အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း (၂၇) - ပေါကြွယ်ဝသော ဆုလာဘ်များ
အစည်းအဝေးခန်းမအတွင်းရှိ နိုးထသူအားလုံးသည် မျက်နှာပြင်ကြီးပေါ်ရှိ မယုံနိုင်စရာ ကိန်းဂဏန်းများကို ကြည့်ကာ ဆွံ့အလျက် ရှိနေကြသည်။
မျှော်စင် (၁၀၅) မှ ပါလာသော နိုးထသူအချို့မှာမူ လျူယန်ကို သိရှိထားကြသဖြင့် သူ့ထံသို့ အကြည့်များ စုပြုံရောက်ရှိနေကြ၏။ အချို့မှာ ဘေးနားရှိလူများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပင် ကြွားလုံးထုတ်နေကြတော့သည်။
"တွေ့လား... ငါပြောသားပဲ... မျှော်စင် (၁၀၅) ရဲ့ နံပါတ် (၁) လျူယန်က တကယ်ကို အစွမ်းထက်တာပါဆို"
"ငါဆို လျူယန်နဲ့တောင် သိတာ... အရင်တုန်းက သူနဲ့ ပစ္စည်းချင်းတောင် လဲဖူးသေးတယ်"
"ငါနဲ့ လျူယန်ကြားမှာ ကွာဟချက်က ကြီးမားလှချေလားလို့ တွေးနေမိတာ... အခုမှ သိတော့တယ်... ငါက အားနည်းနေတာမဟုတ်ဘူး၊ သူကကို အရမ်း အစွမ်းထက်လွန်းနေတာပဲ"
"ငါလည်း မျှော်စင် (၁၀၅) ကပဲလေ... သူ ငါ့ကို အသင်းဖော်အဖြစ် လက်ခံပါ့မလား"
နိုးထသူများမှာ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြစဉ် မျှော်စင် (၁၀၆) နှင့် (၁၀၇) မှ လူအချို့မှာလည်း ဒုတိယအဆင့်တုန်းက လျူယန်ကို မြင်ဖူးထားကြသည်။ သို့သော် ကျန်သည့် မျှော်စင်များမှ လူများမှာမူ လျူယန်ကို လုံးဝ မသိကြသဖြင့် ဤကဲ့သို့သော မကြုံစဖူး ပါရမီရှင်မှာ မည်သူနည်းဟု စပ်စုနေကြ၏။
လူအုပ်ကြီး၏ ထောင့်တစ်နေရာတွင် ချူလုံမှာ အံ့အားသင့်လွန်းသဖြင့် လျူယန်၏ လက်မောင်းကို ဆွဲကာ စိတ်လှုပ်ရှားစွာ ပြောရှာသည်။
"ဝါး... နင်က တကယ်ကြီး နံပါတ် (၁) ပဲ... အမှတ် ၃ သိန်းတောင် ရှိတာလား... နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ... တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ"
ဒုတိယအဆင့်၌ တောင်တက်စဉ်ကတည်းက လျူယန် အစွမ်းထက်သည်ကို သူမ သိထားပြီး ဖြစ်သည်။ လျှို့ဝှက်နယ်မြေအတွင်း တစ်ယောက်တည်း ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာရုံသာမက၊ ဆန်းရန်အပါအဝင် လူတစ်ဒါဇင်ကျော် သေဆုံးသွားခဲ့ချိန်တွင် လျူယန်က ဘေးကင်းနေခြင်းမှာ မရိုးရှင်းကြောင်း သူမ ခံစားမိသည်။ သို့သော် သူ၏ အင်အားမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ထိုအချိန်တွင် ကျောင်းအုပ်ကြီးသည် စင်ပေါ်သို့ ပြန်လည်တက်လာကာ အလယ်ဗဟို၌ နေရာယူလိုက်၏။
"ကဲ... အခုဆိုရင် ငါတို့ရဲ့ နံပါတ် (၁) ပါရမီရှင် လျူယန်ကို ဆုလာဘ်များ ချီးမြှင့်ဖို့ စင်ပေါ်ကို ဖိတ်ခေါ်လိုက်ပါတယ်"
