← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉) ကျားနက်ကြီး အာဖူ

"တပည့်လေးတိန့်... ဒီကွက်ကို သေချာကြည့်ထားစမ်း"

ထိုသတင်းကို ကြားကြားချင်းပင် ပိုင်ချူးရန်းနှင့် စုရှန်ရွှယ်တို့သည် ဘေးလမ်းသွယ်လေးဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။ အခင်းဖြစ်ပွားရာသို့ ရောက်သောအခါ၊ ထူထပ်စွာ စုရုံးနေကြသော နတ်ဆိုးအုပ်ကြီး၏ အလယ်ဗဟို ကွက်လပ်ထဲတွင် လူသုံးဦးကို တွေ့လိုက်ရ၏။

မြေပြင်ထက်တွင် ဘေးတစောင်း လဲကျနေသူမှာ သနားဖွယ်ကောင်းလှသော နတ်ဆိုးမိန်းကလေးငယ် တစ်ဦးဖြစ်သည်။ သူမ၏ မျက်နှာနှင့် လက်မောင်းတစ်လျှောက်တွင် သွေးစို့နေသော ပွန်းပဲ့ဒဏ်ရာများက အထင်းသားပင်။ ဦးခေါင်းပေါ်ရှိ သေးငယ်သော ဦးချိုနှစ်ခုကို ထောက်ရှုခြင်းအားဖြင့် သူမသည် အလွန်အားနည်းလှသော သိုးမျိုးနွယ်ဝင် နတ်ဆိုးတစ်ဦးဖြစ်ကြောင်း သိသာပေသည်။

သူမ၏ မျက်နှာချင်းဆိုင်တွင်မူ ဖြူလျော့သောမျက်နှာထားဖြင့် ပညာရှိအသွင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးက မတ်မတ်ရပ်နေသည်။ သူသည် ဆွတ်ဆွတ်ဖြူသော ဝတ်ရုံကို ဆင်မြန်းထားပြီး အနီရောင်ဆံနွယ်များကို အနက်ရောင်ခေါင်းပေါင်းထဲသို့ သေသပ်စွာ ထိုးသွင်းထား၏။ သူသည် လက်ထဲရှိ စက္ကူယပ်တောင်ကို ဝှေ့ယမ်းကာ ထိတ်လန့်တုန်လှုပ်နေသော အခြားနတ်ဆိုးတစ်ဦးကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုစက္ကူယပ်တောင်ထက်တွင် အစိမ်းရောင် အဆိပ်ငွေ့ပြင်းများက တလိပ်လိပ် စုစည်းနေ၏။ ဤမျက်နှာဖြူ ပညာရှိလူငယ်လေး၏ စွမ်းအားသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နီးပါးခန့် ရှိနေကြောင်း ပိုင်ချူးရန်းနှင့် စုရှန်ရွှယ်တို့ တစ်ချက်ကြည့်ရုံဖြင့် အကဲခတ်မိလိုက်သည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ မြို့တစ်မြို့လုံးကို ပြာကျစေနိုင်ပြီး မြေပြင်ကိုပင် အက်ကွဲသွားစေနိုင်သည့် နတ်အသွင်ပြောင်းအဆင့်၏ ကြောက်မက်ဖွယ် စွမ်းအင်များကို သေးငယ်သော ယပ်တောင်လေးတစ်ခုပေါ်သို့ ကျစ်လစ်စွာ စုစည်းထားနိုင်ခြင်းပင် ဖြစ်သည်။

အကယ်၍ ထိုအဆိပ်တိမ်တိုက်သာ ပေါက်ကွဲပြန့်ကျဲသွားပါက တစ်မြို့လုံးရှိ သက်ရှိမှန်သမျှ အဆိပ်သင့်သွားနိုင်ပြီး ထိုအဆိပ်ငွေ့သာ လူတစ်ဦးတစ်ယောက်ကို ထိမှန်သွားလျှင် ထိုသူမှာ မျက်စိတစ်မှိတ်အတွင်း၌ အရိုးစုအဖြစ်သို့ ပြောင်းလဲသွားမည်မှာ အသေအချာပင်။

သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော နတ်ဆိုးမှာမူ ယခုမှ လူအဖြစ်သို့ အသွင်ပြောင်းထားပြီး ကျင့်ကြံခြင်းစွမ်းအား ကြီးကြီးမားမားမရှိသေးသည့် သာမန်အောက်ခြေနတ်ဆိုးတစ်ဦးဟု ထင်ရသည်။ သို့သော်လည်း ထိုနတ်ဆိုး၏ လည်ပင်းကြားတွင် ရွှေဖြူရောင်ငှက်မွေးအချို့ ပေါ်လွင်နေသည်ကို ပိုင်ချူးရန်း ချက်ချင်း သတိပြုမိ၏။

ဤနတ်ဆိုးသည် စွမ်းအားနိမ့်ပါးလင့်ကစား ထူးခြားသော သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ အကယ်၍ ဤလူသားကသာ နတ်ဆိုးကို သတ်ပစ်လိုက်ပါက အလွန်ဆိုးရွားသော အကျိုးဆက်များ ဆက်တိုက်ဖြစ်ပေါ်လာမည်။ နတ်အသွင်ပြောင်းအဆင့်နှောင်းပိုင်း စွမ်းအားလောက်ဖြင့် နတ်ဆိုးမျိုးနွယ်တို့၏ အင်ပါယာမြို့တော်အတွင်း၌ လာရောက်ရမ်းကား၍ မရနိုင်ပေ။

ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၏ ဒေါသအုံကြွသံများ ဆူညံလာသည်ကို မြင်လိုက်ရသောအခါ ပိုင်ချူးရန်းလည်း အလျင်အမြန် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ပြောလိုက်၏။ "ရပ်လိုက်စမ်း။"

ထို့နောက် သူ၏လက်ကို မြှောက်၍ လေထဲသို့ ခပ်ပြင်းပြင်း တွန်းထုတ်လိုက်ရာ ဘေးနှစ်ဖက်ရှိ နတ်ဆိုးအားလုံးမှာ ကြီးမားသော စွမ်းအားလှိုင်းလုံးကြီးတစ်ခုကြောင့် လမ်းဘေးသို့ ရုတ်တရက် လွင့်စင်သွားကြလေသည်။ ပိုင်ချူးရန်းသည် လူအုပ်ကြားထဲမှ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး သူ့ရှေ့မှ နတ်ဆိုးကို ခြေတစ်ဖက်ဖြင့် ဘေးသို့ ကန်ထုတ်ကာ ကယ်တင်လိုက်၏။ တစ်ချိန်တည်းမှာပင် မျက်နှာဖြူပညာရှိလေး၏ လက်ကောက်ဝတ်ကို သံမဏိညှပ်ကဲ့သို့ တင်းကြပ်စွာ ဖမ်းဆုပ်လေ၏။

သူ့ကိုယ်တွင်းမှ စစ်မှန်သောချီ စွမ်းအင်များ ရုတ်ခြည်း ပေါက်ကွဲထွက်လာပြီးနောက် ပညာရှိ၏ ယပ်တောင်ပေါ်ရှိ အဆိပ်ငွေ့များကို အငွေ့ပျံ ပျောက်ကွယ်သွားစေသည်။ ပိုင်ချူးရန်းသည် ဒေါသထွက်နေဟန်ဆောင်ကာ ခက်ထန်လှသော မျက်နှာထားဖြင့် အသံကျယ်ကျယ် အော်ပြော၏။

"နတ်ဆိုးဧကရာဇ် ကွယ်လွန်သွားတာနဲ့ မင်းတို့ လူသားတွေက ငါတို့ နတ်ဆိုးအင်ပါယာမြို့တော်ထဲမှာ လူသတ်ရဲတဲ့အထိ ရဲတင်းနေကြတာလား။ မင်း သတ္တိကတော့ မသေးဘူးပဲ"

