← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃) လဲ့ချန်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခြင်း

လဲ့ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

"ပိုလီအက်စတာ... အဲ့ပစ္စည်းက အခု တော်တော်လေး ခေတ်စားနေပေမဲ့ နှစ်အနည်းငယ်လောက်ပဲ ခံမှာ... နောက်နှစ်အနည်းငယ်ကြာရင် ချည်သားက ပိုကောင်းလာလိမ့်မယ်... ခင်ဗျားတို့အနေနဲ့ အမြင်ကျယ်ကျယ်ထားဖို့လိုပြီး မျက်စိရှေ့က အမြတ်လေးလောက်ကိုပဲ အာရုံမစိုက်နေသင့်ဘူး..."

၁၉၆၀ ပြည့်လွန်နှစ်များတွင် ဓာတုဖိုက်ဘာ အထည်တစ်မျိုးဖြစ်သော ပိုလီအက်စတာသည် တရုတ်ပြည် ဈေးကွက်သို့ စတင်ဝင်ရောက်လာသောအခါ ၎င်း၏ တွန့်ကြေမှုကင်းခြင်း၊ ခိုင်ခံ့ခြင်းနှင့် လျှော်ဖွပ် အခြောက်ခံရ လွယ်ကူသော ဂုဏ်သတ္တိများကြောင့် တစ်နိုင်ငံလုံးတွင် လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။

အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မီးပူတိုက်ရန် မလိုအပ်သော ဤအထည်အမျိုးအစားမှာ အလွန် လူကြိုက်များလှ၏။

သို့သော်လည်း ဤဓာတုဖိုက်ဘာ အထည်မျိုးသည် လေဝင်လေထွက် မကောင်းသကဲ့သို့ ဝတ်ဆင်ရသည့် သက်သောင့်သက်သာ ရှိမှုတွင်လည်း ချည်သားထက် များစွာယုတ်လျော့ကြောင်း လဲ့ချန် သိထားသည်။ နောက်နှစ်အနည်းငယ် ကြာသောအခါ လူများက ဤအချက်ကို သဘောပေါက်လာကြပြီး ၎င်း၏ ရေပန်းစားမှုမှာလည်း သဘာဝကျကျ ကျဆင်းသွားမည် ဖြစ်၏။

စက်ရုံတံခါးဝ အပြင်ဘက်တွင် အသစ်စက်စက် ထာဝရတံဆိပ် စက်ဘီးများ အစီအရီ ရပ်ထားပြီး ရှန်ဟိုင်းတံဆိပ် ဆွီဒင်ကားတစ်စီးပင် ရှိနေကာ နေရောင်အောက်တွင် တလက်လက် တောက်ပနေသည်။

လျိုတာကျူးမှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေ၏။ ၁၉၆၀ ပြည့်လွန်နှစ်များ၌ စက်ဘီးဆိုသည်မှာ ရှားပါးပစ္စည်း တစ်ခုဖြစ်ပြီး ကားဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ ၎င်းတို့မှာ အဆင့်အတန်းနှင့် ကြွယ်ဝချမ်းသာမှု၏ ပြယုတ်များပင် ဖြစ်သည်။

သူက တံတွေးတစ်ချက် မျိုချလိုက်၏။

ထိုအခိုက်တွင် တံခါးစောင့်က လျိုတာကျူးကို သတိပြုမိသွားပြီး သလိပ်တစ်ချက် ထွေးထုတ်ကာ အထင်အမြင် သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

"မင်းပုံစံကိုလည်း ကြည့်ပါဦး... တောဆန်လိုက်တာ... ဒီကားတွေ၊ စက်ဘီးတွေ အကုန်လုံးက ငါတို့စက်ရုံကို အကုန် အော်ဒါလာမှာတဲ့ သူဌေးတွေရဲ့ဟာတွေ... အခုက နှစ်သစ်ကူး နီးလာပြီဆိုတော့ လူတိုင်းက ကုန်ပစ္စည်းတွေ လှောင်ထားပြီး ပိုက်ဆံအများကြီး မြတ်ချင်ကြတာချည်းပဲ..."

လျိုတာကျူးက အနေရခက်စွာ ပြုံးလိုက်၏။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... အစ်ကိုကြီး ပြောတာ မှန်ပါတယ်..."

*ဪ... ဟုတ်သားပဲ…လဲ့ချန်က အထည်အလိပ်စက်ရုံကို ဝင်ထွက်သွားလာနိုင်ပြီး ဟိုသူဌေးကြီးတွေနဲ့တောင် စကားပြောနိုင်တာ မဟုတ်လား... ခွေးကောင်လေးက... ငါ့ကွယ်ရာမှာ ဒီနေရာက အလုပ်သမားတစ်ယောက်အနေနဲ့ ခိုးပြီး ပိုက်ဆံရှာနေတာများလား…*

"ခွေးကောင်က တော်တော် ပါးနပ်တာပဲ..."

