← Chapters

ရွှေအမြုတေအဆင့် ရောက်ရှိခြင်း

Vol. 26 Ch. 269

ရွှေအမြုတေအဆင့် ရောက်ရှိခြင်း

Vol. 26 Ch. 269

ဤဟင်းလင်းပြင်ကြီးထဲတွင် စုန့်ဝမ်သည် သာမန်လူသားတစ်ဦးမျှသာ ဖြစ်သည်။ သူသည် မရပ်မနား တိုက်ခိုက်ခဲ့သည်၊ ပင်ပန်းနွမ်းနယ်လွန်း၍ လဲကျလုနီးပါး ဖြစ်နေချိန်တွင်ပင် အလောင်းများစွာ ကျန်ရှိနေပါသေးသည်။ စုန့်ဝမ်ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက ထိုအလောင်းများကို ထိတ်လန့်သွားစေပုံရပြီး ၎င်းတို့သည် သူ့ကို တိုက်ရိုက်စိုက်မကြည့်ဝံ့သလို အနားသို့လည်း မချဉ်းကပ်ဝံ့ကြတော့ပေ။ ထိုအလောင်းများသည် လူဆိုး၏ နှိပ်စက်မှုကို ခံနေရသော အားနည်းသူများကဲ့သို့ တုန်ယင်လျက် ခေါင်းငုံ့ထားကြပြီး မျက်လုံးများမှာလည်း ဟိုဟိုဒီဒီ ပျာယာခတ်နေကြသည်။

စုန့်ဝမ်သည် ဒဏ်ရာဗရပွဖြင့် စစ်ရှုံးလာသော စစ်ဗိုလ်ချုပ်တစ်ဦးကဲ့သို့ သွေးအိုင်ထဲတွင် လဲကျနေသည်။ ခဏကြာသော် အားတင်း၍ မတ်တပ်ရပ်လိုက်ပြီး အသိစိတ်လွတ်မတတ် ကြောက်လန့်နေကြသော အလောင်းအုပ်ကြီးကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းတို့အားလုံး သေရမယ်၊ အားလုံး သေရမယ်"

ဤအခိုက်အတန့်တွင် စုန့်ဝမ်သည် သူ၏အသိစိတ်များ ပျောက်ဆုံးနေပုံရပြီး သတ်ဖြတ်ခြင်းကိုသာ သိသော စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။ အလောင်းတစ်လောင်းထံသို့ ယိုင်တိယိုင်ထိုး လျှောက်သွားသည်။ ရုတ်တရက် သူ၏ခြေလှမ်း ချော်သွားပြီး အလောင်းပေါ်သို့ လဲကျသွားတော့သည်။ မတ်တပ်ရပ်ရန်ပင် မခိုင်သော ထိုအလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ချက်ချင်းပင် ခြေလက်အင်္ဂါများ ပြတ်တောက်ကာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

ဤဟင်းလင်းပြင်ထဲတွင် အချိန်မည်မျှကြာအောင် သတ်ဖြတ်နေခဲ့သည်ကို စုန့်ဝမ် မသိတော့ပေ။ ဤနေရာတွင် အချိန်ဟူသည်မှာ အဓိပ္ပာယ်မဲ့နေသကဲ့သို့ပင်။ သို့သော်လည်း အလောင်းများမှာ ကုန်ဆုံးသွားခြင်းမရှိဘဲ သတ်ဖြတ်ခြင်းနှင့် ထာဝရလည်ပတ်နေသော သံသရာတစ်ခုကဲ့သို့ ဖြစ်နေသည်။

"ဗုန်း" ခနဲ အသံနှင့်အတူ စုန့်ဝမ်သည် ပင်ပန်းလွန်းသဖြင့် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားပြန်သည်။ သူ အကြိမ်မည်မျှ လဲကျခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ ဖော်ပြ၍မရသော နွမ်းနယ်မှုကြီးက နှလုံးသားထဲတွင် ကပ်ငြိနေသည်။ ဖြစ်နိုင်လျှင် နောက်ထပ် မထချင်တော့ပါ၊ မလှုပ်ရှားချင်တော့ပါ၊ လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ချင်တော့ပေ။ သူ အနားယူချင်သည်၊ နှစ်ခြိုက်စွာ အိပ်ပျော်သွားချင်သည်၊ တစ်ကြိမ်လောက်တော့ ဝအောင်အိပ်လိုက်ချင်ပြီး ဘယ်တော့မှ ပြန်မနိုးထလာတော့ဖို့ ဆုတောင်းနေမိသည်။ စုန့်ဝမ်၏ အသိစိတ်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး မျက်လုံးများမှာလည်း တဖြည်းဖြည်း အရောင်အဝါ မှိန်ဖျော့လာသည်။ သူ၏ ပုံပျက်ပန်းပျက်ဖြစ်နေသော ရူးသွပ်သည့် အမူအရာမှာလည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားတော့သည်။

...

