အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း။ ၈၅
ချင်းဖျင်သည် မည်သည့်အခါမှ ကြောက်တတ်သူမဟုတ်ခဲ့ပေ။ သူသည် လေးခွတစ်လက်၊ ဓားတစ်စင်းဖြင့် လောကအလယ်တွင် တစ်ကိုယ်တော် သူခိုးဘဝဖြင့် ကျင်လည်ခဲ့စဉ်က ရန်သူများ၏ရန်မှ လွတ်ကဲရန် သုသာန်အတွင်းရှိ အလောင်းများကြားတွင် အိပ်စက်ခဲ့ဖူးသလို အလောင်းများပေါ်တွင် တွားသွားနေသည့် ကြွက်နှင့် ပိုးကောင်များကိုပင် ဖမ်းယူစားသောက်ခဲ့ဖူးသူဖြစ်သည်။
ထိုစဉ်က သူသည် ဤလုပ်ရပ်များအပေါ် မည်သို့မျှ မခံစားရသည့်အပြင် ဂုဏ်ယူဝင့်ကြွားမှုပင် ရှိခဲ့သေးသည်။ နောက်ပိုင်းတွင် ဤဇာတ်လမ်းများ ပြန့်နှံ့သွားသောအခါ သူ့ကို သိသူတိုင်းက လက်မထောင်၍ပင် ချီးကျူးခဲ့ကြဖူးသည်။
သို့သော် ယခုမူ ချင်းဖျင်၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထလာပြီး ကြောက်လန့်တကြားဖြစ်နေသော ယုန်တစ်ကောင်ကဲ့သို့ပင် နောက်တစ်ချက်ပင် လှည့်မကြည့်ရဲတော့ချေ။ သူသည် စိတ်ကိုတင်းထားပြီး ထိုသိုင်းဆရာကို သခင်လေး၏အနီးသို့ ခေါ်ဆောင်သွားလိုက်သည်။
ရုတ်တရက်ဆိုသလို သခင်လေးက မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏မျက်လုံးများထဲမှ အလင်းတန်းတစ်ခု ဖြာထွက်လာသကဲ့သို့ ခံစားရပြီး တစ်ခဏချင်းမှာပင် မှောင်မည်းနေသော ဂူတစ်ခုလုံး လင်းထိန်သွားကာ နောက်တစ်ဖန် ပြန်လည်မှောင်ကျသွားတော့သည်။ ထိုမျက်လုံးတစ်စုံမှာ တောင်ပေါ်ရှိ အေးစိမ့်သော ရေကန်ကြီးပမာ အလွန်ပင် နက်နဲလှ၏။
သခင်လေး၏ ချောမောသော ရုပ်ရည်နှင့် ဤကဲ့သို့သော မျက်လုံးများ ပေါင်းစပ်လိုက်သောအခါ မကောင်းဆိုးဝါးဆန်သော အရှိန်အဝါတစ်ခုကို ထွက်ပေါ်စေသည်။ သူက လက်ကို လေထဲတွင် အသာအယာ ဆုပ်ကိုင်လိုက်ရာ ဆွဲငင်အားတစ်ခု ထွက်ပေါ်လာပြီး ထိုသိုင်းဆရာကို သူ၏လက်အတွင်းသို့ ဆွဲယူလိုက်တော့သည်။
"အွန်း... အွန်း... အွန်း"
ထိုသိုင်းဆရာမှာ ယခုအချိန်အထိ သတိကောင်းကောင်း ရှိနေသေးသဖြင့် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိရှိသွားကာ မျက်နှာတွင် အလွန်အမင်း ထိတ်လန့်နေသော အမူအရာများ ပေါ်လာသည်။
သူသည် အစွမ်းကုန် ရုန်းကန်သော်လည်း ကံဆိုးစွာပင် ကြိုးများက တင်းကျပ်လွန်းလှပြီး ပါးစပ်မှာလည်း အဝတ်နှင့် ပိတ်ဆို့ထားသဖြင့် စကားတစ်ခွန်းပင် မဆိုနိုင်ချေ။
သခင်လေး၏ လက်အတွင်းသို့ ရောက်သွားသည်နှင့် တစ်ကိုယ်လုံးသို့ အေးစိမ့်လှသော အငွေ့အသက်များ စီးဝင်လာပြီး သွေးသားနှင့် ချီစွမ်းအင်များအားလုံး ခဲသွားသကဲ့သို့ ခံစားလိုက်ရကာ လှုပ်ရှား၍ပင် မရတော့ပေ။
ထို့နောက် သခင်လေးသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်သွယ်လျသော လက်တစ်ဖက်ဖြင့် ထိုသိုင်းဆရာ၏ ခေါင်းကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
"အု... အု... အု..."
