ရွှေအမြုတေဆေးလုံး ဖော်စပ်ခြင်း
Vol. 26 Ch. 266
မျက်တောင်တစ်ခတ်အတွင်း သုံးလခန့် ကြာသွားခဲ့သည်။ ခန္ဓာကိုယ်ထဲရှိ တစ္ဆေစွမ်းအင်များကို အောင်အောင်မြင်မြင် ဖယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ စုန့်ဝမ်လည်း အစီအရင်များကို ဖွင့်၍ ဂူထဲမှ ထွက်လာကာ ကျွန်း၏ အမြင့်ဆုံးနေရာရှိ သစ်ပင်ကြီးအောက်တွင် ရပ်လိုက်သည်။ ထိုနေရာမှ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မြင်တွေ့နေရသည်။
ပထမအဆင့် ဖေးယွန်သားရဲတစ်ကောင်မှာ ရေတိမ်ပိုင်းတွင် အမဲလိုက်နေသည်။ ဆယ်ပေခန့် ရှည်သော ငါးကြီးတစ်ကောင်မှာ ဖေးယွန်သားရဲ၏ ထက်မြက်သော ခြေသည်းများဖြင့် ဦးခေါင်းကို အထိုးခံရကာ ချက်ချင်း သေဆုံးသွားသည်။ သွေးနီရောင်များ ရေပြင်ပေါ်တွင် ပျံ့နှံ့သွားသည်။ ဖေးယွန်သားရဲက ငါးကြီးကို မြဲမြဲဆုပ်ကိုင်ကာ တောင်ပံခတ်၍ ကောင်းကင်သို့ ပျံတက်လိုက်သည်။
ထိုအချိန်မှာပင် ပင်လယ်ရေမျက်နှာပြင်မှာ ရုတ်တရက် လှိုင်းထလာကာ ပေ ၂၀ ခန့် ရှည်သော ငါးကြီးတစ်ကောင် ပင်လယ်ထဲမှ ခုန်ထွက်ကာ ဖေးယွန်းသားရဲ၏ ခြေထောက်ကို ကိုက်ဆွဲလိုက်သည်။ ဖေးယွန်သားရဲမှာ အငိုက်မိသွားသဖြင့် မရှောင်နိုင်တော့ဘဲ၊ ရေထဲ ဆွဲချခြင်း ခံလိုက်ရသည်။ ၎င်းသည် အသက်လု ရုန်းကန်သော်လည်း အဆုံးတွင် ငါးကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
ဖေးယွန်သားရဲနှင့် ပင်လယ်သားရဲတို့၏ တိုက်ပွဲကို ကြည့်ရင်း ဤကျွန်းလေးမှာ အလွန်ပင် အေးချမ်းလှသည်ဟု စုန့်ဝမ် ခံစားလိုက်ရသည်။ ကူပိုးကောင်များထံမှ သိရသည်မှာ သူ ကျင့်ကြံနေသော သုံးလအတွင်း မည်သည့် လူသားကျင့်ကြံသူမျှ ဤနေရာကို ဖြတ်မသွားသလို အစွမ်းထက်သော သားရဲများလည်း လာရောက်ခြင်း မရှိပေ။ ဤကျွန်းမှာ အငြင်းပွားမှုများ မရှိသော ငြိမ်းချမ်းသည့် နယ်မြေလေးတစ်ခု ဖြစ်နေသည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဤနေရာရှိ ဝိညာဉ်စွမ်းအင်မှာ အနည်းငယ် နည်းပါးနေခြင်းပင်။ ဝိညာဉ်စွမ်းအင် နည်းပါးသောကြောင့်သာ အစွမ်းထက်သော ကျင့်ကြံသူများနှင့် သားရဲများက ဤနေရာကို မသိမ်းပိုက်ကြခြင်း ဖြစ်သည်။
