← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉)

ဘယ်လောက်တောင် မောက်မာလိုက်သလဲ

ထိုစဉ် သီးသန့်ခန်းတံခါးမှာ ပွင့်လာခဲ့လေသည်။ အဆီပြန်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသား ကြီးကြပ်ရေးမှူးတစ်ဦးသည် ပြုံးရွှင်လျက် ချောမောလှပသော စားပွဲထိုးအမျိုးသမီးတစ်သိုက်ကို ဦးဆောင်ကာ ဟင်းလျာများ ချရန် ဝင်လာခဲ့လေသည်။

ထိုအဆီပြန်နေသည့် သက်လတ်ပိုင်း အမျိုးသားသည် မြေပြင်ပေါ်တွင် လဲကျနေသည့် ယွမ်ခယ်ကို မြင် သောအခါ မှင်တက်သွားရလေသည်။ ထို့နောက် သူသည် ယွမ်ခယ်၏ ရှေ့တွင်ရှိသော လျန်ထျန်းကို ကြည့်လိုက်လေသည်။

သူ၏ ကောက်ကျစ်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုအဆီပြန်နေသည့်မျက်နှာ နှင့် ကြီးကြပ်ရေးမှူးသည် ယွမ်ခယ်ထံသို့ အပြေးအလွှားသွားကာ ဖားယားလျက် ထူပေးလိုက်လေသည်။

"အို... သခင်လေးယွမ်...၊ ဘာလို့ မြေကြီးပေါ်မှာ လဲနေရတာလဲ...။"

ထို့နောက် ထိုအဆီပြန်နေသည့် အမျိုးသားသည် လျန်ထျန်းကို ကြည့်ကာ ပြင်းထန်စွာ ငေါက်ငမ်းလိုက် တော့သည်။

"ဟေ့ ကောင်လေး... မင်း နာမည်ပြောင်းထားရုံနဲ့ ငါ မမှတ်မိဘူးလို့ မထင်နဲ့...။ မင်းက ငါတို့ဆိုင်ရဲ့ ပါဆယ်ပို့တဲ့နေရာကို ခဏခဏ လာနေကျ အစားအသောက်ပို့တဲ့ကောင် မဟုတ်လား...။"

"သခင်လေးယွမ် လိုမျိုး အဆင့်အတန်းမြင့်သူက မင်းလို အောက်ခြေလူတန်းစားကို ထမင်းကျွေးဖို့ ဖိတ်တာကိုက မင်းအတွက် ဂုဏ်ယူစရာကြီးလေ...။ မင်းက ဘယ်လိုတောင် သခင်လေးယွမ် ကို မရိုမသေလုပ်ပြီး တွန်းချရဲတာလဲ...။"

အမှန်စင်စစ် လျန်ထျန်းသည် အစားအသောက်ပို့ဆောင်သူအဖြစ် လုပ်ကိုင်လာသည်မှာ သုံးနှစ်ရှိပြီဖြစ် ရာ ထိုကာလအတွင်း အမှာစာပေါင်း သောင်းနှင့်ချီ ပို့ဆောင်ခဲ့ဖူးသည်။ ထိုအထဲတွင် ယခုကဲ့သို့သော အဆင့်မြင့်စားသောက်ဆိုင်များလည်း ပါဝင်ပေသည်။

တိုက်ဆိုင်စွာပင် ထိုအဆီပြန်နေသည့် ကြီးကြပ်ရေးမှူးသည် ရာထူးမတိုးမီက ပါဆယ်ဌာနကို တာဝန်ယူ ခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် ထိုဌာနတွင် ရှိစဉ်က အလွန် မောက်မာရိုင်းစိုင်းခဲ့ပြီး အစားအသောက် ပို့သူများကို အမြဲ ငေါက်ငမ်းကာ တမင် အခက်အခဲဖြစ်အောင် လုပ်လေ့ရှိသူ ဖြစ်သည်။

လျန်ထျန်းကဲ့သို့ ဝါရင့်သူမှာမူ ထိုသို့သောသူများကို မည်သို့ ကိုင်တွယ်ရမည်ကို သိရှိထား၏။ သူ လာ သည့်အခါတိုင်း ဆေးလိပ်တစ်ဗူးဝယ်ကာ ထိုသူ့ကို နှစ်လိပ်ခန့်ပေးပြီး စကားကောင်း ပြောခဲ့ဖူးသဖြင့် ထိုသူက လျန်ထျန်း၏ ရုပ်ရည်ကို မှတ်မိနေခြင်း ဖြစ်သည်။

ထိုအဆီပြန်နေသည့် အမျိုးသားအတွက်မူ အစားအသောက်ပို့သူများက သူ့ကို ရိုသေကိုင်းညွတ်ကာ လက်ဆောင်များ ပေးကြခြင်းမှာ အလွန်ပင် သဘာဝကျလှပေသည်။