လျိုတာကျူးက စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် မကောင်းဆိုးဝါး အရိပ်အယောင်တစ်ခု ရုတ်ခြည်း ဖြတ်ပြေးသွား၏။

မည်သို့ပင်ဖြစ်စေ ယနေ့ သူ ဤအထည်အလိပ်စက်ရုံထဲသို့ ဝင်ပြီး အခြေအနေကို လေ့လာကြည့်ရမည်။

သူသာ ရာထူးမရခဲ့လျှင် ကိစ္စမရှိပေ။

အကယ်၍များ သူသာ တကယ် အလုပ်ရသွားခဲ့လျှင်...

*ဟွန့်... သူ့ဆီကနေ ငါ လိုချင်သလောက် ခေါင်းပုံဖြတ်ပစ်မယ်…*

"အစ်ကိုကြီး... ကျွန်တော်က လဲ့ချန်ရဲ့ ဆွေမျိုးပါ... သူ့ကို ကိစ္စတစ်ခုလောက် ဝင်ပြောချင်လို့ပါ..."

လျိုတာကျူးက သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်၍ မျက်နှာချိုသွေးကာ ပြောလိုက်သည်။

တံခါးစောင့်က သူ့ကို သံသယမျက်လုံးများဖြင့် အကဲခတ်ကြည့်လိုက်၏။

"ဆွေမျိုး... ငါ မင်းကို တစ်ခါမှ မမြင်ဖူးပါဘူး..."

"ကျွန်တော်က အဝေးကဆွေမျိုး သူ့ရဲ့ အစ်ကိုဝမ်းကွဲ... တောကနေ အခုမှ ရောက်လာလို့ သူ့ကို လာတွေ့တာပါ..."

လျိုတာကျူးက လီဆယ်၍ ပြောလိုက်သည်။

တံခါးစောင့်က တစ်ခဏမျှ တွေဝေသွား၏။

စက်ရုံအတွင်းရှိ မန်နေဂျာလဲ့၏ ရာထူးကို ထည့်သွင်းစဉ်းစားပြီးနောက် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ဝင်သွား... ဝင်သွား... ဒါပေမဲ့ လျှောက်မသွားနဲ့နော်... ပြဿနာ တစ်ခုခုဖြစ်ရင် ငါ တာဝန်မယူနိုင်ဘူး..."

လျိုတာကျူးက တံခါးစောင့်ကို ကမန်းကတန်း ခါးညွှတ် အရိုအသေပေး၍ ကျေးဇူးတင်စကား ဆိုပြီးနောက် အထည်အလိပ် စက်ရုံထဲသို့ ပြေးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လဲ့ချန်သည် သူဌေးများ ဝန်းရံလျက် စက်ရုံမှူး၏ ရုံးခန်းထဲမှ ထွက်လာ၏။

"မန်နေဂျာလဲ့... ဒီနေ့ နေ့လယ်စာ ကျွန်တော် ဒကာခံပါရစေ... ဟုန်ချီဟိုတယ်ကို သွားပြီး သေချာလေး စားသောက်ကြတာပေါ့..."

သူဌေးတစ်ဦးက နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။

"ဟုတ်ပါတယ်... မန်နေဂျာလဲ့... ခင်ဗျား ကျွန်တော်တို့ကို မျက်နှာသာ ပေးရမယ်နော်... ခင်ဗျားကို ညစာ ဖိတ်ကျွေးချင်နေတာ ကြာလှပြီ..."

အခြားသူဌေးတစ်ဦးကလည်း ဝင်ပြောလိုက်သည်။

လဲ့ချန်က ငြင်းဆန်ချင်သော်လည်း သူတို့၏ တက်ကြွမှုများကို မလွန်ဆန်နိုင်သဖြင့် သဘောတူလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

သူ ကားပေါ်သို့ တက်တော့မည့် ဆဲဆဲတွင် မျက်လုံးထောင့်မှ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ရိပ်ခနဲ မြင်လိုက်ရ၏။ လျိုတာကျူးပင်ဖြစ်သည်။

သူက မျက်ခုံးတစ်ဖက်ကို ပင့်၍ မသိမသာ အကဲခတ်လိုက်သည်။

လျိုတာကျူးကလည်း လဲ့ချန်ကို မြင်သွား၏။ သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီး စိတ်ထဲတွင် အကြံအစည်သစ်တစ်ခု ပေါ်လာသည်။

သူဌေးများစွာရှိနေခြင်းက သူ့အတွက် အစွမ်းပြ သရုပ်ဆောင်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်တော့သည်။

