အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း (၆၃)
သင်၏ စိတ်နှလုံးကို ပြန်လည်ကြည့်ရှုပါ
မကြာမီပင် ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာပြီး စားပွဲပေါ်တွင် ဟင်းပွဲပေါင်း တစ်ဒါဇင်ကျော် ဖြင့် ပြည့်နှက်သွားခဲ့လေသည်။
စားသောက်နေစဉ်အတွင်း ကျားရင်းသည် ဝမ်ရှောင်ရို့ထက် လျန်ထျန်းကို ပို၍ စကားပြောဆိုနေသည် မှာ သူမ၏ ရည်ရွယ်ချက်ကို မည်သူမဆို အလွယ်တကူ သိမြင်နိုင်ပေသည်။
ထို့ပြင် သူမသည် လျန်ထျန်းကို "အစားအသောက်ပို့သူ" သို့မဟုတ် "ပို့ဆောင်ရေးသမား" ဟု ခေါ်ဆိုရာမှ "မောင်လေး" ဟု ပြောင်းလဲခေါ်ဆိုလာလေတော့သည်။
"မောင်လေး... ဒီဟင်းက တကယ်အရသာရှိတာ၊ မြည်းကြည့်ပါဦး...။"
"မောင်လေး... ဒီစွပ်ပြုတ်ကလည်း အရမ်းကောင်းတယ်၊ သောက်ကြည့်ဦးနော်...။"
"မောင်လေး... ဒါကို စားရမယ့် အကောင်းဆုံးနည်းလမ်းကို မမ သင်ပေးမယ်...၊ လာလေ...။"
သူမ၏ အစွမ်းကုန် ဂရုစိုက်ပြနေပုံမှာ လျန်ထျန်းကို ဟင်းတိုင်းအား သူမကိုယ်တိုင် ခွံကျွေးချင်နေသည့် အလား ထင်မှတ်ရပေသည်။
သို့သော် လျန်ထျန်းကမူ သူမ၏ အပြုအမူများကို လျစ်လျူရှုထားသည် သို့မဟုတ် တိုက်ရိုက်ပင် ငြင်းပယ်လိုက်လေသည်။
"မင်းဘာသာမင်း စားပါ၊ ငါ ဗိုက်ဝသွားပြီ...။"
လျန်ထျန်းသည် ထိုသို့ပြောဆိုကာ သူ၏ ထမင်းစားကိရိယာများကို ချလိုက်သည်။ ဤကဲ့သို့ စိတ်ဓာတ် အောက်တန်းကျပြီး ပစ္စည်းမက်သော မိန်းကလေးကို လုံးဝ ငြင်းပယ်ရန်အတွက် သူသည် ဘာမှမစားဘဲ နေခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်ကို သူ သိရှိထားပေ၏။
သူ အမှန်တကယ်ပင် နားမလည်နိုင်တော့ပေ။ သူမသည် ယခင်က သူမ၏ စိတ်နေစိတ်ထား အစစ်အမှန် ကို လျန်ထျန်းအား ပြသခဲ့ပြီးဖြစ်ရာ ယခု ဘာကြောင့် ဤသို့ ထပ်မံပြုမူနေရသနည်း။ သူမသည် ရှက်ရ ကောင်းမှန်း မသိတော့လေချင်းလား။
ဝမ်ရှောင်ရို့သည်လည်း ထိုနေရာမှာပင် ရှိနေပြီး ကျားရင်းကမူ သူမ၏ ချစ်သူကို သူမရှေ့တွင်ပင် "မောင်လေး" ဟု ခေါ်ဆိုနေလေသည်။ ဝမ်ရှောင်ရို့သာ စိတ်ထားမကောင်းဘဲ လျန်ထျန်း၏ အကျင့် စာရိတ္တအပေါ် မယုံကြည်ပါက ကျားရင်း၏ ပါးကို ရိုက်လိုက်သည်မှာ ကြာပြီဖြစ်၏။
လျန်ထျန်းသည် မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမပြသည်ကို မြင်သောအခါ ကျားရင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်ပြန်လေသည်။
"မောင်လေး... မောင်လေးက ဒီလောက်ချမ်းသာပါလျက်နဲ့ ဘာလို့ အစားအသောက်တွေ ပို့နေရတာလဲ... ။ မောင်လေးမှာ ပြောပြစရာ အကြောင်းအရာတွေ အများကြီး ရှိမှာပဲ၊ မမကို ပြောပြပါလား...။"
ထိုသို့ပြောပြီးနောက် ကျားရင်းသည် သူမ၏ မျက်ဝန်းအစုံဖြင့် လျန်ထျန်းကို စူးစိုက်ကြည့်ကာ စူးစမ်းလို စိတ်နှင့် အထင်ကြီးလေးစားမှုများ ရောယှက်နေသည့် အကြည့်တစ်မျိုးကို ပြသလိုက်လေသည်။
၎င်းမှာ သူမ အမြဲသုံးနေကျ လှည့်ကွက်တစ်ခုပင် ဖြစ်သည်။ ယောင်္ကျားများ၊ အထူးသဖြင့် အောင်မြင် နေသော ယောင်္ကျားများသည် သူတို့၏ အတိတ်က အတွေ့အကြုံများကို သူတစ်ပါးရှေ့တွင် ကြွားဝါရ ခြင်းကို အလွန်နှစ်သက်တတ်ကြသည်။ အထူးသဖြင့် ချောမောသော မိန်းကလေးတစ်ဦးနှင့် ရင်ဆိုင်ရ ချိန်တွင် ပို၍ပင် ဖြစ်ပေသည်။