ယနေ့တွင် သူသည် လျန်ထျန်းကို ဤနေရာ၌ တွေ့လိုက်ရပြီး လျန်ထျန်းက ယွမ်ခယ်ကို တွန်းချလိုက် သည်ဟု အထင်မှားသွားခဲ့ခြင်း ဖြစ်သည်။ လျန်ထျန်းက သူ့အပေါ် ယခင်က မည်မျှပင် ယဉ်ကျေးခဲ့ပါစေ၊ သူသည် ယွမ်ခယ်ဘက်မှသာ အခြေအနေမကြည့်ဘဲ ရပ်တည်ရန် ဆုံးဖြတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ၎င်းမှာ သူ၏ ရာထူးတိုးရန်အတွက် အခွင့်အရေးကောင်း တစ်ခုဟုလည်း သူ ယူဆ လိုက်မိလေသည်။ သူသည် လျန်ထျန်းကို မည်သည့်ဒုက္ခမျိုးပေးပေး ငြိမ်ခံနေမည့် အစားအသောက်ပို့သူ တစ်ယောက်အဖြစ်သာ မှတ်ယူထားဆဲ ဖြစ်သည်။

ကိုယ်ခန္ဓာတစ်ခုလုံး တုန်ရီနေပြီး စကားပင် မပြောနိုင်တော့သည့် ယွမ်ခယ်ကို နေရာတွင် ထိုင်ခိုင်းပြီး နောက် ထိုအဆီပြန်နေသည့် ကြီးကြပ်ရေးမှူးသည် လျန်ထျန်းကို လက်ညှိုးထိုးကာ အော်ဟစ်ဆဲဆို လေတော့သည်။

"နံစော်နေတဲ့ အစားအသောက်ပို့တဲ့ကောင်...။ ငါက မင်းကို အရင်က အတော်လေးအသိတရားရှိတယ် လို့ ထင်ခဲ့တာ၊ ဒီနေ့ ဘာဖြစ်နေတာလဲ...။ မင်းရဲ့ ခေါင်းက တံခါးကြားညှပ်သွားလို့လား...။"

"သခင်လေးယွမ် က အယ်လ်မြို့တော်မှာ ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိလား...။ သူက ယွမ်ခယ် အိမ်ခြံမြေ ရဲ့ အမွေဆက်ခံသူဖြစ်သလို ငါတို့ဆိုင်ရဲ့ နေမင်းအဆင့် အဖွဲ့ဝင်ကတ် ရှိတဲ့သူကွ...။"

"မင်းလိုကောင်က နေမင်းအဆင့်ဆိုတာ ဘာလဲဆိုတာ သိမှာ မဟုတ်လို့ ငါ ရှင်းပြမယ်...။"

ထိုနေရာတွင် ထိုအဆီပြန်နေသည့် အမျိုးသားသည် တမင်တကာ ရပ်နားလိုက်ပြီး ချောင်းနှစ်ချက် ဟန့် ကာ မာန်ပါပါဖြင့် ဆက်ပြောလေသည်။

"မင်းတို့လိုလူတွေ ငါတို့ဆိုင်က ဟင်းကို စားချင်ရင် အနိမ့်ဆုံးကတော့ ပါဆယ်မှာတာပဲ...။ အဲ့ဒါကတော့ ပိုက်ဆံရှိတဲ့သူတိုင်း မှာလို့ရတယ်...။"

"ဒါပေမဲ့ အဲ့ဒါက ငါတို့ ပိုက်ဆံရှာဖို့ သီးသန့်လုပ်ထားတဲ့ နေရာလေ၊ ချက်ပေးတဲ့သူတွေကလည်း အလုပ်သင်တွေချည်းပဲ...။"

"တကယ့် သူဌေးကြီးတွေကတော့ ဒီမှာ အစစ်အမှန် အရသာကို စားချင်ရင် ဆိုင်ထဲအထိ လာစားကြတာ ...။ ဒါပေမဲ့ လူတိုင်းကတော့ ဝင်ခွင့်မရှိဘူး၊'ကောင်းကင်၊ မြေပြင်၊ နေမင်း၊ လမင်း နဲ့ ကြယ်တာရာ' ဆိုပြီး အဆင့်ငါးဆင့် ခွဲထားတာကွ...။"

"အဲ့ဒီထဲမှာ ကြယ်တာရာအဆင့်က အဖြူရောင်ကတ်ဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ် (၁၀၀) ကျော် ရှိရမယ်...။"

"လမင်းအဆင့်က အစိမ်းရောင်ကတ်ဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ် (၅၀၀) ကျော် ရှိရမယ်...။"

"နေမင်းအဆင့်ကတော့ အနီရောင်ကတ်ဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ် (၁,၀၀၀) ကျော် ရှိရမယ်၊ အခု သခင်လေးယွမ် ကိုင်ထားတာ အဲ့ဒီကတ်ပဲ...။"

"မြေပြင်အဆင့်က အနက်ရောင်ကတ်ဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ် (၅,၀၀၀) ကျော်၊ ကောင်းကင်အဆင့် ကတော့ ရွှေရောင်ကတ်ဖြစ်ပြီး ပိုင်ဆိုင်မှု ယွမ် (၁၀,၀၀၀) ကျော် ရှိမှ ရတာကွ...။"

