အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း။ ၈၉
ကုယွမ်သည် ရင်ဘတ်ထဲမှ အဖြူရောင်ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး လက်ချောင်းများဖြင့် အားစိုက်ကာ ဖိညှစ်လိုက်သည်။
ဂျောက်
ကျောက်စိမ်းအဆောင်မှာ သူ၏လက်ထဲတွင် အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
ထို့နောက် သူသည် အားဝူကို ထွက်ခွာခိုင်းလိုက်ပြီး သူချန်ရစ်ခဲ့သော အစအနအချို့ကို ရှင်းလင်းကာ ထိုနေရာတွင်ပင် ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
လက်ဖက်ရည်တစ်ခွက်စာခန့် ကြာပြီးနောက်တွင် သူ၏ဘေးနားမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ကောင်လေး... အဲဒီ ရွှမ်းယို မိစ္ဆာအိုကြီး ဘယ်မှာလဲ"
ကုယွမ် ခေါင်းလှည့်ကြည့်လိုက်သောအခါ ကျောအနည်းငယ် ကုန်းနေပြီး ပိန်ပိန်ပါးပါးနှင့် ဆံပင်ဖြူဖွေးနေသော အဘိုးကြီးတစ်ယောက် သူ၏ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ အဘိုးကြီးချန်ပင်။ ဤအဘိုးကြီးမှာ ခြေရာလက်ရာ ဖျောက်ဖျက်ရာတွင် အလွန်ကျွမ်းကျင်ပြီး ဤနေရာသို့ အလွန်လျင်မြန်စွာ ရောက်ရှိလာနိုင်ခဲ့ခြင်းပင်။
"အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း ခုထိတော့ အတိအကျ မသိသေးဘူး"
ကုယွမ်က ခေါင်းခါပြလိုက်သည်။ အဘိုးကြီးချန် ဒေါသ မထွက်လာမီမှာပင် ကုယွမ်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့... အဲဒီမိစ္ဆာရဲ့ ခြေရာကိုတော့ ကျွန်တော် အခြေခံအားဖြင့် ရှာတွေ့ထားပြီ။ ဒီလိုပါ... အရင်က အဘိုး ကျွန်တော့်ကို တာဝန်တစ်ခု ပေးခဲ့တယ်မဟုတ်လား။ အဲဒါကြောင့် ဒီရက်ပိုင်းအတွင်း ချန်းအိမ်တော်ကို ကျွန်တော် တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာ။ ဒီနေ့မှာတော့ ကျွန်တော် ဘာကို တွေ့ခဲ့လဲဆိုရင်..."
ကုယွမ်သည် ဖြစ်ပျက်သမျှ အခြေအနေအားလုံးကို တစ်လုံးမကျန် ပြန်ပြောပြလိုက်သည်။
သူပြောပြရာတွင် အားဟွမ်၊ အားဝူနှင့် အခြားသော ဝိညာဉ်သားရဲများအကြောင်းကို ချန်လှပ်ထားခဲ့ပြီး သူ၏ တွေးဆချက်များကိုလည်း မျှဝေခဲ့သည်။
ဥပမာအားဖြင့် ချန်းယွင်ဖုန်းမှာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ရွှမ်းယို လက်ခံခဲ့သော တပည့်ဖြစ်နိုင်ကြောင်းနှင့် ရွှမ်းယိုသည် ထိုတပည့်အပေါ်တွင် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေနိုင်ကြောင်း စသည်ဖြင့်ပင်။
ချန်းယွင်ဖုန်း၏ အစွမ်းအစနှင့် ပတ်သက်၍လည်း သူ မဖုံးကွယ်ထားခဲ့ပေ။ ဂူအတွင်းရှိ စုပုံနေသော အလောင်းများနှင့် ခုနက တိုက်ပွဲဖြစ်ပွားခဲ့သော အစအနများကို မည်သူ့ကိုမျှ လိမ်ညာ၍ မရနိုင်ပေ။
သူကိုယ်တိုင်၏ အရိုးသန့်စင်ခြင်းအဆင့် မဟာအောင်မြင်မှု ရရှိထားပြီး အထွတ်အထိပ်သိုင်းဆရာ ဖြစ်နေသည့်အချက်ကိုလည်း ထိန်ချန်မထားခဲ့ပေ။
သို့သော် နက်မှောင်သောလိပ်ချပ်ဝတ်ကျင့်စဉ် သို့မဟုတ် လိပ်နက်ချပ်ဝတ်ကျင့်စဉ်များတွင် အောင်မြင်မှု အနည်းငယ် ရရှိထားသည့်အချက်ကိုမူ သူ မပြောပြခဲ့ပေ။ တစ်ဖက်လူက ထိုအချက်ကို ရိပ်မိနိုင်သည်ဖြစ်စေ မရိပ်မိနိုင်သည်ဖြစ်စေ ကုယွမ်အနေဖြင့် လျှို့ဝှက်ချက်အချို့ကိုတော့ ထိန်းသိမ်းထားရန် လိုအပ်သေးသည်။
