အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁)
ကမ်းခြေသို့ ရောက်သည်နှင့် ချစ်သူကို သတ်ခြင်း
လျန်ထျန်းသည် အစားအသောက်ပို့ဆောင်သူ ယူနီဖောင်းကို ဝတ်ဆင်ကာ လျှပ်စစ်စကူတာလေးကို စီးနှင်းလျက် လေဆိပ်နှင့် အနီးအနားရှိ ဆိုင်များအကြား ကူးချည်သန်းချည် ပြေးလွှားနေလေသည်။
တစ်နေကုန် အလုပ်ရှုပ်ပြီးနောက် လျန်ထျန်းသည် ခေတ္တမျှ အနားယူကာ ရေတစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူ၏ လက်ကိုင်ဖုန်းမျက်နှာပြင်ကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်မိလေသည်။
"ဒီအမှာစာတွေက သွားရတာဝေးလို့ ပို့ဆောင်ရတာ နည်းနည်း အခက်အခဲ ရှိပေမဲ့...။"
"အမှာစာတစ်ခုချင်းစီရဲ့ ပျမ်းမျှတန်ဖိုးကတော့ အတော်လေး များတာပဲ...။ များသောအားဖြင့် (၂၀) ယွမ် ထက်တောင် ကျော်နေသေးတာပဲ...။ အမှာစာ ဆယ်ခုကျော်လောက် ပို့ရုံနဲ့တင် ငါ့ရဲ့ တစ်နေ့တာ ပုံမှန် ဝင်ငွေနဲ့ ညီမျှနေပြီ...။"
"ဒါပေမဲ့ ဒီလိုအခြေအနေမျိုးက ကြုံတောင့်ကြုံခဲပဲ ဖြစ်မှာပါ... ဒီနေ့ ရာသီဥတုကြောင့် လေယာဉ် ခရီးစဉ်တွေ အများကြီး နောက်ကျကုန်လို့သာ လေဆိပ်မှာ အစားအသောက် မှာယူသူတွေ ဒီလောက် များနေတာ...။"
"ဒါမျိုးသာ မဟုတ်ရင် ဒီလောက် ပို့ဆောင်ခ ဈေးကြီးတာကို လေဆိပ်မှာ ဘယ်သူက အစားအသောက် မှာစားပါ့မလဲ...။ ဒီနေ့တော့ ငါ အမြတ်ထွက်ပြီပဲ...။"
ခေတ္တမျှ အနားယူပြီးနောက် ကျန်ရှိနေသော အမှာစာ အနည်းငယ်ကို မြင်သောအခါ လျန်ထျန်းသည် ထိုအမှာစာအားလုံးကို တစ်ခါတည်း လက်ခံလိုက်လေသည်။ ၎င်းတို့ကို အမြန်ဆုံး ပို့ဆောင်ပြီးပါက ယနေ့အတွက် အလုပ်သိမ်းရန် သူ ရည်ရွယ်ထားခဲ့လေ၏။
ထိုစဉ် ဝမ်ရှောင်ရို့ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု ဝင်လာခဲ့လေသည်။
"ငါ အခု လေယာဉ်ပေါ် တက်တော့မယ်...။ ရောက်ဖို့ တစ်နာရီခွဲလောက် ကြာလိမ့်မယ်...။"
လျန်ထျန်းသည် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ထိုအချိန်အတွင်း ကျန်ရှိနေသည့် အမှာစာများကို ပို့ဆောင်၍ ပြီးစီးနိုင်မည်ဟု တွေးမိသဖြင့် အရှိန်ကို မြှင့်လိုက်တော့သည်။ ဝမ်ရှောင်ရို့ လေယာဉ်ပေါ်မှ မဆင်းမီ အလုပ်အားလုံးကို အပြီးသတ်ရန် သူ ဆုံးဖြတ်ထားခဲ့လေ၏။
အချိန်ကိုက်ပင် ဖြစ်သည်။ လျန်ထျန်းသည် နောက်ဆုံးအမှာစာကို ပို့ဆောင်ပြီးစီးချိန်၌ ဝမ်ရှောင်ရို့၏ လေယာဉ်သည် လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်။
လေဆိပ်မှ ကြေညာသံကို ကြားလိုက်ရသဖြင့် လျန်ထျန်းမှာ အခြားအရာများကို ပြင်ဆင်ရန် အချိန်မရ တော့ဘဲ သူ၏ လျှပ်စစ်စကူတာလေးကို ထွက်ပေါက်ရှိရာသို့ အမြန်မောင်းနှင်သွားလိုက်တော့သည်။
မကြာမီပင် လျန်ထျန်းသည် သူ အလွန်လွမ်းဆွတ်နေရသည့် ပုံရိပ်လေး ထွက်ပေါက်မှ ထွက်လာသည် ကို တွေ့လိုက်ရလေသည်။
ဝမ်ရှောင်ရို့၏ ဘေးတွင် ပန်းရောင်လက်ဆွဲအိတ်ကို ကိုင်ထားသည့် အခြားမိန်းကလေးတစ်ဦး သည်လည်း ယှဉ်တွဲလျက် လမ်းလျှောက်လာနေခဲ့လေသည်။