စုန့်ဝမ်အတွက် အလိုအပ်ဆုံးအရာမှာ ဝိညာဉ်ကျောက်များနှင့် ကျင့်ကြံရေး ပစ္စည်းများ ဖြစ်သည်။ သူ့တွင် ဝိညာဉ်ကျောက် အတော်များများ ကျန်ရှိနေသေးသဖြင့် အချိန်အတော်ကြာ ကျင့်ကြံရန် လုံလောက်သည်။ စုန့်ဝမ်လည်း ဤကျွန်းပေါ်တွင် ခေတ္တအခြေချပြီး အားသွန်ခွန်စိုက် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာမှ မထွက်ခွာမီ ရွှေအမြုတေ တည်ဆောက်နိုင်ရန် မျှော်လင့်ထားသည်။ အဆုံးမဲ့ပင်လယ်မှာ သားရဲများဖြင့် ပြည့်နှက်နေသဖြင့် အခြေတည်အဆင့် ကျင့်ကြံမှုဖြင့် သွားလာရန်မှာ ဘေးမကင်းပေ။
ရွှေအမြုတေ ဖော်ဆောင်ရာတွင် အကူအညီပေးမည့် အရေးကြီးဆုံး ပစ္စည်းမှာ ရွှေအမြုတေဆေးလုံးပင် ဖြစ်သည်။ ၎င်းကို ဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင် အပင်များအားလုံးကို စုဆောင်းထားပြီးဖြစ်ရာ စုစုပေါင်း လေးစုံစာ ရှိသည်။ ထို့ကြောင့် ဆေးလုံးကို ကိုယ်တိုင် ဖော်စပ်ရန် စီစဉ်လိုက်သည်။
နှလုံးသားနတ်ဆိုးကို ကျော်လွှားရန် လိုအပ်သော အတားအဆီးဖြတ်ကျော်ဆေးအတွက်မူ စုန့်ဝမ်တွင် ရင်းနှီးသော ဆွေမျိုးသားချင်း မရှိသဖြင့် မဖော်စပ်နိုင်ပေ။ သို့သော် သားရဲသခင်ဂိုဏ်းမှ မထွက်ခွာမီ အသက်သွေးအားဖြည့်ဆေး ၁၀ လုံး ဝယ်ယူခဲ့သည်။ ထိုဆေးများက စိတ်ကို ကြည်လင်စေပြီး အာရုံစူးစိုက်မှုကို အားကောင်းစေသဖြင့် နှလုံးသားနတ်ဆိုးကို ကျော်လွှားရာတွင် အထောက်အကူ ဖြစ်စေသည်။ သို့သော် အတားအဆီးဖြတ်ကျော်ဆေးနှင့် ယှဉ်လျှင်မူ အာနိသင် နည်းပါးလှသည်။
ဆုံးဖြတ်ပြီးသည်နှင့် စုန့်ဝမ်လည်း ဂူထဲသို့ ပြန်ဝင်၍ ဆေးဖိုကို ထုတ်ယူကာ ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်။ ဆေးစတင်ဖော်စပ်ရန် ဝိညာဉ်စွမ်းအားမီးတောက်ကို အသုံးပြုလိုက်သည်။ မြေကမ္ဘာမီးတောက်မှာ ပြင်ဆင်မှုများ ပြုလုပ်ရဦးမည် ဖြစ်သဖြင့် အသုံးမပြုသေးပေ။ မဟာမီးထိန်းချုပ်နည်းစနစ်ကို လေ့ကျင့်ပြီးနောက် သူ၏ မီးထိန်းချုပ်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သို့သော် ဝိညာဉ်စွမ်းအားမီးတောက်ကို သုံး၍ ပထမဆုံးအကြိမ် ဆေးဖော်စပ်ခြင်းဖြစ်၍ ယုံကြည်မှု သိပ်မရှိလှပေ။
ထို့ကြောင့် ရွှေအမြုတေဆေးလုံးကို တိုက်ရိုက် မဖော်စပ်ဘဲ ကျွမ်းကျင်သော ဒုတိယအဆင့် ဆေးလုံးများကို အရင် ဖော်စပ်ကြည့်ပြီး ဝိညာဉ်စွမ်းအားမီးတောက်၏ ဝိသေသလက္ခဏာများကို လေ့လာသည်။ ဝိညာဉ်စွမ်းအားမီးတောက်မှာ သာမန်မီးတောက်ထက် ပို၍ သန့်စင်သဖြင့် ခက်ခဲသော ဆေးလုံးများ ဖော်စပ်ရန် ပို၍ သင့်တော်သည်။
