တာအိုသခင်အဆင့် အပြင်အားကိုယ်
Vol. 96 Ch. 1330
“ငါ ဒီထက်ပိုပြီး သန်မာလာနိုင်သေးတယ်” မန်ဟိုသည် သူ့ကိုယ်အတွင်းရှိ ချီနှင့်သွေးစွမ်းအားကို သူ့အပြင်အားကိုယ်နှင့် ပေါင်းစည်းခွင့်မပြုဘဲ ဖိနှိပ်လိုက်၏။ ထို့နောက် တောက်ပနေသော မျက်လုံးများဖြင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။
သူက အကြောများဖြေလျှော့ဖို့ သူ့ခန္ဓာကိုယ်ကို လှုပ်လိုက်သည့်အခါ အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။ ကြောက်ခမန်းလိလိ အပြင်အားကိုယ်စွမ်းအားက သူ့ထံမှ ဖြာထွက်သွားပြီး မန်ဟိုမှာ ယခင်ထက် အဆများစွာပို၍ သန်မာလာသည်ကို ခံစားလိုက်ရလေသည်။
ပတ်ဝန်းကျင်တွင် အသက်ရှင်ကျန်ခဲ့သော အပြင်သူများကို လျစ်လျူရှုရင်း သူက လေပေါ် ထပ်ခုန်လိုက်သည်။ သူ့အောက်ရှိ မြေကြီးသည် အက်ကွဲကြေမွသွားပြီး အပြင်သူများကို ဧရာမပါးစပ်ကြီးသဖွယ် ဝါးမြိုလိုက်၏။ မချိတင်ကဲအော်ဟစ်သံများ ပဲ့တင်ထပ်နေသော်လည်း ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မန်ဟိုကား တတိယကြယ်ရှိရာသို့ တဟုန်ထိုး ထွက်သွားလေပြီ။
ဤနေရာသည် တောင်မြင့်တစ်လုံးဖြစ်ပြီး မန်ဟို ခြေချလိုက်လျှင်ချင်း ကြေမွပြိုကျသွားတော့သည်။ သူ့ခြေထောက်အောက်၌ အကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်သွားပြီး ရွှေရောင်သွေးစက်တစ်စက် ပျံထွက်လာသည်။ မန်ဟိုက ၎င်းကို ဖမ်း၍ ချက်ချင်း စုပ်ယူပြီးနောက် စတုတ္ထကြယ်ထံ ဦးတည်သွားတော့သည်။
တခဏကြာသော် သူသည် ဗွက်တောတစ်တောရှိရာတွင် ပေါ်လာ၏။ ပေါ်လာလျှင်ချင်း သူက ဗွက်တောထံ ရိုက်ချလိုက်သည်။
ဗွက်တောမှာ ချက်ချင်း ဖရိုဖရဲဖြစ်သွားပြီး ဟိုးအောက်ထဲ၌ စုဝေးနေခဲ့သော နတ်ဘုရားသွေးသည် မန်ဟို့နဖူးထဲ ဝင်ရောက်သွား၏။
မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ ပို၍ပင် အရပ်ရှည်လာသဖြင့် တဂျွတ်ဂျွတ်မြည်သံများကို ကြားရနိုင်သည်။ ချက်ချင်းပင် သူသည် မီတာ ၆၀၀ မြင့်မားသွားလေပြီ။ ယခုတွင် သူ၏အပြင်အားကိုယ်က မယုံကြည်နိုင်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေ၏။ ၎င်း တာအိုသခင်အဆင့် ရောက်သွားပြီဖြစ်ကြောင်း သူ ပြောနိုင်လိုက်သည်။
