← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း။ ၈၁

"တချို့ကိစ္စတွေက ဖြစ်တော့ဖြစ်နေတာပေါ့။ ဒါပေမဲ့ မင်းနဲ့တော့ မဆိုင်ပါဘူး။ အရာရာကို အများကြီး သိနေတာက မင်းအတွက် ဘာကောင်းကျိုးမှ ရှိမှာမဟုတ်ဘူး"

အဖိုးကြီးချန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း လေသံထဲတွင်မူ လှောင်ပြောင်ရိပ်တို့ စွက်ဖက်နေသည်။

"ကုယွမ်... ဒီကိစ္စတွေကို လျှောက်တွေးပြီး စိတ်ပူနေမယ့်အစား နက်နဲသောလိပ်ချပ်ဝတ်ကျင့်စဉ်ကိုပဲ အာရုံစိုက်ပြီး ကျင့်နေစမ်းပါ။ အဲဒါကမှ မင်းအတွက် ပိုအသုံးတည့်ဦးမယ်"

အဖိုးကြီးချန်သည် ကုယွမ်၏ လက်ရှိကျင့်ကြံမှုအဆင့်ကို လုံးဝရိပ်မိခြင်းမရှိပေ။ လိပ်ဆိုသည်မှာ ပုန်းကွယ်ခြင်းနှင့် အားအင်မွေးမြူခြင်း၌ အလွန်ကျွမ်းကျင်သည့် သတ္တဝါများ ဖြစ်ကြသည်။

နက်နဲသောလိပ်ချပ်ဝတ်ကျင့်စဉ်ထဲရှိ ပုန်းကွယ်ခြင်းဟူသော အနက်အဓိပ္ပာယ်မှာ သူ၏အစွမ်းကို ဖုံးကွယ်၍ အတွင်းစိတ်ကို ထိန်းချုပ်ခြင်းပင်။

ဤကျင့်စဉ်ကို အဆင့်တစ်ခုသို့ ရောက်အောင် ကျင့်ကြံပြီးပါက ရေနက်ပိုင်း၌ အိပ်မောကျနေသော လိပ်အိုကြီးတစ်ကောင်ကဲ့သို့ သူ၏ သွေးသားစွမ်းအား၊ ကျင့်ကြံမှုအဆင့်နှင့် အရှိန်အဝါအားလုံးကို လုံးဝဖုံးကွယ်ထားနိုင်ပြီး မူလချီ လောင်ကျွမ်းမှုကိုလည်း လျှော့ချနိုင်သည်။

ကုယွမ် ကျင့်ကြံနေသော နက်မှောင်သောလိပ်ချပ်ဝတ်ကျင့်စဉ်ကမူ ဤကျင့်စဉ်ထက် အဘက်ဘက်မှ သာလွန်နေခြင်းပင်။

ယခုအချိန်တွင် ကုယွမ်သည် ပြင်ပခန္ဓာကျင့်စဉ်၌ အောင်မြင်မှုရနေပြီဖြစ်သလို အရိုးသန့်စင်ခြင်း၌လည်း မဟာအောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သို့သော် သူက သူ၏ အရှိန်အဝါနှင့် ထက်မြက်မှုအားလုံးကို သေသေချာချာ ဖုံးကွယ်ထားသဖြင့် အဖိုးကြီးချန်ပင်လျှင် သူ၏အစွမ်းကို အကဲခတ်၍ မရနိုင်ခြင်းပင်။

ကုယွမ် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အဖိုးကြီးချန်၏ ဆိုလိုရင်းကို သူ ကောင်းကောင်းနားလည်၏။

သူမှာ သာမန်လူတစ်ယောက်မျှသာ ဖြစ်သဖြင့် အရေးကြီးသော ကိစ္စရပ်များကို အလွန်အကျွံသိနေပါက ဘေးဒုက္ခနှင့်သာ ကြုံရလိမ့်မည်ဟု သတိပေးနေခြင်းပင်။

"ဒီကိစ္စက ယွမ်မုန့်တောင်တန်း အနက်ရှိုင်းဆုံးနေရာမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်နေတာလား"

ကုယွမ်၏ ထိုစကားက အဖိုးကြီးချန်ကို ဆတ်ခနဲ တုန်လှုပ်သွားစေသည်။ သူသည် နေရာမှပင် ခုန်ထွက်မတတ် အံ့သြသွားရ၏။

ကုယွမ်သည် အလွန်သတိကြီးသူဖြစ်ရာ မသေမျိုးနန်းတော်ဟူသော အမည်နာမကို ထုတ်မပြောဘဲ ထူးခြားသောဖြစ်စဉ်ဟုသာ သုံးနှုန်းခဲ့သည်။

သူ၏ ထင်မြင်ချက် မှားယွင်းနေခဲ့ပါက လျှို့ဝှက်ချက်ကို သူတစ်ပါး သိမသွားစေရန် အထူးသတိထားလိုက်ခြင်းပင်။

အဖိုးကြီးချန်မှာ အံ့သြလွန်း၍ ဆွံ့အသွားပြီးနောက် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

"ဟေ့ကောင်... ဒါတွေကို မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ"

အဖိုးကြီးချန်၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ကုယွမ်သည် သူ၏ ခန့်မှန်းချက် မှန်ကန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ကျင်းကျိုးပြည်နယ်တစ်ခုလုံးတွင် ဖြစ်ပျက်နေသော မငြိမ်မသက်မှုများနှင့် ထူးဆန်းသော ဖြစ်ရပ်များမှာ ဧကန်မုချ ထိုမသေမျိုးနန်းတော်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

