← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း။ ၈၇

ဂျွတ် ဂျွတ် ဂျွတ်

ကုယွမ်၏ ခန္ဓာကိုယ်အတွင်း၌ ကြွက်သားနှင့် အရိုးများမှာ တုန်ခါသွားပြီး သံနှင့်သံချင်း ရိုက်ခတ်မိသကဲ့သို့ တဝီဝီအသံများ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်လုံးမှာ တစ်ဆိုဒ်ခန့် ပိုမိုကြီးထွားလာပြီး တစ်ကိုယ်လုံးရှိ အရေပြားများမှာ ချောမွတ်နေသော်လည်း အလွန်ပင် ကြံ့ခိုင်လှသည်။ ညိုမှိုင်းသော အရေပြားအောက်တွင် ယှက်နွယ်နေသော ကြွက်သားအဖုအထစ်များမှာ အထင်အရှားပင်။

သူ၏ ကြွက်သားများမှာ ကျစ်လျစ်သွားပြီး ကျောပြင်ပေါ်တွင် လိပ်ခွံပုံစံ အမှတ်အသားများ မှိန်ပျပျ ပေါ်လာကာ ရှေးကျသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

ယခုမူ သူသည် ညိုမှိုင်းသော အရောင်ရှိသည့် ဘီလူးကြီးတစ်ကောင်ပမာ ခန့်ညားထည်ဝါလှပြီး ချန်းယွင်ဖုန်းထက် မနိမ့်ကျသော ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်နေတော့သည်။

ကုယွမ်၏လက်ထဲရှိ ချိုးရွှေဓားမှာလည်း သက်ရှိတစ်ခုပမာ ဖြစ်လာသည်။

၎င်းသည် စူးရှစွာ တုန်ခါနေပြီး တောက်ပသော အလင်းတန်းများကို စုစည်းကာ အနှိုင်းမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ချန်းယွင်ဖုန်း၏ လက်ဝါးရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဒီကောင်က သာမန်သိုင်းဆရာ မဟုတ်ဘူးလား...

ကုယွမ်၏ အံ့မခန်း အရှိန်အဝါကို မြင်လိုက်ရသောအခါ ချန်းယွင်ဖုန်း၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဖြတ်ပြဲသွားသည်။

ထို့နောက် သူ၏ လက်ဝါးအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ဓားအလင်းတန်းဆီသို့ ဖိနှိပ်လိုက်တော့သည်။

ဝုန်း

ကုယွမ်သည် မျက်စိရှေ့တွင် မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ရှည်လျားသော ဓားသည် ထူထဲသော သံမဏိနံရံကြီးတစ်ခုကို ထိုးစိုက်မိသွားသကဲ့သို့ပင်။

တန်ပြန်လာသော အရှိန်ကြောင့် သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အသားမှာ ပြဲထွက်သွားပြီး သွေးများ စီးကျလာကာ လက်မောင်းတစ်ခုလုံးလည်း နာကျင်ကာ ကိုက်ခဲသွားတော့သည်။

သူသည် ဟန်ချက်ပျက်ကာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။ မာကျောသော ကျောက်သားမြေပြင်မှာပင် သူ၏ ခြေရာများမှာ တို့ဖူးကဲ့သို့ နက်ရှိုင်းစွာ ကျန်ရစ်ခဲ့၏။

ယုတ်မာညစ်ထမ်းသော စွမ်းအင်တစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး ဖြတ်သန်းသွားသမျှ နေရာတိုင်းရှိ သွေးသားများကို ခဲသွားစေသည်။ ကုယွမ်သည် သူ၏ စွမ်းအင်အားလုံးကို အလျင်အမြန် စုစည်းလိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ မီးဖိုကြီးတစ်ခုပမာ အပူရှိန်များ တရဟော ထွက်ပေါ်လာသည်။

အစွမ်းကုန် ကြိုးစားလိုက်ပြီးနောက်မှသာ ထိုအပူရှိန်ဖြင့် အေးစိမ့်သော စွမ်းအင်များကို လောင်ကျွမ်း၍ ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ဒါက ချန်းယွင်ဖုန်းရဲ့ စစ်မှန်သောချီစွမ်းအင်ပဲ ဖြစ်ရမယ်။

သာမန်သိုင်းဆရာနှင့် ပင်ကိုယ်စွမ်းရည်ရှင်တို့၏ တိုက်ပွဲတွင် စစ်မှန်သောချီစွမ်းအင် ကွာခြားချက်တစ်ခုတည်းနှင့်ပင် အကြီးအကျယ် ရှုံးနိမ့်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ခံစွမ်းအားမှာ သာမန်သိုင်းဆရာများထက် များစွာ သာလွန်နေသဖြင့်သာ ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိခဲ့ခြင်းပင်။

