ရွှေအမြုတေတည်ဆောက်ပြီး၊ နှလုံးသားနတ်ဆိုး စမ်းသပ်မှု ရင်ဆိုင်ခြင်း
Vol. 26 Ch. 268
ဝိညာဥ်စာချုပ် ချုပ်ဆိုပြီးနောက် စုန့်ဝမ်သည် ဝိညာဉ်အာရုံမှတစ်ဆင့် ဖေးယွန်သားရဲဘုရင်နှင့် ရိုးရှင်းစွာ ဆက်သွယ်နိုင်လာသည်။ စုန့်ဝမ်သည် သားရဲဘုရင်ထံမှ တောင်းဆိုချက်တစ်ခုသာ ပြုလုပ်ခဲ့သည်။ နောင်တွင် ဖမ်းမိသမျှ သားကောင်အားလုံးကို စုဆောင်း၍ ကမ်းပါးထိပ်တွင် ပုံထားရမည်။ စုန့်ဝမ်က ထိုသားရဲများ၏ ဝိညာဉ်နှင့် သွေးအဆီအနှစ်များကို ဝါးမြိုပြီးမှသာ ကျန်ရှိသော အလောင်းများကို အခြားဖေးယွန်သားရဲများအား ကျွေးရမည်။ ထို့ပြင် ယနေ့မှစ၍ သားရဲဘုရင်သည် အသိုက်ထဲတွင် အေးဆေးနားနေ၍ မရတော့ဘဲ နေ့စဉ် အမဲလိုက်ထွက်ရမည် ဖြစ်သည်။
ယေဘုယျအားဖြင့် ဝိညာဉ်သားရဲနှင့် အရှင်သခင်တို့၏ ဆက်ဆံရေးမှာ အပြန်အလှန် အကျိုးပြုရခြင်း ဖြစ်သည်။ အရှင်သခင်က ကျင့်ကြံရေးပစ္စည်းများ ပေး၍ သားရဲက အပြန်အလှန် အမှုထမ်းရသည်။ အရှင်သခင်သည် ဝိညာဉ်သားရဲ မလုပ်ချင်သော အရာကို အတင်းအကျပ် ခိုင်းစေ၍မရပေ။ သို့သော် စုန့်ဝမ်၏ အခြေအနေတွင်မူ သားရဲဘုရင်မှာ ခေါင်းပုံဖြတ် ကျွန်ပြုခံရသည့်ဘက်တွင်သာ ရှိနေပြီး တန်းတူညီမျှမှု လုံးဝ မရှိပေ။ သို့သော်လည်း သားရဲဘုရင်မှာ အနည်းငယ်မျှပင် မခုခံဝံ့ဘဲ စုန့်ဝမ် ခိုင်းသမျှကို အလွန်အမင်း နာခံရှာသည်။
ဒုတိယအဆင့်ရှိ တစ်ကောင်တည်းသော သားရဲဖြစ်သဖြင့် ၎င်းသည် မျိုးနွယ်စုအတွင်း ဩဇာကြီးမားသူဖြစ်သည်။ သားရဲဘုရင်၏ အကူအညီဖြင့် စုန့်ဝမ်သည် ဖေးယွန်သားရဲမျိုးနွယ်ကို ထိန်းချုပ်လိုက်နိုင်သည်။ ထိုအချိန်မှစ၍ နေ့စဉ် နေဝင်ချိန်တိုင်းတွင် စုန့်ဝမ်သည် ကမ်းပါးထိပ်သို့ အချိန်မှန် ရောက်ရှိလာပြီး ပုံထားသော ပင်လယ်သားရဲများ၏ သွေးအဆီအနှစ်နှင့် ဝိညာဉ်များကို ဝါးမြိုတော့သည်။ ကျင့်ကြံမှုနှုန်းမှာလည်း သိသိသာသာ မြန်ဆန်လာခဲ့သည်။
သို့သော် ဤသည်မှာ ဖေးယွန်သားရဲမျိုးနွယ်စုအတွက်မူ ဒုက္ခပင် ဖြစ်တော့သည်။ ၎င်းတို့၏ သားကောင်များမှ သွေးအဆီအနှစ်နှင့် ဝိညာဉ်များကို စုန့်ဝမ်က စုပ်ယူလိုက်သဖြင့် အသားများမှာ အရသာမရှိဘဲ ဖယောင်းကဲ့သို့ ဖြစ်သွားပြီး ဝိညာဉ်စွမ်းအားများလည်း ထက်ဝက်ကျော် လျော့နည်းသွားသည်။ အချိန်ကြာလာသည်နှင့်အမျှ ဖေးယွန်သားရဲမျိုးနွယ်စု၏ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာသည်။
…………
