← Chapters

မြူခိုးဝိညာဥ်နယ်မြေမှ ဖောက်ထွက်ခြင်း

Vol. 26 Ch. 265

မြူခိုးဝိညာဥ်နယ်မြေမှ ဖောက်ထွက်ခြင်း

Vol. 26 Ch. 265

ရွှယ်မေ ထိတ်လန့်သွားပြီး "ဝိညာဥ်သန္ဓေအဆင့် စွမ်းအားရှင်ဖြစ်တဲ့ စီနီယာကိုယ်တိုင် လာဖမ်းရအောင် အဲဒီ အခြေတည်အဆင့် ကျင့်ကြံသူလေးမှာ ဘာများရှိလို့လဲ" ဟု မေးလိုက်သည်။

"အဲဒါ မင်းနဲ့မဆိုင်ဘူး"

ထိုက်ဟယ်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒမှာ သိသာထင်ရှားနေပြီး ပြင်းထန်သော လှိုင်းလုံးကြီးများကဲ့သို့ ရွှယ်မေကို လွှမ်းမိုးလာသည်။

ရွှယ်မေသည် မိမိ၏ အဆုံးသတ်သို့ ရောက်တော့မည်ကို သိလိုက်ရသောအခါ အသံကို အမြန်မြှင့်၍ ပြောလိုက်သည်။

"ကျွန်မက မြင့်မြတ်သွေးတံခါးရဲ့ လက်အောက်ခံဖြစ်တဲ့ သွေးတိမ်တိုက်ဂူက ဝိညာ်သန္ဓေအဆင့် ကျင့်ကြံသူပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ကျွန်မခန္ဓာကိုယ် ဖျက်စီးခံရပြီး ဝိညာဉ်ကို ဝိညာဉ်ချုပ်နှောင်သစ်သားနဲ့ လုပ်ထားတဲ့ ရုပ်တုထဲမှာ ချုပ်နှောင်ခံခဲ့ရတာပါ။ အခုမှ လွတ်မြောက်လာတာပါ။ ကျွန်မကိုမသတ်ပါနဲ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက လျှို့ဝှက်ချက်တွေ အများကြီးကို ကျွန်မ သိပါတယ်။ ပြီးတော့ ရှေးဟောင်းပညာရပ်တွေလည်း တတ်ကျွမ်းပါတယ်"

ထိုစကားကို ကြားသောအခါ ထိုက်ဟယ်၏ သတ်ဖြတ်လိုသော စိတ်မှာ ရုတ်တရက် လျော့ပါးသွားသော်လည်း သံသယမကင်းသော မျက်နှာထားဖြင့် မေးလိုက်သည်။

"မင်းက တကယ်ပဲ မြင့်မြတ်သွေးတံခါးဂိုဏ်းကလား"

ရွှယ်မေက ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပါတယ်။ မဟုတ်ရင် ကျွန်မက ဝိညာဥ်နတ်ဘုရားခန်းမရဲ့ အကြောင်းတွေကို ဒီလောက်အထိ ဘယ်လိုသိနိုင်မှာလဲ"

ထိုက်ဟယ်က ခေတ္တမျှ စဉ်းစားပြီး ရွှယ်မေ၏ အဆိုပြုချက်ကို လက်ခံလိုက်သည်။

"ကောင်းပြီ၊ မင်းအသက်ကို ငါချမ်းသာပေးမယ်။ မင်း ပူးကပ်ဖို့အတွက် အကောင်းဆုံး ခန္ဓာကိုယ်တစ်ခုတောင် ငါရှာပေးနိုင်တယ်။ ဒါပေမဲ့ ဝိညာဉ်ချုပ်နှောင်ကျိန်စာနဲ့ စည်းတံဆိပ်ပိတ်ခွင့် ပေးရမယ်"

ရွှယ်မေက မျက်မှောင်ကြုတ်ပြီး "ဘယ်လို ခန္ဓာကိုယ်မျိုးလဲ" ဟု မေးသည်။

"သန့်စင်ယင်ခန္ဓာကိုယ်ပေါ့"

"ကောင်းပြီ၊ ဒါဆို ကျွန်မအပေါ် ဝိညာဉ်ချုပ်နှောင်ကျိန်စာ ခပ်နှိပ်တာ လက်ခံတယ်"

ထို့နောက် ထိုက်ဟယ်က ရွှယ်မေကို ဝိညာဥ်ချုပ်နှောင်ကျိန်စာ ခပ်နှိပ်ပြီး ဝိညာ်နန်းတော်ခန်းမမှ ပြန်ထွက်သွားကြသည်။ အပြန်တွင် ထိုက်ဟယ်က ပြုံးရွှင်နေသလို နောက်မှပါလာသော ရွှယ်မေ၏ မျက်လုံးထဲတွင်လည်း ကျေနပ်သောဟန်ပန် ထွက်ပေါ်နေသည်။ အရာရာတိုင်းမှာ သူ့တွက်ချက်မှုအတိုင်း ဖြစ်လာသည့်အလားပင်။

……….