ကျောင်းအုပ်ကြီးက ကြေညာလိုက်သည်။
ကျောင်းအုပ်ကြီး၏ အသံထွက်ပေါ်လာသည်နှင့် လျူယန်သည် ထိုင်နေရာမှ ထကာ စင်ပေါ်သို့ လျှောက်လှမ်းသွားတော့သည်။ ခန်းမတစ်ခုလုံးရှိ အကြည့်အားလုံးမှာ သူ့ထံသို့သာ စုပြုံကျရောက်နေ၏။
"ဒါ နံပါတ် (၁) ပါရမီရှင် လျူယန်လား"
"ကြည့်ရတာ သာမန်ပါပဲလား... ဘယ်လိုလုပ် ဒီလောက်အထိ ဘီလူးတစ်ကောင်လို အစွမ်းထက်နေရတာလဲ"
"မင်းက ဘာသိလို့လဲ... ဒါ အစွမ်းကို ဝှက်ထားတာလေ... ဒီနေ့ကစပြီး လျူယန်က ငါ့ရဲ့ အိုင်ဒေါပဲ"
"သူ့ရဲ့ ဂုဏ်သတင်းကျော်စောမှု အမှတ်တွေက သမိုင်းဝင်စံချိန်ကိုတောင် ကျော်သွားပြီ... လျူယန်ရဲ့ အနာဂတ်ကတော့ အကန့်အသတ်မရှိ ဖြစ်တော့မှာပဲ"
"တောက်... ဒီကောင် ကံကောင်းသွားတာပဲ ဖြစ်မှာပါ... ငါသာ ကံကောင်းရင် ငါလည်း နံပါတ် (၁) ရမှာပဲ"
"နံပါတ် (၁) ရတော့ရော ဘာဖြစ်လဲ... ဒါက ပထမအဆင့်နှစ်ခုမှာတင် ရှိသေးတာ... အဆင့် (၃) က အရမ်း အန္တရာယ်များတာ၊ သူ အသက်ရှင်ပါ့မလားတောင် မသိဘူး"
ဝေဖန်သံ၊ ချီးမွမ်းသံများ ဆူညံနေသော်လည်း လျူယန်မှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ စင်ပေါ်သို့ တည်ငြိမ်စွာ တက်သွားခဲ့သည်။ ကျောင်းအုပ်ကြီးမှာ ပြုံးရွှင်သော မျက်နှာဖြင့် လျူယန်ကို ကြိုဆိုကာ လက်ဆွဲနှုတ်ဆက်လိုက်၏။
"ဂုဏ်ယူပါတယ် လျူယန်"
ကျောင်းအုပ်ကြီးမှာ အခွင့်အာဏာကြီးမားသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဤကျောင်းသားနှင့် လက်ဆွဲနှုတ်ဆက်ရသည်ကို ဂုဏ်ယူနေမိသည်။ အကြောင်းမှာ မကြာမီကာလအတွင်း လျူယန် အပြည့်အဝ ရင်ကျက်လာပါက ဖက်ဒရေးရှင်းတစ်ခုလုံး၏ ထိပ်တန်းပညာရှင် ဖြစ်လာကာ လူသားမျိုးနွယ်ကို အမြင့်ဆုံးသို့ ခေါ်ဆောင်သွားမည့် ခေါင်းဆောင် ဖြစ်လာမည်ကို သူ သိနေသောကြောင့်ပင်။
ထို့နောက် ဆုလာဘ်များ ပေးအပ်ခြင်း အစီအစဉ် စတင်သည်။ မျှော်စင် ၂၀ လုံး၏ စုစုပေါင်း အဆင့် (၁) အတွက် ဆုလာဘ်များမှာ အလွန်ပင် ပေါကြွယ်ဝလှ၏။
ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သည့် အဖိုးတန်ဆေးရည်များအပြင်၊ လက်နက်လဲလှယ်ခွင့်လက်မှတ်နှင့် စွမ်းရည်လဲလှယ်ခွင့်လက်မှတ်များ ပါဝင်သည်။ အောက်မှ ကြည့်နေသော နိုးထသူများမှာ မနာလိုဖြစ်လွန်းသဖြင့် မျက်လုံးများပင် ပြူးနေကြ၏။ ထိုဆေးရည်များသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ အခြေခံအင်အားကို မြှင့်တင်ပေးနိုင်ပြီး၊ လက်မှတ်များဖြင့် လဲလှယ်နိုင်သော ကိရိယာများမှာလည်း အလွန်ပင် အစွမ်းထက်လှသည်။
