← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) - အမြှောက်စာ အုပ်စုသစ်ကို ရှာဖွေခြင်း

"အထဲမှာ ထောင်ချောက်တွေ ရှိနေသေးတယ်"

"ဒီထောင်ချောက်က အရမ်းအစွမ်းထက်တာပဲ၊ ဒီအတိုင်းဆိုရင် ငါတို့အားလုံး ဒီမှာတင် သေကုန်ကြလိမ့်မယ်"

နိုးထသူများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး အော်ဟစ်နေကြတော့သည်။ ၎င်းတို့၏နောက်တွင် ရှိနေသော ဆန်းရန်နှင့် ဆန်းယီတို့မှာလည်း မျက်မှောင်ကြုတ်သွားကြ၏။

"တစ်ခုခုတော့ မှားနေပြီ... လျူယန်က အထဲဝင်သွားတာ သေချာတယ်၊ ဘာလို့ ငါတို့က သူ့ကိုမတွေ့ဘဲ မပေါက်ကွဲသေးတဲ့ ထောင်ချောက်တွေနဲ့ပဲ တိုးနေရတာလဲ"

ဆန်းယီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"တကယ်ပဲ ထူးဆန်းတယ်... ခုနက ငါတွေ့ခဲ့တဲ့ အမှတ်အသားတွေအရ ဒီထောင်ချောက်တွေက အလုပ်လုပ်ပြီးသား ဖြစ်ရမှာ..."

ဆန်းရန်က အခြေအနေမှာ ပုံမှန်မဟုတ်ကြောင်း ခံစားလိုက်မိသည်။

သို့သော်လည်း နိုးထသူများအုပ်စုမှာ အံကြိတ်ကာ ဆက်လက်တိုးဝင်ခဲ့ကြသည်။ သို့သော် မကြာမီမှာပင် သူတို့ရှေ့ရှိ ရေခဲပြင်ကြီးမှာ နိမ့်ဆင်းသွားပြီး ရုန်းမထွက်နိုင်သော သဲကျင်းကြီးတစ်ခု ပေါ်လာတော့သည်။ ရှေ့ဆုံးမှလူမှာ ရှောင်တိမ်းရန် အချိန်မရဘဲ သဲကျင်းအတွင်း နစ်ဝင်ကာ အသက်ပျောက်သွားရပြန်သည်။

"မဖြစ်တော့ဘူး... ငါတို့ ရှေ့ဆက်တိုးလို့ မရတော့ဘူး"

"ဟုတ်တယ်... ရတနာကို မမြင်ရခင် ငါတို့အားလုံး ဒီမှာတင် အလောင်းဖြစ်ကုန်တော့မယ်... အရင်ဆုတ်ပြီးမှ အစီအစဉ်ဆွဲကြတာပေါ့... တောင်အောက်မှာ ကျန်ခဲ့တဲ့ နိုးထသူတွေကို အတင်းခေါ်လာပြီး ထောင်ချောက်တွေကို အရင်နင်းခိုင်းရမယ်၊ အဲဒီကျမှ ငါတို့က ရတနာကို အေးအေးဆေးဆေး ဝင်ယူကြတာပေါ့"

နိုးထသူများမှာ တိုင်ပင်ပြီးနောက် အပြင်သို့ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအခါ မူလက နောက်ဆုံးမှ လိုက်လာခဲ့သော ဆန်းရန်နှင့် ဆန်းယီတို့မှာ ရှေ့ဆုံးသို့ ရောက်ရှိသွားတော့၏။

သို့သော် လှိုဏ်ခေါင်းအဝင်ဝသို့ ပြန်အရောက်တွင် မူလက ဘာမှမရှိခဲ့သော နေရာမှ ဧရာမ ကျောက်မောင်းကြီးတစ်လုံး ကျလာပြန်သည်။ ဆန်းရန်သည် ဆန်းယီကို အလျင်အမြန် ဆွဲထုတ်ကာ ရှောင်တိမ်းလိုက်ရသည်။ နိုးထသူများမှာ အံ့အားသင့်သွားကြ၏။ သူတို့ ဝင်လာစဉ်က ဤနေရာ၌ ဘာထောင်ချောက်မျှ မရှိခဲ့ချေ။ ယခုမူ ရှေ့တိုးလည်း ထောင်ချောက်၊ နောက်ဆုတ်လည်း ထောင်ချောက်နှင့် ပိတ်မိနေချေပြီ။