နောက်တစ်စက္ကန့်တွင် လက်ဖဝါးအတွင်းမှ ထူးဆန်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ထိုသိုင်းဆရာ၏ တစ်ကိုယ်လုံးမှာ ထိန်းမနိုင်သိမ်းမရ တုန်ခါသွားတော့သည်။ မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားပြီး မျက်နှာမှာလည်း ရှုံ့မဲ့ကာ နှာရည်၊ တံတွေးများ ကျလာ၏။ အလွန်အမင်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရပုံပင်။
အမှန်တကယ်လည်း ထိုအတိုင်းပင်။ ထိုထူးဆန်းသော စုပ်ယူအားအောက်တွင် သူ၏ သွေးသား၊ မူလချီစွမ်းအင်၊ အသက်စွမ်းအားနှင့် ဝိညာဉ်အားလုံးမှာ ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးအတွင်းသို့ တရစပ် အစုပ်ယူခံနေရသည်။
သူ၏ သန်မာသော ကိုယ်ခန္ဓာမှာ မျက်စိရှေ့တင်ပင် ပိန်ချောင်သွားကာ ချောမွတ်သော အရေပြားများမှာလည်း တွန့်လိပ်သွားပြီး ဆံပင်များမှာလည်း ခြောက်သွေ့ကာ မြက်ခြောက်များပမာ ဖြစ်သွားတော့သည်။
အသက်ရှူအကြိမ် အနည်းငယ်အတွင်းမှာပင် ထိုသိုင်းဆရာမှာ သက်စွမ်းအားအားလုံး ကုန်ခမ်းသွားပြီး သစ်သားခြောက်ကဲ့သို့သော အလောင်းတစ်ခု ဖြစ်သွားတော့သည်။
ဖလပ်….
အလောင်းကို နောက်ဘက်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီးနောက် သခင်လေး၏ မျက်နှာတွင် သာယာမိန်းမောနေသော အမူအရာနှင့် ထူးဆန်းသော အနီရောင်များ ယှက်သန်းလာသည်။ သူ၏ကိုယ်တွင်း၌ စစ်မှန်သော ချီစွမ်းအင်များ တရစပ်စီးဆင်းနေပြီး အနီးနားရှိ ချင်းဖျင်ပင်လျှင် မြစ်ကြီးတစ်စင်း စီးဆင်းနေသကဲ့သို့သော အသံကို ကြားနေရသည်။ သို့သော် ချင်းဖျင်မှာ ခေါင်းငုံ့လျက်သာ နေရဲပြီး စကားတစ်ခွန်းမျှပင် မဟဝံ့ချေ။
"ကောင်းတယ်... ဒီတစ်သုတ်ရဲ့ အရည်အသွေးက တကယ်ကို ကောင်းမွန်လှတယ်။ ဝိညာဉ်ဆေးလုံးတစ်လုံးနဲ့တောင် ယှဉ်နိုင်တယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက အခုထိ လုံလောက်မှု မရှိသေးတာပဲ"
အတော်ကြာပြီးနောက် သခင်လေး ချန်းယွင်ဖုန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း ပြောလိုက်သည်။
"ငါ့ဆရာ သင်ပေးခဲ့တဲ့ ဒီကျင့်စဉ်က ကြမ်းတမ်းပေမဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေသာ ရှိမယ်ဆိုရင် အဆင့်တက်တာကတော့ တကယ့်ကို မြန်ဆန်တယ်။ တကယ်ကို ထူးခြားတဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ"
ဤသို့ပြောပြီးနောက် သူက နှမြောတသဟန်ဖြင့် ဆက်ပြောလိုက်သည်။
"တကယ်လို့ ငါသာ အထွတ်အထိပ်သိုင်းဆရာတွေ၊ ဒါမှမဟုတ် ပင်ကိုယ်စွမ်းရည်ရှင်တွေကိုပါ ဝါးမြိုခွင့်ရမယ်ဆိုရင် အရိုးတွင်းခြင်ဆီသန့်စင်ခြင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်မှာပဲ"
ထိုစကားကိုကြားသော် ချင်းဖျင် တစ်ကိုယ်လုံး တုန်တက်သွားသည်ကို မြင်လိုက်ရသည့်အခါ ချန်းယွင်ဖုန်း၏ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာ၏။
"အုပ်ချုပ်ရေးမှူးချင်း... ခင်ဗျားနဲ့ကျွန်တော် နှစ်ယောက်လုံး သိကြတဲ့အတိုင်းပဲ။ ကျွန်တော့်အဖေကို အဲဒီ ယန်ရှီဆန်းဆိုတဲ့ကောင် သတ်လိုက်ကတည်းက ချန်းအိမ်တော်တစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီ။ အဲဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် နေ့တိုင်း အကွက်ချပြီးချောင်းမြောင်းနေကြတယ်။ အချင်းချင်း တိုက်ခိုက်နေကြတာက မိသားစုကြီးတစ်ခု ပြိုကွဲတော့မယ့် နိမိတ်ပဲ"