ကျယ်ပြောသော သမုဒ္ဒရာကြီးအတွင်း ကျောက်ဆောင်ထူထပ်သော ကျွန်းငယ်လေးတစ်ခု ရှိနေသည်။ ပင်လယ်လေများ ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး လှိုင်းလုံးကြီးများက ကျောက်ဆောင်များကို အဆက်မပြတ် ရိုက်ခတ်နေသည်။

သို့သော် ဤကျွန်းမှာ ထူထပ်သော တစ္ဆေမြူနှင်းများ ဖုံးလွှမ်းနေသဖြင့် နေ့ခင်းချိန်ဖြစ်သော်လည်း ပတ်ဝန်းကျင်မှာ အုံ့မှိုင်းပြီး အနည်းငယ် မှောင်မိုက်နေသည်။

ထိုအခိုက် ကျွန်း၏ အလယ်ဗဟိုမှ တောက်ပသော အပြာရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ချက်ချင်းပင် မိုင်ပေါင်းကုဋေချီဝေးသော ခရီးကို ရွေ့ပြောင်းအစီအရင်ဖြင့် ဖြတ်သန်းခဲ့သော စုန့်ဝမ်နှင့် ဝိညာဥ်မြေခွေးတို့ ကျွန်းအလယ်၌ ရုတ်ချည်း ပေါ်လာသည်။ ထိုမျှဝေးလံသော ခရီးကို ရွေ့ပြောင်းခြင်းက လူနှင့် မြေခွေး နှစ်ဦးလုံးကို အလွန်အမင်း မသက်မသာ ဖြစ်စေသည်။ နှစ်ဦးလုံး ခေါင်းမူးပြီး ဝမ်းဗိုက်အတွင်း မအီမသာဖြစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ပင် လုရှူနေကြရသည်။

အသက်ရှူဝလာသောအခါ စုန့်ဝမ် ထထိုင်ပြီး တစ္ဆေဘုရင်ကို ဆင့်ခေါ်ကာ ဝိညာဥ်မြေခွေးကို စောင့်ကြည့်စေခဲ့သည်။ ဝိညာဥ်နတ်ဘုရားခန်းမမှ ထွက်လာခဲ့ပြီးဖြစ်၍ သူတို့နှစ်ဦးကြား ပြုခဲ့သော ဝိညာဉ်သစ္စာမှာလည်း အစွမ်းသက်ရောက်မှု ကုန်ဆုံးသွားပြီ ဖြစ်သည်။

ဝိညာဥ်မြေခွေးက မြေပြင်ပေါ်တွင် ဝပ်လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ကျောက်ဆောင်ကျွန်းပေါ်တွင် မည်သည့် သက်ရှိအရိပ်အယောင်မျှ မတွေ့ရမှ အသက်ပြင်းပြင်းရှူပြီး ပတ်ဝန်းကျင်ရှိ တစ္ဆေမြူ အမြောက်အမြားကို ရှူသွင်းလိုက်သည်။ ရှူသွင်းပြီးနောက် ဝိညာဥ်မြေခွေးသည် သက်သောင့်သက်သာရှိ ဖြစ်သွားပြီး အတွင်းဒဏ်ရာများပင် အနည်းငယ် သက်သာသွားသကဲ့သို့ ရှိသည်။ ဤ မြူခိုးဝိညာဉ်နယ်မြေသည် ဝိညာဥ်မြေခွေးအတွက် အမှန်တကယ်ပင် ကောင်းကင်ဘုံ ဖြစ်ပေလိမ့်မည်။

စုန့်ဝမ် စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

"လူသား... မင်း ငါ့ကို တစ်ချိန်လုံး သတိထားနေဖို့ မလိုပါဘူး။ မင်း ငါ့ကို နှစ်ကြိမ်တိုင်တိုင် ကူညီခဲ့တယ်၊ ငါက မင်းတို့ လူသားတွေလို ယုတ်မာတဲ့သူ မဟုတ်သလို ကျေးဇူးကိုလည်း ရန်စနဲ့ တုံ့ပြန်မှာ မဟုတ်ဘူး"

