← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း။ ၈၃

ကုယွမ် ကျင့်ကြံထားသော ဝိညာဉ်မြွေဓားသိုင်းနှင့် မိုးမခပွင့်ဖတ်ဓားသိုင်းတို့မှာ အဆင့်နိမ့်သိုင်းပညာရပ်များသာ ဖြစ်ကြသည်။ ကုယွမ်၏ လက်ရှိအမြင်အရဆိုလျှင် သူတို့မှာ အလွန်အမင်း ထူးခြားဆန်းပြားခြင်းမရှိဘဲ အနည်းငယ် ကြမ်းတမ်းလွန်းလှသည်။

ထို့ပြင် ထိုဓားသိုင်းများမှာ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့်လည်း ကိုက်ညီမှုမရှိတော့ပေ။

ဤသည်မှာ ကုယွမ် မောက်မာနေခြင်းမဟုတ်ဘဲ အရှိန်အမှန်ပင်။

အဆင့်နိမ့်သိုင်းပညာနှင့် အဆင့်လတ်သိုင်းပညာ အထူးသဖြင့် တိုက်ခိုက်ရေးသိုင်းပညာများအကြားတွင် ရည်ရွယ်ချက်၊ အပြောင်းအလဲ၊ စွမ်းအားနှင့် သိမ်မွေ့နက်နဲမှုတို့၌ ကြီးမားသော ကွာဟချက်ရှိသည်။

အဆင့်လတ်သိုင်းပညာနှင့်ပင် ဤမျှကွာခြားပါက ထိပ်တန်းသိုင်းပညာနှင့်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။ အကယ်၍ ကုယွမ်သည် အခြားသော အထွတ်အထိပ်သိုင်းဆရာတစ်ယောက်နှင့် ဓားချင်းယှဉ်ပြိုင်ရပြီး တစ်ဖက်လူက ထိပ်တန်းဓားသိုင်းကို ကျင့်ကြံထားပါက ကုယွမ်အနေဖြင့် လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

ဤအသက်နုတ်ဓားကျမ်းသာ ရှိမည်ဆိုပါက သူကျွမ်းကျင်သွားသည်နှင့် ကုယွမ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

သို့သော် သူသိရှိရန် လိုအပ်သည့် မေးခွန်းတစ်ခု ရှိနေသေးသည်။

၎င်းမှာ အားဟွမ်သည် ဤအသက်နုတ်ဓားကျမ်းကို ဘယ်နေရာကနေ ခိုးယူလာခဲ့တာလဲဟူသည်ပင်။ ကုယွမ်က အားဟွမ်ကို တိုက်ရိုက်ပင် မေးလိုက်တော့သည်။

"ကျိ... ကျိ... ကျိ ကျိ"

အားဟွမ်သည် ထိုစကားကို ကြားသောအခါ သူ၏ အမွေးပွပွ လက်ဖဝါးလေးနှစ်ဖက်ဖြင့် အမူအရာအမျိုးမျိုး ပြုလုပ်ပြသည်။ လူနှင့်ကြွက်ကြားရှိ နက်နဲသော ဆက်သွယ်မှုမှတစ်ဆင့် အားဟွမ်က ဖြစ်ကြောင်းကုန်စင်ကို ကုယွမ်အား ပြောပြလိုက်သည်။

"မင်းပြောချင်တာက... မင်းက ကောင်းမှုကုသိုလ်တစ်ခုအနေနဲ့ ဒါကို ခိုးလာတာပေါ့ ဟုတ်လား"

ကုယွမ်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသော်လည်း အားဟွမ်က ဆက်လက်ရှင်းပြသောအခါမှ သူနားလည်သွားတော့သည်။

"ဩော်... ဆိုလိုတာက ဇီဝါးဂိုဏ်းထဲမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ အဘိုးကြီးတစ်ယောက် ပုန်းနေတယ်။ အဲဒီအဘိုးကြီးက လူကောင်းမဟုတ်ဘူး။ အဲဒါကြောင့် မင်းက အဲဒီလူရဲ့ ဘေးနားကနေ ဒါကို ခိုးလာတာပေါ့"

ဇီဝါးဂိုဏ်းလား ပြီးတော့ လူကောင်းလည်း မဟုတ်ဘူးဆိုပဲ။

ကုယွမ် သက်ပြင်းအသာချလိုက်မိသည်။

ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် အသက်နုတ်ဓားကျမ်းဆိုသည်မှာ ထိပ်တန်းသိုင်းပညာရပ်တစ်ခုဖြစ်ရာ ကုယွမ်အနေဖြင့် ဤဆွဲဆောင်မှုကို အရှုံးပေးနိုင်လိမ့်မည်မဟုတ်ပေ။ သူရရှိထားပြီးမှတော့ သေချာပေါက် ကျင့်ကြံရန်သာ ရွေးချယ်ပေလိမ့်မည်။

သို့သော် အရင်းအမြစ်မရှင်းလင်းသော အရာတစ်ခုကို ပိုင်ဆိုင်ထားရသည့်အခါ စိတ်ထဲ၌ တစ်မျိုးဖြစ်နေတတ်သော်လည်း ယခုမူ ထိုသို့မဟုတ်တော့ချေ။