ပညာရှိလူငယ်မှာ အလွန်အံ့သြသွားသော်လည်း အလျင်အမြန်ပင် အခြားလက်တစ်ဖက်ကို မြှောက်ကာ ပိုင်ချူးရန်းအား တန်ပြန်တိုက်ခိုက်သည်။ ပိုင်ချူးရန်းကလည်း ပြန်လည်ခုခံလိုက်ရာ နှစ်ဦးသား၏ စွမ်းအင်များ ရိုက်ခတ်သွားပြီး လွင့်စင်လာသော အဆိပ်ငွေ့ကြွင်းကျန်များကြောင့် အနီးနားရှိ ကျင့်ကြံမှုအဆင့်နိမ့်ပါးသော နတ်ဆိုးနှစ်တန်းခန့်မှာ ချက်ချင်း လဲကျသွားကြ၏။

ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော နတ်ဆိုးများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ခြေလှမ်းများ ဆုတ်သွားကြ၏။ ပညာရှိသည် ထိုအခွင့်အရေးကို အရယူကာ ပိုင်ချူးရန်း၏ ဆုပ်ကိုင်ထားမှုမှ အတင်းရုန်းထွက်လိုက်ပြီး ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ယှက်၍ သတိကြီးစွာဖြင့် မေး၏။

"ခင်ဗျားက ဘယ်သူပါလဲ"

"ငါက... ပိုင်..."

ပိုင်ချူးရန်း စကားစပြောရန် ဟန်ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ကျောပြင်ကို ကျောက်ခဲငယ်တစ်ခုဖြင့် အပစ်ခံလိုက်ရသည်ကို ခံစားမိသွား၏။ သူ အနောက်သို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ စုရှန်ရွှယ်သည် သူ့အား မျက်စောင်းထိုး၍ ဒေါသတကြီးကြည့်နေသည်ကို မြင်လိုက်သည်။

ထို့ကြောင့် သူသည် မျက်နှာကို ချက်ချင်း ပြန်လှည့်ကာ နှုတ်ခမ်းကို တွန့်လိမ်လိုက်ပြီး အသံကိုသြရှရှလုပ်ပြီး ပြောလေ၏။

"ကျားနက်ကြီး အာဖူပါ"

"အဲ့ဒါ ဘာနာမည်ကြီးလဲဗျ။"

ပညာရှိလူငယ်က နားမလည်နိုင်သော မျက်နှာပေးဖြင့် မေးသည်။

အခန်း (၂၃၀) ကျားနက်ကြီး အာဖူ [၁]

"အစေခံတစ်ယောက်က နာမည်ကောင်းရှိဖို့ မလိုဘူးကွ။"

ပိုင်ချူးရန်းက ကျယ်လောင်စွာ အော်လိုက်ပြီး ပညာရှိကို ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လာသည်။

"ငါတို့ သခင်မလေးက မင်းကို အိမ်ခေါ်သွားပြီး ကစားချင်နေလို့တဲ့။ ဒါကြောင့် အေးအေးဆေးဆေး အဖမ်းခံလိုက်စမ်း။"

"လာနောက်နေတာလား။"

ပညာရှိသည် ခြေကွက်များကို လျင်မြန်စွာ ပြောင်းရွှေ့လိုက်ပြီး ပိုင်ချူးရန်း၏ ဖမ်းဆုပ်မှုကို ရှောင်တိမ်းကာ ဒေါသတကြီးဖြင့် တုံ့ပြန်လာသည်။

