အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇)နှစ်သစ်ကူး
လူအုပ်ထဲတွင် ဖာရာထေးရာများ ပါသော ဂွမ်းထည်အင်္ကျီကို ဝတ်ဆင်ထားသည့် ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသမီး တစ်ယောက်က သူမဘေးရှိ အမျိုးသား၏ အင်္ကျီလက်ကို ဆွဲလိုက်၏။
ထိုအမျိုးသားမှာ အရပ်မြင့်မြင့်၊ မျက်နှာလေးထောင့်ကျကျနှင့် မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး ရှိပြီး အခြားသူ မဟုတ်ဘဲ တပ်မဟာခေါင်းဆောင် လဲ့ကျီမင်ပင် ဖြစ်သည်။
အမျိုးသမီးမှာကား သူ၏ဇနီး ကျန်းရှောင်ယန် ဖြစ်၏။
ကျန်းရှောင်ယန်က လဲ့ချန်နှင့် ကျောက်ချန်ဟယ်တို့ကိုကြည့်ကာ သူမ၏ မျက်လုံးများက တစ်စုံတစ်ခုကို ပြောချင်သော်လည်း တွန့်ဆုတ်နေသကဲ့သို့ လှုပ်ရှားနေသည်။
စကားပြောရန် အကြိမ်ကြိမ် ဟန်ပြင်သော်လည်း ပြောမည့်စကားများကို ပြန်မျိုချလိုက်၏။
လဲ့ကျီမင်က ဇနီးဖြစ်သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိပြီး တိုးညင်းသော အသံဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ... ပြောစရာရှိတာ ပြောလေ..."
ကျန်းရှောင်ယန်က သူမ၏ နှုတ်ခမ်းကို ကိုက်၍ လဲ့ကျီမင်၏ နားနားသို့ ကပ်ကာ သူတို့ နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် ပြောလိုက်၏။
"ယောကျ်ား... ချန်ဇီကို ကြည့်ပါဦး... သူက အခု မြို့က ခေါင်းဆောင်တွေနဲ့တောင် ရင်းနှီးနေပြီ... ငါတို့ မိသားစုကိစ္စကို ကူညီပေးဖို့ သူ့ကို အကူအညီတောင်းကြည့်ရင် ကောင်းမလား..."
လဲ့ကျီမင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ... နှစ်သစ်ကူး အချိန်အခါကြီးမှာ ဘာလို့ ခုလို နိမိတ်မရှိတာတွေ လာပြောနေရတာလဲ... ဒါ့အပြင် အဲ့လောက် ဆိုးရွားတဲ့ကိစ္စကို တခြားသူတွေဆီ ဘယ်လိုလုပ် အကူအညီ သွားတောင်းရဲမှာလဲ..."
ကျန်းရှောင်ယန်က သက်ပြင်းချလိုက်ပြီး သူမ၏ အကြံအစည်မှာ အနည်းငယ် မသင့်တော်ကြောင်း သိလိုက်၏။
သို့သော်လည်း အိမ်ရှိကိစ္စရပ်က သူမ၏ စိတ်ထဲတွင် လေးလံစွာ ဖိစီးနေပြီး အသက်ရှူရပင် ခက်ခဲစေသည်။
နှစ်သစ်ကူးအချိန် နီးကပ်လာသည်နှင့်အမျှ သူမက ဤဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းပိုး၍ အချိန်မကုန်လွန်ချင်တော့ချေ။
လဲ့ကျီမင်က ဇနီးဖြစ်သူ၏ လက်ကို ပုတ်၍ နှစ်သိမ့်ပေးလိုက်၏။
"စိတ်မပူပါနဲ့... ငါ တခြားနည်းလမ်း စဉ်းစားကြည့်ပါ့မယ်... ဘာမှလုပ်လို့မရရင်တောင် နှစ်သစ်ကူး ပြီးတဲ့အထိ စောင့်လို့ ရပါတယ်..."
ကျန်းရှောင်ယန်က ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့သော်လည်း သူမ၏ အကြည့်များက လဲ့ချန်ထံသို့ တစ်ချက်တစ်ချက် ရောက်သွားဆဲ ဖြစ်သည်။
လဲ့ချန်က ကျောက်ချန်ဟယ်နှင့် စကားအနည်းငယ် ဖလှယ်ပြီးနောက် ရွာသားများကို နှုတ်ဆက်ကာ နွားတင်းကုပ်ဆီသို့ ထွက်လာခဲ့၏။
၁၉၆၀ ပြည့်လွန်နှစ်များ၏ နွေဦးပွဲတော်မှာ နောက်ပိုင်းနှစ်များလောက် သိုက်သိုက်ဝန်းဝန်းနှင့် စည်ကားမှု မရှိလှပေ။
နွေဦးပွဲတော် ဖျော်ဖြေပွဲများ မရှိသကဲ့သို့ မီးရှူးမီးပန်းများ၊ ဗျောက်အိုးများနှင့် မျက်စိကျိန်းလောက်အောင် များပြားလှသော နှစ်သစ်ကူး ကုန်ပစ္စည်းများလည်း မရှိချေ။