ပင်လယ်သားရဲများ၏ သွေးအဆီအနှစ်ကြောင့် စုန့်ဝမ်၏ ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်လာသည်။ ၁၃ နှစ် ကြာပြီးနောက် ဂူထဲတွင် ကြိုးစားကျင့်ကြံနေသော စုန့်ဝမ်၏ ဒန်တန်တွင်းရှိ အလောင်းဘုရင် သွေးသန့်စင်ပညာ၏ ဝိညာဥ်စွမ်းအင် ဝဲဂယက်မှာ ရုတ်တရက် နှစ်ဆကျော် ပိုမိုကြီးထွားလာပြီး ဝိညာဉ်စွမ်းအင်များမှာလည်း ပို၍ သိပ်သည်းလာသည်။ အလောင်းဘုရင် သွေးသန့်စင်ပညာမှာ အခြေတည်အဆင့် အထွတ်အထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
စုန့်ဝမ်သည် ကျင့်ကြံမှု တည်ငြိမ်စေရန် ဂူထဲတွင် နောက်ထပ် ခြောက်လခန့် ဆက်လက်ကျင့်ကြံပြီးမှ တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။ ယခုအခါ ရွှေအမြုတေ တည်ဆောက်ရန် ခြေတစ်လှမ်း ပိုနီးကပ်လာပြီ ဖြစ်သည်။
ဂူထဲမှ ထွက်လာသောအခါ ဖေးယွန်သားရဲ အရေအတွက်မှာ တစ်ရာပင် မပြည့်တော့သည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝမ် အနည်းငယ် အံအားသင့်သွားသည်။ ဤသည်မှာ သူ အဆင့်တက်လှမ်းရန် နှစ်နှစ်နီးပါး အချိန်ယူ ကျင့်ကြံနေစဉ် အနားရခဲ့၍သာ ဖြစ်သည်။ အကယ်၍ အနားမရခဲ့ပါက ဤမျိုးနွယ်စုမှာ မျိုးတုံးသွားနိုင်သည်။
နောက်ထပ် ငါးနှစ်တာ ကာလအတွင်း စုန့်ဝမ်သည် ဆေးလုံးဖော်စပ်ခြင်းမှလွဲ၍ ကျန်အချိန်အားလုံးကို ရွှေအမြုတေ တည်ဆောက်ရန်အတွက် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းပညာရပ်ကို သဘောပေါက်အောင် အားထုတ်ခဲ့သည်။ ထိုပညာရပ်ကို အပိုင်းနှစ်ပိုင်း ခွဲထားသည်၊ အလောင်းဘုရင် သွေးသန့်စင်ပညာနှင့် သက်ရှည်ပညာပင် ဖြစ်သည်။ စုန့်ဝမ်သည် ထိုပညာရပ်နှစ်မျိုးလုံးကို ကျွမ်းကျင်ထားပြီး ဖြစ်သဖြင့် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းပညာရပ်ကို နားလည်အောင် ကြိုးစားရာတွင် အလွန်ချောမွေ့ခဲ့သည်။ ငါးနှစ်အကြာတွင် ထိုပညာရပ်၏ အနှစ်သာရအားလုံးကို အပြည့်အဝ မတတ်မြောက်သေးသော်လည်း အတိုင်းအတာ တစ်ခုအထိ ကောင်းစွာ နားလည်သွားခဲ့သည်။ ထိုအတောအတွင်း အလောင်းဘုရင် သွေးသန့်စင်ပညာရပ်၏ ကျင့်ကြံမှုမှာလည်း တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