အခက်အခဲများကြားမှ ရရှိလာသည့် အောင်မြင်မှုများကို သူတစ်ပါးအား မကြွားဝါရပါက အဓိပ္ပာယ်မဲ့ သည်ဟု ယူဆတတ်ကြသည် မဟုတ်ပါလား။ သို့သော် လျန်ထျန်း၏ အောင်မြင်မှုနောက်ကွယ်တွင် သူ တစ်ဦးတည်းသာ သိသည့် တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက် ရှိနေသည်ကို ကျားရင်း မသိရှာပေ။
ထို့ကြောင့် လျန်ထျန်းသည် ထိုလျှို့ဝှက်ချက်ကို သူမအား ပြောပြရန် မဖြစ်နိုင်ပေ။ ထို့ပြင် လျန်ထျန်း သည် ဤကဲ့သို့သော မိန်းကလေးမျိုးကို အလွန်ပင် စက်ဆုပ်သဖြင့် အေးစက်စွာပင် ပြန်ပြောလိုက် လေသည်။
"ငါ ဘာလို့ အစားအသောက် ပို့နေရလဲဆိုတာနဲ့ ငါ့ရဲ့ အကြောင်းတွေက မင်းနဲ့ မဆိုင်ဘူး...။"
"မင်း စားပြီးရင်လည်း အမြန်ထွက်သွားတော့၊ မပြီးသေးရင်လည်း ငြိမ်ငြိမ်လေးစား၊ ငါ့ကို စကားလာ မပြောနဲ့တော့...။"
ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ရို့က ပြုံးလိုက်မိလေသည်။
ကျားရင်း၏ မျက်နှာမှာမူ အလွန်ပင် အကျည်းတန်သွားခဲ့လေသည်။ ယောင်္ကျားတစ်ယောက်က သူမကို ဤကဲ့သို့ ရိုင်းစိုင်းသော စကားမျိုး ပြောလိမ့်မည်ဟု သူမ အမှန်တကယ် မထင်ထားခဲ့ပေ။
သူ့တွင် ချစ်သူရှိနေလျှင်ပင် သူမအပေါ် ထားရှိသည့် သဘောထားမှာ ဤမျှအထိ ဆိုးဝါးမနေသင့်ပေ။ ကျားရင်း၏ စိတ်ထဲတွင်မူ ငါးညှီနံ့ကို မကြိုက်သော ကြောင်ဟူ၍ မရှိဟု ယူဆထား၏။
သူမသည် နိုင်ငံခြားတွင် ရှိနေစဉ်က ဤလှည့်ကွက်ကို အသုံးပြုကာ လူအများအပြား၏ ချစ်သူများကို လုယူခဲ့ဖူးပြီး ထိုယောင်္ကျားများကို သူမ၏ အစေခံများကဲ့သို့ ဖြစ်အောင် ပြုလုပ်ခဲ့ဖူးပေသည်။
ထို့ကြောင့်လည်း သူမ၏ ငွေကြေးအင်အားမှာ မရှားပါးတော့ဘဲ လေးနှစ်လုံးလုံး သူမအနားမှာ ရှိနေ ခဲ့သည့် ယွမ်ကျုန်းကို ပြတ်ပြတ်သားသား စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဝမ်ရှောင်ရို့၏ ချစ်သူမှာ အလွန်ချမ်းသာသည်ကို မြင်သောအခါ သူမသည် ထိုနည်းလမ်းကိုပင် အသုံးပြုရန် ကြိုးပမ်းခဲ့သော် လည်း မမျှော်လင့်ဘဲ အခက်အခဲနှင့် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။
သို့သော် သူမသည် အရှုံးပေးမည့်သူ မဟုတ်ပေ။ သူမသည် ခေါင်းငုံ့ကာ စားသောက်နေရင်း စိတ်ထဲမှ ကြံစည်နေတော့သည်။
*ဒီလူယုတ်မာကတော့...၊ ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလိုက်သလဲ...။ သူ့ချစ်သူရှေ့မှာ သူတော်ကောင်း စာရင်းဝင်အောင် လုပ်ပြနေတာပဲ၊ သေချာတယ်...။ သူ ငါ့ကို စိတ်မဝင်စားသလို ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်...။*
*ကောင်းပြီလေ... ငါ့ရဲ့ နောက်ဆုံးလက်နက်ကို သုံးရတော့မှာပေါ့...။ ငါတို့ နှစ်ယောက်တည်း ရှိမယ့် အခွင့်အရေးကို ဖန်တီးနိုင်ရင် သူ သေချာပေါက် သူ့ရဲ့ စိတ်ဓာတ်အစစ်အမှန်ကို ထုတ်ပြလာမှာပဲ...။*
ထိုသို့တွေးကာ ကျားရင်းသည် ရုတ်တရက် သူမ၏ ဗိုက်ကို အုပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဝမ်ရှောင်ရို့ကို သနားစဖွယ် ကြည့်လိုက်လေသည်။