အခြားတစ်ဖက်တွင်မူ ချန်းယွင်ဖုန်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းသွားသည်။ သူ၏ လက်မောင်းတစ်ဖက်မှာ အလယ်မှနေ၍ ဒေါင်လိုက် ပြတ်ထွက်သွားပြီး သွေးများမှာလည်း အဆက်မပြတ် ပန်းထွက်နေကာ ဘေးသို့ တွဲလောင်းကျနေတော့သည်။

ချန်းယွင်ဖုန်းသည် ပင်ကိုယ်စွမ်းရည်ရှင် တစ်ယောက်ဖြစ်သဖြင့် ခန္ဓာကိုယ်ကို စစ်မှန်သောချီစွမ်းအင်ဖြင့် ကာကွယ်ထားနိုင်ပြီး အခြားသူများ၏ လက်နက်ဖြင့် အခုတ်ခံရခြင်းကို ခံနိုင်ရည်ရှိသော်လည်း ကုယွမ်မှာ သာမန်သိုင်းဆရာ မဟုတ်ပေ။

ကုယွမ်၏ ခွန်အားမှာ သာမန်ပင်ကိုယ်စွမ်းရည်ရှင်ထက် မနိမ့်ကျသည့်အပြင် ပို၍ပင် အားကောင်းနိုင်သေးသည်။ ထို့ပြင် ချိုးရွှေဓားမှာလည်း အလွန်ထက်မြက်သော လက်နက်ကောင်းတစ်ခု ဖြစ်သည်။

အစွမ်းကုန် ထုတ်သုံးလိုက်သောအခါ ကုယွမ်သည် ချန်းယွင်ဖုန်း၏ စစ်မှန်သောချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးအရှိန်အဝါကို ဖောက်ခွဲနိုင်ခဲ့ရုံသာမက သူ၏ လက်မောင်းတစ်ဖက်ကိုလည်း အသုံးမရအောင် လုပ်နိုင်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာကို ပေးနိုင်ခဲ့သည်။

ဝှူး—

ရုတ်တရက်ဆိုသလို ဖြူဖွေးသော အရိပ်တစ်ခုမှာ ချန်းယွင်ဖုန်း၏ အနီးမှ လျှပ်စီးပမာ ဖြတ်သန်းသွားသည်။ ၎င်း၏ အရှိန်မှာ အလွန်မြန်လှသဖြင့် ချန်းယွင်ဖုန်းပင် မတုံ့ပြန်နိုင်ဘဲ မျက်စိထဲတွင် ဝေဝါးသွားကာ အမှောင်ကျသွားပြီးနောက် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

"အား"

သူသည် ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် မျက်လုံးကို အုပ်ကာ အသည်းအသန် အော်ဟစ်တော့သည်။ သို့သော် သွေးများမှာ သူ၏ လက်ချောင်းကြားမှ စီးကျနေဆဲပင်။

ကျိ ကျိ ကျိ

ဖြူဖွေးသော အရိပ်မှာ မလှမ်းမကမ်းတွင် ရပ်တန့်သွားပြီး နှင်းကဲ့သို့ ဖြူစင်သော ကြွက်

ကလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အားဟွမ်ပင်။

၎င်းသည် သူ၏ ထက်မြက်သော လက်သည်းလေးများကို ဝှေ့ယမ်းရင်း ဂုဏ်ယူနေသည့်ပုံစံဖြင့် အော်ဟစ်နေ၏။ ၎င်း၏ တိုက်ခိုက်မှု အချိန်အခါမှာ တကယ်ကို ကွက်တိပင်။

ချန်းယွင်ဖုန်းနှင့် ကုယွမ်တို့ တိုက်ခိုက်ပြီးစ နှစ်ယောက်လုံး ဒဏ်ရာရကာ အားနည်းနေချိန်ကို ရွေးချယ်ခဲ့ခြင်းပင်။ ထိုအချိန်တွင် ချန်းယွင်ဖုန်းမှာ သတိကြီးစွာ ထားနေသော်လည်း သူ၏ အာရုံအချို့မှာ မလှမ်းမကမ်းရှိ သံကျောကုန်း ကင်းခြေများကြီးဆီသို့ ရောက်နေခဲ့ခြင်းပင်။

ထိုကင်းခြေများကြီးမှာ အပေါ်ယံ အာရုံလွှဲရန်သာ ဖြစ်ပြီး အမှောင်ထဲတွင် နောက်ထပ် မိစ္ဆာတစ်ကောင် ပုန်းအောင်းနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

အန္တရာယ်ကို သတိပြုမိသွားသောအခါ ချန်းယွင်ဖုန်းသည် ဒေါသတကြီး အော်ဟစ်ရင်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။

