← Chapters

ဝိညာဥ်မီးတောက်များ သန့်စင်၊ ပေါင်းစပ်ခြင်း

Vol. 26 Ch. 270

ဝိညာဥ်မီးတောက်များ သန့်စင်၊ ပေါင်းစပ်ခြင်း

Vol. 26 Ch. 270

စုန့်ဝမ်ခမျာ ရွှေအမြုတေအဆင့် တက်ရောက်နိုင်၍မှ အားရအောင် မပျော်ရသေး၊ မတန်တဆ ခွန်အားသာလွန်သော သားရဲကြီးအား တွေ့လိုက်ရသဖြင့် ဘဝင်မြင့်ဖို့ မဆိုထားနှင့် သိမ်ငယ်စိတ် မဝင်ရန်ပင် အတော်သတိပြုနေရသည်။

ပင်လယ်သားရဲကြီး ပျောက်ကွယ်သွားပြီး တစ်နာရီခန့် ကြာပြီးနောက်မှသာ စုန့်ဝမ် ဂူထဲမှ ပြန်ထွက်လာသည်။ ကျွန်းပေါ်ရှိ ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို ကြည့်ရင်း ပြယ်ခါစ ကြောက်စိတ်ပင် ပြန်ခေါင်းထောင်လာသည်။ ကျိုးပဲ့နေသော သစ်ပင်များ၊ ပင်လယ်ငါးသေကောင်များ နေရာအနှံ့ ပြန့်ကျဲနေပြီး လေထုထဲတွင် ပုပ်ဟောင်လှသော အနံ့ဆိုးများဖြင့် ပြည့်နှက်နေသည်။ ဤအရာအားလုံး၏ တရားခံဖြစ်သော စုန့်ဝမ်မှာ အသက်ရှူကျပ်သကဲ့သို့ ဖိအားများကို ခံစားနေရသည်။ ထိုငါးကြီး၏ အမြီးကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများပင် ဤမျှ စွမ်းအားကြီးမားပါက ထိုငါးကြီးမှာ မည်မျှအစွမ်းထက်မည်နည်း။ ဤပင်လယ်နက်ထဲတွင် မည်မျှအစွမ်းထက်သော ပင်လယ်သားရဲများ ရှိနေကြသနည်း။

ဤအခိုက်အတန့်တွင် ရွှေအမြုတေအဆင့် တက်လှမ်းစဉ် ခံစားခဲ့ရသော စိတ်ကျေနပ်မှုများ ပျောက်ကွယ်သွားပြီး ပိုမိုခွန်အားကြီးလိုစိတ်က လွှမ်းမိုးလာသည်။ စုန့်ဝမ်လည်း ပင်လယ်ခရီး ချက်ချင်း မထွက်ဝံ့သေးသဖြင့် တံခါးပိတ်ကျင့်ကြံမှု ပြန်စခဲ့သည်။ ယခုအခါ သူသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ခွန်အားပိုင်း များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ယခင်က အသုံးပြုခဲ့သော နည်းစနစ်များမှာ ယခုအခါ အနည်းငယ် အားနည်းနေသကဲ့သို့ ခံစားရသဖြင့် အဆင့်မြှင့်တင်ရန် အရေးတကြီး လိုအပ်နေသည်။

အဆင့်မြှင့်တင်နိုင်သော နည်းစနစ်များစွာ ရှိသည့်အနက် ဝိညာဉ်မီးတောက် သုံးမျိုးကို အရင်ဆုံး သန့်စင်ရန် ရွေးချယ်ခဲ့သည်။ ၎င်းတို့မှာ ကျောက်စိမ်းမီးတောက်၊ ငရဲအလောင်းအအေးမီးတောက်နှင့် ဆေးဖော်စပ်ရာတွင် သုံးသော မြေကမ္ဘာမီးတောက်တို့ ဖြစ်ကြသည်။

ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးနောက် အဆိုပါ ဝိညာဉ်မီးတောက်များကို သန့်စင်နိုင်ပြီး ၎င်းတို့ကို ဒန်တန်အတွင်း ထည့်သွင်း မွေးမြူနိုင်ပြီ ဖြစ်သည်။ ရွှေအမြုတေမှ ရရှိသော ကြွယ်ဝသည့် ဝိညာဥ်စွမ်းအင်ဖြင့် ထိုဝိညာဉ်မီးတောက်များကို ပိုမို သန်မာစေနိုင်သည်။ ထိုဝိညာဉ်မီးတောက်များ၏ စစ်မှန်သော မီးစွမ်းအားမှာလည်း ကျင့်ကြံသူကို ပြန်လည် အကျိုးပြုနိုင်သည်။ ဤသည်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုသော လုပ်ဆောင်ချက်ပင် ဖြစ်သည်။

စုန့်ဝမ်သည် မြေကမ္ဘာမီးတောက်ကို အရင်ဆုံး သန့်စင်သည်၊ ထို့နောက် ကျောက်စိမ်းမီးတောက်နှင့် နောက်ဆုံးတွင် ငရဲအလောင်းအအေးမီးတောက်ကို သန့်စင်သည်။ ပထမ မီးတောက်နှစ်ခုကို သန့်စင်ခြင်းမှာ အလွန်ချောမွေ့ခဲ့သည်။ သို့သော် ငရဲအလောင်းအအေးမီးတောက်ကို သန့်စင်ပြီး၊ ဒန်တန်အတွင်း စုပ်ယူရန် ပြင်လိုက်သောအခါ ထိုမီးတောက်နှင့် ကျောက်စိမ်းမီးတောက်တို့ကြား ပြင်းထန်စွာ တွန်းကန်မှု ဖြစ်ပေါ်လာသည်။

မီးတောက်နှစ်ခုလုံးမှာ နယ်မြေလုရင်း ပြင်းထန်စွာ ပေါက်ကွဲလာကြသည်။ ကြီးထွားလာသော မီးတောက်နှစ်ခုမှာ ဒန်တန်အတွင်း ဆောင့်မိတော့မည့် အခြေအနေတွင် စုန့်ဝမ်သည် ၎င်းတို့ကို အမြန် ထုတ်လိုက်ရသည်။ တစ်ခုမှာ အေးစက်၍ တစ်ခုမှာ ပူပြင်းသည်၊ တစ်ခုမှာ ယန်အားပြင်းပြီး တစ်ခုမှာ ယင်အားပြင်းသည်။ ဤဝိညာဉ်မီးတောက် နှစ်မျိုးသာ ဒန်တန်အတွင်း ဝင်တိုးမိပါက မည်မျှပြင်းထန်သော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဒန်တန်ကို မည်သို့ ထိခိုက်စေမည်ကို စုန့်ဝမ် မတွေးဝံ့ပေ။

ဝိညာဉ်မီးတောက် နှစ်မျိုး သူ့ရှေ့တွင် ပေါ်လာသောအခါ ငြိမ်သက်သွားကြပြီး လေထဲတွင် ဝဲပျံနေကြသည်။ စုန့်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအရာနှစ်ခုအနက် တစ်ခုကို ရွေးချယ်ရန် အခက်တွေ့နေသည်။ ဝိညာဉ်မီးတောက် နှစ်မျိုးစလုံးမှာ သူ့အတွက် အလွန်အရေးကြီးသဖြင့် မည်သည့်အရာကိုမျှ မစွန့်လွှတ်ချင်ပေ။ 'အလောင်းဘုရင် ပြန်လည်မွေးဖွားခြင်းပညာမှ ကျင့်ကြံရရှိသော ဝိညာဥ်စွမ်းအင်မှာ ရှင်သန်ခြင်းနှင့် သေခြင်း နှစ်မျိုးစလုံး၏ ဝိသေသလက္ခဏာများ ရှိနေသဖြင့် စုန့်ဝမ်အား တက်ကြွသော အသက်စွမ်းအင်နှင့် လွှမ်းမိုးနိုင်သော အလောင်းစွမ်းအင် နှစ်မျိုးလုံးကို ပေးစွမ်းထားသည်။