လျန်ထျန်းသည် သူမကို ကြိုဆိုရန် အမြန်သွားလိုက်ရာ ဝမ်ရှောင်ရို့သည်လည်း လျန်ထျန်းကို တစ်ချက် ကြည့်ရုံတည်းနှင့် မှတ်မိသွားပြီး လက်ကို အားတက်သရော ဝှေ့ယမ်းပြလိုက်လေသည်။ သူတို့နှစ်ဦး၏ မျက်နှာတွင် ပျော်ရွှင်မှုများက အတိုင်းသား ပေါ်လွင်လျက်ရှိနေ၏။
သို့သော် ဝမ်ရှောင်ရို့ဘေးမှ မိန်းကလေးမှာမူ အစားအသောက်ပို့ဆောင်သူ ယူနီဖောင်းကို ဝတ်ဆင်ကာ လျှပ်စစ်စကူတာပေါ်မှ ဆင်းလာသည့် လျန်ထျန်းကို မြင်သောအခါ သူမ၏ စက်ဆုပ်ရွံရှာမှုကို မဖုံးကွယ် ထားနိုင်တော့ပေ။
"ရှောင်ရို့... မင်း ပြန်ရောက်ပြီပဲ...။ ငါ မင်းကို အရမ်းလွမ်းနေတာ...။"
ဤအခိုက်အတန့်တွင် လျန်ထျန်း၏ အာရုံတစ်ခုလုံးသည် ဝမ်ရှောင်ရို့ထံ၌သာ ရှိနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေရသဖြင့် သူ၏ မျက်လုံးများပင် အနည်းငယ် နီမြန်းနေလေ၏။
ဝမ်ရှောင်ရို့သည်လည်း ထပ်တူပင် ခံစားနေရသော်လည်း အတူပြန်လာသည့် သူငယ်ချင်းဖြစ်သူကို မိတ်ဆက်ပေးရန် မေ့မသွားခဲ့ပေ။
"ဒါနဲ့ လျန်ထျန်း...၊ ဒါက ငါ့ရဲ့ အတန်းဖော် ကျားရင်း တဲ့...။"
ဝမ်ရှောင်ရို့၏ မိတ်ဆက်ပေးမှုကြောင့် လျန်ထျန်းသည် ထိုမိန်းကလေးကို ယဉ်ကျေးပျူငှာစွာ နှုတ်ဆက် လိုက်သည်။
"နေကောင်းလား ကျားရင်း... ငါက...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် ကျားရင်းက ကြားဖြတ်ကာ ဝမ်ရှောင်ရို့ကို မထူးခြားသည့် လေသံဖြင့် ဆိုလိုက်လေသည်။
"ရှောင်ရို့... ဒါက နင့်ရဲ့ ချစ်သူလား...။ အစားအသောက် ပို့တဲ့သူ တစ်ယောက်လား...။"
"ပြီးတော့ သူက ဘာလို့ ဒီလိုပုံစံနဲ့ နင့်ကို လာကြိုရတာလဲ...၊ တကယ်ပဲ အောက်တန်းကျလိုက်တာ...။ နင့်အနေနဲ့ ချစ်သူအသစ် ရှာဖို့ အလေးအနက် စဉ်းစားသင့်နေပြီ...။"
"ငါတို့က နိုင်ငံခြားကနေ ပညာသင်ယူပြီး ပြန်လာတဲ့ ပညာတတ်တွေ ဖြစ်လာတော့မှာ...။ ဒီလို အစားအ သောက်ပို့တဲ့သူတွေနဲ့ အဆင့်အတန်းချင်း မတူဘူး...။ စောစောဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် လမ်းခွဲကြ ရမှာပဲ...။"
"ဒီလိုလုပ်ပါလား...၊ ငါ နင့်ကို တခြားလူတွေနဲ့ မိတ်ဆက်ပေးမယ်...။ သူတို့ကတော့ ဒီအစားအသောက် ပို့တဲ့လူထက် အများကြီး သာမှာ သေချာတယ်...။"
သို့သော် ဤတစ်ကြိမ်တွင်မူ ကျားရင်း စကားမဆုံးမီ ဝမ်ရှောင်ရို့က ကြားဖြတ် ပြောဆိုလိုက်လေသည်။
"မလိုပါဘူး ကျားရင်း...။ ငါနဲ့ ငါ့ချစ်သူက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ...။ ပြီးတော့ သူ့ရဲ့ အပြင်ပန်းသဏ္ဌာန်ကို ကြည့်ပြီး အထင်မသေးပါနဲ့...။ သူက တကယ်တော့ အလွန် ထူးချွန်တဲ့သူ ပါ...။ ငါ့ထက်တောင် အများကြီး ပိုပြီး ထူးချွန်ပါသေးတယ်...။"
ဝမ်ရှောင်ရို့၏ စကားကို ကြားသောအခါ ကျားရင်းသည် မယုံကြည်နိုင်သည့် အမူအရာကို ပြသကာ သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ဟူး... အချစ်မူးနေတဲ့ လူမိုက်မလေးပဲ...။ နောက်ကျရင် ဝမ်ပေါင်ချွမ်းလို တောဟင်းရွက်တွေ တူးစား နေရဦးမယ်...၊ ကြည့်နေလိုက်...။"
လျန်ထျန်းသည် ကျားရင်းအပေါ် ထားရှိသည့် အထင်အမြင်များမှာ ချက်ချင်းပင် ထိုးကျသွားခဲ့ပြီး စိတ်ထဲမှ တွေးလိုက်မိလေသည်။