သို့သော်လည်း နှစ်သစ်ကူးအပေါ် လူတို့၏ မျှော်လင့်စောင့်စားမှုမှာ နောက်ပိုင်းခေတ်များထက် လျော့နည်းခြင်း မရှိပေ။
အိမ်တိုင်းစေ့က ရက်အနည်းငယ် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်ကြပြီး ဝက်များ၊ သိုးများကို သတ်ကာ ပေါက်စီများ ပေါင်းကြ၏။ နွေဦးပွဲတော် ကဗျာစာသားများကို ကပ်၍ ဖူ စာလုံးများကို ရေးဆွဲကြသည်။
ကလေးများမှာ အဝတ်အစားသစ်များကို စောစီးစွာ ဝတ်ဆင်ကြပြီး မုန့်ဖိုးများနှင့် အရသာရှိသော အစားအသောက်များ ရရှိရန် မျှော်လင့်နေကြ၏။
နှစ်သစ်ကူးအကြိုနေ့တွင် မိသားစုတစ်စုလုံးက အပူပေး အုတ်ကုတင်ပေါ်တွင် စုထိုင်ကြကာ ပူနွေးနေသော ဖက်ထုပ်များကို စားသုံးရင်း နေ့စဉ်ဘဝ အကြောင်းများကို စကားစမြည် ပြောဆိုကြသည်။ ဤသည်က အရှင်းလင်းဆုံးသော ပျော်ရွှင်မှုပင် ဖြစ်၏။
ယခုနှစ်တွင် လဲ့ချန်၏ အိမ်၌ ပွဲတော်အငွေ့အသက်များက အထူးသဖြင့် လွှမ်းခြုံနေသည်။
လဲ့ချန် စီးပွားရေး စတင်လုပ်ကိုင်ကတည်းက သူ့မိသားစုဘဝမှာ သိသိသာသာ တိုးတက်လာခဲ့၏။
သူက အဝတ်အစားသစ်များနှင့် ဖိနပ်သစ်များကို ဝယ်ယူပေးရုံသာမက အရသာရှိသော အစားအသောက်များကိုလည်း အများအပြား ပြင်ဆင်ထားသည်။
နွားတင်းကုပ်အတွင်း၌ မီးဖိုက တောက်လောင်နေပြီး ထင်းများ မီးကျွမ်းသည့် တဖျစ်ဖျစ် အသံက ဤရိုးရှင်းသော နေအိမ်လေးထဲသို့ နွေးထွေးမှုတစ်ခုကို ပေါင်းထည့်ပေးနေ၏။
စားပွဲမှာ မကြီးမားလှသော်လည်း ဟင်းလျာများက အပြည့်အမောက် ခင်းကျင်းထားသည်။ မွှေးကြိုင်သော ဝက်သားနီချက်၊ ရွှေရောင်သန်းနေသည့် ငါးကြော်နှင့် ပူနွေးနေသော ဖက်ထုပ်တို့ ဖြစ်၏။ အရင်းအမြစ်များ ရှားပါးလှသော ၁၉၆၀ ပြည့်လွန်နှစ်များတွင် ဤအရာများသည် အလွန်ရှားပါးသည့် ဟင်းလျာကောင်းများ ဖြစ်သည်။
အသက်လေးနှစ်အရွယ် ရှောင်ရှောင်လေးက လဲ့ချန် အထူးဝယ်ယူပေးထားသော ဂွမ်းထည်အင်္ကျီသစ်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို နှစ်ဖက်ခွဲကာ ကျစ်ထား၏။ သူမမှာ နှစ်သစ်ကူး ပန်းချီကားထဲမှ အရုပ်လေးတစ်ရုပ်ကဲ့သို့ ချစ်စရာ ကောင်းနေသည်။
သူမက ဝက်သားနီချက်တစ်တုံးကို လက်ဖြင့်ကိုင်ကာ အားပါးတရ စားသောက်နေပြီး ပါးစပ်မှ ဆီများ စီးကျနေသော်လည်း ကလေးသံလေးဖြင့် အော်ခေါ်လိုက်သေး၏။
"အဖေ... အသားက အရမ်းအရသာရှိတာပဲ..."
သမီးဖြစ်သူ၏ အပြစ်ကင်းစင်ပြီး လွတ်လပ်ပေါ့ပါးသော အပြုံးလေးကို ကြည့်ကာ လဲ့ချန်၏ ရင်ထဲတွင် နွေးထွေးမှုများ လွှမ်းခြုံသွားတော့သည်။
သူက ငါးတစ်တုံးကို ယူ၍ ရှောင်ရှောင်၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း ယုယစွာ ပြောလိုက်၏။
"ဖြည်းဖြည်း စားပါ... အများကြီး ရှိသေးတယ်..."
ဤနွေးထွေးလှသော မြင်ကွင်းကို ကြည့်ရင်း လဲ့ချင်းက မနေနိုင်ဘဲ ပြောလိုက်သည်။
"အစ်ကို...အရမ်းကောင်းတယါ... မိသားစုတစ်စုလုံး အတူတူ ရှိနေရတာ အရမ်း ကောင်းတယ်..."
လဲ့ချန်က လှိုက်လှိုက်လှဲလှဲ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
ချီလန်က လဲ့ချန်၏ ဘေးတွင် ဝင်ထိုင်ပြီး သူ့ကို ကြင်နာစွာ ကြည့်လိုက်သည်။
သူမက လဲ့ချန်အတွက် ဖက်ထုပ် တစ်ပန်းကန်ကို တိတ်ဆိတ်စွာ ခပ်ထည့်ပေးရင်း ညင်သာစွာ ပြောလိုက်၏။
"များများ စားပါ... ရှင့် အခုတလော ပိန်သွားတယ်..."