"ဒါပေမဲ့ ကောင်းကင်နဲ့ မြေပြင်အဆင့် အဖွဲ့ဝင်တွေဆိုတာ အယ်လ်မြို့တော်မှာ ရှားမှရှားပဲ၊ ဂဏန်းနှစ် လုံးတောင် မပြည့်ဘူး...။"

"ဒါကြောင့် နေမင်းအဆင့်ဆိုတာ မင်းတို့ ပုံမှန်မြင်တွေ့နိုင်တဲ့ အမြင့်ဆုံးအဆင့်ပဲ...။ အဲ့ဒါ သခင်လေးယွမ် ရဲ့ အဆင့်အတန်းပဲ...။"

"သခင်လေးယွမ် သာ စိတ်ချမ်းသာရင် ငါ့ကို ကြီးကြပ်ရေးမှူးကနေ မန်နေဂျာအဖြစ် ရာထူးတိုးပေးနိုင် တယ်...။ ဒါပေမဲ့ မင်းလိုကောင်က ငါတို့ရဲ့ အထူးဧည့်သည်တော်ကြီးကို မြေပြင်ပေါ် တွန်းချရဲတယ်ပေါ့ လေ….။ မင်း တကယ်ပဲ သေချင်နေတာလား...။"

လျန်ထျန်းသည် ထိုသူ၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့လေသည်။ ၎င်းမှာ သူက ကြား ဖြတ်မပြောလို၍ မဟုတ်ဘဲ ထိုသူ့ကို အထင်သေးလွန်းလှသောကြောင့် ဖြစ်သည်။

ထို့ပြင် လျန်ထျန်းသည် အစားအသောက်ပို့သူများစွာကို ဒုက္ခပေးခဲ့သည့် ဤလူကို သင်ခန်းစာကောင်း ကောင်း ပေးလိုခြင်းလည်း ပါဝင်ပေသည်။

ထိုအဆီပြန်နေသည့် အမျိုးသားမှာ အမောတကော ဖြစ်သွားချိန်၌ လျန်ထျန်းက ပြုံးလျက် လက်ကို ဖြန့်ပြကာ မေးလိုက်သည်။

"ဒါဆိုရင် မင်းက ဘာလုပ်ချင်လို့လဲ...။"

ထိုသူသည် လျန်ထျန်း၏ အင်္ကျီကော်လာကို လာရောက်ဆွဲကိုင်ကာ ၊

"ငါက မင်းကို ထိုးကြိတ်ပြီး သခင်လေးယွမ် ရဲ့ ဒေါသကို ပြေအောင် လုပ်ပေးမယ်...။ ပြီးတော့ မင်းဘေး က မိန်းကလေးကို သခင်လေးယွမ် ဆီ ဆက်သပြီး စိတ်ချမ်းသာအောင် လုပ်ပေးမယ်...။"

သူတို့ အထဲသို့ စတင်ဝင်လာစဉ်ကပင် ထိုအဆီပြန်နေသည့် အမျိုးသားသည် လျန်ထျန်း၏ ဘေးရှိ ဝမ်ရှောင်ရို့ကို မြင်တွေ့ခဲ့ပြီး ယွမ်ခယ်က အစားအသောက်ပို့သူတစ်ဦးကို အဘယ်ကြောင့် ထမင်းကျွေး ရသနည်းဟူသော အကြောင်းရင်းကို 'ခန့်မှန်း' မိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်ကမှ ရာထူးတိုးထားသည့် ဤသူသည် သူ၏ ရာထူးကို ဆက်လက်တိုးမြှင့် နိုင်ရန်အတွက် အရေးပါသော ဧည့်သည်များ၏ စိတ်နေစိတ်ထားကို လေ့လာထားခဲ့သူ ဖြစ်သည်။

ယွမ်ခယ်သည် မိန်းကလေးချောချောလေးများကို အလွန်မက်မောသူဖြစ်ကြောင်း သူ သိရှိထား၏။

ထို့ကြောင့် ယနေ့ ဟင်းလျာများ ပြင်ဆင်ရာတွင်ပင် ယွမ်ခယ်အား စိတ်ကျေနပ်မှု ပေးနိုင်ရန်အတွက် အချောဆုံးနှင့် ကိုယ်လုံးကိုယ်ပေါက် အလှဆုံး စားပွဲထိုးအမျိုးသမီးများကို သူ ရွေးချယ်လာခဲ့ခြင်း ဖြစ်ပေသည်။

မမျှော်လင့်ဘဲ အထဲသို့ ရောက်ရှိချိန်၌ ယွမ်ခယ်မှာ မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့ရပြီး တွန်းချ လိုက်သူမှာ သူသိသည့် အစားအသောက်ပို့သူ တစ်ဦးဖြစ်နေတော့သည်။ ထို့ပြင် ထိုသူနှင့်အတူ ပါလာ သည့် မိန်းကလေးမှာ သူရွေးချယ်လာသည့် စားပွဲထိုးမလေးများထက် အဆပေါင်းများစွာ ပို၍ လှပနေ ခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် ထိုအဆီပြန်နေသည့် အမျိုးသားအနေဖြင့် အခြေအနေကို မည်သို့ ခန့်မှန်းမည်နည်း။