နောက်ဆုံးတွင် အဝင်ဝနှင့် နီးကပ်နေပြီဖြစ်သဖြင့် အန္တရာယ်ကြားမှပင် အပြင်သို့ အတင်းတိုးထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။ အပြင်သို့ ပြန်ထွက်သည့် လမ်းခရီးမှာ ငရဲခန်းကဲ့သို့ပင်။ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ သေမင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ ရှိပြီး တစ်ယောက်ပြီးတစ်ယောက် ထောင်ချောက်များမိကာ သေဆုံးကုန်ကြသည်။

အဝင်ဝနှင့် မီတာ (၃၀) ခန့်အကွာသို့ ရောက်သောအခါ မူလက လူတစ်ဒါဇင်ကျော်ရှိသော အဖွဲ့မှ ဆန်းရန် အပါအဝင် (၄) ဦးသာ အသက်ရှင် ကျန်ရစ်တော့သည်။ သူတို့အားလုံးမှာလည်း ဒဏ်ရာဗရပွနှင့် သွေးသံရဲရဲ ဖြစ်နေကြ၏။ အစွမ်းအထက်ဆုံး ဖြစ်သော ဆန်းရန်ပင်လျှင် ခန္ဓာကိုယ်၌ ဒဏ်ရာကြီး (၄) ခုခန့် ရရှိထားပြီး သွေးများ တစိမ့်စိမ့် ထွက်နေသည်။

အမှောင်ထဲမှ စောင့်ကြည့်နေသော လျူယန်သည် နာကျင်စွာ အော်ဟစ်သံများ ရပ်တန့်သွားသည်ကို ကြားသောအခါ အနားသို့ တိုးကပ်သွားလိုက်သည်။ ကျန်ရှိနေသော နောက်ဆုံး မီတာ (၃၀) သည် အန္တရာယ်အရှိဆုံးနှင့် ထောင်ချောက်အထူထပ်ဆုံး အပိုင်းဖြစ်ကြောင်း သူသိသည်။

ကျန်ရှိသူ (၄) ဦးမှာ အံကြိတ်ကာ အဝင်ဝဆီသို့ အတင်းပြေးထွက်ကြစဉ်မှာပင် ထောင်ချောက် (၃) ခုမှာ တစ်ပြိုင်နက် ပေါက်ကွဲတော့သည်။ ဧရာမ ကျောက်တုံးကြီး လိမ့်ဆင်းလာခြင်း၊ အဆိပ်ငွေ့များ ပျံ့နှံ့လာခြင်းနှင့် ခြေထောက်များကို တုံ့နှေးစေသော မြူမှောင်များ ဖုံးလွှမ်းလာခြင်းတို့ ဖြစ်သည်။

မြူမှောင်များ၏ အာနိသင်ကြောင့် သူတို့၏ အရှိန်မှာ နှေးကွေးသွားပြီး ကျောက်တုံးကြီးနှင့် နံရံကြားရှိ ကျဉ်းမြောင်းသော ကွက်လပ်တစ်ခုသာ လွတ်လမ်းအဖြစ် ကျန်တော့သည်။ သို့သော် ထိုကွက်လပ်မှ တစ်ကြိမ်လျှင် လူတစ်ယောက်သာ ဖြတ်၍ ရမည်ဖြစ်သည်။ နှေးကွေးနေသူများမှာ အဆိပ်ငွေ့များ မိကာ သေဆုံးရန်သာ ရှိတော့သည်။

ဆန်းယီသည် အသက်လုကာ ရှေ့သို့ အတင်းပြေးသော်လည်း နောက်မှ လိုက်လာသော သူ၏ အစ်ကိုဖြစ်သူ ဆန်းရန်က ဆန်းယီကို ဆွဲကာ အနောက်သို့ အတင်းပစ်ပေါက်လိုက်သည်။