“တာအိုသခင်အပြင်အားကိုယ်” မန်ဟိုက နှုတ်ခမ်းပါးနားသပ်လိုက်သည်။ သူ ဤနေရာတွင် ရရှိနေသော ကံကြမ္မာကောင်းမှာ လွန်စွာရင်သပ်ရှုမောဖွယ်ကောင်းပေ၏။ ၎င်းက မိုးကောင်းကင်ကို ဖြိုခွင်း၍ ကမ္ဘာမြေကြီးကို ခြေမွပစ်နိုင်သော ခွန်အားဖြစ်သည်။ သူ့မှာ ပြန်မွေးဖွားလာနေသည့်အလားပင်။ သူ့အတွက် နတ်ဘုရားသင်္ချိုင်းဂူသည် ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းစေနိုင်မည့် နေရာတစ်နေရာဖြစ်၏။
သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည့်အခါ လေမိုးကြိုးများ တိုက်ခတ်ထစ်ချုန်းလာပြီး အရာအားလုံး မှောက်မိုက်လာသည်။ ထို့နောက် သူက ခြေဆောင့်နင်းချလိုက်ပြီး မြေကြီး ပျက်စီးကြေမွသွားစဉ်မှာပဲ ပဉ္စမကြယ်ရှိရာတွင် ဖျတ်ခနဲ ပြန်ပေါ်လာသည်။
ဤနေရာတွင် အပြင်သူများလည်း ရှိပြီး အစွမ်းထက်ရန်သူတစ်ယောက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြပုံပေါ်သည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများက မှော်တိုက်ကွက်များနှင့် နတ်ဘုရားစွမ်းရည်များစွာဖြင့် ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လျက် ပတ်ဝန်းကျင်တစ်ခုလုံးကို ပရမ်းပတာဖြစ်နေစေသည်။ မရေမတွက်နိုင်သော ဒိုင်းများသည် ချီနှင့်သွေးအမြောက်အမြားကို စုပ်ယူရင်း တင်ပျဉ်ခွေထိုင်နေသည့် ပိန်ချုံးချုံး အနှစ်သာရ ၅ ခု အပြင်သူတစ်ယောက်ကို ခြံရံလျက်ရှိ၏။ ထိုလူ၏ ပိန်ချုံးချုံးခန္ဓာကိုယ်မှ အလွန်တရာကြောက်စရာကောင်းသော ခွန်အားကို ထုတ်လွှတ်နေလေသည်။
မန်ဟို ချဉ်းကပ်လာသည့်အချိန်မှာပင် အပြင်သူ၏အပြင်အားကိုယ်က ရုတ်တရက် တာအိုနယ်ပယ်သို့ အဆင့်တက်သွားသဖြင့် တဂျိန်းဂျိန်းမြည်သံများကို ကြားလိုက်ရသည်။
အပြင်သူများအနက်မှ အတော်တကာ့ အတော်ဆုံးများသာ နတ်ဘုရားသွေးကို ရယူ၍ အပြင်အားကိုယ်များကို အံ့မခန်းလိလိအဆင့်သို့ မြှင့်တင်ဖို့ ဤနေရာသို့ စေလွှတ်ခံခဲ့ရလေသည်။
အပြင်သူသည် မန်ဟို ရောက်လာသည့်အချိန်မှာပင် အပြင်အားကိုယ်အဆင့်တက်သွား၏။ မန်ဟို ဆင်းသက်လိုက်သောအခါ မြေကြီးသည် ဖုန်အလိပ်လိပ်ထလျက် ကြေမွပြိုကွဲသွားတော့သည်။ အင်မတန်ခွန်အားကြီးမားသော လေပြင်းတစ်ချက်က ဆောင့်တိုက်လိုက်သဖြင့် အပြင်သူအားလုံး၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များ ပျက်စီးသွား၏။ အပြင်သူအများစုမှာ အားဒဏ်ကို မခံနိုင်ဘဲ သေဆုံးကုန်ကြ၍ မချိတင်ကဲ အော်ဟစ်သံများ စီစီညံနေတော့သည်။