ထိုမီးတောက်နှစ်ခုမှာ ဤအချက်နှင့် ကောင်းစွာ ကိုက်ညီနေသည်။ ကျောက်စိမ်းမီးတောက်ကို ရုပ်ခန္ဓာ၏ အသက်စွမ်းအား မြှင့်တင်ရန်နှင့် ကောင်းကင်ချီ အခြေခံ ဝိညာဥ်ရတနာများ၊ ဆေးများ သန့်စင်ရန် သုံးနိုင်သည်။ ငရဲအလောင်းအအေးမီးတောက်မှာမူ အလောင်းချီ ကျင့်ကြံရာတွင် အထောက်အကူ ဖြစ်စေပြီး အလောင်းရုပ်သေးများ၊ တစ္ဆေများနှင့် ယင်စွမ်းအင် ဝိညာဥ်ရတနာမျိုးစုံကို ပြုလုပ်ရာတွင် သုံးနိုင်သည်။

ဆံဖြူမတတ် စဉ်းစားပြီးနောက် မဟာမီးတောက် ထိန်းချုပ်မှုနည်းစနစ်ထဲတွင် မီးတောက်များ ပေါင်းစပ်ခြင်းဟု ခေါ်သော နည်းလမ်းတစ်ခု ရှိကြောင်း ရုတ်တရက် သတိရသွားသည်။ ၎င်းသည် လက်ရှိ အခက်အခဲကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။ ထိုနည်းလမ်းမှာ ဝိညာဉ်မီးတောက် နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုသော မီးတောက်များကို ပေါင်းစပ်၍ ဝိညာဉ်မီးတောက် အသစ်တစ်ခု ပြုလုပ်ခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ပေါင်းစပ်မည့် မီးတောက်များသည် တူညီသော ဝိသေသလက္ခဏာများ ရှိကြလေ့ရှိသည်၊ အပြန်အလှန် ပေါင်းစပ်ခြင်းဖြင့် ၎င်းတို့၏ ဂုဏ်သတ္တိများမှာ ပိုမို အစွမ်းထက်လာနိုင်ပြီး အစွမ်းသစ်များပင် ထွက်ပေါ်လာနိုင်သည်။ သို့သော် ယခုမီးတောက်နှစ်ခုမှာ လုံးဝ ဆန့်ကျင်ဘက် ဂုဏ်သတ္တိများ ရှိကြသဖြင့် ၎င်းတို့ကို ပေါင်းစပ်ခြင်းက မျှော်လင့်မထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်သည်။ စုန့်ဝမ်လည်း အန္တရာယ်ကို အန်တု၍ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်မီးတောက် နှစ်မျိုးလုံးမှာ ကိုယ်တိုင် သန့်စင်ထားခြင်း ဖြစ်သဖြင့် ၎င်းတို့ကို လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။ စုန့်ဝမ်၏ အမိန့်အောက်တွင် ကျောက်စိမ်းမီးတောက်နှင့် ငရဲအလောင်းအအေးမီးတောက်တို့မှာ ဖြည်းဖြည်းချင်း နီးကပ်လာကြသည်။ ထိုနှစ်ခု ထိတွေ့လိုက်သည်နှင့် တပြိုင်နက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ အလွန်ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ထိန်းမနိုင်သိမ်းမရသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသည်။ စုန့်ဝမ်လည်း ထိုစွမ်းအားကြောင့် ဒဏ်ရာမရစေရန် အကာအကွယ်တစ်ခုကို အမြန် ပြုလုပ်လိုက်ရသည်။

စုန့်ဝမ် မီးတောက်များကို အတင်းအဓမ္မ ပေါင်းစပ်ရန် မဝံ့ရဲတော့ဘဲ ဝိညာဉ်မီးတောက် နှစ်မျိုးကို အမြန် ပြန်ခွဲလိုက်သည်။ သို့သော်လည်း စုန့်ဝမ်က အလွယ်တကူ လက်လျှော့ရန် စိတ်ကူးမရှိပေ။ တူညီသော ဂုဏ်သတ္တိရှိသည့် မီးတောက်များကို ပေါင်းစပ်ရာတွင်ပင် ချောမွေ့သော ရလဒ်ရရန် ခက်ခဲလေ့ရှိပြီး ၎င်းတို့ကို ဆက်သွယ်ပေးရန် ကြားခံပစ္စည်းတစ်ခု လိုအပ်လေ့ရှိသည်။

