပဲလေ။ ကျုပ်က မပေးဘူးဆိုရင်တောင် ခင်ဗျားက လူအကုန်သတ်ပြီး ဒီအပိုင်းအစကို အေးအေးဆေးဆေး ယူသွားလို့ရတာပါပဲ။ ဒါကြောင့်မို့ ကျုပ်တို့ဘက်က အလိုက်တသိ ကြိုပေးလိုက်တာက ပိုကောင်းမယ်လို့ တွေးလိုက်တာပါ။ နောက်ပိုင်း ကတိတည်ခြင်း၊ မတည်ခြင်းဆိုတာကတော့ ဓားဘိုးဘေးရဲ့ သဘောပါပဲ။ ကျုပ်တို့က ဝင်စွက်ဖက်လို့မှ မရတာ။"
မြွေနက်ဘုရင်က ဉာဏ်နီဉာဏ်နက်များစွာဖြင့် ပြုံးလျက် ဆက်ပြော၏။
"ဒါပေမဲ့ ဒီလိုကိစ္စမျိုးသာ လုပ်ခဲ့မယ်ဆိုရင် နတ်ဆိုးလောကမှာမကဘဲ ကျီုကျီုးဒေသဆယ်ခုလုံးမှာပါ ဓားဘိုးဘေးရဲ့ ဂုဏ်သတင်း ထိခိုက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဓားဘိုးဘေးက ဘယ်လမ်းကို ရွေးချယ်မလဲ။"
"ဟမ့်... မင်းတွေးတာ မှားသွားပြီ။ ငါက အသက်ဒီလောက်တောင် ကြီးနေပြီမို့လို့ ဂုဏ်သိက္ခာတွေ၊ နာမည်တွေဆိုတာ ငါ့အတွက် အရေးမကြီးတော့ဘူး။"
ပိုင်ချူးရန်သည် စကားပြောနေရင်းပင် နတ်ဆိုးအစေခံမလေး ကိုင်ဆောင်ထားသော ဗန်းထဲမှ မြေပုံအပိုင်းအစများကို ဆတ်ခနဲ ကောက်ယူသည်။
"ဒါပေမဲ့ ငါပြောခဲ့သလိုပဲ။ ငါ ပိုင်ချူးရန်က တစ်သက်လုံး လူတွေကို ရိုးသားမှုနဲ့ပဲ ဆက်ဆံခဲ့တာ။ ကတိကဝတ်ပြုပြီးပြီဆိုတော့ ငါက မင်းတို့ကို ကတိပေးထားတဲ့ကိစ္စတွေ ပြီးမြောက်အောင် သေချာပေါက် ကူညီပေးပါ့မယ်။ စောင့်သာကြည့်နေ... ဟိုအုပ်စုနှစ်ခုရဲ့ မဟာမိတ်တပ်တွေကို ငါတို့ ရှင်းပေးမယ်။"
မြွေနက်ဘုရင်သည် စကားမဆိုတော့ဘဲ ဝိုင်ခွက်ကိုသာ ကောက်ကိုင်လိုက်ပြီး ပိုင်ချူးရန်အား အဝေးမှနေ၍ ရိုသေစွာ ဂါရဝပြုလိုက်တော့သည်။
ထို့နောက်တွင်မူကား ခမ်းနားတင့်တယ်လှသော ညစာစားပွဲကြီး စတင်၏။ မြွေနက်ဘုရင်က လက်ခုပ်တီးလိုက်ရာ မြွေနတ်ဆိုးမျိုးနွယ်စုမှ ကျက်သရေရှိပြီး ဆွဲဆောင်မှုအပြည့်ရှိသော ကချေသည်မလေး အများအပြားသည် ဧည့်ခန်းမဆောင်အလယ်သို့ ဝင်ရောက်လာကာ ကပြဖျော်ဖြေသည်။
အခန်း (၂၂၄) အချစ်ဟောင်း၏ ရနံ့ [၁]
ထိုမြွေနတ်ဆိုးမလေးများသည် ရုပ်ရည်ချောမောလှပကြပြီး ကိုယ်နေဟန်ထားများမှာလည်း ကျော့ရှင်းကြော့မော့လှပေ၏။ သူတို့၏ မျက်နှာပေါ်ရှိ အကြေးခွံများက စွဲမက်ဖွယ်အလှကို ဖျက်ဆီးမပစ်သည့်အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်ငွေ့သန်းနေသော ညို့ဓာတ်တစ်မျိုးကိုပင် ပိုမိုတိုးပွားနေစေသည်။