"ကျွန်တော့်အမြင်မှာတော့ သူတို့အားလုံးက အသုံးမကျတဲ့လူတွေပဲ ကျွန်တော့်အဖေနဲ့ အသုံးမကျတဲ့ ကျွန်တော့်ရဲ့ ဆဋ္ဌမမြောက်ညီလေးအပါအဝင်ပေါ့။ သေသွားတဲ့လူကတော့ သေသွားတာပဲ"
"ဒါပေမဲ့ ခင်ဗျားကတော့ သူတို့နဲ့မတူဘူး။ ခင်ဗျားက ကျွန်တော့်အတွက် အသုံးဝင်တယ်။ ဒါကြောင့် စိတ်ချပါ... ကျွန်တော် ခင်ဗျားကို ဘာမှလုပ်မှာမဟုတ်ဘူး"
"သခင်က ဒီလောက်တောင် တန်ဖိုးထားပေးတာ ကျွန်တော့်အတွက်တော့ တကယ်ကို ကျေးဇူးတင်မဆုံးပါပဲ။ ဒီကျေးဇူးကို နှလုံးသားထဲမှာ ထာဝရမှတ်ထားမှာပါ"
ဤစကားကိုကြားရသောအခါ ချင်းဖျင်သည် အလွန်ပင် စိတ်လှုပ်ရှားသွားပြီး နောက်တစ်ကြိမ် ထပ်မံဦးညွှတ်လိုက်ရာ သူ၏မျက်လုံးထဲတွင် မျက်ရည်များပင် ဝဲလာတော့သည်။
"စိတ်ချပါ... ခင်ဗျားသာ ကျွန်တော့်အပေါ် လုံးဝသစ္စာရှိမယ်ဆိုရင် နောင်ကျရင် ကျွန်တော့်ရဲ့ ကျင့်စဉ်အချို့ကိုတောင် ခင်ဗျားကို လက်ဆင့်ကမ်းပေးဦးမှာပါ"
ချန်းယွင်ဖုန်းက ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏စကားထဲတွင် ဆွဲဆောင်မှုအပြည့်ဖြင့် ထည့်သွင်း၍ ပြောလိုက်သည်။
"ခင်ဗျားက အသက်ကြီးနေပြီဖြစ်လို့ ပင်ကိုယ်စွမ်းရည်ရှင်ဖြစ်ဖို့ မျှော်လင့်ချက်မရှိတော့ပေမဲ့ ဒီထူးခြားတဲ့ကျင့်စဉ်နဲ့ဆိုရင် တခြားလူတွေရဲ့ အနှစ်သာရ၊ ချီစွမ်းအင်၊ သွေးသားနဲ့ ကျင့်ကြံမှုတွေကို လုယူပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်လို့ရတယ်။ ဒါက ခင်ဗျားရဲ့ကျင့်ကြံမှုကို တိုးတက်စေရုံတင်မကဘူး။ ခင်ဗျားကို ပိုနုပျိုလာစေပြီး အသက်ရှည်ရှည်နေနိုင်အောင်လည်း လုပ်ပေးလိမ့်မယ်"
"ဒါပေမဲ့ ဒီအရာတွေကို ရဖို့အတွက် ခင်ဗျားက ကျွန်တော့်ကို အရင်ဆုံး စိတ်ကျေနပ်အောင် လုပ်ပေးရမယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ ချင်းဖျင်၏မျက်လုံးများထဲတွင် ပြင်းပြသောတပ်မက်မှုများ ထွက်ပေါ်လာပြီး စိတ်လှုပ်ရှားစွာဖြင့်ပင် သစ္စာဆိုတော့သည်။
"စိတ်ချပါ သခင်လေး... ကျွန်တော့်အသက်က သခင်လေးအပိုင်ပါပဲ သခင်လေး အမိန့်ပေးမယ်ဆိုရင် ဓားတောင်ကိုပဲတက်ရတက်ရ၊ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ကျွန်တော် တစ်ချက်မှ တွန့်ဆုတ်မှာမဟုတ်ပါဘူး"
"ဓားတောင်တက်၊ မီးပင်လယ်ဖြတ်ဖို့အထိ မလိုပါဘူး။ ကျွန်တော့်အတွက် လူအချို့ကို ဆက်ပြီး ဖမ်းပေးဖို့ပဲ လိုပါတယ်"
ချန်းယွင်ဖုန်း၏အသံမှာ အေးဆေးကာ တည်ငြိမ်နေသည်။
"ကျွန်တော် အဲဒီ ယန်ရှီဆန်းဆိုတဲ့လူကို စုံစမ်းခိုင်းထားတယ်။ ဒီလူက ဘယ်ကနေ ဘယ်လိုပေါ်လာမှန်း မသိရဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ချန်းအိမ်တော်မှာ ဖြစ်ခဲ့တဲ့ကိစ္စတုန်းက လူလေးယောက်နဲ့ ခွေးတစ်ကောင် သေခဲ့တယ်"
"အဲဒီတုန်းက သူက ကျွန်တော့်ရဲ့ ဆဋ္ဌမညီလေးရဲ့အခန်းကို အရင်သွားခဲ့တယ်။ ပြီးမှ သတ်ဖြတ်မီးရှို့တာတွေလုပ်ပြီး အဖေ့ရဲ့စာကြည့်ခန်းကို သွားခဲ့တာ"
"ဒါကြောင့် ကျွန်တော် သံသယဖြစ်တာက ဒီလူက ဆဋ္ဌမညီလေးကို အဓိကပစ်မှတ်ထားခဲ့တာပဲ။ ယန်ရှီဆန်းဆိုတာကလည်း နာမည်လိမ်ပဲဖြစ်ရမယ်။ ဒီနာမည်နောက်ကွယ်မှာ တခြားတစ်ယောက်ယောက် ရှိနေလိမ့်မယ်"
"ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ ဆဋ္ဌမညီလေးနဲ့ အငြိုးအတေးရှိဖူးတဲ့လူတွေ၊ ပြဿနာတက်ဖူးတဲ့လူတွေကို ဘယ်သူဘယ်ဝါဖြစ်ဖြစ်၊ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အကုန်ဖမ်းလာခဲ့။ မှတ်ထား... လူတစ်ယောက်ကို အလွတ်ပေးလိုက်ရတာထက် လူတစ်ထောင်ကို မှားသတ်လိုက်ရတာက ပိုကောင်းတယ်"
ထို့နောက် ချန်းယွင်ဖုန်းက မေးလိုက်သည်။
"ငါဘာကို ဆိုလိုလဲဆိုတာ မင်းနားလည်လား"
ချင်းဖျင်က လက်သီးဆုပ်ပြလိုက်သည်။
"စိတ်ချပါ သခင်လေး... ဒီကိစ္စကို ကျွန်တော့်ဆီသာ လွှဲထားလိုက်ပါ၊ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့ရင် ကျွန်တော့်အသက်နဲ့ လာတွေ့ပါ့မယ်"
"ဒီချင်းဖျင်ဆိုတဲ့လူကတော့ တကယ့်လူပဲ... ငါ့ရဲ့ အရင်ဘဝက အော်စကာဆုပေးပွဲသာ ရှိရင် သူ သေချာပေါက် ရမှာပဲ"
ဂူအပြင်ဘက် မလှမ်းမကမ်းတွင် ကုယွမ်သည် အားဟွမ်၏ မြင်ကွင်းမှတစ်ဆင့် ဤမြင်ကွင်းကို တွေ့မြင်နေရပြီး အံ့သြစွာဖြင့် လျှာသပ်လိုက်မိသည်။ သူသည် ရုပ်ရှင်တစ်ကားကို ကြည့်နေရသကဲ့သို့ ထိုလူနှစ်ယောက်၏ စကားများကိုလည်း အတိုင်းသား ကြားနေရ၏။
ထိုသခင်လေးဆိုသူမှာ ချန်းချိန်နှင့် ချန်းယွင်ကျဲတို့နှင့် ရုပ်ချင်းဆင်နေရုံသာမက ဆရာ၊ ဆဋ္ဌမညီလေးနှင့် အဖေဟူသော စကားများကို သုံးနှုန်းသွားသဖြင့် သူသည် ချန်းအိမ်တော်၏ တတိယမြောက်သား ချန်းယွင်ဖုန်း ဖြစ်မည်မှာ အသေအချာပင်။
သို့သော်လည်း စောစောက ချန်းယွင်ဖုန်းသည် လူတစ်ယောက်၏ အနှစ်သာရနှင့် သွေးသားများကို စုပ်ယူနေသည့် မြင်ကွင်းမှာမူ ကုယွမ်အတွက် အတော်လေး ထိတ်လန့်စရာ ကောင်းလှသည်။
"မကြာသေးခင်က လူတွေ ခဏခဏ ပျောက်နေပြီး အလောင်းတောင် ရှာမရတာ ဘာကြောင့်လဲလို့ ငါတွေးနေတာ... ဒီကောင်စုတ်ရဲ့ လက်ချက်ကိုး"
ကုယွမ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
"ဒါပေမဲ့ ဒီကောင်ရဲ့ သွေးစုပ်တဲ့နည်းလမ်းက မကောင်းဆိုးဝါး တစ်ကောင်နဲ့တူနေတာပဲ။ နေပါဦး... အဲဒီလျှို့ဝှက်ဆန်းပြားတဲ့ အဘိုးကြီးဆိုတာက ဒီချန်းယွင်ဖုန်းရဲ့ ဆရာများလား"
ကုယွမ် ပို၍စဉ်းစားလေလေ ဤထင်မြင်ချက်မှာ ပို၍ဖြစ်နိုင်ခြေရှိသည်ဟု ခံစားရလေလေဖြစ်သည်။ အုပ်ချုပ်ရေးမှူးဝူကို စစ်မေးခဲ့စဉ်ကလည်း သူက ချန်းယွင်ဖုန်းသည် ထူးဆန်းသော မှော်ပညာရပ်များတွင် ကျွမ်းကျင်သည့် နိုင်ငံခြားသားတစ်ဦးထံတွင် တပည့်ခံခဲ့သည်ဟု ပြောပြခဲ့ဖူးသည်။
အခန်း။ ၈၆
ထိုစဉ်က ကုယွမ်သည် ဤသူစိမ်းမှာ ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့ဖူးသည်။
ယခုမူ ချန်းယွင်ဖုန်းသည် အဘိုးကြီးရွှမ်ယိုနှင့် သူ၏မိစ္ဆာဝိညာဉ်များ ကျင့်ကြံသည့် နည်းလမ်းမျိုးနှင့်ဆင်တူသော ယုတ်မာညစ်ထမ်းသည့် ပညာရပ်တစ်ခုကို အသုံးပြုနေသည်။ သူတို့နှစ်ဦးမှာ ဆရာနှင့် တပည့်ဖြစ်ကြသည်ဟူသောအချက်က ယခုကိစ္စကို ပို၍ပင် ခိုင်လုံသွားစေသည်။
သို့သော် ကုယွမ်ကို ပို၍အံ့အားသင့်စေသည်မှာ ချန်းယွင်ဖုန်း ပြသနေသော ကျင့်ကြံမှုအဆင့်ပင်။ သူသည် ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာတစ်ယောက်၏ အဆင့်သို့ သိသိသာသာ ရောက်ရှိနေပြီဖြစ်သည်။