ခြောက်လခန့် အဆက်မပြတ် လေ့ကျင့်ပြီးနောက် စုန့်ဝမ်၏ မီးထိန်းချုပ်မှုမှာ သိသိသာသာ တိုးတက်လာပြီး စိတ်တိုင်းကျ ထိန်းချုပ်နိုင်လာသည်။ နှစ်ရက်ခန့် အနားယူပြီးနောက် သားရဲသခင်ဂိုဏ်းမှ စီနီယာများ၏ ရွှေအမြုတေဆေးလုံး ဖော်စပ်ခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် ဖုန့်ဖန်းယီ ရွှေအမြုတေဆေး ဖော်စပ်ပြသမှုများကို ပြန်လည် လေ့လာခဲ့သည်။
တစ်လခန့် ကြာသောအခါ ဆေးဖော်စပ်မှု ဖြစ်စဉ်တစ်ခုလုံးကို စိတ်ထဲတွင် အကြိမ်ပေါင်း များစွာ ပုံဖော်ကြည့်ပြီး ဖြစ်သည်။ ထို့နောက် စိတ်ငြိမ်သက်အောင် တစ်ရက်တာ အနားယူပြီးနောက် ဝိညာဉ်စွမ်းအားမီးတောက်ကို အသက်သွင်းပြီး ဆေးဖိုကို ဖွင့်ကာ ရွှေအမြုတေဆေးလုံး စတင် ဖော်စပ်လိုက်တော့သည်။
ရွှေအမြုတေဆေးလုံး ဖော်စပ်သည့် လုပ်ငန်းစဉ်တွင် ဝိညာဥ်ဆေးပင် အမြောက်အမြား ပါဝင်ပြီး ရှုပ်ထွေးလှသော်လည်း စုန့်ဝမ်သည် အဆင့်တိုင်းကို စနစ်တကျ၊ ယုံကြည်မှုရှိရှိနှင့် အစီအစဉ်တကျ လုပ်ဆောင်သွားခဲ့သည်။
ဝိညာဉ်စွမ်းအားမီးတောက်ကို တိကျစွာ ထိန်းချုပ်ထားပြီး လိုသလို ထိန်းချုပ်ညှိယူသည်။ ဆေးဖိုအတွင်းရှိ အပူချိန်ကိုလည်း သင့်တော်သော အတိုင်းအတာအတွင်း အမြဲမပြတ် ထိန်းသိမ်းထားသည်။ ဝိညာဥ်ဆေးပင်များကို ဆေးဖိုထဲသို့ အစီအစဥ်တကျ ထည့်သွင်းခဲ့သည်။
တစ်လကြာပြီးနောက် အဓိကဆေးအမယ်ဖြစ်သည့် နှစ်နှစ်ရာသက်တမ်းရှိ ယင်ယန်သွေးမျက်ရည်ပင်ကို ထည့်လိုက်သည်။ ယင်းဆေးပင်သည် ရွှေအမြုတေဆေးအတွက် အရေးကြီးဆုံး အဓိကပါဝင်ပစ္စည်းဖြစ်သလို နောက်ဆုံးထည့်ရသည့် အပင်လည်း ဖြစ်သည်။
သင့်တော်သော အပူချိန်အောက်တွင် သန့်စင်လိုက်သောအခါ ယင်ယန်သွေးမျက်ရည်ပင်ရှိ အဆီအနှစ်များကို ထုတ်ယူနိုင်ခဲ့သည်။ ထိုအဆီအနှစ်များသည် အစောပိုင်းက ထုတ်ယူထားသော ဆေးရည်များနှင့် တဖြည်းဖြည်း စတင်ပေါင်းစပ်လာသည်။ ပေါင်းစပ်မှု ပြီးမြောက်သည်နှင့် နောက်ဆုံးအဆင့်ဖြစ်သော ဆေးလုံးဖော်ဆောင်ခြင်းကို စတင်နိုင်မည်ဖြစ်သည်။
အရည်နှစ်မျိုး တစ်ခုတည်းအဖြစ် ပေါင်းစပ်ခါနီးအချိန်မှာပင် "ဖောင်း"ခနဲ အသံနှင့်အတူ ဆေးဖိုမှာ တုန်ခါသွားပြီး အမည်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ဆေးရည်များ ပေါက်ကွဲသွားခြင်းပင်။ ဤသည်မှာ ရွှေအမြုတေဆေးလုံး ဖော်စပ်ရာတွင် ပထမဆုံးအကြိမ် ကျရှုံးမှုဖြစ်သည်။