သာမန်သိုင်းဆရာတစ်ယောက်သာ ဖြစ်သော သူသည် ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာ ချန်းယွင်ဖုန်းကို ဘယ်လိုသတ်ခဲ့တာလဲဟူသော မေးခွန်းကိုမူ ကုယွမ်က ဝေဝေဝါးဝါးသာ ဖြေဆိုခဲ့ပြီး သူ့တွင် ပြင်ပအကူအညီများ ရှိနေကြောင်းကိုသာ ရိပ်ဖမ်းသံဖမ်းဖြင့်သာ ပြောဆိုခဲ့သည်။
ကုယွမ် စကားပြောပြီးသွားသောအခါ အဘိုးကြီးချန်က ဘာမှပြန်မပြောသော်လည်း သူ၏ မှုန်ရီနေသော မျက်လုံးအစုံမှာ အန္တရာယ်ရှိသော အရိပ်အယောင်များဖြင့် လက်ခနဲ ဖြစ်သွားပြီး အေးဆေးစွာ ပြောလိုက်သည်။
"စောစောက အရိုးစုဆိုတာ ရွှမ်းယို မိစ္ဆာအိုကြီး မွေးမြူထားတဲ့ ဖြူစင်သောအရိုးမိစ္ဆာဖြစ်ရမယ်။ ဒါက မိစ္ဆာလမ်းစဉ်ရဲ့ ဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ အရိုးဖြူမိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်နက်နဲတဲ့ မှော်ပညာရပ်တစ်ခုပဲ။ အဲဒါကို ဆက်ပြီး မွေးမြူမယ်ဆိုရင်တော့ အရိုးဖြူယင်မိစ္ဆာ၊ ဝိဇ္ဇာအင်အားရှင်မိစ္ဆာဒါမှမဟုတ် ကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်ဘုံအရိုးဖြူနတ်မိစ္ဆာတွေအထိ ပြောင်းလဲသွားနိုင်တယ်"
"ဒါပေမဲ့ အရိုးဖြူမိစ္ဆာကို မွေးမြူတဲ့ နည်းလမ်းက အပြင်မှာ တော်တော်လေး ပျံ့နှံ့နေပေမဲ့ နောက်ပိုင်းအဆင့်တွေဖြစ်တဲ့ အရိုးဖြူယင်မိစ္ဆာတို့၊ ဝိဇ္ဇာအင်အားရှင်မိစ္ဆာတို့ဆိုတာက အဲဒီဂိုဏ်းရဲ့ အမာခံလျှို့ဝှက်ချက်တွေပဲ သူ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး..."
အဘိုးကြီးချန်သည် အဖြေရှာမရသကဲ့သို့ ဇဝေဇဝါ ဖြစ်သွားပြီး "ဒါဆို သူက ဘာကြောင့် ဒီလောက်အထိ အပင်ပန်းခံပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဒီလို အရိုးဖြူမိစ္ဆာမျိုးကို မွေးမြူဖို့ စီစဉ်ခဲ့ရတာလဲ"
"ဒီအရိုးဖြူမိစ္ဆာကို သေချာထိန်းချုပ်နိုင်မယ်ဆိုရင် ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာတစ်ယောက်နဲ့ ညီမျှပေမဲ့ ဒါက သူ စိုက်ထုတ်ခဲ့တဲ့ ကြိုးပမ်းမှုနဲ့တော့ မတန်ဘူး။ သူ့ရဲ့ ရည်မှန်းချက်က အရိုးဖြူမိစ္ဆာကိုယ်တိုင် မဟုတ်ဘဲ တခြားတစ်ခုခု ဖြစ်နေရင်မှပဲ... နေပါဦး... ဒါဆိုရင်..."
ဤသို့ တွေးလိုက်မိသည်နှင့် အဘိုးကြီးချန်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားပြီး တစ်ခုခုကို သိရှိသွားပုံရကာ ကုယွမ်၏ ပုခုံးကို ခပ်ပြင်းပြင်း ပုတ်လိုက်သည်။
"ကောင်လေး... မင်း တကယ်တော်တယ်။ အဘိုးကြီး ငါ လူရွေးမမှားခဲ့ဘူးပဲ"
"သွားကြစို့... လမ်းမှာပဲ ဆက်ပြောကြတာပေါ့"
ကုယွမ်မှာ လန့်သွားပြီး "ဘယ်ကိုလဲ"
"စကားများမနေနဲ့တော့ အဲဒီ ရွှမ်းယို မိစ္ဆာအိုကြီးကို သွားရှာမှာပေါ့"
အဘိုးကြီးချန်က ကုယွမ်၏ ပုခုံးကို ဆွဲကိုင်ကာ လှုပ်ခါလိုက်ပြီး "မင်းရဲ့ မိစ္ဆာကင်းခြေများကြီးက အဲဒီအရိုးဖြူမိစ္ဆာနောက်ကို လိုက်နေတာ ငါမသိဘူးလို့ မမှတ်နဲ့။ မင်းက တမင်တကာ ခြေရာဖျက်ထားပေမဲ့ ငါက ကောင်းကင်ဘုံလူသား တစ်ယောက်ပဲကွ။ ငါ့ရဲ့ ဝိညာဉ်အာရုံနဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်းရဲ့ လှည့်ကွက်လေးတွေကို ငါမမြင်ဘဲ နေပါ့မလား"
အရိုးဖြူမိစ္ဆာနောက်ကို လိုက်နေတာက ငါလေ့ကျင့်ပေးထားတဲ့ ကြွက်ကလေးပါ။ ကင်းခြေများ မဟုတ်ပါဘူး...
