အဆင့်ချိုးဖျက်မှု ကျရှုံးခြင်း၊ အသစ်တစ်ဖန် ကြိုးစားခြင်း
Vol. 26 Ch. 267
အခြေအနေ ပြန်တည်ငြိမ်မှ စုန့်ဝမ် ကျင့်ကြံမှုကို ရပ်နားပြီး မျက်လုံးများ ဖွင့်လိုက်သည်။ သူ့မျက်နှာမှာ မှိုင်းညို့နေသည်။ ရွှေအမြုတေ တည်ဆောက်ခြင်း ကျရှုံးသွားခဲ့ပြီ၊ ကျရှုံးရသည့် အကြောင်းရင်းမှာ ဝိညာဉ်စွမ်းအင် ဝဲဂယက်နှစ်ခု၏ ဟန်ချက် ပျက်ယွင်းသွားခြင်းကြောင့် ဖြစ်သည်။
သို့သော် ထူးဆန်းသည်မှာ ဒန်တန်အတွင်းရှိ သက်ရည်ပညာမှ ဝိညာဥ်စွမ်းအင်များသည် သိပ်သည်းခြင်းလုပ်ငန်း ကျရှုံးခဲ့သော်လည်း အငွေ့အဖြစ် ပြန်မပြောင်းသွားဘဲ အရည်အဖြစ်သာ ဆက်လက်တည်ရှိနေခြင်းပင်။ ဤသည်မှာ သားရဲသခင်ဂိုဏ်းမှ စီနီယာများ၏ အတွေ့အကြုံများနှင့် လုံးဝ ခြားနားနေသည်။
အမြုတေ ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်မှာ အဆင့် ၃ ဆင့် ရှိသည်။ ပထမ၊ ဝိညာဉ်စွမ်းအင်၏ အငွေ့ပုံစံကို အရည်ပုံစံအဖြစ် ပြောင်းလဲခြင်း။ ဒုတိယ၊ ဝိညာဥ်စွမ်းအင်ရည်ကို ရွှေအမြုတေအဖြစ် သိပ်သည်းစေခြင်း။ တတိယ၊ နှလုံးနတ်ဆိုးစမ်းသပ်မှုကို ကျော်ဖြတ်၍ ရွှေအမြုတေအဆင့်သို့ တက်လှမ်းခြင်း။
ထိုအဆင့်များထဲမှ တစ်ခုခုတွင် ကျရှုံးပါက ဝိညာဥ်စွမ်းအင်မှာ မူလပုံစံအငွေ့အဖြစ်သို့ ပြန်ပြောင်းသွားမည် ဖြစ်သည်။ ဒုတိယအဆင့် အောင်မြင်ပြီး ရွှေအမြုတေ တည်ဆောက်နိုင်ခဲ့လျှင်ပင် နှလုံးနတ်ဆိုးစမ်းသပ်မှုကို မကျော်လွှားနိုင်ပါက အကောင်းဆုံးရလဒ်မှာ ရွှေအမြုတေ ပြိုကွဲသွားပြီး ကျင့်ကြံမှုအဆင့်မှာ အခြေတည် နှောင်းပိုင်းအဆင့်ထိ ပြန်ကျသွားခြင်း ဖြစ်သည်။
စုန့်ဝမ်၏ လက်ရှိအခြေအနေမှာမူ သူသည် ပထမအဆင့်ကို ပြီးမြောက်ခဲ့ပြီး သက်ရှည်နည်းစနစ်မှ ဝိညာဉ်စွမ်းအားမှာ ယခုအခါ အရည်ပုံစံအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ "ငါ့ရဲ့ အခုအဆင့်က ဘာကို ကိုယ်စားပြုတာလဲ။ လွဲမှားတဲ့ရွှေအမြုတေအဆင့်လား။ ဒါမှမဟုတ် ရွှေအမြုတေတစ်ပိုင်းအဆင့်လား" ဟု တွေးရင်း စုန့်ဝမ် ခေါင်းခြောက်လာသည်။
အမြုတေ ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီးနောက် စုန့်ဝမ်၏ မျက်နှာတွင် ခါးသက်သော အမူအရာတစ်ခု ပေါ်လာသည်။ သူ့ဒန်တန်အတွင်းရှိ ဝိညာဉ်စွမ်းအင် ဝဲဂယက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆွဲငင်နေကြသည်။ ရွှေအမြုတေ တည်ဆောက်ရန်အတွက် ထိုနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီးမှသာ ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သည်။
အလောင်းဘုရင်သွေးသန့်စင်ခြင်းပညာနှင့် သက်ရှည်ပညာမှာ အလောင်းဘုရင် အသွင်ပြောင်းပညာရပ်မှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း သူသိပြီး ဖြစ်သည်။ ထိုပညာရပ်ကို ကျင့်ကြံခြင်းကသာ ဒန်တန်အတွင်းရှိ ဝဲဂယက်နှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပေးနိုင်လိမ့်မည်။