လက်တွေ့ဘဝတွင် စုန့်ဝမ်မှာ ရုတ်တရက် နှလုံးခုန် ရပ်တန့်သွားသည်။ သေခြင်းတရား၏ အငွေ့အသက်များက သူ့ပတ်ဝန်းကျင်တွင် လွှမ်းမိုးလာသည်။ ဒန်တန်အတွင်းရှိ ရွှေအမြုတေမှာလည်း အရောင်မှိန်သွားသည်။ ထိုခဏလေးတွင်းမှာပင် စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအား ကုန်ဆုံးသွားသည်ကို သိရှိလိုက်သည့်အလား သူ့အသိစိတ်ပင်လယ်ထဲတွင် အနက်ရောင်တွင်းနက်တစ်ခု ပေါ်ပေါက်လာသည်။

...

ဟင်းလင်းပြင်ထဲတွင်မူ စုန့်ဝမ် ရုတ်တရက် နိုးထလာသည်။ သူသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနေခြင်းဖြစ်ပြီး နှလုံးသားနတ်ဆိုးစမ်းသပ်မှုကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ပြန်သတိရသွားသည်။ မျက်စိရှေ့တွင် မြင်တွေ့နေရသမျှမှာ သူ့စိတ်မှ ဖန်တီးထားသော ထင်ယောင်ထင်မှားများသာ ဖြစ်သည်။ ဤအထဲတွင် နစ်မွန်းနေ၍ မဖြစ်ပေ၊ သို့မဟုတ်ပါက သေခြင်းတရားကို ရင်ဆိုင်ရပေလိမ့်မည်။

စုန့်ဝမ် ကုန်းရုန်းလိုက်ပြီး မျက်လုံးများကို တင်းတင်းပိတ်ကာ တင်ပလ္လင်ခွေထိုင်လိုက်သည်၊ ထို့နောက် စိတ်ကို စုစည်းပြီး ဟင်းလင်းပြင်ထဲရှိ အရာအားလုံးကို လျစ်လျူရှုလိုက်သည်။ ဟင်းလင်းပြင်ကြီးမှာ တဖြည်းဖြည်း ပြိုကွဲလာပြီး သူ့အသိစိတ်လည်း ပြန်လည်စုစည်းမိလာသည်။ စုန့်ဝမ် မျက်လုံးများကို ဖွင့်လိုက်ရာ ကျင့်ကြံရေးဂူထဲသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ နှလုံးသားနတ်ဆိုး ဖမ်းစားမှုမှ တဒဂ် လွတ်မြောက်ခြင်းလော။ အလွန်အမင်း အားအင်ကုန်ခမ်းနေပြီး အသိစိတ်မှာလည်း ဝေဝါးနေသဖြင့် သက်စောင့်ဆေးလုံးတစ်လုံးကို ထုတ်၍ သောက်လိုက်သည်။ ဆေးလုံး၏ အကူအညီဖြင့် စိတ်ဓာတ်ခွန်အားမှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး အသိစိတ်မှာလည်း ပို၍ ကြည်လင်လာသည်။

သို့သော် နှလုံးသားနတ်ဆိုးစမ်းသပ်မှုမှာ မပြီးဆုံးသေးပေ။ အမြင်အာရုံမှာ ဝေဝါးသွားပြီး စုန့်ဝမ်သည် ပုံရိပ်ယောင်ကမ္ဘာထဲသို့ ထပ်မံဆွဲခေါ်ခံလိုက်ရပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူသတ်ဖြတ်ခဲ့သူများနှင့် ရင်ဆိုင်ရတော့သည်။ ကျိယင်၊ ဝူယွီ၊ ရှီရှို့၊ ဝူစွေ့၊ ဝူယင်၊ ကောထောင်၊ အိုက်ခွန်း၊ လေ့ထျန်းယု စသည့်လူများမှာ စုန့်ဝမ် ရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။