ချန်းယွင်ဖုန်း ကျင့်ကြံထားသော ပညာရပ်သည် အမှန်တကယ်ပင် ယုတ်မာလှသလို အစွမ်းလည်း ထက်သည်ဟု ဆိုရပေမည်။ မိစ္ဆာပညာရပ်တစ်ခု ဖြစ်သော်လည်း ၎င်းသည် အလွန်ပင် နက်နဲသိမ်မွေ့သော ကျင့်စဉ်တစ်ခု ဖြစ်နေသည်မှာ အထင်အရှားပင်။
"ဒီနေ့ ငါတိတ်တဆိတ် လိုက်လာခဲ့မိတာ တကယ်ကံကောင်းတာပဲ။ မဟုတ်ရင်တော့ ဒီကောင်ရဲ့ ပစ်မှတ်ထားတာကို ခံရပြီး ဒုက္ခရောက်ကုန်တော့မှာ"
ကုယွမ်သည် ချိုးရွှေဓား၏ ဓားရိုးကို အသာအယာ ပွတ်သပ်လိုက်ရင်း သူ၏မျက်လုံးများထဲတွင် အရောင်တစ်မျိုး လက်ခနဲ ဖြစ်သွားသည်။
"ကောင်းပြီလေ... မင်းက ငါ့ကို အနှေးနဲ့အမြန် လာရှာမှာဆိုတော့ ငါကပဲ အစပြုပြီး မင်းကို အရင်သတ်လိုက်တာ ပိုကောင်းမယ်"
ချန်းယွင်ဖုန်းသည် ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာတစ်ယောက် ဖြစ်သော်လည်း ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအဆင့်တွင်သာ မဟာအောင်မြင်မှု ရရှိထားသူဖြစ်ပြီး အရိုးတွင်းခြင်ဆီ သန့်စင်ခြင်းအဆင့်သို့ မရောက်သေးသည်မှာ သေချာသည်။
ဆိုလိုသည်မှာ ဤလူသည် အဘိုးကြီးမို၊ ရှမင်ယန်သို့မဟုတ် ဝေချွမ်းတို့ကဲ့သို့ သွေးလဲလှယ်ခြင်းအဆင့်ကို ကျော်ဖြတ်ပြီးသား ဝါရင့်ပင်ကိုယ်စွမ်းရည်ရှင်များကဲ့သို့ မဟုတ်ချေ။ အတော်အတန် အားကောင်းသော်လည်း ကုယွမ်အတွက်မူ အနိုင်မတိုက်နိုင်သော ပြိုင်ဘက်မျိုး မဟုတ်ပေ။
အနည်းဆုံးတော့ ကုယွမ်ကိုယ်တိုင်မှာ သာမန် အထွတ်အထိပ်သိုင်းဆရာတစ်ယောက် မဟုတ်ပေ။ သူသည် ထိပ်တန်းသိုင်းပညာရပ်များအပြင် အထူးသိုင်းပညာရပ်များစွာကိုလည်း ကျင့်ကြံထားသူ ဖြစ်သည်။
၎င်းအပြင် သူ၏ဝိညာဉ်သားရဲများထံမှ ရရှိထားသော ပင်ကိုယ်စွမ်းရည်များကြောင့်လည်း ကဏ္ဍတိုင်းတွင် သာမန်သိုင်းဆရာများထက် များစွာ သာလွန်နေသည်။ ထို့ပြင် သူ့တွင် ကူညီပေးမည့်သူများလည်း ရှိနေသည်။ အားဟွမ်မှာ သူ၏ဘေးတွင် ရှိနေသလို အားဝူမှာလည်း မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။
တိကျစွာ ပြောရလျှင် ထိုဝိညာဉ်သားရဲနှစ်ကောင်လုံးမှာ ကျင့်ကြံမှုအရ ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာများနှင့် ညီမျှသည်။ သားရဲများနှင့် လူသားများအကြား အစွမ်း၊ ကိုယ်ထည်နှင့် တိုက်ခိုက်ပုံနည်းလမ်းများတွင် အနည်းငယ် ကွဲပြားမှုရှိနိုင်သော်လည်း အနှစ်သာရအားဖြင့်မူ မည်သည့်လှည့်ဖြားမှုမျှ မရှိနိုင်ပေ။
ပါးစပ်ကြီးကိုမူ ထည့်တွက်စရာ မလိုသေးပေ။ ၎င်းမှာ မိစ္ဆာသားရဲအဆင့်သို့ မရောက်သေးသော်လည်း ရင့်ကျက်သည့်အဆင့်နှင့် မဝေးတော့ချေ။ ၎င်းကို တစ်နေရာရာတွင် တိတ်တဆိတ် ရှိနေခိုင်းခြင်းက ပိုကောင်းပေလိမ့်မည်။
"ဟင်... ဒါ ဘာအနံ့လဲ"
ဂူအတွင်း၌ သခင်နှင့် အစေခံ စကားပြောနေစဉ်မှာပင် ချင်းဖျင်သည် မျက်မှောင်ကြုတ်လိုက်ပြီး နှာခေါင်းကို ရှုံ့ကာ ညှီစို့စို့ အနံ့တစ်ခုကို ရရှိလိုက်သည်။ သူကိုယ်တိုင် သတိမထားမိခင်မှာပင် သူ၏မျက်နှာပေါ်တွင် မီးခိုးရောင် အလွှာတစ်ခု ဖုံးလွှမ်းသွားတော့သည်။
"မကောင်းတော့ဘူး... ဒါ အဆိပ်ပဲ"
ချန်းယွင်ဖုန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ သစ္စာရှိအစေခံဖြစ်သော ချင်းဖျင်၏ ရင်ဘတ်ကို လက်ဝါးဖြင့် အရင်ဆုံး ရိုက်ချလိုက်သည်။
ဝုန်း….