မူလက ကုယွမ်သည် ဤကျမ်းကို လေ့လာပြီးပါက အားဟွမ်ကို ပြန်ထားခိုင်းရန် စဉ်းစားခဲ့မိသည်။ သို့သော် တစ်ဖက်လူက လူကောင်းမဟုတ်ဘူးဟု သိလိုက်ရသည့်အခါတွင်မူ အခြေအနေမှာ အလွန်ပင် ကောင်းမွန်သွားတော့သည်။

ငါ့လက်ထဲ ရောက်လာမှတော့ ငါ့ဥစ္စာပဲပေါ့။

ယခုမှပင် ကုယွမ်သည် စောစောက လမ်းမပေါ်၌ ဇီဝါးဂိုဏ်းသားများ ဘာကြောင့် ခွေးရူးများပမာ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေကြသည်ကို နားလည်သွားတော့သည်။ ဤအသက်နုတ်ဓားကျမ်းပျောက်ဆုံးသွားခြင်းကြောင့်ပင်။

"အားဟွမ်... ငါ့ကောင်လေး မင်းကတော့ ငါ့ကို တကယ်ပဲ အံ့သြစရာကြီး ပေးလိုက်တာပဲ..."

သူရှေ့ရှိ လက်သီးဆုပ်ခန့်သာရှိပြီး အဖြူရောင်အမွေးပွပွလေးနှင့် အားဟွမ်ကို ကြည့်ရင်း ကုယွမ်သည် ပို၍ပင် ချစ်မွှေးပါလာကာ တစ်ချက်မျှ အားရပါးရ နမ်းလိုက်မိသည်။

"ပြောစမ်းပါဦး... မင်း ဘာစားချင်လဲ ငါ နောက်ကျရင် ဝယ်ပေးမယ်"

"ကျိ... ကျိ ကျိ ကျိ"

အားဟွမ်သည် ထိုစကားကို ကြားသည်နှင့် အခန်းထဲရှိ သစ်သားသေတ္တာလေးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုသေတ္တာထဲတွင် သက်တမ်း သုံးရာကျော်ရှိသော ဝိညာဉ်ဂျင်ဆင်းတစ်ခု ရှိနေခြင်းပင်။

"မင်းက ဒီဝိညာဉ်ဆေးပင်ကို မြည်းစမ်းချင်တာလား"

ကုယွမ် ခေတ္တမျှ တန့်သွားပြီးနောက် လွယ်လွယ်ပင် သဘောတူလိုက်သည်။

"ရတာပေါ့... မင်းက ဒီနေ့ ငါ့အတွက် အကြီးအကျယ် အမှုဆောင်ပေးထားတာပဲ။ မင်းက ကြွက်မလေးတွေတောင် လိုချင်တယ်ဆိုရင် ငါ ဖမ်းပေးဦးမှာ"

"ကျိ... ကျိ ကျိ ကျိ"

ထိုစကားကို ကြားသောအခါ အားဟွမ်က အထင်အမြင်သေးသော အမူအရာ ပြုလုပ်လိုက်သည်။ ထို့နောက် နောက်ခြေထောက်နှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ သူ၏ ဂုဏ်ယူဝင့်ကြွားမှုကို ပြသသည်။

အပြင်က ကြွက်မများမှာ သူနှင့် အမျိုးအနွယ်မတူသဖြင့် သူနှင့် မိတ်လိုက်ရန် မထိုက်တန်ကြောင်း ပြသနေခြင်းပင်။

ထို့ပြင် အားဟွမ်၏ အရည်အချင်းဖြင့်ဆိုလျှင် ကြွက်မအုပ်ကြီးကို အလိုအလျောက်ပင် ခေါ်ယူနိုင်စွမ်းရှိသည်။ အကယ်၍ သူသာ အဖော်ရှာမည်ဆိုပါက ရတနာရှာဖွေနိုင်သည့် ကြွက်မျိုးနွယ်ချင်းသာ ဖြစ်ရပေလိမ့်မည်။

ကုယွမ်၏ နှုတ်ခမ်းများ တွန့်သွားရသည်။

"မင်းက အရင်တုန်းက တောင်ပေါ်ကြွက်ဘဝကနေ အခုတော့ တော်တော်လေး ဇောင်းကြွလာတာပဲ..."