"ရှောင်ရို့...၊ ငါ... ငါ့ရဲ့ ဓမ္မတာ လာနေပြီ ထင်တယ်...။ နင့်မှာ အဲ့ဒီ အမျိုးသမီးသုံး လစဉ်သုံးပစ္စည်း ပါသေးလား...။"
ဝမ်ရှောင်ရို့သည်လည်း မိန်းကလေးချင်း ဖြစ်သဖြင့် ကျားရင်းအပေါ် ထားရှိသည့် မကျေနပ်မှုများကို ဘေးဖယ်ထားလိုက်ကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ဪ... ကောင်းပြီလေ၊ ငါ နင့်ကို အိမ်သာဆီ အရင်လိုက်ပို့ပေးမယ်၊ ပြီးရင် ဘေးနားက ဆိုင်မှာ သွား ဝယ်ပေးမယ်...။"
ကျားရင်းက နှုတ်ခမ်းကို ကိုက်ကာ ခေါင်းခါပြလိုက်လေသည်။
"ဟင့်အင်း...၊ ငါ အရမ်းအောင့်နေလို့ လမ်းမလျှောက်နိုင်တော့ဘူး၊ နင် အရင်သွားဝယ်ပေးပါလား၊ ပြီးမှ ငါ အိမ်သာသွားလိုက်မယ်...။"
ဝမ်ရှောင်ရို့သည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ကာ၊
"ကောင်းပြီ...၊ ငါ အခုချက်ချင်း သွားဝယ်လိုက်မယ်...။"
ဝမ်ရှောင်ရို့ ထွက်မသွားမီ လျန်ထျန်းက သူမ၏ လက်ကို ဆွဲကာ မေးလိုက်လေသည်။
"သူ ဘာဖြစ်တာလဲ၊ ဘာဝယ်ပေးရမလဲ၊ ငါ သွားဝယ်ပေးရမလား...။"
ဝမ်ရှောင်ရို့သည် မျက်နှာလေး နီမြန်းသွားကာ လျန်ထျန်းကို တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
"သူက ဓမ္မတာ လာနေတာလေ၊ ငါ သွားဝယ်မှ အဆင်ပြေမှာ...။ ရှင့်လို ယောင်္ကျားလေးတစ်ယောက် သွားဝယ်တာ အဆင်မပြေဘူး...။ ပြီးတော့ ငါကလွဲလို့ တခြားမိန်းကလေးအတွက် အဲ့ဒီလို ပစ္စည်းမျိုး မင်းကို မဝယ်ပေးစေချင်ဘူး...။"
ထိုသို့ပြောပြီးနောက် ဝမ်ရှောင်ရို့သည် အပြင်သို့ ထွက်သွားခဲ့လေသည်။
ဝမ်ရှောင်ရို့ စားသောက်ဆိုင်ထဲမှ ထွက်သွားသည်ကို ကြည့်ကာ စားပွဲပေါ်တွင် မှောက်နေသည့် ကျားရင်း ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ လျန်ထျန်းက သူမကို ကြည့်လိုက်သောအခါမှ သူမ သည် ပြန်လည် မတ်မတ်ထိုင်လိုက်လေသည်။
တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသဖြင့် လျန်ထျန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်းက ဓမ္မတာ လာနေတာကို အေးတဲ့ ဟင်းလျာတွေကို ဒီလောက်အထိ စားနေတာလား၊ ပြီးတော့ ဘာမှလည်း ပြင်ဆင်မထားဘူး...။ မင်းရဲ့ ဓမ္မတာ ရက်ကို မင်းကိုယ်တိုင် မမှတ်မိဘူးလား...။"
ကျားရင်းက သိမ်းသွင်းနိုင်သော အပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်သည်။
"ငါ ဓမ္မတာ လာနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲ့ဒီလို မပြောရင် ဝမ်ရှောင်ရို့က ဘယ်လိုလုပ် ထွက်သွား မှာလဲ...။"
"ပြီးတော့ ဟန်ဆောင်မနေပါနဲ့တော့၊ ငါ့လို ချောတဲ့ မိန်းကလေးကို မြင်တာကို မင်း စိတ်ထဲကနေ အောင့်ထားရတာ ကြာပြီ မဟုတ်လား...။"
"ငါတို့ အရင်ဆုံး အဆက်အသွယ် လုပ်ဖို့ ဖုန်းနံပါတ်ချင်း အရင်လဲကြရအောင်လေ...။ နောင်ကျရင် ငါတို့ စကားပြောဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်...။ စိတ်မပူပါနဲ့၊ ဒါကို ရှောင်ရို့ မသိအောင် ငါ လျှို့ဝှက်ထားပေးပါ့မယ်...။"
စကားပြောနေစဉ်မှာပင် သူမ၏ ခြေထောက်တစ်ဖက်က စားပွဲအောက်မှတစ်ဆင့် လျန်ထျန်း၏ ခြေထောက်ဆီသို့ ရောက်ရှိလာပြီး ပွတ်သပ်လာလေတော့သည်။