မြွေများဖြစ်ကြသည့်အားလျော်စွာ သူတို့၏ ခန္ဓာကိုယ်ပျော့ပျောင်းမှုသည် လူသားများ၏ ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့ပြီဖြစ်ရာ အရိုးမဲ့နေသယောင် နူးညံ့ပျော့ပျောင်းလှသော ထိုခန္ဓာကိုယ်များက ယောက်ျားသားများအတွက် ရမ္မက်ဆန်သော ဆွဲဆောင်မှုအပြည့် ရှိနေပုံပေါ်၏။
သို့သော်ငြားလည်း ဤမြွေနတ်ဆိုးကချေသည်များ၏ ပေါ်ထွက်လာမှုက စုရှန်ရွှယ်၏ မျက်နှာကို သိသိသာသာ မှုန်ကုပ်သွားစေခဲ့သည်။ မြွေနက်ဘုရင်သည် အကင်းပါးသူပီပီ စုရှန်ရွှယ်၏ အကြည့်များ စူးရှလာသည်နှင့် ပိုင်ချူးရန်ဘက်မှလည်း မည်သည့်စိတ်ဝင်စားမှုမျှ မပြသည်ကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုမြွေနတ်ဆိုးကချေသည်များအား ဆုတ်ခွာသွားကြရန် အလျင်အမြန် လက်ကာပြလိုက်ရတော့၏။
ဝိုင်သုံးခွက်မျှ သောက်ပြီးချိန်တွင် မြွေနက်ဘုရင် စီစဉ်ပေးထားသော ဟင်းလျာများမှာ အလွန်တရာ အရသာရှိလှသော်လည်း ပိုင်ချူးရန်၏ အရှိန်အဝါကြောင့် တက်ရောက်လာကြသော နတ်ဆိုးဘုရင်များမှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ကာ စိတ်ကျဉ်းကျပ်စွာ စားသောက်နေကြရရှာသည်။
ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့က သူတို့အနီးတွင် ထိုင်နေကြရာ သူတို့မှာ ကျယ်လောင်စွာ စကားပြောခြင်း၊ ရယ်မောခြင်းများကို မပြုရဲကြသလို၊ မူးယစ်နေစဉ် ပြောတတ်သည့် ဟာသများနှင့် လွန်ကဲသော နောက်ပြောင်မှုများကိုလည်း မလုပ်ရဲကြပေ။ ထို့ကြောင့် ဤစားသောက်ပွဲကြီးမှာ နတ်ဆိုးဘုရင်များအတွက် အလွန်ပင် စိတ်အိုက်စရာကောင်းလှ၏။
စားသောက်ပွဲ ပြီးဆုံးသွားသောအခါ မြွေနက်ဘုရင်သည် ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အတွက် ဤနန်းတော်၌ပင် တည်းခိုရန် စီစဉ်ပေးခဲ့သည်။ စုရှန်ရွှယ်၏ တုံ့ပြန်မှုများကြောင့် မြွေနက်ဘုရင်က သူတို့နှစ်ဦး၏ အခန်းကို ကပ်လျက် စီစဉ်ပေးလာ၏။
မြွေနက်ဘုရင်သည် အခန်းတစ်ခန်းပဲ ကျန်တော့တယ်ဆိုသည့် ဇာတ်လမ်းဆန်ဆန် ပြောလိုက်ခြင်းမျိုး မဟုတ်သော်ငြား အမှန်တွင်မူ ထိုအခန်းနှစ်ခန်းမှာ ခြံဝင်းငယ်တစ်ခုတည်း၌ ရှိနေပြီး ပါးလွှာသော နံရံတစ်ခုဖြင့်သာ ခြားထားခြင်းဖြစ်လေသည်။
ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက် ပိုင်ချူးရန်သည် ခြံတံခါးကို ပိတ်လိုက်ပြီး အခြားသူများ ချောင်းမြောင်းကြည့်ရှုခြင်းမှ ကာကွယ်ရန် အကာအကွယ် အစီအရင်တစ်ခုကို ချလိုက်၏။ ထို့နောက် သူက မြွေနက်ဘုရင် စီစဉ်ပေးထားသော အခန်းဆီသို့ စုရှန်ရွှယ်အား စကားတစ်ခွန်းမျှ မဆိုဘဲ ဆွဲခေါ်သွားတော့သည်။