အသင့်ဖြစ်ပြီဟု ယူဆသည့်တစ်နေ့တွင် စုန့်ဝမ်သည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ရည်ရွယ်၍ တံခါးပိတ်ကျင့်ကြံခြင်းသို့ ထပ်မံ ဝင်ရောက်ခဲ့သည်။ ၎င်းမတိုင်မီ လုပ်ငန်းစဉ် တစ်ခုလုံးကို သေချာစွာ စဉ်းစားထားပြီး ဖြစ်သည်။ ပထမဆုံး အလောင်းဘုရင်သွေးသန့်စင်ပညာမှ ဝိညာဉ်စွမ်းအားကို ဝိညာဥ်ရည်အဖြစ် ပြောင်းလဲရမည်။ ဒုတိယအဆင့်တွင် အလောင်းဘုရင်ပြန်လည်မွေးဖွားခြင်းပညာကို အသုံးပြု၍ အလောင်းဘုရင်သွေးသန့်စင်ပညာနှင့် သက်ရှည်ပညာတို့မှ ဝိညာဥ်စွမ်းအင်ရည်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရမည်။ တတိယအဆင့်တွင် ရွှေအမြုတေဆေးကို သောက်သုံး၍ ရွှေအမြုတေ တည်ဆောက်ရမည်။ နောက်ဆုံးတွင် နှလုံးသားနတ်ဆိုးစမ်းသပ်မှုကို ရင်ဆိုင်ရမည် ဖြစ်သည်။
ယခင် သက်ရှည်ပညာမှ အတွေ့အကြုံရှိထားသဖြင့် အလောင်းဘုရင်သွေးသန့်စင်ပညာမှ ဝိညာဉ်စွမ်းအင်ကို ဝိညာဥ်စွမ်းအင်ရည်အဖြစ် ပြောင်းလဲခြင်းမှာ လေးလသာ ကြာမြင့်ပြီး အလွန်ချောမွေ့ခဲ့သည်။ ဤအဆင့် ပြီးမြောက်သွားသောအခါ ပညာရပ်နှစ်မျိုးစလုံး၏ ကျင့်ကြံမှုမှာ ဒန်တန်အတွင်း ညီမျှသော ဟန်ချက်တစ်ခုသို့ ရောက်ရှိသွားတော့သည်။
ထို့နောက် ဒုတိယအဆင့်အဖြစ် စုန့်ဝမ်သည် အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းပညာကို ချက်ချင်း အသက်သွင်းလိုက်သည်။ ပညာရပ်နှစ်ခုစလုံးမှာ မူလအမြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် အသွင်ပြောင်းလဲ ပေါင်းစပ်ခြင်းမှာ အလွန်လွယ်ကူသည်။ ဒန်တန်အတွင်းရှိ ဝိညာဥ်စွမ်းအင်ရည် ဝဲဂယက်နှစ်ခု တစ်ခုနှင့်တစ်ခု နီးကပ်လာပြီး အတိုက်အခံ မရှိဘဲ ချောမွေ့စွာ ပေါင်းစပ်သွားကြသည်။ ရက်အနည်းငယ် ကြာသောအခါ ဝဲဂယက်နှစ်ခုမှာ တစ်သားတည်း ပေါင်းစည်းသွားသည်။
စုန့်ဝမ်လည်း တတိယအဆင့်အဖြစ် ရွှေအမြုတေဆေးလုံး တစ်လုံးကို သောက်လိုက်သည်။ ချက်ချင်းပင် ဆေးလုံးအတွင်းရှိ ဆေးအဆီအနှစ်များ ဒန်တန်အတွင်းသို့ စီးဝင်သွားကာ ဝိညာဥ်စွမ်းအင်ရည်ထုနှင့် ပေါင်းစပ်ပြီး နှမ်းစေ့ခန့်ရှိသော ရွှေရောင်လုံးငယ်လေးတစ်ခု ပေါ်လာသည်။ ၎င်းမှာ ရွှေအမြုတေ၏ အစဦး ပုံသဏ္ဌာန်ပင် ဖြစ်သည်။ အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းပညာ၏ လည်ပတ်မှုအောက်တွင် ထိုရွှေရောင်လုံးငယ်လေးမှာ ဒန်တန်အတွင်းရှိ ဝိညာဥ်စွမ်းအင်ရည်များကို စုပ်ယူနေသည်။ ဝိညာဥ်စွမ်းအင်များ ခန္ဓာကိုယ်အတွင်း တစ်ပတ်လည်တိုင်း ထိုအလုံးငယ်လေးမှာ ပိုမိုကြီးထွားလာသည်။
