ဝိညာဥ်ရတနာများ သန့်စင်၊ အဆင်မြှင့်ခြင်း
Vol. 26 Ch. 271
မီးတောက်ပေါင်းစပ်မှု အောင်မြင်ပြီးနောက် စုန့်ဝမ်သည် ဝိညာ်လက်နက်များ သန့်စင်ရန် စတင်ခဲ့သည်။ သူ့ထံတွင် ရွှေအမြုတေအဆင့် မရောက်ခင်က သန့်စင်နိုင်စွမ်း မရှိသဖြင့် သိမ်းဆည်းထားခဲ့ရသော ရတနာများ ရှိနေသည် မဟုတ်ပါလား။ ပထမဆုံး တိမ်မြူနှင်းဓားကို ထုတ်ယူလိုက်သည်။ ထိုဓားရှည်မှာ စုမိသားစုအရေးတွင် သေဆုံးခဲ့သော ရွှေအမြုတေကျင့်ကြံသူ ချင်းယန်ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ စုန့်ဝမ်သည် ထိုဓားကို တစ်လကြာအောင် သန့်စင်ပြီးနောက် ဒန်တန်အတွင်း စုပ်ယူကာ သိမ်းဆည်းထားလိုက်သည်။
ထို့နောက် အလောင်းနတ်ဆိုးဂိုဏ်းမှ ရွှေအမြုတေအဆင့် အကြီးအကဲဝူယင်ထံမှ ရရှိခဲ့သော ဝိညာဉ်အလံကိုလည်း ထုတ်ယူလိုက်သည်။ အဆိုပါအလံထဲတွင် ထူထပ်သော တစ္ဆေစွမ်းအင်များ ပါဝင်သဖြင့် တစ္ဆေများကို မွေးမြူရန် အလွန်သင့်တော်သည်။ စုန့်ဝမ်သည် ဤရတနာကို ပိုင်ဆိုင်ထားသည်မှာ ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်သော်လည်း သန့်စင်နိုင်ခြင်းမရှိခဲ့ဘဲ ၎င်းထဲရှိ တစ္ဆေစွမ်းအင်များကိုလည်း အသုံးမချနိုင်ခဲ့ပေ။ နောက်ထပ် တစ်လအကြာတွင် စုန့်ဝမ်သည် ထိုဝိညာဉ်အလံကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
ဆက်လက်၍ ဝိညာဉ်လက်နက် ၁၀ ခုထက်မကကို ထုတ်လိုက်သည်။ ထိုအထဲတွင် သူကိုယ်တိုင် ပြုလုပ်ထားသော ရှစ်ထောင့်ယင်ဝိညာဉ်အလံ၊ စုမိသားစုထံမှ ရရှိခဲ့သော အဆင့်မြင့်တစ္ဆေအလံ၊ ကျဲ့ဟွေထံမှ ရရှိသော အဆင့်မြင့်ဝိညာဉ်လက်နက်ပုတီးနှင့် အမည်မသိ တစ္ဆေကျင့်ကြံသူများထံမှ လုယူထားသော ဝိညာဉ်လက်နက်များစွာ ပါဝင်သည်။
စုန့်ဝမ်သည် မြစိမ်းရောင် မီးငှက်လေးကို ဆင့်ခေါ်လိုက်သည်။ မီးငှက်လေးမှာ ထွက်ပေါ်လာသည်နှင့် တောက်ပသော အစိမ်းရောင်မီးလျှံများ ထွက်ပေါ်လာသည်။ ရှစ်ထောင့်ယင်ဝိညာဉ်အလံမှာ အဆင့်နိမ့် ဝိညာဉ်လက်နက်မျှသာ ဖြစ်သဖြင့် ၎င်းကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်။ ယင်ဝိညာဉ်အလံသည် နတ်ဆိုးဂိုဏ်းဖြစ်သော နက်နဲယင်စွမ်းအင်ဂိုဏ်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဆက်မပြတ် အဆင့်မြှင့်တင်နိုင်သည်။