ကျိယင်က စုန့်ဝမ်အပေါ် နာကျည်းနေပြီး ကျေးဇူးမသိတတ်ဟု အပြစ်တင်နေသည်၊ သူသည် စုန့်ဝမ်ကို အင်မော်တယ်လမ်းစဉ်ပေါ်သို့ လမ်းပြပေးခဲ့သော်လည်း စုန့်ဝမ်၏ သစ္စာဖောက်မှုကြောင့် ကြေကွဲဖွယ် ဇာတ်သိမ်းခဲ့ရသောကြောင့် ဖြစ်သည်။ ရှီရှို့ကလည်း ဆယ်စုနှစ်တစ်ခုမက ကြံစည်ခဲ့သမျှမှာ စုန့်ဝမ်အတွက် လက်ဆောင်ဖြစ်သွားရသဖြင့် မကျေမနပ် ဖြစ်နေသည်။ ဝူယင်မှာမူ ဂုဏ်သိက္ခာရှိသော ရွှေအမြုတေကျင့်ကြံသူ ဖြစ်ပါလျက် အားနည်းသော စုန့်ဝမ်၏လက်တွင် သေဆုံးခဲ့ရသဖြင့် ဒေါသထွက်နေသည်။ အိုက်ခွန်းကမူ ခံစားနေရသော နှိပ်စက်မှုများမှ လွှတ်ပေးရန် စုန့်ဝမ်ကို တောင်းပန်နေသည်။

လူတိုင်းတွင် ကိုယ်စီအကြောင်းပြချက်များ ရှိကြပြီး မည်သူမျှ မသေချင်ကြပေ။ အတွေ့အကြုံရှိထားသဖြင့် စုန့်ဝမ်သည် ထိုအရာများကို ထပ်မံ အာရုံမစိုက်တော့ဘဲ ထိုအသံများကို လျစ်လျူရှုထားပြီး တည်ငြိမ်စွာ တရားထိုင်နေသည်။ သူသည် ထိုပုံရိပ်ယောင်များကအား လှည့်စားခွင့် မပေးဘဲ ကြည်လင်သော အသိစိတ်ကို ထိန်းသိမ်းထားသည်။ မည်မျှကြာသွားသည်ကို သူ မသိပေ။ စုန့်ဝမ်ကို မလှည့်စားနိုင်တော့ကြောင်း သိသွားပုံရသဖြင့် ပုံရိပ်ယောင်များမှာ နောက်ဆုံးတွင် အလိုအလျောက် ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း နှလုံးသားစမ်းသပ်မှုမှာ ဆက်ရှိနေဆဲ ဖြစ်သည်။ အာနို၊ ကျန်းချန်း၊ ယွမ်ချန်း၊ ချန်ယီ အခြားသူများ စုန့်ဝမ်ရှေ့တွင် ထပ်မံပေါ်လာကြသည်။ ဤလူများမှာ စုန့်ဝမ်နှင့် ပတ်သက်မှုရှိခဲ့ကြပြီး နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးကြောင့် အချိန်မတိုင်မီ သေဆုံးခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့က စုန့်ဝမ်မှာ အေးစက်လွန်းလှသည်ဟု ကျယ်လောင်စွာ စွပ်စွဲကြသည်။ အကယ်၍ စုန့်ဝမ်သာ ဘေးကရပ်မကြည့်ဘဲ ကူညီပေးခဲ့လျှင် ၎င်းတို့ သေဆုံးချင်မှ သေဆုံးပေလိမ့်မည်။

ဤစွပ်စွဲချက်များရှေ့တွင်လည်း စုန့်ဝမ်မှာ တရားထိုင်နေသော ရဟန်းအိုကြီးတစ်ပါးကဲ့သို့ မတုန်မလှုပ် ရှိနေသည်။ အချိန်အတော်ကြာပြီးနောက် ထိုပုံရိပ်ယောင်များမှာလည်း ပျောက်ကွယ်သွားပြန်သည်။