လဲ့ချန်က ချီလန်၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူမ၏ လက်ဖဝါးမှ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူ့ရင်ထဲတွင် ကျေးဇူးတင်စိတ်များ ပြည့်နှက်သွားသည်။
ဤမျှလောက် မွန်မြတ်သော ဇနီးတစ်ယောက်ကို ရရှိရန် သူ ဘယ်လို ကုသိုလ်တွေ ပြုခဲ့မိလို့ပါလိမ့်။
ညစာစားပြီးနောက် လဲ့ချန်က လူတစ်ယောက်ကို သတိရသွားပြီး ချီလန်အား ပြောလိုက်၏။
"အားကော်က နှစ်သစ်ကူးကို တစ်ယောက်တည်း ဖြတ်သန်းနေရတာ သနားစရာပဲ... ငါ သွားပြီး သူ့ကို ငါတို့နဲ့အတူ လာစားဖို့ ခေါ်လိုက်ဦးမယ်..."
ချီလန်က နူးညံ့စွာ ပြုံးလိုက်သည်။
"သွားလေ... ငါတို့ အားလုံးက ရွာတည်းသားတွေပဲ... အချင်းချင်း ဖေးမကူညီသင့်တာပေါ့..."
လဲ့ချန်က အားကော်၏ အိမ်သို့ ရောက်သောအခါ ယိုယွင်းနေသော သက်ကယ်မိုး တဲအိမ်လေးထဲရှိ အပူပေး အုတ်ကုတင်ပေါ်တွင် အားကော် တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူ၏ လက်ထဲတွင် အေးစက်မာကြောနေသော ပြောင်းဖူးပေါင်မုန့် တစ်လုံးကို ကိုင်ထားပြီး ဘဝအတွက် မျှော်လင့်ချက် အားလုံး ပျောက်ဆုံးသွားသကဲ့သို့ သူ၏ မျက်လုံးများက ကွက်လပ်ဖြစ်နေသည်။
"အားကော်... လာ... ငါ့အိမ်မှာ ဖက်ထုပ် သွားစားရအောင်..."
လဲ့ချန်က တက်ကြွစွာ ခေါ်လိုက်၏။
အားကော်မှာ အစပိုင်းတွင် အံ့သြသွားပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် သွားဖြဲပြလိုက်ရာ ကျိုးနေသော ရှေ့သွားနှစ်ချောင်းကို မြင်လိုက်ရသည်။
"အစ်ကိုချန်... အဲ့ဒါက... အတော်လေး မသင့်တော်ဘူး မဟုတ်လား..."
"ဘာလို့ မသင့်တော်ရမှာလဲ... ငါတို့က ညီအစ်ကိုတွေပဲလေ... ငါ့အပေါ် အဲ့လောက် အားနာနေစရာ မလိုပါဘူး... သွားကြမယ်..."
လဲ့ချန်က ဘာမျှဆက်မပြောတော့ဘဲ အားကော်ကို ဆွဲကာ အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့၏။
အားကော်က လဲ့ချန်၏ အိမ်သို့ ရောက်ရှိသွားပြီး စားပွဲပေါ်တွင် အပြည့်အမောက် ရှိနေသော ဟင်းလျာများကို မြင်သောအခါ သူ၏ မျက်လုံးများက အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားတော့သည်။
သူက တံတွေးကို အသံမြည်အောင် မျိုချလိုက်ပြီး အနည်းငယ် အားနာစွာဖြင့် ပြောလိုက်၏။
"အစ်ကိုချန်... ဒါက... အရမ်း များလွန်းပါတယ်... ကျွန်တော်..."
"အပိုတွေပြောမနေနဲ့... စားသာ စား..."
လဲ့ချန်က အားကော်ကို တူတစ်စုံ ကမ်းပေးလိုက်ပြီးနောက် ဖက်ထုပ် ပန်းကန်လုံးအကြီး တစ်လုံးကို ခပ်ထည့်ပေးလိုက်သည်။
အားကော်က နှစ်ပေါင်းများစွာ မစားခဲ့ရသည့်အလား အငမ်းမရ စားသောက်နေတော့၏။
အားကော်၏ ပုံစံကိုကြည့်ကာ လဲ့ချန်မှာ ရယ်လည်းရယ်ချင်သလို ရင်လည်း နာမိသည်။
ထမင်းစားပွဲ၌ လဲ့ချင်းက ရုတ်တရက် ပြောလိုက်၏။
"အစ်ကို... အစ်ကို သိလား... ဟိုလူယုတ်မာ လိုင်ကျားမင် အရိုက်ခံရပြီး ခြေထောက် ကျိုးသွားတယ်တဲ့... ညတွင်းချင်း ပြေးသွားပြီလို့တောင် ကြားတယ်... ဒီမနက် ဘေးအိမ်က အဒေါ်ကျိုးဆီကနေ ကြားလာတာ..."
လဲ့ချန်နှင့် အားကော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
လဲ့ချန်နှင့် အားကော်တို့ နှစ်ယောက် နားလည်မှုရှိစွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်ချင်စိတ်ကို မြိုသိပ်ထားရသဖြင့် သူတို့၏ မျက်နှာများမှာ နီရဲလာကြ၏။
လိုင်ကျားမင် အရိုက်ခံရခြင်းက သူတို့ နှစ်ယောက်၏ လက်ချက်ပင် ဖြစ်သည်။
လဲ့ချင်းက ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး ဒေါသတကြီး ဆက်ပြောနေ၏။
"မှတ်ပလား.. အဲဒီလူယုတ်မာက အစကတည်းက ပညာပေးခံရမှာ... အခု ကြည့်လိုက်ဦး... ယောင်းမကို သူ ထပ်ပြီး ရန်စရဲသေးလား ကြည့်ရသေးတာပေါ့..."