"ယန်ရှီဆန်း မင်းက ဓားသမားတစ်ယောက် ဖြစ်ပြီးတော့ နောက်ကွယ်ကနေ ခိုးတိုက်ရုံတင်

မကဘူး။ လူအင်အားနဲ့ပါ အနိုင်ကျင့်နေတာလား။ ဒီလိုမျိုး အောင်နိုင်မှုက မထိုက်တန်ဘူး။ ဒါက သိုင်းလောကသားတွေအတွက် အရှက်ရစရာပဲ"

"မထိုက်တန်တဲ့ အောင်နိုင်မှု ဟုတ်လား"

ကုယွမ်က သူ၏လည်ပင်းကို တစ်ချက်လှည့်လိုက်ရာ အရိုးများမှာ ဂျောက်ခနဲ မြည်သွားပြီး မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"ရယ်စရာပဲ... မင်းလိုလူစားမျိုးကို နှိမ်နင်းဖို့အတွက် ငါက သိုင်းလောကရဲ့ တစ်ယောက်ချင်းဆိုင်ရာ စည်းမျဉ်းတွေကို ပြောနေဖို့ လိုဦးမလား"

"ဒါတင်မကဘူး... ပင်ကိုယ်စွမ်းရည်ရှင် သိုင်းဆရာဖြစ်တဲ့ မင်းက သာမန်သိုင်းဆရာဖြစ်တဲ့ ငါ့ကို တိုက်ခိုက်နေတာတောင် ဒီလိုစကားမျိုး ပြောထွက်ဖို့ မင်းမျက်နှာက ဘယ်လောက်တောင် ထူနေလို့လဲ"

သူက ပြောပြောဆိုဆိုနှင့် အားဝူကို အချက်ပြလိုက်သည်။

အားဝူသည် ချက်ချင်းပင် နားလည်သွားပြီး ချန်းယွင်ဖုန်းဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားကာ သူ၏ခန္ဓာကိုယ်ပေါ်မှ မီးခိုးရောင် အဆိပ်ငွေ့များကို စုစည်းလိုက်တော့သည်။

သံကျောကုန်း ကင်းခြေများကြီးမှာ ယခုအခါ သုံးပေကျော်ခန့် ရှည်လျားနေပြီး သူ၏ သံပြာရောင် အခွံမှာလည်း ပိုမိုခိုင်မာကာ သံမဏိရောင်ဖြင့် ပြောင်လက်နေသည်။ သူ၏ ထက်မြက်သော ခြေလက်များမှာလည်း သံချိတ်များပမာ အေးစိမ့်သော အလင်းများ ဖြာထွက်နေ၏။

အစပိုင်းနှင့် နှိုင်းယှဉ်လျှင် သူ၏ပုံပန်းသဏ္ဌာန်မှာ ပိုမိုကြမ်းတုတ် ရက်စက်လာပြီး ထူးခြားသော အလှတရားတစ်ခု ရှိနေသည်။

"နေဦး"

ချန်းယွင်ဖုန်းမှာ မျက်စိကွယ်သွားသော်လည်း ပင်ကိုယ်စွမ်းရည်ရှင် တစ်ယောက်ဖြစ်သည့်အတွက် သိမ်မွေ့သော အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ရာ သူ၏နှလုံးသားမှာ တင်းကျပ်သွားတော့သည်။

"ညီအစ်ကိုယန်... တကယ်တော့ မင်း ငါ့ကို သတ်ဖို့ မလိုပါဘူး။ ငါ့အဖေနဲ့ ငါ့ညီကို မင်းသတ်ခဲ့တာ မှန်ပေမဲ့ ငါ့ရဲ့ စိတ်အဓိဋ္ဌာန်နဲ့ ငါကျိန်ဆိုရဲပါတယ်။ မင်းကို ဘယ်တော့မှ ပြဿနာမရှာပါဘူး။ မင်းသာ ငါ့ကို အသက်ချမ်းသာခွင့်ပေးမယ်ဆိုရင် ငါ့ဆရာရဲ့ လော့ရှာကျမ်းကို ရေးပြီး မင်းကို ပေးပါ့မယ်။ ဘယ်လိုလဲ"

မည်သူမျှ မလိုအပ်ဘဲ အရှုံးမခံလိုကြပေ။ သူ၏မျက်လုံးများ ကွယ်သွားပြီဖြစ်ရာ ဆက်လက်တိုက်ခိုက်နေခြင်းမှာ ကောင်းကျိုးမရှိနိုင်သဖြင့် ရန်သူကို ခေတ္တမျှ ချော့မော့ထားရန် ကြိုးစားခြင်းပင်။

"လော့ရှာကျမ်း"

ကုယွမ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုကျမ်းမှာ လျှို့ဝှက်ဆန်းပြားသော အဘိုးကြီး ကျင့်ကြံသည့် ကျင့်စဉ်ပင်။