တဖြည်းဖြည်းနှင့် စုန့်ဝမ်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းမှာ ပို၍ တောက်ပလာပြီး ဂူတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဂူတွင်းရှိ ဝိညာဉ်စုစည်းအစီအရင်က ဝိညာဉ်ကျောက်တုံးများမှ သန့်စင်သော စွမ်းအင်များကို အဆက်မပြတ် ထုတ်ပေးနေသည်။ စုန့်ဝမ်သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို လောဘတကြီး စုပ်ယူပြီး ဒန်တန်အတွင်းသို့ ပို့လွှတ်လိုက်သည်။ လအနည်းငယ် ကြာသောအခါ တောက်ပသော ရွှေအမြုတေတစ်ခုမှာ ဒန်တန်အတွင်း အဆက်မပြတ် လည်ပတ်နေပြီ ဖြစ်သည်။ ၎င်းသည် ထွက်ပြူလာစ နေမင်းကြီးကဲ့သို့ ဒန်တန်တစ်ခုလုံးကို လင်းထိန်စေသည်။
ရွှေအမြုတေအတွင်းမှ ကြီးမားသော ဝိညာဥ်စွမ်းအင်များမှာ သွေးကြောများတလျှောက် စီးဆင်းသွားသည်။ ထိုစွမ်းအင်များ၏ မွမ်းမံမှုအောက်တွင် စုန့်ဝမ်၏ ရုပ်ခန္ဓာမှာလည်း တဖြည်းဖြည်း သန်မာလာသည်။ သူ့အသွင်မှာ ဖုတ်ကောင်နှင့် သာမန်လူသားအသွင်ကြား အဆက်မပြတ် ပြောင်းလဲနေသည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်းမှာ ဖုတ်ကောင်ကဲ့သို့ ဖြစ်နေပြီး ညာဘက်ခြမ်းမှာမူ သာမန်လူသားကဲ့သို့ ဖြစ်နေသည်။ ရှင်သန်ခြင်းနှင့် သေခြင်းတရားမှာ သူ၏ ခန္ဓာကိုယ်တွင် တပြိုင်နက်တည်း ဟန်ချက်ညီညီ ပေါ်ထွန်းနေသည်။
ထိုအခိုက်အတန့်တွင် လျှို့ဝှက်နက်နဲသော ဟင်းလင်းပြင်ထဲမှ ပြင်းထန်သော အရှိန်အဝါတစ်ခု တိတ်တဆိတ် ဆင်းသက်လာသည်ကို စုန့်ဝမ် ခံစားမိလိုက်သည်။ ၎င်းမှာ ကောင်းကင်ဘုံ၏ မလွန်ဆန်နိုင်သော စွမ်းအားကဲ့သို့ပင်။ တခဏအတွင်းမှာပင် ပတ်ဝန်းကျင် တစ်ခုလုံး ပုံပျက်သွားပြီး ပြောင်းလဲသွားတော့သည်။ သူ့မျက်စိရှေ့တွင် ကမ္ဘာကြီးမှာ လုံးဝ ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်း သူသည် ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည်။
ပတ်ပတ်လည်တွင် လူပေါင်း သိန်းချီ၍ ဝိုင်းရံထားသည်။ ထိုလူများထဲတွင် ကျား၊ မ၊ ကြီး၊ ငယ် မျိုးစုံ ပါဝင်သည်။ အားလုံးမှာ ဖြူဖျော့သော မျက်နှာများဖြင့် အသက်မဲ့နေကြပြီး ဖုတ်ကောင်များနှင့် တူလှသည်။ ထိုလူများသည် စုန့်ဝမ်ကို သက်မဲ့မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ၎င်းတို့၏ အကြည့်များထဲတွင် နာကျည်းမှု၊ ဝမ်းနည်းမှု၊ မုန်းတီးမှုနှင့် သွေးဆာမှုများ ပြည့်နှက်နေသည်။ ထိုမျှများပြားသော လူအုပ်ကြီး စုဝေးနေသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ အသက်ရှူသံပင် မကြားရဘဲ စုန့်ဝမ် ကြားနေရသည်မှာ သူ့နှလုံးခုန်သံသာ ဖြစ်သည်။
"ဒုတ်... ဒုတ်... ဒုတ်..."