စုန့်ဝမ်၏ အသိစိတ်မှာ လက်တွေ့ဘဝသို့ ပြန်ရောက်လာသည်။ စုန့်ဝမ် ချက်ချင်းပင် သက်စောင့်ဆေးလုံး နောက်တစ်လုံးကို သောက်လိုက်သည်၊ ဤသည်မှာ စတုတ္ထမြောက်ဆေးလုံးပင် ဖြစ်သည်။ စုန့်ဝမ်က နောက်ထပ် ထင်ယောင်ထင်မှားများ ပြန်လာမည့်အရေးကို စောင့်နေစဉ်တွင် ဖော်ပြရခက်သော ထိုအရှိန်အဝါကြီးမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။ နှလုံးသားစမ်းသပ်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းပညာ စတင် လည်ပတ်လာကာ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စတင်ဝါးမြိုတော့သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများစွာမှ ရရှိသော ကြီးမားသည့် ဝိညာဉ်စွမ်းအင်များ ရွှေအမြုတေအတွင်းသို့ စီးဝင်သွားသည်။ ရွှေအမြုတေမှာ တောက်ပစွာ လင်းလက်လာသည်။ စုန့်ဝမ်၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါမှာလည်း လျင်မြန်စွာ မြင့်တက်လာသည်။ ရွှေအမြုတေက ဝိညာဉ်စွမ်းအင်များကို စုပ်ယူသည့် ဖြစ်စဉ်မှာ တစ်လတိတိ ကြာမြင့်ခဲ့သည်။

ဤကျွန်းတွင် ဝိညာဉ်စွမ်းအင် အလုံအလောက် မရှိသဖြင့် စွမ်းအင်မလုံလောက်မှုကြောင့် ရွှေအမြုတေ တည်ဆောက်စဉ် ပြဿနာမတက်စေရန် စုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံး ၁ သိန်းနီးပါးကို ရိုက်ခွဲ၍ စုပ်ယူစေခဲ့ခြင်း ဖြစ်သည်။ ရွှေအမြုတေက ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုပ်ယူခြင်း ရပ်တန့်သွားသောအခါ စုန့်ဝမ်သည် တံခါးပိတ်ကျင့်ကြံခြင်းကို ချက်ချင်း မရပ်လိုက်သေးပေ။ ကျင့်ကြံမှု တည်ငြိမ်စေရန် နောက်ထပ် တစ်နှစ်ကျော် အချိန်ယူခဲ့သည်။ နောက်ဆုံးတွင် စုန့်ဝမ်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဟုန်းဟုန်းတောက်နေသော ဝိညာဥ်စွမ်းအင်များကို ထိန်းညှိနိုင်သွားပြီ ဖြစ်သည်။

စုန့်ဝမ် ကျင့်ကြံရေးဂူအတွင်းရှိ အစီအရင်များကို ပိတ်သိမ်းလိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်စဉ် ဂူဝတွင် ကျောက်တုံးကြီးတစ်တုံး ပိတ်နေသည်ကို မြင်လိုက်ရသည်။ ထိုကျောက်တုံးမှာ ကျိုးပဲ့ပျက်စီးနေပြီး ကျွန်းပေါ်ရှိ အပျက်အစီးများထဲမှ တစ်ခုဖြစ်ကြောင်း သိသာလှသည်။ ဂူဝတွင် အဘယ်ကြောင့် ကျောက်တုံးကြီး ပိတ်နေရသနည်း၊ စုန့်ဝမ်မှာ ဇဝေဇဝါဖြစ်သွားပြီး ဝိညာဉ်အာရုံကို သုံး၍ အပြင်ဘက်ကို စုံစမ်းလိုက်သည်။ ကျွန်းတစ်ခုလုံးမှာ ငြိမ်သက်အေးချမ်းနေပြီး မည်သည့်ထူးခြားမှုမျှ မရှိပေ။

ကျောက်တုံးကို ဆွဲလှည့်ကြည့်လိုက်သောအခါ ပင်လယ်မြေပုံတစ်ခု ရေးဆွဲထားသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားသည်။ စုန့်ဝမ် တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း အပြင်ဘက်ရှိ ကူပိုးကောင်များက ဤကျောက်တုံးကို တွေ့ရှိပြီး ဤနေရာသို့ ရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ကူကောင်များက မြေပုံကို နားမလည်သော်လည်း သခင်ဖြစ်သူအား ကာကွယ်ရန် ဂူပေါက်ဝကို ပိတ်ပေးထားခြင်း ဖြစ်သည်။ ကူပိုးကောင်များကို အသားလုံးများဖြင့် ဆုချပြီးနောက် စုန့်ဝမ်သည် ထိုမြေပုံကို သေချာစွာ စတင်လေ့လာတော့သည်။