စစ်မှန်သော တာအိုကျင့်စဉ်တစ်ခု၏ ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှသော်လည်း ထိုကဲ့သို့သော ရတနာမျိုးကို အဘိုးကြီးက ချန်းယွင်ဖုန်းအား အပြည့်အဝ သင်ကြားပေးလိမ့်မည်ဟု ကုယွမ် မယုံကြည်ပေ။

ထို့အပြင် ချန်းယွင်ဖုန်းတွင် ထိုအရာ ရှိနေလျှင်ပင် ကုယွမ်ကို စိတ်ရင်းမှန်ဖြင့် ပေးအပ်

လိမ့်မည်ဟုလည်း သူ မယုံကြည်ပေ။

၎င်းပြင် သူလာခဲ့ခြင်းမှာ သတ်ဖြတ်ရန်ဖြစ်ပြီး ကျင့်စဉ်တစ်ခုအတွက် မဟုတ်ချေ။

"လော့ရှာကျမ်းကို လိုချင်ရင် နောက်ပိုင်းမှာ အဲဒီအဘိုးကြီးဆီကနေ အလွယ်တကူ ရယူနိုင်တာပဲ မဟုတ်လား"

ချန်းယွင်ဖုန်းက ကုယွမ် စိတ်ဝင်စားသွားသည်ဟု ထင်မှတ်ကာ အလျင်အမြန် ရှင်းပြလိုက်

ပြန်သည်။

"ဒါက တကယ့်ကို စစ်မှန်တဲ့ တာအိုကျင့်စဉ်ပဲ။ ကမ္ဘာပေါ်မှာ အလွန်ရှားပါးတဲ့ မြေကမ္ဘာအဆင့်ရှိတဲ့ ကျမ်းတစ်စောင်ဖြစ်ပြီး ရွှေအမြုတေအဆင့်အထိ တိုက်ရိုက် လမ်းညွှန်ပေးနိုင်တာ။ ဒါတင်မကသေးဘူး ဒီနည်းလမ်းက... အား"

စကားမဆုံးမီမှာပင် အားဝူက သူ၏ခြေထောက်ကို ရုတ်တရက် ကိုက်လိုက်သည်။ ချန်းယွင်ဖုန်း၏ တစ်ကိုယ်လုံးသို့ မီးခိုးရောင်များ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်မှာ ထုံကျဉ်ကာ အားအင်ကုန်ခမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။

"အား ငါ မင်းကို သတ်ပစ်မယ်"

ချန်းယွင်ဖုန်းမှာ အံ့အားသင့်ကာ ဒေါသထွက်သွားပြီး သူ၏ချောမောသော မျက်နှာမှာလည်း ရှုံ့မဲ့၍ ပုံပျက်သွားတော့သည်။ သူ၏နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဟိန်းဟောက်လိုက်ကာ သူ၏ စစ်မှန်သောချီစွမ်းအင်များကို ပေါက်ကွဲစေပြီး သံကျောကုန်း ကင်းခြေများကြီးကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

အားဝူ၏ အခွံမှာ မာကျောလှသော်လည်း ထိုလက်ဝါးရိုက်ချက်အောက်တွင် အက်ကွဲသွားပြီး နက်ရှိုင်းသော လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။ အားဝူ၏ ကိုယ်လုံးမှာ လွင့်ထွက်သွားပြီး ကျောက်နံရံကို ဆောင့်မိကာမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ချွန်း——

ထိုစဉ်မှာပင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော တောက်ပသည့် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ဂူတစ်ခုလုံးကို နှင်းကဲ့သို့ ဖြူဖွေးသွားစေသည်။

ချန်းယွင်ဖုန်းမှာ မျက်စိကွယ်နေသော်လည်း ယခုအခါ သတ်ဖြတ်လိုစိတ်များ၏ လှုံ့ဆော်မှုကြောင့် သူ၏မျက်စိများ ပြန်မြင်လာသကဲ့သို့ပင် ထိုဓားအလင်းတန်းမှာ သူ့ကို သတ်ရန် တည့်တည့်လာနေသည်ကို မြင်လိုက်ရသည်။

သူသည် ထိတ်လန့်သွားပြီး အမွေးအမှင်များ ထောင်ထသွားကာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ကာ ထိုအချိန်တွင် သူ၏ အရှိန်ဟောင်းမှာ ကုန်ဆုံးနေပြီး အားသစ်မှာလည်း မပေါ်သေးချေ။

ထို့အပြင် အဆိပ်မိထားသည့်အတွက် သူ၏ စစ်မှန်သောချီစွမ်းအင်ဖြင့် ဖိနှိပ်ထားသော်လည်း တစ်ကိုယ်လုံးမှာ ပို၍ပို၍ ထုံကျဉ်လာကာ အရိုးနှင့်အသားများမှာ ပျော့ခွေလာတော့သည်။ အချိန်အခါအရသော်လည်းကောင်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရသော်လည်းကောင်း အခြား မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်တော့ပေ။

