နတ်ဘုရားကျိန်စာ
Vol. 96 Ch. 1331
အဋ္ဌမမန္တန်က ဒိုင်မန်းရှင်းထဲရှိ လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ သတ္တမမန္တန်ကမူ ဒိုင်မန်းရှင်း၏ ကံကြွေးသံသရာကို ချုပ်နှောင်လိုက်သည်။
ဆဋ္ဌမမန္တန်က ရှင်ခြင်းသေခြင်းကို ချုပ်နှောင်၍ ဘဝပြန်ဝင်စားခြင်းကို အစားထိုးကာ ဒိုင်မန်းရှင်းတစ်ခုလုံးအား အမြစ်မဲ့သောသစ်ပင်ကြီးပမာ ဖြစ်သွားစေသည်။
ပဥ္စမမန္တန်က အရာရာတိုင်းကို ပရမ်းပတာဖြစ်သွားစေ၏။ အတွင်းက အပြင်ဖြစ်လာ၍ စကြဝဠာကြီးမှာ လိမ်ဖယ်သွားပြီး မိုးနှင့်မြေမှာ မည်းမှောင်လာသဖြင့် အလင်းရောင်အားလုံး မှေးမှိန်လာသည်။
တတိယမန္တန်က ဒိုင်မန်းရှင်းထဲရှိ အချိန်မြစ်ကို တုံ့ခနဲ ရပ်သွားစေသည်။ အချိန်တွင် အကန့်အသတ်မရှိ၊ တားမြစ်ချက်မရှိ၊ အဆုံးမရှိသည့်တိုင် အချိန်စီးကြောင်းမှာ ရပ်တန့်သွားလေသည်။
ဒုတိယမန္တန်က ဗလာနတ္ထိကို အရှိတရားအစစ်အမှန် ဖြစ်လာစေသည်။
တဂျုန်းဂျုန်းမြည်သံများ၏ အလယ်တွင် အပြင်သူ၏မျက်နှာ ပျက်သွားပြီး သူ့ခန္ဓာကိုယ်မှာ ၎င်း၏ပုံရိပ်ယောင်အခြေအနေမှ ထွက်လာရသည်။ မိုးကောင်းကင်နှင့်မြေကြီးမှာ ချိတ်ပိတ်ချုပ်နှောင်ခံလိုက်ရသဖြင့် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ပြန်ပေါ်လာသည့်အခါ လှုပ်မရတော့မှန်း တွေ့လိုက်ရသည့်အတွက် အပြင်သူမှာ တုန်လှုပ်သွားသည်။ သူ့မှာ မန်ဟို့ကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်ရင်း မလှုပ်နိုင်တော့ပေ။
“ဒါက ဘာမှော်ပညာရပ်လဲ... အနှစ်သာရအပြည့်အဝမဟုတ်ပေမယ့် အနှစ်သာရစွမ်းအား ပါနေတယ်။ ဒါ့အပြင် ... ဒါက အနှစ်သာရအစစ် ဖြစ်လာရင်တော့ ဒီလူ... သူ ... သူက ....
“သူ့မှာ ပါရာဂွန်အခြေခံရှိတာပဲ။ သူ့အပြင်အားကိုယ်က အနှစ်သာရ ၅ ခုအဆင့် ရောက်နေပြီးပြီ။ ဒီလိုကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ... သူ ....