"သိပ်ပြီး အများကြီးမမေးပါနဲ့။ ကျွန်တော့်မှာ သတင်းရတဲ့ လမ်းကြောင်းတွေ ရှိပါတယ်"

ကုယွမ်က လျှို့ဝှက်ဆန်းပြားသော လေသံဖြင့် ပြန်ပြောလိုက်သည်။

အဖိုးကြီးချန်မှာမူ သံသယမဝင်တော့ဘဲ ကုယွမ်ကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ သေသေချာချာ စိုက်ကြည့်နေမိသည်။ အတန်ကြာမှ တည်ငြိမ်မှုကို ပြန်လည်ထိန်းချုပ်ရင်း မေးလိုက်သည်။

"မင်းက ဒီကိစ္စကို သိနေမှတော့ ငါ့ဆီကို ဘာလာမေးနေသေးတာလဲ"

"ဒါကို ပထမဆုံး သိလိုက်ရတုန်းက နည်းနည်းတော့ ထိတ်လန့်သွားတာပေါ့ဗျာ။ ဒါကြောင့် အဖိုးကြီးဆီက အကြံဉာဏ် လာတောင်းတာပါ။ အဖိုးကြီးက ကျွန်တော့်ထက် လောကအတွေ့အကြုံလည်း ပိုရှိတယ်။ စားဖူးတဲ့ ဆားက ကျွန်တော်စားဖူးတဲ့ ထမင်းထက်တောင် ပိုများနေမှာပဲ။ ပြီးတော့ ကျွန်တော် လျှောက်ဖူးတဲ့ ခရီးထက် အဖိုးကြီး ဖြတ်ဖူးတဲ့ တံတားတွေက ပိုများနေဦးမှာပါ"

ကုယွမ်က ချိုသာစွာ မြှောက်ပင့်ပြောဆိုလိုက်ပြီးမှ "ယွမ်မုန့်တောင်တန်း အနက်ပိုင်းက ကိစ္စတွေက ပိုင်လျန်ခရိုင်အပေါ် သက်ရောက်မှု ရှိနိုင်မလားဆိုတာ သိချင်လို့ပါ"

"ရှိနိုင်မလား မဟုတ်ဘူး... သေချာပေါက် သက်ရောက်မှု ရှိမှာ"

အဖိုးကြီးချန်က သက်ပြင်းတစ်ချက်ချရင်း ဖွင့်ဟပြောဆိုလိုက်သည်။

"အဲဒါက ဘာလဲဆိုတာ မင်းသိလား အဲဒါက နဂါးနီတာအိုဆရာရဲ့ ဂူဗိမာန်ပဲ။ အဲဒီထဲမှာ ရေတွက်လို့မရတဲ့ ရတနာတွေနဲ့ ဝိညာဉ်ဆေးလုံးတွေ ရှိနေနိုင်သလို နဂါးနီတာအိုဆရာရဲ့ အမွေအနှစ်တွေတောင် ရှိနေနိုင်တာ"

"နဂါးတံခါးအဆင့် အရှင်သခင်တစ်ပါးရဲ့ ဂူဗိမာန် ပေါ်လာတာက သာမန်သိုင်းဆရာတွေနဲ့ ပင်ကိုယ်စွမ်းရည်ရှင်တွေကိုတင် လှုပ်ခတ်စေမှာမဟုတ်ဘူး။ ငါတို့ ဆေးဘုရင်တောင်ရဲ့ အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်ကိုတောင် အံ့အားသင့်သွားစေလိမ့်မယ်။ ဒါ့အပြင် ဝိညာဉ်ပိုးနတ်ဘုရားဂိုဏ်း၊ မူလငရဲဂိုဏ်းနဲ့ တခြားသော တစ်ကိုယ်တော် ကျင့်ကြံသူ အတတ်ပညာရှင်တွေလည်း ဒီသတင်းကို သိသွားကြပြီမို့ အစီအစဉ်အမျိုးမျိုး ဆွဲထားကြပြီးသား ဖြစ်မှာပဲ"

"အဲဒီအချိန်ကျရင် ကောင်းကင်ဘုံလူသားအဆင့်နဲ့ သူတော်စင်အဆင့် ကျင့်ကြံသူတွေ သေချာပေါက် ရောက်လာကြလိမ့်မယ်။ ယင်ဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးနှစ်ပါးလောက် ပေါ်လာရင်တောင် အံ့သြစရာ မရှိဘူး"

"ပိုင်လျန်ခရိုင်လို သေးငယ်တဲ့နေရာက အဲဒီရှေးဟောင်းဂူဗိမာန်ရဲ့ အနီးဆုံး ဝင်ပေါက်တွေထဲက တစ်ခုပဲ။ အကယ်၍ အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်ကသာ မကောင်းတဲ့စိတ်ထား မွေးမြူလိုက်မယ်ဆိုရင် ဒီနေရာလေးက အလွယ်တကူပဲ ကပ်ဘေးသင့်သွားနိုင်တယ်"

နဂါးတံခါးအဆင့် အရှင်သခင်... နဂါးနီတာအိုဆရာ...