စုန့်ဝမ်၏ လက်ထဲတွင် ထိုသို့သော ဝိညာဉ်ပစ္စည်းအချို့ ရှိနေသည်။ ယင်နတ်ဆိုးနှင်းရည်၊ ဝိညာဉ်အလံများမှ ထွက်ပေါ်လာသော ထူထပ်သည့် တစ္ဆေအငွေ့အသက်များနှင့် နှစ်တစ်သောင်းဝိညာဉ်ရည်တို့မှာ ဤအမျိုးအစားဝင် ပစ္စည်းများ ဖြစ်ကြသည်။ အတွေးတစ်ချက်နှင့်အတူ ကျောက်စိမ်းပုလင်းတစ်လုံး လေထဲတွင် ပေါ်လာသည်။ ထိုပုလင်းထဲမှ ယင်နတ်ဆိုးနှင်းရည်ကို ဝိညာဉ်မီးတောက် နှစ်ခုဆီသို့ ဦးတည်စေလိုက်သည်။

စုန့်ဝမ်၏ ဖိနှိမ်ထားမှုအောက်တွင် ငရဲအလောင်း အအေးမီးတောက်မှာ ယင်နတ်ဆိုးနှင်းရည်၏ လွှမ်းခြုံမှုကို လွယ်ကူစွာ ခံယူလိုက်သည်။ သို့သော် ကျောက်စိမ်းမီးတောက်နှင့် ရင်ဆိုင်ရသောအခါတွင်မူ ယင်နတ်ဆိုးနှင်းရည်မှာ ကြီးမားသည့် ယန်စွမ်းအင်ကြောင့် ချက်ချင်းပင် ဝါးမြိုခံလိုက်ရပြီး အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ စုန့်ဝမ်မျက်နှာ ရှုံ့မဲ့သွားသည်။

ထို့နောက် နှစ်တစ်သောင်းဝိညာဉ်ရည်ဖြင့် ထပ်မံ စမ်းသပ်သော်လည်း ဝိညာဉ်မီးတောက် နှစ်မျိုးစလုံးမှာ ထိုဝိညာဉ်ရည်နှင့် ထိတွေ့လိုက်သည်နှင့် တောင်ကြာပန်း သောက်လိုက်ရသည့်အလား အားပြင်းစွာ တောက်လောင်လာသဖြင့် ပေါင်းစပ်ရန် မဖြစ်နိုင်တော့ပေ။

စုန့်ဝမ်သည် ကျင့်ကြံရေးဂူထဲတွင် အချိန်အတော်ကြာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ အတန်ကြာမှ ရုတ်တရက် အကြံရလာပြီး လျှပ်စီးအလင်းလုံး နှစ်လုံးအား ဝိညာဉ်မီးတောက် နှစ်ခုဆီသို့ ဦးတည် ပစ်လွှတ်လိုက်သည်။

ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်မီးတောက် နှစ်ခုမှာ လျှပ်စီးစွမ်းအင်နှင့် တဖြည်းဖြည်း ရောယှက်သွားသဖြင့် စုန့်ဝမ်ပသ် အံအားသင့်သွားသည်။ လျှပ်စီးများ ဝိုင်းရံထားသော မီးတောက်နှစ်ခုမှာ တဖြည်းဖြည်း နီးကပ်လာပြီး ထိတွေ့မိသွားကြသည်။ ဤတစ်ကြိမ်တွင်မူ မည်သည့် ပေါက်ကွဲမှုမျှ ထွက်မလာပေ။ သို့သော်လည်း ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု တွန်းကန်နေကြဆဲ ဖြစ်သည်။ စုန့်ဝမ်က အဆင့်မြင့်မီးထိန်းချုပ်နည်းစနစ်ကို အဆက်မပြတ် အသုံးပြုလိုက်သောအခါ ၎င်းတို့မှာ စတင် ဖိသိပ်ခံရပြီး တွန်းကန်အားမှာလည်း ပိုမို ပြင်းထန်လာသည်။

မီးတောက်နှစ်ခုကို ဝိုင်းရံထားသော လျှပ်စီးစွမ်းအင်မှာ ထိုပြင်းထန်သော တွန်းကန်အားကို မခံနိုင်တော့ဘဲ ရုတ်တရက် ပြိုကွဲသွားတော့သည်။ လျှပ်စီးစွမ်းအင်၏ ထိန်းချုပ်မှု မရှိတော့သောအခါ မီးတောက်နှစ်ခုမှာ ချက်ချင်း ပြန်ကန်ထွက်သွားပြီး ပြင်းထန်သော ပေါက်ကွဲမှု စွမ်းအားလှိုင်းတစ်ခု ပျံ့နှံ့သွားသည်။ စုန့်ဝမ်က ကြိုတင်ပြင်ဆင်ထားသော မြေကမ္ဘာစေတီကို သုံး၍ ထိုစွမ်းအား၏ ရိုက်ခတ်မှုကို တားဆီးလိုက်ရသည်။