မန်ဟိုက ပိန်ချုံးချုံးအပြင်သူဘက် လက်လှမ်းလိုက်သည်။ သို့သော် ထိုအခိုက်အတန့်မှာပင် အပြင်သူသည် လင်းလက်တောက်ပနေသော မျက်လုံးများကို ဖွင့်လိုက်၏။ သူက မန်ဟို့လက်ဝါးချက်ထံသို့ လက်သီးတစ်ချက်ပစ်သွင်းရင်း တစ်ဆက်တည်း နောက်ဆုတ်လိုက်သည်။
ဘုန်းးးးးးးး။ မန်ဟို့အမူအရာက မပြောင်းလဲသော်လည်း အပြင်သူမှာ သွေးတစ်ပွက်အန်လိုက်ရပြီး သူ့မျက်နှာပေါ်တွင် အံ့အားသင့်နေသောအမူအရာ ပေါ်လာသည်။ သူက ချက်ချင်းဆိုသလို အမြန်ဆုံးနောက်ဆုတ်လိုက်၏။
ထွက်ပြေးနေသော အပြင်သူကို ကြည့်နေစဉ် မန်ဟို့မျက်လုံးများက အေးစက်စွာ လင်းလက်နေသည်။ ပြိုင်ဘက်၏ အပြင်အားကိုယ်အဆင့်ကို ခံစားလိုက်ရသည့်အခါ သူသည် မထီမဲ့မြင်ရယ်ပြီးနောက် သူ၏လက်သီးချက်ကို ပစ်သွင်းလိုက်၏။
အသက်နုတ်လက်သီး
ဤအသက်နုတ်လက်သီးသည် သူ ယခုတုန်းက ထုတ်လွှတ်ခဲ့ဖူးသော လက်သီးနှင့် တခြားစီဖြစ်သည်။ ချက်ချင်းပင် ပတ်ပတ်လည် မီတာသုံးသောင်းဧရိယာရှိ အသက်စွမ်းအားအလုံးစုံ စုပ်ယူခံလိုက်ရသည်။
မီတာသုံးသောင်းဧရိယာကား သေမိန့်ကျမြေပမာ ဖြစ်လာသည်။
အပြင်သူမှာ နာကျင်စွာ အော်ဟစ်ငြီးတွားရင်း ပြန်တိုက်ခိုက်ဖို့ ကြိုးစားသည်။ သို့သော် သူ၏အသက်စွမ်းအားသည် အဆက်မပြတ် စုပ်ယူခံနေရ၏။ မကြာမီ သဘာဝနိယာမများ ပြောင်းလဲသွားခဲ့သည့်အလား.... ဤဧရိယာ၌ အသက်မရှင်နိုင်သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးတွင် အသက်စွမ်းအားတစ်စက်မှ မကျန်တော့ပေ။
ဤသေမိန့်ကျမြေ၏ ဖိအားအားလုံးက အပြင်သူအပေါ် သက်ရောက်နေသည်။ သူ့မှာ သွေးပျက်စွာ အော်ဟစ်ပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။
သူ ပေါက်ကွဲသွားသည့်အခါ သူ၏ချီနှင့်သွေးသည် လွင့်စင်ပြိုကွဲသွား၏။ သို့သော် မန်ဟိုက နတ်ဘုရားသွေးအားလုံး၏ သံလိုက်ကျောက်ဖြစ်နေသည့်အလား သူ့ကိုယ်ထဲရှိ နတ်ဘုရားသွေးအမှုန်အမွှားများက မန်ဟို့ကိုယ်ထဲ စိမ့်ဝင်သွားကြသည်။
သူ့အရပ်က ပို၍ပင်မြင့်မားလာပြီး သူ့အပြင်အားကိုယ်ခွန်အားကား အနှစ်သာရ ၄ ခုနှင့် အလွန်နီးကပ်နေသည့်တိုင်အောင် ကြီးထွားလာသဖြင့် သူ၏ကိုယ်ထဲမှ တဂျုန်းဂျုန်းမြည်သံများ ဆူညံနေတော့သည်။ ထို့နောက် သူသည် ဆဋ္ဌမကြယ်ရှိရာသို့ မိုးကြိုးတန်းကြီးသဖွယ် တဟုန်ထိုး ထွက်သွား၏။