သို့သော် အလောင်းဘုရင် သွေးသန့်စင်ခြင်းပညာကို ကျင့်ကြံမှု ရပ်နားထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ယခုအခါ အခြေတည်အဆင့် အစောပိုင်းတွင်သာ ရှိသေးသည်။ ၎င်းကို သက်ရှည်နည်းစနစ်နှင့် အဆင့်တူရန်အတွက် အခြေတည် အထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံရမည်ဖြစ်သည်။ ထိုအခါမှသာ အလောင်းဘုရင်အသွင်ပြောင်းပညာကို ကျင့်ကြံကာ ရွှေအမြုတေကို တည်ဆောက်နိုင်မည် ဖြစ်သည်။
အမျိုးအမည်မသိ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်၏ သက်ရောက်မှုကြောင့် ဆန့်ကျင်ဘက်လမ်းစဥ်များ အတူယှဥ်တွဲ့ ကျင့်ကြံနိုင်ခဲ့သည့် အားသာချက်မှာ ယခုကဲ့သို့ ရွှေအမြုတေ တည်ဆောက်ချိန်တွင် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။
ရှေ့ဆက်ရမည့် လမ်းကြောင်းကို ရှင်းလင်းစွာ သိမြင်သွားပြီးနောက် စုန့်ဝမ်သည် ဂူထဲမှ ထွက်လာကာ ရက်အနည်းငယ် အနားယူပြီးမှ တံခါးပိတ်ကျင့်ကြံခြင်းသို့ ထပ်မံ ဝင်ရောက်ခဲ့သည်။ သူ့ထံတွင် ဖုန့်ဖန်းယီထံမှ အလောင်းသန့်စင်မှုပစ္စည်း အမြောက်အမြားကို ရရှိထားရာ ၎င်းတို့မှာ နတ်ဆိုးလမ်းစဥ် ကျင့်ကြံမှုအတွက် အသုံးဝင်သည်။ အလောင်းဘုရင်သွေးသန့်စင်ပညာအား အခြေတည် အစောပိုင်းအဆင့်မှ အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
တစ်ခုတည်းသော လိုအပ်ချက်မှာ သွေးအဆီအနှစ် ဖြစ်သည်။ အကယ်၍ သွေးအဆီအနှစ် အမြောက်အမြားကို ရရှိပြီး အခြားသူများ၏ အသက်စွမ်းအားကို တိုက်ရိုက် စုပ်ယူနိုင်မည်ဆိုပါက ကျင့်ကြံမှုနှုန်းမှာ သိသိသာသာ မြန်ဆန်လာမည် ဖြစ်သည်။
အလောင်းနတ်ဆိုးဂိုဏ်းမှ ထွက်ပြေးလာပြီးနောက် ကျင့်ကြံသူ အမြောက်အမြားကို သတ်ခဲ့ပြီး သွေးအဆီအနှစ်များ စုပ်ယူခဲ့သော်လည်း လမ်းမှန်ကျင့်ကြံခြင်းလောကတွင်း ထိုပညာရပ်ကို မကျင့်ကြံဝံ့သဖြင့် ထိုသွေးအဆီအနှစ်များကို ခန္ဓာကိုယ်ထဲမှ ထုတ်ယူကာ သိုလှောင်ထားခဲ့ရသည်။ ယခု လက်ထဲတွင် ရှိသော သွေးအဆီအနှစ်မှာ အခြေတည် အထွတ်အထိပ်အဆင့်သို့ ရောက်ရန်အတွက် မလုံလောက်ပေ။
မျက်တောင်တစ်ခတ်အတွင်း ဆယ်နှစ် ကုန်ဆုံးသွားခဲ့သည်။ ရှိသမျှ သွေးအဆီအနှစ်နှင့် ကျင့်ကြံရေးပစ္စည်းများ သုံးစွဲပြီး အလောင်းဘုရင် သွေးသန့်စင်ပညာကို အခြေတည် နှောင်းပိုင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။
ထို့နောက် စုဆောင်းထားသည့် သွေးအဆီအနှစ်များအားလုံး ကုန်ဆုံးသွားခဲ့သဖြင့် ကျင့်ကြံမှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားသည်။ ပင်ပန်းကြီးစွာဖြင့် တစ်နှစ်ခန့် ကျင့်ကြံပြီးနောက်တွင် တိုးတက်မှု အနည်းငယ်သာ ရှိတော့သည်။ လက်ရှိ ကျင့်ကြံမှုနှုန်းအတိုင်းဆိုပါက အထွတ်အထိပ်အဆင့်သို့ ရောက်ရန် အနည်းဆုံး နှစ်ပေါင်း ၃၀ မှ ၄၀ ခန့် ကြာပေလိမ့်မည်။