အဖိုးကြီးချန်၏ စကားများထဲမှ သတင်းအချက်အလက်များကို ကုယွမ် ပြန်လည်တွေးတောရင်း မျက်နှာပျက်သွားတော့သည်။

"တကယ်လို့ ဒီလိုဆိုရင်တော့ အပြစ်မဲ့တဲ့သူတွေအများကြီး မြေစာပင်ဖြစ်ပြီး အကြောင်းမဲ့ သေဆုံးကြရတော့မှာပေါ့"

"စိတ်မပူပါနဲ့ ငါ့တူရာ"

အဖိုးကြီးချန်က တည်ငြိမ်စွာပင် ဆက်ပြောသည်။

"ငါတို့ ဆေးဘုရင်တောင်က အင်အားကြီးတဲ့ မသေမျိုးဂိုဏ်းကြီးတစ်ခု ဖြစ်သလို ပိုင်လျန်ခရိုင်နဲ့ ကျင်းကျိုးပြည်နယ်ဟာလည်း ငါတို့ရဲ့ သြဇာသက်ရောက်မှုအောက်မှာ ရှိပါတယ်။ အကယ်၍ လူမိုက်တစ်ယောက်ယောက်က အပြစ်မဲ့သူတွေကို ရမ်းကားသတ်ဖြတ်မယ်ဆိုရင် ငါတို့ ဆေးဘုရင်တောင်က ပညာရှင်တွေကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"

"ဝိညာဉ်ပိုးနတ်ဘုရားဂိုဏ်းလို အကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ ဂိုဏ်းမျိုးမှာတောင် လူယုတ်မာတချို့ ရှိတတ်ပေမဲ့ ယေဘုယျအားဖြင့်တော့ သူတို့က သာမန်လူတွေကို အန္တရာယ်မပြုတတ်ကြပါဘူး"

"ယေဘုယျအားဖြင့် အန္တရာယ်မပြုတတ်ဘူးဆိုတာက ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးမှာတော့ အန္တရာယ်ပြုလိမ့်မယ်လို့ ဆိုလိုတာလား"

ကုယွမ်သည် ထိုစကားကို ကြားရသောအခါ တိတ်ဆိတ်သွားမိသည်။ အဖိုးကြီးချန် ဆိုလိုသည့် အဓိပ္ပာယ်ကို သူနားလည်သလို အချို့သော အမှန်တရားများကိုလည်း ဆက်စပ်တွေးတောမိသွားသည်။

ကျင့်ကြံသူများမှာ သာမန်လူသားအဆင့်မှ ကျော်လွန်ကာ သူတော်စင်များ ဖြစ်လာကြသူများ ဖြစ်သည်။ သူတို့၏ စွမ်းအား၊ နတ်ဘုရားစွမ်းရည်၊ သက်တမ်းနှင့် ဇီဝအနှစ်သာရတို့မှာ အဆင့်မြင့်မားစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဤကဲ့သို့ စွမ်းအားနှင့် သက်တမ်း ကွာခြားချက်များကြောင့်ပင် ထိုအရှင်သခင်များအတွက် သာမန်လူသားများမှာ ခြေထောက်အောက်မှ ပုရွက်ဆိတ်များ သို့မဟုတ် မြက်ပင်များသဖွယ်သာ ဖြစ်နေပေလိမ့်မည်။

"လူတစ်ယောက်ဟာ သူအလွယ်တကူ နင်းခြေဖျက်ဆီးနိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်ရဲ့ အတွေးကို ဂရုစိုက်ပါ့မလား။ ပုရွက်ဆိတ်တစ်ကောင် အသက်ရှင်တာ၊ သေတာကိုရော ပူပန်နေမှာလား။ အခြေအနေအတော်များများမှာတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး...။

ဒါ့အပြင် အရမ်းမြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ကို ရောက်သွားတဲ့သူတွေက ကိုယ့်ကိုကိုယ် လူသားလို့တောင် မသတ်မှတ်တော့တာကလည်း မဆန်းပါဘူး။ လက်တစ်ချက်ဝေ့ရုံနဲ့ တောင်တန်းတွေကို ဖြိုချနိုင်ပြီး လူပေါင်းများစွာကို သတ်နိုင်စွမ်းရှိလာတဲ့အခါမှာ ဒီလိုတွေးတာက သဘာဝကျပါတယ်။ သာမန်လူတစ်ယောက်ရဲ့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဘဝတစ်သက်တာက အဲဒီပုဂ္ဂိုလ်တွေအတွက်တော့ ခေတ္တခဏ အိပ်စက်တာ ဒါမှမဟုတ် ကျင့်စဉ်ဝင်လိုက်တာလောက်ပဲ ရှိမှာ။

ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ကိုယ့်ကိုကိုယ် လူသားအဖြစ် ဆက်ပြီး မှတ်ယူထားမှာလဲ။ သာမန်လူတွေအတွက်ရော ဘယ်သူက အလေးထားမှာလဲ"

"ဒါဆိုရင် ဟိုလျှို့ဝှက်ဆန်းပြားတဲ့ မိစ္ဆာအိုကြီးက..."