လျန်ထျန်းသည် ၎င်းကို ခံစားမိလိုက်ပြီး သူမ၏ ရမ္မက်မျက်ဝန်းများကို ကြည့်ကာ ပြုံးလျက် ပြောလိုက် လေသည်။
"ငါ... အဲ့ဒီကောင်လေး ယွမ်ကျုန်း အတွက် တကယ်ပဲ ဝမ်းသာမိတယ်...။"
ချက်ချင်းပင် လျန်ထျန်း၏ လေသံမှာ ဓားကဲ့သို့ ထက်မြက်စွာ ပြောင်းလဲသွားလေသည်။
"မင်းလို ကောက်ကျစ်တဲ့ မိန်းကလေးရဲ့ လှည့်ကွက်တွေထဲမှာ အဲ့ဒီလို စိတ်ထားကောင်းတဲ့သူက ဆက် ပြီး အလိမ်မခံရတော့လို့ ငါ တကယ်ပဲ ဝမ်းသာမိတာ...။"
"သူ မင်းရဲ့ စိတ်ဓာတ်အစစ်အမှန်ကို သိမြင်သွားလို့ ငါ ဝမ်းသာတယ်၊ မင်းလို လူယုတ်မာမျိုးကြောင့် သူ နောက်ထပ် ဘဝမပျက်ပါစေနဲ့တော့လို့ ငါ ဆုတောင်းပေးပါတယ်...။"
ကျားရင်းမှာ မှင်တက်သွားခဲ့ရသည်။ သူမသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ ပေ။ သူမ၏ နားလည်မှုအရဆိုလျှင် ယောင်္ကျားလေးတိုင်းသည် သူမနှင့် အဆက်အသွယ် ရရှိရန်အတွက် ဝမ်းသာအားရ လက်ခံကြရမည် မဟုတ်ပါလား။
ထို့နောက် ချစ်သူကို ဖုန်းကွယ်ကာ သူမကို တိတ်တဆိတ် ဆက်သွယ်လာကြပြီး မကြာမီပင် သူတို့သည် ပတ်သက်မှုများ စတင်လာကြစမြဲ ဖြစ်သည်။ သို့သော် လျန်ထျန်းကမူ သူမ၏ လှည့်ကွက်များ ထဲသို့ လုံးဝ ကျရောက်မလာသည်မှာ သူမအတွက် အကြီးအကျယ် ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေသည်။
ကျားရင်းသည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ဒေါသတကြီး ပြောလိုက်လေသည်။
"နင် ရူးနေတာလား...။"
"ငါက မိန်းကလေးတစ်ယောက်ဖြစ်ပြီး နင့်အပေါ်မှာ ဒီလောက်အထိ ပြုမူပြနေတာတောင် နင်က ဟန်ဆောင်နေတုန်းပဲလား...။"
ထိုကဲ့သို့ ထူးဆန်းသော စကားများကို ကြားသောအခါ လျန်ထျန်းက လှောင်ပြောင်လိုက်လေသည်။
"မင်းကသာ ရူးနေတာ၊ တကယ်ကို ရူးနေတာပါ...။"
"ယောင်္ကျားတိုင်းက မင်းကို စိတ်ဝင်စားရမယ်လို့ ဘာလို့ ဒီလောက်တောင် ယုံကြည်မှုတွေ ရှိနေရတာ လဲ...။"
"ပြီးတော့ ဒီကမ္ဘာပေါ်က လူတိုင်းကို လူတန်းစား ခွဲခြားထားပြီး ယွမ်ကျုန်းက မင်းနဲ့ မတန်ဘူးလို့ ထင်ရ အောင် ဘယ်က ယုံကြည်မှုတွေ ရနေတာလဲ...။"
နောက်ဆုံးတွင် လျန်ထျန်းသည် မတ်တပ်ရပ်ကာ စားသောက်ဆိုင် တံခါးဝသို့ လျှောက်သွားရင်း နောက်ဆုံးစကားတစ်ခွန်းကို ချန်ထားခဲ့လေသည်။
"ငါ့အနေနဲ့ အကြံပေးရမယ်ဆိုရင်တော့...။ မင်း အိမ်ပြန်ရောက်ရင် မှန်ကို သေသေချာချာ ပြန်ကြည့် လိုက်ပါဦး...။ မင်းရဲ့ မျက်နှာကို မဟုတ်ဘဲ မင်းရဲ့ စိတ်နှလုံးကို ကြည့်ပါ...။"
အခန်း (၆၄)
ငါ့နှလုံးသား တံခါးက မင်းတစ်ယောက်တည်းအတွက်ပဲ အမြဲ ဖွင့်ထားမှာပါ
လျန်ထျန်းသည် စားသောက်ဆိုင်အပြင်ဘက်သို့ လျှောက်လာစဉ် ဝယ်စရာရှိသည်များကို ဝယ်ယူပြီး အပြေးအလွှား ပြန်လာသော ဝမ်ရှောင်ရို့နှင့် ဆုံလေသည်။
လျန်ထျန်းက ဝမ်ရှောင်ရို့ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရာ ဝမ်ရှောင်ရို့မှာ အလန့်တကြား မော့ ကြည့်ပြီး ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဘာလို့ အပြင်ထွက်လာတာလဲ...။"
ဘာကိုမျှ ရိပ်မိခြင်း မရှိသေးသည့် ဝမ်ရှောင်ရို့ကို ကြည့်ကာ လျန်ထျန်းက အလိုလိုက်သည့် အပြုံးမျိုး ဖြင့် ပြုံးလိုက်ပြီး သူမ၏ နှာခေါင်းလေးကို အသာအယာ ဆွဲညစ်လိုက်လေသည်။