သူက သူ၏ စုတ်ပြတ်နေသော အင်္ကျီကို သပ်ရပ်အောင် ဆွဲဆန့်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ လဲ့ချန်ထံသို့ ပြေးသွားလိုက်၏။ ထို့နောက် မျက်ရည်၊ နှပ်ချေးများ သွန်ချ၍ ငိုယိုအော်ဟစ်လိုက်သည်။

“ညီလေး... ငါ ညီလေးကို ရှာတွေ့ပြီ... အခု ညီလေးက ချမ်းသာနေပြီဆိုတော့လည်း အစ်ကိုတို့ကို မေ့မပစ်ပါနဲ့... အိမ်မှာ အမေက ငတ်ငတ်ပြတ်ပြတ်ဖြစ်နေပြီ... အစ်ကိုက..."

လျိုတာကျူးက တမင်သက်သက် ရေငုံနှုတ်ပိတ်စကားများ ပြောဆိုကာ လဲ့ချန် အောင်မြင်နေပြီ ဖြစ်ကြောင်းကို တိုက်ရိုက် မပြောဘဲ သွယ်ဝိုက် ဖော်ပြလိုက်ပြီး သူ့ကိုယ်သူ သနားစရာကောင်းအောင် ဖန်တီးလိုက်၏။

မျှော်လင့်ထားသည့် အတိုင်းပင် သူဌေးများက စကားပြော ရပ်သွားကြပြီး လဲ့ချန်ကို စူးစမ်းလိုစိတ်နှင့်အတူ မေးခွန်းထုတ်ချင်သည့် အရိပ်အယောင်များဖြင့် ကြည့်လာကြသည်။

ယခုခေတ်ကာလများတွင် မိသားစုတစ်စု၌ မိဘကျေးဇူး မသိတတ်သော သားတစ်ယောက်ရှိနေလျှင် ကွယ်ရာ၌ အတင်းအဖျင်း ပြောဆိုခံရလေ့ ရှိသည်။

လဲ့ချန်က လျိုတာကျူးကို အဓိပ္ပာယ်ပါပါ အမူအရာဖြင့် ကြည့်လိုက်၏။

*ဒီကောင်က တကယ့်ကို ပညာပေးခံရတာ မမှတ်သေးဘူးပဲ…*

သူက အသစ်အဆန်း တစ်ခုခုကို သေချာပေါက် တွေ့မြင်သွားခြင်း ဖြစ်ရမည်။

သို့သော်လည်း လျိုတာကျူး၏ စိတ်ထဲတွင်တော့...

သူက လဲ့ချန် လူသတ်သည်ကို မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရသကဲ့သို့ အိမ်တွင်လည်း ပါးစပ်သရမ်းသော မိန်းမတစ်ယောက် ရှိနေသေး၏။ ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းတစ်ခု စဉ်းစားရမည် မဟုတ်ပါလား။

လဲ့ချန်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ လျိုတာကျူးက သူ့ကို အပြစ်ရှိသလို ခံစားနေရသည်ဟု ထင်မှတ်သွားပြီး ပို၍ အသံကျယ်ကျယ်ဖြင့် ငိုယိုလိုက်သည်။

“ညီလေး… ညီလေးက ကြီးပွားနေပြီဆိုတော့ ငါတို့လို ဆင်းရဲတဲ့ဆွေမျိုးတွေကို အသိအမှတ်ပြုဖို့ ရှက်နေတယ်ဆိုတာကို သိပါတယ်... ဒါပေမဲ့ အမေကတော့… ညီလေး ကူညီပေးနိုင်မလားဆိုပြီး မျှော်လင့်နေတာပါ..."

"အမေ ငတ်သေသွားတာကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး မဟုတ်လား... ငါတို့ အားလုံးက မိသားစုတွေလေ... သတင်းသာ ပြန့်သွားရင် လူတွေက ညီလေးကို ဘယ်လို ပြောကြမလဲ..."

ဘေးနားရှိ စီးပွားရေး လုပ်ငန်းရှင်များက အချင်းချင်း တီးတိုးစကားဆိုလာကြပြီး လဲ့ချန်အပေါ် ထားရှိသော သူတို့၏ အကြည့်များကလည်း ထူးဆန်းလာကြ၏။

သူဌေးတစ်ဦးက မနေနိုင်တော့ဘဲ မေးလိုက်သည်။

"မန်နေဂျာလဲ့... သူက ဘယ်သူလဲ..."

သူက ခေတ္တရပ်သွားပြီးနောက် ထပ်ဖြည့်ပြောလိုက်၏။

"အခုခေတ်မှာ မိဘတွေကို ရိုသေပြုစုဖို့ဆိုတာ အရေးအကြီးဆုံး ကိစ္စပဲလေ..."