ကုယွမ်သည် တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားကို အဆုံးမသတ်နိုင်ခင်မှာပင် အဖိုးကြီးချန်က ရိပ်မိသွားပြီး ပြန်ဖြေလိုက်သည်။

"မှန်တယ်... အဲဒီမိစ္ဆာအိုကြီးက နဂါးနီမသေမျိုးနန်းတော်အတွက် ရောက်လာတာပဲ"

"အဲဒီအဖိုးကြီးက ပါရမီတော့ သိပ်မရှိပါဘူး။ ကံကောင်းလို့သာ ကောင်းကင်ဘုံလူသားအဆင့်ကို ရောက်ခဲ့တာ။ ဒါပေမဲ့ အခု သူ့ရဲ့ သက်တမ်းက ကုန်ဆုံးတော့မယ်။ အကယ်၍ သူက အိုမင်းပြီး မသေချင်ဘူးဆိုရင် နောက်ထပ်ခြေတစ်လှမ်း ထပ်တိုးရမယ်။ ရွှေအမြုတေကို ဖွဲ့စည်းပြီး သူတော်စင်အဆင့် အရှင်သခင်တစ်ယောက် ဖြစ်လာရမယ်။ ဒါပေမဲ့ သူ့ရဲ့ အခြေခံနဲ့ ပါရမီက အဲဒီအဆင့်ကို ရောက်ဖို့ မလုံလောက်ဘူး"

အဖိုးကြီးချန်က အေးစိမ့်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာအိုကြီးတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"နဂါးနီမသေမျိုးနန်းတော်ထဲမှာ ထူးခြားတဲ့ ရတနာမျိုးစုံ ရှိနေတယ်။ လူတစ်ယောက်ရဲ့ ပါရမီနဲ့ အာရုံခံစားမှုကို မြှင့်တင်ပေးနိုင်တဲ့ ဝိညာဉ်ဆေးပင်တွေလည်း ပါဝင်နေတာမို့လို့ သူ စိတ်ဝင်တစား ဖြစ်နေတာကတော့ သဘာဝကျပါတယ်"

ထိုသို့ပြောပြီးနောက် အဖိုးကြီးချန်က ကုယွမ်ကို ကြည့်ကာ သတိပေးလိုက်သည်။

"ငါ့တူ... နဂါးနီမသေမျိုးနန်းတော် ပွင့်မယ့်နေ့က သိပ်မဝေးတော့ဘူး။ မင်းအနေနဲ့တော့ အဲဒီအပေါ်မှာ ဘာစိတ်ကူးမှ မယဉ်မိတာ အကောင်းဆုံးပဲ"

"နန်းတော်ပွင့်တဲ့နေ့မှာ အစွမ်းထက်တဲ့သူတွေ အများကြီး စုပြုံရောက်လာကြလိမ့်မယ်။ အဲဒီအချိန်ကျရင် နဂါးနီမသေမျိုးနန်းတော်က အခွင့်အလမ်းတွေ ပေါများတဲ့နေရာ ဖြစ်သလို သွေးချောင်းစီးမယ့် စစ်တလင်းကြီးလည်း ဖြစ်လာမှာပဲ။ မင်းလို အဆင့်သေးသေးလေးအတွက် အဲဒီကိုသွားတာက သေတွင်းထဲ ကိုယ့်ဘာကိုယ် ခုန်ဆင်းတာနဲ့ အတူတူပဲ။ အဲဒီအစား မင်းရဲ့ ကျင့်စဉ်ကိုပဲ ကြိုးကြိုးစားစား ကျင့်နေစမ်းပါ။ နောင်တစ်ချိန်မှာ မင်းလည်း ကောင်းကင်ဘုံလူသားအဆင့်ကို ရောက်နိုင်တာပဲ"

"အဖိုးကြီး ပြောတာ မှန်ပါတယ်"

ကြီးမားသော အခွင့်အရေးကြီးနှင့် ရင်ဆိုင်နေရသော်လည်း ကုယွမ်သည် စိတ်ကိုတည်ငြိမ်စွာ ထားနိုင်ဆဲပင်။

"ကျွန်တော်က ငယ်သေးတာမို့ အချိန်တွေ အများကြီး ရှိပါသေးတယ်။ အနာဂတ်ကမ္ဘာကြီးက လူတိုင်းနဲ့ ဆိုင်ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့လို လူငယ်တွေရဲ့ လက်ထဲကိုပဲ ရောက်လာမှာပါ။ ကျွန်တော့်အတွက်တော့ ဘယ်ရတနာမှ ကိုယ့်အသက်ထက် မတန်ဖိုးရှိပါဘူး"

"ဒီတစ်ခါ နဂါးနီမသေမျိုးနန်းတော်က အခွင့်အရေးကို လက်လွှတ်လိုက်ရရင်တောင် ဒါက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခုကို ရှောင်ရှားလိုက်တာပဲလေ။ ဒါ့အပြင် နောင်တစ်ချိန်မှာ ကျွန်တော်လည်း နဂါးတံခါးအဆင့် အရှင်သခင်ကြီး တစ်ယောက် ဖြစ်လာနိုင်တာပဲ မဟုတ်လား"

ကုယွမ်၏ စကားများမှာ အနည်းငယ် မောက်မာသည်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ယုတ္တိရှိလှသည်။ သို့သော် အဖိုးကြီးချန်မှာမူ ကုယွမ်၏ စကားများကြောင့် ရင်ထဲတွင် ဆစ်ခနဲ ခံစားလိုက်ရသည်။

သူ၏ မျက်နှာမှာ ပုပ်သိုးသွားပြီး ထိုကောင်လေးကို ထရပ်ကာ ပါးရိုက်ချင်စိတ်များပင် ပေါက်လာတော့သည်။

ငယ်သေးတယ်။ အချိန်တွေ အများကြီး ရှိသေးတယ်ဆိုတဲ့ စကားတွေက ဒီကောင် ငါ့ကို လာလှောင်နေတာလား။