"အစ်ကို... ဘာလုပ်တာလဲ"

ဆန်းယီမှာ သူ၏ အစ်ကိုအရင်းဖြစ်သူက မိမိအား သေတွင်းထဲသို့ တွန်းပို့လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ချေ။

ဆန်းရန်သည် အေးစက်သော မျက်နှာပေးဖြင့် ပြောလိုက်၏။

"တောင်းပန်ပါတယ် ညီလေး... ဒါပေမဲ့ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်ဆိုရင် အဲဒီလူက ငါပဲ ဖြစ်ရမယ်"

ထို့နောက် သူသည် ကျောက်တုံးကြီး မပိတ်ဆို့မီ ကွက်လပ်အတွင်းမှ တိုးထွက်ကာ လွတ်မြောက်သွားတော့သည်။

ဆန်းယီနှင့် ကျန်ရှိသူ (၂) ဦးမှာမူ အဆိပ်ငွေ့များအတွင်း ပိတ်မိကာ နာကျင်စွာ အော်ဟစ်ရင်း အသက်ပျောက်သွားကြရလေသည်။

လှိုဏ်ခေါင်းအပြင်ဘက်သို့ ရောက်လာသော ဆန်းရန်မှာ အမောတကော အသက်ရှူရင်း မိမိ၏ ရက်စက်မှုကို နောင်တရမည့်အစား တစ်ကိုယ်တည်းရေရွတ်နေတော့သည်။

"ဒီလျှို့ဝှက်နယ်မြေက အရမ်းအန္တရာယ်များတာပဲ... ငါတစ်ယောက်တည်း ဆက်သွားလို့ မဖြစ်ဘူး... အပြင်မှာရှိတဲ့ တခြားနိုးထသူတွေကို အမြှောက်စာအဖြစ် သုံးပြီး ထောင်ချောက်တွေကို နင်းခိုင်းရမယ်... ဒီလောက် အန္တရာယ်များမှတော့ အထဲမှာ တကယ် တန်ဖိုးကြီးတဲ့ ရတနာတွေ ရှိမှာ သေချာတယ်"

ဤသည်ကို ပုန်းကွယ်ကြည့်နေသော လျူယန်၏ မျက်လုံးများမှာ အေးစက်သွားသည်။ မိမိညီအရင်းကိုပင် သတ်ရက်သော ဆန်းရန်ကဲ့သို့ လူစားမျိုးကို သတ်ဖြတ်ရန် သူ အနည်းငယ်မျှ ဝန်လေးနေတော့မည် မဟုတ်ချေ။ လျူယန်သည် သူ၏ [မီးနှင့်ရေခဲ ခေါင်းနှစ်လုံးဝံပုလွေ] ကို ဆင့်ခေါ်လိုက်ပြီး ၎င်းအား သာမန် ဝံပုလွေပုံစံသို့ ခေတ္တပြောင်းလဲစေကာ ဆန်းရန်၏ ရှေ့သို့ ထွက်ခိုင်းလိုက်သည်။

A-အဆင့် စွမ်းရည်ဖြစ်သော [ဝိညာဉ်ထုတ်ယူခြင်း]ကို ပိုင်ဆိုင်ထားသော ဆန်းရန်သည် ဝံပုလွေကို မြင်လိုက်ရသောအခါ မျက်လုံးများ ဝင်းလက်သွားသည်။ ဤသားရဲကို သတ်ပြီး ဝိညာဉ်ကို ထုတ်ယူနိုင်ပါက သူ၏ အင်အားမှာ များစွာ တိုးတက်လာမည် မဟုတ်ပါလား။

"ရှဲဒိုးဝံပုလွေပဲ... ငါ့ညီနဲ့ တခြားသူတွေ သေသွားရတာ တန်သွားပြီ... ဒီကောင်ကို သတ်ပြီး ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ရမယ်"

ဆန်းရန်သည် သူ၏ လက်နက်ကို တင်းတင်းဆုပ်ကာ ဝံပုလွေဆီသို့ လောဘတကြီးဖြင့် ပြေးဝင်သွားလေတော့သည်။