သူတို့၏အမြင်တွင် ဆွေမျိုးက မည်မျှပင် ဆိုးရွားနေပါစေ လစ်လျူရှုထား၍ မရပေ။ သို့မဟုတ်ပါက သူတို့၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည် ဖြစ်သည်။

ထိုအခါမှ လဲ့ချန်က အေးစက်စက် အသံဖြင့် စကားစလိုက်သည်။

"ဒီလျိုတာကျူးက ကျွန်တော့် မိထွေးရဲ့ သားပဲ.. သူဌေးတို့ သိချင်မှ သိပါလိမ့်မယ်... ဒီအစ်ကိုဆိုတဲ့ကောင်က အပျင်းကြီးပြီး ဘာအသုံးမှ မကျတဲ့သူပဲ... သူက ဘာအလုပ်မှ မလုပ်ဘူး... အိမ်က မြေကွက်တွေ အကုန်လုံးလည်း ပစ်ထားတယ်... ပြီးတော့ ကျွန်တော့်မိန်းမကို ရောင်းပြီး အသားဝယ်စားဖို့ပဲ အမြဲတမ်းတွေးနေတာ..."

"ဘယ်ယောကျ်ားကများ အဲ့တာကို သည်းခံနိုင်မှာလဲ... သူဌေးတို့ရော သူက သနားဖို့ ကောင်းတယ်လို့ ထင်လား... သူ့ကို ကျွေးမွေးစောင့်ရှောက်ထားရက်နဲ့ ပျင်းရိပြီး မိသားစု ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်နေတာ... အဲဒါကမှ တကယ် ကျေးဇူးကန်းတာပဲ..."

ဘေးနားရှိ ဆိုင်ရှင်များက အခြေအနေကို ရုတ်ခြည်း သဘောပေါက်သွားကြပြီး လျိုတာကျူးကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်လာကြ၏။

စောစောကတော့ လဲ့ချန်ကို သွေးအေးလွန်းတယ်လို့ ထင်နေတာ... အခု ကြည့်ရတာ လျိုတာကျူးကမှ တကယ့် လူယုတ်မာ အစစ်ပဲ...။

"ဪ... အဲ့လိုကိုး... လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံနဲ့ တကယ် သိနိုင်မှာ မဟုတ်ဘူး... ငါတောင် ဒီကောင်လေးဆီ လိမ်ခံရတော့မလို့..."

"အဲ့လိုလူမျိုးတွေကို ဖမ်းဆီးပြီး လူပုံလယ်မှာ အရှက်ခွဲသင့်တာ... သူတို့က လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားတွေကို ဖျက်ဆီးနေတာပဲ..."

"မန်နေဂျာလဲ့... သူ့ကို ဂရုမစိုက်နဲ့... အဲ့လို လူမျိုးတွေက ပိုက်ဆံညှစ်ဖို့ ကြိုးစားနေတာ... ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို အကျဆင်း မခံပါနဲ့..."

လျိုတာကျူးက အံကြိတ်လိုက်၏။

*လဲ့ချန်က ဉာဏ်ပြေးတယ် ဆိုတာကို ငါ သိသားပဲ…*

*အပျော့ဆွဲနဲ့ မရရင် အကြမ်းဆွဲလို့ရတာပဲလေ…*

နောက်တစ်စက္ကန့်တွင်တော့။

သူက လဲ့ချန်၏ ရှေ့တွင် 'ဘုန်း' ခနဲ ဒူးထောက်ချလိုက်ပြီး လဲ့ချန်၏ ခြေထောက်ကိုဖက်ကာ အော်ဟစ် ငိုယိုလိုက်တော့သည်။

“ညီလေး… အစ်ကို မှားမှန်း သိပါပြီ... အရင်က လောဘကြောင့် မျက်စိကန်းခဲ့မိတာပါ... အခု အစ်ကို ပြင်ဆင်နေပါပြီ... အစ်ကို့ကို သနားပြီး စားစရာလေး တစ်လုပ်လောက်တော့ ပေးပါလား.. အစ်ကိုတို့ ငတ်နေပါပြီ... အမေလည်း ငတ်သေတော့မယ်..."