"စီနီယာ စကားတည်ဖို့ပဲ မျှော်လင့်ပါတယ်"

"လူသား... မင်းခန္ဓာကိုယ်က ဒီဝိညာဉ်နယ်မြေထဲမှာ အကြာကြီး မခံနိုင်ဘူး၊ အမြန်ဆုံး ထွက်ခွာသွားတာ ကောင်းမယ်"

စုန့်ဝမ်၏ မျက်နှာတွင် ခါးသက်သော အမူအရာ ပေါ်လာသည်။ မြူခိုးဝိညာဉ်နယ်မြေထဲတွင် အကြာကြီး မနေနိုင်သည်ကို သိသော်လည်း ဤနယ်မြေကို လုံးဝ မကျွမ်းကျင်ပေ။ လမ်းရှာရန် နေအလင်းရောင်လည်း မရှိသဖြင့် မည်သည့်ဘက်သို့ သွားရမည်ကိုပင် မသိဖြစ်နေသည်။ လမ်းကြောင်းမှားသွားပါက အဆုံးမဲ့သော တစ္ဆေမြူများကြား လမ်းပျောက်သွားပြီး မြူခိုးဝိညာဉ်နယ်မြေထဲမှ ထွက်မရဘဲ နောက်ဆုံးတွင် တစ္ဆေတစ်ကောင် ဖြစ်သွားပေလိမ့်မည်။

ဝိညာဥ်မြေခွေးက စုန့်ဝမ်၏ အခက်အခဲကို ရိပ်မိဟန်ဖြင့် ရှေ့ခြေထောက်တစ်ဖက်ကို မြှောက်၍ ညာဘက်အရပ်ကို ညွှန်ပြလိုက်သည်။

"အဲဒီဘက်မှာ အဆုံးမဲ့ပင်လယ် ရှိတယ်လို့ ငါ ခံစားနေရတယ်"

စုန့်ဝမ်သည် ဝိညာဥ်မြေခွေးကို သံသယဖြင့် ကြည့်လိုက်သည်။ ဤတစ္ဆေမြူများကြား ဝိညာဥ်မြေခွေးက လမ်းကြောင်းကို မည်သို့ ခွဲခြားနိုင်သနည်းဟု တွေးမရဖြစ်နေသည်။

လျှောက်ပြောနေတာလား၊ အမှန်တရားလော။ ဘာလို့ ရုတ်တရက် စိတ်ကောင်းဝင်ပြီး လမ်းညွှန်ပေးရတာလဲ။ တကယ်ပဲ အသက်ကယ်ကျေးဇူး ဆပ်နေတာလား။

စုန့်ဝမ် စဥ်းစားရင်း တွေဝေနေသည်။ ဝိညာဥ်မြေခွေး၏ စကားကို အလွယ်တကူ မယုံကြည်ရဲသဖြင့် တစ္ဆေဘုရင်ကို ဝိညာဥ်မြေခွေးအား စောင့်ကြည့်ခိုင်းထားပြီး ကျွန်းပေါ်တွင် အသေးစိတ် စတင်ရှာဖွေတော့သည်။ အတိတ်က မြင့်မြတ်သွေးတံခါးဂိုဏ်း ဤကျွန်းပေါ်တွင် အခြေချခဲ့ဖူးသဖြင့် တစ်စုံတစ်ရာသော ခြေရာလက်ရာများ ကျန်ရှိနေရမည် ဖြစ်သည်။ ထိုအရာများကြားတွင် အဆုံးမဲ့ပင်လယ်သို့ သွားရာလမ်းကြောင်း၏ သဲလွန်စကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်သည်။

ကျောက်ဆောင်ကျွန်းမှာ မိုင်အနည်းငယ်သာ ကျယ်ဝန်းသည်။ သို့သော် တစ္ဆေမြူများက ဝိညာဉ်အာရုံကို ပြင်းထန်စွာ ဖိနှိပ်ထားသဖြင့် မျက်စိဖြင့်သာ အားပြု၍ ကျွန်းကို ဖြည်းဖြည်းချင်း ရှာဖွေနေရသည်။ ကံမကောင်းစွာဖြင့် ပတ်ဝန်းကျင်မှာ မှောင်မှိုင်းနေပြီး မြင်ကွင်း မရှင်းလင်းသဖြင့် ရှာဖွေမှုမှာ နှေးကွေးလှသည်။