"သာမန်လျှပ်စီးတွေက ဝိညာဉ်မီးတောက်တွေကို ထိန်းချုပ်ဖို့ မလုံလောက်ဘူးထင်တယ်၊ ဒါဆို ပိုပြီး အစွမ်းထက်တဲ့ လျှပ်စီးတွေကို သုံးရတာပေါ့ကွာ"

ယခင်က လျှပ်စီးလက်ဝါးကို သုံးခဲ့ခြင်း ဖြစ်သည်။ စုန့်ဝမ်တွင် လျှပ်စီးလက်ဝါးထက် ပိုမို အစွမ်းထက်သော လျှပ်စီးနည်းစနစ်များ ရှိသည်။ လက်ရှိ အသုံးပြုနိုင်သော အစွမ်းထက်ဆုံး လျှပ်စီးနည်းစနစ်မှာ တတိယမြောက် မိုးကြိုးလျှပ်စီးနည်းစနစ်ဖြစ်သည့် ယုရှုကောင်းကင်မိုးကြိုးပင် ဖြစ်သည်။

သို့သော် စုန့်ဝမ်တွင် ထိုပညာရပ်၏ ကျင့်စဉ်ရှိသော်လည်း မကျင့်ကြံရသေးပေ။ သို့ဖြင့် စိတ်ကို စုစည်းကာ ယုရှုကောင်းကင်မိုးကြိုးကို စတင် ကျင့်ကြံတော့သည်။ မိုးကြိုးပါရမီ ရင့်သန်ပြီး မိုးကြိုးလျှပ်စီးနည်းစနစ်များဖြင့် အကျွမ်းဝင်နေသောကြောင့် နေ့ဝက်အတွင်းမှာပင် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သည်။

အနားယူ ပြင်ဆင်ပြီး အသင့်ဖြစ်သည်နှင့် စုန့်ဝမ် ယုရှုကောင်းကင်မိုးကြိုးကို အသက်သွင်းလိုက်ရာ ထူထပ်သော အနက်ရောင် တိမ်တိုက်တစ်ခု သူ့ခေါင်းပေါ်တွင် ပေါ်လာသည်။ ထိုတိမ်တိုက်ထဲတွင် ငွေရောင် လျှပ်စီးတန်းများ စီးဆင်းနေပြီး တဖြည်းဖြည်းနှင့် ပန်းကန်လုံးအရွယ်အစားခန့်ရှိသော ငွေရောင် မြွေကြီးတစ်ကောင်အဖြစ် ပေါင်းစပ်သွားသည်။ ထိုငွေရောင်မြွေကြီးမှာ တိမ်တိုက်ထဲတွင် အဆက်မပြတ် လှည့်ပတ်နေသော်လည်း မြေပြင်ပေါ်သို့ ကျရောက်ခြင်း မရှိပေ။ သေချာစွာ ကြည့်ရှုပါက ထိုငွေရောင်မြွေကြီးပေါ်တွင် ဖျော့တော့တော့ ခရမ်းရောင် အလင်းလေးများ ရှိနေသည်ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ လျှပ်စီးစွမ်းအား ပါဝင်မှု အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် လက္ခဏာပင်။

ယုရှုကောင်းကင်မိုးကြိုးမှ ဖြစ်ပေါ်လာသော လျှပ်စီးမှာ ယခင် အသုံးပြုခဲ့သော မဟာဂူမိုးကြိုးထက် ပို၍ သေးသွယ်ပုံရသော်လည်း စွမ်းအားမှာမူ အနည်းဆုံး ၁၀ ဆခန့် ပိုမို အားကောင်းလှသည်။