အခန်း။ ၈၈

ရှုး—

ပိုးသားကို ဆွဲဖြဲလိုက်သည့်အလား အသံတစ်သံ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပင် ချန်းယွင်ဖုန်းသည် သူ၏လည်ပင်းတွင် အေးစိမ့်သွားသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးမှာ လေထဲတွင် ဝဲပျံနေသကဲ့သို့ ပေါ့ပါးသွားကာ သတိတရားများမှာ တဖြည်းဖြည်း မှေးမှိန်၍ ပျောက်ကွယ်သွားတော့သည်။

ဘုန်း

ခေါင်းမရှိတော့သော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း သွေးပူတုန်းမို့ တုန်ခါနေဆဲဖြစ်ကာ သွေးများ တရဟော ပန်းထွက်နေဆဲပင်။ လေထဲသို့ လွင့်စင်သွားသော ဦးခေါင်းသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာရာ ကုယွမ်၏ ခြေရင်းသို့ ကွက်တိပင် ရောက်ရှိလာတော့သည်။

"ဒီကောင်ရဲ့ အရိုးတွေက တကယ်ကို မာတာပဲ..."

ကုယွမ်သည် လက်ကို ခါလိုက်ရာ ချိုးရွှေဓားပေါ်ရှိ သွေးစအချို့မှာ လွင့်စင်သွားပြီး ဓားသွားမှာ တစ်ချက်ပင် မထင်ဘဲ ပြန်လည် ဝင်းလက်လာသည်။ သူ၏ စကားမှာ စကားအဖြစ် ပြောဆိုခြင်းမဟုတ်ဘဲ လက်တွေ့အတိုင်း ပြောဆိုခြင်းပင်။

စောစောက သူ၏ ရှည်လျားသော ဓားသည် ချန်းယွင်ဖုန်း၏ အရိုးများကို ထိမိသွားချိန်တွင် စိန်ကို ခုတ်မိသကဲ့သို့ ခံစားလိုက်ရသဖြင့် အတော်လေးပင် အားစိုက်လိုက်ရသည်။ သို့သော် ထိုလူမှာ သေဆုံးသွားပြီဖြစ်၍ ၎င်းမှာ လော့ရှာကျမ်းကို ကျင့်ကြံထားခြင်းကြောင့် ဖြစ်ပေလိမ့်မည်ဟု ကုယွမ်က တွေးတောကာ များများစားစား ဂရုမစိုက်တော့ပေ။

သူသည် တိုက်ပွဲဝင် ပစ္စည်းများကို သိမ်းဆည်းရန် အလျင်မလိုသေးဘဲ အားဝူကို အရင်ဆုံး ကြည့်လိုက်သည်။ အားဝူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ဒဏ်ရာရထားသော်လည်း လှုပ်ရှားနိုင်သေးကာ အသက်အန္တရာယ် မရှိသည်ကို တွေ့ရသဖြင့် စိတ်အေးသွားရသည်။ ကံကောင်းသည်မှာ ချန်းယွင်ဖုန်းသည် ပြင်းထန်သော ဒဏ်ရာရထားပြီး အဆိပ်မိထားသဖြင့် အကောင်းဆုံး အခြေအနေတွင် မရှိခြင်းကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက အားဝူ၏ ဒဏ်ရာမှာ ယခုထက် ပိုမို ပြင်းထန်နိုင်သည်။

"ဒါ မင်းဘာသာမင်း ရှာတဲ့ ဒုက္ခပဲ မဟုတ်လား"

အားဝူ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ကုယွမ်က ဆူပူလိုက်သည်။

"ငါ မင်းကို အရင်ကတည်းက သတိပေးခဲ့သားပဲ။ ဒါပေမဲ့ မင်းက နားမထောင်ဘူး။ မင်းရဲ့ အဆိပ်မြှားတွေကို သုံးပြီး အဝေးကနေ တိုက်ခိုက်ရမယ့်အစား အနီးကပ် သွားတိုက်တော့ ခုတော့ ဒဏ်ရာရပြီ မဟုတ်လား"

ထိုသို့ ပြောဆိုသော်လည်း သခင်တစ်ယောက်အနေဖြင့် သူသည် သူ၏လက်အောက်ငယ်သားများကို ထိုက်သင့်သော ဆုလာဘ်များ ပေးရပေမည်။ အားဝူသည် အမှုထမ်းကောင်းခဲ့သလို ဒဏ်ရာလည်း ရခဲ့သဖြင့် ကောင်းမွန်သော ဆုတစ်ခု လိုအပ်သည်။