၁၅ မိနစ်ခန့် ကြာပြီးနောက် ကျွန်း၏ ထောင့်တစ်ခုတွင် မြေအောက်ခန်း ဝင်ပေါက်တစ်ခုကို တွေ့ရှိလိုက်သည်။ ထိုအဝင်ဝမှာ အတွင်းသို့ ပေ ၂၀ ခန့် ရှည်လျားပြီး ဧကဝက်ခန့် ကျယ်ဝန်းသော ဂူတစ်ခုသို့ ရောက်ရှိသွားသည်။ ဤဂူမှာ တချိန်က ရွှေ့ပြောင်းအစီအရင်ကို စောင့်ကြပ်ခဲ့သော မြင့်မြတ်သွေးတံခါးဂိုဏ်းမှ တပည့်များ နေထိုင်ခဲ့သည့် နေရာဖြစ်မည်။

ဂူထောင့်တစ်နေရာတွင် ခြောက်သွေ့နေသော အရိုးစုတစ်ခု ရှိနေသည်။ အရိုးများကြားတွင် သိုလှောင်လက်စွပ်တစ်ကွင်း ရှိနေသည်။ သို့သော် အချိန်အလွန် ကြာမြင့်သွားပြီ ဖြစ်သောကြောင့် သိုလှောင်လက်စွပ်၏ စွမ်းအားမှာ ပျောက်ကွယ်သွားပြီး အတွင်းရှိ ဟင်းလင်းပြင် ပြိုကျကာ ပစ္စည်းများလည်း ပျက်စီးနေပြီ ဖြစ်သည်။

သို့သော် ထိုအရိုးစုအောက်ရှိ ကျောက်ကြမ်းပြင်ပေါ်တွင် ထွင်းထုထားသော စာလုံးအချို့ကို တွေ့လိုက်ရသည်။ ၎င်းမှာ ထိုသူက သူ့ဘဝနောက်ဆုံးအချိန်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုသူမှာ မူလက ဝိညာဥ်နတ်ဘုရားခန်းမမှ တပည့်တစ်ဦးဖြစ်ပြီး ဤနေရာရှိ ရွှေ့ပြောင်းအစီအရင်ကို စောင့်ကြပ်ရန် တာဝန်ပေးခံရသူ ဖြစ်သည်။ တစ်နေ့တွင် အစွမ်းထက်သော တစ္ဆေတစ်ကောင်နှင့် ထိပ်တိုက်တွေ့ပြီး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် မိမိကိုယ်ကို မကုသနိုင်တော့ပေ။ အဆုံးမဲ့သဲကန္တာရနှင့် အဆုံးမဲ့ပင်လယ်ရှိ ဂိုဏ်းတပည့်များကို ဆက်သွယ်ရန် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။ သူနှင့် ဤရွှေ့ပြောင်းအစီအရင်ကို ဝိညာဥ်နတ်ဘုရားခန်းမက စွန့်ပစ်လိုက်သကဲ့သို့ပင်။ နောက်ဆုံးတွင် သူသည်လည်း ဤနေရာ၌ပင် သေဆုံးသွားခဲ့သည်။

ထိုစာတိုလေး၏ အဆုံးတွင် ရေးသားထားသည်မှာ "အရှေ့ဘက် မိုင်ပေါင်း သုံးသောင်းအကွာ မြူခိုးဝိညာဉ်နယ်မြေ၏ အပြင်ဘက်တွင် ဝိညာဥ်နတ်ဘုရားခန်းမမှ တပည့်များ တပ်စွဲထားသော ကျွန်းတစ်ကျွန်း ရှိသည်" ဟူ၍ ဖြစ်သည်။ ထိုသူသည် သူ့အရိုးများကို တွေ့ရှိသူက ထိုနေရာသို့ ပို့ဆောင်ပေးရန် မျှော်လင့်ထားပြီး ထိုသို့လုပ်ဆောင်ပါက ဆုလာဘ် ကြီးကြီးမားမား ရရှိမည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။ ဤနေရာမှာ မှောင်မည်းနေသဖြင့် လမ်းကြောင်းခွဲခြားရန် ခက်ခဲသောကြောင့် စာသားနောက်တွင် မြှားပုံစံတစ်ခုကိုလည်း ဆွဲထားခဲ့သည်။ ထိုမြှားညွှန်ပြနေသော လမ်းကြောင်းမှာ ဝိညာဥ်မြေခွေး ညွှန်ပြခဲ့သည့် လမ်းကြောင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