အခန်း။ ၈၂

သူ၏ အခြေခံစွမ်းအားမှာ ပျက်စီးနေရသည့်အပြင် သက်တမ်းမှာလည်း ကန့်သတ်ချက်ရှိနေချိန်တွင် ဤကုယွမ်ဆိုသည့်ကောင်လေးက ငယ်သေးကြောင်းနှင့် အချိန်တွေအများကြီးရှိသေးကြောင်း တစ်ဖွဖွပြောဆိုနေသည်မှာ တမင်ရည်ရွယ်ပြီး လှောင်ပြောင်နေခြင်းလားဟု အဖိုးကြီးချန် တွေးတောနေမိသည်။

နဂါးတံခါးအဆင့်ဟူသည်မှာလည်း ကျိန်စာသင့်စရာပင်။

မင်းက တကယ်ကို အိပ်မက်ကြီးလှချေလား။ ငါကိုယ်တိုင်တောင် ဒီအဆင့်မျိုးကို ရောက်ဖို့ မမျှော်လင့်ရဲဘူး။

သို့သော် အဖိုးကြီးချန် မသိရှိသည့်အချက်မှာ ကုယွမ်တွင် ဝိညာဉ်သားရဲစနစ်ဟူသော ထူးခြားဆန်းပြားသည့် အရာတစ်ခုရှိနေခြင်းပင်။ ၎င်းသည် သူ့အား ဝိညာဉ်သားရဲအမျိုးမျိုး၏ ပါရမီစွမ်းရည်များကို အပ်နှင်းပေးထားပြီး အကြိမ်ကြိမ် အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်စေကာ များစွာသော အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနေခြင်းပင်။

သူသာ ဤခြေလှမ်းများကို မှန်မှန်ကန်ကန် ဆက်လက်လှမ်းနိုင်မည်ဆိုပါက တစ်နေ့တွင် မသေမျိုးအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားနိုင်သည့် အခွင့်အရေးရှိသည်။

နဂါးတံခါးအဆင့်ဟူသည်မှာ ကျင့်ကြံသူများအတွက် အလွန်နက်နဲသော နယ်ပယ်တစ်ခု ဖြစ်သည်။

အထပ်မြင့်တိုက်ကြီးများသည် မြေပြင်မှသာ စတင်တည်ဆောက်ရသည်ဟူသော စကားအတိုင်းပင်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် သိုင်းဆရာများနှင့် ပင်ကိုယ်စွမ်းရည်ရှင်များသည် သိုင်းပညာကို လေ့ကျင့်နေကြသော်လည်း သူတို့သည်လည်း ကျင့်ကြံသူများပင် ဖြစ်ကြပြီး အခြေခံအဆင့်

နှစ်ဆင့်တွင် ရှိနေကြခြင်းသာ ဖြစ်သည်။

ပင်ကိုယ်စွမ်းရည်ရှင် အဆင့်ကျော်လွန်ပြီးနောက်တွင် ကောင်းကင်ဘုံလူသားအဆင့်၊ သူတော်စင်အဆင့်၊ ယင်ဝိညာဉ်အဆင့်နှင့် နဂါးတံခါးအဆင့်ဟူ၍ အဆင့်ဆင့် ကွဲပြားသွားသည်။

နဂါးတံခါးအဆင့်ဟူသော အဓိပ္ပာယ်မှာ ငါးကြင်းတစ်ကောင်သည် နဂါးတံခါးကို ခုန်ကျော်နိုင်

ခြင်းမှ ဆင်းသက်လာခြင်းပင်။

ထိုတံခါးကို ခုန်ကျော်နိုင်သည်နှင့် ငါးကြင်းသည် နဂါးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ လူသားဘဝမှ မသေမျိုးဘဝသို့ ကူးပြောင်းသွားခြင်းပင်။

နဂါးတံခါးအဆင့်၏ အထက်တွင်မူ မူလဝိညာဉ် မသေမျိုးအဆင့်ရှိသည်။ မူလဝိညာဉ်ကို ကျင့်ကြံနိုင်သူသည် အဆုံးမဲ့သက်တမ်းကို ပိုင်ဆိုင်ပြီး ထာဝရရှင်သန်နိုင်သည်ဟု ပြောကြသည်။

ဤအရာမှာ ဤကမ္ဘာ၏ ထူးခြားဆန်းပြားသော ကျင့်ကြံခြင်းစနစ်ပင်။ မူလဝိညာဉ်အဆင့်၏ အထက်တွင် အခြားအဆင့်များ ရှိကောင်းရှိနိုင်သော်လည်း ကုယွမ်အနေဖြင့်မူ ထိုအကြောင်းကို မသိရှိသေးပေ။

အဖိုးကြီးချန်သည် မျက်နှာပုပ်သိုးသိုးဖြင့် ပြောလိုက်သည်။

"ကဲ... သောက်စကားများတာတွေ တော်လောက်ပြီ။ ကုယွမ်... မင်းကို ငါ ခိုင်းစရာတစ်ခု ရှိတယ်"

"အဖိုးကြီးချန်... စိတ်ကြိုက်သာ ခိုင်းစေပါဗျာ။ ကျွန်တော် တတ်နိုင်တဲ့ ဘောင်ထဲမှာဆိုရင်တော့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