“ဒီကောင်လေးရဲ့ တက်လမ်းသာ ရပ်မသွားရင် သေချာပေါက် ပါရာဂွန်တစ်ဦး ဖြစ်လာလိမ့်မယ်”
အပြင်သူ ချာချာလည်နေသည့်အချိန်တွင် မန်ဟိုက လျှပ်စီးလိုအမြန်နှုန်းဖြင့် တက်လာသည်။ ထိုစဉ် သူသည် ညာခလယ်ကို အပြင်သူ၏နဖူးထဲ စိုက်ထည့်လိုက်၏။ မျှော်လင့်ချက်မဲ့ဒေါသက အပြင်သူ၏မျက်လုံးထဲတွင် ဆူပွက်နေသော်လည်း သူ၏အသက်စွမ်းအားမှာ စုပ်ယူခံလိုက်ရသည်။
သူ၏အသက်စွမ်းအားမီးတောက် ငြိမ်းသေသွားသည့်အခိုက်တွင် အပြင်သူ၏ ပုံစံအစစ်အမှန်က မန်ဟို့အရှေ့တွင် မြင်သာလာသည်။
မီတာ သုံးထောင်အရှည် ဖွတ်လို၊ အိမ်မြှောင်လို သတ္တဝါတစ်ကောင်။
သတ္တဝါကြီးက သေခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေသော်လည်း သူ၏ရှေးကျမှုကို မဖုံးကွယ်နိုင်ပေ။ ဤအပြင်သူ နှစ်ပေါင်းမည်မျှနေထိုင်ခဲ့ကြောင်း မပြောနိုင်သည့်တိုင် သူ၏အိမ်မြှောင်ကိုယ်ကြီး တုန်ရီနေစဉ် ရွှေရောင်သွေးစက်တစ်စက်က သူ့နဖူးပေါ်တွင် ပေါ်လာသည်။
ထိုရွှေရောင်သွေးစက်အတွင်း၌ အပြင်သူထံမှ အဆိပ်အညစ်အကြေးများ ဖြစ်သော အနက်ရောင်အစက်အပြောက်များ ရှိသည်။ မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင်သွေးသည် လောင်ကျွမ်းစပြုလာ၏။ အညစ်အကြေးများကို ဖယ်ရှားပြီးနောက် ရွှေရောင်သွေးက မန်ဟို့ထံ ပျံသန်းလာပြီး သူ့နဖူးထဲ စိမ့်ဝင်သွားသည်။
မန်ဟိုသည် အရပ်ထပ်ရှည်လာ၏။ ကြီးထွားမှုက ကြောက်မက်ဖွယ်မကောင်းသော်လည်း သူ့အပြင်အားကိုယ်ခွန်အားမှာ ပို၍ချောက်ချားဖွယ်ကောင်းလာလေပြီ။ သဘာဝနိယာမများ နှင်ထုတ်ခံနေရသည့်အလား သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပုံပျက်ရှုံ့တွနေသည်။ တစ်ချိန်တည်းမှာပင် ... အနှစ်သာရ ၅ ခုအဆင့် အပြင်အားကိုယ်ခွန်အားက သူ့အတွင်းမှ ဝုန်းခနဲ ပေါ်ထွက်လာသည်။
“အနှစ်သာရ ၆ ခုအဆင့် ရောက်ခါနီးပြီ” ရူးသွပ်မှုက မန်ဟို့မျက်လုံးများတွင် လင်းလက်တောက်ပနေသည်။ အနှစ်သာရ ၆ ခုသည် တာအိုဥသျှောင်အဆင့်၏ အထွတ်အထိပ်ဖြစ်၏။ အချိန်အတော်ကြာသည်အထိ မန်ဟို့အပြင်အားကိုယ်မှာ သူ့ကျင့်ကြံခြင်းအခြေခံထက် တစ်နယ်ပယ်ပိုမြင့်မားခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရှေးဟောင်းနယ်ပယ်နှင့် တာအိုနယ်ပယ်အကြား၌ တစ်နေခဲ့ရသည်။ နတ်ဘုရားသွေးမရှိလျှင် ထိုကွာဟမှုကို ဖြတ်ကျော်ဖို့ ခဲယဉ်းခဲ့လိမ့်မည်။