စုန့်ဝမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး မည်သည့်တုန်လှုပ်မှုမျှ မရှိပေ။ ဖော်စပ်မှုတလျှောက် မည်သည့်အမှားမျှ မလုပ်ခဲ့သော်လည်း ဆေးလုံးမှာ ကျရှုံးခဲ့ရသည်။ ရွှေအမြုတေဆေးလုံး ဖော်စပ်ခြင်း၏ အဓိကသော့ချက်များကို အပြည့်အဝ မဆုပ်ကိုင်နိုင်သေးခြင်းကြောင့်ဟု ဆိုရပေလိမ့်မည်။
စုန့်ဝမ်လည်း ပစ္စည်းများကို ရှင်းလင်းပြီးနောက် အနားယူရင်း မျက်လုံးများကို မှိတ်လိုက်ပြီး မပေါက်ကွဲမီလေးတင် လုပ်ဆောင်ခဲ့သော နည်းစနစ်များကို ပြန်လည်တွေးကာ အမှားကို ရှာဖွေတော့သည်။
….
နောက်နေ့တွင် အသင်ပြင်ဆင်ပြီးသည်နှင့် ဒုတိယအကြိမ် ဆေးဖော်စပ်မှုကို ပြန်လည်စတင်ခဲ့သည်။ တစ်လကြာပြီးနောက် ယင်ယန်သွေးမျက်ရည်ပင်ကို ထည့်သွင်းခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ဆေးရည်နှစ်မျိုး ပေါင်းစပ်နိုင်ခဲ့သော်လည်း နောက်ဆုံးအဆင့်ဖြစ်သော ဆေးလုံးဖော်ဆောင်ချိန်၌ အချည်းနှီး ဖြစ်သွားရပြန်သည်။
တတိယအကြိမ်မြောက် ဆေးဖော်စပ်ရင်း နောက်ထပ် တစ်လတာ ကုန်ဆုံးသွားပြန်သည်။ ရက် ၂၀ ကျော်ကြာ အပင်ပန်းခံ ဖော်စပ်ပြီးနောက် စုန့်ဝမ် သတိကြီးစွာဖြင့် ဆေးဖိုကို ဖွင့်လိုက်သည်။
ထိုအခိုက် ရုတ်တရက် ဆေးဖိုအတွင်းမှ သာယာနာပျော်ဖွယ် အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဆေးလုံးပုံစံပေါ်လာပြီး ဆေးဖို၏ အောက်ခြေသို့ ကျသွားသည့် အသံပင် ဖြစ်သည်။
အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိပြီး တစ်နှစ်နီးပါးအကြာတွင် ရွှေအမြုတေဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သည်။ စုန့်ဝမ်သည် ဝမ်းသာအားရ ဖြစ်သွားပြီး ဆေးဖိုကို ဖွင့်လိုက်ရာ ရွှေရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာပြီး ကြိုတင်ပြင်ဆင်ထားသော ကျောက်စိမ်းပုလင်းထဲသို့ ကျရောက်သွားသည်။
ပထမဆုံးအကြိမ် ဖြစ်၍လားမသိ၊ ဆေးလုံးတစ်လုံးသာ ရရှိခဲ့သည်။ ဤသည်မှာ တစ်ကြိမ်လျှင် အနည်းဆုံး ထွက်ရှိသင့်သော ဆေးလုံး ၂ လုံးပမာဏထက် နည်းပါးနေသည်။