မန်ဟို တရိပ်ရိပ်သွားနေစဉ် သူသည် ခေါင်းကြီးကို အားဖြည့်ပေးထားသော စွမ်းအားမှန်သမျှကို ယူဆောင်နေသည့်အလား၊ ဤဒိုင်မန်းရှင်း၏တည်ရှိမှုမှာ ယခုတွင် အဓိပ္ပါယ်မဲ့သွားသည့်အလား နတ်ဘုရားသင်္ချိုင်းလျှိုမှာ ပြိုကျစပြုလာသည်။
ပြိုကျမှု ပျံ့နှံ့လာသည်နှင့်အမျှ ထစ်ချုန်းသံများ ဆူညံနေသည်။ ထိုအချိန်တွင် မန်ဟိုက ဆဋ္ဌမကြယ်ရှိရာသို့ ရောက်သွားလေပြီ။
ဤနေရာတွင် ကန်ကြီးနောက်တစ်ကန်ကို မြင်နိုင်သည်။ ရေတော့မရှိ၊ မိုးကြိုးလျှပ်စီးများသာ ပြည့်နေသည်။
မန်ဟို အနားရောက်လာသည့်အခါ ထိုမိုးကြိုးစွမ်းအားက အုန်းခနဲ ပေါက်ကွဲထွက်လာပြီး စုဆုံးစည်းကာ သူ့ကို ဝါးမြိုတော့မည့်အလား ပြေးဝင်လာသည်။
“ဟင်...” မန်ဟိုက ပြောသည်။ သူသည် မိုးကြိုးကန်ကို ကြည့်ပြီး မိုးကြိုးစွမ်းအားကို မရှောင်ဘဲ ၎င်းတို့အားလုံး၏အလယ်သို့ ထိုးဖောက်ဝင်လိုက်၏။ မိုးကြိုးများက သူ့ကို ပစ်ချနေသဖြင့် တဂျိန်းဂျိန်းမြည်သံများ ကြားရနိုင်သည်။ သူ့လက်နှင့်ခြေထောက်များကို ခါလိုက်သည့်အခါ မိုးကြိုးများ ပြိုကွဲသွားလေသည်။
သို့သော် မိုးကြိုးများက အဆုံးမရှိသည့်အလား သူ့ကို ပစ်ချပြီးရင်း ပစ်ချနေသည်။ မန်ဟိုသည် အေးစက်စက် နှာမှုတ်၍ ညာလက်သီးကို ဆုပ်ပြီး မိုးကြိုးကန်၏အောက်ရှိ မြေကြီးထံသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်၏။
၎င်းက အသက်နုတ်လက်သီးမဟုတ်၊ နတ်ဆိုးလက်သီးပင်။
နတ်ဆိုးလက်သီးက မြေပြင်ပေါ် ကျရောက်သွားလေပြီ။
မြေကြီးသည် တသိမ့်သိမ့်တုန်ရီသွားပြီး ပက်ကြားအက်များ ဖြာထွက်သွားသည်။ မန်ဟို့မျက်လုံးများက အနီရောင်တောက်လာကာ သူ၏ကျင့်ကြံခြင်းအခြေခံက ဝုန်းဒိုင်းကြဲ လှည့်ပတ်လာသည်။ သူ့အပြင်အားကိုယ်ခွန်အားနှင့် ပေါင်းစည်းလိုက်သည့်အခါ ၎င်းက ... သူ၏စွမ်းအားကို သခင်အဖြူထက် ကျော်လွန်သွားစေသည်။ အမှန်တွင် ခိတိဂဗ္ဗထက်ပင် အားမနည်းပေ။ ဤသည်မှာ ... အနှစ်သာရ ၆ ခု တာအိုဥသျှောင်တစ်ဦး၏ စွမ်းအားဖြစ်၏။
ဝုန်းခနဲ မြည်ဟည်းသွားပြီး မြေပြိုကျသွားသည်။ အရှေ့တုန်းက အက်ကွဲကြောင်းတိုင်းထက် များစွာကြီးမားသော ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာပြီး မိုးကြိုးကန်မှာ ဝါးမြိုခံလိုက်ရသည်။