*သခင်လေးယွမ် က အစားအသောက်ပို့တဲ့ကောင်ကို အကြောင်းမရှိဘဲ ထမင်းမကျွေးဘူး၊ ဘေးနားက အလှလေးကို သဘောကျလို့ပဲ ဖြစ်ရမယ်...။*

*ဒီအလှလေးနဲ့ အစားအသောက်ပို့တဲ့ကောင်က တစ်ခုခု ပတ်သက်နေမှာပဲ...။ သခင်လေးယွမ် က သူမ ကို ချဉ်းကပ်ဖို့ ကြိုးစားတုန်းမှာ ဒီကောင်က ရူးသွပ်သွားပြီး သခင်လေးယွမ် ကို ရန်မူလိုက်တာပဲ ဖြစ်ရ မယ်…..။*

*ဟားဟား... ဒါက ငါ ရာထူးတိုးဖို့အတွက် နတ်လူမစတဲ့ အခွင့်အရေးပဲ...။ ဒီကောင်လေးကို သင်ခန်း စာပေးပြီး အဲ့ဒီအလှလေးကို သခင်လေးယွမ် ဆီ ဆက်သလိုက်ရင်တော့ ငါ့ရဲ့ အနာဂတ်က...၊*

အထက်ပါအချက်များမှာ ထိုအဆီပြန်နေသည့် အမျိုးသားသည် သူ၏ ကောက်ကျစ်သော မျက်လုံးများ ဖြင့် ခဏချင်းအတွင်း တွေးတောလိုက်သည့် အရာများပင် ဖြစ်သည်။

ယခုအခါ သူသည် လက်တွေ့ပင် လုပ်ဆောင်နေပြီ ဖြစ်သည်။ သူသည် လျန်ထျန်း၏ အင်္ကျီကို ဆွဲကိုင် ကာ လက်ပါရန် ပြင်လိုက်တော့သည်။

သို့သော် လျန်ထျန်းက သူ့ကို လှောင်ပြုံးဖြင့် ကြည့်ကာ စကားတစ်ခွန်း ပြောလိုက်လေသည်။

"နေမင်းအဆင့် အဖွဲ့ဝင်တစ်ယောက်ရဲ့ အရှိန်အဝါက မင်းကို ကြီးကြပ်ရေးမှူးကနေ မန်နေဂျာ ဖြစ် အောင် လုပ်ပေးနိုင်တယ်ဆိုရင်...။"

" 'ကောင်းကင်' အဆင့် အဖွဲ့ဝင်တစ်ယောက်မှာရော ဘယ်လောက်အထိ အရှိန်အဝါ ရှိမလဲ...။"

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ထိုအဆီပြန်နေသည့် အမျိုးသားမှာ ခေတ္တမျှ ရပ်တန့်သွားပြီး နောက် ရယ်မောလျက် ပြောလိုက်လေသည်။

"ကောင်းကင်အဆင့် အဖွဲ့ဝင်တစ်ယောက်နဲ့ တွေ့ဖို့ဆိုတာ မလွယ်ဘူးကွ...။ အဲ့ဒီအဆင့်ကလူတွေရဲ့ အချက်အလက်က ငါတို့ဆိုင်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ...။"

"ဒါပေမဲ့ အဲ့ဒီလို ထိပ်တန်းအဖွဲ့ဝင်တစ်ယောက်သာဆိုရင် ငါ့ကို ဒုတိယဥက္ကဋ္ဌ ရာထူးတောင် စကား တစ်ခွန်းတည်းနဲ့ ခန့်ပေးနိုင်တယ်...။"

"ပြီးတော့ ဘယ်သူကမှလည်း ကောင်းကင်အဆင့် အဖွဲ့ဝင်ကို ရန်မစရဲပါဘူး...။ ငါတို့ဆိုင်ရဲ့ အထွေထွေ မန်နေဂျာတောင်မှ အဲ့ဒီလိုလူကို ရန်စမိရင် နိဂုံးမကောင်းနိုင်ဘူး...။"

"ဒါပေမဲ့ အဲ့ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲလေ...။ ဘယ်သူကများ ကောင်းကင်အဆင့် အဖွဲ့ဝင်တစ် ယောက်ကို ရန်စဝံ့တဲ့ သတ္တိ ရှိမှာလဲ...။"

အခန်း (၇၀)

အပြင်းထန်ဆုံး အပြစ်ပေးခြင်း

လျန်ထျန်းသည် နောက်ဆုံးတွင် အားရပါးရ ရယ်မောလိုက်လေတော့သည်။

"အခုကျတော့လည်း မင်းက အဲ့ဒီလိုလူကို တော်တော်လေး မောက်မာရဲတဲ့ သတ္တိရှိနေတယ်လေ...။"

ထိုသို့ပြောဆိုရင်း လျန်ထျန်းသည် အိတ်ကပ်အတွင်းမှ ဝင်းလက်တောက်ပနေသော ရွှေရောင်ကတ်ပြား တစ်ခုကို သာမန်ကာလျှံကာ ထုတ်ယူလိုက်ပြီး လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်၍ ထိုအဆီပြန်နေ သည့် အမျိုးသားအား ပြသလိုက်လေသည်။