ချီလန်က ဘေးမှနေ၍ တိတ်တဆိတ် နားထောင်နေပြီး သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
လိုင်ကျားမင်နှင့် ထိုကိစ္စ ဖြစ်ပွားခဲ့ပြီးကတည်းက လိုင်ကျားမင်က သူမကို ထပ်မံအနှောင့်အယှက် ပေးမည်ကို စိုးရိမ်သဖြင့် သူမမှာ အမြဲတမ်း ကြောက်လန့်စွာဖြင့် နေထိုင်ခဲ့ရ၏။
သူ အရိုက်ခံရသည်ဆိုသော သတင်းကို ကြားလိုက်ရချိန်တွင် နောက်ဆုံး၌ သူမ၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားတော့သည်။
"ဘယ်သူများ လုပ်လိုက်တာလဲ မသိဘူး... တကယ့်ကို သဘောကောင်းတဲ့ သူပဲ..."
လဲ့ချင်းက သက်ပြင်းချလိုက်ပြီး လဲ့ချန်နှင့် အားကော်တို့၏ မျက်နှာပေါ်မှ ပိုမို ထူးဆန်းလာသော အမူအရာများကို လုံးဝ သတိမထားမိချေ။
"အစ်ကို... အစ်ကိုတို့က ဘာလို့ အဲ့လောက် ထူးထူးဆန်းဆန်း ပြုံးနေကြတာလဲ... ဘာဖြစ်လို့လဲ..."
လဲ့ချင်းက လဲ့ချန်ကို သံသယဖြင့် ကြည့်လိုက်ပြီး သူမကို တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု ခံစားလိုက်ရသည်။
"အဟွတ်... အဟွတ်..."
လဲ့ချန်က ချောင်းဟန့်လိုက်ပြီး ပြုံးလုမတတ် ဖြစ်နေသော သူ၏ နှုတ်ခမ်းထောင့်များကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးစားလိုက်၏။
"ဘာမှမဖြစ်ပါဘူး... နှစ်သစ်ကူးနေ့ဆိုတော့ ပျော်နေလို့ပါ..."
အားကော်ကလည်း အူကြောင်ကြောင်ဖြင့် သွားဖြဲပြလိုက်ပြီး ပါးစပ်ထဲတွင် ဖက်ထုပ်များ အပြည့်အမောက်ဖြင့် ရေရွတ်လိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... ငါလည်း ပျော်နေတာ..."
လဲ့ချန်က အကြောင်းအရာကို အမြန် ပြောင်းလိုက်၏။
“ဖက်ထုပ်တွေ စားကြလေ... အေးကုန်တော့မယ်..."
ထိုအချိန်မှာပင် ပြတင်းပေါက် အပြင်ဘက်မှ ဗျောက်အိုးများ ဖောက်လိုက်သည့် အသံက အိမ်ထဲရှိ တိတ်ဆိတ် ငြိမ်သက်မှုကို ချိုးဖျက်သွားတော့သည်။
အရင်းအမြစ်များ ရှားပါးလှသော ၁၉၆၀ ပြည့်လွန်နှစ်များ ဖြစ်သော်လည်း နှစ်သစ်ကူး အထိမ်းအမှတ် ပွဲတော်များ၏ အငွေ့အသက်မှာ လျော့နည်းသွားခြင်း မရှိပေ။
အိမ်တိုင်းစေ့က နှစ်သစ်ကို ကြိုဆိုရန် ဗျောက်အိုးများ ဖောက်ကြ၏။
"ဒေါက်... ဒေါက်... ဒေါက်..."
အလျင်စလို တံခါးခေါက်သံ အချို့ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ..."
လဲ့ချင်းက တူများကို ချထားခဲ့ပြီး တံခါးဖွင့်ရန် ထသွား၏။
လဲ့ချင်း တံခါးကို ဖွင့်လိုက်သောအခါ ဆွံ့အသွားတော့သည်။
တံခါးအပြင်ဘက်တွင် ရပ်နေသူများမှာ လျိုတာကျူး၊ သူ၏ဇနီး စွင်းယန်မေနှင့် ကျန်းကွေ့ဖန်းတို့ ဖြစ်ကြ၏။ လျိုတာကျူးမှာ ဖြူရော်ကာ နာမကျန်းဖြစ်နေသည့် ပုံပေါ်နေပြီး သူ့ဇနီး စွင်းယန်မေ၏ မျက်လုံးများက နီရဲ ရောင်ရမ်းနေသည်။ ကျန်းကွေ့ဖန်းမှာ ပုံမှန်အတိုင်း စူးရှပြီး ရက်စက်ကြမ်းကြုတ်သည့် အသွင်ရှိသော်လည်း ယခုအခါ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အချို့ ပါဝင်နေသည်။
အခန်း (၅၈)အကူအညီတောင်းခံခြင်း ရောက်လာပြီ
အခန်းထဲရှိ လူတိုင်းမှာ အံ့အားသင့်သွားကြ၏။ အားကော်က ပါးစပ်ထဲမှ ဖက်ထုပ်ကို ထွေးထုတ်လုမတတ် ဖြစ်သွားပြီး လဲ့ချန်က မျက်လုံးများကို မှေးစင်းလိုက်ရာ သူ၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြစ်ပေါ်လာသည်။
*ဒီအဘွားအိုကြီးက ငါ့ကိုဆိုရင် ကပ်ရောဂါတစ်ခုလို အမြဲတမ်း ရှောင်ဖယ်နေတတ်တာကို ဒီနေ့ကျမှ ဘာလို့ ငါ့တံခါးဝကို ရောက်လာရတာလဲ…*
*သူတို့က လှည့်ကွက်တစ်ခုခု သုံးဖို့ ကြံစည်နေတာများလား…*
လဲ့ချန် စကားပင် မပြောရသေးမီ လျိုတာကျူးနှင့် သူ၏ မိသားစုသုံးယောက်က တံခါးဝတွင် ဘုန်းခနဲ ဒူးထောက်ချလိုက်ကြ၏။
ဤရုတ်တရက် အပြုအမူကြောင့် အခန်းထဲရှိ လူများမှာ ပို၍ပင် နားလည်ရခက်သွားကြသည်။
"ချန်ဇီ... ကျေးဇူးပြုပြီး သနားညှာတာတဲ့အနေနဲ့ ငါတို့ မိသားစုကို ကယ်တင်ပေးပါဦး..."