သို့သော် ယခုတွင် သူသာ တာအိုဥသျှောင်အပြင်အားကိုယ်အဆင့်သို့ တစ်ချက်တည်း တက်နိုင်လျှင် မန်ဟို့အတိုက်အခိုက်စွမ်းရည်သည် လုံးလုံးလျားလျား တွေးမကြည့်နိုင်အောင် ဖြစ်လိမ့်မည်။ သူက ပါရာဂွန်များကိုပင် တိုက်ခိုက်နိုင်လိမ့်မည်။
ဤအခိုက်အတန့်တွင် သူသည် တောင်ပင်လယ်လောက၏ အစွမ်းထက်ဆုံးပညာရှင်စစ်စစ် ဖြစ်သွားလေပြီ။
မန်ဟိုက အသက်ပြင်းပြင်းရှူရင်း ဒိုင်မန်းရှင်းကို ချုပ်နှောင်မန္တန်အစွမ်းမှ လွှတ်ပေးလိုက်သည်။ တစ်လောကလုံးကို ယခုလို ချုပ်ထားဖို့ကား သူ အသက်ရှိုက်စာအနည်းငယ်ထက်ပို၍ ထိန်းထားနိုင်သည့်အရာမဟုတ်ပေ။ သို့ထိတိုင် ၎င်းသည် အလွန်တရာထိတ်လန့်ချောက်ချားဖွယ်ကောင်းသေး၏။
သူ့ကျင့်ကြံခြင်းအခြေခံနှင့် အတိုက်အခိုက်စွမ်းရည်မှာ စစ်ပွဲစခဲ့တုန်းက ရှိခဲ့သည်ထက် များစွာကျော်လွန်နေပြီဖြစ်ကြောင်း မန်ဟို ခံစားလိုက်ရသည်။ သူသည် ယခုတွင် မယုံနိုင်လောက်အောင် အစွမ်းထက်နေလေပြီ။
မန်ဟိုက နောက်ဆုံးကြယ်ရှိရာသို့ ဝုန်းခနဲ ထွက်သွားသည်။
ဤဧရိယာသည် တခြားဧရိယာအားလုံးနှင့် မတူပေ။
တောင်ထိပ်လည်းမဟုတ်၊ လွင်ပြင်လည်းမဟုတ်၊ ရေကန်လည်းမဟုတ်... ဧရာမရုပ်တုကြီးတစ်ရုပ်ဖြစ်သည်။
ကြယ်တစ်လုံး၏အပေါ်တွင် ရပ်နေသည့် သက်လက်ပိုင်းအရွယ်လူတစ်ယောက်၏ပုံစံကို ဖော်ကျူးထားသော ရုပ်တုကို အဆုံးမဲ့မြူမှုန်များက လွှမ်းခြုံထားသည်။ ထိုလူသည် ညာလက်တွင် ကြယ်မြစ်တစ်စင်းကို ကိုင်ဆောင်ထားလျက် ဖြောင့်မတ်တည်ကြည်သောဟန်ပင်နှင့် ရှိန်စဖွယ်ကောင်းသလို အရိုင်းဆန်သောအရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှတ်နေ၏။
မန်ဟို အနားရောက်လာသည့်အခါ ရုပ်တု၏အရှိန်အဝါက ရုတ်တရက် ပရမ်းပတာဖြစ်သွားရာ မြူများကို အလိပ်လိပ်ထလာစေသည်။ တစ်ချိန်တည်းမှာပင် ရုပ်တုကြီး၏မျက်လုံးများသည် ရွှေရောင်ပြောင်းသွား၏။
ရုပ်တုကြီး၏မျက်လုံးများက စူးရှသောရောင်စဉ်ကို ထုတ်လွှတ်နေပြီး ၎င်းက အေးစက်စွာ ပြောသည်။ “နတ်ဘုရားမျိုးနွယ်ဝင်မဟုတ်ရင် နတ်ဘုရားသွေးကို ပိုင်ဆိုင်ခွင့်မရှိဘူး။ နတ်ဘုရားသွေးကို ခိုးယူဖို့ ကြိုးစားတဲ့ ဘယ်သူမဆို နတ်ဘုရားတွေရဲံ ကျိန်စာအတိုက်ခံရပြီး အသုတ်သင်ခံရမယ်”