သူတို့ ပြန်ရောက်လျှင် နျူးဝါဆေးပင် အပိုင်းအစကြီးတစ်ခုကို လျော်ကြေးအဖြစ် ပေးမည်ဟု ကုယွမ်က ကတိပေးလိုက်သောအခါမှ အားဝူသည် သူ၏ အာရုံခံမှင်လေးများကို လှုပ်ယမ်းကာ ပြန်လည် တက်ကြွလာတော့သည်။

ကျိ... ကျိ... ကျိ

ထိုအချိန်တွင် အားဟွမ်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး ၎င်း၏အသံမှာ သတိပေးချက်များ ပြည့်နှက်နေသည်။ ၎င်းသည် ကုယွမ်ကို သတိပေးနေခြင်းပင်။

"ဟင်"

ကုယွမ်သည် တစ်ခုခု မှားနေပြီဖြစ်ကြောင်း သတိပြုမိသွားပြီး လက်ထဲရှိ ချိုးရွှေဓားမှာ တုန်ခါသွားကာ မြေပြင်ပေါ်ရှိ အလောင်းကို အာရုံစိုက် စိုက်ကြည့်လိုက်သည်။ ထိုအခါမှ ချန်းယွင်ဖုန်း၏ အလောင်းမှာ တိတ်တဆိတ် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေသည်ကို ကုယွမ် သတိထားမိလိုက်တော့သည်။

တစ်ချိန်က သန်မာထွားကြိုင်းခဲ့သော ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပိန်ချောင်သွားပြီး သွေးသားများမှာလည်း ရေဓာတ်နှင့် အနှစ်သာရများ ကုန်ခမ်းသွားသကဲ့သို့ ခြောက်သွေ့သွားတော့သည်။ ပြတ်ထွက်နေသော ဦးခေါင်းသည်လည်း ညိုဝါရောင် အရေပြားများ ဖုံးလွှမ်းနေသော ဦးခေါင်းခွံတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ထူးဆန်းသည်မှာ ၎င်း၏ ပါးစပ်မှာ လှုပ်ရှားနေပြီး သက်ရှိတစ်ခုပမာ ဖြစ်နေခြင်းပင်။

တစ်ချိန်တည်းမှာပင် ခေါင်းမရှိသော ကိုယ်လုံးသည် အနည်းငယ် တုန်ခါသွားပြီး ၎င်းကို ဖုံးအုပ်ထားသော ခြောက်သွေ့သည့် အရေပြားနှင့် အသားစိုင်များမှာ အမှုန့်များအဖြစ် ကြေမွကာ ကွာကျလာတော့သည်။

အသားအားလုံး ကွာကျသွားသောအခါ ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ဖြူစင်ဝင်းလက်နေသော အရိုးစုတစ်ခုသာ ကျန်ရစ်တော့ရာ ထူးဆန်းသော အလှတရားတစ်ခုကို ထုတ်လွှတ်နေသည်။

ဦးခေါင်းခွံမှာလည်း ထိုနည်းတူပင် ကျောက်စိမ်းကဲ့သို့ ဝင်းလက်နေပြီး သွားများမှာလည်း ဖန်သားကဲ့သို့ ကြည်လင်နေကာ မီးတုတ်အလင်းအောက်တွင် မှိန်ပျပျ တောက်ပနေသည်။

၎င်းသည် လူသေအရိုးနှင့် မတူဘဲ လက်ရာမြောက်သော အနုပညာပစ္စည်းတစ်ခုနှင့် ပို၍တူနေသည်။ သို့သော် ကုယွမ်၏ မျက်လုံးထဲတွင်မူ ဤအရိုးစုမှာ ယုတ်မာသော အငွေ့အသက်များကို ထုတ်လွှတ်နေဆဲပင်။

သို့သော် သူသည် ခပ်လွယ်လွယ်ဖြင့် အနားသို့ မချဉ်းကပ်ဝံ့သေးချေ။

ထူးခြားသော အဖြစ်အပျက်ရှိလျှင် ထူးဆန်းသော အကြောင်းရင်း ရှိရမည်ပင်။

ထိုအချိန်တွင် အကောင်းဆုံးနည်းလမ်းမှာ အခြေအနေကို စောင့်ကြည့်ရန်သာဖြစ်သည်။ ချန်းယွင်ဖုန်းအနေဖြင့် ဤအခြေအနေအထိ ရောက်နေပြီဖြစ်ရာ ပြန်လည်ရှင်သန်လာနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

ဤပြောင်းလဲမှုများသည် သူ၏ဆရာဖြစ်သူ လျှို့ဝှက်ဆန်းပြားသောအဘိုးကြီး ရွှမ်းယိုက တစ်ခုခုပြုလုပ်ထားခြင်းကြောင့် ဖြစ်နိုင်ခြေများသည်။

ရွှမ်းယိုကလွဲလို့ ဒီလိုအစွမ်းမျိုး ဘယ်သူ့မှာ ရှိနိုင်ဦးမှာလဲဟု ကုယွမ် စဉ်းစား၍မရပေ။