ကုယွမ် စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း သူ၏မျက်စိရှေ့တွင် ဝေဝါးသွားပြီးနောက် သူသည် ဂူအပြင်ဘက်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အဘိုးကြီးချန်၏ အသံကို ကြားလိုက်ရသည်။
"ကဲ... အဲဒီအရိုးဖြူမိစ္ဆာ ဘယ်ဘက်ကို ထွက်သွားလဲဆိုတာ အခုပြော"
ကုယွမ်လည်း မတတ်သာတော့ဘဲ လမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်ရာ အဘိုးကြီးချန်က သူ့ကို ဆွဲကိုင်ကာ လျင်မြန်စွာ ခေါ်ဆောင်သွားတော့သည်။ သူ၏ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ နောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်ကျန်ရစ်ခဲ့ပြီး အရိပ်များပမာ ဝေဝါးနေသဖြင့် လူကိုပင် ခေါင်းမူးစေသည်။
အဘိုးကြီးချန် အသုံးပြုနေသည်မှာ သာမန်ပေါ့ပါးသည့် သိုင်းပညာရပ်မဟုတ်ဘဲ မှော်ပညာတစ်ခု ဖြစ်သည်။ သူတို့နှစ်ဦးကို မှိန်ပျပျ အလင်းတန်းတစ်ခုက ဖုံးအုပ်ထားသည်။
ကုယွမ်မှာ အဆွဲခံထားရသော်လည်း သူ၏ခန္ဓာကိုယ်မှာ ပျံလွှားငှက်တစ်ကောင်ပမာ ပေါ့ပါးနေပြီး လေကိုစီး၍ သွားနေရသကဲ့သို့ ခံစားရ၏။ ဓားသွားများပမာ မျက်နှာကို ရိုက်ခတ်နေသော လေပြင်းများမှာလည်း ယခုအခါ လေပြေလေညင်းကဲ့သို့ နူးညံ့နေသည်မှာ တကယ်ကို အံ့ဩစရာပင်။
ကောင်းကင်ဘုံလူသားဟူသောအမည်မှာ တကယ်ပင် ခေါ်ဝေါ်ထိုက်သည်။ လေထဲတွင် ခရီးနှင်နိုင်သည့် ဤမှော်အတတ်မှာ သာမန်သိုင်းပညာရပ်များကို များစွာ သာလွန်လှသည်။
အသက်ရှူအကြိမ် အနည်းငယ်စာခန့် ကြာပြီးနောက်တွင် သူတို့နှစ်ဦးမှာ စွန့်ပစ်ထားသော တောင်ပေါ်ဘုရားကျောင်းတစ်ခုနှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာသည်။
၎င်းမှာ တောင်စောင့်နတ်ကျောင်းတစ်ခု ဖြစ်ဟန်တူသော်လည်း ကြာမြင့်စွာ ပစ်ပယ်ထားသဖြင့် အပျက်အစီးများသာ ကျန်တော့သည်။ တံခါးများ၊ ပြတင်းပေါက်များနှင့် အမိုးများမှာလည်း ပျက်စီးယိုယွင်းနေပြီး အလွန်ပင် ခြောက်ကပ်လှသည်။
အဘိုးကြီးချန်က သူ့ကို တစ်ချက်ကြည့်လိုက်သောအခါ ကုယွမ်က ခေါင်းအသာအယာ ငြိမ့်ပြလိုက်သည်။ ရွှမ်းယို မိစ္ဆာအိုကြီး အထဲမှာ ရှိနေသည်ဟု ဆိုလိုခြင်းပင်။
အားဟွမ်က စောစောက ပေးပို့လာသော ပုံရိပ်များအရ အရိုးဖြူမိစ္ဆာသည် ဤယိုယွင်းနေသော ကျောင်းဆောင်အတွင်းသို့ ဝင်သွားခဲ့ပြီး ထိုစဉ်က ကျောင်းတွင်းမှ အိုမင်းရင့်ရော်သောအသံတစ်ခုကိုလည်း ကြားခဲ့ရသည်။ ထို့ပြင် သူ၏ရင်ဘတ်ထဲမှ ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင်မှာလည်း တုန်ခါနေ၏။
ရွှမ်းယို မိစ္ဆာအိုကြီး အထဲမှာ ရှိနေတာ သေချာပြီ။
အဘိုးကြီးချန်က ကုယွမ်၏ ပုခုံးကို အသာအယာပုတ်ကာ အသံလွှင့်၍ ပြောလိုက်သည်။
"ကောင်းပြီ... ကောင်လေး မင်း ဒီမှာပဲ ငြိမ်ငြိမ်လေး နေခဲ့။ ငါ မင်းကို ကိုယ်ယောင်ဖျောက်
အတတ်နဲ့ ဖုံးကွယ်ပေးထားမယ်။ မင်းသာ မိုက်မိုက်ကန်းကန်း လှုပ်လှုပ်ရှားရှား မလုပ်ဘူးဆိုရင် သူ မင်းကို ရှာတွေ့မှာ မဟုတ်ဘူး။ နောက်မှ မင်းဆီက အကူအညီ လိုလာရင်တော့ အဘိုးကြီးကို လက်တစ်ကမ်း ကူညီဖို့ မမေ့နဲ့ဦး"