ရုပ်တုထံမှ ကြီးမြတ်သောနတ်ဘုရားစိတ်ဆန္ဒ၊ အမုန်းစိတ်လှိုင်းတစ်လှိုင်းက မန်ဟိုအပါအဝင် အရာအားလုံးကို လွှမ်းခြုံရင်း အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
နတ်ဘုရားစိတ်ဆန္ဒက ဒိုင်မန်းရှင်းထဲရှိ အရာအားလုံးကို ပုံပျက်ရှုံ့တွလာစေသဖြင့် မန်ဟို့မျက်နှာပျက်သွားသည်။ အချိန်ခရီးသွားစွမ်းအား ထုတ်လွှတ်ခံနေရသည့်အလား၊ အရာအားလုံး ပုံရိပ်ယောင်ဖြစ်လာသည့်အလားပင်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ရှင်းလင်းပြတ်သားလာပြီး စောစောက ဒိုင်မန်းရှင်းမှာ ပျောက်ကွယ်သွား၏။
ရုပ်တုမရှိတော့၊ နတ်ဘုရားသင်္ချိုင်းလျှိုမရှိတော့ ... တောင်ပင်လယ်လောကမရှိပေ။
သူ့အရှေ့တွင် ဆန့်တန်းနေသည်မှာ အဆုံးမဲ့ကြယ်တာရာကောင်းကင်ကြီးဖြစ်သည်။ ၎င်းအတွင်း၌ ကြယ်တာရာကောင်းကင်နှင့်ပင် အရွယ်ချင်းယှဉ်နိုင်လောက်အောင် ကြီးမားသော ဧရာမမြေထုကြီးတစ်ခု မျောနေသည်။
အသေးစားမြေထုပေါင်းထောင်ချီက စစ်မီးတောက်မီးလျှံများ တဟုန်းဟုန်းတောက်နေသည့် ထိုပင်မမြေထုကြီး၏အောက်တွင် ပျံဝဲနေကြသည်။ စစ်၏မီးတောက်များသည် လောင်မြိုက်နေပြီး ရက်စက်စွာ တိုက်ခိုက်ကြနေသော အသံဗလံများ ဟိန်းထွက်နေ၏။ နတ်ဘုရားစွမ်းရည်များက အသံလှိုင်းကြီးများကို ဖြန့်ကျက်ရင်း ထစ်ချုန်းမြည်နေသည်။
“ဒါက ... “ မန်ဟိုမှာ ဧရာမမြေထုကြီးကို ကြည့်ရင်း စိတ်နှလုံးချာချာလည်သွားသည်။ ၎င်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သော်လည်း သူ့သွေးထဲမှ အသံတစ်သံက .... ဤမြေထုကြီးသည်.... ပါရာဂွန်အင်မော်တယ်လောကဖြစ်ကြောင်း ပြောနေ၏။
အုန်းခနဲ အသံကြီးတစ်သံကြားလိုက်ရပြီး လူ့ဘီလူးကြီးတစ်ကောင်ကို မန်ဟို မြင်လိုက်ရသည်။ ၎င်းမှာ မြေထုကြီးတစ်ခုလုံးကဲ့သို့ ကြီးမားပြီး ၎င်းအနောက်တွင်လည်း လူ့ဘီလူးကြီးများ လျှောက်လာနေကြသည်။
လက်သီးလေးတစ်ချက်တည်းနှင့် ကျင့်ကြံသူတစ်ယောက်ကို ဇီဝိန်ချုပ်ပစ်နိုင်လောက်အောင် ၊ လက်ချောင်းတစ်ချက်အဝှေ့က မိုးနှင့်မြေကို ချုပ်ငြိမ်းသွားစေနိုင်လောက်အောင် ဤလူ့ဘီလူးကြီးများမှာ အလွန်ကြောက်စရာကောင်းလှပေသည်။