ထင်ထားသည့်အတိုင်းပင်။

နောက်တစ်စက္ကန့်တွင် ခေါင်းမရှိသော အရိုးစုသည် မတ်တပ်ရပ်လာပြီး ၎င်း၏အရိုးလက်သည်းများဖြင့် မြေပြင်ပေါ်တွင် စမ်းတဝါးဝါး ရှာဖွေနေတော့သည်။ ဦးခေါင်းခွံကို တွေ့ရှိသွားသောအခါ ကောက်ယူလိုက်ပြီး လည်ပင်းရိုးပေါ်သို့ ပြန်တင်ရန် ကြိုးစားနေ၏။

ဝှူး

ရုတ်တရက်ဆိုသလို အနက်ရောင်အလင်းတန်းတစ်ခု ပျံသန်းလာပြီး ဦးခေါင်းခွံကို ထိမှန်သွားရာ စူးရှသောအသံနှင့်အတူ မီးပွားများ ထွက်ပေါ်လာပြီး ဘေးသို့ လွင့်စင်သွားစေသည်။ ထိုအနက်ရောင်အလင်းမှာ ကျောက်နံရံကို ဆောင့်မိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

၎င်းမှာ အနက်ရောင် သံမြှားတစ်စင်းပင်။

အရိုးစုမှာ ခေတ္တမျှ ရပ်တန့်သွားပြီး ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပုံပင်။ ဦးခေါင်းခွံ၏ မေးရိုးများမှာ တဂျောက်ဂျောက် မြည်နေပြီး ဟောင်းလောင်းဖြစ်နေသော မျက်လုံးအိမ်များထဲတွင် မှိန်ပျပျ ဝိညာဉ်မီးအလင်းတန်းများ ဖြတ်ပြေးသွားရာ ကုယွမ်မှာ တစ်စုံတစ်ခု၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ထူးဆန်းသော ခံစားချက်ကို ရရှိလိုက်သည်။

ထိုဦးခေါင်းခွံတွင် သီးခြားအသိစိတ်တစ်ခု ရှိနေပုံပင်။ သို့သော် ကုယွမ်ကို ပို၍စိတ်ဝင်စားစေသည်မှာ ထိုအရိုးစုကိုယ်တိုင်ပင်။

စောစောက သူသည် ချန်းအိမ်တော်၏ အိမ်ထောင်ဦးစီး ချန်းချိန်ထံမှ ရရှိထားသော ကျွမ်းကျင်စွာ ဒီဇိုင်းထုတ်ထားသည့် လက်မောင်းမြှားကို အသုံးပြုခဲ့ခြင်းပင်။

၎င်း၏ စွမ်းအားမှာ အလွန်ကြီးမားလှပြီး မီတာသုံးဆယ်အကွာမှ တစ်လက်မအထူရှိသော သံပြားကိုပင် ဖောက်ထွက်နိုင်သည်။ ထိုမြှားများကို သန့်စင်ထားသော သံဖြင့် ပြုလုပ်ထားသဖြင့် အလွန်ထက်မြက်လှသည်။ ၎င်းသည် အလွန်ကောင်းမွန်သော ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ရေးလက်နက်တစ်ခု ဖြစ်သည်။

သို့သော် ထိုကဲ့သို့သော အရာဖြင့် ပစ်ခတ်လိုက်သော်လည်း ဦးခေါင်းခွံမှာ လုံးဝထိခိုက်ခြင်းမရှိဘဲ အမှတ်အသားတစ်ခုပင် ထင်ကျန်ရစ်ခြင်း မရှိပေ။ ဤအရိုးစုမှာ မည်မျှအထိ မာကျောနေသနည်း။ ချိုးရွှေဓားဖြင့်ပင် ဖြတ်တောက်နိုင်ပါ့မလားဟု သူ မသေချာတော့ပေ။

ကုယွမ်သည် ထူးဆန်းသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

"ဒီအရိုးစုဟာ ရွှမ်းယို ဖန်တီးထားတဲ့ မိစ္ဆာရုပ်သေးတစ်ရုပ်များလား။ ဝိညာဉ်တစ်ခုလိုမျိုးပဲ"

ထိုသို့ တွေးမိခြင်းမှာ ထိုအရိုးစုသည် လှုပ်ရှားနေရုံသာမက ပြင်းထန်သော ဝိညာဉ်အလင်းတန်းများကိုပါ ထုတ်လွှတ်နေသည်ကို ကုယွမ် သတိပြုမိသောကြောင့်ပင်။

ဤအချက်က အရိုးစု၏ အရိုးတစ်ခုချင်းစီမှာ ဝိညာဉ်ပစ္စည်းများ ဖြစ်နေကြောင်း ညွှန်ပြနေသည်။