"ဒါပေမဲ့ သူက တခြားသူတွေထက် သာလွန်တဲ့ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်ထားတဲ့သူဆိုတော့ ဘယ်သူကအပြစ်တင်ရက်မှာလဲ"

ကုယွမ်သည် ထိုဝိညာဉ်ဂျင်ဆင်းကို ချက်ချင်းထုတ်ယူကာ နှစ်ဖတ်ခန့် လှီးဖြတ်လိုက်သည်။ အားဟွမ်က ထိုဂျင်ဆင်းဖတ်များကို သူ၏လက်ဖဝါးလေးဖြင့်ကိုင်ကာ တမြုံ့မြုံ့ ဝါးစားနေတော့သည်။

ကုယွမ်သည်လည်း တစ်ဖတ်ကို ပါးစပ်ထဲထည့်ကာ ဝါးစားကြည့်လိုက်၏။

ဤအရာသည် ဆေးနံ့သင်းပျံ့နေရုံရုံမက ဝါးလိုက်သောအခါ ဖန်ခါးခါးအရသာရှိသော်လည်း နောက်ဆုံးတွင် ချိုအေးသောအရသာလေး ကျန်ရစ်ခဲ့သဖြင့် စားရသည်မှာ အလွန်ပင် ခံတွင်းတွေ့လှသည်။

စားပြီးပြီးချင်းမှာပင် ဝမ်းဗိုက်အတွင်းမှ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသဖြင့် ကုယွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

ဤဝိညာဉ်ဂျင်ဆင်း၏ ဆေးစွမ်းမှာ အမှန်တကယ်ပင် ထက်မြက်လှသည်။ အနည်းဆုံးတော့ သူနှင့် အလွန်ကိုက်ညီသည်။ သူ၏ လက်ရှိကျင့်ကြံမှုအရှိန်ကို ထိန်းထားလိုပါက ဤကဲ့သို့သော ဝိညာဉ်ဆေးပင်များ၏ အာဟာရဓာတ်မှာ မရှိမဖြစ်လိုအပ်သည်။

ခြံဝင်းအတွင်း၌ ကုယွမ်သည် ဓားကိုကိုင်လျက် ရပ်နေသည်။ သူ၏မျက်လုံးများမှာ တစ်ဝက်

ပိတ်၊ တစ်ဝက်ပွင့် အနေအထားတွင်ရှိပြီး တစ်ကိုယ်လုံးမှာ စိတ်လျှော့ထားဟန်ရသော်လည်း အလွန်ပင် တည်ငြိမ်နေသည်။

သို့သော်လည်း အဝေးမှကြည့်လျှင်မူ သူ၏ကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို ခပ်မှိန်မှိန် ခံစားရပေလိမ့်မည်။

ထို့နောက် ကုယွမ်သည် ဓားကျမ်းကို စတင်လေ့ကျင့်လိုက်သည်။ ဓားအလင်းတန်းများမှာ တဖျတ်ဖျတ်လက်လျက် စူးရှတောက်ပသော အရှိန်အဝါများ ဖြာထွက်နေတော့သည်။

လှုပ်ရှားမှုတိုင်းမှာ ရက်စက်ကာ ပြင်းထန်လှပြီး လူတစ်ယောက်၏ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည့် အရှိန်အဝါမျိုး ရှိနေ၏။

လှုပ်ရှားမှုအပြောင်းအလဲများတွင်ဖြစ်စေ သိမ်မွေ့နက်နဲမှုတွင်ဖြစ်စေ ဤဓားသိုင်းသည် ဝိညာဉ်မြွေဓားသိုင်းနှင့် မိုးမခပွင့်ဖတ်ဓားသိုင်းတို့ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှသည်။

အသက်နုတ်ဓားကျမ်းမှာ ထိပ်တန်းသိုင်းပညာရပ်ဖြစ်ရာ အလွန်ပင် နက်နဲဆန်းကြယ်လှသည်။ သို့သော် ကုယွမ်မှာ ဓားသိုင်းလောကတွင် အတွေ့အကြုံမရှိသူ မဟုတ်ပေ။

သူ၌ အခြေခံအချို့ ရှိနှင့်ပြီးသားဖြစ်သဖြင့် ဆယ်ရက်ကျော် လေ့ကျင့်ရုံဖြင့်ပင် အခြေခံအဆင့်ကို အောင်မြင်စွာ စတင်နိုင်ခဲ့သည်။

ဤဓားကျမ်းမှာ အလွန်ပင် အစွမ်းထက်လှပြီး အသုံးပြုလိုက်သည့်အခါတိုင်း သတ်ဖြတ်လိုသော အရှိန်အဝါများမှာ နေရာအနှံ့ ပျံ့နှံ့သွားတတ်သည်။

လှုပ်ရှားမှုများမှာ ရက်စက်ပြီး ခန့်မှန်းရခက်လှကာ အလှည့်အပြောင်းတိုင်းတွင် အဆုံးမဲ့သော သတ်ဖြတ်ခြင်းဆန္ဒများ ကိန်းအောင်းနေသည်။ ဓားအရှိန်အဝါထဲရှိ ထူထပ်သော သတ်ဖြတ်လိုစိတ်တစ်ခုတည်းဖြင့်ပင် လူတစ်ယောက်ကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်လှသည်။

ကြီးမားသော စွမ်းအားရှိသည်မှာ ကောင်းသော်လည်း ဤလောကတွင် ပြည့်စုံလွန်းသော အရာဟူသည် မရှိပေ။ အကယ်၍ ရှိခဲ့လျှင်ပင် အသက်နုတ်ဓားကျမ်းမှာ ထိုအထဲတွင် ပါဝင်မည်မဟုတ်ပေ။