အခန်း (၂၄) - မှော်ရုပ်သေးရုပ် အောင်မြင်စွာ ဖန်တီးခြင်း

အရိပ်ဝံပုလွေမှာ အလားအလာ ကောင်းမွန်သော်လည်း အပြည့်အဝ မရင်ကျက်သေးကြောင်း ဆန်းရန်က သိရှိထားသဖြင့် ၎င်းကို နှိမ်နင်းရန် အလွန်ပင် ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော် ဆန်းရန်က ဝံပုလွေဆီသို့ အားကုန်ပြေးဝင်သွားချိန်မှာပင် အရိပ်လေးမှာ ၎င်း၏ အဆင့်မြင့်ဆင့်ကဲပြောင်းလဲထားသော ပုံစံဖြစ်သည့် [မီးနှင့်ရေခဲ ခေါင်းနှစ်လုံးဝံပုလွေ] အဖြစ်သို့ ချက်ချင်း ပြောင်းလဲလိုက်တော့သည်။ မတူညီသော ဓာတ်ကြီးနှစ်ပါး ကိန်းအောင်းနေသည့် ဦးခေါင်းနှစ်လုံး၊ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် တစ်ကိုယ်လုံးတွင် တဖျတ်ဖျတ် တောက်ပနေသော မီးနှင့် ရေခဲစွမ်းအင်များမှာ ဆန်းရန်၏ ရှေ့မှောက်သို့ ရုတ်ချည်း ပေါ်ထွက်လာ၏။

"သေစမ်း"

ဆန်းရန်မှာ အခြေအနေမဟန်တော့ကြောင်း ချက်ချင်း သိလိုက်ရသည်။

သူသည် သာမန် အရိပ်ဝံပုလွေကို ယှဉ်နိုင်သော်လည်း အပြည့်အဝ ဆင့်ကဲပြောင်းလဲထားသော ဤဘီလူးကြီးကိုမူ လုံးဝ ယှဉ်နိုင်စွမ်း မရှိချေ။ ၎င်း၏ ရုပ်သွင်ကို ကြည့်ရုံဖြင့်ပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အန္တရာယ်ကို အာရုံခံမိသော ဆန်းရန်သည် အလျင်အမြန် နောက်ဆုတ်ရန် ကြိုးစားတော့သည်။

သို့သော် လျူယန်၏ အမိန့်ကို ရရှိထားသော ခေါင်းနှစ်လုံးဝံပုလွေမှာ အခွင့်အရေး မပေးတော့ဘဲ ရှေ့သို့ တစ်ဟုန်ထိုး ခုန်အုပ်ကာ ဆန်းရန်ကို ကိုက်ခဲလိုက်တော့သည်။ ဝံပုလွေကြီးမှာ ဧရာမ ခန္ဓာကိုယ်ရှိသော်လည်း အလွန်ပင် လျင်မြန်လှ၏။ ဆန်းရန်မှာ ရှောင်တိမ်းချိန်ပင် မရဘဲ အတင်းအဓမ္မ ပြန်လည်ခုခံခဲ့ရသည်။

သို့သော် အဆင့် (၃) သာ ရှိသေးသော သူသည် အဆင့် (၇) ရှိပြီး S-အဆင့် အလားအလာရှိသော ခေါင်းနှစ်လုံးဝံပုလွေကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။ ဆန်းရန်သည် ဝံပုလွေ၏ တိုက်ခိုက်မှုကို အနည်းငယ်မျှပင် မတွန်းလှန်နိုင်ဘဲ ဝံပုလွေ၏ တစ်ချက်တည်းသော အကိုက်ခံရမှုဖြင့်ပင် အသက်ပျောက်သွားရလေတော့သတည်း။

ထို့နောက် လျူယန်သည် ပုန်းကွယ်ရာမှ ထွက်လာပြီး ဆန်းရန်၏ အလောင်းနားသို့ သွားကာ ဆုလာဘ်များကို စတင်သိမ်းပိုက်တော့သည်။ သူသည် SSS-အဆင့် စွမ်းရည်ဖြစ်သော [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] ကို အသုံးပြုလိုက်ရာ စိမ်းဖန့်ဖန့် အလင်းတန်းများက ဆန်းရန်၏ အလောင်းကို ဖုံးလွှမ်းသွားသည်။