နှစ်ပေါင်းသောင်းချီ ကြာမြင့်သွားပြီဖြစ်သဖြင့် မြေပုံမှာ တိုက်စားခံထားရပြီး အမှတ်အသားများ ဝေဝါးနေသော်လည်း ၎င်းက သူ၏လက်ရှိတည်နေရာနှင့် အဆုံးမဲ့ပင်လယ်၏ အတွင်းပိုင်းဆီသို့ ဦးတည်ရမည့် လမ်းကြောင်းကို ညွှန်ပြနေသည်။ ထိုမြေပုံအရ အဆုံးမဲ့ပင်လယ် တစ်ခုလုံးမှာ လခြမ်းပုံသဏ္ဌာန် ရှိသည်၊ မြောက်ဘက်တွင် ကုန်းမြေရှိပြီး ထိုနေရာတွင် အဆုံးမဲ့ သဲကန္တာရကြီး ရှိသည်၊ ကျန်ရှိသော ဘက်သုံးဘက်မှာမူ တစ္ဆေမြူထုများဖြင့် ဖုံးလွှမ်းနေသည်။ စုန့်ဝမ် ရောက်ရှိနေသော နေရာမှာ အဆုံးမဲ့ပင်လယ်၏ အရှေ့တောင်ဘက် ထောင့်စွန်းတွင် ဖြစ်သည်။ ဤနေရာသည် တစ္ဆေမြူထုနှင့် အတွင်းဘက် ပင်လယ်ပြင်တို့ကြား အနီးကပ်ဆုံး အချက်အချာနေရာ ဖြစ်နေသည်။

ဖြစ်နိုင်သည်မှာ ဝိညာဥ်နန်းတော်သည် မြူခိုးများ ရယူရန် ရည်ရွယ်ချက်ဖြင့် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဤနေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပြီး ရွေ့ပြောင်းအစီအရင်ကို တပ်ဆင်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ ရွှေအမြုတေအဆင့် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ပင်လယ်မြေပုံကိုလည်း ရရှိထားပြီဖြစ်ရာ မိစ္ဆာသားရဲများဖြင့် ပြည့်နှက်နေသော အပြင်ဘက် ပင်လယ်ပြင်မှ ထွက်ခွာ၍ လူသားများ စည်ကားရာ အတွင်းဘက် ပင်လယ်ပြင်သို့ သွားရောက်ရန် စုန့်ဝမ် စိတ်ကူးလိုက်သည်။ ဤနေရာသည် ဝိညာဥ်စွမ်းအင် နည်းပါးလွန်းသဖြင့် ကြာရှည်နေရန် အဆင်မပြေပေ။

စုန့်ဝမ်သည် ကျွန်းပေါ်တွင် ပျံသန်းရင်း ပင်လယ်ပြင်မှ ထွက်ပေါ်လာသော နံနက်ခင်း နေမင်းကြီးကို ကြည့်နေသည်။ နေမင်းကြီး ထွက်ပေါ်လာသည်နှင့်အမျှ အလင်းတန်းများ ပျံ့နှံ့သွားပြီး လှိုင်းလုံးများမှာလည်း နံနက်ခင်း အလင်းရောင်အောက်တွင် တဖျပ်ဖျပ် တောက်ပ​နေကြသည်။

စုန့်ဝမ် ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ထိုးထုတ်လိုက်သည်။

"ဘုန်း"

ပေါက်ကွဲသံနှင့် ပြင်းထန်သောအားလှိုင်း ထွက်ပေါ်လာသည်။ ထိုလက်သီးချက်တွင် ဝိညာဥ်စွမ်းအင် လုံးဝ အသုံးမပြုခဲ့ပေ၊ ဤသည်မှာ ရုပ်ခန္ဓာသက်သက်၏ ခွန်အားသာ ဖြစ်သည်။ ထိုမျှ ရိုးရှင်းသော လက်သီးထိုးခြင်း လုပ်ဆောင်ချက်ကပင် လေထုကို ပုံပျက်စေရန် လုံလောက်သည်။ အလောင်းဘုရင် ပြလည်မွေးဖွားခြင်းပညာမှာ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာ နှစ်မျိုးလုံးကို ကျင့်ကြံသော နည်းလမ်းဖြစ်သည်။ ရွှေအမြုတေ တည်ဆောက်မှု အောင်မြင်သွားသဖြင့် ကျင့်ကြံမှု မြင့်တက်လာရုံသာမက ရုပ်ခန္ဓာမှာလည်း အလွန်အမင်း သန်မာလာခဲ့သည်။