လျူယန် စစ်ဆေးကြည့်လိုက်ရာ ထိုလက်မှတ်များဖြင့် လဲလှယ်နိုင်သော လက်နက်ကိရိယာများသည် သူ ယခုဝတ်ဆင်ထားသော 'လေစီးနင်းသူဝတ်စုံ'ထက်ပင် ပို၍ အစွမ်းထက်နေသည်။ ထို့ပြင် သူ၏ [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] စွမ်းရည်ကို ထိုပစ္စည်းများအပေါ် အသုံးပြုလိုက်ပါက သူ၏ အင်အားမှာ အနည်းဆုံး (၂) ဆခန့် ထပ်မံတိုးတက်သွားမည် ဖြစ်သည်။
ဆုများ လက်ခံရယူပြီးနောက် လျူယန် စင်ပေါ်မှ ဆင်းလာခဲ့သည်။ အချိန်မှာ အလွန်တန်ဖိုးရှိသဖြင့် ကျောင်းအုပ်ကြီးသည် မီးပြတိုက်အကယ်ဒမီ၏ လုပ်ဆောင်ချက်များကို အကျဉ်းချုပ် ရှင်းပြကာ လူသစ်ကြိုဆိုပွဲကို အဆုံးသတ်လိုက်သည်။
ခန်းမအပြင်ဘက်သို့ ထွက်လာကြသောအခါ အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ကုန်သည်ကြီးများအသင်းမှ ရင်းနှီးမြှုပ်နှံသူများမှာ အဝင်ဝ၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ အဆင့် (၃) သို့ တက်လှမ်းနိုင်သူများသည် နောင်တွင် အစွမ်းထက်သော ပညာရှင်များ ဖြစ်လာရန် သေချာသလောက် ရှိနေသဖြင့် သူတို့ကို ကြိုတင်စည်းရုံးရန် လာရောက်ကြခြင်းပင်။
လျူယန် ထွက်လာသည်နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်များက သူ့ကို ဝိုင်းအုံကာ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းကြတော့သည်။
"မင်္ဂလာပါ မစ္စတာလျူ... ကျွန်တော်က မြို့တော် (A) ရဲ့ နိုးထသူများမဟာမိတ်က ကိုယ်စားလှယ်ပါ... ခင်ဗျားနဲ့ ပူးပေါင်းချင်ပါတယ်"
"မင်္ဂလာပါ... ကျွန်တော်က ဒင်ရှန်းကုန်သည်ကြီးများအသင်းကပါ... ခင်ဗျားကို ရင်းနှီးမြှုပ်နှံချင်ပါတယ်"
"ကျွန်တော်ကတော့ ဖက်ဒရေးရှင်း စစ်တပ်ကပါ... ခင်ဗျားနဲ့ ဆွေးနွေးချင်ပါတယ်"
လျူယန်သည် ထိုလူများအားလုံးကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ဖြေလိုက်သည်။
'အားလုံးပဲ စိတ်မလောကြပါနဲ့... တစ်ယောက်ချင်းစီပဲ သွားကြရအောင်... ခင်ဗျားတို့ရဲ့ ကမ်းလှမ်းချက်တွေကို ကျုပ် သေချာမှတ်သားထားပါ့မယ်... သင့်တော်မယ်ဆိုရင် ကျုပ်တို့ ပူးပေါင်းကြတာပေါ့"
လျူယန်၏ ဉာဏ်ရည်မြင့်မားပြီး ယဉ်ကျေးပျူငှာသော အပြုအမူမှာ အခြားသော မာနကြီးသည့် ပါရမီရှင်များနှင့် သိသိသာသာ ကွဲပြားနေသည်။ သူသည် မာန်မာနမရှိဘဲ အရာရာကို ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးတတ်သဖြင့် ရင်းနှီးမြှုပ်နှံသူအားလုံးက သူ့ကို ပို၍ပင် သဘောကျသွားကြတော့သည်။