[ နတ်ဘုရားအဆင့် ထုတ်ယူခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - ဝိညာဉ်ခွာထုတ်ခြင်း၊ A အဆင့်]

[ ဝိညာဉ်ခွာထုတ်ခြင်း ]

အဆင့်: A

အာနိသင်: ပြင်းထန်သော ဝိညာဉ်အာရုံခံနိုင်စွမ်းကို ရရှိမည်။ တစ်ချိန်တည်းမှာပင် ပစ်မှတ်၏ ဝိညာဉ်ကို ထုတ်ယူကာ မိမိကိုယ်ကိုယ် သန်မာအောင် ပြုလုပ်နိုင်သည်။

ဤစွမ်းရည်မှာ A-အဆင့်အထိ ရှိသဖြင့် အလွန်မြင့်မားသော်လည်း လျူယန်အတွက်မူ အသုံးမဝင်လှချေ။ အကြောင်းမှာ ၎င်းသည် သူပိုင်ဆိုင်ထားသော 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ၏ ရိုးရှင်းသော ပုံစံငယ်မျှသာ ဖြစ်သောကြောင့်ပင်။ လျူယန်သည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်ပြီးနောက် ထို [ဝိညာဉ်ခွာထုတ်ခြင်း] စွမ်းရည်ကို အသုံးပြုကာ ဆန်းရန်၏ ဝိညာဉ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် သူသည် သိုလှောင်လက်စွပ်ထဲမှ မှော်ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ကာ ဆန်းရန်၏ ဝိညာဉ်ကို ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ လျူယန်သည် ယခင်က ရေခဲငှက်လုပ်ခဲ့သကဲ့သို့ ရေခဲကြိုးဖြင့် ထိန်းချုပ်သည့် နည်းလမ်းကို မသုံးခဲ့ပေ။ ထိုနည်းလမ်းမှာ စွမ်းအင်အမြုတေ မရှိသဖြင့် အားနည်းချက် မရှိသော်လည်း ရေခဲကြိုးကို တစ်စုံတစ်ယောက်က ရှာတွေ့သွားပါက အလွယ်တကူ ပျက်စီးသွားနိုင်သည်။

မှော်ဝိဇ္ဇာထံမှ ရရှိထားသော အတတ်ပညာအရ လျူယန်သည် ရုပ်သေးရုပ်၏ စွမ်းအင်အမြုတေကို ခြေကျင်းဝတ်နေရာ၌ ထားရှိလိုက်သည်။ ထိုနေရာမှာ အောက်ဆုံး၌ ရှိပြီး သတိထားမိရန် ခက်ခဲသဖြင့် အလွန်ပင် ဘေးကင်းလှ၏။ အားလုံးပြီးစီးသွားသောအခါ ရုပ်သေးရုပ်ထံမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အသုံးပြုရန် အသင့်ဖြစ်သွားသည်။

စစ်ဆေးကြည့်လိုက်သောအခါ ဤရုပ်သေးရုပ်မှာ အဆင့် (၅) ရှိပြီး သာမန် အဆင့် (၅) နိုးထသူတစ်ဦး၏ အစွမ်းနှင့် ညီမျှသည်။ သို့သော် ရုပ်သေးရုပ်မှာ နာကျင်မှုကို မသိဘဲ စွမ်းအင်အမြုတေ မပျက်စီးမချင်း မသေနိုင်သဖြင့် အမှန်တကယ် တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့် (၆) နိုးထသူတစ်ဦးနှင့် တူညီပေသည်။ ဤရုပ်သေးရုပ်မှာ လျူယန်အတွက် ပြိုင်ဘက်မဟုတ်သော်လည်း အပြင်ဘက်ရှိ အဆင့် (၂) နှင့် (၃) နိုးထသူများအတွက်မူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။ အဓိကအချက်မှာ ၎င်းသည် ကိုယ်ပိုင်အသိဖြင့် လှုပ်ရှားနိုင်သဖြင့် လျူယန်အတွက် အစွမ်းထက်သော လက်ရုံးတစ်ခု တိုးလာခြင်းပင်။