*ဒီမိန်းကလေးက အပြင်ပန်းကြည့်ရင်တော့ ယဉ်ကျေးသိမ်မွေ့ပုံရပေမဲ့ ဒီလောက်အထိ လူကို အပေါ်ယံ ကြည့်တတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ။*
*ထားလိုက်ပါတော့...၊ သူက ရှောင်ရို့ရဲ့ အတန်းဖော် တစ်ယောက်ပဲလေ...။ ရှောင်ရို့ရဲ့ မျက်နှာကို ထောက်ထားပြီး ငါ သူ့ကို စိတ်မဆိုးတော့ပါဘူး...။*
ထိုသို့တွေးကာ လျန်ထျန်းသည် သူ၏ မကျေနပ်မှုများကို မျိုသိပ်လိုက်ပြီး ဟန်ဆောင်ကာ ယဉ်ကျေးစွာ ပြောလိုက်လေသည်။
"ကျားရင်း... ငါ ရှောင်ရို့ကို ကြိုနေတာ...။ မင်းကိုရော လာကြိုမယ့်သူ ရှိလား...၊ ငါ လိုက်ပို့ပေးစေချင် လား...။ မင်း သွားချင်တဲ့နေရာကို ငါ လိုက်ပို့ပေးနိုင်ပါတယ်...။"
ကျားရင်းသည် ရယ်မောလိုက်သော်လည်း သူမ၏ ရယ်သံမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက် နေခဲ့လေ၏။
"နင့်ရဲ့ ကားကို စီးရမယ် ဟုတ်လား...။ ဟိုးနောက်က လျှပ်စစ်စကူတာကို ပြောတာလား...။ ငါက အဲ့ဒီ ပေါ်မှာ ဘယ်လို ထိုင်လိုက်ရမှာလဲ...၊ နင် ငါ့ကို နောက်နေတာလား...။"
မေးခွန်းလေးခု ဆက်တိုက်သည် သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် လူအုပ်ထဲမှ သာမန်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ဦးသည် ရုတ်တရက် ပြေးထွက်လာခဲ့သည်။
"ကျားရင်း... ကျားရင်း...။"
"မင်း ပြန်ရောက်ပြီပဲ...၊ ငါ့ကို ဘာလို့ ဘလော့ခ် ထားတာလဲ...။ မင်း ဒီနေ့ ပြန်ရောက်မယ်ဆိုတာ မင်းသူငယ်ချင်းရဲ့ မို့မန့် ကနေမှ ငါ သိလိုက်ရတာ...။"
သူ့ထံသို့ ပြေးလာနေသည့် ကောင်လေးကို မြင်သောအခါ ကျားရင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့နောက် သူမသည် အော်ဟစ်လိုက်တော့သည်။
"ငါ့အနားကို မလာနဲ့...။"
ထိုအော်ဟစ်သံကြောင့် ကောင်လေးမှာ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရလေသည်။
ကောင်လေး၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေပြီး ကျားရင်းကို ကြည့်သည့် သူ၏ အကြည့်များ တွင် နက်ရှိုင်းသော သံယောဇဉ်များဖြင့် ပြည့်နှက်လျက်ရှိနေ၏။
"ကျားရင်း... ဘာဖြစ်လို့လဲ...။"
"ငါတို့ရဲ့ ဆက်ဆံရေးက အရင်က အရမ်းကောင်းခဲ့တာပဲလေ...။ မင်း ဘွဲ့လွန်ဝင်ခွင့်အောင်ပြီး နိုင်ငံခြား ကို သွားပြီးကတည်းက ငါ့ကို ဘာလို့ ရုတ်တရက် ဘလော့ခ်သွားရတာလဲ...။"
ကောင်လေး၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ကျားရင်းသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက် ပြီးနောက် ပြောလိုက်လေသည်။
"ယွမ်ကျုန်း...၊ နင်က ဘာလို့ ဒီလောက်တောင် အရှက်မရှိရတာလဲ...။ နင်က ငါနဲ့ မတန်တော့ဘူး ဆိုတာကို ကိုယ့်ကိုယ်ကိုယ် မသိဘူးလား...။"
"နင် အလိုလို သိသွားလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ငါ နင့်ကို ဘလော့ခ်လိုက်တာ...။ ဒါပေမဲ့ နင်က ဒီလောက် အထိ နုံအလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...။"
ယွမ်ကျုန်းဟု အမည်ရသည့် ထိုကောင်လေးမှာ ချက်ချင်းပင် မျက်ရည်များ ကျလာတော့သည်။