အဘိုးကြီးချန်သည် အသေးစိတ် ရှင်းပြမနေတော့ဘဲ စကားပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်မှာ စိမ်းဖန့်ဖန့် မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ကုယွမ်သည် ရင်ထဲတွင် အေးစိမ့်သွားပြီး ကျောက်ဆောင်ကြီးတစ်ခု၏ နောက်ကွယ်တွင် ဝပ်စောင်းကာ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ ရွှမ်းယိုကဲ့သို့သော ကျင့်ကြံမှုအဆင့်ရှိသူမှာ သူတစ်ပါး၏ စိုက်ကြည့်ခြင်းကို အလွယ်တကူ သိရှိနိုင်သည်။
ထို့ကြောင့် သူ၏အာရုံကို မဆွဲဆောင်မိစေရန် ကုယွမ်သည် သူ၏မျက်စိဖြင့် တိုက်ရိုက်မကြည့်ရဲဘဲ အခြားတစ်ဖက်တွင် ပုန်းအောင်းနေသော အားဟွမ်ကိုသာ ကြည့်ခိုင်းထားလိုက်သည်။
ကုယွမ်သည် အားဟွမ်၏ မြင်ကွင်းမှတစ်ဆင့် ထိုယိုယွင်းနေသော ကျောင်းဆောင်ကို စောင့်
ကြည့်နေ၏။
အားဟွမ်သည် ရတနာရှာကြွက်ကလေး ဖြစ်သဖြင့် ဆန်းကြယ်သော အစွမ်းအချို့ ရှိသည်။ ၎င်းသည် သူ့ကိုယ်သူ တမင်တကာ ထုတ်မပြသရွေ့ ၎င်း၏ အရှိန်အဝါမှာ အလွန်ပင် နိမ့်ပါးနေမည်ဖြစ်ပြီး လက်သီးဆုပ်ခန့်သာရှိသော ခန္ဓာကိုယ်ကြောင့်လည်း အလွယ်တကူ သတိထားမိမည် မဟုတ်ပေ။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက်...
ရုတ်တရက်
ဝုန်း
ကျောက်တုံးများနှင့် သစ်သားများဖြင့် တည်ဆောက်ထားသော ထိုကျောင်းဆောင်မှာ ရုတ်ခြည်း ပေါက်ကွဲထွက်သွားတော့သည်။ ပေတစ်ရာပတ်လည်အတွင်း မြေပြင်မှာ တုန်ခါသွားပြီး တောင်တန်းကြီးများပင် ယိုင်နဲ့သွားသကဲ့သို့ ခံစားရ၏။
ပြင်းထန်လှသော လေလှိုင်းများအောက်တွင် ကျောက်တုံးများနှင့် သစ်သားစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။
ထိုပေါက်ကွဲမှုအတွင်းမှာပင် မီးခိုးရောင်သန်းသော လျှပ်စီးအလင်းတန်းများမှာ ဆီးနှင်းလုံးများပမာ တရဟော ပွင့်ထွက်လာပြီး အေးစိမ့်ကာ ဖျက်ဆီးလိုသော အရှိန်အဝါများဖြင့် ပြည့်နှက်
နေသည်။
အဝေးတွင် ပုန်းအောင်းနေသော ကုယွမ်ပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကို ခံစားမိလိုက်သဖြင့် တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားတော့သည်။
ဤလျှပ်စီးအလင်းတန်းမှာ အလွန်ပင် အန္တရာယ်ရှိကာ သူ၏ ခန္ဓာကိုယ်မှာ မည်မျှပင် သန်မာပါစေ၊ ဤကဲ့သို့သော ဖျက်ဆီးအားပြင်းသည့် စွမ်းအားနှင့် ရင်ဆိုင်ရပါက အလွန်ပင် အားနည်းလွန်းနေသေးသည်။
သို့သော် ကုယွမ် စိတ်ဓာတ်မကျပေ။ ဤလျှပ်စီးများမှာ အဘိုးကြီးချန် စောစောက ပြောခဲ့သော ယင်လျှပ်စီးပုလဲများ ဖြစ်ရမည်ဟု သူ နားလည်လိုက်သည်။ ၎င်းတို့တွင် ကောင်းကင်ဘုံလူသားအဆင့်ရှိသူများသာ အသုံးပြုနိုင်သော နတ်ဘုရားလျှပ်စီးပညာများ ပါဝင်နေသည်။ သာမန်သိုင်းဆရာတစ်ယောက်အနေဖြင့် ၎င်းကို မခံနိုင်ခြင်းမှာ ပုံမှန်ပင်။ အကယ်၍ ခံနိုင်ရည်ရှိနေလျှင်မှသာ တကယ့်ကို ထူးဆန်းနေပေလိမ့်မည်။
အခန်း။ ၉၀
"အား... ဘယ်သူလဲ ဘယ်သူက ငါ့ကို ဒီလို လာနောက်နေတာလဲ အသက်ရှင်ရတာ ငြီးငွေ့နေကြပြီလား"