"မင်းက စိတ်ထား အရမ်းကောင်းလွန်းတယ်...။ အလိမ်ခံလိုက်ရတာကိုရော သိရဲ့လား...။"
ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ရို့၏ မျက်လုံးများမှာ ပြူးကျယ်သွားရလေသည်။
"ဟင်... ငါ အလိမ်ခံလိုက်ရတာလား...။ ဒါဆိုရင်... ကျားရင်းက ဓမ္မတာ လာနေတာ မဟုတ်ဘူးလား...။ ဘာဖြစ်လို့လဲ...။"
ဇဝေဇဝါ ဖြစ်နေသည့် ချစ်သူကို ချက်ချင်း အဖြေမပေးသေးဘဲ လျန်ထျန်းသည် သူမကို ကားပေါ်သို့ ဆွဲတင်ကာ အရှိန်မြှင့် မောင်းထွက်ခဲ့လိုက်လေသည်။
အတန်ငယ် ဝေးရာသို့ ရောက်သောအခါ စားသောက်ဆိုင်အတွင်းမှ ကျားရင်းသည် အပြေးအလွှား ထွက် လာပြီး ဒေါသတကြီး ခြေဆောင့်ကာ အော်ဟစ်နေသည်ကို နောက်ကြည့်မှန်မှတစ်ဆင့် မြင်လိုက်ရ လေသည်။
"ဟေ့... နင်တို့ ပိုက်ဆံ မရှင်းရသေးဘူးလေ...။ ငါ့မှာ ရှင်းဖို့ ပိုက်ဆံ မပါဘူး...။"
လျန်ထျန်းသည် ပြုံးလိုက်ပြီး ထိုတစ်ကိုယ်ကောင်းဆန်ကာ ဟန်ဆောင်ကောင်းသည့် မိန်းကလေးကို ဂရုမစိုက်ဘဲ လီဗာကို ပို၍ နင်းလိုက်လေတော့သည်။
လမ်းတစ်လျှောက်တွင် ဝမ်ရှောင်ရို့သည် သူမ ဝယ်လာသည့် အိတ်ကလေးကို ကြည့်ကာ မှင်တက်နေ စဉ် လျန်ထျန်းက အကြောင်းစုံကို ပြောပြလိုက်လေသည်။
အကြောင်းစုံကို ကြားသိရသောအခါ ဝမ်ရှောင်ရို့၏ လှပသော မျက်ဝန်းအစုံမှာ ပို၍ ပြူးကျယ်သွားကာ ဒေါသတကြီး ပြောလိုက်လေသည်။
"သူ တကယ်ကို တရားလွန်လွန်းတယ်...။"
"ငါကတော့ လေယာဉ်ပေါ်မှာတုန်းက နိုင်ငံခြားမှာ ပညာသင်နေတုန်း ဇာတိတူ တစ်ယောက်နဲ့ တွေ့ရတာ ရှားတယ်ဆိုပြီး နောင်ကျရင် တစ်ယောက်ကိုတစ်ယောက် ကူညီကြမယ်လို့ တွေးထားတာ...။"
"သူက ဒီလောက်အထိ...၊ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။"
စကားအဆုံးတွင် ဝမ်ရှောင်ရို့မှာ အလွန်အမင်း ဒေါသထွက်နေသဖြင့် စကားပင် ဆက်မပြောနိုင်တော့ဘဲ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေသည်။
၎င်းကို မြင်သောအခါ လျန်ထျန်းက နှစ်သိမ့်လိုက်သည်။
"ရပါတယ် ရှောင်ရို့...၊ ငါ သူ့ လှည့်ကွက်တွေထဲမှာ ပါမသွားပါဘူး...။"
"သူ့လို မိန်းကလေးမျိုးက ငါ့အပေါ် လက်ပါချင်တာလား၊ လှည့်ကွက် သုံးချင်တာလား...။ မဖြစ်နိုင်တာ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် စူးရှသော အကြည့်တစ်ခု သူ၏ မျက်နှာပေါ်သို့ ကျရောက်လာ သည်ကို ခံစားလိုက်ရလေသည်။
သူသည် လမ်းဘေးသို့ ကားကို အသာအယာ ကပ်ရပ်လိုက်ပြီး ဝမ်ရှောင်ရို့ကို လှည့်ကြည့်လိုက်ရာ သူမ သည် ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ သည်။
"ဘယ်လို မိန်းကလေးမျိုးဆိုရင်ရော နင့်အပေါ် လက်ပါခွင့် ရှိမှာလဲ၊ ဘယ်လို လှည့်ကွက်မျိုး သုံးရင်ရော နင်က အခွင့်အရေး ပေးမှာလဲ...။"
ထိုအခိုက်အတန့်တွင် လျန်ထျန်း၏ နဖူးမှ ချွေးများမှာ ဘုံဘိုင်ခေါင်း ဖွင့်ထားသကဲ့သို့ တရစပ် စီးကျလာ ကာ စိတ်ထဲမှ ရေရွတ်နေမိတော့သည်။
*သွားပြီ...၊ ငါ စကားမှားသွားပြီ...။*
သို့သော် လျန်ထျန်းသည် ချက်ချင်းပင် စိတ်ပြောင်းလဲလိုက်ကာ ဆုတ်ခွာမည့်အစား တိုက်စစ်ဆင်သည့် နည်းလမ်းကို အသုံးပြု၍ ဝမ်ရှောင်ရို့၏ အနားသို့ တိုးကပ်သွားလိုက်သည်။