အဆင့်နိမ်လောကများ ဖြစ်သော အသေးစားမြေထုတစ်ခုပြီးတစ်ခု ကြေမွကုန်သော်လည်း တစ်ချိန်တည်းမှာပင် ပါရာဂွန်အင်မော်တယ်လောကမှာ ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ အက်ကွဲကြောင်းများက ဖြာထွက်နေသည့်တိုင် ပါရာဂွန်အင်မော်တယ်လောကသည် ရွပ်ရွပ်ချွံချွံ ဆက်လက်တိုက်ခိုက်နေဆဲပင်။
ဧရာမနတ်ဘုရားကြီးများ တိုက်ခိုက်ခံနေရသဖြင့် နတ်ဘုရားသွေးများက မိုးကောင်းကင်ထက်မှ တဖွဲဖွဲ ရွာကျနေသည်။ နဖူးပေါ်၌ ကြယ်ရှစ်လုံးနှင့် နတ်ဘုရားတစ်ပါးက ရုတ်တရက် သူ့ကို လှည့်ကြည့်လိုက်သဖြင့် မန်ဟိုမှာ မိုက်ခနဲ မူးချာလည်သွားရသည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ဤနတ်ဘုရား၏ပုံပန်းသွင်ပြင်မှာ ရင်းနှီးသလိုလို ရှိ၏။ မန်ဟို့မျက်ဆံများ ကျုံ့သွားပြီး ... ၎င်းက နတ်ဘုရားသင်္ချိုင်းလျှိုကို ဖန်တီးထားသော နတ်ဘုရားခေါင်းကြီးပင်ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မှာ တုန်လှုပ်သွားတော့သည်။
“နတ်ဘုရားကျိန်စာ....” ကြယ်ရှစ်လုံးနတ်ဘုရားက အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်လုံးများတွင် တောက်ပနေလျက် ရေရွတ်လိုက်သည်။ သူသည် သူ၏တပ်ဖွဲ့မှ ထွက်လာပြီး ပတ်ပတ်လည်ရှိ ကျင့်ကြံသူများကို ကျော်၍ မန်ဟိုရှိရာသို့ ဦးတည်လာ၏။ မန်ဟို့မှာ အတန်ငယ်လှမ်းသော်လည်း နတ်ဘုရားကြီးအတွက် မန်ဟို့ထံ ရောက်ရန် ခြေတစ်လှမ်းသာ လိုလိုက်လေသည်။
သူက ကြယ်တာရာကောင်းကင်ကို ဖြတ်လျှောက်ကာ မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာသည် ... ကြယ်တာရာများကို တုန်ခါသွားစေသော လေပြင်းတစ်ချက်က အော်မြည်တိုက်ခတ်သွား၏ ... ထို့အပြင် နတ်ဘုရားကြီး သူ၏လက်ကို မြှောက်ရုံလေးသာ ရှိသေးသည်။ ၎င်း၏လက်ခလယ်က အစွမ်းထက်လှိုင်းဂယက်များကို ထုတ်လွှတ်ရင်း ကြယ်တာရာကောင်းကင် ထိုးဖောက်လာလေသည်။
အဆုံးမဲ့အဖျက်စီးစွမ်းအားက ထိုဧရာမလက်ချောင်းကြီးမှ ဖြာထွက်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ ၎င်းက မန်ဟို့မြင်ကွင်းကို ပိတ်လိုက်လေသည်။
သေစေနိုင်သောအန္တရာယ်အာရုံက မန်ဟို့စိတ်ထဲ၌ ဖြစ်ပေါ်လာသည်။ ထိုအာရုံသည် အစစ်နှင့် လွန်စွာတူ၏။ မန်ဟို့တွင် အစစ်အမှန်-အတုအယောင်မန္တန် ရှိစေကာမူ ဤအခြင်းအရာက သူ့ကို အတုအယောင်မဟုတ်ဘဲ အစစ်အမှန်ကို ခံစားရစေလေသည်။