ထိုလက်ဝါးရိုက်ချက်နှင့်အတူ လေထဲတွင် ယုတ်မာသောအရှိန်အဝါများ မြင့်တက်လာပြီး စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ အဆိပ်ကြောင့် ထိုင်းမှိုင်းနေသော ချင်းဖျင်မှာ သတိမမူမိဘဲ ချန်းယွင်ဖုန်းအပေါ် မည်သည့်ကာကွယ်မှုမျှ မရှိသဖြင့် ရင်ဘတ်ကို တိုက်ရိုက် အထိခံလိုက်ရတော့သည်။
ဘုန်း
ကျွတ်... ကျွတ်... ကျွတ်
အရိုးများ ကျိုးကြေသွားသည့် စိတ်မချမ်းမြေ့ဖွယ် အသံများနှင့်အတူ ချင်းဖျင်၏ ရင်ဘတ်မှာ တိုက်ရိုက်ပင် ကြေမွသွားပြီး သွေးနှင့် အသားစများ လွင့်စင်ကာ အရိုးအစအနများနှင့် ကိုယ်တွင်းအင်္ဂါများမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။ ထိုမြင်ကွင်းမှာ အလွန်ပင် သွေးပျက်ဖွယ်ကောင်းပြီး ရက်စက်လွန်းလှသည်။
ချင်းဖျင်၏ ကိုယ်လုံးမှာ နောက်ဘက်သို့ လွင့်ထွက်သွားပြီး လေထဲမှာတင် အသက်ပျောက်သွားတော့သည်။ ထိုအလောင်းသည် ရှေ့သို့ တိုးဝင်လာသော မီးခိုးရောင် မြှားတစ်စင်းနှင့် တိုက်ရိုက် တိုးမိသွားသည်။
ထိုမီးခိုးရောင်မြှားမှာ ပြင်းထန်သော စွမ်းအားရှိရုံမက ကြောက်မက်ဖွယ်ကောင်းသော အဆိပ်နှင့် တိုက်စားနိုင်စွမ်းလည်း ရှိရာ အလောင်းကို အရှေ့မှ အနောက်သို့ အပေါက်ကြီးဖြစ်အောင် ဖောက်ထွက်သွားသည်။
အလောင်းမှာ အရှိန်မသေသေးဘဲ နံရံကို ဆောင့်မိကာ သွေးပန်းပွင့်ကြီးတစ်ခုပမာ ပွင့်ထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ချန်းယွင်ဖုန်းသည် သရဲတစ္ဆေတစ်ကောင်ပမာ ရှေ့သို့ ဒိုင်ဗင်ထိုးဝင်လိုက်ပြီး မှောင်ရိပ်ကျနေသော ထောင့်တစ်နေရာကို ပစ်မှတ်ထားကာ နောက်ထပ် လက်ဝါးတစ်ချက် ရိုက်လိုက်ပြန်သည်။
ထိုထောင့်တွင်မူ အရိပ်တစ်ခုမှာ မလှုပ်မယှက် တိတ်တဆိတ် ပုန်းအောင်းနေခဲ့ခြင်းပင်။
သို့သော် လက်ဝါးအရှိန်အဝါ မရောက်လာမီမှာပင် စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ဝင်းခနဲ ဖြစ်သွားသည်။
ချွမ်း…..