ထို့နောက် လျူယန်သည် ရေခဲလှိုဏ်ခေါင်းအတွင်းသို့ ပြန်ဝင်ကာ သူဆင်ထားသော ထောင်ချောက်အားလုံးကို နောင်တစ်ကြိမ် အသုံးပြုရန်အတွက် သိုလှောင်လက်စွပ်ထဲသို့ ပြန်သိမ်းလိုက်သည်။ ဤတစ်ကြိမ်တွင် ထောင်ချောက်များ၏ အသုံးဝင်ပုံကို သူ ကောင်းစွာ သဘောကျသွားခဲ့သည်။

လမ်းတစ်လျှောက်၌ သေဆုံးနေသော နိုးထသူများ၏ အလောင်းများကိုလည်း 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ပြုလုပ်ခဲ့သည်။ သူတို့မှာ လျူယန်နှင့် ရန်ငြိုးမရှိသော်လည်း ဆန်းရန်၏ စကားကို နားယောင်ကာ လောဘတက်ခဲ့သည့်အတွက် ယခုကဲ့သို့ အဆုံးသတ်ခဲ့ရခြင်းပင်။

[ နိုးထသူအလောင်းမှ ထုတ်ယူခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - မီးလုံးစွမ်းရည် (C-အဆင့်)။ ၎င်းကို [မီးတောက်ထိန်းချုပ်ခြင်း] အတွင်းသို့ အလိုအလျောက် ပေါင်းစပ်လိုက်ပြီး [မီးတောက်ထိန်းချုပ်ခြင်း] ၏ စွမ်းအားကို ၁၀% မြင့်တင်ပေးလိုက်ပါသည် ]

[ နိုးထသူအလောင်းမှ ထုတ်ယူခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - လေထိန်းချုပ်ခြင်း(C-အဆင့်)]

အလောင်းအားလုံးမှ ထုတ်ယူပြီးနောက် လျူယန်သည် ဆုလာဘ်များစွာ ရရှိခဲ့သော်လည်း အများစုမှာ သူ၏ မူလစွမ်းရည်များအတွင်းသို့သာ ပေါင်းစပ်သွားခဲ့သည်။ အသစ်ရရှိသော စွမ်းရည်မှာ [လေထိန်းချုပ်ခြင်း] ဖြစ်ပြီး ၎င်းမှာ မြားများ ပစ်ခတ်ရာတွင် အရှိန်နှင့် တိကျမှုကို ပိုမိုကောင်းမွန်စေရန် အထောက်အကူပြုမည်ဖြစ်သည်။

နောက်ဆုံးတွင် လျူယန်သည် [မီးတောက်ထိန်းချုပ်ခြင်း] ကို အသုံးပြုကာ အလောင်းအားလုံးကို ပြာဖြစ်အောင် မီးရှို့လိုက်သည်။ သူသည် လျှို့ဝှက်နယ်မြေအတွင်းရှိ ရတနာအားလုံးကို ရရှိပြီးဖြစ်ရာ ဆက်နေရန် မလိုတော့ဘဲ တယ်လီပို့စင်ကို အသုံးပြုကာ အပြင်သို့ ထွက်လာခဲ့သည်။

တောင်ထိပ်တွင် စောင့်နေသော ချူလုံနှင့် ပြန်လည်ဆုံတွေ့ခဲ့သည်။ ထိုအချိန်မှာပင် မျှော်စင်၏ ဒုတိယအဆင့် သတ်မှတ်ထားသော အချိန်မှာ ကုန်ဆုံးသွားပြီး တယ်လီပို့ဝင်ပေါက် ပွင့်လာခဲ့ပြီ ဖြစ်သည်။ တောင်အောက်ရှိ ကျန်ရှိသော နိုးထသူများမှာလည်း မီးငြိမ်းသွားသဖြင့် တောင်ပေါ်သို့ တက်လာကြသည်။

"ဆန်းရန်တို့ ဘယ်လိုဖြစ်သွားလဲ"