"ငါက ဘာကို သိရမှာလဲ...။ လေးနှစ်ကျော်လုံးလုံး ငါ နေရာစုံမှာ အလုပ်ကြမ်းတွေ လုပ်ပြီး ပိုက်ဆံ ရှာခဲ့တာ...။ မင်းရဲ့ ဒီပလိုမာကနေ ဘွဲ့ရအောင်၊ ဘွဲ့ရပြီးတော့လည်း ဘွဲ့လွန်ဝင်ခွင့် အောင်အောင် ငါ ကူညီပေးခဲ့တာလေ...။"
"အခု မင်း နိုင်ငံခြားမှာ ပညာသင်သွားနိုင်ပြီဆိုတော့မှ စကားတစ်ခွန်းမှ မပြောဘဲ ငါ့ကို ဘလော့ခ်လိုက် တယ်...။ ပြောစမ်းပါဦး... ငါက ဘာကို နားလည်ရမှာလဲ...။"
ကျားရင်းသည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်လေသည်။ သူမသည် အပြစ်ကင်းစင်သူတစ်ဦး ကဲ့သို့ ဟန်ဆောင်လျက် ၊
"ကောင်းပြီလေ...။ နင် ဒီနေ့ ဒီအထိ ရောက်လာပြီဆိုတော့လည်း ငါ နင့်ကို မျက်နှာချင်းဆိုင် ရှင်းရှင်း လင်းလင်း ပြောပြပေးမယ်...။"
"ယွမ်ကျုန်း... နင် ပြောတာ ငါ ဝန်ခံပါတယ်...။ ငါ ကျောင်းတက်နေတုန်းက ငါ့မှာ အလုပ်မရှိ၊ ဝင်ငွေမရှိ တဲ့အချိန်မှာ နင် ငါ့ကို ငွေကြေးအရ ထောက်ပံ့ပေးခဲ့တာ မှန်တယ်...။"
"အဲ့ဒီတုန်းက ငါတို့ရဲ့ ဆက်ဆံရေးက တကယ်ပဲ ကောင်းခဲ့ပါတယ်...။ နင် ငါ့အပေါ်မှာ အရမ်းကောင်းခဲ့ တာကိုလည်း ငါ လက်ခံတယ်...။"
"ဒါပေမဲ့ အခု ငါက ပိုပြီး တော်လာပြီ...။ နင်ကတော့ အရင်အတိုင်းပဲ ရှိနေသေးတယ်...။"
"ဒီလိုသာ ဆက်သွားမယ်ဆိုရင် ငါတို့ရဲ့ လူမှုပတ်ဝန်းကျင်ချင်းက ပိုပြီး ဝေးကွာသွားလိမ့်မယ်...။ ငါတို့ရဲ့ သုံးစွဲမှု အဆင့်အတန်းချင်းကလည်း တဖြည်းဖြည်း ကွာခြားလာတော့မှာ...။"
"ငါ့သူငယ်ချင်းတွေကတောင် ငါက ဒီထက် ပိုကောင်းတဲ့သူနဲ့ ထိုက်တန်တယ်လို့ ပြောကြတယ်...။ နင့်ရဲ့ အခု လက်ရှိ အခြေအနေနဲ့ဆိုရင် ငါတို့ကြားက ကွာဟချက်က အရမ်းကြီးလွန်းနေပြီလို့ နင် မထင်ဘူး လား...။"
"နင် ငါ့ကို တကယ်ချစ်တယ်ဆိုရင် ငါ့ကို ဒီထက် ပိုကောင်းတဲ့ အရာတွေကို ပိုင်ဆိုင်ခွင့် ပေးသင့်တယ် လေ...။"
ကောင်လေး ဖြစ်သူ ယွမ်ကျုန်းမှာ မှင်တက်သွားခဲ့ရလေသည်။ သူ တစ်ချိန်က အစွမ်းကုန် ကူညီပေး ခဲ့သည့် ချစ်သူက ယခုကဲ့သို့ ဆက်ဆံလိမ့်မည်ဟု သူ ဘယ်သောအခါမှ ထင်မှတ်မထားခဲ့ပေ။
"မဟုတ်ဘူး...။ ဒါ မဖြစ်နိုင်ဘူး...။ ကျားရင်း... မင်း ငါ့အပေါ် ဒီလို မလုပ်နိုင်ပါဘူး... ။မင်းမှာ ပြောပြလို့ မရတဲ့ အခက်အခဲ တစ်ခုခု ရှိနေလို့မလား...။"
ကောင်လေးမှာ အမှန်တရားကို လက်မခံနိုင်ဖြစ်နေသည်ကို မြင်သောအခါ ကျားရင်းသည် မျက်မှောင် ကြုတ်လိုက်ပြီး စိတ်မရှည်သည့် အမူအရာကို ပြသလာခဲ့လေသည်။
"တော်တော့... ယွမ်ကျုန်း...၊ ငါက နင့်အတွက် ကောင်းအောင်လို့ လုပ်ပေးနေတာ သိရဲ့လား...။ စောစော စီးစီး လမ်းခွဲလိုက်တာက နင့်အတွက် အကောင်းဆုံးပဲ...။"
"တကယ်တော့ ငါက နှလုံးသားမရှိတဲ့သူ မဟုတ်ပါဘူး...။ ငါတို့ နှစ်ယောက်လုံး ဒီအချစ်ရေးမှာ စစ်မှန် တဲ့ ခံစားချက်တွေ ပေးခဲ့ကြတာပဲ...။"
"နင် ငါ့ကို ပေးခဲ့တဲ့ ပိုက်ဆံတွေကိုလည်း နောင်ကျရင် ငါ အချို့ ပြန်ပေးပါ့မယ်...။ နင်နဲ့ အဆင့်အတန်း တူတဲ့ မိန်းကလေးတစ်ယောက်ကို ရှာပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားဖို့ ငါ မျှော်လင့်ပါတယ်...။"
ယွမ်ကျုန်းမှာ စကားပင် မပြောနိုင်တော့ဘဲ ခေါင်းကိုသာ တရစပ် ခါယမ်းနေပြီး ထွက်မသွားနိုင်ဘဲ ရှိနေ လေသည်။