ဤဓားကျမ်း၏ အနှစ်သာရမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို သွေးဆောင်ပြီး ခန္ဓာကိုယ်၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်တို့ကို တစ်သားတည်းဖြစ်အောင် စုစည်းခြင်းပင်။

ဓားကို ကိုင်တွယ်လိုက်သည့်အခါ ဓားတွင် ဝိညာဉ်ကပ်ငြိနေသကဲ့သို့ ဖြစ်ရမည်ဖြစ်ပြီး စိတ်နှလုံးက ဓား၏ရည်ရွယ်ချက်နှင့် တစ်ထပ်တည်းကျနေရမည်။ ထိုသို့ဖြစ်မှသာ ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။

သို့သော် ဤအရာကို အလွန်အကျွံ အသုံးပြုပါက သူ၏ အခြေခံစွမ်းအားကို ထိခိုက်စေပြီး သွေးသားစွမ်းအင်များကို ကုန်ခမ်းစေနိုင်သည်။ အခြေခံမခိုင်မာသူများ လေ့ကျင့်ပါက အသက်တိုနိုင်သည်။

အသက်နုတ်ဆိုသည်မှာ သူတစ်ပါးအသက်ကိုသာမက သူအသက်ကိုပါ ပြန်လည်နုတ်ယူသွားနိုင်သည်ဟု ဆိုလိုခြင်းပင်။

သို့သော် ကုယွမ်အတွက်မူ ဤအားနည်းချက်မှာ စိုးရိမ်စရာ မဟုတ်ပေ။

အခြေခံဟူသည်မှာ ရိုးရိုးရှင်းရှင်းပြောရလျှင် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုနှင့် ပင်ကိုယ်အရည်အသွေးပင်။ အားနည်းသော ကိုယ်ခန္ဓာ၊ နည်းပါးသော သွေးသားစွမ်းအင်ရှိသူများအတွက်မူ ဤဓားကျမ်းမှာ မဖြစ်နိုင်သောအရာပင်။

ကုယွမ်မှာမူ သံမဏိအရိုးနှင့် နူးညံ့သော အကြောအခြင်ဟူသည့် ထိပ်တန်းပင်ကိုယ်

အရည်အသွေးများကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့ပြင် သူသည် ရွှေမြွေစွမ်းအင်စုပ်ယူခြင်းကျင့်စဉ်နှင့် နက်မှောင်သောလိပ်ချပ်ဝတ်ကျင့်စဉ်နှစ်ခုစလုံးကို ကျင့်ကြံနေပြီး အရိုးသန့်စင်ခြင်း အဆင့်တွင်လည်း မဟာအောင်မြင်မှု ရရှိထားသူဖြစ်သည်။

ထို့ကြောင့် သူ၏ သွေးသားစွမ်းအင်အခြေခံမှာ အဆင့်တူ သိုင်းဆရာများထက် များစွာသာလွန်နေသည်။ အသစ်စက်စက်ဖြစ်လာသော ပင်ကိုယ်စွမ်းရည်ရှင် အချို့ပင်လျှင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

၎င်းအပြင် သူ့တွင် လိပ်အသက်ရှူစွမ်းရည်လည်း ရှိသေးသည်။ ထိုစွမ်းရည်မှာ ပြုစုပျိုးထောင်ခြင်းနှင့် ဖုံးကွယ်ခြင်းတွင် ကျွမ်းကျင်လှသဖြင့် သွေးသားစွမ်းအင်ကို တိတ်တဆိတ် မြှင့်တင်ပေးနိုင်သလို ကိုယ်တွင်းအင်္ဂါများနှင့် စိတ်ဝိညာဉ်ကိုလည်း အားဖြည့်ပေးနိုင်သည်။

ထို့ကြောင့် အသက်နုတ်ဓားကျမ်း၏ ဘေးထွက်ဆိုးကျိုးများမှာ သူ့အတွက် ပြဿနာမဟုတ်တော့ချေ။

မလှမ်းမကမ်းရှိ ရေကန်ထဲမှ အောင်းကြီးသည် ခေါင်းလေးပြူထွက်လာကာ မျက်လုံးလေးဖွင့်ကြည့်လိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် မျက်စိစပ်သလို ခံစားလိုက်ရသဖြင့် ရေအောက်သို့ အမြန်ပြန်ငုပ်လျှိုးသွားတော့သည်။

ကုယွမ်သည် ဓားကျမ်းကို အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက် ဓားကို အိမ်ထဲသို့ ပြန်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပြင်ပတွင် ဝန်းရံနေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာလည်း ပြန်ပျောက်ကွယ်သွားတော့သည်။

အခန်း။ ၈၄

ကုယွမ်သည် အတွေးထဲတွင် နစ်ဝင်နေရာမှ နိုးထလာပြီး သူယခုလေးတင် ရရှိလိုက်သော ထိုးထွင်းသိမြင်မှုကို ဖြည်းဖြည်းချင်း ပြန်လည်မြည်းစမ်းကြည့်လိုက်ရာ ဤဓားကျမ်းအပေါ် နားလည်မှု နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကျိ... ကျိ... ကျိ"