စုန့်ဝမ် စိတ်အားတက်ကြွသွားသည်။ ဤသူ ချန်ထားခဲ့သော အချက်အလက်မှာ ဝိညာဥ်မြေခွေး ပေးသည့် အချက်အလက်ထက် ပို၍ ယုံကြည်စိတ်ချရသည်။ သူသည် ဂူထဲမှ ပြန်ထွက်လာပြီး ဝိညာဥ်မြေခွေးကို စောင့်ကြည့်နေသော တစ္ဆေဘုရင်ကို ပြန်ခေါ်လိုက်ကာ ရှေ့မှ လမ်းပြခိုင်းပြီး ဓားပျံကို စီးနင်းလျက် မြှားညွှန်ပြရာ လမ်းကြောင်းအတိုင်း ထွက်ခွာသွားတော့သည်။

ဝိညာဥ်မြေခွေးလည်း စုန့်ဝမ် ရုတ်တရက် ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။

"လူသား... မင်း လမ်းမှားနေပြီ။ အဲဒီဘက်ကို သွားရင် ဝိညာဉ်နယ်မြေရဲ့ အနက်ပိုင်းကို ရောက်သွားပြီး တစ္ဆေမြူတွေကြားမှာ လမ်းပျောက်သွားလိမ့်မယ်"

စုန့်ဝမ်က ဝိညာဥ်မြေခွေးကို တစ်ချက်လှည့်ကြည့်သော်လည်း ဘာမှပြန်မပြောဘဲ ထူထပ်သော တစ္ဆေမြူများကြားထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဝိညာဥ်မြေခွေးသည် စုန့်ဝမ် ပျောက်ကွယ်သွားသော နေရာကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် တွန့်ဆုတ်နေသော အမူအရာ ပေါ်လာသည်။ နောက်ဆုံးတွင် ၎င်းသည် စုန့်ဝမ်နောက်သို့ လိုက်မသွားတော့ပေ။ သူ့ဒဏ်ရာမှာ အလွန်ပြင်းထန်လှသဖြင့် စုန့်ဝမ်ကို အနိုင်ယူနိုင်ရန် ယုံကြည်မှု မရှိပေ။ ထို့ပြင် ဤဝိညာဉ်နယ်မြေသည် ၎င်းအတွက် အဆုံးမဲ့သဲကန္တာရရှိ ဝိညာဥ်နတ်ဘုရားခန်းမထက် ရှင်သန်ရန်နှင့် ကျင့်ကြံရန် ပို၍ သင့်တော်သည်ကို သိလိုက်ရသည်။ ဝင်္ကပါထိန်းချုပ်တံဆိပ်မှာလည်း သိပ်အသုံးမဝင်တော့ပေ။ အသုံးမဝင်သော ပစ္စည်းတစ်ခုအတွက် စုန့်ဝမ်နောက်သို့ အသက်စွန့်လိုက်ရန် မထိုက်တန်ဟု ယူဆလိုက်သည်။ သို့သော် ထိုလူသားက လမ်းကြောင်းအမှန်ကို မည်သို့ ရုတ်တရက် ရှာတွေ့သွားသနည်းဆိုသည်ကိုမူ တွေးမရ ဖြစ်နေသည်။

ဝိညာဥ်မြေခွေးများသည် ၎င်းတို့၏ ပင်ကိုယ်ဗီဇကြောင့် တစ္ဆေမြူများကြားတွင် လမ်းကြောင်းကို တိကျစွာ သိနိုင်ခြင်း ဖြစ်သည်။ ထိုလူသားသည် ဂူထဲတွင် တစ်ခုခု ရှာတွေ့သွားခြင်းများလားဟု ဝိညာဥ်မြေခွေးက တွေးတောရင်း ဂူထဲသို့ ဝင်သွားလိုက်သည်။ အထဲရောက်သည်နှင့် ထိုဂူကို သဘောကျသွားပြီး ၎င်း၏ ကိုယ်ပိုင်နေရာအဖြစ် သိမ်းပိုက်ကာ အခြေချ နေထိုင်လိုက်တော့သည်။

မြူခိုးဝိညာဉ်နယ်မြေသို့ ရောက်ရှိပြီးနောက် စုန့်ဝမ်သည် ထိုက်ဟယ် လိုက်ဖမ်းမည်ကို မစိုးရိမ်တော့ပေ။ ထျန်းယွမ်တိုက်နှင့် မြူခိုးဝိညာဥ်နယ်မြေ၊ အဆုံးမဲ့ပင်လယ်တို့ကြားတွင် အလွန်အန္တရာယ်များသော အဆုံးမဲ့သဲကန္တာရ ရှိနေသည်။ ထိုနေရာကို ဖြတ်ကျော်ပြီး၊ ကျယ်ပြန့်သလောက် လမ်းညွှန်မြေပုံ မရှိသော မြူခိုးဝိညာဥ်နယ်မြေနှင့် အဆုံးမဲ့ပင်လယ်ထဲ လူတစ်ယောက် လိုက်ရှာရန်ဆိုသည်မှာ ထိုက်ဟယ်ကဲ့သို့ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူအတွက်ပင် မလွယ်ပေ။ ထို့ကြောင့် စုန့်ဝမ်အတွက် ဝိညာဉ်ဖုံးကွယ်ကျောက် မလိုအပ်တော့သလို ဝိညာဥ်မြေခွေးနှင့် အသက်စွန့် တိုက်ခိုက်ရန် မလိုတော့ပေ။