နောက်ဆုံးတွင် ကျားရင်းသည် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်တော့သည်။
"တော်ပြီ... တော်ပြီ...။ နင်က ဘာလို့ ဒီလောက်တောင် ဇွဲကောင်းနေရတာလဲ...။"
"နင့်ရဲ့ အဲ့ဒီလို ပုံစံမျိုးကို ငါ အမုန်းဆုံးပဲ...၊ ပြီးတော့ နင်က ဘာရည်မှန်းချက်မှလည်း မရှိဘူး...။ နင့်လို လူမျိုးကို ငါ တကယ်ပဲ သည်းမခံနိုင်တော့ဘူး...။"
လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့သည်လည်း ကြည့်ရင်းနှင့် မှင်တက်သွားခဲ့ကြရသည်။ လျန်ထျန်းက စိတ် ထဲမှ တွေးလိုက်မိသည်မှာ၊
*ဝိုး... ဒီမိန်းကလေးက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လက်တွေ့ဆန်တာပဲ...။ ကမ်းခြေရောက် တာနဲ့ သူချစ်တဲ့သူကို အရင်ဆုံး သတ်ပစ်လိုက်တာပဲလား...။*
အခန်း (၆၂)
ရုပ်ရည်နှင့် စိတ်ထား မလိုက်ဖက်သူ
ကျားရင်း၏ စကားများအပြီးတွင် ယွမ်ကျုန်းသည် လွန်စွာ စိတ်နှလုံး ကြေကွဲသွားကာ မျက်ရည်များဖြင့် ထွက်ခွာသွားခဲ့လေတော့သည်။
ထိုကောင်လေး နာကျင်စွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျားရင်းက ဝမ်ရှောင်ရို့ကို ဆုံးမသြဝါဒ ပေးလေတော့သည်။
"ရှောင်ရို့... မြင်တယ်မလား...။ ငါတို့ရဲ့ အခု လက်ရှိ အခြေအနေနဲ့ဆိုရင် ဒီလို သာမန်ယောင်္ကျားလေး တွေနဲ့ လုံးဝ မထိုက်တန်ဘူး...။"
"လူဆိုတာ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ရတာ...။ ငါတို့ နိုင်ငံခြား မသွားခင်တုန်းကတော့ ဒီလို သာမန်လူ တွေနဲ့ တွဲတာ ပြဿနာ မရှိပေမဲ့...။"
"လက်ထပ်ဖို့ ဆိုရင်တော့ ချမ်းသာတဲ့သူ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အလုပ်အကိုင် အတည်တကျရှိ ပြီး ဝင်ငွေကောင်းတဲ့သူကိုပဲ ရှာရမှာပေါ့...။"
"ဒီလို အစားအသောက် ပို့တဲ့ အလုပ်တွေက မတည်မြဲဘူး၊ ပင်ပန်းရုံပဲ ရှိတာ၊ ဘဝမှာ ဘာမှ အောင်မြင်မှု ရှိမှာ မဟုတ်ဘူး...။"
"ဒါကြောင့် ရှောင်ရို့...၊ ငါပြောတာကို သေသေချာချာ စဉ်းစားစမ်းပါ...။ နင့်ရဲ့ ချစ်သူကို လဲလိုက်တော့...၊ နင့်ရဲ့ တောက်ပတဲ့ အနာဂတ်နဲ့ နင့်ရဲ့ အလှတရားတွေကို သူ့ကြောင့် အလဟဿ အဖြစ်မခံစမ်းပါနဲ့...။"
ကျားရင်းသည် ထိုစကားများကို လျန်ထျန်း၏ ရှေ့တွင်ပင် ဝမ်ရှောင်ရို့အား အားနာခြင်းမရှိဘဲ တိုက်ရိုက် ပြောဆိုလိုက်လေသည်။ ၎င်းမှာ သူမအနေဖြင့် အလွန်ပင် သဘာဝကျသည်ဟု ထင်မြင်နေပုံရသကဲ့သို့ ဝမ်ရှောင်ရို့ကို ဒုက္ခတွင်းထဲမှ ကယ်တင်နေသကဲ့သို့လည်း ရှိနေတော့သည်။
လျန်ထျန်းသည် ဆက်၍ နားမထောင်နိုင်တော့သဖြင့် သူ ဝတ်ဆင်ထားသော အဝါရောင် အစားအ သောက်ပို့ဆောင်သူ ယူနီဖောင်းကို ချွတ်လိုက်လေသည်။
လျန်ထျန်းသည် တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားသည်ဖြစ်ရာ သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါမှာ လုံးဝ ပြောင်းလဲသွားလေတော့သည်။
ထို့ပြင် လျန်ထျန်းကိုယ်တိုင်မှာလည်း အတော်အတန် ချောမောသူ ဖြစ်သဖြင့် ကျားရင်းမှာ အံ့အားသင့် ကာ မှင်တက်သွားခဲ့ရလေသည်။ လူမှာ အဝတ်၊ တောင်းမှာအကွပ် ဆိုသကဲ့သို့ပင် ဖြစ်ပေသည်။