“ဒါပေမဲ့ … ဒါ မဖြစ်နိုင်ဘူး” သူက တွေးသည်။ “ဒါ ဘာမှော်သိုင်းကွက်လဲ။ မဖြစ်နိုင်ဘူး။ ဒါက ရှေးဟောင်းစစ်ပွဲတစ်ပွဲ။ ငါ တစ်နည်းနည်းနဲ့ ဒီကို အပို့ခံရရင်တောင်မှ စောင့်ကြည့်နေရသူပဲ ဖြစ်ရမှာ။ ငါ့ကိုယ်အစစ်က ဒီကို ရောက်မလာနိုင်ဘူး” မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း စဉ်းစားနေရန် အချိန်မရှိပေ။ လက်ချောင်းကြီး သူ့အနား ရောက်လာသဖြင့် သူက ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်ခွန်အားအပြည့်အဝကို ထုတ်လွှတ်ရင်း နောက်ဆုတ်လိုက်သည်။ ကံဆိုးစွာနှင့် အချည်းနှီးသာ။
သေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီး မိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။
သူက မန္တန်အားလုံးကို အသုံးမပြုဘဲ ... အစွမ်းထက် တတိယမန္တန်ကိုသာ အသုံးပြုလိုက်၏။
ပစ္စုပ္ပန်- ရှေးခေတ်မန္တန်
အချိန်တာအို ထုတ်လွှတ်ခံလိုက်ရ၍ မန်ဟို့ခန္ဓာကိုယ်သည် ဝေဝါးလာ၏။ သူ့မှာ ရုတ်တရက် အချိန်မြစ်ထဲ နစ်မြုပ်သွားပြီး လာနေသောလက်ချောင်းက သူ့ကို ဖြတ်သွားလေသည်။
ဝုန်းခနဲ မြည်ဟည်းသွားပြီး မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့မှာ တစ်ကိုယ်လုံး စိစိညက်ညက်ကြေတော့မတတ် အားနည်းလာသည်ကို ခံစားလိုက်ရသည်။ သို့သော် မြစိမ်းဧကရာဇ်၏ထာဝရဂါထာက သူ့ကို ပြန်သက်သာလာစေ၍ သူသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် အမြန်ဆုံး နောက်ဆုတ်လိုက်၏။
“အစစ်ဟုတ်သလို၊ အစစ်မဟုတ်ဘူး .... အတုဟုတ်သလို အတုမဟုတ်ဘူး။ ဒါက အိပ်မက်နယ်ပယ်တစ်ခုပဲ။ အိပ်မက်ထဲမှာ သေရင် တကယ့်ဘဝမှာလည်း သေရလိမ့်မယ်” အချိန်မှီသဘောပေါက်လိုက်သည့်အခါ သူသည် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်၏။ ထို့နောက် တွန့်ဆုတ်မနေဘဲ မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ကံကြွေးမန္တန်ကို ထုတ်လွှတ်ပြီးနောက် သူ့နဖူးသူ ထိလိုက်သည်။
ချက်ချင်းပင် သူ၏ ကံကြွေးမျှင်များ ပေါ်လာသည်။ အမျှင်များ၏အလယ်တွင် သူသည် ကျန်အမျှင်များနှင့် ကွဲပြားနေသည့်တစ်မျှင်ကို မြင်လိုက်ရ၏။ ထိုအမျှင်က နတ်ဘုရားသွေးကို စုပ်ယူပြီးနောက် ပေါ်လာခဲ့သောအမျှင်၊ သူ့ကို ဤနတ်ဘုရားနှင့်ဆက်သွယ်ပေးထားသော ကံကြွေးအမျှင်ဖြစ်လေသည်။