ထိုစဉ် ပျက်စီးနေသော ကျောင်းဆောင်အတွင်းမှ အရိပ်တစ်ခုသည် ဝေါခနဲ ပျံထွက်လာပြီး ကောင်းကင်ယံသို့ တက်လှမ်းသွားသည်။ ထိုအသံမှာ အိုမင်းရင့်ရော်နေသော်လည်း ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ရက်စက်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေ၏။
ယခုမှပင် ကုယွမ်သည် ရွှမ်းယို မိစ္ဆာအိုကြီး၏ ရုပ်သွင်ကို မြင်တွေ့လိုက်ရသည်။ ဤလူသည် အဘိုးကြီးချန်ထက် များစွာ ငယ်ရွယ်ပုံပေါ်ပြီး အသက်လေးဆယ်ကျော်အရွယ်ခန့်သာ ရှိပုံပင်။ လင်းယုန်နှာခေါင်း၊ မြင့်မားသော နှာတံနှင့် နက်ရှိုင်းသော မျက်ဝန်းအစုံတို့က သူ၏မျက်နှာကို ပိုမိုမှောင်မှောက်ကာ ခြိမ်းခြောက်မှု အပြည့်ရှိနေစေသည်။
သူသည် မူလက ရွှေရောင်ပန်းနွယ်များ ပါရှိသော ဇိမ်ခံအနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ယခုမူ ထိုဝတ်စုံမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။ သူ၏ ခါးနှင့် ကျောပြင်တို့မှာ သွေးချင်းချင်းနီကာ အသားများ လန်ထွက်နေပြီး အချို့နေရာများတွင် ဖြူဖတ်ဖြူလျော် အရိုးများကိုပင် မြင်နေရပြီ ဖြစ်သည်။
သူ၏လက်ထဲတွင် ငါးပေကျော် ရှည်လျားသော မီးခိုးဝါရောင် အလံတစ်ခုကို ကိုင်ထားသော်လည်း အလံမျက်နှာပြင်ပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော အပေါက်များစွာ ဖြစ်ပေါ်နေပြီး ထိုနေရာများမှ မီးခိုးရောင် ယင်စွမ်းအင်များမှာ လေထဲသို့ တစိမ့်စိမ့် ထွက်ပေါ်ကာ ပျောက်ကွယ်နေတော့သည်။
"ဟားဟားဟား... ရွှမ်းယို မိစ္ဆာအိုကြီး ငါ့ရဲ့ ယင်လျှပ်စီးပုလဲ အရသာက ဘယ်လိုနေလဲ"
အဘိုးကြီးချန်သည် ရုတ်တရက် ပေါ်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါက မင်းအတွက် ငါ ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားတဲ့ လက်ဆောင်မွန်ပဲဆိုတာ မင်းသိသင့်တယ်။ အခုတော့ မင်းဆီကို ကိုယ်တိုင်ကိုယ်ကျ လာပေးနိုင်ပြီဆိုတော့ ငါတကယ်ကို ဝမ်းသာမိတယ်"
အဘိုးကြီးချန်သည် အားရပါးရ ရယ်မောနေသော်လည်း ရွှမ်းယို၏ အရှက်တကွဲဖြစ်နေသော ပုံစံကို ကြည့်ကာ စိတ်ထဲတွင် အလွန်ပင် ကျေနပ်နေမိသည်။
အထူးသဖြင့် ရွှမ်းယို လက်ထဲမှ စုတ်ပြတ်နေသော ဝိညာဉ်သတ်အလံကို မြင်ရသောအခါ အဘိုးကြီးချန် ပို၍ပင် အားရသွားတော့သည်။
"ချန်ချီ... မင်းကိုး"
အဘိုးကြီးချန်ကို မြင်လိုက်ရသောအခါ ရွှမ်းယို၏ မျက်နှာတွင် ခေတ္တမျှ အံ့အားသင့်မှုနှင့် ဒေါသတို့ ယှဉ်တွဲပေါ်လာပြီးနောက် တဖြည်းဖြည်း တည်ငြိမ်သွားကာ မျက်လုံးများက အရောင်တောက်လာသည်။
"မင်းလို သေခါနီး အဘိုးကြီးက ငါ့ကို လာနှောင့်ယှက်ရဲတယ်ပေါ့။ မင်းရဲ့ အသက်ဓာတ် ရင်းမြစ်တွေ ကုန်ခမ်းပြီး အသက်မီးစာ ငြိမ်းသွားမှာကို မကြောက်ဘူးလား"
"အသက်မီးစာ ငြိမ်းမှာ ဟုတ်လား"
အဘိုးကြီးချန်က နှာခေါင်းရှုံ့လိုက်သည်။
"အသက်မီးစာ ငြိမ်းမှာက ငါတစ်ယောက်တည်းမှ မဟုတ်တာ ဟုတ်တယ်မလား"