မြူခိုးဝိညာဉ်နယ်မြေထဲတွင် မြင်ကွင်း မရှင်းလင်းသလို ဝိညာဉ်အာရုံမှာလည်း ဖိနှိပ်ခံထားရသဖြင့် စုန့်ဝမ်မှာ သတိနှင့် သွားနေရသည်။ ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်ခု ပေါ်လာကာ ဘယ်ဘက်ရှိ မြူနှင်းများ လှိုင်းထလာပြီး လက်တစ်ခုက မြူများကို ဖောက်ထွက်လျက် စုန့်ဝမ်ထံသို့ လှမ်းလာသည်။ ဤလက်မှာ ရုပ်ဝတ္ထုခန္ဓာကိုယ် မရှိဘဲ တစ္ဆေပုံစံဖြစ်နေသည်။ ၎င်းမှာ ဝိညာဉ်နယ်မြေ၏ ထူးခြားသော သက်ရှိတစ်မျိုးဖြစ်သည့် တစ္ဆေဝိညာဉ်ပင် ဖြစ်သည်။

ရုတ်တရက် ကြုံလိုက်ရသောကြောင့် စုန့်ဝမ် ထိတ်လန့်သွားသော်လည်း ထိုလက်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ သိပ်မပြင်းထန်ဘဲ ဒုတိယအဆင့် အစောပိုင်းခန့်သာ ရှိသည်ကို သိလိုက်ရသဖြင့် စိတ်အေးသွားသည်။ မိုးကြိုးနည်းစနစ်ဖြင့် ၎င်းကို ဖျက်ဆီးရန် ကြံသော်လည်း တွန့်ဆုတ်သွားသည်။ မိုးကြိုးနည်းစနစ်မှာ တစ္ဆေများကို အလွယ်တကူ နှိမ်နင်းနိုင်သော်လည်း အသံမှာမူ အလွန် ကျယ်လောင်သဖြင့် အခြားသော တစ္ဆေဝိညာဉ်များကို ဆွဲဆောင်မိမည်ကို စိုးရိမ်နေရသည်။

သူသည် လှမ်းလာသော တစ္ဆေလက်တံကို ရှောင်လိုက်ပြီး တစ္ဆေဘုရင်ကိုသာ ထိုတစ္ဆေအား တိုက်ခိုက်စေလိုက်သည်။ တိုက်ပွဲမှာ ခဏချင်းပင် ပြီးဆုံးသွားပြီး အရေးနိမ့်သွားသည်။ စုန့်ဝမ်၏ ညွှန်ကြားချက်အရ တစ္ဆေဘုရင်သည် တစ္ဆေဝိညာဉ်ကို မသတ်ဘဲ ဒဏ်ရာရရုံသာ လုပ်ထားသည်။

စုန့်ဝမ်က ထိုတစ္ဆေအနားသို့ ချဉ်းကပ်သွားသောအခါ ၎င်းမှာ ရေဘဝဲနှင့်တူသော တစ္ဆေဝိညာဉ်ဖြစ်ပြီး တစ္ဆေမြူ၏ တိုက်စားခြင်းကို ခံလိုက်ရသော ပင်လယ်မိစ္ဆာသားရဲမှ ပြောင်းလဲလာခြင်း ဖြစ်ပုံရသည်။ ထိုတစ္ဆေကို ကြည့်ရင်း လူနှင့် သားရဲတို့၏ ဝိညာဉ်များကို သူ့အသိစိတ်ပင်လယ်ထဲရှိ တွင်းနက်က စုပ်ယူနိုင်လျှင် ဤတစ္ဆေကိုလည်း စုပ်ယူနိုင်မည်လားဟု စဉ်းစားမိသည်။

ထိုသို့တွေးမိသဖြင့် စုန့်ဝမ်သည် လက်တစ်ဖက်ကို တစ္ဆေ၏ ဝိညာဉ်ခန္ဓာပေါ်သို့ တင်လိုက်သည်။ ချက်ချင်းပင် အသိစိတ်ပင်လယ်ထဲတွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာကာ တစ္ဆေဝိညာဉ်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။