ကုယွမ်သည် ရိုသေစွာ လက်အုပ်ချီ၍ အမူအရာကောင်းပြလိုက်သော်လည်း သူ၏စကားထဲတွင်မူ ရှောင်လွှဲနိုင်သည့် အပေါက်လေး ချန်ထားခဲ့သည်။

ဤပါးနပ်လွန်းသော ကောင်လေးကို အဖိုးကြီးချန် စကားအရှည်ကြီး မပြောချင်တော့ဘဲ တိုတိုတုတ်တုတ်ပင် ပြောလိုက်သည်။

"မနေ့က ငါတို့ ကျောက်စိမ်းအိုးမျှော်စင်ကို တာဝန်တစ်ခု ရောက်လာတယ်။ လတ်တလောမှာ လူအချို့က လျှို့ဝှက်ဆန်းပြားစွာ ပျောက်ဆုံးနေကြတယ်။ နောက်မှ ပြန်တွေ့တဲ့အခါမှာတော့ အလောင်းတွေက သွေးသားမရှိတော့ဘဲ ခြောက်ကပ်နေတဲ့ အလောင်းတွေ ဖြစ်နေကြပြီ။ ငါကတော့ အခုလောလောဆယ် အပြင်ထွက်လှုပ်ရှားဖို့ အဆင်မပြေဘူး။ အဲဒါ မင်းပဲ သွားပြီး စုံစမ်းကြည့်လိုက်ပါလား"

ပျောက်ဆုံးကုန်ကြပြီး ခြောက်ကပ်နေတဲ့ အလောင်းတွေ ဖြစ်နေတယ်ဆိုသော စကားကြားသောအခါ ကုယွမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက တစ်စုံတစ်ယောက်သော နာမ်ဆိုးတွေရဲ့ လက်ချက်လို့ အဖိုးကြီး သံသယရှိနေတာလား ပြီးတော့ ဟို မိစ္ဆာအိုကြီးရဲ့ ဒဏ္ဍာရီနဲ့ရော ပတ်သက်နေတာလား"

"မှန်တယ်"

အဖိုးကြီးချန်က ခေါင်းညိတ်လိုက်ပြီး အဓိပ္ပာယ်ပါပါဖြင့် ဆက်ပြောသည်။

"ငါရထားတဲ့ သတင်းအရဆိုရင်တော့ ဒါက ချန်းအိမ်တော်နဲ့ ပတ်သက်နေလိမ့်မယ်။ မင်း အဲဒီကနေပဲ စုံစမ်းတာ စတင်လို့ရတယ်"

အဖိုးကြီးချန် သိထားသည်မှာ ကုယွမ်နှင့် ချန်းအိမ်တော်ကြားတွင် ရန်ငြိုးအချို့ ရှိနေခြင်းပင်။ လွန်ခဲ့သည့် အချိန်အနည်းငယ်က ချန်းအိမ်တော်တွင် ဖြစ်ပွားခဲ့သော အမှုကြီးမှာ ကုယွမ်နှင့် ပတ်သက်မှု ရှိမရှိကိုမူ သူ မသိနိုင်ပေ...။

"ဒီမြေခွေးအိုကြီးက တကယ်ကို မျက်စိလျင်တာပဲ။ သူ တစ်ခုခုကို ရိပ်မိနေတာ ဖြစ်ရမယ်"

အဖိုးကြီးချန်၏ စူးစမ်းလိုသော အကြည့်ကို ရင်ဆိုင်ရင်း ကုယွမ်၏ မျက်နှာအမူအရာမှာ မပြောင်းလဲသော်လည်း ရင်ထဲတွင်မူ သံသယဝင်နေမိသည်။ အပြင်ပန်းတွင်မူ သူက ခပ်တည်

တည်ပင် ခေါင်းညိတ်၍ လက်ခံလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ"

အဖိုးကြီးချန်ကို နှုတ်ဆက်ပြီးနောက် ကုယွမ်သည် စင်္ကြံလမ်း၏ အခြားတစ်ဖက်ရှိ အုပ်ချုပ်ရေးမှူး ယန်ဟန်၏ အခန်းဆီသို့ ထွက်လာခဲ့သည်။

ဒေါက် ဒေါက် ဒေါက်….

"ဝင်ခဲ့ပါ..."

ခွင့်ပြုချက်ရသည်နှင့် ကုယွမ်သည် တံခါးကိုတွန်းဖွင့်၍ အခန်းထဲသို့ ဝင်လိုက်ရာ ကုလားထိုင်တွင်ထိုင်၍ ကလောင်တံကိုကိုင်ကာ တစ်ခုခုကို ပြင်ဆင်နေသော ယန်ဟန်ကို တွေ့လိုက်ရသည်။

သို့သော် အမြဲတမ်းလိုလို ဝဝဖြိုးဖြိုးရှိတတ်သော ဤအုပ်ချုပ်ရေးမှူးမှာ ယခုမူ သိသိသာသာ ပိန်ချောင်သွားပြီး ရုပ်ရည်မှာလည်း အလွန်ပင် နွမ်းနယ်နေပုံပင်။

ယန်ဟန် ဤကဲ့သို့ ပြောင်းလဲသွားရသည့် အကြောင်းရင်းကို ကုယွမ် ကောင်းကောင်းသိပါသည်။ သူ၏တူဖြစ်သူမှာ လမ်းမပေါ်တွင် ကျောက်စိမ်းအိုးမျှော်စင်၏ ရှေ့၌ပင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရခြင်းကြောင့်ပင်။