"ဘုရားရေ... ဒါက နောက်ဆုံးပေါ် ဟားမီးစ် ဝတ်စုံပဲ...၊ ဈေးတော့ အတော်ကြီးမှာ သေချာတယ်...။"
ကျားရင်းက ပါးစပ်ကို လက်ဖြင့် အုပ်ကာ အံ့သြတကြီး ရေရွတ်လိုက်လေသည်။
သို့သော် သူမ၏ အံ့သြမှုမှာ ခေတ္တမျှသာ ခံပြီးနောက် ဝမ်ရှောင်ရို့ကို ရန်စသည့် လေသံဖြင့် ဆိုလိုက်ပြန် လေသည်။
"သူက အစားအသောက် ပို့တဲ့သူပဲလေ၊ ဒီလောက် တန်ဖိုးကြီးတဲ့ အဝတ်အစားတွေကို ဘာလို့ ဝယ်တာ လဲ...။ တကယ်ကို ဟန်ပန်ကြီးတဲ့သူပဲ၊ ဒီလိုလူမျိုးနဲ့ နင် မပတ်သက်သင့်ဘူးနော်...။"
"ပြီးတော့ ဒီဝတ်စုံက နင့်ရှေ့မှာ ကြွားချင်လို့ ဝယ်ထားတဲ့ အတုပဲ ဖြစ်မှာပါ...။ ငါ ဒီလို လှည့်ကွက်တွေ ကို အများကြီး မြင်ဖူးပါတယ်...။"
"ရှောင်ရို့... တကယ်ပါ၊ ငါ နင့်ကို မိတ်ဆက်ပေးမယ်...။ သူတို့တွေက ချောမောချမ်းသာပြီး မိသားစု ကောင်းကနေ ဆင်းသက်လာတဲ့သူတွေ ဖြစ်မှာ သေချာတယ်...။ ကားကောင်းတွေ စီးပြီး ဗီလာအိမ် ကြီးတွေမှာ နေကြတာ...။ ဒီ အစားအသောက်ပို့တဲ့ လူထက် အဆပေါင်း ရာချီပြီး သာကြတယ်...။"
ဝမ်ရှောင်ရို့က ယဉ်ကျေးစွာဖြင့်ပင် သူမ၏ စကားကို ထပ်မံ ဖြတ်ပြောလိုက်သည်။
"ငါ့ချစ်သူမှာလည်း ကားရော အိမ်ရော ရှိပါတယ်...။"
ကျားရင်းက ဤတစ်ကြိမ်တွင်မူ အားရပါးရ ရယ်မောလိုက်တော့သည်။
"အေးလေ... သူ့မှာ ကားရှိတာပေါ့၊ အစားအသောက် ပို့တဲ့ လျှပ်စစ်စကူတာကို ပြောတာမလား...။ ငါ မြင်သားပဲ...။"
"အိမ်ဆိုရင်လည်း စတုရန်းမီတာ (၁၀၀) တောင် မရှိတဲ့ ဟောင်းနွမ်းနေတဲ့ တိုက်ခန်းလေး ဖြစ်မှာပါ၊ ပြီး တော့ ဆယ်စုနှစ်နဲ့ချီပြီး အကြွေးဆပ်နေရမှာ သေချာတယ်...။"
"ရှောင်ရို့... ငါတို့ သိခဲ့တာ သိပ်မကြာသေးဘူး ဆိုပေမဲ့ ငါပြောတဲ့ စကားတိုင်းက တကယ်ပဲ နင့်ရဲ့ ကောင်းကျိုးအတွက်ပါ...။"
ထိုစဉ် လျန်ထျန်းသည် သူ၏ ဂျီကလပ်စ် ကားသော့ကို ထုတ်ကာ ဝမ်ရှောင်ရို့၏ လက်ကို သွားရောက် ဆုပ်ကိုင်လိုက်လေသည်။
"ရှောင်ရို့... သွားကြရအောင်၊ နောင်ကျရင် သိပ်မသိတဲ့သူတွေနဲ့ သိပ်မပတ်သက်ပါနဲ့တော့...။"
"တီ တီ...။"
ကားသော့ကို နှိပ်လိုက်သောအခါ မလှမ်းမကမ်းရှိ ရပ်နားဝင်းအတွင်းရှိ ဂျီကလပ်စ် ကားကြီး၏ ရှေ့မီး များမှာ လင်းထိန်သွားခဲ့လေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျားရင်း၏ မျက်ဆန်များမှာ ရုတ်တရက် ကျုံ့သွားတော့သည်။
"နင်... နင်က အစားအသောက်ပို့တဲ့သူပဲလေ၊ ဘယ်လိုလုပ်ပြီး မာစီးဒီးကို မောင်းနိုင်တာလဲ...။ ပြီးတော့ ဒီကားက အတော်လေး တန်ဖိုးကြီးတဲ့ ပုံစံပဲ...။"
ဝမ်ရှောင်ရို့က ပြုံးလျက် ပြောလိုက်လေသည်။
"ငါ နင့်ကို အစကတည်းက ပြောသားပဲ၊ ငါ့ချစ်သူက အရမ်းထူးချွန်တဲ့သူပါ၊ ငါ့ထက်တောင် ပိုတော်ပါ သေးတယ်လို့...။"
"ငါ့မိသားစု အခက်အခဲ ကြုံတုန်းက ငါ့ချစ်သူကပဲ ကူညီပေးခဲ့တာ... ။ အဲ့ဒီအချိန်ကစပြီး ငါတို့မိသားစု ကုမ္ပဏီ ဒီလောက်အထိ တိုးတက်လာတာကလည်း ငါ့ချစ်သူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်ပဲ...။"
"ဪ... ပြီးတော့ ငါ့ချစ်သူရဲ့ ကားက ဝယ်တုန်းက သုံးယွမ်နီးပါး ပေးခဲ့ရတဲ့ မာစီးဒီး ဂျီကလပ်စ် ကားကြီးနော်၊ ပြီးတော့ သူ့မှာ အိမ်တွေလည်း အများကြီး ရှိတယ်၊ အားလုံးက မြို့လယ်ခေါင်က တန်ဖိုးကြီး အိမ်တွေချည်းပဲ...။"