နတ်ဘုရားသည် သေနေပြီဖြစ်သော်လည်း ဤကံကြွေးနှင့် ဆက်သွယ်မှုကြောင့် သူ၏တာအိုမှော်သိုင်းကို ထုတ်လွှတ်နိုင်သေး၏။
မန်ဟိုက ကံကြွေးမျှင်ကို ဆုပ်ကိုင်ပြီး ဖြတ်တောက်တော့မည့်အချိန်မှာပင် နတ်ဘုရားက သူ့ကို ဖျတ်ခနဲ လှမ်းကြည့်သည်။ နတ်ဘုရားသည် တိုက်ခိုက်ရန် အချိန်မရသည့်အတွက် မန်ဟို့ဘက်သို့ ဟိန်းဟောက်လိုက်သည်။
နတ်ဘုရားတစ်ပါး၏ ဟိန်းသံ။
ဂရားးးးးးးးးးးးးးးးး
ဟိန်းဟောက်သံကြီးက နတ်ဘုရားနှင့်မန်ဟို့အကြားရှိ အရာအားလုံးကို ကွဲကြေသွားစေသည်။ မယုံကြည်နိုင်ဖွယ် သုတ်သင်ခြင်းစွမ်းအားက မန်ဟို့ထံ လိမ့်ဖြာထွက်၍ မန်ဟို့ကို လွှမ်းခြုံသွား၏။ ထိုအခိုက်အတန့်တွင် မန်ဟိုက ကံကြွေးမျှင်ကို ဖြတ်တောက်လိုက်သည်။
ဝုန်း
အရာအားလုံး မည်းမှောင်သွားသည်။ အချိန်တွေကု န်လွန်သွားသည်။ နောက်ဆုံးတော့ ပြန်လည်ရှင်းလင်းလာပြီး မန်ဟိုသည် ထိုရှေးဟောင်းကြယ်တာရာကောင်းကင်ထဲတွင် မရှိတော့ပေ။ သူက နတ်ဘုရားသင်္ချိုင်းလျှိုထံ ပြန်ရောက်လာခဲ့လေပြီ။
ရုပ်တုကြီး၏မျက်လုံးထဲရှိ ရွှေရောင်အလင်းက မှေးမှိန်ပျောက်ကွယ်သွားခဲ့သည့်တိုင် ရုပ်တုကြီးပြိုကျနေစဉ် လက်မလျှော့နိုင်သောဟိန်းဟောက်သံက ပဲ့တင်ထပ်နေဆဲပင်။
မန်ဟို၏မျက်နှာက မည်းမှောင်သွားပြီး သူ့မှာ သွေးတစ်ပွက်အန်လိုက်ရသည်။ လျင်မြန်စွာ သက်သာလာသော်လည်း ယခုတွေ့ကြုံခဲ့ရသည့် အန္တရာယ်ကို တွေးကြည့်ရုံလေးနှင့်တင် သူ့မှာ တုန်လှုပ်မိလေသည်။
"ငါ့ကို နတ်ဘုရားသွေး မပေးချင်ဘူးပေါ့လေ" မန်ဟိုက ကြေမွနေသော ရုပ်တုကြီးကို ကြည့်ပြီး ထိုနေရာတွင် တည်ရှိခဲ့သော နတ်ဘုရားသွေးမှာ ပျောက်ကွယ်သွားခဲ့ကြောင်း တွေ့လိုက်ရသည်။ ထိုသွေးက သူ့ကို ရှေးခေတ်မှ ပြန်လည်ပို့ဆောင်ပေးခဲ့သော နတ်ဘုရားစွမ်းအင်ကို အားဖြည့်ပေးဖို့ အသုံးပြုခံခဲ့ရလေသည်။
မန်ဟိုက အေးတိအေးစက် ရယ်ပြီးနောက် သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် တဟုန်းဟုန်း တောက်ပလာ၏။
"ကောင်းပြီ။ ရှစ်စက်မြောက် နတ်ဘုရားသွေးမရှိဘဲ တာအိုဥသျှောင်အဆင့်အပြင်အားကိုယ်ကို ငါ ရယူပြမယ်"