စုန့်ဝမ်လည်း အတင်းဆက်မကြိုးစားတော့ဘဲ တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ဂူထဲမှ ထွက်လာသည်။ အပြင်ရောက်ပြီး ဖေးယွန်သားရဲများ ပင်လယ်သားရဲများအား အမဲလိုက်နေသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် အကြံတစ်ခု ပေါ်လာသည်။
"ပင်လယ်သားရဲတွေကို ဖမ်းပြီး သွေးအဆီအနှစ် ရအောင် လုပ်နိုင်မလား။ သားရဲတွေရဲ့ သွေးအဆီအနှစ်က လူသားသွေးလောက် အစွမ်းမထက်ပေမဲ့ အရေအတွက် များများရမယ်ဆိုရင် အလုပ်ဖြစ်မယ် ထင်တယ်"
ကျယ်ပြောသော သမုဒ္ဒရာကြီးကို ကြည့်ရင်း စုန့်ဝမ်သည် ပင်လယ်သားရဲကို ဖမ်းရန် အဆင်ခြင်မဲ့စွာ မကြိုးစားခဲ့ပေ။ အဆုံးမဲ့ပင်လယ်ကို အတွင်းပိုင်းနှင့် အပြင်ဘက်ပိုင်းဟု ပိုင်းခြားထားသည်။ အတွင်းပိုင်းမှာ တိုက်ကြီးနှင့် ပိုနီးပြီး ကျွန်းများ များပြားကာ လူသားများ လှုပ်ရှားမှုရှိသဖြင့် သားရဲများမှာ အနည်းငယ် အားနည်းသည်။ အပြင်ဘက်ပိုင်းမှာမူ သမုဒ္ဒရာနက်ပိုင်းဖြစ်ပြီး ကျွန်းနည်းကာ လူသားလည်း မရှိသလောက်ဖြစ်၍ အစွမ်းထက်သော ပင်လယ်သားရဲများ၏ နယ်မြေဖြစ်သည်။
အပြင်ဘက်ပင်လယ်၏ ဧရိယာမှာ အတွင်းဘက်ထက် အဆပေါင်းများစွာ ပို၍ ကျယ်ဝန်းသည်။ စုန့်ဝမ် ရှိနေသော ကျွန်းမှာ အဆုံးမဲ့ပင်လယ်၏ အစွန်းပိုင်းဖြစ်ပြီး အပြင်ဘက်ပိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူသည် ဤကျွန်းပေါ်တွင် မည်သည့်အန္တရာယ်မျှ မရှိဘဲ ၁၆ နှစ်ကြာ ကျင့်ကြံလာခဲ့သည်။ သို့သော် ဤသည်မှာ ရေအောက်ပိုင်း ဘေးကင်းသည်ဟု မဆိုလိုပေ။ နီးစပ်ရာ ပင်လယ်နက်ထဲတွင် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် ပင်လယ်သားရဲများ ရှိနေနိုင်သည်။
စုန့်ဝမ်သည် ပင်လယ်သားရဲများကို ဖမ်းရန် ရေထဲသို့ အဆင်ခြင်မဲ့ ငုပ်လျှိုးရန် မဝံ့ရဲပေ။ ရှေးဦးစွာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် အမဲလိုက်နေသော ဖေးယွန်သားရဲများကို ကြည့်လိုက်သည်။ ဤဖေးယွန်သားရဲများကို အလုပ်သမားများအဖြစ် အသုံးချပါက အဆင်ပြေနိုင်သော်လည်း ၎င်းတို့ကို မည်သို့ ထိန်းချုပ်ရမည်နည်းဟူသည်က စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။
ခေတ္တစဉ်းစားပြီးနောက် စုန့်ဝမ်သည် ကူ ၂ ကောင်ကို အရင်လွှတ်ပြီး ဖေးယွန်သားရဲများ၏ အခြေအနေကို စုံစမ်းခိုင်းလိုက်သည်။ ဖေးယွန်သားရဲများ၏ အသိုက်များကို သစ်ကိုင်းများဖြင့် ပြုလုပ်ထားပြီး ကျွန်း၏ အနောက်ဘက်ရှိ ပေတစ်ရာခန့် မြင့်သော ကမ်းပါးယံပေါ်တွင် တည်ဆောက်ထားသည်။ ထိုနေရာတွင် အသိုက်ပေါင်း ရာချီရှိပြီး အရွယ်အစားမျိုးစုံရှိသော ဖေးယွန်သားရဲ တစ်ထောင်ကျော် နေထိုင်ကြသည်။