စုန့်ဝမ်၏ မျက်လုံးများ တောက်ပသွားသည်။ တစ္ဆေဝိညာဉ်ကို အမှန်တကယ် စုပ်ယူနိုင်သဖြင့် တစ္ဆေဝိညာဉ်များကို နှိမ်နင်းရန် မခက်ခဲတော့ပေ။

ခရီးစဉ်တလျှောက်တွင် အခြားသော တစ္ဆေများနှင့် မတွေ့ဆုံခဲ့ပေ။ ရှေ့သို့ ဆက်သွားနေစဉ် တစ္ဆေမြူများ တဖြည်းဖြည်း ကျဲသွားသည်ကို သတိပြုမိလိုက်သည်။ မကြာမီ ကောင်းကင်တွင် တဖြည်းဖြည်းနှင့် နေမင်းကြီး ထွက်ပေါ်လာသည်။ ထူထပ်သော တစ္ဆေမြူများက အလင်းရောင်ကို ပိတ်ဆို့ထားသဖြင့် နေမင်းမှာ မှိန်ဖျော့နေသော်လည်း မြင်ကွင်းမှာ သဲကွဲစပြုလာသည်။ စုန့်ဝမ် ဝမ်းသာသွားသည်။ နေမင်း ပေါ်လာခြင်းမှာ လမ်းကြောင်းမှန်သို့ သွားနေခြင်းဖြစ်ကြောင်း သက်သေပင်။

တစ္ဆေမြူများ ပို၍ ကျဲပါးလာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း လင်းထင်းလာပြီး ဝိညာဉ်အာရုံ ဖိနှိပ်ခံရမှုလည်း လျော့ပါးသွားသည်။ မကြာမီမှာပင် တစ္ဆေမြူများ လုံးဝ ပျောက်ကွယ်သွားသည်။ နေရောင်ခြည်မှာ ပင်လယ်ပြင်ပေါ်သို့ ကျရောက်ပြီး ရောင်ပြန်ဟပ်ကာ တောက်ပနေသည်။ ပင်လယ်လေကြောင့် လှိုင်းလုံးကလေးများ ထလာပြီး ရေမှုန်ရေမွှားလေးများမှာ နေရောင်အောက်တွင် ဖန်သားပြင်ကဲ့သို့ ကြည်လင်စွာ တောက်ပနေသည်။ ငန်ကျိကျိ လေထုထဲတွင် ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်နေသည်။ အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဝမ်းသာ၍မှ မဆုံးမီ ပြဿနာသစ်တစ်ခု တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကျယ်ပြောသော သမုဒ္ဒရာကြီးထဲတွင် မျက်စိတဆုံး မည်သည့်ကျွန်းကိုမျှ မတွေ့ရပေ။ အဆုံးမဲ့ပင်လယ်နှင့် မြူခိုးဝိညာဉ်နယ်မြေ အစပ်တွင် ကျွန်းအရေအတွက်မှာ အလွန်ပင် နည်းပါးလှပြီး အဆုံးမဲ့သဲကန္တာရထဲရှိ အိုအေစစ်များနှင့် နှိုင်းယှဉ်နိုင်သည်။

စုန့်ဝမ်တွင် အလောင်းဘုရင်သွေးသန့်စင်ပညာ ရှိသဖြင့် တစ္ဆေမြူ၏ တိုက်စားမှုကို ခုခံနိုင်သော်လည်း ခန္ဓာကိုယ်ထဲတွင် တစ္ဆေစွမ်းအင် အတော်အသင့် စိမ့်ဝင်သွားခဲ့သည်။ ယခုအချိန်တွင် အချိန်ယူ ကျင့်ကြံပြီး ခန္ဓာကိုယ်ထဲရှိ တစ္ဆေစွမ်းအင်အားလုံးကို ဖယ်ထုတ်ပစ်ရန် အရေးတကြီး လိုအပ်နေသည်။ မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ ထိုတစ္ဆေစွမ်းအင်များက ကျင့်ကြံမှု အခြေခံကို ထိခိုက်စေပေလိမ့်မည်။