သို့သော် ကုယွမ်သည် အနည်းငယ်မျှပင် နောင်တရခြင်း မရှိပေ။ ယန်ကျန်းဖေးကဲ့သို့သော လူစားမျိုးမှာ သူ၏ကံကြမ္မာနှင့် သူ ထိုက်တန်သည်ဟုသာ ဆိုရမည်ဖြစ်ပြီး သူ့ကို သတ်ဖြတ်လိုက်

ခြင်းမှာ ကုသိုလ်ကောင်းမှုတစ်ခု လုပ်လိုက်ခြင်းပင်။

"ဒါ ကုယွမ်ပဲလား"

ယန်ဟန်က မော့ကြည့်ကာ ကုယွမ်ကို တစ်ချက်အကဲခတ်လိုက်ပြီး "ဘာကိစ္စရှိလို့ ဒီကို လာတာလဲ" ဟု မေးလိုက်သည်။ သူ၏လေသံမှာ အေးစက်လှရုံမက စကားများများစားစား ပြောလိုစိတ်မရှိကြောင်းလည်း ထင်ရှားလှသည်။

"အုပ်ချုပ်ရေးမှူး... ကျွန်တော် တာဝန်တစ်ခု လာယူတာပါ"

ကုယွမ်က သူဆောင်ရွက်မည့် တာဝန်အကြောင်းကို ရှင်းပြလိုက်သည်။

"အင်း... ကောင်းပြီလေ"

ယန်ဟန်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားမိသည်။ ဤတာဝန်မှာ အလွန်ပင် အန္တရာယ်များလှ၏။

မနေ့ကပင် မျှော်စင်မှ ဆေးမြစ်ရှာဖွေသူအချို့ သွားရောက်စုံစမ်းခဲ့ကြသော်လည်း ယနေ့နံနက်တွင်မူ သူတို့၏အလောင်းများကို လမ်းဘေးမြောင်းထဲ၌သာ ပြန်လည်တွေ့ရှိခဲ့ရသည်။

သူ့အမြင်တွင် ကုယွမ်သည် ဤတာဝန်ကို လက်ခံခြင်းမှာ သေတွင်းထဲသို့ ကိုယ့်ဖာသာ ခုန်ဆင်းခြင်းနှင့် မခြားပေ။

သို့သော် သူနှင့် ကုယွမ်မှာ မည်သို့သော ဆွေမျိုးတော်စပ်မှု၊ ခင်မင်မှုမှ မရှိချေ။ ထို့ပြင် သူ၏တူဖြစ်သူ ယန်ကျန်းဖေးသည် မသေဆုံးမီက ကုယွမ်အပေါ် အငြိုးအတေးကြီးစွာ ထားခဲ့သည်ကိုလည်း သူသိထားသည်။

ကုယွမ်က ကိုယ့်ဖာသာ သေလမ်းရှာနေသည်ဖြစ်ရာ သူကလည်း တားဆီးရန် စိတ်မကူးတော့ပေ။

ကုယွမ်သည် တာဝန်ကို လက်ခံပြီးနောက် ကျောက်စိမ်းအိုးမျှော်စင်မှ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။

ဤတာဝန်အတွက် သူ၏ လက်အောက်ငယ်သားလေးဦးထဲမှ နှစ်ဦးဖြစ်သော ပါးစပ်ကြီးနှင့် အားဟွမ်တို့ကို ချန်းအိမ်တော်အား စောင့်ကြည့်ရန် တာဝန်ပေးရန် စီစဉ်လိုက်သည်။

လမ်းမပေါ်တွင် သူသည် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အမဲသားနှပ် နှစ်ပိဿာခန့်ကို ဝယ်ယူခဲ့သည်။ သားရေကြိုးဖြင့် ချည်ထားသော အထုပ်ကို ကိုင်လျက် အိမ်သို့အပြန်တွင် လမ်းမပေါ်၌ လမ်းသွားလမ်းလာများကို ရမ်းကားစွာ တားဆီးစစ်ဆေးနေသော ဇီဝါးဂိုဏ်းသားများကို တွေ့လိုက်ရသည်။

သူတို့မှာ ခွေးရူးများပမာ လူတိုင်းကို အကြမ်းပတမ်း မေးမြန်းနေကြ၏။

လမ်းသွားလမ်းလာများစွာမှာ ထိတ်လန့်တုန်လှုပ်နေကြသော်လည်း ထိုဂိုဏ်းသားများ၏ ရမ်းကားမှုကို ကြောက်ရွံ့သဖြင့် အမှန်အတိုင်းသာ ဖြေကြားနေကြရသည်။

ကုယွမ်လည်း အတားခံလိုက်ရသော်လည်း သူ၏ခါးတွင် ချိတ်ထားသော အမှတ်အသား သံပြားကို မြင်လိုက်ရသောအခါ ဇီဝါးဂိုဏ်းသားနှစ်ဦးမှာ လေသံပြောင်းသွားပြီး သူ ဘယ်ကလာသလဲ၊ ဘယ်ကိုသွားမလဲဟူ၍ ယဉ်ကျေးစွာ မေးမြန်းကြသည်။

ကုယွမ်သည် အံ့သြသွားသော်လည်း ပြဿနာမရှာလိုသဖြင့် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်ရာ ဂိုဏ်းသားများက သူ့ကို လွှတ်ပေးလိုက်ကြသည်။