"အမှန်အတိုင်း ပြောရရင်တော့ ဒီကတ်ကို ငါ အစက သိပ်ဂရုမစိုက်ပါဘူး...။ အစ်ကိုလု က ငါ့ဆီကနေ ကျင်းတ အိမ်ခြံမြေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အကြိမ်ကြိမ် ရထားလို့ဆိုပြီး ငါ့ကို အတင်းပေးခဲ့ တာပါ...။"

"ငါ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက ဒီကတ်ရဲ့ သတ်မှတ်ချက်ထက် အများကြီး ကျော်လွန်နေ တယ်ဆိုပြီး သူကပဲ တာဝန်ယူပြီး လုပ်ပေးခဲ့တာလေ...။"

"ဒီနေ့ ဒီကို ထမင်းစားဖို့ ဖိတ်ခေါ်ခံရတော့ ဒီဆိုင်မှန်း သိတာနဲ့ ဒီကတ်ကို တစ်ခါတည်း ယူလာခဲ့တာ...။"

"ဒီကတ်က အဖွဲ့ဝင်ကတ်တစ်ခုတင်မကဘဲ အခွင့်အရေးတွေ ဒီလောက်တောင် များလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ...။"

လျန်ထျန်းက ထိုစကားများကို သာမန်ကာလျှံကာ ပြောဆိုနေချိန်တွင် ထိုအဆီပြန်နေသည့် အမျိုးသား မှာမူ တစ်ကိုယ်လုံး တုန်ရီနေခဲ့ပြီ ဖြစ်ချေသည်။

ဤစားသောက်ဆိုင်၏ စားပွဲထိုးခေါင်းဆောင် တစ်ဦးဖြစ်သည့်အတွက် သူသည် မိမိဆိုင်၏ အဖွဲ့ဝင် ကတ်များကို မည်သို့လျှင် မှားနိုင်ပါ့မည်နည်း။

စင်ကြယ်သော ရွှေဖြင့် ပြုလုပ်ထားသည့် ကတ်ပြားကိုယ်ထည်နှင့် အတုပြုလုပ်ရန် ခက်ခဲလှသော အထူးအမှတ်အသားများမှာ မည်သို့မျှ မှားယွင်းနိုင်ခြင်း မရှိပေ။

သို့သော်လည်း သူသည် မျှော်လင့်ချက် အနည်းငယ်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သဖြင့် တုန်ရီနေသော လက်များဖြင့် ထိုရွှေရောင်ကတ်ကို လက်ခံလိုက်ပြီး သူ၏ ဖုန်းကို ထုတ်ယူလိုက်လေသည်။

"ငါ... ငါ ဒါကို စစ်ဆေးကြည့်ရမယ်...။ မင်းက အစားအသောက် ပို့တဲ့သူ တစ်ယောက်ပဲလေ၊ ဘယ် ကတ်ပြားနဲ့မဆို ငါ့ကို လာလိမ်လို့ ရမယ် မထင်နဲ့...။"

"တီ...။"

သို့သော်လည်း ဖုန်းအတွင်းရှိ စနစ်လုပ်ဆောင်ချက်က ထိုကတ်ပြားကို စစ်ဆေးလိုက်သည်နှင့် ထို အဆီပြန်နေသည့် အမျိုးသား၏ စကားအသံမှာ ရုတ်ခြည်း ရပ်တန့်သွားခဲ့လေသည်။

ချက်ချင်းပင် သူ၏ နဖူးထက်၌ ချွေးစေးများ ပျံတက်လာပြီး ပါးပြင်ထက်မှတစ်ဆင့် မြေပြင်ပေါ်သို့ တဖြည်းဖြည်း စီးကျလာလေတော့သည်။

သူ ရာထူးတိုးသည့် နေ့ကတည်းက ကြီးကြပ်ရေးမှူးများနှင့် မန်နေဂျာများက သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးလေသည်။

"တကယ်လို့ မင်းသာ တစ်နေ့မှာ ထိပ်တန်းအဆင့် အဖွဲ့ဝင်တစ်ယောက်နဲ့ တွေ့ခဲ့ရင် အလွန်အမင်း ဂရုစိုက်ရမယ်ဆိုတာကို မှတ်ထားပါ...။"

"အဲ့ဒီလို အဆင့်အတန်းရှိတဲ့သူတွေကို ငါတို့က ဖားယားဖို့ မကြိုးစားပါနဲ့၊ ဘာလို့လဲဆိုတော့ သူတို့က အရမ်းချမ်းသာပြီး အရှိန်အဝါကြီးလွန်းလို့ အရာအားလုံးကို မြင်ဖူးတွေ့ဖူးပြီးသားမို့လို့ပဲ...။"

"ဒါပေမဲ့ သူတို့ကိုတော့ လုံးဝ ရန်မစမိပါစေနဲ့...။ ဒါမှမဟုတ်ရင်တော့... နောက်ဆက်တွဲကိုသာ ကြိုပြီး တွေးကြည့်ထားပေတော့...။"