ထိုအခိုက်အတန့်တွင် စုန့်ဝမ်သည် မိမိမှာ ကျင့်ကြံသူတစ်ဦးဖြစ်ခြင်းနှင့်၊ ကျင့်ကြံခြင်းနှင့် ပတ်သက်သမျှ အရာအားလုံးကို မေ့လျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။ အလွန်အေးစက်သော ဖိအားတစ်ခု သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။ လေးလံသော ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုက ဖိထားသဖြင့် အသက်ရှူပင် ခက်ခဲလာသည်။ ဤတိတ်ဆိတ်မှုကို ဖြိုခွင်းရန် အော်ဟစ်ချင်သော်လည်း လည်ချောင်းတွင် တစ်စုံတစ်ခု ပိတ်ဆို့နေသကဲ့သို့ ဖြစ်ကာ အသံထွက်မလာပေ။
ထိုအချိန်မှာပင် လူအုပ်ကြီးက စတင်လှုပ်ရှားလာပြီး စုန့်ဝမ်ထံသို့ ဖြည်းဖြည်းချင်း တိုးလာကြသည်။ လူသားလှိုင်းလုံးကြီးတစ်ခုက ဝါးမျိုတော့မည့်အလားပင်။ လူအုပ်ကြီးမှာ အလွန်များပြားလှသဖြင့် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့နေကြသည်။ ထိုလူများမှာ အလွန်ပင် ကျိုးပဲ့လွယ်ကြသည်။ အချို့မှာ ဦးခေါင်းများ ကြေမွကုန်ကြပြီး၊ အချို့မှာ လက်မောင်းများ ပြတ်ထွက်ကုန်ကာ၊ အချို့မှာမူ ခြေထောက်များ နင်းခြေခံကြရသည်။ ပြတ်တောက်နေသော ခြေလက်အင်္ဂါများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေတော့သည်။ ထို့နောက် ရောက်လာသောသူများက ထိုအရာများကို နင်းခြေသွားကြရာ သွေးနှင့် အသားများမှာ ဗွက်အိုင်ကဲ့သို့ ဖြစ်သွားတော့သည်။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် စုန့်ဝမ်၏ နဖူးမှ ချွေးစေးများ ကျလာပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ ထွက်ပြေးချင်သော်လည်း ပတ်လည်တွင် လူတွေသာ ရှိသဖြင့် ပြေးစရာ နေရာမရှိပေ။ ခုခံချင်သော်လည်း လုံးဝ အစွမ်းမရှိသကဲ့သို့ ခံစားနေရသည်။ စုန့်ဝမ်သည် မိမိကိုယ်ကို အလွန်သေးငယ်သည်ဟု ခံစားရပြီး အကူအညီမဲ့မှုနှင့် ကြောက်ရွံ့မှုများက သူ့နှလုံးသားကို လွှမ်းမိုးလာသည်။ စိတ်ပျက်အားငယ်မှုများက တဖြည်းဖြည်း ပျံ့နှံ့လာသည်။ သူ့ဝိညာဉ်ကို ထိုစိတ်ပျက်မှုများက ဝါးမြိုနေပြီး အသိစိတ်မှာလည်း ဖြည်းဖြည်းချင်း ပြိုလဲနေတော့သည်။ သူသည် သတ်ဖြတ်ခြင်း ခံရတော့မည့် သိုးသူငယ်တစ်ကောင်ကဲ့သို့ ကံကြမ္မာ၏ နောက်ဆုံးစီရင်ချက်ကို စောင့်ဆိုင်းနေရသည့်အလားပင်။