ထိုစဉ်မှာပင် အားဟွမ်၏ အော်ဟစ်သံမှာ ကုယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် အားဟွမ်၏ မြင်ကွင်းမှတစ်ဆင့် မြင်တွေ့နေရသော ပုံရိပ်များမှာ သူ့ထံသို့ စီးဝင်လာတော့သည်။

ချန်းအိမ်တော်၏ နောက်ဖေးတံခါးတွင် လျှို့ဝှက်ဆန်းပြားသော လူရိပ်အချို့ ပေါ်လာသည်။ သေချာကြည့်လိုက်သောအခါ ထိုသူများ၏ ရင်ဘတ်တွင် ဝါးရွက်ပုံစံ အမှတ်အသားများကို ပန်းထိုးထားသည်ကို တွေ့ရသဖြင့် ၎င်းတို့မှာ ဇီဝါးဂိုဏ်းသားများ ဖြစ်ကြောင်း အထင်အရှားပင်။

သူတို့သည် ဖောင်းကားနေသော အနက်ရောင် အိတ်ကြီးတစ်အိတ်ကို ဆွဲလာကြပြီး ပုံသဏ္ဌာန်အရ ဆိုလျှင် အထဲတွင် လူတစ်ယောက် ပါနေပုံပင်။

သူတို့သည် တံခါးကို အနှေးအမြန် စည်းချက်အတိုင်း ငါးချက် တောက်တောက် ခေါက်လိုက်ကြ၏။

ကျွီ….

နောက်ဖေးတံခါး ပွင့်လာပြီး အိမ်စေဟု ထင်ရသော လူနှစ်ယောက် သတိကြီးစွာဖြင့် ထွက်လာသည်။ ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသောအခါမှ သူတို့ အနည်းငယ် စိတ်လျှော့လိုက်ကြ၏။

စကားအနည်းငယ် အပြန်အလှန် ပြောဆိုပြီးနောက် အိမ်စေတစ်ယောက်က ငွေစအိတ်တစ်အိတ်ကို ထုတ်၍ ဇီဝါးဂိုဏ်းသားများထံ ပစ်ပေးလိုက်သည်။ ဂိုဏ်းသားများက ပြုံးလျက် ခေါင်းညိတ်ပြကာ အနက်ရောင်အိတ်ကြီးကို ထားရစ်ခဲ့ပြီး အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။

"ဒါဆိုရင် ချန်းအိမ်တော်နဲ့ တကယ်ပတ်သက်နေတာပဲ..."

ကုယွမ်သည် ပထမဆုံး အံ့အားသင့်သွားသော်လည်း နောက်မှ အေးစိမ့်စွာ ပြုံးလိုက်ပြီး ချန်းအိမ်တော်ကို ဆက်လက်စောင့်ကြည့်ရန် အားဟွမ်ကို အမိန့်ပေးလိုက်သည်။

လွန်ခဲ့သည့် ရက်များအတွင်းက သူသည် အားဟွမ်နှင့် ပါးစပ်ကြီးတို့ကို ချန်းအိမ်တော်၏ အရှေ့တံခါးနှင့် နောက်တံခါးတို့တွင် ခွဲ၍ စောင့်ကြည့်ခိုင်းထားခဲ့ခြင်းပင်။

အားဟွမ်နှင့် ပါးစပ်ကြီးတို့မှာ သေးငယ်ပြီး သတိထားမိရန် ခက်ခဲသဖြင့် ထောက်လှမ်းရေးတွင် အလွန်ပင် ကျွမ်းကျင်ကြပြီး မည်သူ့မျက်စိကိုမျှ ဆွဲဆောင်ခြင်း မရှိပေ။

ယခုမူ သူတို့သည် သံသယဖြစ်ဖွယ် အချက်အလက်တစ်ခုကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။

ထို့နောက် အားဟွမ်၏ မြင်ကွင်းမှတစ်ဆင့် ထိုအိမ်စေနှစ်ယောက်သည် အနက်ရောင်အိတ်ကြီးကို အခန်းတစ်ခုအတွင်း၌ သော့ခတ်ထားပြီး အပြင်မှ စောင့်ကြပ်နေသည်ကို ကုယွမ် မြင်နေရသည်။

ထိုသူများ လှုပ်ရှားမှု မရှိသေးသည်ကို မြင်ရသဖြင့် ကုယွမ်သည်လည်း စိတ်ရှည်စွာဖြင့် သူတို့၏ ခြေလှမ်းတိုင်းကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

နေဝင်ရိုးရီ အချိန်ရောက်သောအခါမှ ထိုလူနှစ်ယောက်သည် အနက်ရောင်အိတ်ကို အခန်းထဲမှ သယ်ထုတ်လာကြသည်။ ထိုအချိန်တွင် ချန်းအိမ်တော် နောက်ဖေးတံခါးဝ၌ သာမန်လှည်းတစ်စီးမှာ အဆင်သင့် စောင့်ဆိုင်းနေသည်။