ကမ်းပါးယံ၏ ထိပ်ဆုံးတွင် ပေ ၂၀ ခန့် ကျယ်ဝန်းသော ကြီးမားသည့် အသိုက်တစ်ခု ရှိသည်။ ထိုအသိုက်မှာ အခြားအသိုက်များအားလုံးထက် ကြီးမားပြီး ဖေးယွန်သားရဲ တစ်ကောင်တည်းသာ နေထိုင်သည်။ ၎င်းမှာ အလျား ၁၀ ပေခန့်ရှိပြီး တောင်ပံဖြန့်လိုက်ပါက ပေ ၃၀ နီးပါး ရှိသဖြင့် ဖေးယွန်သားရဲများထဲတွင် အကြီးဆုံးနှင့် အသန်မာဆုံး ဖြစ်သည်။
ဤဖေးယွန်သားရဲမှာ ဒုတိယအဆင့် အစောပိုင်း ခွန်အားရှိပြီး ၎င်းအုပ်စုတွင် တစ်ကောင်တည်းသော ဒုတိယအဆင့်သားရဲ ဖြစ်သည်။ ထိုအချိန်တွင် ပထမအဆင့် ဖေးယွန်သားရဲတစ်ကောင် ကမ်းပါးယံ အပေါ်သို့ ပျံတက်လာသည်။ ၎င်း၏ ခြေသည်းများထဲတွင် ၃ ပေကျော် ရှည်သော ပင်လယ်ငါးခူ တစ်ကောင်ကို မြဲမြဲဆုပ်ကိုင်ထားသည်။
၎င်းက အကြီးဆုံးအသိုက်၏ အထက်သို့ ပျံသန်းပြီး ခြေသည်းများကို လွှတ်လိုက်ရာ ငါးကြီးမှာ အသိုက်ထဲသို့ ကျသွားသည်။ ဒုတိယအဆင့် ဖေးယွန်သားရဲသည် ၎င်း၏ ခြေသည်းများဖြင့် ငါး၏ ဝမ်းဗိုက်ကို ဆွဲခွဲလိုက်ပြီး ကလီစာများကို ထုတ်ယူကာ အရေးကြီးဆုံး အစိတ်အပိုင်းများကို စားသောက်လိုက်သည်။ ထို့နောက် ကျန်ရှိသော ငါးခန္ဓာကိုယ်ကို အသိုက်ထဲမှ ကန်ချလိုက်ရာ အောက်ဘက်ရှိ ဖေးယွန်သားရဲ ဒါဇင်ပေါင်းများစွာက လုယက်စားသောက်ကြတော့သည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် နောက်ထပ် ဖေးယွန်သားရဲတစ်ကောင်က ကြီးမားသော ဂဏန်းတစ်ကောင်ကို ဖမ်းလာပြီး ဒုတိယအဆင့်သားရဲထံ ဆက်သပြန်သည်။ သို့သော် ထိုသားရဲက ဂဏန်းကို မစားဘဲ ကမ်းပါးအောက်သို့ ပစ်ချလိုက်သည်။ အောက်ရှိ ပထမအဆင့်သားရဲများက ထိုဂဏန်းကို လုယက်ကြပြန်သည်။ ဒုတိယအဆင့် ဖေးယွန်သားရဲမှာ ဤသားရဲအုပ်စု၏ ဘုရင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။ ဖမ်းမိသမျှ သားကောင်အားလုံးကို ထိုသားရဲထံ အရင်ဆုံး ဆက်သရပြီး ပိုလျှံသည်များကိုသာ အခြားသားရဲများက စားခွင့်ရကြခြင်း ဖြစ်သည်။
ညမှောင်ရီ ပျိုးလာချိန်တွင် ကူနှစ်ကောင်သည် ဖေးယွန်သားရဲဘုရင်၏ အသိုက်ထဲသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်သွားသည်။ လွန်ခဲ့သော ၁၆ နှစ်တာအတွင်း ကူပိုးကောင်များသည် သားရဲအဆီအနှစ်ဆေးလုံးများကို အဝအပြဲ သုံးစွဲရသည့်အပြင် တစ်ခါတစ်ရံ အသားလုံးများပါ စားခဲ့ရသည်။ ထို့ကြောင့် ကူပိုးကောင်များ၏ ခွန်အားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အားလုံးမှာ ဒုတိယအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဖေးယွန်သားရဲဘုရင် ရုတ်တရက် နိုးလာချိန်တွင် သူ့ထက် အဆပေါင်းများစွာ သန်မာသော ကူပိုးကောင်နှစ်ကောင် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
"ကျွိ... ကျွိ..."