"မင်းတို့ နတ်ဆိုးတွေက မျိုးနွယ်တူအချင်းချင်းတောင် လူလိုမဆက်ဆံဘူး။ ကိုယ်လုပ်ချင်တာကို အနိုင်ကျင့် လုပ်နေကြတာပဲ။ ငါက မတရားတာကိုမြင်လို့ သတ္တိရှိရှိ ဝင်ပါခဲ့တာ။ အခု ငါ့ကိုပါ အနိုင်ကျင့်ချင်နေတာလား။ တကယ်ပါပဲ... နတ်ဆိုးဆိုတာ နတ်ဆိုးပဲ။ သားရဲဆိုတာလည်း တစ်သက်လုံး သားရဲပဲကို"

ထိုစကားများကို ကြားသောအခါ ပိုင်ချူးရန်း၏ မျက်လုံးများထဲတွင် သဘောကျလက်ခံသည့် အရိပ်အယောင်များ လက်ဖြာသွားသော်လည်း ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၏ ဒေါသမီးကို လောင်စာဆီလောင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားရ၏။ သူတို့သည် ဒေါသတကြီး လက်မောင်းများကို ပင့်တင်ကာ ရှေ့သို့တိုးလာကြပြီး လူသားတွေနဲ့ ဆက်ဆံတဲ့အခါ နတ်ဆိုးတွေရဲ့ ကိုယ်ကျင့်တရားအကြောင်း ပြောနေစရာမလိုဘူးဆိုသည့် အမူအရာဖြင့် ထိုပညာရှိအား ဝိုင်းဝန်းချေမှုန်းရန် အဆင်သင့် ဖြစ်နေကြ၏။

လူအုပ်ကြီး အုံကြွလာချိန်တွင် ရုတ်တရက် ငြိမ့်ညောင်းသော စောင်းသံတစ်သံ လွင့်ပျံလာရာ ဒေါသထွက်နေသော နတ်ဆိုးများမှာ တစ်ခဏမျှ အူကြောင်ကြောင် ဖြစ်သွားကြသည်။

စုရှန်ရွှယ်သည် စောင်းကိုပိုက်လျက် လှပကျော့ရှင်းစွာ ထွက်ပေါ်လာသည်။ သူမသည် နားရွက်နောက်ဘက်ရှိ အဖြူရောင်နဂါးအကြေးခွံများကို ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ မြင်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပြသလိုက်ပြီးနောက် ညို့ဓာတ်ပါသော အသံဖြင့် တိုးညှင်းစွာ ပြော၏။ "ဒီက ညီမလေးရဲ့ မျက်နှာကို ထောက်ထားပေးကြပါရှင်။ ဒီလူသားကို ညီမလေးပဲ ကိုင်တွယ်ဖြေရှင်းပါရစေ။ အဲ့ဒါကမှ နတ်ဆိုးသခင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ညီမျှမှာပါ။"

ပတ်ဝန်းကျင်ရှိ နတ်ဆိုးမျိုးနွယ်များက အလွန်လှပသော မိန်းမပျိုလေးတစ်ဦးကို မြင်လိုက်ရသည့်အပြင် နဂါးအကြေးခွံများကိုပါ ပိုင်ဆိုင်ထားသော အထက်တန်းလွှာ အဆင့်မြင့်နတ်ဆိုးတစ်ဦးဖြစ်ကြောင်း သိသွားကြသောအခါ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် အသာတကြည် နောက်သို့ဆုတ်သွားကြ၏။

"အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။"

စုရှန်ရွှယ်သည် မျက်ဝန်းများထဲတွင် အပြုံးတစ်ခုကို ဖုံးကွယ်ထားလျက် ပိုင်ချူးရန်းအား တောက်ပစွာ ကြည့်သည်။ သူမသည် ရယ်ချင်စိတ်ကို အစွမ်းကုန် အောင့်ထားရင်း အမိန့်ပေး၏။

"အာဖူ... သူ့ကို ဖမ်းလိုက်စမ်း။"

"ဟုတ်ကဲ့ပါ သခင်မလေး။"

ပိုင်ချူးရန်းသည် စိတ်မပါသော လေသံဖြင့် တုံ့ပြန်လိုက်ပြီးနောက် ပညာရှိရှိရာဆီသို့ လျှပ်တစ်ပြက် ပြေးဝင်သွားတော့သည်။