'သမိုင်းတစ်လျှောက် နံပါတ် (၁) ပါရမီရှင်ဆိုတာ တကယ်ကို သာမန်လူတွေနဲ့ မတူဘူးပဲ'
သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း တွေးတောနေကြလေသည်။
အခန်း (၂၈) - စစ်မှန်သော ထိပ်တန်းအနီးကပ်တိုက်ခိုက်ရေးစွမ်းရည်၊ မီးတောက်ဘုရင်လက်သီး
ရင်းနှီးမြှုပ်နှံသူများနှင့် တစ်ဦးချင်းတွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များချုပ်ဆိုရန် လျူယန်က အရှိန်မြှင့်ကြိုးစားခဲ့သော်လည်း၊ လူဦးရေမှာ အလွန်ပင် များပြားလှသဖြင့် ညနေစောင်းသည့်တိုင်အောင် အလုပ်များနေခဲ့ရသည်။
နောက်ထပ် ဆွေးနွေးလိုသူ အချို့ရှိနေသေးသော်လည်း လျူယန်က ယဉ်ကျေးပျူငှာစွာဖြင့်ပင် ငြင်းပယ်လိုက်ရသည်။ သူ မပူးပေါင်းချင်၍ မဟုတ်ဘဲ အချိန် လုံးဝ မရှိတော့သောကြောင့် ဖြစ်၏။
အကြောင်းမှာ ခဏတာပြုလုပ်ခဲ့သော လူသစ် ကြိုဆိုပွဲတွင် ကျောင်းအုပ်ကြီးက မနက်ဖြန်၌ 'လူသစ်များ လက်ရည်စမ်းပွဲ' ကျင်းပမည်ဟု ကြေညာခဲ့သောကြောင့်ပင်။ ထိုပြိုင်ပွဲကို ကျင်းပရခြင်းမှာ အဆင့်သတ်မှတ်ချက်အလိုက် ဆုလာဘ်များ ထပ်မံပေးအပ်ရန်နှင့် နိုးထသူများအနေဖြင့် နောက်ပိုင်းတွင် မျှော်စင်တက်သည့်အခါ မိမိ၏ အင်အားကို မိမိ ကောင်းစွာ နားလည်သဘောပေါက်စေရန် ဖြစ်သည်။
သို့သော် မျှော်စင်၏ တတိယအဆင့်မှာ မကြာမီ ပွင့်တော့မည်ဖြစ်ရာ အချိန်အလွန်နည်းနေပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရည်စမ်းစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိပါက တတိယအဆင့် စွန့်စားခန်းများကို ထိခိုက်နိုင်သဖြင့်၊ ဤတစ်ကြိမ်တွင် တစ်ဦးချင်း တိုက်ခိုက်သည့်ပုံစံမျိုး မဟုတ်ဘဲ စနစ်သစ်ဖြင့် ကျင်းပမည် ဖြစ်သည်။
ထိုစနစ်မှာ ကွင်းအတွင်းရှိ 'ခွန်အားတိုင်းတာသည့် ကျောက်တိုင်'ကို တိုက်ခိုက်ကာ ရရှိလာသော အမှတ်အပေါ် မူတည်၍ အဆင့်သတ်မှတ်ခြင်းပင် ဖြစ်သည်။ ထိုကျောက်တိုင်ကို အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားပြီး အလွန်မာကျောလှရာ အဆင့် (၁၀) ရှိသော နိုးထသူတစ်ဦး၏ အားအပြင်းဆုံး တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသည်။ ယခုရောက်ရှိနေသူများမှာ အမြင့်ဆုံး အဆင့် (၅) ခန့်သာ ရှိသေးသဖြင့် လုံလောက်သည်ထက်ပင် ပိုပေသည်။
ကျောက်တိုင်ကို တိုက်ခိုက်လိုက်သည်နှင့် ၎င်းသည် တိုက်ခိုက်မှုအရှိန်ကို အမှတ်များအဖြစ် ပြောင်းလဲကာ ဘေးရှိ မျက်နှာပြင်တွင် ပြသပေးမည် ဖြစ်သည်။