ယခုအခါ ထိုအဆီပြန်နေသည့် အမျိုးသားအတွက်မူ ၎င်းမှာ ဖြစ်နိုင်ခြေတစ်ခု မဟုတ်တော့ပေ၊ အဘယ် ကြောင့်ဆိုသော် သူသည် ထိပ်တန်းအဆင့် အဖွဲ့ဝင်တစ်ဦးကို အမှန်တကယ်ပင် စော်ကားမိခဲ့ပြီ ဖြစ်သော ကြောင့် ဖြစ်ပေသည်။

"ဘုန်း...။"

နောက်တစ်စက္ကန့်တွင် ထိုအဆီပြန်နေသည့် အမျိုးသားသည် ယခင်က ယွမ်ခယ်ကဲ့သို့ပင် မြေပြင်ပေါ်သို့ အားပျော့စွာ လဲကျသွားတော့သည်။ သူ၏ ပါးစပ်မှာ အံ့သြတကြီး ပွင့်ဟနေပြီး စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။

တိုက်ဆိုင်စွာပင် ထိုအချိန်၌ မန်နေဂျာတစ်ဦးမှာ အပြင်မှ ဖြတ်လျှောက်သွားလေသည်။ အတွင်းဘက်မှ ဆူညံသံများကို ကြားရသဖြင့် သူသည် အခြေအနေကို ကြည့်ရန် အထဲသို့ အမြန်ဝင်လာခဲ့လေသည်။

လျန်ထျန်း၏ လက်ထဲတွင် ရွှေရောင်ကတ်ကို မြင်လိုက်ရချိန်၌ သူသည် အစပိုင်းတွင် ထိတ်လန့်သွားပြီး နောက် မြေပြင်ပေါ်၌ လဲကျနေသည့် အမျိုးသားကို မြင်တွေ့သွားခဲ့လေသည်။

ပတ်ဝန်းကျင် အခြေအနေကို ခဏချင်းအတွင်း အကဲခတ်လိုက်ပြီးနောက် မန်နေဂျာသည် လျန်ထျန်း ထံသို့ အပြေးအလွှား လာခဲ့လေသည်။

"လေးစားအပ်ပါသော ကောင်းကင်အဆင့် အဖွဲ့ဝင်ကြီးခင်ဗျာ...။ အခုလို နေမင်းအဆင့် သီးသန့်ခန်းထဲ ကို ဘယ်လိုဖြစ်ပြီး ရောက်နေရတာပါလဲ...။ ကျွန်တော်တို့ရဲ့ ကြီးကြပ်ရေးမှူးက လမ်းမှားပြလိုက်တာပါ လား...။"

"ဒါမျိုးသာဆိုရင်တော့ စားသောက်ဆိုင်ကိုယ်စား ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်...။ ပြီးတော့ ဒီကြီးကြပ်ရေးမှူးကိုလည်း အပြင်းထန်ဆုံး အပြစ်ကိုပေးပါ့မယ်...။"

၎င်းကို ကြားသောအခါ လျန်ထျန်းက အေးစက်စွာ ပြောလိုက်လေသည်။

"လမ်းမှားပြရုံလေးနဲ့ အပြင်းထန်ဆုံး အပြစ်ပေးမယ် ဟုတ်လား...။ ဒီလူက ငါ့ကို လက်ပါဖို့အထိ ကြိုးစားခဲ့တယ်လို့ ငါပြောရင် မင်း သူ့ကို ဘယ်လို အပြစ်ပေးမလဲ...။"

မန်နေဂျာမှာ ချက်ချင်းပင် တုန်လှုပ်သွားလေသည်။

"ဘာ... သူ... သူက သာမန် စားပွဲထိုးခေါင်းဆောင် တစ်ယောက်ပဲ ရှိသေးတာကို မစ္စတာလျန် ကို ရန်မူ ရဲတယ် ဟုတ်လား...။"

ထို့နောက် မန်နေဂျာသည် ထိုအဆီပြန်နေသည့် အမျိုးသားကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ

-

"မင်းက မကြာခင်ကမှ ရာထူးတိုးထားတဲ့ ဖူဆန်း မဟုတ်လား...။ မင်းကတော့ သွားပြီ၊ လုံးဝကို သွားပြီ...။"

"ဒီကိစ္စကို အထွေထွေမန်နေဂျာဆီ ငါ အသေးစိတ် တင်ပြမယ်၊ ပြီးရင်တော့ မင်း အပြင်းထန်ဆုံး အပြစ်ပေးခံရတာကို စောင့်နေလိုက်တော့...။"

"ငါ ကြိုပြောထားမယ်၊ ဒါက အလုပ်ထုတ်ရုံနဲ့ တင် ပြီးမှာ မဟုတ်ဘူး...။ မင်းကို စာချုပ်ဖောက်ဖျက်မှုနဲ့ နာမည်ပျက်စာရင်းထဲကို သေချာပေါက် ထည့်ပစ်မယ်...။"