ကျားရင်းမှာ မယုံကြည်နိုင်သေးဘဲ ရှိနေသေးသည်။
"ဒါဆိုရင် သူက ဘာလို့ လျှပ်စစ်စကူတာနဲ့ အစားအသောက် ပို့နေသေးတာလဲ...။ ဘဝကို အတွေ့အကြုံ ယူနေတာလား...။"
ဝမ်ရှောင်ရို့က ခေတ္တမျှ စဉ်းစားပြီးမှ -
"အင်း... သူက အရမ်းချမ်းသာပေမဲ့လည်း အလုပ်ကို အရမ်းကြိုးစားတဲ့သူလို့ပဲ ငါ ပြောနိုင်မယ်...။"
"နောက်ဆုံးအနေနဲ့ ငါ နင့်ကို တစ်ခု ပြောချင်တာက ကျားရင်း...။ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့...။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ပိုက်ဆံရှာနေတဲ့သူတိုင်းက လေးစားမှုနဲ့ ထိုက်တန်ပါတယ်...။"
"နင့်ရဲ့ ချစ်သူက တကယ်တော့ အတော်လေး ကောင်းတဲ့သူပါ...။ သူက နင့်နဲ့ မတန်တာ မဟုတ်ဘဲ နင်က သာ သူ့နဲ့ မထိုက်တန်တာလို့ ငါ ထင်တယ်...။"
ဝမ်ရှောင်ရို့သည် ကျားရင်းကဲ့သို့ တစ်ကိုယ်ကောင်းဆန်ပြီး အခွင့်အရေးသမား ဆန်သူများကို လုံးဝ မကြိုက်ပေ။ သူတို့သည် အတူရှိနေသည့် အချိန်အတွင်း တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း နားမလည်ခဲ့ကြခြင်းသာ ဖြစ်ပေသည်။
ယခုအခါ အရာအားလုံးကို နားလည်သွားပြီ ဖြစ်သဖြင့် ဝမ်ရှောင်ရို့က ပြောချင်သည်များကို ပြောပြီး နောက် လျန်ထျန်းနှင့်အတူ ထွက်ခွာရန် ပြင်လိုက်တော့သည်။
သို့သော် ကျားရင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် လျန်ထျန်းနောက်သို့ အပြေးလိုက်လာကာ ပြုံးပြ လိုက်လေသည်။
"လူချောကြီး...၊ ခုနကပဲ ငါ့ကို လိုက်ပို့ပေးမယ်လို့ ပြောထားတယ် မဟုတ်လား...။ အေးလေ... ငါ လိုက်ခဲ့ မယ်၊ ငါ့ကို လိုက်ပို့ပေးပါဦး...။"
ချောမောသော မျက်နှာရှိသော်လည်း စိတ်နေစိတ်ထားမှာမူ ရုပ်ရည်နှင့် မလိုက်ဖက်သည့် ထိုမိန်းကလေး ကို ကြည့်ကာ လျန်ထျန်းက မျက်မှောင်ကြုတ်လျက် ငြင်းပယ်ရန် ပြင်လိုက်လေသည်။
သို့သော် ကျားရင်းမှာ ခွင့်ပြုချက်မရဘဲ ကားပေါ်သို့ အတင်းတက်သွားကာ ပြန်ဆင်းမည့်ပုံ မရှိတော့ပေ။ ၎င်းကို မြင်သောအခါ လျန်ထျန်းက သူမကို နှင်ထုတ်ချင်သော်လည်း ဝမ်ရှောင်ရို့က တားလိုက်လေ သည်။
"ထားလိုက်ပါတော့...။ လမ်းတစ်လျှောက်လုံး ငါတို့ကို ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့တာကို ပြန်ပေးဆပ်တဲ့ အနေနဲ့ လိုက်ပို့ပေးလိုက်ရအောင်...။"
ဝမ်ရှောင်ရို့ ထိုသို့ပြောသဖြင့် လျန်ထျန်းလည်း သဘောတူလိုက်ရကာ ကားကို မောင်းထွက်ခဲ့လိုက်လေ တော့သည်။
လမ်းတွင် နောက်ခန်း၌ ထိုင်နေသော ကျားရင်းမှာ လက်ဆောင်ဗူးများကို ကြည့်ကာ အံ့သြတကြီး ရေရွတ်နေတော့သည်။
"ဝိုး... ဒါတွေက နောက်ဆုံးပေါ် ဒီရော နှုတ်ခမ်းနီတွေ၊ နောက်ဆုံးပေါ် အက်စ်ကေတူး တွေနဲ့ ရှန်နဲ အိတ်တွေပဲ...။"
"ရှောင်ရို့... ဒီလောက် ကောင်းတဲ့ ချစ်သူကို ရထားတာ တကယ်ပဲ ကံကောင်းတာပဲ...။ ငါ ဆုံးဖြတ်လိုက် ပြီ၊ ဒီနေ့ကစပြီး ငါ နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ချင်တယ်...။"