ဤနည်းဖြင့် လူတိုင်းသည် မိမိတို့၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကို သိရှိနိုင်မည် ဖြစ်သည်။ ယခု အချိန်အနည်းငယ် ကျန်ရှိနေသေးသဖြင့် လျူယန်သည် မိမိကိုယ်ကိုယ် ကောင်းစွာ မြှင့်တင်ရန် လိုအပ်နေပြီဖြစ်သည်။
ပထမအဆင့်နှစ်ခု၏ စွန့်စားခန်းများတွင် လျူယန်သည် မိမိ၌ လိုအပ်ချက်အချို့ရှိနေသည်ကို သတိထားမိခဲ့သည်။ ယခုအချိန်တွင် သူသည် အလွန်လျင်မြန်ပြီး၊ မီးနှင့် ရေခဲစွမ်းအင်များလည်း အလွန်အားကောင်းကာ၊ အဝေးပစ် လေးအတတ်မှာလည်း ထိပ်တန်းအဆင့်တွင် ရှိနေသည်။
သို့သော် သူ၏ အားနည်းချက်မှာ 'အနီးကပ်တိုက်ခိုက်ရေး' စွမ်းရည် လိုအပ်နေခြင်းပင်။ အဝေးပစ်တိုက်ခိုက်မှုများဖြင့် အသက်ရှင်ရန် လုံလောက်သော်လည်း၊ မထင်မှတ်ထားသော အခြေအနေများကို ရင်ဆိုင်နိုင်ရန် အနီးကပ်တိုက်ခိုက်ရေးကိုပါ ကျွမ်းကျင်ထားရမည်ဖြစ်သည်။ သူသည် မည်သည့်အားနည်းချက်မျှ မရှိသော 'ဘက်စုံတော်' ပညာရှင်တစ်ဦး ဖြစ်လိုသည်။
ကံကောင်းထောက်မစွာဖြင့် သူ၌ 'စွမ်းရည်လဲလှယ်ခွင့်လက်မှတ်'တစ်စောင် ရှိနေသဖြင့် အလျင်အမြန်ပင် လဲလှယ်ရေးကောင်တာသို့ သွားခဲ့သည်။ လျူယန်သည် စုစုပေါင်း အဆင့် (၁) ရရှိထားသူဖြစ်ရာ သူ၏လက်မှတ်မှာ A-အဆင့် ဖြစ်ပြီး A-အဆင့်နှင့် အောက်ရှိ မည်သည့်ကျင့်စဉ်ကိုမဆို လဲလှယ်နိုင်သည်။
သူသည် A-အဆင့် အနီးကပ်တိုက်ခိုက်ရေးကျင့်စဉ်များကို ရှာဖွေလိုက်ရာ တစ်ခုကို သဘောကျသွားခဲ့သည်။
[ မီးတောက်ဘုရင်လက်သီး]
အဆင့်: A
အာနိသင်: အစစ်မှန်ဆုံး အနီးကပ်တိုက်ခိုက်ရေး အတတ်ပညာ။ အသုံးပြုသူ၏ ခန္ဓာကိုယ်အတွင်းရှိ တောက်လောင်နေသော မီးဓာတ်ကို အသုံးပြုကာ ခန္ဓာကိုယ်၏ အစွမ်းအစကို လှုံ့ဆော်ပေးပြီး ပြင်းထန်သော ပေါက်ကွဲအားကို ဖြစ်ပေါ်စေသည်။
အခြားသော ကျင့်စဉ်များက အမြန်နှုန်း သို့မဟုတ် အဝေးပစ်တိုက်ခိုက်မှုများကိုပါ ရောနှောထားသော်လည်း 'မီးတောက်ဘုရင်လက်သီး' မှာမူ အနီးကပ်တိုက်ခိုက်ရေးသက်သက်ကိုသာ အစွမ်းကုန်မြှင့်တင်ပေးခြင်း ဖြစ်သည်။ လျူယန်အတွက် အခြားအရာများ ရှိပြီးဖြစ်ရာ ဤကဲ့သို့သော သီးသန့်ကျွမ်းကျင်မှုမျိုးကိုသာ သူ အလိုရှိသည်။ ထို့ပြင် သူ၌ A-အဆင့် [မီးတောက်ထိန်းချုပ်ခြင်း] ရှိနေသဖြင့် ဤလက်သီးကျင့်စဉ်နှင့် ပေါင်းစပ်လိုက်ပါက ပို၍ ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
"ဒါကိုပဲ လဲမယ်"
လျူယန်က အတည်ပြုလိုက်သည်။
ဝန်ထမ်းက အံ့ဩစွာဖြင့် သတိပေးရှာသည်။
"လူကြီးမင်း... ဒီလက်သီးကျင့်စဉ်က အနီးကပ်တိုက်ခိုက်ရေးမှာတော့ A-အဆင့်ထဲမှာ အားအပြင်းဆုံးပဲ၊ S-အဆင့် တချို့ကိုတောင် ယှဉ်နိုင်တယ်... ဒါပေမဲ့ သူ့မှာ အားနည်းချက်က အရမ်းသိသာတယ်၊ တခြား ဘယ်စွမ်းရည်ကိုမှ မြှင့်တင်မပေးဘူးဗျ"