ရွှမ်းယို၏ မျက်နှာမှာ ဒေါသကြောင့် တုန်ခါသွားပြီး ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်သော်လည်း အဘိုးကြီးချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စိမ်းပြာရောင် ဝိညာဉ်အလင်းတစ်ခု ပျံထွက်သွားတော့သည်။
"စကားတွေ အများကြီး ပြောမနေနဲ့တော့။ မင်း တမင် အချိန်ဆွဲနေတာ ငါမသိဘူးလို့ မှတ်နေလား မိစ္ဆာအိုကြီး... အသေပြင်ပေတော့"
ထိုစဉ် ရွှမ်းယို၏ ပတ်ပတ်လည်ရှိ မြေပြင်မှာ ရုတ်တရက် အက်ကွဲသွားတော့သည်။
ဝှူး ဝှူး ဝှူး
စူးရှသော ဆူးများဖြင့် ဖုံးလွှမ်းနေပြီး အေးစိမ့်သော အလင်းများ ဖြာထွက်နေသည့် စိမ်းပြာရောင် နွယ်ပင်ကြီးများမှာ မြေပြင်မှ ထိုးထွက်လာပြီး သက်ရှိ မြွေဟောက်ကြီးများပမာ ရွှမ်းယိုဆီသို့ တိုးဝင်သွားကြသည်။
"တောက်"
ရွှမ်းယို မျက်နှာ ပျက်သွားပြီး သူ၏ ဝိညာဉ်သတ်အလံကို ဝှေ့ယမ်းကာ စိမ်းပြာရောင် အလင်းကို တားဆီးလိုက်သည်။ ထိုစိမ်းပြာရောင် အလင်းမှာ အမှန်စင်စစ် တစ်ပေကျော် ရှည်လျားသော စိမ်းပြာရောင် သစ်သားဓားတစ်လက်ပင်။
ဤသစ်သားဓားမှာလည်း မှော်ပစ္စည်းတစ်ခုဖြစ်ပြီး သစ်သားဖြင့် ပြုလုပ်ထားသော်လည်း စူးရှသော ဓားချီစွမ်းအင်များကို ထုတ်လွှတ်နေကာ ဝိညာဉ်သတ်အလံ၏ မျက်နှာပြင်ပေါ်တွင် နောက်ထပ် အပေါက်တစ်ပေါက်ကို တိုးပေးလိုက်ပြန်သည်။ ရွှမ်းယိုမှာ အလွန်ပင် နှမြောတသ ဖြစ်သွားရသည်။
ဤဝိညာဉ်သတ်အလံမှာ သူသည် နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော သင်းဝင်သားအနှစ်နှင့် ဝိညာဉ်မျက်နှာ ပင့်ကူအိမ်များကဲ့သို့သော အဖိုးတန်ပစ္စည်းများကို သုံး၍ ဆယ်စုနှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ဖန်တီးထားခဲ့ခြင်းပင်။
၎င်းမှာ အဆင့်နိမ့်မှော်ပစ္စည်း ဖြစ်သော်လည်း အတွင်း၌ သတ်ဖြတ်လိုသော ဝိညာဉ်ဆိုးများစွာကို ထည့်သွင်း၍ သန့်စင်ထားသဖြင့် ၎င်း၏စွမ်းအားမှာ အဆင့်လတ်မှော်ပစ္စည်းများနှင့်ပင် ရင်ဘောင်တန်းနိုင်သည်။
သို့သော် ယခုမူ သူ၏ အသက်သွေးကြောကဲ့သို့သော ဤရတနာမှာ တစ်စစီ ပျက်စီးနေရပြီ ဖြစ်သည်။ သူ နှမြောနေရန် အချိန်မရှိပေ။ စိမ်းပြာရောင် သစ်သားဓားကို ရိုက်ထုတ်လိုက်ပြီးနောက် ဝိညာဉ်သတ်အလံကို အလျင်အမြန် လှုပ်ရှားကာ တိုးဝင်လာသော နွယ်ပင်များကို ခုခံလိုက်ရပြန်သည်။
ချွန်း
သို့သော် ထိုအချိန်မှာပင် သစ်သားဓားမှာ လေထဲတွင် စိမ်းပြာရောင် အလင်းတန်းတစ်ခုအဖြစ် ကွေးညွတ်သွားပြီး သူ့ဆီသို့ နောက်တစ်ကြိမ် ခုတ်ပိုင်းလာပြန်သည်။ တစ်ချိန်တည်းမှာပင် အဘိုးကြီးချန်က လှောင်ပြောင်လိုက်သည်။
"မိစ္ဆာအိုကြီး... ဟန်ဆောင်မနေနဲ့တော့ ငါ မသိဘူးလို့ ထင်နေလား။ မင်း သန့်စင်နေတဲ့ အရိုးဖြူယင်မိစ္ဆာဓားကို ဘယ်လောက်အထိ ဖုံးကွယ်ထားဖို့ ကြံစည်ထားတာလဲ"
"မင်း... မင်း ဒါကိုတောင် သိနေတာလား"
ရွှမ်းယို၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။
"မင်း ငါ့တပည့်ကို သတ်လိုက်ပြီပဲ"