စုန့်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ကျောက်စိမ်းမီးတောက်နှင့် ငရဲအလောင်းအအေးမီးတောက်တို့ အနက်ရောင်တိမ်တိုက်ထဲ ပျံသန်းဝင်ရောက်သွားကြသည်။ တဖြည်းဖြည်းနှင့် မီးတောက်နှစ်ခုလုံးအပေါ်တွင် လျှပ်စီးအလင်းလွှာတစ်ခု ဖုံးအုပ်သွားတော့သည်။ စုန့်ဝမ် မီးထိန်းချုပ်မှုပညာရပ်ဖြင့် ထိန်းချုပ်စေစားမှုအောက်တွင် အနက်ရောင်တိမ်တိုက်ထဲရှိ ဝိညာဉ်မီးတောက်နှစ်ခုမှာ ဖြည်းဖြည်းချင်း နီးကပ်လာသည်။ ထို့နောက် ရုတ်တရက် အားပြင်းစွာ ဆောင့်မိသွားကြသည်။

တိမ်တိုက်ထဲတွင် လျှပ်စီးအလင်းများ ဝင်းလက်သွားသော်လည်း ပြင်ပသို့ မည်သည့်စွမ်းအားမျှ ပေါက်ကွဲထွက်မလာပေ။ စုန့်ဝမ် မီးထိန်းချုပ်မှုနည်းစနစ်ကို အထပ်ထပ်အခါခါ အသုံးပြုလျက် မီးတောက်နှစ်ခုကို တဖြည်းဖြည်းချင်း ဖိသိပ်ကာ ပေါင်းစပ်ပေးလိုက်သည်။ မီးတောက်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု တွန်းကန်နေသော်လည်း ယုရှုကောင်းကင်လျှပ်စီး၏ ချုပ်နှောင်မှုကြောင့် မရုန်းနိုင်ဘဲ ရှိနေကြသည်။

"ဘုန်း"

နက်ရှိုင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တောက်ပသော မီးလျှံများမှာ အနက်ရောင်တိမ်တိုက်ထဲတွင် ဟုန်းဟုန်းတောက်လာတော့သည်။ ခဏအကြာတွင် မီးတောက်များ ပေါင်းစည်းသွားပြီး အနက်ရောင်တိမ်တိုက်များ ကွဲလွင့်သွားသည်။ အဆုံးတွင် လက်ဝါးအရွယ်ခန့်ရှိသော မြစိမ်းရောင် မီးငှက်လေးတစ်ကောင် ထွက်ပေါ်လာတော့သည်။

စုန့်ဝမ် လက်ကိုမြှောက်၍ ခေါ်လိုက်ရာ ထိုမီးငှက်လေးမှာ သူ့လက်ဖဝါးပေါ်သို့ ဆင်းသက်လာသည်။ ထိုမီးငှက်လေးထံမှ အပူရှိန် သို့မဟုတ် အအေးဓာတ်ကို မခံစားရသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအားကိုမူ အာရုံခံမိသည်။ ထိုမြစိမ်းရောင် မီးငှက်လေးသည် ယုရှုကောင်းကင်မိုးကြိုး၏ အစွမ်းနှင့် ပေါင်းစပ်သွားပုံရပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်လျှပ်စီးများ တစ်ခါတစ်ရံ ဖြတ်ပြေးနေတတ်သည်။

စိတ်ကူးလိုက်သည်နှင့် မီးငှက်လေးထံမှ ကြီးမားသော ယန်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်၊ ဤသည်မှာ ကျောက်စိမ်းမီးတောက်ထံမှ ရရှိသော ဂုဏ်သတ္တိဖြစ်ပြီး ခန့်ညားထည်ဝါကာ ပြင်းထန်လှသည်။ တခဏအတွင်းမှာပင် မီးငှက်လေး၏ အရှိန်အဝါမှာ အေးစက်စူးရှသောအသွင်သို့ ပြောင်းလဲသွားပြန်သည်၊ ဤသည်မှာ ငရဲအလောင်း အအေးမီးတောက်၏ ဂုဏ်သတ္တိဖြစ်သော ယင်စွမ်းအင်ပင် ဖြစ်သည်။

စုန့်ဝမ်သည် ပါးစပ်ဟလိုက်ပြီး ထိုမီးငှက်လေးကို ဒန်တန်အတွင်းသို့ စုပ်ယူလိုက်သည်။ မီးငှက်လေးမှာ ရွှေရောင်ဒန်တန်အတွင်း၌ လှပစွာ ပျံဝဲနေတော့သည်။

……….

All Chapters