ကျန်းကွေ့ဖန်းက အော်ဟစ် ငိုယိုလိုက်သည်။
"ငါတို့တွေ အငတ်ဘေးကြုံနေရပြီ... စားဖို့တောင် မတတ်နိုင်တော့ဘူး..."
စွင်းယန်မေကလည်း ငိုယိုလိုက်၏။
"မောင်လေးချန်… ယောင်းမ... အရင်က မောင်လေးတို့အပေါ် ငါတို့ မှားခဲ့မှန်း သိပါတယ်... ဒါပေမဲ့ အခု... ငါတို့မှာ တကယ့်ကို တခြားရွေးချယ်စရာ မရှိတော့လို့ပါ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကူညီပေးပါ..."
လဲ့ချန်နှင့် ချီလန်တို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးထဲရှိ နားလည်ရခက်မှုများကို တစ်ယောက်က မြင်တွေ့နေရသည်။
*ဒါက ဘယ်လို ပြဇာတ်မျိုးလဲ…*
လဲ့ချန်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းကွေ့ဖန်းက ပို၍ ကျယ်လောင်စွာ ငိုယိုလိုက်၏။
"ချန်ဇီ... ငါတို့က မိသားစုတွေပဲလေ... မင်းအဖေလည်း မရှိတော့ဘူးဆိုတော့ မင်းက ငါတို့ရဲ့တစ်ခုတည်းသော အားကိုးရာပါပဲ..."
လဲ့ချန်က လှောင်ပြုံး ပြုံးလိုက်သည်။
*ဒီအဘွားအိုကြီး... အရင်က ငါနဲ့ငါ့ညီမကို အနိုင်ကျင့်တုန်းကကျတော့ ဘာလို့ မိသားစုလို့ မပြောခဲ့တာလဲ…*
*အခုကျမှ မိသားစုမှန်း သိတော့တယ်ပေါ့…*
"နှစ်သစ်ကူးအချိန်ကြီး ဘာတွေ လာလုပ်နေတာလဲ..."
လဲ့ချန်က အေးစက်စွာ ပြောလိုက်၏။
"လိုရင်းကိုပဲ ပြော... လာပြီး အပိုတွေ ပြောမနေနဲ့..."
ငိုယိုမြည်တမ်းနေခြင်းက အချည်းနှီး ဖြစ်ကြောင်း မြင်သောအခါ ကျန်းကွေ့ဖန်းမှာ ဇာတ်ကြောင်းစုံကို ပြန်ပြောပြရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့က နီးကပ်လာသော နွေဦးပွဲတော်အတွက် တပ်မဟာမှ နှစ်သစ်ကူး ရိက္ခာများ သွားထုတ်ရန် လျိုတာကျူးကို ပြောခဲ့ခြင်း ဖြစ်သည်။
သူ့ကို အချိန်အကြာကြီး ခေါ်ပြီးသည့်တိုင် လျိုတာကျူးက မလှုပ်မယှက် ဖြစ်နေ၏။ သူတို့ မေးမြန်းကြည့်လိုက်သော အခါမှသာ ထိုကောင်လေးက အလုပ်ကို လုံးဝ မသွားခဲ့ကြောင်း သိလိုက်ရသည်။
သူက အလုပ်သွားမည်ဟု အမြဲ ပြောနေခဲ့သော်လည်း တကယ်တမ်းတွင် လိုင်ကျားမင်နှင့်အတူ လောင်းကစား သွားလုပ်နေခဲ့ခြင်း ဖြစ်၏။
ထိုကာလအတွင်း မိသားစုတွင် ကျန်ရှိနေသော ငွေကြေးအားလုံးကို သူက လောင်းကစားလုပ်၍ ရှုံးပစ်ခဲ့သည်။
စွင်းယန်မေမှာ ဒေါသတကြီးဖြင့် သူ့ကို အပြင်းအထန် ရိုက်နှက်ခဲ့၏။
သို့သော် ရိုက်နှက်နေစဉ်မှာပင် ကျန်းကွေ့ဖန်းက သားဖြစ်သူကို သနားသွားပြီး ရိုက်နှက်ခြင်းကို တားဆီးခဲ့သည်။
ထိုသို့ရှုပ်ထွေး ဆူညံနေသည့်တိုင်အောင် နှစ်သစ်ကူးကို ကျင်းပရမည် ဖြစ်၏။
သူတို့မိသားစုက အိမ်နီးချင်းထံမှ ကောက်နှံ ချေးငှားရန် သွားခဲ့သော်လည်း ထိုခေတ်ကာလတွင် မည်သူကမျှ ချမ်းသာကြွယ်ဝသူများ မဟုတ်သဖြင့် သူတို့ကို ချေးငှားရန် ပိုလျှံသော ကောက်နှံ မရှိကြချေ။
နောက်ဆုံး အရာအားလုံး အဆင်မပြေဖြစ်သွားသောအခါမှ သူတို့က လဲ့ချန်ကို သတိရသွားကြသည်။
မကြာသေးမီက သူတို့က လဲ့ချန်ကို မစော်ကားခဲ့သဖြင့် သူ၏ထံမှ ကောက်နှံ အနည်းငယ် ချေးငှား၍ ရနိုင်မည်ဟု တွေးခဲ့ကြ၏။
ထိုအကြောင်းကို ကြားပြီးနောက် လဲ့ချန်က စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။
“အံ့ဩစရာပဲ..."