အိမ်သို့ပြန်ရောက်သောအခါ ကုယွမ်သည် အရက်တစ်အိုးကို နွှေးလိုက်ပြီး အမဲသားထုပ်ကို ဖြေ၍ စားသောက်ရန် ပြင်လိုက်သည်။

ထိုစဉ်မှာပင် အားဟွမ်သည် မည်သည့်နေရာမှ ရောက်လာသည်မသိဘဲ စားပွဲပေါ်သို့ ခုန်တက်လာကာ ကုယွမ်ကို ကြည့်၍ တကျိကျိ အော်တော့သည်။

"ဘာလဲ... မင်းလည်း အမဲသားစားချင်လို့လား"

ကုယွမ်က အမဲသားဖတ်တစ်ခုကို ဖဲ့ပေးလိုက်သော်လည်း အားဟွမ်က သူ၏ခြေသည်းလေးဖြင့် ပယ်ထုတ်ကာ ဆက်လက်အော်ဟစ်နေဆဲပင်။ အားဟွမ်၏ အော်သံများကို သေသေချာချာ နားထောင်ပြီးနောက် ကုယွမ်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

"ဘာ... မင်း ရတနာတစ်ခု ခိုးလာတယ် ဟုတ်လား"

"ပြီးတော့ အဲဒီရတနာကို ကြောက်စရာကောင်းတဲ့ အဖိုးကြီးတစ်ယောက်ဆီက ခိုးလာတာလား"

ကုယွမ်သည် ထိုစကားကို ကြားသည်နှင့် ထိုင်နေ၍ မရတော့ပေ။ သူသည် ချက်ချင်းပင် ထရပ်ကာ အားဟွမ်၏နောက်သို့ လိုက်၍ အတွင်းခန်းထဲသို့ ဝင်သွားခဲ့သည်။

ထိုနေရာရှိ အားဟွမ်တူးထားသော ကြွက်တွင်းထောင့်လေးတွင် ဝိညာဉ်အလင်းများ ဖြာထွက်နေသည့် အရာတစ်ခုကို တွေ့လိုက်ရ၏။

ကုယွမ်က လက်နှိုက်၍ နှိုက်ယူလိုက်သောအခါ လက်ချောင်းခန့်သာရှိသော သံဓားငယ်လေးတစ်စင်း ထွက်လာသည်။ ထိုဓားငယ်မှာ အနက်ရောင်ရှိပြီး အလွန်ပင် သေးငယ်လှသည်။

သုံးလက်မခန့်သာ ရှည်လျားပြီး သံတိုသံစတစ်ခုနှင့် တူသော်လည်း ကုယွမ်၏ မျက်လုံးထဲတွင်မူ ၎င်းမှာ သူတူးဖော်ရရှိခဲ့သော ဂျင်ဆင်းနှင့်ပင် ယှဉ်နိုင်သည့် စူးရှတောက်ပသော ဝိညာဉ်အလင်းများကို ထုတ်လွှတ်နေသည်။

ထူးခြားမှုကို ခံစားမိသဖြင့် ကုယွမ်က ဓားငယ်ကို ဆုပ်ကိုင်လိုက်ရာ သူ၏အသိစိတ်ထဲသို့ သတင်းအချက်အလက်များ အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။

[ အသက်နုတ်ဓားကျမ်း ]

ကောင်းကင်ဘုံလူသားအဆင့်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူ အသက်နုတ်ပညာရှိဖန်တီးခဲ့သော ထိပ်တန်းသိုင်းပညာရပ်ဖြစ်သည်။ မဟာအောင်မြင်မှုအဆင့်သို့ ရောက်ရှိပါက အသက်နုတ်ဓားချီ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံနိုင်မည်ပင်။

"အသက်နုတ်ဓားကျမ်း တဲ့လား... ထိပ်တန်းသိုင်းပညာလား"

ကုယွမ်သည် မှင်တက်လျက် ရပ်နေမိတော့သည်။ အားဟွမ်က သူ့အတွက် ဤမျှကြီးမားသော အံ့အားသင့်ဖွယ်ရာနှင့် ထိတ်လန့်ဖွယ်ရာကို ယူဆောင်လာပေးလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

ထိပ်တန်းသိုင်းပညာဆိုသည်မှာ ဘယ်လောက်အထိတန်ဖိုးရှိသည်ကို သူကောင်းစွာ သိထားသည်။

ဤအရာမှာ သူကျင့်ကြံနေသော ရွှေမြွေစွမ်းအင်စုပ်ယူခြင်းကျင့်စဉ်ထက်ပင် အဆင့်မြင့်လှ၏။ နက်မှောင်သောလိပ်ချပ်ဝတ်ကျင့်စဉ်တစ်ခုတည်းသာ ဤအဆင့်နှင့် တူညီပေလိမ့်မည်။

သို့သော် ဤကျမ်းမှာ စစ်မှန်သော တာအိုကျင့်စဉ်မျိုး မဟုတ်ဘဲ ကောင်းကင်ဘုံလူသားအဆင့်သို့ ရောက်ရှိစေကာ အသက်နုတ်ဓားချီကို ကျင့်ကြံနိုင်စေရုံသာ ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းမှာ တန်ဖိုးဖြတ်မရနိုင်သော ရတနာတစ်ပါးပင်။

၎င်းမှာ ကုယွမ်အတွက် အလွန်ပင် အရေးတကြီး လိုအပ်နေသော အရာတစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်းပင်။

All Chapters