ထို့နောက် သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒီလောကထဲမှာ ငါ့နှလုံးသား တံခါးက မင်းတစ်ယောက်တည်းအတွက်ပဲ အမြဲ ဖွင့်ထားမှာပါ...။"
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ရှောင်ရို့၏ ကြောက်မက်ဖွယ် အကြည့်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ရှက်သွေးဖြာသော အမူအရာသို့ ပြောင်းလဲသွားလေတော့သည်။ သူမသည် နီမြန်းနေသော မျက်နှာလေးကို ငုံ့လိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"နင်... နင်ကတော့ ရိုင်းလိုက်တာ...။"
ရှက်နေသော ချစ်သူကို ကြည့်ကာ လျန်ထျန်းက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"ငါက ဘယ်နေရာမှာ ရိုင်းလို့လဲ..."
ဝမ်ရှောင်ရို့သည် ခေါင်းကို ပို၍ ငုံ့ထားလိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ အလွန်အမင်း နီမြန်း နေတော့သည်။
"မသိဘူး…၊နင်က... အစစအရာရာ ရိုင်းတာပဲ...။"
လျန်ထျန်းသည် အားရပါးရ ရယ်မောလိုက်ကာ အခွင့်အရေးကို အရယူပြီး သူမကို နမ်းရန် ပြင်လိုက် သည်။
ဝမ်ရှောင်ရို့သည် အလိုအလျောက်ပင် နောက်သို့ အနည်းငယ် ဆုတ်လိုက်သော်လည်း မျက်နှာကိုမူ လွှဲ မသွားဘဲ မူနေဟန် ပြသနေ၏။
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး နားလည်မှု ရှိနေကြပြီး ခွဲမရအောင် ရင်းနှီးတော့မည့်ပုံ ပေါ်နေလေ သည်။
“ဂျိ...။”
သို့သော် လျန်ထျန်းသည် သူ၏ ထိုင်ခုံခါးပတ် ဖြုတ်ရန် မေ့သွားသဖြင့် တစ်စင်တီမီတာ အကွာတွင် ရပ်တန့်သွားရလေသည်။
ချက်ချင်းပင် ဖန်တီးထားသော ရိုမန်တစ် ဆန်သည့် အငွေ့အသက်များမှာ ပျောက်ကွယ်သွားတော့သည်။
လျန်ထျန်းက ထိုင်ခုံခါးပတ်ကို အမြန်ဖြုတ်ရန် ပြင်သော်လည်း ဝမ်ရှောင်ရို့က တားလိုက်လေသည်။
"တော်တော့... ကားကိုပဲ အရင်မောင်းပါဦး၊ ငါတို့က လမ်းမကြီးပေါ်မှာပဲ ရှိနေသေးတာလေ...။"
ထို့ကြောင့် လျန်ထျန်းမှာ ဝမ်ရှောင်ရို့ကို နမ်းခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် ကား ပြန်မောင်းသည့် အခါတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့လေသည်။
သို့သော် ခေတ္တမျှအကြာတွင် ဝမ်ရှောင်ရို့၏ အသံလေး ထွက်ပေါ်လာသည်။
"ငါလည်း အတူတူပဲ...။"
လျန်ထျန်းမှာ အံ့အားသင့်သွားကာ ကားအရှိန်ကို လျှော့လိုက်ပြီး မေးလိုက်လေသည်။
"ဘာ... မင်းလည်း အတူတူပဲ ဟုတ်လား...။"
ဝမ်ရှောင်ရို့၏ အသံမှာ ခြင်လေးတစ်ကောင် မြည်သကဲ့သို့ တိုးညင်းလှပေသည်။
"ငါ့နှလုံးသား တံခါးကလည်း နင့်တစ်ယောက်တည်းအတွက်ပဲ အမြဲ ဖွင့်ထားမှာပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ဘရိတ်ကို ရုတ်တရက် နင်းလိုက်ကာ လမ်းဘေးတွင် ကားကိုရပ်လိုက်လေသည်။
ထို့နောက် လှည့်ကြည့်လိုက်ရာ ဝမ်ရှောင်ရို့၏ မျက်နှာလေးမှာ တစ်ဖန် နီမြန်းနေပြန်သည်ကို တွေ့လိုက် ရပြန်လေသည်။
"ဒါကြောင့်... အရမ်း မလောပါနဲ့ဦး...။ ငါ့ရဲ့ ပထမဆုံး အနမ်းက သေချာပေါက် နင့်အတွက်ပဲ ဖြစ်မှာပါ...၊ ပြီးတော့... အဲ့ဒီအရာလည်း... နင့်အတွက်ပဲ ဖြစ်မှာပါ...။"
...