အိမ်စေနှစ်ယောက်သည် အိတ်ကို လှည်းပေါ်သို့ ပစ်တင်လိုက်ပြီး သူတို့ကိုယ်တိုင်လည်း လှည်းပေါ်သို့ တက်လိုက်ကြသည်။

ထိုသို့လုပ်ဆောင်နေစဉ်အတွင်း လှည်းမောင်းသမားကို လက်ဟန်ခြေဟန်ဖြင့်သာ အချက်ပြလိုက်ကြ၏။ လှည်းမောင်းသမားကလည်း စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းညိတ်ပြကာ ဇက်ကြိုးကို ရိုက်ခတ်၍ လှည်းကို မောင်းထွက်သွားတော့သည်။

အားဟွမ်၏ မြင်ကွင်းမှတစ်ဆင့် ကုယွမ်က သေချာစွာ စူးစမ်းလိုက်သောအခါ ထူးခြားချက်တစ်ခုကို သတိပြုမိလိုက်သည်။ လှည်းမောင်းသမားမှာ ဆွံ့အနားမကြားသူတစ်ယောက် ဖြစ်နေခြင်းပင်။

ထိုကဲ့သို့သောသူမှာ သာမန်လူများထက် လျှို့ဝှက်ချက်ကို ပိုမိုထိန်းသိမ်းနိုင်မည်မှာ အသေအချာပင်။

ကုယွမ်သည် တွန့်ဆုတ်မနေတော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အကြောအခြင်နှင့် အရိုးများကို လှုပ်ခါလိုက်ရာ ကောက်ကောက်ဟူသော အသံများနှင့်အတူ သူ၏ ခန္ဓာကိုယ် ပုံသဏ္ဌာန်မှာ ပြောင်းလဲသွားတော့သည်။ သူ၏ ကိုယ်လုံးမှာ ပိုမိုကျယ်ပြန့်လာကာ အရပ်ပိုရှည်ပြီး ပိန်သွယ်သွား၏။

မျက်နှာအမူအရာမှာလည်း ပိုမိုရင့်ကျက်ကာ ခက်ထန်သွားပြီး မျက်ခုံးများမှာ ဓားကဲ့သို့ စောင်းတက်နေကာ မျက်လုံးများမှာလည်း ဓားသွားကဲ့သို့ စူးရှအေးစိမ့်နေတော့သည်။

ယန်ရှီဆန်းဟူသော သူ၏ နာမည်ဝှက်ဖြင့် ဇာတ်ကောင်စတင် ဝင်လိုက်ပြီ ဖြစ်သည်။

လှည်းသည် ညမှောင်ရီပျိုးစအချိန်ကို အခွင့်ကောင်းယူကာ ပိုင်လျန်မြို့အတွင်းမှ ထွက်ခွာလာခဲ့သည်။

အားဟွမ်က လှည်းနောက်မှ လိုက်ပါသွားပြီး အနက်ရောင် ဝတ်စုံအသစ်ကို ဝတ်ဆင်ထားသော ကုယွမ်ကလည်း အားဟွမ်၏နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။

မြို့ပြင်သို့ ရောက်သောအခါ သူတို့သည် လူသူကင်းမဲ့သော တောရိုင်းမြေတစ်ခုသို့ ရောက်ရှိလာပြီး ထိုနေရာ၌ လှည်းမှာ ရပ်တန့်သွားသည်။

အိမ်စေနှစ်ယောက်သည် အနက်ရောင်အိတ်ကို ဆွဲချလိုက်ရာ အထဲရှိလူမှာ နိုးလာဟန်ရှိပြီး အွန်း အွန်းဟူသော အသံများနှင့်အတူ ရုန်းကန်နေတော့သည်။ သို့သော် အိမ်စေတစ်ယောက်က ဗိုက်ကို လက်သီးဖြင့် အချက်အနည်းငယ် ထိုးလိုက်သောအခါမှ ငြိမ်သက်သွားတော့သည်။

ထို့နောက် ထိုလူသုံးဦးသည် အနီးအနားရှိ တောင်ဂူတစ်ခုဆီသို့ ဦးတည်သွားကြသည်။ ဂူမှာ အလွန်မှောင်မည်းနေပြီး သရဲတစ္ဆေတစ်ကောင်၏ ပါးစပ်ကြီးသဖွယ် ဖြစ်နေ၏။ အထူးသဖြင့် ညဘက်တွင် တိုက်ခတ်နေသော လေအေးများနှင့် မြူနှင်းများကြောင့် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

တောက်တောက်တောက်…

ညင်သာသော ခြေသံများနှင့်အတူ ဘေးဘက်မှ လူရိပ်တစ်ခု ချဉ်းကပ်လာသည်။ ရောက်ရှိလာသူမှာ သာမန်ရုပ်ရည်နှင့် သာမန်ကိုယ်လုံးကိုယ်ပေါက်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်သော်လည်း သူ၏ မျက်လုံးများမှာ အေးစိမ့်လှသည်။

သူ၏ လက်မောင်းတွင် သရဲခြောက်စရာကောင်းသော အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသည့် သံမဏိလက်သည်းတစ်စုံကို ချိတ်ဆွဲထားသည်။