မိုးကြိုးကန်နှင့်မြေကြီးက သူ့လမ်းကို ပိတ်နေမှတော့ မန်ဟိုသည် နှစ်ခုလုံးကို ပြိုင်တူရှင်းပစ်ရန် ဆုံးဖြတ်လိုက်၏။
မိုးကြိုးကန်မှာ မှေးမှိန်ပျောက်ကွယ်သွားပြီး မန်ဟိုက သူ့ညာလက်ကို မြှောက်လိုက်ရာ အောက်ရှိမြေဆီလွှာထဲမှ ရွှေရောင်သွေးစက်တစ်စက် မြောက်တက်လာသည်။
မန်ဟို ရွှေရောင်သွေးစက်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ဒေါသတကြီးဟိန်းဟောက်သံတစ်သံက အောက်မှ ပဲ့တင်ထပ်လာသည်။
မန်ဟို၏မျက်လုံးများ လင်းလက်သွားသည်။ ဟိန်းဟောက်သံပဲ့တင်ထပ်လာသည့်အချိန်မှာပင် သူသည် ရွှေရောင်သွေးစက်ကို သူ၏နဖူးထဲ ဖိချလိုက်၏။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး အဆင့်တက်တော့မည့်လက္ခဏာများ ထပ်မံပြသလာသည်။
တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေစဉ် မန်ဟို့ခန္ဓာကိုယ်သည် မီတာ ၆၀၀ မှ မီတာ ၁၂၀၀ အထိ ကြီးထွားလာခဲ့၏။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ အလင်းရောင်အားလုံး မှေးမှိန်လာသည်။ သူ့ကို ရည်ရွယ်သော ဒေါသတကြီးဟိန်းဟောက်သံကို လျစ်လျူရှုရင်း သူက သတ္တမကြယ်ဧရိယာသို့ တဟုန်ထိုး ထွက်သွားသည်။
ထိုနေရာကို အုံ့အုံ့ဆိုင်းဆိုင်းတောတစ်အုပ်က လွှမ်းခြုံထားသည်။ တောတစ်ဝက်ကျော်မှာ အပြင်သူတစ်သောင်းကျော်၏ ခုတ်လှဲခြင်းခံထားရပြီးလေပြီ။ စောစောက သူတို့အားလုံးသည် အရောင်မွဲမွဲအကြေးခွံများဖြင့် ခပ်အိုအိုအပြင်သူတစ်ယောက် ရှိနေသည့် ဧရာမအက်ကွဲကြောင်းကြီးရှိရာသို့ ဂါဝရပြုနေသောခုလတ်တွင် ဖြစ်ခဲ့၏။ ခပ်အိုအိုအပြင်သူက မြေကြီးထဲမှ သွေးရောင်ချီကို အဆက်မပြတ် စုပ်ယူရင်း မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေသည်။
ဤအခိုက်အတန့်တွင် သူ၏အဆက်မပြတ်စုပ်ယူမှုက ထိုဧရိယာ၏ ချီကိုးဆယ်ရာခိုင်နှုန်းခန့်ကို ခမ်းခြောက်သွားစေခဲ့ပုံပေါ်သည်။
မန်ဟို မိုးကြိုးကန်ကို ဖျက်စီးလိုက်သောအခိုက်အတန့်တွင် ဤအပြင်သူခေါင်းဆောင်ကြီး၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ၎င်းတို့သည် အဆုံးမဲ့ရှေးကျမှု၊ ရက်စက်မှုတို့ဖြင့် ပြည့်နေ၏။ ရုတ်တရက် သူက ပြောသည်။ “စတေးကြ”