"ဒီနာမည်ပျက်စာရင်းကို အယ်လ်မြို့တော်ရဲ့ အဆင့်မြင့် စီးပွားရေးလုပ်ငန်းရှင်များ အသင်းက ပြုလုပ် ထားတာပဲ...။ ဒီနေ့ကစပြီး မင်းဟာ ဘယ်ကုမ္ပဏီကြီးမှာမှ အလုပ်ရတော့မှာ မဟုတ်ဘူး...။"

"မင်းရဲ့ အမှားကြောင့် မင်းရဲ့ နောက်မျိုးဆက်တွေပါ ထိခိုက်ကုန်တော့မှာ...။ မင်းမိသားစု တစ်ခုလုံးရဲ့ အနာဂတ် ပျက်စီးသွားပြီဆိုတာကိုသာ မှတ်ထားလိုက်တော့...။"

ထိုစကားကို ကြားသောအခါ ဖူဆန်းသည် အတက်ရောဂါ ဖြစ်နေသူတစ်ဦးအလား တစ်ကိုယ်လုံး တုန်ရီလာလေတော့သည်။ သူသည် အစွမ်းကုန် ကြိုးစားကာ မန်နေဂျာ​၏ ခြေထောက်နားသို့ တိုးကပ် သွားပြီး ခြေကျင်းဝတ်ကို ဖက်တွယ်လိုက်လေသည်။

"မန်နေဂျာလျူ... ကျွန်တော်... ကျွန်တော် သူက ထိပ်တန်းအဖွဲ့ဝင်တစ်ယောက် ဖြစ်နေမယ်လို့ တကယ် မသိခဲ့တာပါ...။"

"ကျွန်တော့်ကို ကူညီပါဦး... ကျွန်တော့်ကို ကူညီပါဦး...။ ဒါမှမဟုတ်ရင်တော့ ကျွန်တော် နာမည်ပျက် စာရင်းထဲ ရောက်ပြီး တစ်ဘဝလုံး ပျက်စီးသွားပါလိမ့်မယ်...။"

"ကျွန်တော်က အခုထိ လူပျိုကြီးပဲ ရှိသေးတာပါ...။ အခုလို နာမည်ပျက်စာရင်း သွင်းခံလိုက်ရရင် ကျွန်တော် ဘယ်လိုလုပ် မိန်းမရနိုင်တော့မှာလဲ၊ နောက်မျိုးဆက်ကရော ဘယ်က ရမှာလဲ...။ ဝါး...။"

နောက်ဆုံးတွင် အသက်လေးဆယ်နီးပါးရှိပြီဖြစ်သော ထိုအဆီပြန်သည့် အမျိုးသားကြီးမှာ အော်ဟစ် ကာ ငိုယိုလေတော့သည်။

သို့သော် သူသည် မည်မျှပင် ငိုယိုတောင်းပန်နေပါစေ၊ မန်နေဂျာလျူကမူ သူ့ကို လျစ်လျူရှုထားပြီး လျန်ထျန်းအပေါ်၌သာ အာရုံစိုက်နေခဲ့လေသည်။

"လေးစားအပ်ပါသော ထိပ်တန်းအဖွဲ့ဝင်ကြီးခင်ဗျာ...။ ကျွန်တော်တို့ဆိုင်က သူ့အပေါ် ပေးလိုက်တဲ့ အပြစ်ဒဏ်ကို စိတ်ကျေနပ်မှု ရှိရဲ့လားခင်ဗျာ...။"

လျန်ထျန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဖူဆန်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"မင်းဟာ ဘယ်ကုမ္ပဏီကြီးမှာမှ အလုပ်လုပ်ပြီး သူတစ်ပါးကို မောက်မာပြနိုင်တော့မှာ မဟုတ်ဘူး...။ ငါ မင်းကို လမ်းညွှန်ပေးလိုက်မယ်...။"

"ဒီနေ့ကစပြီး အစားအသောက် လိုက်ပို့တော့ပေါ့...။ အလုပ်ကတော့ ပင်ပန်းပေမဲ့ မင်းသာ ကြိုးစား ရင်တော့ ထမင်းမငတ်နိုင်ပါဘူး...။"

"အချိန်ကိုက်ပါပဲ...။ မင်း အရင်က အထင်သေးပြီး ဒုက္ခပေးခဲ့တဲ့ အစားအသောက်ပို့သူတွေရဲ့ ဘဝ အစစ်အမှန်က ဘယ်လိုလဲဆိုတာကို မင်းကိုယ်တိုင်လည်း မြည်းစမ်းကြည့်ရတာပေါ့...။"

ထို့နောက် ဖူဆန်းကို မန်နေဂျာလျူ ခေါ်ယူလိုက်သည့် လုံခြုံရေးဝန်ထမ်းများက အတင်းအကျပ် ဆွဲခေါ်သွားကြလေတော့သည်။

မန်နေဂျာလျူသည် လျန်ထျန်းအား ဆက်လက်၍ ပြုစုဧည့်ခံလိုသော်လည်း လျန်ထျန်းက သူ့ကို စားပွဲထိုးအမျိုးသမီးများနှင့်အတူ အပြင်သို့ ထွက်ခိုင်းလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်လေသည်။