သတ်ဖြတ်ခြင်း ခံရတော့မည့် သိုးသူငယ်လား။
ရုတ်တရက် စုန့်ဝမ်၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသော ရင်းနှီးမှုတစ်ခု ပေါ်လာသည်။ မှတ်ဉာဏ်များ ပိတ်လှောင်ခံထားရသကဲ့သို့ ဖြစ်နေပြီး မည်မျှပင် စဉ်းစားစေကာမူ ထိုရင်းနှီးမှုမှာ မည်သည့်နေရာမှ လာသနည်းဆိုသည်ကို မမှတ်မိနိုင်ပေ။ လူအုပ်ကြီးမှာ ပို၍ နီးကပ်လာသည်။ ၎င်းတို့ကြားတွင် ပြတ်တောက်နေသော ဦးခေါင်းများ၊ ခြေလက်များ၊ ပေါက်ကွဲနေသော ခန္ဓာကိုယ်များနှင့် ပြန့်ကျဲနေသော ကလီစာများကို မြင်နေရသည်။
ချက်ချင်းဆိုသလိုပင် စုန့်ဝမ်သည် သတ်ဖြတ်ခံရတော့မည့် သိုးသူငယ်ဆိုသည့် ခံစားချက်မှာ မည်သည့်နေရာမှ လာသည်ကို သိလိုက်ရသည်။ ၎င်းမှာ ခွဲစိတ်စားပွဲပေါ်တွင် တင်ထားသော အလောင်းများထံမှ လာခြင်း ဖြစ်သည်။ ခွဲစိတ်စားပွဲပေါ်တွင် စုန့်ဝမ်မှာ သားသတ်သမားကဲ့သို့ဖြစ်ပြီး အလောင်းများမှာ သိုးသူငယ်များကဲ့သို့ပင်။ ထိုသိုးသူငယ်များကို စုန့်ဝမ်က ခွဲစိတ်ခဲ့သည်၊ သွေးနှင့် အသားကို ခွဲထုတ်ခဲ့သည်၊ အသားနှင့် အရိုးကို သပ်သပ်စီ ပြုလုပ်ခဲ့သည်။
စုန့်ဝမ် ရုတ်တရက် ရယ်မောလိုက်သည်။ ရယ်သံမှာ စူးရှလှပြီး ငရဲအနက်ပိုင်းမှ ထွက်ပေါ်လာသော မိစ္ဆာတစ်ကောင်၏ ရယ်သံကဲ့သို့ပင်။ သူ့မျက်လုံးများထဲတွင် ရူးသွပ်သော အလင်းရောင်များ လင်းလက်နေပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဝါးမြိုပစ်ချင်နေသည့်အလားပင်။ သူ၏ အပြုံးမှာ ရက်စက်မှုနှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး အခြားသူများကို ဝါးမြိုရန် အသင့်ဖြစ်နေသော ငရဲမှ လွတ်မြောက်လာသည့် မိစ္ဆာတစ်ကောင်နှင့် တူလှသည်။
"ဒါကို နှလုံးသားနတ်ဆိုးစမ်းသပ်မှုလို့ ခေါ်တာလား"
"မင်းတို့လို သေပြီးသား ဝိညာဉ်တွေ၊ ငါ ကိုယ်တိုင် ခွဲစိတ်ခဲ့တဲ့ အလောင်းတွေကများ ငါ့ရဲ့ ရွှေအမြုတေ ဖော်ဆောင်မှုကို တားဆီးနိုင်မယ် ထင်နေတာလား။ ဒါဟာ စိတ်ကူးယဉ်မှုသက်သက်ပဲ"
"ဟားဟားဟား..."