အခန်း (၅၄)တောင်းပန်ပါတယ်... ကျွန်တော်က အပျော့ရော အကြမ်းပါ လက်မခံဘူး…

ဤရုတ်တရက် လှုပ်ရှားမှုက ပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို မှင်သက်သွားစေ၏။

လွန်ခဲ့သော အခိုက်အတန့်လေးတွင် လျိုတာကျူးမှာ ဖြောင့်မတ်မှန်ကန်သော ဒေါသများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုမူ ခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် ဒူးထောက်နေလေပြီ။ သူ၏ မျက်နှာအမူအရာ အပြောင်းအလဲက စာအုပ်စာမျက်နှာ လှန်သည်ထက်ပင် မြန်ဆန်နေသေး၏။

လဲ့ချန်က သူ့ခြေထောက်ကို ဖက်တွယ်ထားသော လျိုတာကျူးကို အေးစက်စက် စိုက်ကြည့်၍ ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏လက်ကို ခပ်ကြမ်းကြမ်း ခါထုတ်လိုက်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"အဲ့လိုဖြစ်လာမယ်ဆိုတာသိနေရင် အစကတည်းက ဘာလို့ လုပ်ခဲ့သေးလဲ... ငါ့မိန်းမကို ရောင်းစားတုန်းက ဒီနေ့မျိုး ရောက်လာမယ်လို့ မတွေးခဲ့ဘူးလား... အခုမှ ငါ့ကို လာတောင်းပန်ရကောင်းမှန်း သိနေပြီလား... နောက်ကျသွားပြီ..."

ပတ်ဝန်းကျင်ရှိ လုပ်ငန်းရှင်များက လက်ညှိုးထိုးကာ တီးတိုး ဝေဖန်စပြုလာကြသည်။

"ဒီကောင်က တကယ့် လူယုတ်မာပဲ... ခုနလေးတင် သနားစရာကောင်းအောင် ဟန်ဆောင်နေပြီး အခုတော့ ဒူးထောက်ပြီး သနားခံနေပြန်ပြီ... သူ့မှာ အရှက်ဆိုတာ နည်းနည်းလေးတောင် မရှိဘူး..."

"ဟုတ်ပါ့... အဲ့လိုလူမျိုးက ငတ်သေသင့်တာ... မန်နေဂျာလဲ့... စိတ်မပျော့သွားနဲ့နော်..."

"အဲ့လိုလူမျိုးကို အစာတစ်လုပ် ကျွေးတာက ထမင်းဖြုန်းတာပဲ..."

လဲ့ချန် မှားသည်ဟု မည်သူကမျှ မတွေးကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် လျိုတာကျူး ခံစားရသည်မှာ တန်သည်ဟုသာ ထင်မြင်ကြ၏။

လျိုတာကျူးက မြေပြင်ပေါ်တွင် ဒူးထောက်နေရင်း ပတ်ဝန်းကျင်မှ စကားသံများကို နားထောင်ကာ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး ပူထူလာသည်။

သူက ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေပြီး မြေကြီးထဲသို့သာ တိုးဝင် ပျောက်ကွယ်သွားချင်တော့၏။

လဲ့ချန်က သူ့ကို လျစ်လျူရှု၍ သူဌေးများနှင့် စီးပွားရေးကိစ္စများ ဆက်လက် ဆွေးနွေးရန် လှည့်ထွက်သွားသည်။

ပတ်ဝန်းကျင်ရှိ အလုပ်သမားများလည်း လူစုကွဲသွားကြပြီး မိမိတို့ အလုပ်များကိုသာ ဆက်လုပ်ကြလေ၏။

ကြီးမားလှသော စက်ရုံကြီး၏ အဝင်ဝတွင် လျိုတာကျူးတစ်ယောက်တည်းသာ ဒူးထောက်လျက် ကျန်ရစ်ခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လျိုတာကျူးက မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်း ထလာပြီး သူ့ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါချလိုက်၏။

သူက လဲ့ချန်ကို ရက်ရက်စက်စက် စိုက်ကြည့်၍ အံကြိတ်ကာ တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်သည်။

"ဒီနေ့တော့ ငါ မျက်နှာရော သိက္ခာပါ အကုန်ကွဲတာပဲ..."

သူက အိတ်ကပ်ထဲမှ အကြွေစေ့သုံးစေ့ကို ထုတ်ယူလိုက်သည်။ ၎င်းက သူ့ထံတွင် ရှိသော နောက်ဆုံး ပိုင်ဆိုင်မှု ဖြစ်၏။

"ခဏနေရင် နွားလှည်းစီးပြီး ပြန်ရတော့မယ်..."

"ခြောက်ပြားတောင် နှမြောစရာ ကောင်းလိုက်တာ..."

“သေသင့်တဲ့ လဲ့ချန်..."