လျူယန် ဘေးကင်းစွာ ပြန်လာသည်ကို မြင်သောအခါ ချူလုံက စပ်စုလိုက်သည်။

"နောက်မှ အေးအေးဆေးဆေး ပြောပြမယ်၊ အခုတော့ အဆင့် (၂) ကနေ အရင်ထွက်ကြစို့"

လျူယန်က ပြောရင်း ချူလုံကို ခေါ်ကာ တယ်လီပို့စင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ခေတ္တမျှ မူးဝေသွားပြီးနောက် လျူယန်နှင့် ချူလုံတို့သည် အဆင့် (၂) နှင့် အဆင့် (၃) ကြားရှိ နားနေဆောင်သို့ ရောက်ရှိသွားကြသည်။ ထိုစဉ် မျှော်စင်အတွင်းမှ အသိပေးချက်တစ်ခု ထွက်ပေါ်လာ၏။

[ အချိန်ကုန်ဆုံးပါပြီ။ တယ်လီပို့စင်အတွင်းသို့ အသက်ရှင်လျက် ဝင်ရောက်နိုင်သူများကို မျှော်စင် ဒုတိယအဆင့် အောင်မြင်သူများအဖြစ် သတ်မှတ်ပါသည်]

[ မျှော်စင်အမှတ် (၁၀၀) မှ (၁၂၀) အထိကို ပေါင်းစည်းလိုက်ပါပြီ]

[ ဒုတိယအဆင့်၏ ရမှတ်အလိုက် ဆုလာဘ်များကို ဖြန့်ဝေပေးနေပါသည် ]

လျူယန်နှင့် ချူလုံတို့သည် သူတို့၏ အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ကြသည်။ လျူယန်မှာ မီးချီလင်၊ ရုပ်သေးရုပ်များနှင့် ရေခဲငှက်တို့ကို သတ်ဖြတ်ခဲ့ရုံသာမက မှော်ဝိဇ္ဇာ၏ အမွေအနှစ်ကိုပါ ရရှိခဲ့သဖြင့် အမှတ်များစွာရရှိကာ ဂုဏ်သတင်းကျော်စောမှု ဇယားတွင် နံပါတ် (၁) နေရာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားသည်။ သူ၏ အမှတ်မှာ ဒုတိယနေရာထက် (၄) ဆမက များပြားနေ၏။

ချူလုံမှာမူ ဒုတိယအဆင့်တွင် တိုက်ပွဲများစွာ မနွှဲခဲ့သော်လည်း ယခင်က ရရှိထားသော အမှတ်များရှိနေပြီး ဆန်းရန်၊ ဆန်းယီနှင့် အခြားထိပ်တန်း နိုးထသူများ သေဆုံးသွားခဲ့သဖြင့် သူမသည် မမျှော်လင့်ဘဲ နံပါတ် (၂) နေရာသို့ ရောက်ရှိသွားခဲ့သည်။

တောင်ပေါ်သို့ တက်လာကြသော ကျန်ရှိသည့် နိုးထသူများမှာ ဤဇယားကို ကြည့်ကာ အံ့ဩတုန်လှုပ်သွားကြတော့သည်။

"ဘာဖြစ်တာလဲ... လျူယန်က မသေတဲ့အပြင် နံပါတ် (၁) တောင် ပြန်ဖြစ်နေပါလား.. သူ့အမှတ်တွေက ဒုတိယလူထက် အများကြီး ပိုများနေတယ်"

"ကြည့်စမ်း... ဆန်းရန်၊ ဆန်းယီနဲ့ တခြား ဆယ်ယောက်ကျော်ရဲ့ နာမည်တွေ ဇယားထဲမှာ မရှိတော့ဘူး... သူတို့ အားလုံး သေကုန်ကြပြီလား"

"တစ်ဒါဇင်ကျော်လုံး သေကုန်တာလား.. ခုနက တောင်ထိပ်နဲ့ လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ"

"လျူယန်က နံပါတ် (၁) ထပ်ဖြစ်ပြန်ပြီ... သူတော့ ဆုလာဘ်တွေ အများကြီး ရဦးမှာပဲ... သူ့ရဲ့ အင်အား တိုးတက်မှုနှုန်းက တကယ်ကို ကြောက်စရာကြီးပဲ"

All Chapters