"မင်းတို့က ငါ့ရဲ့ နှလုံးသားစမ်းသပ်မှုထဲ ပေါ်လာမှတော့ မင်းတို့ကို နောက်တစ်ခါ ထပ်ပြီး ပို့ဆောင်ပေးရမှာပေါ့"
စုန့်ဝမ်သည် သူ့ခန္ဓာကိုယ်ထဲတွင် မည်သည့် ဝိညာဥ်စွမ်းအား သို့မဟုတ် ကျင့်ကြံမှုမျှ မရှိသေးကြောင်း ခံစားနေရဆဲပင်။ သူသည် သာမန်လူတစ်ယောက်ကဲ့သို့သာ ရှိသော်လည်း နှလုံးသားထဲတွင်မူ မည်သည့် ကြောက်ရွံ့မှုမျှ မရှိတော့ပေ။ စစ်မြေပြင်တွင် ရန်သူထောင်ပေါင်းများစွာကို တစ်ကိုယ်တည်း ရင်ဆိုင်ရသော်လည်း မကြောက်မရွံ့ဘဲ ရှေ့သို့ တိုးဝင်တိုက်ခိုက်နေသော သူရဲကောင်းတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ကိုယ်ပိုင်ခွန်အားဖြင့် လူပေါင်း သိန်းချီရှိသော ရန်သူအုပ်ကြီးဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
"ဘုန်း"
စုန့်ဝမ်သည် အလောင်းတစ်လောင်းနှင့် ဆောင့်မိသွားသည်။ ထိုအလောင်းမှာ ကျိုးပဲ့လွယ်လှသဖြင့် ခြေလက်များ ပြတ်ထွက်ကာ ဦးခေါင်းမှာ လွင့်ထွက်သွားပြီး ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားတော့သည်။ နီရဲသော သွေးများနှင့် နံစော်သော ကလီစာများမှာ စုန့်ဝမ်၏ တစ်ကိုယ်လုံးတွင် စွန်းထင်ကုန်သည်။ သွေးညှီနံ့ကြောင့် နိုးကြားလာသော သွေးဆာနေသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ သူ့မျက်နှာမှာ ရူးသွပ်မှုများဖြင့် ပုံပျက်နေသည်။ သူသည် သေမင်းတစ်ပါးကဲ့သို့ အလောင်းများကြားတွင် မည်သူမျှ မတားဆီးနိုင်ဘဲ သောင်းကျန်းနေတော့သည်။
လေထဲတွင် သွေးနီရောင် ပန်းပွင့်များမှာ ဝေဆာနေသည်။ အလောင်းများမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်ကြသည်။ ပြတ်တောက်နေသော ခြေလက်များနှင့် ကလီစာများမှာ မြေပြင်ပေါ်သို့ ကျလာပြီး သွေးများမှာ ချောင်းစီးသကဲ့သို့ ဖြစ်နေတော့သည်။
"သေကြစမ်း… အားလုံး သေကြစမ်း"
"ဟားဟားဟား..."
စုန့်ဝမ်၏ ရူးသွပ်သော ရယ်သံမှာ ဟင်းလင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်နေသည်။ မည်မျှကြာအောင် သတ်ဖြတ်နေသည်ကို မသိတော့ပေ။ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲနစ်နေပြီး အဝတ်အစားများပေါ်တွင် ညစ်ပတ်သော အညစ်အကြေးများ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ တစ်ကိုယ်လုံး နာကျင်နေပြီး အသက်ရှူသံများမှာ လေးလံလှကာ အားအင်အားလုံး ကုန်ခမ်းသွားသည့်အလားပင်။ ကြွက်သားများမှာ ဂွမ်းကဲ့သို့ ပျော့ခွေနေပြီး ခန္ဓာကိုယ်ကို မထိန်းထားနိုင်တော့ဘဲ မတ်တပ်ရပ်ရန်ပင် အလွန်ခက်ခဲနေတော့သည်။
……….