စုန့်ဝမ်လည်း ဂူထဲရှိ သေဆုံးနေသူ လမ်းညွှန်သည့်အတိုင်း အရှေ့ဘက်ရှိ ကျွန်းဆီသို့ ဆက်လက် ဦးတည်သွားသည်။ အချိန်ကာလ ကြာညောင်းပြီဖြစ်သဖြင့် ထိုကျွန်းပေါ်တွင် ဝိညာ်နတ်ဘုရားခန်းမ၏ တပည့်များ ရှိလိမ့်မည်ဟု မထင်တော့ပေ။ နှစ်နာရီခန့် ကြာပြီးနောက် စတုရန်းမိုင် ၁၀ မိုင်ခန့် ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းကို တွေ့လိုက်ရသည်။ ကျွန်းပေါ်တွင် စိမ်းလန်းစိုပြည်သော သစ်ပင်များ ပေါက်ရောက်နေပြီး သက်ရှိအရိပ်အယောင်များနှင့် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝနေသည်။

စုန့်ဝမ်သည် ကျွန်းအထက်တွင် ပျံသန်းရင်း ကျွန်းတစ်ခုလုံးကို စစ်ဆေးသည်။ ကူ ၆ ကောင်ကိုလည်း ကင်းထောက်ရန် စေလွှတ်လိုက်သည်။ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ ကျွန်းပေါ်တွင် လူသားတို့၏ လှုပ်ရှားမှု ခြေရာလက်ရာ မတွေ့ရသော်လည်း ပျံသန်းတတ်သော သားရဲအုပ်စုတစ်စု နေထိုင်နေကြသည်။ ၎င်းတို့မှာ ဒိုင်နိုဆောနှင့် ခပ်ဆင်ဆင်တူပြီး ဖေးယွန်သားရဲဟု ခေါ်ကြောင်း သားရဲသခင်ဂိုဏ်း၏ မှတ်တမ်းများတွင် စုန့်ဝမ် ဖတ်ဖူးသည်။ အသန်မာဆုံးကောင်၏ ခွန်အားမှာ ဒုတိယအဆင့် အစောပိုင်းသာ ရှိသဖြင့် စုန့်ဝမ်အတွက် အန္တရာယ် မရှိပေ။

ကျွန်း၏ အလယ်ဗဟိုရှိ တောင်ထိပ်ငယ်တွင် လွန်ခဲ့သော နှစ်ပေါင်းသောင်းချီက တည်ရှိခဲ့သော ဝိညာဥ်နတ်ဘုရားခန်းမမှ ချန်ထားခဲ့သည့် အပျက်အစီး အကြွင်းအကျန်အချို့ကို တွေ့ရှိလိုက်သည်။ စုန့်ဝမ်လည်း ဖေးယွန်သားရဲများကို မနှောင့်ယှက်ဘဲ ကျွန်းအလယ်၌ တိတ်တဆိတ် ဆင်းသက်လိုက်ပြီး အပျက်အစီးများအောက်တွင် ယာယီဂူတစ်ခု ပြုလုပ်သည်။ ထို့နောက် ကိုးနန်းဆောင်ယင်အစီအရင်နှင့် ဝိညာဉ်ဖုံးကွယ်အစီအရင်တို့ကို တပ်ဆင်လိုက်သည်။

ခေတ္တစဉ်းစားပြီးနောက် သူစိမ်းမြေတွင် ဤမျှနှင့် မလုံလောက်ဟု ခံစားရသဖြင့် ယင်ယန်လေးသွယ်အစီအရင်ကို တပ်ဆင်လိုက်သည်။ ဤအစီအရင်မှာ စုမိသားစုဘိုးဘေး စုချန်က သူအနားယူသော ချိုင့်ဝှမ်းတွင် တပ်ဆင်ခဲ့သည့် အစီအရင် ဖြစ်သည်။ ၎င်းမှာ တတိယအဆင့် အစီအရင်ဖြစ်ပြီး တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်သည်။ သို့သော် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကုန်ကျမည်ဖြစ်သဖြင့် ချက်ချင်း အသက်မသွင်းဘဲ ကြိုတင်ပြင်ဆင်မှုအဖြစ်သာ ခင်းကျင်းနေရာချလိုက်သည်။

ထို့နောက် ဒုတိယအဆင့် ဝိညာဉ်စုစည်းအစီအရင်လည်း ခင်းကျင်းလိုက်သည်။ ကူကောင်များကို အစာကျွေးပြီးနောက် ကျွန်းပတ်လည်တွင် ကင်းစောင့်ခိုင်းလိုက်သည်။ အသင့်ဖြစ်သည်နှင့် တင်ပလ္လင်ခွေ ထိုင်လိုက်ကာ ခန္ဓာကိုယ်ထဲမှ တစ္ဆေစွမ်းအင်များကို ဖယ်ထုတ်ရန် အလောင်းဘုရင်သွေးသန့်စင်ပညာ စတင်ကျင့်ကြံတော့သည်။

………..

All Chapters