ဝိညာဉ်သတ်အလံမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သစ်သားဓား မှော်ပစ္စည်းကို နောက်တစ်ကြိမ် တားဆီးလိုက်သော်လည်း အလံမျက်နှာပြင်မှ နောက်ထပ် အပိုင်းအစတစ်ခုမှာ လှီးဖြတ်ခြင်း ခံလိုက်ရပြန်တော့သည်။
သို့သော် ရွှမ်းယို မိစ္ဆာအိုကြီးမှာ ပျက်စီးသွားသော အလံကို တစ်ချက်ပင် လှည့်မကြည့်တော့ပေ။ သူသည် အဘိုးကြီးချန်ကိုသာ စိုက်ကြည့်ရင်း မျက်လုံးများ နီမြန်းလာကာ အံကြိတ်၍ အော်ပြောလိုက်တော့သည်။
"မင်း သိလား... နတ်ဆိုးသုံးပါးကံကြမ္မာလိုမျိုး ကောင်းမွန်တဲ့ ကုန်ကြမ်းတစ်ခု ရဖို့ ငါ ဘယ်လောက်တောင် ရှာခဲ့ရလဲဆိုတာ။ သူ့ကို ပြုစုပျိုးထောင်ပေးဖို့ ငါ ဆယ်စုနှစ်တစ်ခုကျော်အောင် သည်းခံပြီး စောင့်ဆိုင်းခဲ့တာကွ။ နောက်ထပ် နည်းနည်းလေး စောင့်လိုက်ရုံနဲ့ ဝိညာဉ်ဆိုးတွေကို သုံးပြီး ဓားသွားကို သန့်စင်ပြီးရင် အဆင့်မြင့်မှော်ပစ္စည်းတစ်ခု ဖြစ်လာတော့မှာ"
"ဒါပေမဲ့ အခုတော့ အားလုံးကို မင်း ဖျက်ဆီးပစ်လိုက်ပြီ။ မင်း တကယ်ကို သေထိုက်တယ်"
"ဖျက်ဆီးပစ်တာ ကောင်းတာပေါ့"
အဘိုးကြီးချန်က အကျိုးအကြောင်း ရှင်းပြမနေဘဲ အားရပါးရ ရယ်မောလိုက်သည်။
"ငါက မင်းရဲ့ မှော်ပစ္စည်းတွေကို ဖျက်ဆီးရုံတင်မကဘူး။ မင်းကိုပါ အသေသတ်ဦးမှာ"
"မင်း သေချင်နေပြီပဲ"
သူ အချိန်အကြာကြီး အကွက်ချခဲ့သော အရိုးဖြူယင်မိစ္ဆာဓားအစီအစဉ် ပျက်စီးသွားသဖြင့် ရွှမ်းယိုမှာ အလွန်အမင်း နှမြောတသ ဖြစ်သွားပြီး သူ၏မျက်နှာမှာ အေးစက်ကာ ခက်ထန်သွားတော့သည်။
"ထားလိုက်တော့... အဆင့်မြင့်မှော်ပစ္စည်း မရတော့ရင်လည်း ဒုတိယအကောင်းဆုံးအရာနဲ့ပဲ ကျေနပ်ရတော့မှာပေါ့။ ကံကောင်းတာက ငါ အချိန်မီ ပြုပြင်နိုင်ခဲ့လို့ နောက်ပိုင်းမှာ အဆင့်မြင့်မှော်ပစ္စည်းဖြစ်အောင် မြှင့်တင်ဖို့ အခွင့်အရေး ရှိသေးတယ်။ အဘိုးကြီးချန်... ဒီနေ့ မင်းက ငါ့ရဲ့ မိစ္ဆာဓားအောက်က ပထမဆုံး ယဇ်ကောင် ဖြစ်စေရမယ်"
စကားမဆုံးမီမှာပင် ရွှမ်းယို၏ ဝိညာဉ်သတ်အလံမှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။
ချွမ်း….
ဓားသံတစ်ချက်နှင့်အတူ ဖြူဖွေးသော ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး အဖြူရောင် အလင်းတန်းတစ်ခုကို ချန်ရစ်ကာ အဘိုးကြီးချန်ထက်သို့ ထိုးစိုက်ရန် ပြေးဝင်သွားတော့သည်။ ဤဓားရှည်မှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ကြည်လင်နေ၏။
အဝေးမှ စောင့်ကြည့်နေသော ကုယွမ်သည် ဤဓား၏ မြစ်ဖျားခံရာကို ချက်ချင်းပင် သိရှိလိုက်သည်။ ၎င်းမှာ စောစောက အရိုးဖြူလူသားမှ ပြောင်းလဲလာခြင်းပင်။
"ရွှမ်းယိုရဲ့ တပည့်ဖြစ်ရတာကို ဂုဏ်ယူနေခဲ့တဲ့ ချန်းယွင်ဖုန်းက ရွှမ်းယိုအတွက် မှော်ပစ္စည်း သန့်စင်ဖို့ ကုန်ကြမ်းတစ်ခုလောက်ပဲ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
ဖြူဖွေးသော ဓားအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းသွားပြီး နားမခံသာသော ဝိညာဉ်ဆိုးများ၏ အော်ဟစ်သံများ ပါဝင်နေသဖြင့် နားထောင်မိသူတိုင်းမှာ ခေါင်းကိုက်ပြီး စိတ်အာရုံများ ထွေပြားသွားစေသည်။
ချွမ်း….