စကားလုံးများ သူ့ပါးစပ်မှ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ အပြင်သူများသည် ခန္ဓာဖောက်ခွဲရန် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ... တွန့်ဆုတ်ခြင်းမရှိ ထုတ်ဖော်လိုက်ကြသည်။
အပြင်သူတစ်သောင်းကျော်၏ ခန္ဓာဖောက်ခွဲမှုက ကြောက်မက်ဖွယ်အားလှိုင်းကြီးတစ်လှိုင်းကို ဖန်တီး၍ မီတာ ၅၀၀၀ ဧရိယာရှိ အရာအားလုံးကို ချေမှုန်းနိုင်သော အလင်းရောင်ကို ဖြန့်ကျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုအားလှိုင်းသည် အမည်မသိပညာရပ်တစ်ခုဖြင့် အပြင်သူခေါင်းဆောင်ကြီး၏ စုပ်ယူခြင်းခံလိုက်ရ၏။
မန်ဟိုက အပြင်သူအားလုံး ခန္ဓာဖောက်ခွဲလိုက်သော အခိုက်အတန့်မှာပင် ရောက်လာခဲ့သည်။ သူ့အပြင်အားကိုယ်သာ အနှစ်သာရ ၅ ခု အဆင့်သို့ မတက်ရောက်ခဲ့လျှင် ထိုအားလှိုင်းက သူ့ကို ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့လိမ့်မည်။
မန်ဟို အနားရောက်လာသည့်အချိန်တွင် ခန္ဓာပေါက်ကွဲအားလှိုင်းအတွင်းမှ လူရိပ်တစ်ခု ထွက်လာပြီး လက်သီးတစ်ချက်က မန်ဟို့ရင်ဘတ်ကို ထိုးနှက်သည်။
မန်ဟိုက မျက်လုံးများ ထူးဆန်းစွာ တောက်ပလျက် တုံ့ခနဲ ရပ်သွားသည်။ သို့သော် သူသည် နောက်မဆုတ်ဘဲ လက်သီးချက်ကို ဝင်တိုက်လိုက်၏။ ယခုလေးတင် သူ့ကို တိုက်ခိုက်ခဲ့သော လူရိပ်၏ပါးစပ်မှ ခပ်အုပ်အုပ်ညည်းသံတစ်သံ ထွက်လာသည်။ မန်ဟိုက အေးစက်စက် ရယ်ရင်း နောက်တစ်ကြိမ် ဝင်တိုက်လိုက်သည်။
သူတို့နှစ်ယောက်သား လက်သီးချက်ပေါင်းရာချီ ဖလှယ်ပြီးသွားသဖြင့် ပေါက်ကွဲသံများ အုန်းအုန်းထနေသည်။ မကြာမီ လူရိပ်ကို ဖုံးလွှမ်းထားသော အရိပ်များ ဖယ်ခွာသွား၍ အပြင်သူခေါင်းဆောင်ကြီး ပေါ်လာသည်။
သို့သော် ဤအခိုက်အတန့်တွင် သူသည် စောစောကလို အိုမနေတော့ပေ။ သူ၏အသက်စွမ်းအားတို့ ပိုများလာပြီး သူ၏ တာအိုသခင်အဆင့် အပြင်အားကိုယ်သည် ဤအနှစ်သာရ ၅ ခု ကျင့်ကြံခြင်းအခြေခံနှင့် ပေါင်းစည်းသွားသောအခါ သူ့အား တာအိုဥသျှောင်အဆင့်နှင့် တူညီသွားစေ၏။
“သတ္တမတောင်ပင်လယ်ကို ရွေးချယ်ခဲ့တာ အံ့ဩစရာမရှိဘူး သစ္စာဖောက်ငမိုက်သားသခင်အဖြူ.... ဒါ့အပြင် မင်းက တာအိုဥသျှောင်အဆင့် ပညာရှင်သုံးယောက်ကို မွေးထုတ်ပေးဖို့ ဒီနေရာကို သုံးချင်ခဲ့တာပဲ” သူသာ ဤအပြင်သူများနည်းတူ ဤနေရာသို့ လာ၍ အချိန်မှီရောက်မလာခဲ့လျှင် သူတို့၏အားထုတ်မှု အောင်မြင်သွားပြီး တောင်ပင်လယ်လောကအတွက် ကပ်ဘေးဖြစ်လာလိမ့်မည်။