ထိုဓားအလင်းတန်းမှာ မျက်စိကျိန်းမတတ် တောက်ပနေပြီး ထက်မြက်လှသည့်အပြင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ ၎င်းသည် သူြအသက်နှင့် ရန်သူ့အသက်ကို လဲမည်ဟူသော အမူအရာဖြင့် ချန်းယွင်ဖုန်း၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်လာခြင်းပင်။
သူ့ကိုယ်သူ အထင်ကြီးလွန်းသော ချန်းယွင်ဖုန်းမှာမူ သူ၏ ဆံပင်တစ်ပင်ကပင် သူတစ်ပါးအသက်ထက် ပိုတန်ဖိုးရှိသည်ဟု ယူဆထားသူဖြစ်ရာ ထိုကဲ့သို့ အရှုံးပေါ်မည့် အကွက်မျိုးကို လုပ်မည်သူမဟုတ်ပေ။
သူသည် ခြေလှမ်းကို ရပ်လိုက်ပြီး ရိုက်ချက်ကို ဖမ်းဆွဲချက်အဖြစ် ပြောင်းလဲလိုက်သည်။ သူ၏လက်ဖဝါးပေါ်တွင် မည်းနက်သော စစ်မှန်သောချီစွမ်းအင်များမှာ သက်ရှိသတ္တဝါများပမာ ရစ်ပတ်နေပြီး ထိုဓားကို လက်ဗလာဖြင့် ဖမ်းဆွဲရန် ကြိုးစားလိုက်၏။
ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာတစ်ယောက်နှင့် သာမန်သိုင်းဆရာတစ်ယောက်၏ အဓိကကွာခြားချက်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် မဟုတ်ဘဲ စစ်မှန်သောချီစွမ်းအင်အပေါ်တွင်သာ မူတည်သည်။
စစ်မှန်သောချီစွမ်းအင်ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာများက အပြင်ဘက်တွင် အကြော၊ အရိုး၊ အရေပြားနှင့် အသားစိုင်များကို ကျင့်ကြံပြီး အတွင်းပိုင်းတွင် ကိုယ်တွင်းအင်္ဂါများကို သန့်စင်ကာ ခန္ဓာကိုယ်ကို သန့်စင်၍ ကြံ့ခိုင်စေခြင်းပင်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ သူ၏ သွေးသားအနှစ်သာရနှင့် ရောနှောပြောင်းလဲထားခြင်းပင်။
၎င်း၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှပြီး လေထဲမှတစ်ဆင့်ပင် လူကို ထိခိုက်ဒဏ်ရာရစေနိုင်သည်။ ဓားလှံများ၏ ဘေးမှပင် ကင်းဝေးစေနိုင်သလို လက်နက်များကိုလည်း လက်ဗလာဖြင့် ဖမ်းယူနိုင်စွမ်းရှိစေသည်။
အနည်းဆုံးတော့ သာမန်သိုင်းဆရာတစ်ယောက်မှာ ရန်သူကို ထိခိုက်စေရန် လက်နက် သို့မဟုတ် လက်သီးကိုသာ အားကိုးရသော်လည်း ပင်ကိုယ်စွမ်းရည်ရှင်မှာမူ အဝေးမှပင် တိုက်ခိုက်နိုင်သည်။ ထိုသူနှစ်ဦး ထိပ်တိုက်တွေ့ပါက ပင်ကိုယ်စွမ်းရည်ရှင်၏ အားသာချက်မှာ အဆမတန် ကြီးမားသည်။
"ချိုးရွှေဓား"
ချန်းယွင်ဖုန်းသည် ထိုဓားအလင်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး တည်ငြိမ်ခက်ထန်သော မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသူကို စိုက်ကြည့်လိုက်သည်။
"မင်းက ယန်ရှီဆန်းပဲ"
တစ်ချိန်တည်းမှာပင် သူသည် ထိုဓားအလင်းကို တိကျစွာ ဖမ်းဆွဲလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ချန်းယွင်ဖုန်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး အလျင်အမြန်ပင် နောက်သို့ ဆုတ်လိုက်ရတော့သည်။
သို့သော် နောက်ကျသွားခဲ့၏။
ထိုဓားအလင်းတန်းမှာ ပုန်ကန်နေသော ပင်လယ်နဂါးဆိုးတစ်ကောင်ပမာ သူမျှော်လင့်ထားသည်ထက် များစွာ ပိုမိုအစွမ်းထက်နေသည်။
ရှုး
ဓားအလင်းသည် ချန်းယွင်ဖုန်း၏ လက်ထဲမှ ရုန်းထွက်သွားပြီး သူ၏လက်ကို အရိုးထိအောင် လွယ်လင့်တကူ လှီးဖြတ်သွားသည်။ ထို့နောက် ညာဘက်ရင်အုပ်ထဲသို့ ထိုးစိုက်ဝင်သွားကာ သွေးအိုင်ကြီးဖြစ်အောင် မွှေနှောက်၍ ဖောက်ထွက်သွားတော့သည်။
တိုက်ကွက်တစ်ခု အောင်မြင်သွားသော်လည်း ကုယွမ်သည် ကျောရိုးတစ်လျှောက် ထူးဆန်းသောအအေးဓာတ်တစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် အမြန်ဆုံး နောက်သို့ ဆုတ်လိုက်သည်။
ဝူး... ဝူး... ဝူး...
သူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသည်နှင့် မည်းနက်သော စွမ်းအင်များ ဖုံးလွှမ်းနေသည့် လက်သည်းတစ်ခုမှာ သူရပ်ခဲ့သည့်နေရာကို ဝှေ့ယမ်းဖြတ်သန်းသွားသည်။
ထိုလက်သည်းမှ ထွက်ပေါ်လာသောအသံမှာ ရက်စက်သော ဝိညာဉ်ဆိုးများ၏ အော်ဟစ်သံကဲ့သို့ပင် နှလုံးသားကို တုန်လှုပ်စေသည်။
အကယ်၍ အချိန်မီ နောက်မဆုတ်ခဲ့ပါက သူ၏ ကိုယ်ခံပညာမှာ မည်မျှပင် အောင်မြင်နေပါစေ ဤလက်သည်းချက်က သူ့ကို အပိုင်းပိုင်းပြတ်သွားစေနိုင်သည်။
အခြား အထွတ်အထိပ်သိုင်းဆရာတစ်ယောက်သာဆိုလျှင် ဤတိုက်ကွက်ကြောင့် ကိုယ်ခန္ဓာတစ်ဝက် ပြတ်ထွက်သွားပြီး ထိုနေရာမှာတင် အသက်ပျောက်သွားမည်မှာ အသေအချာပင်။
"ကောင်းတယ် တကယ်ကို ကောင်းတယ်"
ချန်းယွင်ဖုန်းသည် သူ၏ရင်ဘတ်တွင် ဖြစ်ပေါ်နေသော လက်ဖက်ရည်ပန်းကန်လုံးခန့်ရှိသည့် သွေးပေါက်ကြီးကို ငုံ့ကြည့်လိုက်ရာ ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားနေသည်ကိုပင် မြင်နေရသဖြင့် သူ၏မျက်နှာမှာ မည်းမှောင်သွားသည်။
ဤကဲ့သို့သော ဒဏ်ရာမျိုးဖြင့်ဆိုလျှင် သာမန်လူတစ်ယောက်မှာ လဲကျသေဆုံးနေပြီဖြစ်သော်လည်း ချန်းယွင်ဖုန်းမှာမူ မျက်နှာအနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်သွားရုံသာ ရှိသည်။
သူသည် သူ၏ကြွက်သားများကို ထိန်းချုပ်ကာ သွေးထွက်အောင် ပိတ်ဆို့လိုက်ပြီး ကုယွမ်ကို အလွန်အန္တရာယ်ရှိသော အရှိန်အဝါများဖြင့် စိုက်ကြည့်နေတော့သည်။
ပင်ကိုယ်စွမ်းရည်ရှင်အဆင့်သို့ ရောက်ရှိသွားပါက လူတစ်ယောက်၏ အသက်စွမ်းအားမှာ ပိုးဟပ်တစ်ကောင်ကဲ့သို့ပင် အလွန်ပင် ကြံ့ခိုင်လာတတ်သည်။
ကြွက်သားများ ပြဲထွက်သွားခြင်း သို့မဟုတ် ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားခြင်းမှာ အလွန်အမင်း ပြင်းထန်ခြင်းမရှိပါက အသက်အန္တရာယ်ကို မစိုးရိမ်ရပေ။ နှလုံးကို ထိုးဖောက်ခံရလျှင်ပင် ချက်ချင်း သေဆုံးမည်မဟုတ်ချေ။
"ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတဲ့အတွက်... မင်း သေရမယ်"
စကားမဆုံးမီမှာပင် ချန်းယွင်ဖုန်း၏ အသံမှာ အရိုးထဲထိ အေးစိမ့်သွားစေကာ ရှေ့သို့ တိုးဝင်လာတော့သည်။
ဝှူး
သူ၏ မြန်ဆန်လှသော အရှိန်ကြောင့် ဂူအတွင်းရှိ လေထုမှာ လေဆင်နှာမောင်းတစ်ခုပမာ လှုပ်ခတ်သွားပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များနှင့် ကျောက်ခဲများကို လွင့်စင်သွားစေသည်။ ထို့နောက် ချန်းယွင်ဖုန်းသည် လက်ဝါးကို မြှောက်ကာ ကုယွမ်ဆီသို့ တွန်းထုတ်လိုက်သည်။
ဝုန်း—
ဤလက်ဝါးအရှိန်အဝါအောက်တွင် လေထုမှာ ခဲသွားသကဲ့သို့ ဖြစ်သွားပြီး သံမဏိနံရံတစ်ခုပမာ တောင်ကျရေတံခွန်နှင့် ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ဖိအားပေးလာသည်။
ဤလက်ဝါးရိုက်ချက်အောက်တွင် သံဖြင့်ပြုလုပ်ထားသော လူတစ်ယောက်ပင်လျှင် သံပြားဖြစ်သွားနိုင်သည်။
သို့သော် ကုယွမ်မှာ သံလူသား မဟုတ်ပေ။ နက်မှောင်သောလိပ်ချပ်ဝတ်ကျင့်စဉ်ကို အစွမ်းကုန် အသုံးပြုထားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ သံမဏိထက်ပင် များစွာ ပိုမိုမာကျောနေပြီ ဖြစ်သည်။