သီးသန့်ခန်းအတွင်း၌ သူတို့ လေးဦးသာ ပြန်လည် ရှိနေတော့သော်လည်း အခြေအနေမှာမူ အစနှင့် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

အစပိုင်းက ဝင့်ဝါနေခဲ့သည့် ယွမ်ခယ်မှာ ယခုမူ ခွေးသေတစ်ကောင်ကဲ့သို့ ထိုင်ခုံပေါ်တွင် ပုံကျနေပြီး မျက်လုံးများမှာလည်း အသက်မဲ့နေတော့သည်။

သူ၏နောက်တွင် ဗိုလ်ကျခဲ့သည့် ကျားရင်းမှာလည်း ကြောက်လန့်နေသည့် ကြက်မလေးတစ်ကောင် ကဲ့သို့ ခေါင်းကို အမြဲ ငုံ့ထားလေတော့သည်။

လျန်ထျန်းသည် ဝမ်ရှောင်ရို့ကို ထိုင်ခိုင်းလိုက်ပြီး ခုနတင်မှ ချထားသည့် ဟင်းလျာများကို မြည်းစမ်းရင်း ယွမ်ခယ်ကို လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

"သခင်လေးယွမ်... သခင်လေးယွမ်...။ ကျွန်တော်တို့ကို ထမင်းဖိတ်ကျွေးတာ မဟုတ်ဘူးလား...။ ကျွန်တော်တို့ပဲ စားနေလို့ ဘယ်ကောင်းပါ့မလဲ၊ သခင်လေးလည်း စားဦးလေ...။"

ယွမ်ခယ်သည် အစာစားလိုစိတ် လုံးဝ မရှိတော့ပေ၊ သို့သော် လျန်ထျန်း၏ သတိပေးမှုကြောင့် သူသည် ဤကဲ့သို့သော အခြေအနေမျိုးသို့ အဘယ်ကြောင့် ရောက်ရှိခဲ့ရသည်ကို ပြန်လည် သိရှိသွားလေသည်။

ထို့နောက် သူသည် ဘေးနားရှိ ကျားရင်းကို ကြည့်ကာ ဒေါသတကြီးဖြင့် ထရပ်လိုက်တော့သည်။

"ဒါတွေ အကုန်လုံးက နင့်ကြောင့်ပဲ နံစော်နေတဲ့ မိန်းမယုတ်မ...။ နင့်ကြောင့် ငါက ဒီလို အရှိန်အဝါ ကြီးတဲ့သူကို သွားပြီး ရန်စမိတာ...။ အခုတော့ ငါ့ရဲ့ ယွမ်မိသားစု တစ်ခုလုံး ဒုက္ခရောက်ကုန်ပြီ...။"

"ငါကတော့ တကယ့်ကို အပြစ်မရှိဘဲ ခံလိုက်ရတာပဲ...။ ဒါပေမဲ့ ငါသာ အဆင်မပြေရင် နင်လည်း အေးအေးဆေးဆေး နေရမယ်လို့ မထင်နဲ့...။"

ယွမ်ခယ်သည် ရူးသွပ်နေသူတစ်ဦးအလား အော်ဟစ်ရင်း ကျားရင်း၏ ဆံပင်ကို ဆွဲကာ သူမ၏ ပါးကို တရစပ် ရိုက်နှက်လေတော့သည်။

ကျားရင်း၏ လှပသော မျက်နှာမှာ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားခြင်းဖြစ်ရာ သူ၏ ရိုက်နှက်မှု ကြောင့် သူမ၏ နှာခေါင်းမှာ စောင်းသွားပြီး ပါးစပ်မှာလည်း ရွဲ့စောင်းသွားလေတော့သည်။

သီးသန့်ခန်းအတွင်း၌ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။

ထိုမြင်ကွင်းကို မြင်သောအခါ လျန်ထျန်းသည် ဝမ်ရှောင်ရို့၏ မျက်လုံးများကို ချက်ချင်း ကာကွယ် ပေးလိုက်ပြီးနောက် သူတို့နှစ်ဦးသည် ထိုနေရာမှ အမြန် ထွက်ခွာလာခဲ့ကြလေတော့သည်။

သို့သော် သူတို့ အဝေးသို့ မရောက်မီမှာပင် နောက်ဘက်မှ အပြေးအလွှား လိုက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။ ၎င်းမှာ ကျားရင်းကို ရိုက်နှက်ပြီးနောက် နောက်သို့ လိုက်လာသည့် ယွမ်ခယ်ပင် ဖြစ်ပေသည်။

ယွမ်ခယ်၏ ကိုယ်မှ ထွက်ပေါ်နေသော ရန်လိုသည့် အငွေ့အသက်များကြောင့် လျန်ထျန်းသည် သူသည် အသည်းအသန် ဖြစ်နေချိန်တွင် တစ်ခုခု လုပ်လာမည်ကို စိုးရိမ်မိသွားခဲ့လေသည်။

တွန့်ဆုတ်နေခြင်းမရှိဘဲ သူသည် ဝမ်ရှောင်ရို့ကို သူ၏ ခန္ဓာကိုယ်ဖြင့် ကာကွယ်ထားလိုက်လေသည်...။

All Chapters