လျန်ထျန်းသည် ပျော်ရွှင်စရာ ကောင်းသော နှစ်သစ်ကူးပွဲတော်ကို ဖြတ်သန်းခဲ့ရသည်။ နှစ်သစ်ကူး (၂) ရက်နေ့တွင် သူသည် လက်ဆောင်များစွာ ဝယ်ယူကာ ဝမ်မိသားစုထံသို့ သွားရောက် ဂါရဝပြုခဲ့လေ သည်။
ဝမ်ရှောင်ရို့၏ ဖခင် ဝမ်ချန်ကျွင်းသည်လည်း လျန်ထျန်းကို အလွန်ကောင်းမွန်စွာ ဆက်ဆံပြီး တစ်ချိန် လုံး ပြုံးပျော်နေတော့သည်။
အကြောင်းမှာ လျန်ထျန်းသည် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ထပ်မံပြုလုပ်ပေးခဲ့သဖြင့် ဝမ်မိသားစု၏ စီးပွားရေးမှာ လွန်ခဲ့သော လအနည်းငယ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်း ကြောင့် ဖြစ်လေသည်။
လျန်ထျန်းအနေဖြင့် ဤမျှ များပြားသော ငွေကြေးများကို လွယ်ကူစွာ ထုတ်ပေးနိုင်ခြင်းကြောင့် ဝမ်ချန်ကျွင်းမှာ လျန်ထျန်းတွင် အလွန်အင်အားကြီးမားသော နောက်ခံရှိသည်ဟု ပို၍ပင် ယုံကြည်သွား ခဲ့လေသည်။
သူ့သမီးကို ချစ်မြတ်နိုးပြီး သူ့သမီးကလည်း ပြန်လည် ချစ်ခင်ရသည့် သမက်လောင်းမျိုး ရထားသည်ကို မည်သည့် ယောက္ခမက မပျော်ဘဲ နေပါ့မည်နည်း။
နှစ်သစ်ကူး (၆) ရက်နေ့တွင် လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ စားသောက်ဆိုင် တစ်ခု၌ ချိန်းတွေ့နေစဉ် ကျားရင်းက ဝမ်ရှောင်ရို့ထံသို့ ထပ်မံ ဆက်သွယ်လာခဲ့လေသည်။
ဖုန်းချပြီးနောက် ဝမ်ရှောင်ရို့က လျန်ထျန်းကို ပြောပြလိုက်လေသည်။
"ကျားရင်းက အခုပဲ ဖုန်းဆက်ပြီး တောင်းပန်သွားတယ်...။ အဲ့ဒီနေ့က သူ အများကြီး မှားခဲ့ပါတယ်တဲ့၊ ပြီးတော့ နင့်ကို ကျေးဇူးတင်တယ်လို့လည်း ပြောခိုင်းလိုက်သေးတယ်...။"
၎င်းကို ကြားသောအခါ လျန်ထျန်းမှာ အံ့အားသင့်သွားပြီး ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
"ငါ့ကို ကျေးဇူးတင်တယ် ဟုတ်လား...။ သူ ဘယ်လို လှည့်ကွက်မျိုး ထပ်သုံးဦးမလို့လဲ...။"
ဝမ်ရှောင်ရို့ကလည်း ပြုံးလျက် ၊
"သူ ပြောတာကတော့ အဲ့ဒီနေ့က ငါတို့ ထွက်သွားပြီးတဲ့နောက် သူ့မှာ ပိုက်ဆံရှင်းဖို့ မရှိတာနဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်နဲ့ ဆုံပြီး အဲ့ဒီလူက သူ့အတွက် ရှင်းပေးလိုက်တယ်တဲ့...။"
"အဲ့ဒီ သခင်လေးနဲ့ သူ အခု တွဲနေပြီမို့လို့ နင့်ကို ကျေးဇူးတင်တာတဲ့၊ နင့်နားကိုလည်း နောက်ထပ် ကပ်မှာ မဟုတ်တော့ဘူးလို့ ပြောသေးတယ်...။"
လျန်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ -
"ဒီမိန်းကလေးက တကယ်ကို စိတ်ပြောင်းလွယ်တာပဲ...။ ရှောင်ရို့... သူက နိုင်ငံခြားမှာတုန်းကလည်း လူအများအပြားနဲ့ မရေရာတဲ့ ပတ်သက်မှုတွေ ရှိခဲ့တယ်လို့ မင်းပြောဖူးတယ် မဟုတ်လား...။"