စုန့်ဝမ်သည် ယင်ဝိညာဉ်အလံကို အစိမ်းရောင်မီးလျှံများဖြင့် သန့်စင်အဆင့်မြှင့်တင်ပြီး ဝူယင်ထံမှ ရရှိသော ဝိညာဉ်အလံနှင့် ပေါင်းစပ်လိုက်ရာ အလံငယ်သုံးခုပါသော ယင်ဝိညာဉ်အလံအဖြစ်သို့ ရောက်ရှိသွားတော့သည်။ ဤအလံငယ်သုံးခုပါ ယင်ဝိညာဉ်အလံသည် အစွမ်းထက် တစ္ဆေသုံးကောင်ကို တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ဝါးမြိုမည်ကို စိုးရိမ်စရာမလိုဘဲ တပြိုင်နက် သိမ်းဆည်းထားနိုင်သည်။
ထို့နောက် စုန့်ဝမ်သည် တစ္ဆေဘုရင်ကို ဆင့်ခေါ်လိုက်သည်။ ထိုတစ္ဆေဘုရင်မှာ မူလက တတိယအဆင့် အစောပိုင်းတွင် ရှိသော်လည်း စုချမ်၏ တိုက်ခိုက်မှုကြောင့် ၎င်း၏ဝိညာဉ်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ္ဆေပုံသဏ္ဌာန်ပင် ပျက်စီးသွားသဖြင့် စွမ်းအားများစွာ လျော့နည်းသွားခဲ့သည်။ စုမိသားစုထံတွင် အနှစ်သုံးဆယ်ကြာ မွေးမြူခံခဲ့ရသော်လည်း ၎င်းသည် ဝိညာဉ်ကိုသာ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး တစ္ဆေပုံသဏ္ဌာန်ကိုမူ မပြုပြင်နိုင်ခဲ့ပေ။ ၎င်း၏တစ္ဆေပုံသဏ္ဌာန်ပေါ်တွင် အက်ကြောင်းတစ်ခု ရှိနေသဖြင့် တစ္ဆေစွမ်းအင်များကို မထိန်းထားနိုင်ဘဲ တတိယအဆင့်တစ်ပိုင်းအစွမ်းသာ ကျန်ရှိတော့သည်။
စုန့်ဝမ်သည် မီးငှက်လေး၏ ယင်အစွမ်းနှင့် ယင်ဝိညာဉ်အလံမှ ကြွယ်ဝသော တစ္ဆေစွမ်းအင်များကို အသုံးပြု၍ တစ္ဆေဘုရင်၏ ပုံသဏ္ဌာန်ကို ပြုပြင်ပေးရန်နှင့် တတိယအဆင့် တစ္ဆေဘုရင် အစစ်အမှန်အဖြစ် ပြန်လည်ရောက်ရှိစေရန် စီစဉ်လိုက်သည်။ စုန့်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် မီးငှက်လေးသည် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားပြီး ယင်စွမ်းအင်များ ပြည့်နှက်နေသည့် အေးစက်သော အစိမ်းရောင်မီးလျှံများဖြင့် လွှမ်းခြုံလိုက်သည်။ အလံသုံးခုပါ ယင်ဝိညာဉ်အလံမှ ကြီးမားသော တစ္ဆေစွမ်းအင်များ ထွက်ပေါ်လာပြီး တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ အစိမ်းရောင်မီးလျှံများ၏ သန့်စင်ပေးမှုဖြင့် ၎င်း၏ဒန်တန်အတွင်းသို့ ပေါင်းစပ်သွားသည်။