ကျားရင်းသည် အစက လျန်ထျန်းကို အလွန်အမင်း အထင်သေးခဲ့သော်လည်း ယခုမူ အကြီးအကျယ် ချီးကျူးနေပြန်ရာ လုံးဝ မျက်နှာနှစ်မျိုးနှင့် လူစားမျိုး ဖြစ်ပေသည်။
သူမသည် ဝမ်ရှောင်ရို့၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ချင်သည်ဟုပင် အရှက်မရှိ ပြောဆိုနေတော့ သည်။ သူမသည် ဝမ်ရှောင်ရို့ကို စိတ်ဝင်စားနေခြင်း မဟုတ်ဘဲ ဝမ်ရှောင်ရို့၏ ချစ်သူကိုသာ စိတ်ဝင် စားနေခြင်း ဖြစ်သည်။
ဝမ်ရှောင်ရို့နှင့် လျန်ထျန်းတို့ကမူ သူမကို ဂရုမစိုက်ဘဲ သူမ သွားလိုသည့်နေရာသို့ အမြန်ဆုံး ပို့ဆောင် ပေးကာ အဆက်အသွယ် ဖြတ်တောက်ရန်သာ တွေးနေခဲ့ကြ၏။
သို့သော် ကျားရင်းမှာ အလွန် ပါးနပ်လှသည်။ သူမသည် လျန်ထျန်းကို လမ်းညွှန် အသုံးမပြုခိုင်းဘဲ လမ်းကြားများထဲသို့ လျှောက်သွားခိုင်းနေလေသည်။
နောက်ဆုံးတွင် စားသောက်ဆိုင် တစ်ခုရှေ့၌ ကားကိုရပ်လိုက်ရလေသည်။
"မင်းက ဒီနားမှာ နေတာလား...။" လျန်ထျန်းက မေးလိုက်သည်။
ကျားရင်းက ခေါင်းခါပြကာ သူမ၏ ဗိုက်ကလေးကို ပွတ်လျက် နှုတ်ခမ်းလေး စူလိုက်လေသည်။
"အို... ငါ အရမ်း ဗိုက်ဆာနေပြီ၊ တစ်ခုခု အတူတူ သွားစားကြမလား...။"
လျန်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ ၊
"ငါ မင်းကို လိုက်ပို့ပေးမယ်လို့ပဲ ပြောတာ၊ ထမင်းကျွေးမယ်လို့ မပြောခဲ့မိဘူး...။"
အငြင်းခံလိုက်ရသဖြင့် ကျားရင်းက ဝမ်ရှောင်ရို့ထံသို့ လှည့်ကာ ချွဲနွဲ့လိုက်ပြန်သည်။
"ရှောင်ရို့... နင်က အကောင်းဆုံးပဲ...။ ငါ့ကို ထမင်းကျွေးပါနော်...၊ ငါ နင့်ကို မုန့်တွေ ဝယ်ကျွေးခဲ့တာကို မေ့သွားပြီလား...။"
၎င်းကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ မတတ်သာဘဲ နဖူးကို လက်ဖြင့် အုပ်လိုက်ရကာ ၊
"နင်ကတော့...၊ ကောင်းပြီလေ၊ ဒါဆိုလည်း ငါ ကျွေးပါ့မယ်...။"
ထို့ကြောင့် သူတို့ သုံးဦးသည် စားသောက်ဆိုင်အတွင်းသို့ ဝင်ကာ ပြတင်းပေါက်နားရှိ ဝိုင်းတစ်ခု၌ ထိုင် လိုက်ကြလေသည်။
စားပွဲထိုးက မီနူးကတ်ကို ယူလာပေးသောအခါ ကျားရင်းသည် သူမကိုယ်သူမ အဖွဲ့ဝင်တစ်ဦးကဲ့သို့ သဘောထားကာ ဟင်းပွဲပေါင်း တစ်ဒါဇင်ကျော်ကို မှာယူလိုက်လေတော့သည်။
မှာယူပြီးနောက် သူမက လျန်ထျန်းနှင့် ဝမ်ရှောင်ရို့ကို ပြုံးပြလျက် ပြောလိုက်လေသည်။
"ဒါက ငါ နိုင်ငံခြား မသွားခင်တုန်းက ခဏခဏ လားစားနေကျ ဆိုင်ပဲ...။ သူတို့ရဲ့ ဟင်းလျာတွေက တကယ်ကို အရသာရှိတာ၊ ခဏနေရင် နင်တို့ မြည်းကြည့်ကြဦး...။"
လျန်ထျန်းက တည်ငြိမ်သော လေသံဖြင့်၊
"မင်း စားလို့ရပါတယ်၊ ဒါပေမဲ့ စားပြီးရင်တော့ တက္ကစီနဲ့ပဲ အိမ်ပြန်ပါတော့...။ အခု မြို့ထဲရောက်နေပြီ ဆိုတော့ တက္ကစီ ငှားရတာ လွယ်ပါတယ်...။"
လျန်ထျန်း၏ အေးစက်သော သဘောထားကို မြင်သောအခါ ကျားရင်း၏ မျက်လုံးအစုံမှာ ဝဲသွားကာ ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် သူမသည် ထိုအမူအရာကို ကောင်းမွန်စွာ ဖုံးကွယ်လိုက်ပြီး ချက်ချင်းပင် ပြုံးကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ...၊ စားပြီးရင် ငါ ပြန်ပါ့မယ်...။ နင်တို့ကိုလည်း မနှောင့်ယှက်တော့သလို လူပိုလည်း အဖြစ်မခံတော့ပါဘူး...။"