"နောင်ကျရင် ဒီလိုလူမျိုးနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ...။ ငါတို့က အဆင့်အတန်းချင်းလည်း မတူ သလို လမ်းစဉ်ချင်းလည်း မတူကြဘူး...။"
ဝမ်ရှောင်ရို့က ထပ်မံ ပြုံးလိုက်ပြန်လေသည်။
"ငါ သိပါတယ်...။ အဲ့ဒီ ယွမ်ကျုန်း ဆိုတဲ့ ကောင်လေး ပေါ်လာကတည်းက ကျားရင်းနဲ့ ခပ်ခွါခွါနေဖို့ ငါ ဆုံးဖြတ်ထားပြီးသားပါ...။"
"ငါ့ကို ပျော်စေတာက သူ ချမ်းသာတဲ့ ချစ်သူ ရသွားတော့ နင့်ကို နောက်ထပ် လာမနှောင့်ယှက်တော့မှာ ကိုပဲ....။ ဒီလိုသာ မဟုတ်ရင် ငါ နည်းနည်းတော့ စိုးရိမ်နေမိမှာပဲ...။"
လျန်ထျန်းက မျက်နှာကို လွှဲလိုက်ကာ -
"မင်းက ငါ့ကို တကယ်ပဲ မယုံတာလား...။ ငါ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် ဒီလောက်တောင် ယုံကြည်မှု မရှိရဘူးလား...။"
လျန်ထျန်း၏ ဟန်ဆောင် စိတ်ကောက်နေပုံကို ကြည့်ကာ ဝမ်ရှောင်ရို့မှာ ပို၍ပင် ပြုံးပျော်သွားကာ၊
"ငါ နင့်ကို ယုံကြည်တာပေါ့...။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူကို တခြားလူက စိတ်ဝင်စားနေတာမျိုး ဘယ်သူ က ကြိုက်ပါ့မလဲ...၊ ဟုတ်တယ်မလား...။"
လျန်ထျန်းက ခေါင်းညိတ်လိုက်ပြီး ၊
"အဲ့ဒါလည်း ဟုတ်တာပါပဲ...။ ဒါဆိုရင်... နိုင်ငံခြားမှာရော မင်းကို စိတ်ဝင်စားနေတဲ့သူတွေ ရှိလား...။"
လျန်ထျန်းက အကြောင်းမရှိဘဲ သဝန်တိုနေသည်ကို မြင်သောအခါ ဝမ်ရှောင်ရို့က မျက်တောင်လေး ခတ်လိုက်လေသည်။
"ငါ တကယ် မသိဘူး...။ ဘာလို့လဲဆိုတော့ ငါ ကျောင်းစာတွေ ကျန်နေခဲ့တာနဲ့ နေ့တိုင်း စာပဲ ကြိုးစား နေရလို့လေ...။"
"ဘယ်သူက လာစကားပြောပြော ငါ ဂရုမစိုက်နိုင်ဘူး...။ ဒါပေမဲ့ နင်က အခုလို မေးမှတော့ နောက်တစ် ခါကျရင် ငါ တခြားလူတွေနဲ့ နည်းနည်းလောက် ပိုပြီး စကားပြောကြည့်ဦးမယ်၊ ငါ့ကို ဘယ်သူတွေ စိတ်ဝင်စားနေလဲဆိုတာ သိရအောင်လို့လေ...။"
၎င်းကို ကြားသောအခါ လျန်ထျန်းသည် ချက်ချင်းပင် အရှုံးပေးလိုက်လေတော့သည်။
"ရှောင်ရို့... ငါ ခုနက ပြောတာတွေကို မေ့လိုက်ပါတော့...။ ငါ မင်းကို အပြည့်အဝ ယုံကြည်ပါတယ်...။ မင်း ကျောင်းစာကိုပဲ အဓိကထားပြီး ကြိုးစားပါနော်...။"
လျန်ထျန်း၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို ကြည့်ကာ ဝမ်ရှောင်ရို့၏ အကြံအစည်မှာ အောင်မြင် သွားသဖြင့် ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။
"ကောင်းပါပြီ...၊ စိတ်မပူပါနဲ့...။ ငါ့နှလုံးသားထဲမှာ နင်တစ်ယောက်တည်း ရှိတယ်လို့ ပြောပြီးသားပဲ၊ အဲ့ဒါက နင်တစ်ယောက်တည်းပဲ အမြဲ ရှိနေမှာပါ...။"
"ဪ... ဒါနဲ့...၊ ကျားရင်းနဲ့ သူ့ချစ်သူက ဒီည ငါတို့ကို ထမင်းကျွေးချင်တယ်လို့ ပြောနေတယ်၊ ငါတို့ သွားသင့်လား...။"