"ငါ့ကို ဒူးလာထောက်နေလည်း အပိုပဲ..."
လဲ့ချန်က အေးစက်စွာ ပြောလိုက်၏။
"ဒူးထောက်ချင်ရင် ချီလန်ကို ဒူးထောက်... သူက ဒီအိမ်ရဲ့ အိမ်ရှင်မပဲ..."
ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့၏ မျက်နှာကြွက်သားများ အနည်းငယ် တွန့်လိမ်သွားပြီး သူတို့၏ သွားများကို ကြိတ်ထားသဖြင့် တကျိတ်ကျိတ် အသံများ ထွက်ပေါ်လာသည်။
ချီလန်၏ ရှေ့တွင် ဒူးထောက်ခိုင်းခြင်းက သူတို့ကို သတ်ပစ်ခြင်းထက် ပို၍ နာကျင်စေ၏။
လဲ့ချန်၏ ဖခင် သက်ရှိထင်ရှားရှိစဉ်က သူတို့က ဤမိသားစုအပေါ် ဗိုလ်ကျစိုးမိုးခဲ့ပြီး ချီလန်မှာလည်း နာခံတတ်သော ဇနီးတစ်ယောက်ကဲ့သို့ သူတို့ ခိုင်းသမျှကို လုပ်ပေးခဲ့ရသည်။
ယခု အခြေအနေတွေ ပြောင်းလဲသွားပြီး သူမရှေ့မှာ ဒူးထောက်ဖို့ အတင်းအကျပ် ခိုင်းစေခံရတာလား။
သို့သော်လည်း ဓားတစ်ချောင်းကဲ့သို့ စူးရှအေးစက်လှသော လေပြင်းများက သူတို့၏ မျက်နှာကို ရိုက်ခတ်သွားပြီး သူတို့၏ အခက်အခဲကို သတိပေးနေ၏။
မြောက်ပိုင်း၏ ဆောင်းရာသီ ညများတွင် ရေက ချက်ချင်း အေးခဲသွားတတ်သည်။ သူတို့ မိသားစုမှာ ထင်းများ ပြတ်လပ်နေသဖြင့် လူတစ်ယောက်ကို အေးခဲသေဆုံးစေရန် လုံလောက်ပေသည်။
အခန်းထဲမှ လွင့်ပျံလာသော မီးသွေးရနံ့က သူတို့ကို မသက်မသာဖြစ်စေပြီး ကြောင်တစ်ကောင်က သူတို့၏ နှလုံးသားကို ကုတ်ခြစ်နေသကဲ့သို့ ခံစားရစေ၏။
သူတို့မိသားစု၏ အစားအသောက် ပြတ်လပ်မှု၊ အေးစက်သော ညအချိန်တွင် တိုက်ခတ်နေသော မြောက်လေပြင်းနှင့် သူတို့သား လျိုတာကျူး၏ သနားစရာကောင်းသော အခြေအနေတို့ကို တွေးမိသောအခါ သူတို့၏ နှလုံးသားများ နစ်မြုပ်သွားတော့သည်။
အသက်ရှင်သန်ဖို့ ကြိုးစားနေရတဲ့အချိန်မှာ မျက်နှာက ဘာအရေးပါလို့လဲ။
ထို့အပြင် သူတို့ မလာမီကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ဒူးထောက်ရုံလေးပဲ မဟုတ်လား။
အစားအသောက်သာ ရမည်ဆိုပါက ချီလန်၏ ရှေ့တွင်သာမက ထိုတိရစ္ဆာန်လေး လဲ့ချန်၏ ရှေ့တွင်ပင် ဒူးထောက်ရန် သူတို့ဆန္ဒရှိကြ၏။
မိန်းမနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်ဆုံးတွင် ချီလန်၏ ရှေ့တွင် ဘုန်းခနဲ ဒူးထောက်လိုက်ကြသည်။
"လန်ဇီ... ကျေးဇူးပြုပြီး သနားညှာတာတဲ့ အနေနဲ့ ငါတို့ကို ကယ်တင်ပေးပါဦး... အရင်က ငါတို့ နင့်အပေါ် မကောင်းခဲ့မှန်း သိပါတယ်... ဒါပေမဲ့... ငါက နင့်ယောကျ်ားရဲ့ မိထွေးပါပဲ... ဟိုင်ကျုံးကို ထောက်ထားပြီး ငါတို့ကို ကူညီပေးပါ..."
ကျန်းကွေ့ဖန်းက အဆက်မပြတ် မျက်ရည်များ စီးကျလာပြီး အော်ဟစ်ငိုယိုလိုက်သည်။ သူမ၏ ပုံစံမှာ အလွန်သနားစရာ ကောင်းနေ၏။
စွင်းယန်မေကလည်း အော်ဟစ်လိုက်သည်။
“ယောင်းမ... ငါတို့ တကယ် မှားမှန်း သိပါပြီ... ငါတို့က လောဘကြောင့် မျက်ကန်းဖြစ်ပြီး ဆိုးရွားတဲ့ အလုပ်တွေ လုပ်ခဲ့မိပါတယ်... ဒါပေမဲ့ အခု... ငါတို့ တကယ့်ကို အခက်တွေ့နေလို့ပါ... ကျေးဇူးပြုပြီး... ငါတို့ မိသားစုကို သနားပါဦး..."