လန့်ဖျပ်သွားသော ဖေးယွန်သားရဲဘုရင်၏ စူးရှသော အော်ဟစ်သံမှာ ကျွန်းတစ်ဝက်ခန့်အထိ ပဲ့တင်ထပ်သွားသည်။ အားနည်းသော သားရဲများနှင့် သာမန်ငှက်များစွာ ထိတ်လန့်တကြား ထွက်ပြေးကြကုန်သည်။ အိပ်ပျော်နေသော ဖေးယွန်သားရဲ ရာပေါင်းများစွာလည်း လန့်နိုးလာကြပြီး တောင်ပံခတ်လျက် ကမ်းပါးထိပ်သို့ ပျံတက်လာကြသည်။
ဖေးယွန်သားရဲဘုရင် အော်ဟစ်ရန် ပါးစပ်ဟလိုက်သည့် အခွင့်အရေးကို အသုံးချ၍ ကူပိုးကောင်နှစ်ကောင်က ၎င်း၏ ပါးစပ်ထဲသို့ တိုးဝင်ကာ ဝမ်းဗိုက်ထဲအထိ ဆင်းသွားသဖြင့် ဆက်မအော်နိုင်တော့ဘဲ အသံတိတ်သွားသည်။ ဤကူကောင်လေးနှစ်ကောင်မှာ သူမယှဉ်နိုင်သော သူများဖြစ်ကြောင်း သိလိုက်သဖြင့် ၎င်းတို့ အမျက်မထွက်စေရန် နှုတ်ဆိတ်နေလိုက်သည်။ ဖေးယွန်သားရဲဘုရင်မှာ အသိုက်ထဲတွင် ဝပ်လျက် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။ ကြီးမားသော မျက်လုံးအစုံတွင် ကြောက်ရွံ့မှုများသာ ပြည့်နှက်နေသည်။
ထိုအချိန်တွင် ဖေးယွန်သားရဲ ရာပေါင်းများစွာ သားရဲဘုရင်၏ အသိုက်ကို ရောက်လာသော်လည်း ဉာဏ်ရည်နိမ့်ပါးသဖြင့် ရန်သူကို မတွေ့ရဘဲ မိမိတို့ခေါင်းဆောင်မှာလည်း ဘာမှမဖြစ်သည်ကို မြင်သောအခါ မိမိတို့အသိုက်များဆီသို့ ပြန်သွားကြသည်။
အသိုက်ဝန်းကျင်တွင် သားရဲများ ရှင်းသွားသည်နှင့် ကူကောင်တစ်ကောင်သည် သားရဲဘုရင်၏ ဝမ်းဗိုက်ထဲမှ ပြန်ထွက်လာပြီး စုန့်ဝမ်ရှိရာ ဂူဘက်သို့ တောင်ပံခတ် ပျံသန်းသွားသည်။ ပေအနည်းငယ်မျှ ပျံပြီးနောက် ရုတ်တရက် ရပ်လိုက်ပြီး ဖေးယွန်သားရဲဘုရင်ကို လှည့်ကြည့်သည်။ ဖေးယွန်သားရဲဘုရင်မှာမူ ကြောက်လန့်လွန်းသဖြင့် အသိုက်ထဲတွင် မလှုပ်ဝံ့ဘဲ ရှိနေသည်။ ကူပိုးကောင်က နောက်ထပ် ပေအနည်းငယ် ပျံသွားသော်လည်း သားရဲဘုရင်မှာ လိုက်မလာဘဲ ဝပ်နေမြဲဖြစ်သည်ကို တွေ့သောအခါ ရုတ်တရက် လှည့်ပြန်လာပြီး ဖေးယွန်သားရဲဘုရင်၏ မာကျောသော ဦးခေါင်းခွံကို ၎င်း၏ကိုယ်ဖြင့် ဆောင့်တိုက်လိုက်သည်။ ပြင်းထန်သော အရှိန်ကြောင့် ဖေးယွန်သားရဲဘုရင်မှာ ခေါင်းကွဲမတတ် နာကျင်ကာ မူးဝေသွားသည်။ ကူပိုးကောင်သည် ဆက်လက် မတိုက်ခိုက်တော့ဘဲ ရှေ့တွင် ခေတ္တရပ်နားကာ သားရဲဘုရင် လိုက်လာရန် စောင့်နေသည့်အလား ပျံဝဲနေသည်။ ထိုအချိန်တွင် ဝမ်းဗိုက်အတွင်းမှ ရုတ်တရက် အောင့်တက်လာမှုကြောင့် အတွင်းရှိ ကျန်နေသော ကူပိုးကောင်မှာ ၎င်း၏ ကလီစာများကို ကိုက်ဖြတ်နေကြောင်း ဖေးယွန်သားရဲဘုရင် သိလိုက်ရသည်။
ပြင်းထန်သော နာကျင်မှုကြောင့် ဖေးယွန်သားရဲဘုရင်မှာ ထုံထိုင်းနေရာမှ နိုးကြားလာပြီး အသိုက်ထဲမှ ခုန်ထွက်လိုက်သည်။ ထို့နောက် ရှေ့မှ လမ်းပြနေသော ဂူပိုးကောင်နောက်သို့ ပေအနည်းငယ် လိုက်ပါသွားသည်။ ထိုအခါ ဝမ်းဗိုက်ထဲမှ နာကျင်မှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအခါမှ ဤအစွမ်းထက်သော ကူနှစ်ကောင်မှာ ၎င်းကို နောက်ကလိုက်လာရန် အလိုရှိနေကြောင်း သားရဲဘုရင် သဘောပေါက်သွားပြီး နောက်မှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
ဖေးယွန်သားရဲဘုရင်သည် ကျွန်းအလယ်ရှိ အပျက်အစီးများပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ပြင်းထန်သော အစီအရင် အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်လာပြီး ၎င်းကို ပိတ်လှောင်လိုက်သည်။ ၎င်းမှာ ခြောက်ထောင့်မိစ္ဆာချုပ်နှောင်အစီအရင်ပင် ဖြစ်သည်။ အစီအရင်အတွင်းတွင် စုန့်ဝမ် ပေါ်လာကာ သားရဲသခင်ဂိုဏ်းမှ ရရှိခဲ့သော ဝိညာဉ်သားရဲထိန်းချုပ်နည်းစနစ်ကို အသုံးပြု၍ ဖေးယွန်သားရဲဘုရင်နှင့် အတင်းအဓမ္မ ဝိညာဥ်စာချုပ် ချုပ်ဆိုမှုပြုရန် ပြင်ဆင်လိုက်သည်။
ဖေးယွန်သားရဲဘုရင်က ခုခံရန် ကြံစည်သော်လည်း ဝမ်းဗိုက်ထဲမှ ပြင်းထန်သော နာကျင်မှုနှင့် စုန့်ဝမ်၏ အစွမ်းထက်သော ဝိညာဉ်စွမ်းအင်က ၎င်းကို ချက်ချင်း ငြိမ်ကျသွားစေသည်။ ရှေ့တွင်ရှိသောသူမှာ မိမိ ယှဉ်ပြိုင်၍မရသောသူဖြစ်ကြောင်း သိလိုက်ရသည်။ အကယ်၍ ငြင်းဆန်ပါက သေခြင်းတရားသာ စောင့်ကြိုနေမည် ဖြစ်သည်။ ဖေးယွန်သားရဲဘုရင်နှင့် ဝိညာဥ်စာချုပ် ချုပ်ဆိုခြင်းမှာ ၁၅ မိနစ်ခန့်အတွင်း ချောမွေ့စွာ ပြီးဆုံးသွားသည်။
……………