သူ သက်ပြင်းချလိုက်ပြီး လေးလံသော ခြေလှမ်းများကို ဆွဲငင်ကာ အထည်အလိပ်စက်ရုံမှ ထွက်ခွာသွားလေသည်။

အိမ်ပြန်ရောက်သောအခါ ယိုယွင်းနေသော ရွှံ့အုတ်အိမ်လေးထဲတွင် မှိုနံ့များ လှိုင်နေ၏။

စွင်းယန်မေက အပူပေးအုတ်ကုတင်ပေါ်တွင် ထိုင်၍ နေကြာစေ့ စားနေစဉ် လျိုတာကျူး တစ်ကိုယ်လုံး ဖုန်များ ပေကျံနေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်ခုံးများ ပင့်တက်သွားပြီး စူးရှသော အသံဖြင့် အော်ဟစ်လိုက်၏။

"လျိုတာကျူး... ရှင် ဘယ်တွေ သွားနေတာလဲ... အလုပ်သွားပြီး အလုပ်မှတ်တွေ ရှာခဲ့လို့ ကျွန်မ ရှင့်ကို ပြောထားတယ် မဟုတ်လား... ဘာလို့ တစ်ကိုယ်လုံး ရွှံ့တွေ ပေနေရတာလဲ... မြေကြီးပေါ်မှာ ဘယ်နှခါတောင် လူးလှိမ့်လာတာလဲ... ရှင်က သိပ်ကြိုးစားတာပဲ..."

ကျန်းကွေ့ဖန်းကလည်း အခန်းတွင်းမှ ထွက်လာပြီး မကျေမနပ် ညည်းညူလိုက်သည်။

"သား... မင်းက တစ်နေ့လုံး ပျင်းရိနေလို့ မရဘူးလေ... မိသားစုက ငတ်တော့မယ်... မင်းက အားစိုက်ထုတ်ရကောင်းမှန်းတောင် မသိဘူး..."

လျိုတာကျူးမှာ ဒေါသများ ပေါက်ကွဲလုမတတ် ဖြစ်နေသော်လည်း အပြင်သို့ ထုတ်မပြရဲချေ။

ဤနေ့ဖြစ်ရပ်များက အလွန်ရှက်စရာ ကောင်းလှ၏။ လဲ့ချန်က သူ့ကို ခွေးတစ်ကောင်ကဲ့သို့ လှောင်ပြောင်ခဲ့သည်ကို စွင်းယန်မေသာ သိသွားပါက ဤည သူ အိပ်ရာပေါ် တက်နိုင်မည် မဟုတ်ချေ။

သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီး အကြံတစ်ခု ရလာသည်။ သူက မောက်မာသော ဟန်ပန် ဖမ်းလိုက်ပြီး ပြောလိုက်၏။

"အမေ... မိန်းမ... ဒီနေ့ ငါ ဘာလုပ်ခဲ့လဲ သိကြလား... ငါ လိုင်ကျားမင်ကို ခေါ်ပြီး လဲ့ချန်ဆီ သွားခဲ့တယ်... ငါတို့ သူ့ကို သေချာ ပညာပေးလိုက်တယ်... မနက်ဖြန် သူ ငါတို့ဆီ နှစ်သစ်ကူး လက်ဆောင်တွေ လာပို့အောင် ငါတို့ သေချာလုပ်ထားတယ်..."

ဤသည်ကို ကြားသောအခါ စွင်းယန်မေ၏ မျက်လုံးများ အရောင်လက်သွားပြီး ကမန်းကတန်း မေးလိုက်သည်။

"တကယ်လား... ရှင် သူ့ကို ရိုက်ခဲ့တာလား..."

လျိုတာကျူးက ရင်ကော့လိုက်ပြီး ကြွားလုံးထုတ်လိုက်၏။

"ဒါပေါ့... ငါ သူ့ကို အရိုးကျိုးမတတ် ရိုက်ပစ်လိုက်တာ... ငါ ဘယ်လောက် စွမ်းလဲဆိုတာ သူ့ကို ပြလိုက်တယ်... သူ ပြန်တောင် မချရဲဘူး... ငါ့ကို တောင်းပန်ပြီး မနက်ဖြန် တောင်းပန်တဲ့အနေနဲ့ ပစ္စည်းကောင်းတွေ ယူလာခဲ့မယ်လို့ ကတိပေးသွားတယ်..."

ကျန်းကွေ့ဖန်းက လက်ခုပ်တီး၍ အားပေးလိုက်သည်။

"ကောင်းတယ်... သိပ်ကောင်းတယ်... အဲ့ကောင်လေးကို စောစောကတည်းက ပညာပေးသင့်နေတာ... သူက အောင်မြင်လာတော့ သူ့ဇာစ်မြစ်ကို မေ့သွားတာ... သူ ဘယ်သူ့ကို လေးစားရမလဲဆိုတာ သိပါစေ..."

စွင်းယန်မေက ပြုံးရွှင်သွားပြီး လျိုတာကျူး၏ လက်မောင်းကို ဖက်ကာ ချိုသာစွာ ပြောလိုက်၏။

"ယောကျ်ား... ရှင်က သိပ်တော်တာပဲ... ရှင် ကျွန်မကို အချစ်ဆုံးဆိုတာ သိသားပဲ... ဒီည ရှင် ဘာစားချင်လဲ... ကျွန်မ ချက်ပေးမယ်..."