လဲ့ချန်က ဤပြဇာတ်ကို ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ကြည့်နေလိုက်၏။
အရင်က တခြားသူတွေကို အနိုင်ကျင့်တုန်းကကျတော့ လဲ့ချန်ရဲ့ အဖေကို ဘာလို့ သတိမရခဲ့တာလဲ...။
အခုကျမှ သူက မင်းရဲ့ ယောကျ်ားမှန်း သိတော့တယ်ပေါ့...။
ဤအမူအရာ ပြောင်းလဲမှုက စာအုပ် တစ်အုပ်ကို လှန်လိုက်သည်ထက်ပင် ပို၍ မြန်ဆန်နေ၏။
သူတို့၏ ငိုယိုသံများကြောင့် ဘေးအိမ်မှ အဒေါ်ကျိုးက သတိပြုမိသွားပြီး ဘာတွေဖြစ်နေသလဲဆိုသည်ကို စူးစမ်းလိုစိတ်ဖြင့် ချောင်းကြည့်လိုက်သည်။
သူမ မြင်လိုက်ရသည့်အရာက အလွန် အံ့သြစရာ ကောင်းနေ၏။ လျိုတာကျူးနှင့် သူ၏ မိသားစုသုံးယောက်က လဲ့ချန်၏ တံခါးဝတွင် ဒူးထောက်ကာ မိဘများ သေဆုံးသွားသကဲ့သို့ ငိုယိုနေကြသည်။
ဤသည်က တကယ့်ကို ထူးခြားသော မြင်ကွင်းတစ်ရပ်ပင် ဖြစ်၏။ မကြာမီတွင် ရွာသားများ စုရုံးရောက်ရှိလာကြပြီး ထိုမြင်ကွင်းကို လက်ညှိုးထိုးကာ မှတ်ချက်ပေး ပြောဆိုနေကြသည်။
ချီလန်က ရှောင်ရှောင်လေးကို ပွေ့ချီထားရင်း အပြင်ဘက်မှ ဆူညံသံများကို နားထောင်ကာ သူမ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေ၏။
အတိတ်က ဤရွာတွင် သူမ နာကျင်စရာများစွာ ခံစားခဲ့ရသည်။ ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့က သူမကို မကြာခဏ အနိုင်ကျင့်ခဲ့ပြီး ထိုလူပျိုကြီး လိုင်ကျားမင်ထံသို့ပင် ရောင်းစားရန် ကြံစည်ခဲ့ကြ၏။ ပြောစရာမလိုအောင်ပင် သူတို့က ရှောင်ရှောင်လေးကို ငွေဖြင့် ရောင်းစားရန် အမြဲတမ်း ကြံစည်နေခဲ့ကြသည်။
*အခုကျတော့ ငါ့ရှေ့မှာ ဒူးထောက်ပြီး သနားဖို့ တောင်းပန်နေကြတာလား…*
သူမက မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူသုံးယောက်ကို အေးစက်စွာ ကြည့်လိုက်ပြီး သူမ၏ ရင်ထဲတွင် သနားစိတ် အရိပ်အယောင်မျှပင် မရှိချေ။
သူမက ရှောင်ရှောင်လေးကို လဲ့ချင်းထံသို့ ကမ်းပေးလိုက်ပြီး ကလေးကို အိမ်ထဲသို့ ပြန်ခေါ်သွားခိုင်းကာ ကြည့်ရှုနေသော ရွာသားများဘက်သို့ လှည့်၍ ပြောလိုက်၏။
"ရွာသူရွာသားတို့... ဒီနေ့က နှစ်သစ်ကူးနေ့ဆိုတော့ ကျွန်မ ပြဿနာ မရှာချင်ပါဘူး..."
"ဒါပေမဲ့ လျိုတာကျူးမိသားစုက ကျွန်မနဲ့ ကျွန်မညီမအပေါ် အရင်က ဘယ်လို ဆက်ဆံခဲ့လဲဆိုတာ ရှင်တို့အားလုံး သိကြပါတယ်..."
"အခု သူတို့ အငတ်ဘေး ကြုံနေရတော့ ကျွန်မတို့ဆီ လှည့်လာတယ်ပေါ့... ရှင်တို့ပဲ စဉ်းစားကြည့်ပါဦး... ဒါက ပြောသင့်တဲ့ စကားလား..."
ထိုစကားကို ကြားပြီးနောက် ရွာသားများက ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
လဲ့မိသားစု၏ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘယ်သူက မသိဘဲ နေမှာလဲ။
"ဟုတ်တယ်... လန်ဇီ အနိုင်ကျင့်ခံရတုန်းကကျတော့ ဘာလို့ ဘာမှ မပြောခဲ့ကြတာလဲ... အခုကျမှ အကူအညီ တောင်းရကောင်းမှန်း သိတော့တယ်ပေါ့..."
"အမှန်ပဲ... သူတို့က လဲ့ချန်ကို သူတို့မိသားစု တစ်စုလုံးကို ထောက်ပံ့ခိုင်းချင်နေတာလား... သူတို့က ဘယ်လိုလုပ် အဲ့လောက် အရှက်မရှိရတာလဲ..."
"လဲ့ချန်သာ မတားဆီးခဲ့ရင် ရှောင်ရှောင်လေးက ငွေနဲ့ ရောင်းစားခံရတာ ကြာလောက်ပြီ... အဲ့နှလုံးသားမရှိတဲ့ ကောင်တွေ..."