"နတ်ဆိုးမ... အိပ်မက်မက်မနေနဲ့။"

ပညာရှိသည် စိုးရိမ်ဒေါသများဖြင့် သူ၏လက်ထဲရှိ ခေါက်ယပ်တောင်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ အဆိပ်တိမ်တိုက် အစုအဝေးများ လွင့်စဉ်ထွက်ပေါ်လာ၏။ ထိုအဆိပ်တိမ်တိုက်များသည် လေပြင်းများနှင့် ပေါင်းစပ်သွားကာ အဆိပ်ဓားသွားတစ်ခုအသွင် ဖန်တီးလိုက်ပြီး အနီးနားရှိ မြေပြင်ကိုပင် အက်ကွဲခွဲခြမ်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပညာရှိသည် အလွန်သိမ်မွေ့နက်နဲသော ခြေကွက်များကိုပါ အသုံးပြုလာ၏။ ထိုစွမ်းရည်နှစ်ခု ပေါင်းစပ်သွားမှုကြောင့် တိုက်ကွက်အချီပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် သရုပ်ဆောင်နေရသဖြင့် အင်တိုက်အားတိုက် မတိုက်ခိုက်နိုင်သော ပိုင်ချူးရန်းမှာ သူ့အား မဖမ်းမိနိုင်သေးချေ။

ပို၍ထူးဆန်းသည်မှာ ဤလူငယ် ပြသနေသည့် ဟန်ပန်များမှာ ချီမင်ဓားသိုင်းဂိုဏ်း၏ ဓားပညာရပ်များနှင့် အလွန်တူညီနေခြင်းပင်။

"ဟင်..."

ပိုင်ချူးရန်းသည် ခဏမျှ ကြက်သေသေသွားပြီးနောက် မေးသည်။

"ကောင်လေး... မင်း ဘယ်ကလာတာလဲဆိုတာ မေးလို့ရမလား"

"ငါက မင်းကို ပြောပြမယ်လို့ ထင်နေတာလား။"

ပညာရှိက လှောင်ပြောင်၏။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများက ဟိုဟိုဒီဒီ အကဲခတ်လျက် လွတ်မြောက်နိုင်မည့် လမ်းကြောင်းကို ရှာဖွေနေသည်။

"ကောင်းပြီလေ။ မင်းက မပြောချင်ဘူးဆိုတော့လည်း ငါက မင်းနဲ့အတူ သရုပ်ဆောင်ပေးရုံပဲ ရှိတော့တာပေါ့။"

ပိုင်ချူးရန်းသည် ထိုနေရာတွင် ရပ်ကာ အေးအေးဆေးဆေးပင် စဉ်းစားခန်း ဝင်နေ၏။ ဤတစ်ကြိမ်တွင် သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ဗြောင်ကျကျ ထုတ်ဖော်ပြသ၍ မရနိုင်ပေ။

ထို့ကြောင့် သူ ပုံမှန်အသုံးပြုနေကျဖြစ်သော ပြောင်မြောက်လှသည့် ဓားပညာရပ်များနှင့် ခြေကွက်များကို ဤနေရာ၌ အသုံးပြု၍ မရနိုင်တော့ချေ။ လူအဖြစ် အသွင်ပြောင်းထားသော နတ်ဆိုးတစ်ဦးကဲ့သို့သာ တိုက်ခိုက်ဟန်ဆောင်နိုင်တော့မည်။

ပိုင်ချူးရန်း၏ မှတ်ဉာဏ်ထဲတွင် မူလအသွင်ကို အတင်းအကျပ် ထုတ်ဖော်ပြသခဲ့ရသော နတ်ဆိုးဘုရင်ကို ဖယ်လိုက်ပါက လူသားအသွင်ဖြင့် တိုက်ခိုက်ခဲ့ဖူးသော အသွင်ပြောင်းနတ်ဆိုးဆို၍ ချွေ့လော့နှင့် သူကိုယ်တိုင် မွေးမြူထားသော ကြက်ကလေးဖြစ်သည့် လွမ်ငှက် ချင်းတန်ယင်းတို့သာ ရှိ၏။