"ချန်းအိမ်တော်က ပို့လိုက်တဲ့ နောက်ထပ် ပူဇော်သက္ကာတစ်ခုလား... ချင်းဖျင်"

ထိုလူအား မြင်လိုက်ရသည်နှင့် အထူးသဖြင့် သူ၏လက်မောင်းတွင် ချိတ်ဆွဲထားသော အဆိပ်လူးသံမဏိလက်သည်းများကို ကြည့်ပြီး ကုယွမ်၏စိတ်ထဲတွင် အုပ်ချုပ်ရေးမှူးဝူ ပေးထားသော သတင်းအချက်အလက်များ ပေါ်လာတော့သည်။

ချန်းအိမ်တော်တွင် အားကိုးရသော လက်ရုံးနှစ်ဦးရှိရာ သူတို့မှာ ချန်းဖုန်းဖျင်နှင့် ချင်းဖျင်တို့ ဖြစ်ကြသည်။ ရှေ့တစ်ယောက်မှာ ကျောက်တုံးကြီးပစ်လက်ဝါးဟုခေါ်သော ပြင်းထန်သည့် လက်ဝါးသိုင်းတွင် ကျွမ်းကျင်သူဖြစ်သော်လည်း လွန်ခဲ့သော အချိန်က ကုယွမ်၏လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရပြီဖြစ်သည်။

ကျန်တစ်ယောက်ဖြစ်သော ချင်းဖျင်မှာမူ နာမည်ကျော် လူဆိုးတစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင်မှ ချန်းအိမ်တော်က စည်းရုံးသိမ်းသွင်းခဲ့ခြင်းပင်။ သူသည် အဆိပ်လူးသံမဏိလက်သည်းတစ်စုံကို အသုံးပြုရာတွင် ကျွမ်းကျင်ပြီး ထိမိသည်နှင့် အသက်ပျောက်စေနိုင်သော ရက်စက်မှုကြောင့် နာမည်ကျော်သူဖြစ်သည်။

၎င်းမှာ ယခုရှေ့တွင်မြင်နေရသော သံမဏိလက်သည်းကို လက်မောင်းတွင် ချည်နှောင်ထားသည့် လူလတ်ပိုင်းအမျိုးသားပင်။

"သခင်လေး အလိုရှိတဲ့အရာကို ယူလာခဲ့ပြီလား"

ချင်းဖျင်၏ အသံမှာ တည်ငြိမ်ပြီး အောသော်လည်း နားထဲတွင် ပိုးကောင်များ တွားသွားနေသကဲ့သို့ ခံစားရစေကာ လူကို အလွန်ပင် နေရထိုင်ရ ခက်စေသည်။

"နှုတ်ခွန်းဆက်သပါတယ် အုပ်ချုပ်ရေးမှူးချင်း... သခင်လေး အလိုရှိတဲ့လူကို ဒီမှာ ယူလာခဲ့ပါပြီ"

ချင်းဖျင်ကို မြင်လိုက်ရသောအခါ သန်မာထွားကြိုင်းသော အိမ်စေနှစ်ယောက်မှာ ခြေဖျားလက်ဖျားများ တုန်ယင်လာကြသည်။ သူတို့သည် ရိုသေစွာ ဂါရဝပြုပြီးနောက် အနက်ရောင်အိတ်ကို ဖွင့်ပြလိုက်ရာ အထဲတွင် ပါးစပ်ကို အဝတ်ဖြင့် ပိတ်ဆို့ထားပြီး တစ်ကိုယ်လုံး အနှောင်

အဖွဲ့ခံထားရသည့် ဒဏ်ရာဒဏ်ချက်များနှင့် လူတစ်ယောက် ပေါ်လာသည်။

ထိုလူမှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှကာ ကြွက်သားများမှာလည်း ထင်ထင်ရှားရှား ရှိနေသဖြင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ သာမန်သိုင်းသမားမျိုး မဟုတ်ဘဲ အနည်းဆုံး အကြောသန့်စင်ခြင်းအဆင့်ရှိသော သိုင်းဆရာတစ်ဦး ဖြစ်ပေလိမ့်မည်။

အိမ်စေတစ်ယောက်က ဖားချင်သော လေသံဖြင့် ရှင်းပြလိုက်သည်။

"အုပ်ချုပ်ရေးမှူးချင်း... ဒီလူက အနီးအနားက မြို့နယ်တစ်ခုက တစ်ကိုယ်တော် သိုင်းဆရာတစ်ယောက်ပါ။ အရိုးတွင်းခြင်ဆီ သန့်စင်ခြင်းအဆင့်မှာ မဟာအောင်မြင်မှု ရထားသူဖြစ်ပြီး အမြဲတမ်း တစ်ယောက်တည်းပဲ သွားလာတတ်တာမို့ သူပျောက်သွားရင်တောင် ဘယ်သူမှ ချက်ချင်း သတိထားမိမှာ မဟုတ်ပါဘူး"

"အင်း... မဆိုးပါဘူး"