လျိုတာကျူးမှာ စွင်းယန်မေ၏ ချီးကျူးစကားကြောင့် မြောက်ကြွမြောက်ကြွ ဖြစ်သွားပြီး ခုနက ခံစားခဲ့ရသည့် ရှက်ရွံ့မှုများ ပျောက်ကွယ်သွားလေပြီ။

သူက စွင်းယန်မေကို ဖက်၍ ပါးကို ခပ်ကြမ်းကြမ်း နမ်းလိုက်ပြီး ပြောလိုက်သည်။

"ဟီးဟီး... ငါ့မိန်းမက ငါ့ကို နားလည်ဆုံးပဲ... ဒီညတော့... ငါတို့ ပျော်ကြတာပေါ့..."

သူတို့ နှစ်ယောက်၏ ချစ်ကြည်နူးနေမှုကို မြင်သောအခါ ကျန်းကွေ့ဖန်းလည်း ရယ်မောလိုက်၏။

လဲ့ချန်တစ်ယောက် နှစ်သစ်ကူး လက်ဆောင်အိတ်ကြီးများကို သယ်ဆောင်ကာ လာရောက် တောင်းပန်မည့် ပုံရိပ်ကို သူမ မြင်ယောင်လာပြီး ဝမ်းသာပီတိများ လျှံတက်လာသည်။

...

ညလယ်သို့ ရောက်သောအခါ မှိန်ပျပျ ဆီမီးခွက်အလင်းရောင်က ရွှံ့အုတ်အိမ်လေးထဲတွင် အရိပ်များကို ယိမ်းထိုးစေ၏။

စွင်းယန်မေက အရောင်လွင့်နေသော အနီရောင် ရှပ်အင်္ကျီကို လဲဝတ်လိုက်ပြီး တင်ပါးကို လှုပ်ခါကာ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခုနှင့်အတူ လျိုတာကျူး အနားသို့ တိုးကပ်သွားသည်။

သူမက လျိုတာကျူးအတွက် ကျိုချက်ထားသော ရေအေးတစ်ခွက် ငှဲ့ပေးပြီး မြေပဲတစ်စေ့အခွံနွှာကာ သူ၏ နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။ သူမက ချိုသာ နွဲ့နှောင်းသော လေသံဖြင့် ပြောလိုက်၏။

"ယောကျ်ား... ရှင် ပင်ပန်းနေပြီလား... ရော့... မြေပဲလေး စားလိုက်ဦး..."

လျိုတာကျူးက သူမကို ဘေးစောင်း ကြည့်လိုက်ပြီးနောက် စွင်းယန်မေကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ ပါးကို အားရပါးရ နမ်းလိုက်ပြီး မောက်မာသော လေသံဖြင့် ပြောလိုက်သည်။

"ငါ့မိန်းမက ငါ့ကို ဂရုစိုက်ဆုံးပဲ... ဟို ကျေးဇူးကန်းတဲ့ကောင်တွေနဲ့ တခြားစီပဲ..."

စွင်းယန်မေက တခစ်ခစ် ရယ်မောလိုက်ပြီး လျိုတာကျူး၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူမ၏ သွယ်လျသော လက်ချောင်းများဖြင့် သူ၏ ရင်ဘတ်ပေါ်တွင် စက်ဝိုင်းများ ရေးဆွဲရင်း ပြောလိုက်၏။

“ကျွန်မရဲ့ တာကျူးကို ဒေါသထွက်အောင် လုပ်ရဲတဲ့သူ ဘယ်သူ့ကိုမဆို ကျွန်မ အရင်ဆုံး အပြစ်ပေးပစ်မယ်... ဒီနေ့ ဟိုကောင်လေး လဲ့ချန်ကို ပညာပေးလိုက်ရတာ သိပ်ကျေနပ်ဖို့ ကောင်းတာပဲ..."

လျိုတာကျူးမှာ သူမ၏ ဆွဲဆောင်မှုကြောင့် စိတ်လှုပ်ရှားလာပြီး သူမကို ပွေ့ချီကာ အုတ်ကုတင်ပေါ်သို့ ပစ်ချလိုက်သည်။

ပြင်းပြသော ချစ်တင်းနှီးနှောမှုအပြီးတွင် လျိုတာကျူးမှာ လျင်မြန်စွာ ပြီးဆုံးသွားပြီး တစ်ဘက်သို့ လှည့်ကာ လှဲလျောင်းရင်း ရေရွတ်လိုက်၏။

“အရမ်းပင်ပန်းတာပဲ... ဒီနေ့ ဟိုကောင်လေး လဲ့ချန်ကို ပညာပေးဖို့ အတော်လေး အားစိုက်ထုတ်လိုက်ရတယ်..."