တစ္ဆေဘုရင်၏ ပုံသဏ္ဌာန်ကို ပြုပြင်ရသည့်ဖြစ်စဉ်မှာ အတော်အတန် ကြာမြင့်သဖြင့် စုန့်ဝမ်သည်လည်း အနားမယူဘဲ အခြားလုပ်စရာရှိသည်ကို ဆက်လုပ်ခဲ့သည်။ တတိယအဆင့်တစ်ပိုင်း ငွေအလောင်းရုပ်သေးအား ခေါင်းတလားတွင်းမှ ထုတ်ယူလိုက်သည်။ ၎င်းအား ပြန်လည်သန့်စင်၍ စစ်မှန်သော တတိယအဆင့် ငွေရောင်ဖုတ်ကောင်အဖြစ် အဆင့်မြှင့်ရန် ရည်ရွယ်သည်။ ထို့ကြောင့် အလောင်းကျင့်ကြံရေးဆိုင်ရာ ဝိညာဉ်ပစ္စည်းများစွာကို ခေါင်းတလားထဲသို့ ထည့်လိုက်သည်။ ထူထပ်သော အလောင်းစွမ်းအင်များမှာ ငွေအလောင်းရုပ်သေး၏ ပါးစပ်နှင့် နှာခေါင်းတွင်း အဆက်မပြတ် ထွက်ပေါ်လိုက်၊ ပျောက်ကွယ်လိုက် ဖြစ်နေသည်။
လအနည်းငယ် ကုန်လွန်သွားသောအခါ ငွေအလောင်းရုပ်သေးမှာ တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အချိန်အတန်ကြာပြီးနောက် တစ္ဆေဘုရင်၏ ပုံသဏ္ဌာန်မှာလည်း ပြန်လည် ကောင်းမွန်သွားပြီး တတိယအဆင့် အစောပိုင်းစွမ်းအားကို ပြန်လည်ရရှိသွားသည်။ ဤအတောအတွင်း စုန့်ဝမ်သည် ဝူယင်ထံမှ ရရှိခဲ့သော အလောင်းကျင့်ကြံခြင်းဆိုင်ရာ လျှို့ဝှက်နည်းစနစ်ဖြစ်သည့် နတ်ဆိုးလမ်းစဉ်တစ္ဆေကျမ်းကို စတင်ကျင့်ကြံသည်။ ဤနည်းစနစ်သည် ခန္ဓာကိုယ်အတွင်းရှိ အလောင်းစွမ်းအင်များကို ပုံသဏ္ဌာန်အမျိုးမျိုးအဖြစ် ဖန်တီးနိုင်ပြီး တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ အသုံးပြုနိုင်သည်။ ရွှေအမြုတေအဆင့်သို့ မရောက်ခင်က အလောင်းစွမ်းအင် အလုံအလောက်မရှိသဖြင့် ဤနည်းစနစ်ကို ကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။
... .
ကျင့်ကြံမှုနှင့် ပြင်ဆင်မှုများ ပြီးဆုံးပြီး တစ်ရက်တွင် စုန့်ဝမ် ကျွန်း၏ အမြင့်ဆုံးနေရာတွင် ရပ်နေရင်း လအနည်းငယ်ကြာ ပြန်လည်ထူထောင်ပြီးနောက် ကျွန်းပေါ်၌ ပျက်စီးယိုယွင်းမှု လက္ခဏာများ မရှိတော့သည်ကို သတိထားမိလိုက်သည်။ ဖေးယွန်သားရဲများမှာလည်း အနားယူပြီးနောက် ပိုမိုအားကောင်းလာကြသည်။
"ငါ ဒီကျွန်းပေါ်မှာ နေလာတာ အနှစ်လေးဆယ်ကျော်ပြီ၊ ထွက်သွားရမယ့် အချိန်ရောက်ပြီ" ဟု စုန့်ဝမ်သည် ပင်လယ်ပြင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျွန်းပေါ်တွင် အေးအေးချမ်းချမ်း ကျင့်ကြံနေခဲ့သည့် ကာလတလျှောက် ငြိမ်းချမ်းလှသော်လည်း ဝိညာဉ်ပစ္စည်း အတော်များများကို သုံးစွဲခဲ့ရသဖြင့် သူ့လက်ထဲတွင် ပစ္စည်းအနည်းငယ်သာ ကျန်တော့သည်။ အသုံးအများဆုံးမှာ ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်၊ ရွှေအမြုတေ တည်ဆောက်ခြင်း၊ ဝိညာဥ်ရတနာများ သန့်စင်ခြင်း၊ ငွေရောင်ဖုတ်ကောင် ပြုလုပ်ခြင်း