ချင်းဖျင်က ခပ်ပေါ့ပေါ့ပင် ချီးကျူးလိုက်ပြီးနောက် ထိုသိုင်းဆရာကို ဆွဲမကာ တောင်ဂူထဲသို့ ဝင်ရန် ပြင်လိုက်သည်။

"မင်းတို့နှစ်ယောက် ပြန်လို့ရပြီ"

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါခင်ဗျာ"

ထိုသူနှစ်ဦးမှာ သက်ပြင်းချနိုင်သွားပြီး လှည်းပေါ်သို့ ကပျာကယာ တက်လိုက်ကြသည်။ ထို့နောက် လှည်းမောင်းသမား၏ ပုခုံးကို ပုတ်ကာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းတော့သည်။

လှည်းထွက်သွားသောအခါ ချင်းဖျင်သည် ဂူဝသို့ ချဉ်းကပ်သွားသည်။ ထိုအချိန်တွင် ဂူအတွင်းမှ အေးစိမ့်သော လေတစ်ချက် တိုက်ခတ်လာ၏။ သရဲတစ္ဆေများနှင့် တောခွေးများ အူဟောင်သကဲ့သို့သော ထူးဆန်းသည့် အသံများကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။

စောစောက အိမ်စေနှစ်ယောက်ရှေ့တွင် မောက်မာခဲ့သော ချင်းဖျင်၏ မျက်လုံးများထဲ၌ ယခုမူ ကြောက်ရွံ့မှုများ အရိပ်အယောင် ထင်ဟပ်လာသည်။

သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် တစ်ကိုယ်လုံး တုန်တက်သွားပြီးနောက် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားကာ ရိုသေစွာ ပြောလိုက်သည်။

"သခင်လေး... အလိုရှိတဲ့ အရာကို ယူလာခဲ့ပါပြီ"

"ကောင်းပြီ... အထဲကို ယူခဲ့"

ခဏအကြာတွင် ဂူအတွင်းမှ အေးဆေးတည်ငြိမ်သော အသံတစ်သံ ပြန်လည်ထွက်ပေါ်လာသည်။ ထိုအသံမှာ စွဲမက်ဖွယ်ကောင်းပြီး သာယာလှသဖြင့် အသံရှင်မှာ ချောမောသော အမျိုးသားတစ်ဦး ဖြစ်မည်မှာ သေချာလှသည်။

သို့သော် ကုယွမ်၏ နားထဲတွင်မူ ထိုအသံ၌ မကောင်းဆိုးဝါးဆန်သော အငွေ့အသက်များကို ခံစားနေရသည်။

"ဟုတ်ကဲ့ပါ သခင်လေး"

ချင်းဖျင်သည် ထိုသိုင်းဆရာကို ဂူအတွင်းသို့ ခေါ်ဆောင်သွားသည်။ ဂူ၏ အကွေ့အကောက်များစွာကို ကျော်ဖြတ်ပြီးနောက် ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားတော့သည်။ ဂူအတွင်း၌ မီးတုတ်များ ထွန်းညှိထားသဖြင့် ဂူတစ်ပြင်လုံး ဝါကျင်ကျင် အလင်းရောင်များ လွှမ်းခြုံနေသည်။

နှင်းကဲ့သို့ ဖြူဖွေးသော ကော်ဇောပေါ်တွင် အရပ်ရှည်ပြီး ချောမောသော လူငယ်တစ်ဦး ထိုင်နေ၏။ သူသည် အဖိုးတန် ဝတ်စုံများကို ဆင်မြန်းထားပြီး မျက်လုံးကို မှိတ်တုတ်မှိတ်တုတ် လုပ်နေကာ အေးစက်သော်လည်း လွှမ်းမိုးမှုရှိသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သေသေချာချာ စူးစမ်းကြည့်လျှင် သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မည်းနက်သော အငွေ့အသက်များက ထူထပ်သော မီးခိုးများပမာ ရစ်ပတ်နေသည်ကို တွေ့ရလိမ့်မည်။

သူ၏နောက်ကွယ်ရှိ ထောင့်တစ်နေရာတွင်မူ ခြောက်ကပ်နေသော အလောင်းပုံကြီးမှာ ဖရိုဖရဲ စုပုံလျက် ရှိနေသည်။ ထိုအလောင်းများမှာ ရေဓာတ်နှင့် သက်စွမ်းအားများ ကုန်ခမ်းနေသဖြင့် သစ်သားခြောက်များပမာ ဖြစ်နေပြီး အရေပြားများမှာ အရိုးများတွင် ကပ်နေကာ နှစ်ပေါင်းရာချီ ကြာမြင့်နေပြီဖြစ်သော အလောင်းများကဲ့သို့ပင်။

သေဆုံးသွားသူများ၏ မျက်နှာတွင်မူ နောက်ဆုံးအချိန်၌ ခံစားခဲ့ရသော ထိတ်လန့်မှု၊ နာကျင်မှုနှင့် မကျေနပ်မှုများမှာ ယခုတိုင် အထင်အရှား ကျန်ရစ်နေဆဲပင်။

All Chapters