ကုယွမ်၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေစဉ်မှာပင် ခေါင်းမရှိသော အရိုးစုသည် ဦးခေါင်းခွံကို အလျင်အမြန် ကောက်ယူကာ လည်ပင်းရိုးပေါ်တွင် တပ်ဆင်လိုက်ရာ ပြည့်စုံသော အရိုးစုတစ်ခု ဖြစ်သွားတော့သည်။

၎င်းတွင် အသိဉာဏ် သိပ်ရှိပုံမရဘဲ ကုယွမ်ကို လုံးဝ လျစ်လျူရှုကာ ဂူအပြင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်ခွာသွားတော့သည်။ ၎င်း၏အရှိန်မှာ အားဟွမ်နှင့်ပင် မရှေးမနှောင်းပင်။

ကုယွမ်သည် ၎င်းကို တားဆီးရန် ဓားကို ဝှေ့ယမ်းလိုက်သော်လည်း အရိုးစုမှာ ရှောင်တိမ်းခြင်းမရှိဘဲ အခုတ်ခံလိုက်သည်။

ချွန်း

ချိုးရွှေဓားသည် အရိုးစု၏ ရင်ဘတ်ကို ထိမှန်သွားပြီး အရိုးနှင့်ဓား ထိမိသည့်နေရာတွင် မီးပွားများ ထွက်လာကာ အဖြူရောင် အစင်းကြောင်းလေးတစ်ခုသာ ထင်ကျန်ရစ်ခဲ့သည်။

အရိုးစုမှာ အနည်းငယ် ယိုင်သွားပြီး ခေတ္တမျှ ရပ်တန့်သွားသော်လည်း သူ၏ အရှိန်ကို ဆက်ထိန်းကာ ဂူအပြင်ဘက်သို့ ထွက်ခွာသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ကျိ ကျိ ကျိ

အားဟွမ်၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ နောက်မှ လိုက်လံဖမ်းဆီးတော့သည်။ ဤကဲ့သို့သော ရတနာမျိုးကို အလွတ်မပေးလိုပုံပင်။ သိသာသည်မှာ ရတနာများ စုဆောင်းလိုသော ၎င်း၏ ဗီဇမှာ အလုပ်လုပ်သွားခြင်းပင်။

"ကောင်းပြီလေ... နောက်က လိုက်သွားပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့ မမေ့နဲ့ဦး။ အန္တရာယ်နဲ့ တွေ့ရင် အမြန်ပြေး ဇွတ်အတင်း မတိုက်နဲ့ဦး"

ထိုမြင်ကွင်းကို ကြည့်ရင်း ကုယွမ်က အားဟွမ်ကို လိုက်ခွင့်ပြုလိုက်ပြီး သတိပေးစကား ပြောလိုက်သည်။

ချန်းယွင်ဖုန်းမှာ ရွှမ်းယို ထောင်ထားသော ထောင်ချောက်ထဲတွင် ပိတ်မိသွားခဲ့ခြင်းမှာ ထင်ရှားလှသည်။ သူသည် အသက်စွမ်းအားနှင့် အသက်ဓာတ်ကို စုပ်ယူသည့် မိစ္ဆာပညာရပ်ကို တတ်မြောက်ထားသည်ဟု ထင်ရသော်လည်း သေဆုံးသွားချိန်တွင်မူ သူ၏အလောင်းမှာ ငြိမ်းချမ်းစွာ မနားစက်ရဘဲ ဤကဲ့သို့သော မင်္ဂလာမရှိသည့် အရာတစ်ခု ဖြစ်လာခဲ့ရသည်။

သို့သော် သေချာသည့် အချက်တစ်ချက်မှာ ဤအရိုးစုသည် ရွှမ်းယိုအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ရမည်။ မဟုတ်ပါက သူသည် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ဤမျှအထိ အကွက်ချ စီစဉ်နေလိမ့်မည် မဟုတ်ပေ။

ယခုအခါ ထိုအရိုးစုသည် ရွှမ်းယိုကို သွားရောက်ရှာဖွေရန် ဦးတည်နေခြင်းဖြစ်ဖို့ ရာခိုင်နှုန်း ကိုးဆယ်သေချာသည်။

ကုယွမ်သည် ရွှမ်းယိုနှင့် ပတ်သက်၍ အလွန်နည်းပါးစွာသာ သိရှိထားပြီး ဤကဲ့သို့သော ကောင်းကင်ဘုံလူသားအဆင့်ရှိသည့် မိစ္ဆာအိုကြီးမှာ သူ ရန်စနိုင်သည့်သူမျိုး မဟုတ်ပေ။ ထို့ကြောင့် ဤအခြေအနေတွင် သူသည် အခြားသူများကို စုစည်းရပေလိမ့်မည်။

All Chapters