အပြင်သူခေါင်းဆောင်ကြီး၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်တောက်လာသည့်တိုင် သူ့မှာ ကြောက်လန့်၍ နောက်ဆုတ်မိသွားသည်။ မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်မှန်း သိသည့်အပြင် ဤနေရာမှ နတ်ဘုရားသွေးထပ်မံ မရနိုင်မှတော့ သူလည်း သည်အတိုင်း ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟို့မျက်ဝန်းထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်လောင်လာပြီး သူသည် အပြင်သူအိုကြီးထံသို့ ရိပ်ခနဲ ရွေ့လျားသွား၏။
အပြင်သူခေါင်းဆောင်ကြီးက ခပ်ပြတ်ပြတ် ရယ်ကာ ညာလက်ကို လေပေါ်မြှောက်၍ ပိုင်းချဟန်လုပ်လိုက်ရာ ကောင်းကင်ထဲတွင် အကွဲကြောင်းကြီးတစ်ကြောင်း ပွင့်ထွက်လာသည်။ “ငါ ထွက်သွားချင်ရင် ပါရာဂွန်တစ်ယောက်တောင်မှ ငါ့ကို မတားနိုင်ဘူး”
ချက်ချင်းပင် သူက ထွက်ပေါက်ကွဲကြောင်းထံ အမြန်ဆုံး ခုန်ဝင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဗလာနတ္ထိစွမ်းအားက သူ့ကိုယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းကား အနှစ်သာရစွမ်းအားမှတစ်ပါး အခြားမဟုတ်ပေ။
“ဗလာနတ္ထိအနှစ်သာရ” အပြင်သူအိုကြီးက ဖြည်းညင်းစွာ ပြောသည်။ “မိုးနှင့်မြေက အစစ်မဟုတ်ဘူး။ ပါရာဂွန်အဆင့်အောက် ဘယ်သူမှ ငါ့ရဲ့ နေရာရွှေ့ပြောင်းမှော်အစွမ်းကို မတားနိုင်ဘူး" ထို့နောက် သူသည် အကွဲကြောင်းထဲ ဝင်ရောက်မှေးမှိန်စပြုလာ၏။
တခဏကြာသော် မန်ဟို့တိုက်ကွက်က သူထံ ရောက်ရှိလာပြီး တိုက်ရိုက်ဖြတ်သန်းသွားလေသည်။
“ကဲ စိတ်ဝင်စားစရာမကောင်းဘူးလား” မန်ဟိုက မျက်လုံးများ တောက်ပနေလျက် ပြောသည်။ သူက ထပ်မံတိုက်ခိုက်သော်လည်း ဤတစ်ကြိမ်တွင် မုဒြာလက်ကွက်ဖော်ပြီးနောက် ကောင်းကင်ထံ လက်ညှိုးထိုးလိုက်သည်။
“မိစ္ဆာချုပ်နှောင်မှော်အစွမ်း၊ ဒီဒိုင်မေးရှင်းကို ချုပ်နှောင်လော့။ အဋ္ဌမမန္တန်
“သတ္တမမန္တန်
“ဆဋ္ဌမမန္တန်
“ပဉ္စမမန္တန်
“တတိယမန္တန်
“ဒုတိယမန္တန်
“အခု မင်း ဘယ်လိုပြေးမလဲ ကြည့်ရသေးတာပေါ့” ဒိုင်မန်းရှင်းတစ်ခုလုံးမှာ မန်ဟို့လက်ချောင်း၏အဝှေ့ကြောင့် တုန်ရီနေသည်။ ဤအခိုက်အတန့်တွင် အပြင်သူခေါင်းဆောင်ကြီး၏မျက်နှာ ကွက်ခနဲ ပျက်သွားသည်။