ချွေ့လော့သည် အပင်အမျိုးအစား နတ်ဆိုးတစ်ဦးဖြစ်ပြီး တိုက်ခိုက်သည့်အခါများတွင် အနီးကပ်တိုက်ခိုက်လေ့ မရှိပေ။ ထို့ကြောင့် သူမကို ဖယ်ထုတ်ပြီးနောက် စဉ်းစားကြည့်သောအခါ ပိုင်ချူးရန်းသည် သူ မွေးမြူထားသော ထိုအဆိုးအပေ ကြက်ကလေးကိုသာ အတုယူရန် ဆုံးဖြတ်လိုက်တော့သည်။

'နေပါဦး... အဲဒီတုန်းက သူက ဒီကွက်ကို ဘယ်လိုသုံးခဲ့တာလဲ။'

ပိုင်ချူးရန်းသည် သူ၏ အစွမ်းထက်လှသော တုံ့ပြန်နိုင်စွမ်းကို အားကိုး၍ ပညာရှိ၏ တိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ရင်း ချင်းတန်ယင်းက သူ့အား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်စဉ်က အသုံးပြုခဲ့သော တိုက်ခိုက်မှုပုံစံကို စိတ်ထဲတွင် ပြန်လည် ပုံဖော်ကြည့်နေ၏။

ထို့နောက် သူသည် ပညာရှိအား လမ်းဖွင့်ပေးရန် ဘေးသို့လှည့်လိုက်ပြီး ခြေအနည်းငယ်လှမ်းကာ မီတာအနည်းငယ်အကွာသို့ ဆုတ်ခွာသွားသည်။ သူ၏လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ လက်ချောင်းများသည် လင်းယုန်လက်သည်းများကဲ့သို့ ကွေးညွတ်သွား၏။

သူသည် ခြေတစ်ဖက်ကို မြှောက်လိုက်ပြီး ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောချီကို နတ်ဆိုးစွမ်းအင်နှင့် ဆင်တူသော စွမ်းအင်အဖြစ်သို့ ကူးပြောင်းပုံဖော်ရန် ကြိုးစားလိုက်ကာ ခြေလက်များပေါ်သို့ အားပြုလိုက်သည်။

အသံကျယ်ကြီးနှင့်အတူ ပိုင်ချူးရန်းသည် မြေပြင်ကို ခြေတစ်ဖက်ဖြင့် ပြင်းထန်စွာ ဆောင့်နင်းလိုက်ရာ မြေပြင်မှာ တစ်စစီ ကျိုးပဲ့အက်ကွဲသွားပြီးနောက် သူသည် ကောင်းကင်ထက်သို့ မြင့်မားစွာ ခုန်တက်သွား၏။

လေထဲတွင် သူ၏လက်မောင်းများကို လင်းယုန်လက်သည်း ပုံစံအတိုင်း ထိန်းသိမ်းထားပြီး ဧရာမ ဖန်ငှက်ကြီး တောင်ပံဖြန့်သည့် အနေအထားဖြင့် ဖြည်းညှင်းစွာ ဖြန့်ကားလိုက်သည်။

ထို့နောက် လေဟုန်ကို ခွင်းလျက် ပညာရှိထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ထိုးဆင်းပြေးဝင်သွားတော့၏။ သူသည် လေထဲတွင် ရှိနေစဉ်မှာပင် တိုက်ကွက်၏ နာမည်ကို အားပါးတရ ကျယ်လောင်စွာ ဟစ်ကြွေးလေသည်။

"ကျီးကန်းဆိုတာ ပျံသန်းနေတဲ့ ကြက်တစ်ကောင်ပဲကွ..."

All Chapters