စုန့်ဝမ်၏ နှလုံးသားထဲတွင် တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် လက်သီးဖြင့် ထိုးဖောက်နိုင်တော့မည့်အလား ခံစားလိုက်ရသည်။ ထို့နောက်တွင် ပြင်းထန်သော အရှိန်အဝါတစ်ခု စုန့်ဝမ်ထံမှ ပေါက်ကွဲထွက်လာသည်။ သူဖြတ်သန်းသွားရာ နေရာတိုင်းမှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သွားသည့်အလားပင်။ သစ်ပင်ကြီးများ ကျိုးပဲ့ကုန်ကြပြီး ကျောက်တုံးများ လွင့်စင်ကုန်ကြသည်။ တောရိုင်းတိရစ္ဆာန်များ ထွက်ပြေးကြပြီး ငှက်များမှာလည်း ကောင်းကင်သို့ ပျံတက်ကုန်ကြသည်။ ကျွန်းတစ်ခုလုံးမှာ သူ၏ ခန့်ညားလှသော အရှိန်အဝါအောက်တွင် တုန်ခါနေတော့သည်။

ထိုအချိန်တွင် ကျွန်းနှင့် ၁၀ မိုင်ခန့်ဝေးသော ပင်လယ်အတွင်းမှ ကြီးမားသော ရေလုံးကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်လာပြီး တိမ်တိုက်များကိုပင် ဖောက်ထွက်သွားသည်။ တခဏအတွင်းမှာပင် မိုင်ပေါင်းများစွာ ရှည်လျားသော ငါးအမြီးကြီးတစ်ခု ရေမျက်နှာပြင်ကို ခွဲ၍ ထွက်ပေါ်လာသည်။ ငါးကြေးခွံများမှာ အလင်းရောင်အောက်တွင် လင်းလက်နေပြီး ကြေးခွံတစ်ခုချင်းစီမှာ ရေတိုင်ကီအရွယ်အစားခန့် ရှိသည်။ ထိုငါးအမြီးကြီးမှာ ယမ်းခါလိုက်ရာ ဆူနာမီကဲ့သို့ ကြီးမားလှသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။

ထိုဧရာမ လှိုင်းလုံးကြီးများသည် ကျွန်းငယ်လေးကို ကြေမွပျက်စီးသွားစေမည့်အလား ဆောင့်တိုက်လိုက်သည်။ ပင်လယ်ရေများမှာ ကျွန်းပေါ်သို့ လျှံတက်လာပြီး မရေမတွက်နိုင်သော သစ်ပင်ကြီးများကို လဲပြိုစေကာ သားရဲများစွာကို ဆွဲချသွားတော့သည်။ ရေလွှမ်းမိုးမှု ဖြစ်သွားပြီး ကျွန်းတစ်ခုလုံးမှာ အပျက်အစီးများအဖြစ် ကျန်ရစ်ခဲ့သည်။ ထိုဧရာမ ငါးအမြီးကြီးက လှိုင်းလုံးများကို ဖြစ်ပေါ်စေသည့် အခိုက်အတန့်တွင် စုန့်ဝမ် တုန်လှုပ်သွားသည်။ သူ့အော်ရာကို ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်ပြီး ဂူထဲသို့ ပြန်ဝင်၍ ပုန်းနေလိုက်သည်။

ရောက်ရောက်ချင်း ဝိညာဥ်ဖုံးကွယ်၊ ကိုးနန်းဆောင်ယင်နှင့် ယင်ယန်လေးသွယ်အစီအရင် စသဖြင့် ရှိရှိသမျှ ဖုံးကွယ်ရေး အစီအရင်များကို အသက်သွင်းလိုက်သည်။ ထိုငါးကြီးမှာ အနီးအနားတွင် အမဲလိုက်နေခြင်းသာ ဖြစ်ပုံရပြီး ကျွန်းပေါ်မှ ဆူညံသံကြောင့် အနှောင့်အယှက် ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ရေမျက်နှာပြင်ပေါ်တွင် ခဏမျှ ကူးခတ်ပြီးနောက် ရေနက်ပိုင်းထဲသို့ ပြန်လည် ငုပ်လျှိုးသွားကာ လှိုင်းလုံးကြီးများကိုသာ ချန်ထားခဲ့သည်။

………….

All Chapters