သို့မဟုတ် တစ္ဆေဘုရင် အဆင့်မြှင့်တင် ပြုပြင်ခြင်းတို့အတွက် ဝိညာဉ်ကျောက်တုံး အရေအတွက်များစွာ လိုအပ်ခဲ့သည်။ လက်ရှိတွင် သူ့ထံ၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ သိန်းကျော်၊ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ကျော်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅ တုံးသာ ရှိတော့ရာ စုစုပေါင်းတန်ဖိုးမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄ သိန်း ၁ သောင်းခန့်သာ ရှိတော့သည်။
အလောင်းစွမ်းအင် ကျင့်ကြံရေးဆိုင်ရာ ဝိညာဉ်ပစ္စည်းများမှာ အများအပြား ကျန်ရှိနေသေးသဖြင့် အချိန်အတော်ကြာ အသုံးခံပါသေးသည်။ သို့သော် ယခုအခါ ရွှေအမြုတေအဆင့် ရောက်နေပြီဖြစ်ရာ ကျင့်ကြံမှုနှုန်းကို မြှင့်တင်ရန်အတွက် ပိုမိုအဆင့်မြင့်သော ပစ္စည်းအချို့ကို ထပ်မံဖြည့်တင်းရန် လိုအပ်နေသည်။ ကူပိုးကောင်များအတွက် လိုအပ်သော သားရဲသန့်စင်ဆေးလုံးများနှင့် အသားလုံးများမှာလည်း လုံးဝ ကုန်သွားခဲ့ပြီ ဖြစ်သည်။ ကူကောင်များမှာ သိပ်မနှစ်သက်လှသော ငွေကျောက်တုံးများကိုပင် စားသုံးခဲ့ကြရသည်။ မကြာသေးမီက ၎င်းတို့သည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများကို စားနေကြရပြီး တစ်ခါတစ်ရံတွင်မူ ဖေးယွန်သားရဲများနောက်သို့ လိုက်ပါကာ ပင်လယ်သတ္တဝါအချို့ကို ဖမ်းယူစားသောက်လျက် ဗိုက်ဖြည့်နေကြရသည်။
လွန်ခဲ့သော ဆယ်ရက်ခန့်က ကူပိုးကောင်များ အားလုံး ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ကြသည်။ မူလက သူရရှိခဲ့သော သွေးကူနည်းစနစ်ထဲတွင် တတိယအဆင့်သို့ မည်သို့မြှင့်တင်ရမည်ကို ဖော်ပြထားခြင်းမရှိပေ။ လက်တွေ့တွင်လည်း ထျန်းယွမ်တိုက်ကြီး၏ ကျင့်ကြံရေးလောကတွင် တတိယအဆင့် ကူပိုးကောင်ကို မွေးမြူဖူးခြင်း ရှိ၊ မရှိမှာ မသေချာပေ။ စုန့်ဝမ်သည် သားရဲသခင်ဂိုဏ်း၏ ဝိညာဉ်ပိုးမွှားများ မွေးမြူသည့် နည်းလမ်းများကိုသာ မှီငြမ်း၍ ကူပိုးကောင်များ အဆင့်တက်ရန်အတွက် လိုအပ်သော နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။ သို့သော် ဤသည်မှာ ၎င်းတို့ အဆင့်တက်ခြင်းကို အထောက်အကူပြုမည့် ပစ္စည်းများကို ရှာဖွေနိုင်မှုအပေါ်တွင် မူတည်နေသည်။