စုန့်ဝမ် နောက်တစ်ကြိမ် ထပ်မံဖော်စပ်ပြန်သည်။ ဤတစ်ကြိမ် အသုံးပြုသော ယင်ယန်သွေးမျက်ရည်ပင်မှာ သက်တမ်းအရှည်ဆုံးဖြစ်ပြီး နှစ်ပေါင်းငါးရာနီးပါး ရှိသည်။ ပထမဆုံး အောင်မြင်ခဲ့သည့် အတွေ့အကြုံရှိထားသဖြင့် ယခုတစ်ကြိမ်တွင် ပို၍ လွယ်ကူသွားပြီး အဆင့်များအတိုင်း လုပ်ဆောင်သွားရုံသာ ဖြစ်သည်။ ရက် ၂၀ ကြာပြီးနောက် ရွှေအမြုတေဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဤတစ်ကြိမ်တွင် ဆေးလုံး ၃ လုံးရရှိခဲ့သည်။
ရွှေအမြုတေဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲတွင် သိမ်းဆည်းပြီးနောက် စုန့်ဝမ်သည် အစီအရင်များကို ဖွင့်လိုက်ပြီး ဆေးဖော်စပ်မှုကာလကို အဆုံးသတ်လိုက်သည်။ ထို့နောက် အော်ရာကို ဖျောက်ကွယ်ထားပြီး သားရဲများကို ရှောင်ပုန်းရင်း ကျွန်းပေါ်တွင် နောက်ထပ် ခြောက်လကြာ အေးအေးဆေးဆေး နေထိုင်ခဲ့သည်။
ထိုခြောက်လအတွင်း ဂြိုဟ်ပြာပေါ်တွင် နေထိုင်သကဲ့သို့ သာမန်လူတစ်ယောက်ပမာ နေထိုင်ခဲ့သည်။ နေထွက်ချိန်တွင် အပြင်ထွက်၍ ကျွန်းပေါ်မှ စားစရာများကို ရှာဖွေစားသောက်သည်။ နေဝင်ချိန်တွင် ဂူထဲသို့ပြန်၍ အနားယူသည်။
ဤသို့နေထိုင်ခြင်းမှာ သားရဲသခင်ဂိုဏ်းမှ စီနီယာတစ်ဦး ချန်ထားခဲ့သော မှတ်စုထဲမှ စကားတစ်ခွန်းကြောင့် ဖြစ်သည်။
"အမြင့်ဆုံးသော ကျင့်ကြံမှုသည် လူသားတို့၏ ရှင်သန်မှု အခြေခံတရားများဆီသို့ ပြန်သွားရမည်။ ၎င်းသည် စိတ်နေစိတ်ထားကို လေ့ကျင့်ရာတွင်လည်းကောင်း၊ နှလုံးသားနတ်ဆိုး စမ်းသပ်မှု ကျော်ဖြတ်ရာတွင်လည်းကောင်း အထောက်အကူ ဖြစ်စေနိုင်သည်"
ဤစကားမှာ မှန်ကန်ခြင်း ရှိ၊ မရှိကို စုန့်ဝမ် မသေချာပေ။ ဤစကားကို ချန်ထားခဲ့သူကိုယ်တိုင်ပင် သိချင်မှ သိပေလိမ့်မည်။ သူသည် ဤခြောက်လတာကာလကို ကျင့်ကြံခြင်းလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့ပြီးနောက်ပိုင်း ရရှိခဲ့သော ရှားပါးသည့် အပန်းဖြေမှုတစ်ခုအဖြစ် မှတ်ယူခဲ့သည်။ ဂြိုဟ်ပြာကြီးတွင် နေထိုင်စဥ်က အိပ်မက်မက်ခဲ့သော အပန်းဖြေခရီးဆိုလည်း မမှားပေ။
ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအား အသုံးမပြုဘဲ ခြောက်လကြာ နေထိုင်ခဲ့ခြင်းက ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို တည်ငြိမ်စေခဲ့ခြင်းမှာ မျှော်လင့်မထားသော အကျိုးကျေးဇူးဟု ဆိုနိုင်သည်။