အရိုးဖြူယင်မိစ္ဆာဓား၏ ဓားအလင်းတန်းကို သစ်သားဓားက တားဆီးလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် …
ဂျောက်….
သစ်သားဓားမှာ ထက်ပိုင်း ပြတ်သွားတော့သည်။
ဖူ….
သူ၏ အသက်သွေးကြောနှင့် ရင်း၍ သန့်စင်ထားသော မှော်ပစ္စည်း ပျက်စီးသွားသဖြင့် အဘိုးကြီးချန်သည် ချက်ချင်းပင် သွေးတစ်လုတ် အန်လိုက်ရသည်။
"တကယ့်ကို ပျံလွှားဓားပါလား"
သွေးအန်နေရသော်လည်း အဘိုးကြီးချန်က ဘာမှမဖြစ်သကဲ့သို့ ပါးစပ်ကို သုတ်လိုက်ပြီး ချီးကျူးလိုက်သည်။
"မင်း ဒီလောက်အထိ ပြတ်သားလိမ့်မယ်လို့ ငါမထင်ထားဘူး။ အရိုးဖြူယင်မိစ္ဆာဓား အောင်မြင်ဖို့အတွက် မင်းရဲ့ ဝိညာဉ်သတ်အလံကိုတောင် တိုက်ရိုက် ဖျက်ဆီးပစ်ရဲတယ်ပေါ့။ အခုဆို ဒါက အဆင့်လတ်မှော်ပစ္စည်း ဖြစ်နေပြီ မဟုတ်လား"
"ဒါပေမဲ့ ငါ သိချင်တာက မင်းရဲ့ ပျံလွှားဓားက ငါ့ရဲ့ နောက်ထပ် ယင်လျှပ်စီးပုလဲတစ်လုံးကို ခံနိုင်ရည် ရှိပါဦးမလားဆိုတာပဲ"
အဘိုးကြီးချန်က လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ မီးခိုးဝါရောင် အလင်းစက်တစ်ခုမှာ ကြယ်တံခွန်ပမာ ပြေးထွက်သွားတော့သည်။
"မင်း... မင်း"
ထိုအရာကို မြင်လိုက်ရသောအခါ ရွှမ်းယို၏ ယုတ်မာသော အပြုံးမှာ မျက်နှာပေါ်တွင် အေးခဲသွားပြီး သူ၏မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒီလို ရှားပါးတဲ့ ယင်လျှပ်စီးပုလဲ နောက်တစ်လုံး သူ့မှာ ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။
ဝုန်း…..
မီးခိုးဝါရောင် အလင်းစက်မှာ အရိုးဖြူယင်မိစ္ဆာဓားကို ထိမှန်သွားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။ မြေပြင်မှာ တုန်ခါသွားပြီး တောအုပ်ကြီးတစ်ခုလုံး ယိုင်နဲ့သွား၏။
ပြင်းထန်သော လေလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ဟိန်းဟောက်ကာ တိုးဝင်သွားပြီး သံမဏိကဲ့သို့ မာကျောသော မြေပြင်ကိုပင် အလွှာလိုက် ကွာကျသွားစေသည်။ တစ်ချိန်တည်းမှာပင် မီးခိုးဖြူရောင် လျှပ်စီးအလင်းများမှာ ရုပ်ဝတ္ထုတစ်ခုပမာ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်တော့သည်။
လျှပ်စီးများ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မြေကြီး၊ ကျောက်တုံး၊ မြက်နှင့် သစ်ပင်များမှာ လျှပ်စီးဒဏ်ကြောင့် ပြာအဖြစ် ပျောက်ကွယ်သွားရသည်။
အရာအားလုံး ငြိမ်သက်သွားသောအခါ…
တောက် တောက်…
မီးခိုးရောင် အပိုင်းအစ နှစ်ခုမှာ မြေပြင်ပေါ်သို့ အသံမြည်ကာ ပြုတ်ကျလာသည်။
၎င်းမှာ အခြားမဟုတ်ဘဲ အရိုးဖြူယင်မိစ္ဆာဓားပင်။ ယခုမူ ထိုပျံလွှားဓားမှာ နှစ်ပိုင်းပြတ်နေပြီး မျက်နှာပြင်မှာလည်း မှိန်ဖျော့ကာ ချိုင့်ခွက်များဖြင့် အသုံးမရသော သံတိုသံစတစ်ခုအဖြစ် ပြောင်းလဲသွားရပြီ ဖြစ်သည်။
ထိုနေရာတွင် ပေအတော်များများ ကျယ်ဝန်းပြီး တွင်းနက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။