စုန့်ဝမ်သည် ဖေးယွန်သားရဲဘုရင်နှင့် ပြုလုပ်ထားသော ဝိညာဥ်စာချုပ်ကို ဖျက်သိမ်းပေးလိုက်ပြီး ဖေးယွန်သားရဲမျိုးနွယ် တစ်ခုလုံးကို လွတ်လပ်ခွင့် ပေးလိုက်သည်။
ထို့နောက် ကူပိုးကောင်များကို ဖြန့်ကျက်လိုက်ပြီးနောက် ကောင်းကင်သို့ ပျံတက်လိုက်ကာ အနှစ်လေးဆယ်ကျော် နေထိုင် ကျင့်ကြံခဲ့သည့် ကျွန်းငယ်လေးမှ ထွက်ခွာလာခဲ့တော့သည်။
ယခင်က နှလုံးသားနတ်ဆိုးစမ်းသပ်မှုကို မဖြတ်ကျော်ခဲ့ရသဖြင့် ဝိညာဉ်အာရုံမှာ အခြေတည်အဆင့် အထွတ်အထိပ်တွင်သာ ပိတ်မိနေခဲ့သည်။ နှလုံးသားနတ်ဆိုးစမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက်တွင်မူ ဝိညာဉ်အာရုံမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ရွှေအမြုတေ အစောပိုင်းအဆင့်ကိုပင် ကျော်လွန်ကာ ရွှေအမြုတေ အလယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ စုန့်ဝမ်၏ ဝိညာဉ်အာရုံကို ၁၀ မိုင်ပတ်လည်အထိ လွှမ်းခြုံနိုင်စေသည့်သဘောပင်။ သို့သော် ရွှေအမြုတေအဆင့်သို့ ရောက်သွားသဖြင့် ဒုတိယအဆင့်သားရဲ ကူပိုးကောင်များ၏ ဝိညာဉ်အာရုံ မြှင့်တင်ပေးနိုင်မှုမှာ လျော့နည်းသွားခဲ့ပြီး အကွာအဝေးကို သုံးဆခန့်သာ တိုးမြှင့်ပေးနိုင်တော့သည်။ သို့သော်လည်း ကူပိုးကောင်များ၏ အကူအညီဖြင့် ဝိညာဉ်အာရုံသည် ၃၂ မိုင်ပတ်လည်အထိ လွှမ်းခြုံနိုင်ဆဲဖြစ်ရာ ၎င်းမှာ ရွှေအမြုတေ အထွတ်အထိပ် ကျင့်ကြံသူများနှင့် တန်းတူပင် ဖြစ်သည်။
ယခင်က ဧရာမ ပင်လယ်ငါးကြီးနှင့် တွေ့ခဲ့ရမှုကြောင့် စုန့်ဝမ်သည် စိုးရိမ်စိတ် ရှိနေဆဲပင်။ ထို့ကြောင့် အန္တရာယ်များကို ရှောင်ရှားရန်အတွက် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၀၀ ခန့် အမြင့်တွင်သာ ပျံသန်းခဲ့သည်။ မြင့်မားသော ကောင်းကင်ယံတွင် တစ်ခါတစ်ရံ တိမ်တိုက်များက အမြင်အာရုံကို ပိတ်ပင်ထားတတ်သည်။ မမျှော်လင့်သော အန္တရာယ်များကို ကာကွယ်ရန်အတွက် ကင်းထောက်ရန် ကူပိုးကောင်အချို့ကို စေလွှတ်ထားလိုက်သည်။
နှစ်ရက်အကြာတွင် စုန့်ဝမ် ပျံသန်းနေစဉ် ပေနှစ်ရာကျော် ရှည်လျားသော တောင်ပံများရှိသည့် ဧရာမငှက်ကြီးတစ်ကောင် တိမ်တိုက်များကြားမှ ရုတ်တရက် ထွက်ပေါ်လာပြီး အောက်ဘက် ပင်လယ်ပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်သွားသည်။ ၎င်းမှာ တတိယအဆင့် နှောင်းပိုင်းရှိ မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။ ကံကောင်းသည်မှာ ထိုငှက်ကြီးက အောက်ဘက်ရှိ ဧရာမ ပင်လယ်ငါးကြီးတစ်ကောင်ကို အာရုံစိုက်နေသဖြင့် စုန့်ဝမ် ရှိနေသည်ကို သတိမထားမိလိုက်ပေ။ စုန့်ဝမ်သည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကောင်းကင်ယံတွင်လည်း အန္တရာယ်ရှိသော အရာများ ရှိနေခြင်းပင် မဟုတ်ပါလား။ ထို့ကြောင့် ပျံသန်းမှုအမြင့်ကို လျှော့ချလိုက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၀ ဝန်းကျင် အမြင့်တွင်သာ ပျံသန်းလိုက်သည်။ ဤအမြင့်မှာ မြင်ကွင်း ကောင်းမွန်သဖြင့် ပင်လယ်ပြင်နှင့် ကောင်းကင်ယံမှ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နိုင်သည်။
ပင်လယ်ပြင်ပေါ်တွင် နှစ်နှစ်နီးပါး ပျံသန်းခဲ့ပြီးနောက် စုန့်ဝမ်သည် မိုင်ပေါင်းသိန်းသန်းချီ၍ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ဤအတောအတွင်း သားရဲများနှင့် အကြိမ်အနည်းငယ် တွေ့ခဲ့ရသော်လည်း အဝေးမှပင် ရှောင်ရှားနိုင်ခဲ့သည်။ ပြင်းထန်သော ရာသီဥတုနှင့်လည်း တစ်ကြိမ် ကြုံခဲ့ရသည်။ မိုးသက်မုန်တိုင်းနှင့်အတူ လျှပ်စီးတန်းကြီးများမှာ တိုင်လုံးကြီးများကဲ့သို့ ပင်လယ်နက်ထဲသို့ ပစ်ကျနေပြီး ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။ ပင်လယ်လေများမှာလည်း အေးစက်စိုထိုင်းသော အငွေ့အသက်များနှင့်အတူ စူးရှစွာ တိုက်ခတ်နေပြီး အရေပြားကို ဖောက်ထွက်မတတ် ဖြစ်နေပြီး အရိုးထဲထိအောင် နာကျင်စေသည်။ ၎င်းမှာ ငရဲနှင့်ပင် တူလှသည်၊ မည်သူမျှ ဤသဘာဝဘေးအန္တရာယ်ကို မတွန်းလှန်နိုင်ပေ။ စုန့်ဝမ်သည် ကံကောင်းထောက်မစွာဖြင့် ကျောက်ဆောင်ကျွန်းတစ်ခုကို တွေ့ရှိခဲ့ပြီး အတွင်းဘက်တွင် ဂူတစ်ခု တူး၍ ပုန်းနေခဲ့သဖြင့်သာ ဤကပ်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ပင်လယ်ပြင်တွင် ကျွန်းများ ပိုမိုပေါ်လာသည်နှင့်အမျှ စုန့်ဝမ်သည် အဆုံးမဲ့ပင်လယ်၏ အတွင်းပင်လယ်ထဲသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်ရသည်။ အတွင်းပင်လယ်သည် လူသားမျိုးနွယ်တို့၏ နယ်မြေဖြစ်ပြီး သားရဲများ ထူထပ်လှသော အပြင်ပင်လယ်နှင့် နှိုင်းယှဉ်ပါက များစွာ ပို၍ လုံခြုံလှသည်။ စတုတ္ထအဆင့်နှင့် အထက်ရှိသော အစွမ်းထက် သားရဲများကို ဤနေရာတွင် တွေ့ရခဲလှသည်။
…….