ထို့နောက် စုန့်ဝမ်သည် တံခါးပိတ်ကျင့်ကြံခြင်းထဲသို့ ထပ်မံဝင်ရောက်ခဲ့ပြီး ဤတစ်ကြိမ်တွင် ၃ နှစ်ကြာမြင့်ခဲ့သည်။ ထိုကာလအတွင်း ရွှေအမြုတေ တည်ဆောက်ရန်အတွက် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိရန် ရည်ရွယ်၍ ဝိညာဉ်စွမ်းအားနှင့် ရုပ်ခန္ဓာကို အမြဲမပြတ် လေ့ကျင့်ခဲ့သည်။
သုံးနှစ်ပြည့်၍ အပြင်ထွက်လာသောအခါ နေရောင်ခြည်မှာ တောက်ပစွာ ထွန်းလင်းနေသည်။ သာယာသော ပင်လယ်လေပြေ တိုက်ခတ်နေသည်။ ဖေးယွန်သားရဲများသည် ကြီးမားသော ပင်လယ်သားရဲများကို ဖမ်းမိထားပြီး မိသားစုအလိုက် စားသောက်ပွဲ ကျင်းပနေကြသည်။ သို့သော် ဖေးယွန်သားရဲများ စားသောက်နေစဉ် ကြွက်နှင့်တူသော မိစ္ဆာတစ်ကောင်မှာ ကမ်းပါးယံရှိ သူတို့၏ အသိုက်ထဲသို့ ခိုးဝင်ကာ ဥ ၃ လုံးနှင့် သားပေါက် ၁ ကောင်ကို ခိုးယူသွားခဲ့သည်။
ကျွန်းပေါ်ရှိ သားရဲများသည် ၎င်းတို့၏ အစွမ်းများကို ထုတ်ပြရင်း အစားအစာ ရှာဖွေနေကြသည်။ ကျွန်းပေါ်ရှိ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေပုံရသည်။ ကောင်းကင်နှင့် မြေကြီးကပင် ယနေ့သည် ကောင်းမွန်သောနေ့ဖြစ်ကြောင်း ညွှန်ပြနေသည့်အလားပင်။
စုန့်ဝမ်လည်း စိတ်ကြည်လင်နေသဖြင့် ရွှေအမြုတေအဆင့် တက်လှမ်းရန် ပြင်ဆင်မှုများ စတင်ခဲ့သည်။ ပထမဆုံးအဖြစ် ဝိညာဉ်စုစည်းအစီအရင်၏ ပတ်လည်တွင် အဆင့်မြင့် ဝိညာဉ်ကျောက် ၄ တုံး ချပြီး အစီအရင်ကို အသက်သွင်းလိုက်သည်။ ကျောက်တုံးများအတွင်းရှိ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို အစီအရင်က ထုတ်ယူလိုက်သဖြင့် ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ တဟုန်ထိုး မြင့်တက်လာသည်။
သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။ စုန့်ဝမ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာကို ထုတ်ယူလိုက်ပြီး တစ္ဆေဘုရင်နှင့် ငွေအလောင်းရုပ်သေးတို့ကို ရိုက်ခွဲ ခိုင်းလိုက်သည်။ ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ထပ်မံတိုးပွားလာပြီး လုံလောက်သည့်ပမာဏ ရောက်ရှိသွားသည်။
ထို့နောက် စုန့်ဝမ် တင်ပလ္လင်ခွေထိုင်ကာ နှစ်တစ်သောင်းဝိညာဉ်ရည်ပုလင်းကို ထုတ်၍ အကုန်အစင် သောက်လိုက်သည်။ ဝိညာဉ်ရည်မှာ ဝမ်းဗိုက်ထဲသို့ ရောက်သွားပြီး စုပ်ယူရန်အတွက် သန့်စင်သော ဝိညာဉ်စွမ်းအင်များအဖြစ် အဆက်မပြတ် ပြောင်းလဲသွားသည်။