စွင်းယန်မေမှာ သာယာမှုထဲတွင် နစ်မြောနေဆဲ ဖြစ်သော်လည်း ယခုမူ ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အလွန်မပျော်မရွှင် ဖြစ်သွားသည်။

သူမက တစ်ဘက်သို့ လှည့်လိုက်ပြီး သရော်သည့် လေသံဖြင့် ပြောလိုက်၏။

"အို... လဲ့ချန်ကို ပညာပေးတယ်ပေါ့လေ... ရှင် သူ့ကို ဟိုဟိုဒီဒီ လျှောက်ပြောခဲ့တာများလား..."

သူ၏ လျှို့ဝှက်ချက် ပေါက်ကြားသွားသဖြင့် လျိုတာကျူးမှာ ဒေါသတကြီး ဖြစ်သွားသည်။

"မင်းလို မိန်းမသားက ဘာသိလို့လဲ... ဒီနေ့ ငါ သူ့ကို အရိုးကျိုးမတတ် ရိုက်ခဲ့တာကွ... သူ စကားတစ်ခွန်းတောင် မဟရဲဘူး..."

ထိုသို့ ပြောရင်းနှင့် သူက လက်သီးကိုပင် နှစ်ကြိမ်ခန့် ဝှေ့ယမ်းဟန် ပြလိုက်သေး၏။

စွင်းယန်မေက သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့ကို ဖော်ထုတ်ရန် ပျင်းရိသွားကာ ခေါင်းလွှဲလိုက်ပြီး မကြာမီမှာပင် ညီညာစွာ ဟောက်ရှူလာသည်။

စွင်းယန်မေ၏ လေးလံသော အသက်ရှူသံကို ကြားသောအခါ လျိုတာကျူးမှာ ပို၍ပင် ဂဏာမငြိမ် ဖြစ်လာသည်။

သူက ဟိုဘက်ဒီဘက် လူးလှိမ့်နေပြီး အိပ်မပျော်နိုင်ဘဲ သူ၏ စိတ်ထဲတွင် ချီလန်၏ နူးညံ့သော မျက်နှာလေးဖြင့် ပြည့်နှက်နေ၏။

သူ၏ ဇနီးသာ ချီလန်ဖြစ်ခဲ့ပါက သူမက သူ့ကို စွင်းယန်မေကဲ့သို့ ဆက်ဆံမည် မဟုတ်ဘဲ အမိန့်ပေးခြင်း၊ သရော်ခြင်းများ ပြုလုပ်မည် မဟုတ်သည်မှာ သေချာလှသည်။

လဲ့ချန် အသုံးမကျသူတစ်ယောက် ဖြစ်နေစဉ်ကတည်းက ချီလန်က သူ့ကို အမြဲတမ်း အလိုလိုက်ပြီး နူးညံ့ကြင်နာကာ နားလည်မှု ရှိခဲ့သည်။

တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး လျိုတာကျူးက အုတ်ကုတင်ပေါ်သို့ လက်သီးဖြင့် ထုချလိုက်ရာ တုံးတိတိ အသံတစ်သံ ထွက်ပေါ်လာ၏။

ဤနေ့ သူ၏ ကြွားလုံးများက နောက်ဆုံးတွင် ပေါက်ကြားသွားမည်ဖြစ်ပြီး လဲ့ချန်ကလည်း သူ့ထံ လာရောက် တောင်းပန်မည် မဟုတ်ကြောင်း သူ သိနေသည်။

"ရက်အနည်းငယ်တော့ ငါတို့ လွတ်မြောက်နိုင်ပေမဲ့ အဲဒီနောက်ပိုင်းကျရင် ဘယ်လိုလုပ်မလဲ..."

စွင်းယန်မေနှင့် ကျန်းကွေ့ဖန်းတို့က ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပေ။ အကယ်၍ သူတို့သာ အမှန်တရားကို သိသွားပါက သူ့ကို အရေခွံခွာပစ်ကြပေလိမ့်မည်။

စိတ်အနှောင့်အယှက် ဖြစ်လာသဖြင့် လျိုတာကျူးက ထိုင်လိုက်ပြီး ဆေးတံကို မီးညှိကာ ပြင်းပြင်း တစ်ရှိုက် ရှိုက်လိုက်၏။

လှည့်ပတ် ထွက်ပေါ်နေသော မီးခိုးငွေ့များကြားတွင် သူက လိုင်ကျားမင်ကို ရုတ်တရက် သတိရသွားသည်။

လိုင်ကျားမင်က အားကိုးရသူ မဟုတ်သော်လည်း အလွှာစုံမှ လူများစွာကို သိကျွမ်းထားသောကြောင့် သူ့အတွက် ဖြေရှင်းနည်းတစ်ခု ရှာဖွေပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။

All Chapters