ရွာသားများက တစ်ယောက်ပြီးတစ်ယောက် လျိုတာကျူးမိသားစု ယခင်က ပြုလုပ်ခဲ့သော ကိုယ်ကျင့်တရား ကင်းမဲ့သည့် လုပ်ရပ်များ အားလုံးကို ဖွင့်ချလိုက်ကြ၏။
ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့က ဤစကားများကို ကြားသောအခါ သူတို့၏ မျက်နှာများမှာ ရှက်ရွံ့မှုကြောင့် ပူထူလာပြီး မြေကြီးထဲသို့ ဝင်ပျောက်သွားချင်စိတ် ပေါက်လာကြသည်။
လျိုတာကျူးက ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမျှ မဟချေ။ သူက မကျေမနပ် ဖြစ်နေသော်လည်း ဘာတတ်နိုင်မည်နည်း။ သူတို့က သူ့အကူအညီကို လိုအပ်နေသူများ ဖြစ်သဖြင့် သူတို့ကသာ သည်းခံရမည် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်ပြီးနောက် နောက်ဆုံးတွင် ချီလန်မှာ သူမ ရင်ဘတ်ထဲတွင် သိမ်းဆည်းထားခဲ့သော နာကျင်မှုများမှ သက်သာရာ ရသွားတော့၏။
သူမက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် လူအုပ်၏ အပြင်ဘက်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"မင်းတို့အားလုံး ဒီမှာ စုပြီး ဘာလုပ်နေကြတာလဲ... နှစ်သစ်ကူး အချိန်အခါကြီးမှာ ညစာစားဖို့ အိမ်မပြန်ကြဘူးလား..."
လူတိုင်းက အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ တပ်မဟာခေါင်းဆောင် လဲ့ကျီမင် လျှောက်လာသည်ကို တွေ့လိုက်ရ၏။
လဲ့ကျီမင်သည် ရွာတွင် အလွန်လေးစားခံရသူဖြစ်ပြီး သူ ပေါ်လာတိုင်း ရွာသားများ၏ အသံများမှာ တိတ်ဆိတ်သွားလေ့ရှိသည်။
လဲ့ကျီမင်က လဲ့ချန်၏ တံခါးဝသို့ လျှောက်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော လျိုတာကျူး မိသားစုကို ကြည့်ကာ ထို့နောက် ချီလန်ကိုကြည့်၍ ဩရှရှ အသံဖြင့် မေးလိုက်၏။
“ဘာတွေ ဖြစ်နေတာလဲ..."
ချီလန်က အခြေအနေကို အတိုချုံး ရှင်းပြလိုက်သည်။
နားထောင်ပြီးနောက် လဲ့ကျီမင်က သက်ပြင်းချလိုက်၏။ လျိုတာကျူးမိသားစုက ဘယ်လို လူစားမျိုးဆိုတာ သူ သိသကဲ့သို့ ချီလန်က အတိတ်တွင် နာကျင်စရာများစွာ ခံစားခဲ့ရကြောင်းကိုလည်း သူ သိပေသည်။
သူက လျိုတာကျူး မိသားစုဘက်သို့ လှည့်၍ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့ အရင်က လုပ်ခဲ့တာတွေကို ရွာသားတွေ မြင်တွေ့ခဲ့ကြတယ်..."
"အခု မင်းတို့ အငတ်ဘေးကြုံနေရမှ ချန်ဇီ မိသားစုကို နောက်ဆုံးတော့ သတိရလာပြီပေါ့... မင်းတို့က အရင်က ငါတို့ကို အနိုင်ကျင့်ခဲ့ပြီး အခု မင်းတို့ မိသားစု တစ်စုလုံးကို ထောက်ပံ့ဖို့ သူတို့ကို တောင်းပန်နေတာလား... အဲ့ဒါက တရားမျှတမှု မရှိဘူး..."
ထိုစကားကို ကြားသောအခါ ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့က ချက်ချင်း ငိုယို၍ တောင်းပန်လိုက်ကြ၏။
"တပ်မဟာခေါင်းဆောင်ကြီး... ကျွန်မတို့ မှားမှန်း သိပါပြီ... ကျွန်မတို့ တကယ် မှားမှန်း သိပါပြီ... လန်ဇီကို တောင်းပန်ရုံကလွဲပြီး ကျွန်မတို့မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပါ..."
လျိုတာကျူးကလည်း ဝင်ပြောလိုက်သည်။
"တပ်မဟာခေါင်းဆောင်ကြီး... ကျွန်တော်တို့ကို ကူညီပေးပါဦး... ကျွန်တော့် မိသားစု အငတ်ဘေး ကြုံနေရလို့ပါ..."
သူတို့၏ သနားစရာကောင်းသော အခြေအနေကိုကြည့်ကာ လဲ့ကျီမင်၏ ရင်ထဲတွင် သနားစိတ် အနည်းငယ် ပေါ်လာ၏။
ယခင်က လျိုတာကျူးမိသားစု လုပ်ခဲ့သည့် လုပ်ရပ်များမှာ အလွန်အကျွံ ဖြစ်ခဲ့သော်လည်း သူတို့က ရွာတည်းသားများ ဖြစ်ကြပြီး သူတို့ အေးခဲသေဆုံးခြင်း သို့မဟုတ် အငတ်ဘေးဖြင့် သေဆုံးသွားခြင်းကို ကြည့်နေရုံသာ ကြည့်နေပါက မှန်ကန်မည် မဟုတ်ပေ။
ထို့အပြင် သူက ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ရာ လူများ တကယ် အငတ်ဘေးဖြင့် သေဆုံးသွားပါက တကယ့် ပြဿနာကြီး ဖြစ်လာပေမည်။