စုန့်ဝမ်လည်း သက်ရှည်နည်းစနစ်ကို အသက်သွင်း၍ ထိုဝိညာဉ်စွမ်းအင်များကို ဖြည်းဖြည်းချင်း သန့်စင်ကာ သွေးကြောများအတွင်းသို့ ပေါင်းစပ်လိုက်သည်။ ဝိညာဉ်စွမ်းအားများသည် ကိုယ်တွင်း လှည့်ပတ်စီးဆင်းနေပြီး နောက်ဆုံးတွင် ဒန်တန်အတွင်း စုဆုံသွားကြသည်။
စုန့်ဝမ်၏ ဒန်တန်အတွင်းတွင် သက်ရှည်နည်းစနစ်နှင့် အလောင်းဘုရင် သွေးသန့်စင်နည်းစနစ်တို့မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားများ ဝဲဂယက်နှစ်ခုအဖြစ် အသီးသီး ပေါ်လာကြသည်။ ယင်နှင့်ယန်၊ အမည်းနှင့် အဖြူ၊ ထိုက်ချိကွက်နှင့်တူသော ထိုဝဲဂယက်နှစ်ခုမှာ ဒန်တန်အတွင်း အဆက်မပြတ် လည်ပတ်နေကြသည်။
သန့်စင်ပြီးသော ဝိညာဉ်စွမ်းအားများသည် သက်ရှည်နည်းစနစ်၏ ဝိညာ်စွမ်းအား ဝဲဂယက်အတွင်းသို့ စတင်ဝင်ရောက်လာသည်။ ထိုဝဲဂယက်၏ ဝင်ဆံ့နိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားသည်။ သန့်စင်ထားသော ဝိညာဉ်စွမ်းအားများမှာ နေရာမရှိတော့သဖြင့် ဖြည်းဖြည်းချင်း စတင်ပျံ့လွင့်သွားသည်။
စုန့်ဝမ်၏ အမူအရာမှာ တည်ကြည်သွားပြီး ဝိညာဉ်ရည်မှ ပေးစွမ်းသော ဝိညာဉ်စွမ်းအင်များကို ဆက်လက် သန့်စင်နေသည်။ ဝိညာ်စွမ်းအားများသည် အငွေ့အဖြစ်မှ အရည်အဖြစ်သို့ စတင်ပြောင်းလဲလာသည်။
မကြာမီ ခြောက်လ ကုန်ဆုံးသွားသည်။ စုန့်ဝမ် ဝိညာဉ်ရည်တစ်ပုလင်းလုံးကို အပြည့်အဝ သန့်စင်ပြီးစီးပြီ ဖြစ်သည်။ သက်ရှည်နည်းစနစ်မှ ဝိညာဉ်စွမ်းအားအားလုံးမှာ အရည်အသွင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။
နောက်တစ်ဆင့်မှာ ရွှေအမြုတေ ဖော်ဆောင်ခြင်း၏ ဒုတိယအဆင့်ဖြစ်သော အရည်သဏ္ဍာန် ဝိညာဥ်စွမ်းအားကို အခဲအဖြစ် ဖိသိပ်ပြီး ရွှေအမြုတေ တည်ဆောက်ရန် ဖြစ်သည်။
အတွေးတစ်ချက်နှင့်အတူ ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာသည်။ ချက်ချင်းပင် ပုလင်းအဖုံး ပွင့်သွားကာ ရွှေအမြုတေဆေးလုံးတစ်လုံး အလိုအလျောက် ပျံထွက်လာပြီး စုန့်ဝမ်၏ ပါးစပ်ထဲသို့ ကျရောက်သွားသည်။ ဆေးလုံးမှာ ဝမ်းဗိုက်ထဲသို့ ရောက်သည်နှင့် ၎င်းအတွင်းရှိ ဆေးစွမ်းအားများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ထိုစွမ်းအားများသည် ဒန်တန်အတွင်းသို့ လျင်မြန်စွာ စီးဝင်သွားပြီး သက်ရှည်နည်းစနစ်မှ ရရှိထားသော အရည်သဏ္ဍာန် ဝိညာဥ်စွမ်းအားများနှင့် ပေါင်းစပ်သွားသည်။