"မင်း ဘယ်လိုဖြစ်နေတာလဲ။"
အခန်းဝသို့ ဝင်ဝင်ချင်းပင် ပိုင်ချူးရန်သည် စုရှန်ရွှယ်အား မျက်မှောင်ကြုတ်လျက် မေးသည်။
"ဒီတစ်ကြိမ် ကနဦးနတ်ဆိုးဧကရာဇ်ရဲ့ ဂူဗိမာန်ကို ရှာတဲ့နေရာမှာ မင်းက အရမ်းကို တက်ကြွလွန်းနေတယ် မဟုတ်ဘူးလား။ ငါ မင်းကို ဘယ်နှကြိမ်လောက် ပြောဖူးလဲ။ ငါ့ကို ကူညီဖို့ထက် မင်းဆန္ဒကို မင်းအရင် စဉ်းစားရမယ်လေ "
သို့သော် ပိုင်ချူးရန် ဆက်ပြော၍ မရတော့ပေ။ အကြောင်းမှာ စုရှန်ရွှယ်က သူမ၏ နူးညံ့အိစက်သော လက်ဖဝါးလေးဖြင့် သူ့နှုတ်ခမ်းကို လာရောက်ပိတ်ဆို့လိုက်သောကြောင့်ဖြစ်၏။
သူမ၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့လေးတစ်ခု ထွက်ပေါ်လာပြီး ပိုင်ချူးရန်၏ စိတ်ကို အနည်းငယ် လှုပ်ရှားသွားစေသည်။
မည်သို့ပင်ဆိုစေ သူသည် နှစ်ပေါင်းသုံးထောင်ကျော်တိုင် အထီးကျန်ဆန်ခဲ့ရသော လူပျိုသိုးကြီးတစ်ဦး မဟုတ်ပါလား။ သူက တိုက်ပွဲကြီးများကို မကြုံဖူးသူမဟုတ်ပဲ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည်ဟု အမြဲပြောလေ့ရှိသော်လည်း စုရှန်ရွှယ်သည် အပျိုစင်လေးတစ်ဦး ဖြစ်နေဆဲဆိုသည့် အမှန်တရားကို သိရှိလိုက်ရချိန်မှစ၍ စုရှန်ရွှယ်နှင့် ရင်ဆိုင်ရချိန်တိုင်း သူ၏ခံစစ်မျဉ်းမှာ အလိုအလျောက်ပင် ယိမ်းယိုင်သွားတတ်၏။
"ငါ ကူညီပေးနိုင်တဲ့နေရာမှာ နင့်ကို ကူညီပေးခွင့်ရတာက ငါ့ရဲ့ ဆန္ဒပဲ။"
စုရှန်ရွှယ်သည် ခေါင်းမော့ကာ ပိုင်ချူးရန်အား စိုက်ကြည့်လိုက်သည်။ သူမ၏ ရှည်လျားသော မျက်တောင်လေးများက အနည်းငယ် တုန်ရီသွားပြီးနောက် ညင်သာစွာ ပြောလာ၏။ "နင်က သစ်တုံးလိုပဲ တကယ်နားမလည်တာလား ဒါမှမဟုတ် နားလည်ရက်နဲ့ နားမလည်ချင်ယောင် ဆောင်နေတာလား။"
ဤအချိန်တွင်ကား စာအုပ်များထဲ၌ ရေးသားထားလေ့ရှိသော အလှပန်းလေးများ၏ ကျေးဇူးကို လက်ခံရသည်မှာ အခက်ခဲဆုံးဖြစ်သည်ဟူသည့် စကား၏ အဓိပ္ပာယ်ကို ပိုင်ချူးရန် နက်နက်ရှိုင်းရှိုင်းပင် နားလည်သွားရသည်။
"မင်း ဘာဆိုလိုချင်လဲဆိုတာ ငါ ခန့်မှန်းမိပါတယ်။"
ပိုင်ချူးရန်၏ မျက်နှာမှာ ရဲတက်သွားပြီး သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဆန့်ကျင်ဘက်လိင်၏ အကြည့်ကို ရှောင်လွှဲလိုက်မိ၏။