လျူယန်က ပြုံးကာ ပြန်ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်... ဒါကိုပဲ ယူပါ့မယ်"
လဲလှယ်ပြီးနောက် လျူယန်သည် လူမရှိသည့်နေရာသို့ သွားကာ ၎င်းအပေါ် [နတ်ဘုရားအဆင့် ထုတ်ယူခြင်း] ကို အသုံးပြုလိုက်သည်။
[ မီးတောက်ဘုရင်လက်သီး (A-အဆင့်) ကို ထုတ်ယူခြင်း အောင်မြင်ပါသည်။ ဆုလာဘ် - မီးတောက်ဘုရင်လက်သီး (S-အဆင့်) ကို ရရှိပါသည် ]
[ မီးတောက်ဘုရင်လက်သီး ]
အဆင့်: S
အာနိသင်: ထိပ်တန်းအဆင့် အနီးကပ်တိုက်ခိုက်ရေးစွမ်းရည်။ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မီးတောက်များကို သိုလှောင်ထားပြီး ခန္ဓာကိုယ်အစွမ်းနှင့် မီးတောက်အစွမ်းကို အပြည့်အဝ ပေါင်းစပ်ကာ တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သည်။
လျူယန်မှာ အလွန်ပင် ဝမ်းမြောက်သွားရသည်။ S-အဆင့်သို့ ရောက်သွားသောအခါ မီးတောက်စွမ်းအင်မှာ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားရုံသာမကဘဲ ခန္ဓာကိုယ်နှင့်ပါ တစ်သားတည်း ပေါင်းစပ်သွားသဖြင့် စွမ်းအားမှာ အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။ သူသည် ၎င်းကို ချက်ချင်းပင် လေ့လာလိုက်ရာ ကျင့်စဉ်စာအုပ်မှာ မီးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး လျူယန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားတော့သည်။
ခဏချင်းမှာပင် ထိုလက်သီးကျင့်စဉ်ကို အသုံးပြုပုံများမှာ သူ၏ ဦးနှောက်ထဲသို့ ရောက်ရှိလာပြီး၊ နှစ်ပေါင်းများစွာ လေ့ကျင့်ထားသကဲ့သို့ ခန္ဓာကိုယ်က ကျွမ်းကျင်သွားခဲ့သည်။ ဖက်ဒရေးရှင်း၏ စွမ်းရည်စာအုပ်များမှာ အမှန်တကယ်ပင် အစွမ်းထက်လှ၏။
ဆက်လက်၍ သူသည် လက်နက်လဲလှယ်ရေးဌာနသို့ သွားခဲ့သည်။ လက်ရှိတွင် သူသည် D-အဆင့် 'လေစီးနင်းသူဝတ်စုံ' ကိုသာ ဝတ်ထားရဆဲ ဖြစ်သည်။ လျူယန် ရရှိထားသော လက်နက်လက်မှတ်မှာ B-အဆင့် ဖြစ်ပြီး ၎င်းမှာ အလွန်ပင် ရှားပါးလှသည်။ ပုံမှန်အားဖြင့် အဆင့် (၁) ရသူပင် C-အဆင့် လက်မှတ်သာ ရတတ်သော်လည်း၊ လျူယန်သည် သမိုင်းဝင်စံချိန်ကို ချိုးဖျက်ခဲ့သဖြင့် အထူးဆုအဖြစ် B-အဆင့် လက်မှတ်ကို ရရှိခဲ့ခြင်းပင်။
သို့သော် နှမြောစရာကောင်းသည်မှာ ၎င်းလက်မှတ်ဖြင့် လက်နက် (သို့မဟုတ်) ကိရိယာ တစ်ခုတည်းကိုသာ လဲလှယ်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လျူယန်သည် မိမိအတွက် အသုံးအဝင်ဆုံးဖြစ်မည့် အရာကို အသေအချာ ရွေးချယ်ရပေမည်။