အရည်သဏ္ဍာန် ဝိညာဥ်စွမ်းအားမှာ ဖြည်းဖြည်းချင်း စတင်သိပ်သည်းလာပြီး နှမ်းစေ့ခန့်ရှိသော ရွှေရောင်အလုံးငယ်လေး တစ်ခုအဖြစ် ပုံပေါ်လာသည်။ ထိုရွှေရောင်အလုံးငယ်လေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် တန်ထျန်းအတွင်းရှိ ဝိညာဥ်စွမ်းအင်ရည်များကို အလျင်အမြန် စုပ်ယူလိုက်ပြီး ပိုမိုသိပ်သည်းအောင် ပြုလုပ်ကာ စစ်မှန်သော ရွှေအမြုတေတစ်ခုအဖြစ် ပြောင်းလဲစပြုလာသည်။
ထိုအချိန်မှာပင် ဒန်တန်အတွင်းရှိ အလောင်းဘုရင် သွေးသန့်စင်နည်းစနစ်၏ ဝိညာဉ်စွမ်းအား ဝဲဂယက်မှာ ယင်နှင့်ယန် ဟန်ချက်ပျက်သွားသည့်အလား ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ အဆိုပါ ဝိညာဥ်စွမ်းအင် ဝဲဂယက်သည် ထိန်းချုပ်မှုကို ဆုံးရှုံးသွားပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်လာကာ ဒန်တန်တစ်ခုလုံး အနက်ရောင် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
ဖော်ဆောင်ကာစ ရွှေရောင်အလုံးငယ်လေးမှာ ထိုမသန့်စင်သော အငွေ့အသက်များ၏ ထိတွေ့မှုကို ခံလိုက်ရပြီး မမျှော်လင့်ဘဲ ပြိုကွဲသွားတော့သည်။ ဒန်တန်တစ်ခုလုံး တုန်ခါသွားပြီး ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။
စုန့်ဝမ် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရာ ရင်ဘတ်မှာ သွေးများဖြင့် စွန်းထင်သွားသည်။ စုန့်ဝမ်လည်း ဒန်တန် မပျက်စီးစေရန် ဖရိုဖရဲ ဖြစ်နေသော ဝိညာဥ်စွမ်းအင်များကို ငြိမ်သက်စေရန် သက်ရှည်နည်းစနစ်ကို စွမ်းအားပြည့် လည်ပတ်စေကာ အသည်းအသန် ထိန်းနေရသည်။
သုံးနာရီခန့် ကြာပြီးနောက်မှသာ ဗြောင်းဆန်နေသော သက်ရှည်နည်းစနစ်၏ အရည်သဏ္ဍာန် ဝိညာဥ်စွမ်းအင်များ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားသည်။ ထို့နောက် လှုပ်ခတ်နေသော အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်မှ ဝိညာဉ်စွမ်းအင်များကို ထိန်းညှိရန် ၎င်းပညာရပ်ကို အသက်သွင်းရပြန်သည်။ တစ်နာရီ ကြာပြီးနောက် ထိုဝိညာဉ်စွမ်းအင်များလည်း ပြန်လည်ငြိမ်သက်သွားသည်။ စွမ်းအင်နှစ်မျိုးလုံးမှာ ဒန်တန်အတွင်း အမြဲမပြတ် လည်ပတ်နေသော ဝိညာဥ်စွမ်းအင် ဝဲဂယက်နှစ်ခုအဖြစ် ပြန်လည် ပုံပေါ်လာကြသည်။
……………